ကျွန်တော့်အမေ ရုပ်မြင်သံကြားစက်ကို ကြိုက်တယ်ဆိုတာ
သူ့အသွေးထဲ အသားထဲက စွဲကြိုက်တာမျိုး။ အရင်က ကျွန်တော်တို့တွေ ကြီးပြင်းခဲ့ရတဲ့ ဘဝနေထိုင်မှုတွေဟာ
အခုလောက် ပုဂ္ဂလဓိဋ္ဌာန်ဖြစ်သေးတာမျိုးမဟုတ်ဘဲ အများနဲ့အစုအဝေးနဲ့ နေရထိုင်ရ စားရသောက်ရတဲ့ ဘဝမျိုးတွေ။
ဆပ်ပြာခဲရဖို့၊ ဆန်ရဖို့ သမဆိုင်မှာ အတူတူသွားထုတ်ခဲ့ကြရတာကအစ၊ စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ
ဗမာ့အသံက နေ့ခင်းတစ်နာရီလောက်မှာ လွှင့်ပေးတဲ့ ဗမာကားကို ဗွီဒီယိုရုံမှာ တစ်ယောက်တစ်မတ်ပေး
ကြည့်ခဲ့ရတာမျိုးအထိ စုစုရုံးရုံးဘဝတွေ။
နောက်တော့ ခရစ်
၁၉၉၀ ခုနှစ် လောက်မှာ အဲဒီတုန်းက မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ကြောင့် ကျွန်တော်တို့
နံ့သာမြိုင်စခန်းကို ပြောင်းရတယ်။
“ဟိုးအရင် တို့အရှင် သီပေါဘုရင် ပါတော်မူပြီးတော့
တိုင်းတစ်ပါးသားတွေနဲ့အတူ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ရောက်လာကြပြီး၊ အဲဒီထဲကမှ ဖာသာဝါဟင်ဂါဆိုတဲ့
ကက်သလစ်ဘုန်းတော်ကြီးက အနာကြီးရောဂါသည်တွေ ပြုစုကုသဖို့ဆိုပြီး မန္တလေးမြို့မှာ မြေနေရာတောင်းတော့၊
အင်္ဂလိပ်အစိုးရက နာမ်နှိမ်တဲ့သဘောထင်ပါရဲ့ မင်းညီမင်းသားတွေ ဆော့ကစားလေ့ရှိတဲ့ မန္တလေးအရှေ့တောင်ဘက်က
မနောရမ္မံဥယျာဉ်နေရာကို အနာကြီးဆေးရုံ တည်ဆောက်ဖို့ ပေးလိုက်တာတဲ့၊ တို့အဘိုး အဘတွေ
ပြောတာ”
“အဲဒါ တို့အဘိုး အဘအများ အပြောတော့ ခရစ်
၁၈၉၁ ခုနှစ်လောက်ထင်ပါရဲ့၊ စိန့်ဂျွန်းအနာကြီးစခန်းဆိုတာ ဖြစ်လာရောတဲ့။ အဲဒီနောက် ခရစ်ယာန်မက်သဒစ်အသင်းဆိုတာက
အပြိုင်အဆိုင် ၀က်စလေဆေးရုံဆိုပြီး ထပ်ဖွင့်တာကြောင့် နောက်တော့ ဆေးရုံနှစ်ရုံပေါင်းပြီး
မနော်ရမ္မံဟာ အနာကြီးရောဂါ ဆေးရုံနဲ့ အနာကြီးရောဂါသည်တွေရဲ့ နေရာဖြစ်လာတော့တယ်”
“အဲဒီနောက် ၁၉၆၆ ခုလောက်မှာ ပြည်သူပိုင်တွေ
သိမ်းကြတော့မှ အစိုးရအနာကြီး ရောဂါဆေးရုံတွေဖြစ်ပြီး နင်တို့အဖေက အဲဒီမှာ ဆေးရုံဝန်ထမ်းပေါ့။
နောက် အမေလည်း သူနဲ့အကြောင်းပါတော့ ဒီမှာပဲ ဝန်ထမ်းအဖြစ် ဝင်လုပ်ရင်းက ဒီကလူတွေနဲ့
အခုဆို မိသားစုလိုကိုဖြစ်နေပေါ့”
ဒါသည် အမေပြောပြသော ကျွန်တော်တို့ ဆေးရုံသမိုင်း။
ကျွန်တော် မှတ်မိသိရှိသမျှ မှတ်ဉာဏ်တွေမှာကျ
မနော်ရမ္မံနေရာထက် နံ့သာမြိုင်စခန်းနှင့် ကျွန်တော်တို့နေထိုင်ကြရာ ရေနံ့သာအနာကြီးရောဂါကု
ဆေးရုံကြီးထဲက ဝန်ထမ်းလိုင်းခန်းတွေ။ လူနာဆောင်တွေ။ နောက် အခုဆို ပင်စင်စားတွေဖြစ်နေကြပြီဖြစ်တဲ့
အဖေနဲ့ အမေရယ်၊ ကျွန်တော်ပြန်လာရင် ဆရာသိန်းတင်သား ဓာတ်ခွဲမှူးကြီးကိုမင်းလို့ ဝမ်းသာအားရ
ဆီးကြိုတတ်ကြတဲ့ ရွာထဲက ကျွန်တော့်ထက်အကြီးတွေ။
ကျွန်တော် မှတ်မိပါသေးတယ် ပိုင်ဝှေ့တို့၊
အားကွေ့တို့၊ လွီပုနဲ့သောင်းချန်၊ ဝူကျင့်၊ လုရီတို့တရုတ်တွေ မြန်မာ့ရုပ်မြင်သံကြားလောကကို
သိမ်းပိုက်ခဲ့ကြပြီးနောက်ပိုင်း၊ သူတို့ကိုတော်လှန်ပစ်မယ့် ကိုရီးယားတွေဝင်လာကာစ “ဆောင်းဦးရွက်ကြွေ
ချစ်သက်သေ” ကာလ။ အွန်စောတို့ ဂျွန်စောတို့ ထယ်စောက်တို့ မြန်မာတွေအသည်းမှာ စတင်အခြေချစဉ်။
အဲဒီတုန်းက အမေဟာ လိုင်းခန်းတစ်ခုလုံး တစ်လုံးသာရှိတဲ့ ကျုတီဗွီကြီးရှေ့မှာ ဘာသာပြန်သမကြီးပေါ့။
“အဲဒီအကောင်က ခပ်ဆိုးဆိုးပါအေနှယ်၊ လူကြည့်ရတာလည်း
တစောက်ကန်းထင်ပါရဲ့”
အဲဒီတုန်းက ဆေးရုံအလုပ်သမားတွေထဲ အမေတစ်ယောက်ပဲ
စာတတ်တာလေ။ ဒီတော့ ကိုရီးယားကားမှာထိုးတဲ့ မြန်မာစာတန်းကို အမေကပဲ အသံထွက်ဖတ်ပြပြီး၊
ဘာသာပြန်ပေးရတယ်။ အခု စာဖတ်သူများလည်း “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” တော့ ကြည့်ဖူးကြမယ်ထင်ပါရဲ့။
သွေးကင်ဆာဖြစ်တဲ့ အွန်စောလေးဟာ သိပ်ချစ်စရာ၊ သနားစရာကကောင်း။ တစ်ခါတလေများ ကျွန်တော့်အမေက
သူ့ဟာသူ ဇာတ်ကားကြည့်ရင်း ဈာန်ဝင်သွားရင် မျက်ရည်တွေ ဘာတွေကျတော့ ဘာသာတောင် ဆက်ပြန်မပြနိုင်ရှာဘူး၊
ကျုတီဗွီကြီးရှေ့ တရှုပ်ရှုပ်ငိုတော့တာကလား။ ဒီတော့အခါကျ အောက်က ပရိတ်သတ်က သူနဲ့အတူရောငိုကြရင်းက
မချင့်မရဲ ဝိုင်းမေးကြတယ်
“အမေကောက်
ဘာပြောလိုက်တာလဲ ဟင်”
“အမေကောက်
ဖတ်ပြပါဦးဗျ၊ သူတို့ ဘာပြောလိုက်ကြတာလဲ ဟင်”
ဒီတော့ ညနေ ခုနစ်နာရီထိုးလို့ ဆောင်းဦးရွက်ကြွေချစ်သက်သေများ
လာတဲ့ရက်ဆို လူတွေဟာ ကျွန်တော့်အမေမှာ ဆေးရုံထဲအလုပ်ဝင်ရမယ့် အလှည့်ဖြစ်ရင်တောင် လှည့်ပေးပြီး
တီဗွီရှေ့အထိုင်ခိုင်းထားတတ်တာကလား။ အမေကောက်လို့ အများကခေါ်ကြတဲ့ ကျွန်တော့်အမေကလည်း
အကြိုက်ပေါ့လေ။ မြင်ခြံစွန်းလွန်းစောင်းကောက် ဆေးလိပ်ကြီး ရဲခနဲ့ ရဲခနဲ့နေအောင်ဖွာရင်း
ချွဲအွန်စောတို့ ဂျွန်စောတို့၊ ဟန်ထယ်စောက်တို့ကို အားပေးတာကလား။
နေ့ခင်းက ကျွန်တော့်အမေဖုန်းဆက်တယ်။
“ဟဲ့ ငမင်းရဲ့၊ ငါ့အိမ်က တီဗွီကြီး ကျွမ်းသွားပြီတဲ့၊
ကြည့်မရတော့ဘူး။ အဲဒါ နင်ငါ့ကို တီဗွီဝယ်ပေးလိုက်။ အခု ဒီနေ့ပဲ ဝယ်ပြီး ကားတင်ပေးလိုက်နော်၊
မမေ့နဲ့ ငါ ဒီနေ့ညကြည့်ရမှ ဖြစ်မှာ၊ ပိုက်ဆံဘယ်လောက်ကျကျ နင်ပြန်လာတော့ ပြန်ယူ” တဲ့။
စဉ်းစားကြည့်ပေါ့ခင်ဗျာ ဗမာ့အသံက နေ့ခင်းဗမာကားတစ်ကားပဲ
လွှင့်တဲ့ခေတ်ကနေ၊ ပိုင်ဝှေ့တို့ အားကွေ့တို့ ခေတ်ကိုဖြတ်၊ အွန်စောတို့ ဂျွန်စောတို့ကိုကျော်ပြီး
ယနေ့အထိ တီဗွီကြည့်နေဆဲ ကျွန်တော့်အမေရဲ့ တီဗွီကြိုက်တဲ့ စံချိန်ဟာ နှယ်နှယ်ရရတော့
မဟုတ်ဘူး။ ဒါနဲ့ ကျွန်တော်က အမေ့ကို ချစ်စနိုးနဲ့ စလိုက်တယ်။
“တီဗွီဖိုးကတော့ ကိုးထောင်တံတားလိုပဲနော်
အမေ” လို့။
ဒီတော့ကျ အမေက ရယ်ပြီးဆဲတယ်။
“မအေပေးလေး” တဲ့။
“အမေရယ်… အမေ့ဒီအရွယ်ကြီးရောက်မှ ဘယ်သူ့ပေးပေး
ဘယ်သူကမှ မယူတော့ပါဘူး၊ ကျွန်တော်တို့သာ မပစ်ရက်လို့ ဆက်သည်းခံ အမေတော်နေကြရတာ” လို့ဆိုတော့
ရယ်ရယ်မောမောနဲ့ နောက်တစ်မျိုး ထပ်ဆဲဆိုပြီး ဖုန်းချသွားရော။ ကျွန်တော်တို့ ခေတ်တွေဟာ
ပြောင်းခဲ့ပြီလေ။ အရင်က ဘာမဆို အများနဲ့ အတူလုပ်ရတဲ့ခေတ်။ အခုက အရာရာ ပုဂ္ဂလဓိဋ္ဌာန်ခေတ်။
ဖုန်းဆိုလည်း ကိုယ်ပိုင်ဖုန်း။ အရင်လို အများနဲ့ မသုံးကြတော့ဘူး။ တီဗွီဆိုလည်း အရင်လို
အသံအတိုးအကျယ်တောင် အများနဲ့သဘောညီ ထားရတာမျိုး မဟုတ်တော့ဘဲ တစ်အိမ်တစ်လုံး။ တချို့များဆို
တစ်အိမ်ထဲတောင် နှစ်လုံး သုံးလုံး။ တော်တော်များများဟာ တစ်ကိုယ်ရည်သုံးဘက်ကို ဦးလှည့်လာကြခြင်းနဲ့အတူ
အမေလည်း အထီးကျန်ရှာတယ်ထင်ပါရဲ့ အိမ်ထဲမှာ တီဗွီမရှိရင်ကို မနေတတ်တော့တာမျိုး။
စောစောက အမေကျွန်တော့်ကို ဆဲတဲ့ ကိုးထောင်တံတား
အကြောင်းလေးလည်း နည်းနည်းပြောပြဦးမယ်။
၁၉၉၀ ပြည့်နှစ် ကျွန်တော်တို့တွေ ဒီဘက်ပြောင်းလာရတော့
ကျွန်တော်တို့ဆေးရုံရယ်၊ ရောဂါသည်တွေနေတဲ့ နံ့သာမြိုင်စခန်းရယ်ကို ကမကထပြု အားစိုက်ထူထောင်ပေးသူတွေက
အဲဒီတုန်းက မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ရယ်၊ နောက် စာရေးဆရာချစ်စံဝင်းရယ်။
ဆေးရုံက အသစ်၊ စခန်းရွာကအသစ်ဆိုတော့ ပြုပြင်တည်ဆောက်စရာတွေ အများကြီးပေါ့။ ဒီမှာ ရွာနဲ့
ဆေးရုံကို ကူးတဲ့လမ်းမှာ မိုးအခါ တောင်ကျရေစမ်းလေးတွေရှိတော့ ရေထွက်ပေါက်မြောင်းလေးကို
ကူးတဲ့တံတားတစ်စင်း ဆေးရုံပိုင်းက တာဝန်ယူပြီးဆောက်ကြတယ်။ ဒီအတိုင်းလည်း ခုန်ကျော်လိုက်ရင်
ရနေတဲ့ ရေထုတ်မြောင်းလေးပါ။
ခေတ်က န.ဝ.တ ခေတ်ကြီးပေါ့။
ကျွန်တော်တို့ ဆေးရုံသမားတွေ တက်ညီလက်ညီနဲ့
အကျယ်ဆယ်ပေ၊ အရှည်သုံးပေလောက်ရှိမယ့် သစ်သားတံတားလေး ဆောက်လိုက်ကြတာ ငွေကိုးထောင်ကျပါကရော။
အဲဒီတုန်းက ကျွန်တော်တို့ဘက်မှာ ကျွန်းသစ်တစ်တန်ဈေးမှ ၃၅၀၀ ကျပ်လောက်ပဲရှိတာဆိုတော့၊
သစ်မာ တန်ဝက်တောင် မကုန်တဲ့ အဲဒီတံတားလေးပေါ် ဗိုလ်ချုပ်ထွန်းကြည်ဟာ တက်နင်းပြီး ပုဆိုးလေး
တမမနဲ့ ခုန်စွ ခုန်စွ လုပ်ကြည့်ရှာတယ်။ ပြီးတော့ ပါးစပ်ကလည်း တဖွဖွရွတ်ရဲ့။
“ကိုးထောင်တံတားကွ၊ ဟောဒါ ငွေကိုးထောင်တောင်
ကုန်တဲ့တံတားကြီးကွ” တဲ့။
ကျွန်တော်တို့တွေ အကုန်လုံး ပြုံးကြရတယ်။
အဲဒီကစ အဲဒီတံတားနေရာလေးဟာ အခုထိ ကိုးထောင်တံတား တွင်တာပဲ။
ဗိုလ်ချုပ်ထွန်းကြည်နဲ့ ဆရာချစ်စံဝင်းဟာ
ဒီရွာကို တော်တော်ပဲ ချစ်ရှာတယ်။ ဗိုလ်ချုပ်ထွန်းကြည်က ဆုတောင်းစား ပပျောက်ရေးအတွက်ဆိုပြီး
လုပ်စားကိုင်စားဖို့ စိုက်ပျိုးမြေတွေ၊ နေဖို့ထိုင်ဖို့ အိမ်နဲ့ဝင်းတွေ၊ လစဉ်ထောက်ပံ့ကြေးအပါအဝင်၊
ရွာပိုင် ဆေးပေါင်းရုံတွေ တည်ဆောက်ပေးခဲ့သလို၊ စာတတ်ဖို့အတွက် စာသင်ကျောင်းနဲ့ ရွာဘုံစာကြည့်တိုက်အတွက်လည်း
ဆရာချစ်စံဝင်းက ကမကထပြု ဆောင်ရွက်ပေးသွားတယ်။ ဒါကြောင့် ကျွန်တော်တို့ရွာမှာ ဒီနှစ်ယောက်ဟာ
အချစ်တော်ပေါ့။
အမေဟာ ဗိုလ်ချုပ်ထွန်းကြည်ခေတ်ကို ကောင်းကောင်းသိမီတယ်။
“ဟိုတုန်းကတော့ အစိုးရနဲ့ ပလဲနံ့ပသင့်တော့
တို့ဆေးရုံဟာ သာယာစိုပြည်လို့၊ အခုများတော့ အမိမဲ့သား ရေနည်းငါးဆိုတာလို၊ နေဖို့ထိုင်ဖို့လည်း
သိပ်မကောင်းတော့ပါဘူး။ ရွာထဲက အရင်လူတွေလည်း ခွက်ကွင်း ရောက်ကုန်တော့၊ အခု သူတို့အဆက်
သားသမီးတွေလည်း နေဖို့ခက်၊ လုပ်စားဖို့ ခက်တွေဖြစ်ကုန်ကြရော၊ ကံ၊ ကံ၏ အကျိုးပေါ့ ငါ့သားရယ်”
တဲ့။
ဒါက အမေ့ရဲ့ မှတ်ချက်။
ကံဆိုတာလည်း မယုံလို့ မရဘူးဗျ။ ပြောရဦးမယ်။
ကျွန်တော်တို့တွေ ဒီနံ့သာမြိုင်ဘက်ပြောင်းလာတော့ ပထမဆုံးသေတဲ့ ရောဂါသည်ရဲ့နာမည်ဟာ ခွက်ကွင်းတဲ့။
သူ့ရဲ့ အနွတ္ထအမည်ပေါ့။ နာမည်အရင်းတော့ လူတိုင်းမေ့ပြီ။ အရင် မနောရမ္မံမှာနေတုန်းက သူ့အလုပ်ဟာ
အများနည်းတူ တောင်းစားတာ။ အခြား ဆုတောင်းစားတွေနဲ့ ရောတောင်းတိုင်း သူဟာ ဘယ်တော့မှ
ပိုက်ဆံမရဘူး။ အများနဲ့အတူခွက်တွေ တန်းစီချထား သူ့ခွက်ကို ထည့်တဲ့လူတွေက ကွင်းကွင်းသွားတယ်။
သူဟာ ဘယ်တော့မှ ပိုက်ဆံမရတတ်ဘူး။ ဒါကြောင့် သူ့အနွတ္ထအမည်ဟာ ခွက်ကွင်း။ ဘုရားဟောတွေထဲက
ကံဖယ်တယ်ဆိုတာ အဟုတ်ဗျ။ အဲဒီ ခွက်ကွင်းဟာ ဗိုလ်ချုပ်ထွန်းကြည်ကျေးဇူးနဲ့ အခုနံ့သာမြိုင်ကို
ပြောင်းရ၊ လုပ်စားမြေတွေ၊ ထောက်ပံ့ကြေးတွေရတဲ့ကာလကျ ရောက်ရောက်ချင်း သေပါရောလား။ သူသေတော့
နံ့သာမြိုင်စခန်းမှာ လူသေရင် မြှုပ်ဖို့တောင် နေရာမသတ်မှတ်ရသေးဘူး။ ဒါနဲ့ ပထမဆုံး မသာဖြစ်တဲ့
ခွက်ကွင်းကိုမြှုပ်လိုက်တဲ့နေရာကိုပဲ သင်္ချိုင်းအဖြစ် သတ်မှတ်ပြီး အခုထိ နံ့သာမြိုင်မှာ
ခွက်ကွင်းသင်္ချိုင်းတွင်တော့တာ။
အမေပြောတဲ့ အရင်လူတွေလည်း ခွက်ကွင်းရောက်ကုန်ပြီဆိုတာ
သေကုန်ပြီပြောတာ။ ဒုက္ခရောက်ကုန်ပြီဆိုတာကျ နံ့သာမြိုင်ဟာ ဗိုလ်ချုပ်ထွန်းကြည်တို့ မျိုးစေ့ချခဲ့တုန်းက
အနာကြီးရောဂါသည်စခန်းအဖြစ် လုပ်ခဲ့ကြတာဆိုတော့ အဲဒီတုန်းက စာရင်းဝင်ခဲ့သူ ရောဂါသည်တွေနဲ့ပဲ
ဆိုင်တယ်ဆိုတဲ့သဘော ဖြစ်နေရော။ ဒီတော့ မူလ ရောဂါသည်တွေ ခွက်ကွင်း ရောက်ကုန်ချိန်ကျ၊
သူတို့သားသမီး နောက်ပါလူတွေမှာ မြေနေရာပျောက်ရမလိုလို ဖြစ်ကရော။ ဒီသဘောကို ထောက်ပြပြီး
အမေက နံ့သာမြိုင်ကြီးခြောက်ကပ်လာပြီ၊ အရင်လို နေပျော်စရာ မဟုတ်တော့ဘူး ပြောတာ။
ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။
ခေတ်ကြီးက ပြောင်းလာတာ။ ပြောင်းလာတာမှ
အထီးကျန်တဲ့ဘက်ကို ပြောင်းလာတော့တာလို့ ထင်တာပဲ။ အခုဆို လူတိုင်းမှာ သူတို့တစ်ကိုယ်ရေသုံး
ပစ္စည်းတွေနဲ့ ပြည့်ပြည့်စုံစုံ။ အရင်လို စုပေါင်းသုံးကြဖို့ မလိုအောင် ခေတ်ကြီးကဖြစ်လာတယ်။
အခုဆို နံ့သာမြိုင်ကလူတွေဟာ တစ်ကိုယ်ရေသုံး ဖျော်ဖြေရေးပစ္စည်းတွေထဲ ခေါင်းနှစ်လို့၊
အရင်လို စုဝေးမှုတွေ မရှိတော့ဘူး။ ဒါဟာ အနယ်နယ်အနှံ့နှံ့ကလူတွေ အကုန်ကူးစက်ခံစားနေကြရတဲ့
တစ်ကိုယ်ရေသုံး ပစ္စည်းတွေကြားမှာ အဆင့်မြင့်မြင့် အထီးကျန်နေရခြင်း ရောဂါ။
ကျွန်တော်ဆိုလည်း အခု မန္တလေးမြို့ကြီးပေါ်မှာ
တစ်ကိုယ်ရေသုံးတဲ့ ဖုန်း၊ တစ်ကိုယ်ရေကြည့်တဲ့ ရုပ်မြင်သံကြားစက်၊ တစ်ကိုယ်ရေတွေနေရတဲ့
ပျားအုံအကန့်လို အခန်းလေးတွေအများကြီးထဲက တစ်ခုမှာ တစ်ကိုယ်ရေအထီးကျန်ခြင်းရောဂါရဲ့
အငွေ့တွေ နေ့စဉ် ရှုရှိုက်နေရတာပါပဲ။ တစ်ခါတလေတော့လည်း ကျွန်တော်တွေးပါတယ်။ ငယ်ဘဝမှာ
တီဗွီစက်တစ်ခုရှေ့ လူတွေအများကြီးနဲ့ အတူကြည့်ခဲ့ဖူးတာ၊ ရွာဘုံကမ်းရိုးတန်းဖုန်းရှေ့
ညနေတိုင်း တန်းစီခဲ့ဖူးတဲ့ ခံစားချက်ဟာ တော်တော်လည်း ချိုမြိန်သိုက်ဝန်းတာပဲလို့။ ပုခက်အတွင်းကနေ
ခွက်ကွင်းသွားတဲ့လမ်းမှာ လူမှာဖြစ်တတ်တဲ့ ကြောက်စရာအကောင်းဆုံး ရောဂါကို ပြပါဆို ကျွန်တော်ဟာ
အထီးကျန်ခြင်းကို လက်ညှိုးထိုးမယ်။
ညနေကျရင်တော့ ၈၃ လမ်းက ကုလားတွေရောင်းတဲ့ဆိုင်မှာ
တီဗွီအပြားလေးတစ်လုံးဝယ်ပြီး အမေ့ထံကားတင်ပေးရပေဦးမည်။
ဒီတစ်ပတ် စနေ တနင်္ဂနွေ နားရက်ရောက်ရင်တော့ ရွာဘက်ပြန်ပြီး ကိုးထောင်တံတားနှင့်
ခွက်ကွင်းသင်္ချိုင်းကိုလည်း အလွမ်းပြေသွားကြည့်ရဦးမည်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့
ကျွန်တော်ဟာ မြို့ကြီးပြကြီးက လူအများကြီးကြားမှာ အတော့်ကို အထီးကျန်နေခဲ့ပြီ။
အောင်မျိုးသူလွင်
၂၅၊၁၀၊၂၀၁၈
နေ့ ၀၁း၃၁
ကြာသပတေး
No comments:
Post a Comment