Aungmyothu Lwin

Aungmyothu Lwin
Facebook

Friday, December 23, 2016

တောသူတောင်သား

နယ်မြို့လေးမို့ နံနက်ကိုးနာရီခွဲ ဆယ်နာရီအထိ နှင်းတွေဝေတုန်း။ ဆေးရုံဝင်းထဲမှ ရိုးတံကျဲကျဲ စိန်ပန်းပင်အောက်က ကွပ်ပျစ်မှာ ကျွန်တော် ထိုင်နေမိသည်။ ကျွန်တော့်နောက်ဘက် အပေါ်နားကျကျမှာ ဆေးလိပ် မသောက်ရ ဆိုင်းဘုတ်တစ်ခုရှိပြီး၊ ကျွန်တော့်လက်ထဲမှာ မီးညှိလက်စ ဆေးလိပ်တစ်လိပ် ပြာတန်းလန်းနှင့် ရှိပါသည်။ ကျွန်တော်သည် ထိုဆိုင်းဘုတ် ကို အာဏာဖီဆန်ပြုပြီး ဆေးလိပ်သောက်နေသည် မဟုတ်ရမူပဲ၊ လွတ်လပ်စွာ ဆေးလိပ်သောက်နေကြသော အခြားလူများနှင့်အတူ လိုက်လျောညီထွေ နေနေ ခြင်းသာ ဖြစ်ပါသည်။

ဆေးရုံထဲမှ ရှည်မျောမျောမိန်းမတစ်ယောက် ထွက်လာသည်။ သူ့လက်ထဲမှာ ခပ်ပေါ့ပေါ့ ကြိမ်ခြင်းတစ်ခုဆွဲထားပြီး၊ သူ့နောက်မှာ တရုတ် မွေးပွစောင်အထုပ်တွေ၊ တိုလီမောက်စအထုပ်ကြီးငယ်တွေကို မနိုင့်တနိုင် ဆွဲလာနေသော အသက်ကြီးကြီးမိန်းမတစ်ယောက် ပါလာပုံအရ သူတို့ဒီနေ့ ဆေးရုံမှဆင်းခွင့်ရတာ ဖြစ်မည်။

ရှည်မျောမျော မိန်းမသည် လူနာဖြစ်ရမည်။ အသက်ကြီးကြီး မိန်းမသည် လူနာစောင့်ဖြစ်ရမည်။ ရုပ်ရည်အဆက်အရ သူတို့နှစ်ယောက်သည် သားအမိဖြစ်နိုင်သည်။ သူတို့သည် ကျွန်တော်ထိုင်ပြီး ဆေးလိပ်သောက် နေသော စိန်းပန်းပင်ဘယ်ဘက်နားက သီးပင်အောက်မှာ ထိုင်ပြီး တစ်ခုခုကို စောင့်နေကြဟန်ရှိသည်။ ဒီမြင်ကွင်းမျိုးက ကျွန်တော်တို့ဆေးရုံလေးမျိုးမှာ ခကြာခဏမြင်ရတတ်တာမျိုး။

"ဟာ… အရီးတို့ ဒီနေ့ဆင်းတော့မလို့လား"

များမကြာမီ တိုရိုတာဗီဂို ကားဖြူလေးတစ်စင်း ဆေးရုံဝင်းထဲ မောင်းဝင်လာပြီး၊ စောစောက စောင့်နေသော ရှည်မျောမျောမိန်းမ သားအမိအနီး ရပ်သွားကာ အထဲမှ လူကလှမ်းမေးလိုက်သည်။ ထို့နောက် ထိုလူ ကားပေါ်မှ ဆင်းလာသည်။

နယ်ဆေးရုံတွေမှာ တောသူတောင်သားတွေ ဆေးရုံလာတက်သည့် အခါ ဒီလိုပဲ မြို့မှ မကင်းရာမကင်းကြောင်းလူတွေ အခုလို လူနာလာမေးနေကျ။ ဒါသည်လည်း သိပ်မဆန်း။ အခုလူလည်း လူနာလာမေးတာသာ ဖြစ်ရမည်။ သို့သော် သူလူနာလာမေးသည့်နေ့သည် တိုက်တိုက်ဆိုင်ဆိုင် လူနာဆေးရုံမှ ဆင်းသည့်နေ့ဖြစ်နေသည်။ လူနာမေးဖို့ဟာ တစ်ရက်တစ်ရက်နှင့် မလာဖြစ်ဘဲ နောက်ကျသွားရင်းက အခုလိုဆေးရုံးဆင်းရက်ထိ ရောက်သွားတာ ဖြစ်နိုင်သည်။ သို့မဟုတ် လူနာသည် သူထင်သလောက် ဆေးရုံမှာ မကြာဘဲ စောဆင်းရတာလည်း ဖြစ်နိုင်သေးသည်။

ဒီဆေးရုံမှာ လုပ်သက်လေးနှစ်ကျော် ကြာပြီဖြစ်သော ကျွန်တော့် အတွေ့အကြုံအရ ထိုရှည်မျောမျောမိန်းမ၏ လူနာပုံပန်းကိုကြည့်ပြီး ဘာရောဂါ ဖြစ်လို့ လာတက်သည်ကို ခန့်မှန်းနိုင်ပါသည်။ ဆရာဝန်တွေအခေါ် အဘောရှင်း။ အရပ်သားနားလည်အောင် ပြောရလျှင် ကိုယ်ဝန်ပျက်လို့ ရောက်လာတာ။ ဒီနယ်တကြောမှာက အရပ်လက်သည်မနိုင်သော ဒီလိုကိစ္စတွေက ဆေးရုံကို အခုလိုမကြာမကြာ၊ တစ်နေ့တစ်ခါ နှစ်ခါ ရောက်လာကြမြဲ။ တောသူတောင်သား များအတွက် ဤနည်းသည် ရိုးရာသားဆက်ခြားနည်း တစ်ခုဖြစ်သည်။

"အရီးတို့ ဘယ်ကိုပြန်မတုန်း၊ ကျွန်တော်ဆိုက်ကားငှားပေးလိုက်မယ်"

ကားပေါ်ကလူကလှမ်း ပြောသံကြားရသည်။

"ဟယ်… မလုပ်ပါနဲ့၊ ဘယ်ကသာ၊ အားနာစရာကြီး"

"မဟုတ်ဘူးအရီး၊ ဘာမှ အားနာစရာမရှိဘူး၊ အထုတ်တွေအပိုးတွေ မနိုင်မနင်းနဲ့ဟုတ်စာ"

ပြောရင်းဆိုရင်း ကားပေါ်ကလူသည် ရှေ့မှဖြတ်သွားသော ဆိုက်ကား သမားကို လက်ယပ်ခေါ်သည်။

"မလုပ်နဲ့ မောင်ထွန်းမြင့်၊ အရီးတို့သွားရမှာ နီးနီးလေးရယ်၊ စာသင်ကျောင်းရှေ့နားက ကားဂိတ်တင်၊ ဒီလောက်နဲ့ ဒီလောက်ခရီး တို့တောသူတောင်သားတွေ လမ်းလျောက်သွားလို့ရနေတာဟာ၊ အလကား ပိုက်ဆံကုန်ရအောင်"

ဆိုက်ကားသမားက ဘေးမှရပ်စောင့်နေသည်။ ကားဆရာက ထိုနှစ်ယောက်ကို ဆိုက်ကားပေါ်တက်ဖို့ ပြောသည်။ ထိုအပြောသည် "တို့က တောသူတောင်သား၊ အလကားကွယ်၊ ပိုက်ဆံကုန်ရအောင်၊ တို့လမ်းလျှောက် နိုင်ပါတယ်" ဆိုသော အငြင်းနှင့် ပယ်ချခံရသည်။

ဆိုက်ကားစီးမယ်၊ မစီးဘူး သူတို့ အကြေအလည်ငြင်းခုန်နေကြတာ အတော်ကြာပါသည်။

"တကယ်ဆို ကျွန်တော်လိုက်ပို့ချင်တာအရီး၊ ဒီနေ့ သွားစရာလေး ရှိနေလို့ အချိန်မရလို့သာ၊ တက်ပါအရီးရာ၊ ကျွန်တော်လည်း သွားရတော့မယ်"

ကားသမားက အနည်းငယ်လောဆော်လိုက်သည်။

"သွားပါ မောင်ထွန်းမြင့်ရယ်၊ အရီးတို့ဘာသာ လမ်းလျောက်သွားပါမယ်။ မင်းဆိုက်ကားဆရာလည်း ပြန်လွှတ်လိုက်၊ ဘယ်… ဒီခရီးနဲ့ ဒီခရီးကို ဆိုက်ကားစီးရမယ်လို့"

ကားဆရာသည် နာရီကိုတစ်ချက်ငုံ့ကြည့်ပြီး ထွက်သွားဟန်ပြုသည်။

"အကိုရာ စောစောစီးစီး ကျွန်တော်ဈေးဦးတောင်မပေါက်သေးဘူး၊ အခုလိုကြီးခေါ်ပြီးမှတော့ မငှားဘဲ ဈေးဦးမချိုးပါနဲ့"

ဒီဆိုက်ကားဆရာကို ကျွန်တော်သိပါသည်။ သူ့နာမည် ကိုသိန်းတင်။ သူသည် ဆေးရုံနားတစ်ဝိုက်မှာ ဂိတ်ထိုးပြီး ဆိုက်ကားနင်းစားသူဖြစ်သည်။ အခုလို သူပြောတော့ သူ့လိုဈေးဦးပေါက် အယူမရှိသော်လည်း သူ့နေရာက ခံစားပြီး ကိုယ်ချင်းစာမိသည့်ခဏ သူ့ကိုစာနာသည်။ သို့သော် ညည ကျွန်တော့် တာဝန်ချိန်များမတော့ အရေးကြီးလူနာအတွက် ဆေးဝယ်ထွက်သူ လူနာရှင်များအပေါ် ကိုသိန်းတင် ဆိုက်ကားခ ပိုတောင်းတတ်တာလည်း ကြုံဖူးမှတ်မိနေသည်။

"အို… ဒီနားနဲ့ ဒီနားကွယ် မလိုက်ပါဘူး၊ နေနေ"

အသက်ကြီးကြီး မိန်းမကတော့ ဇွတ်ငြင်းသည်။

"ဒါဆိုလည်းဗျာ၊ ခေါ်ပြီးမှ မလိုက်တော့ဘူးဆိုလည်း ကျွန်တော့်ကို အကြွေတစ်ရာလောက်တော့ ဈေးဦးပေါက်ပေးခဲ့ပါလားဗျာ၊ တကယ့်ကို ဈေးဦးပေါက်ကြီးမို့လို့ပါ"

ဆိုက်ကားဆရာက ကားပေါ်မှလူကိုကြည့်ပြီး ပြောပါသည်။ ကားသမားက ပိုက်ဆံအိတ်ကိုနှိုက်ပြီး အကြွေရှာရာ နှစ်ရာတန်တစ်ရွက် ထွက်လာသည်။ ခပ်သုတ်သုတ်ပင် ဆိုက်ကားဆရာကို ထုတ်ပေးပြီး

"အရီး၊ ဒါဆိုလည်း သွားပြီနော၊ နောက်မှတွေ့မယ်" ဆိုကာ ကားပေါ်တက် မောင်းထွက်သွားသည်။

ဆိုက်ကားဆရာလည်း သူရသော နှစ်ရာတန်လေး ပုဆိုးခါးပုံစကြားမှာလိပ်ပြီး နင်းထွက်စပြုလေသည်။ ကျွန်တော်က ကုန်သွားသော ဆေးလိပ်ကို အောက်ပစ်ချပြီး၊ နောက်တစ်လိပ်ကို မီးညှိရန် အစပြုလိုက်သည်။ အခုဆေးလိပ်ဗူးတွေမှာ ရောဂါသည်ပုံကြီး ကပ်ထားတာ နည်းနည်းတော့ စိတ်အနှောက်အယှက် ဖြစ်ပါသည်။

"ဟေ့ဟေ့… သူငယ်၊ နေဦး"

အသက်ကြီးကြီးမိန်းမက ဆိုက်ကားနင်းသူကို လှမ်းခေါ်သည်။ ဆိုက်ကားလေး ရပ်သွားပြီး ဆိုက်ကားဆရာက နောက်သို့ ဆိုက်ကားသမား လည်ပြန် ကြည့်သည်။

"ဒီကနေ ကျောင်းကြီးရှေ့ကိုဆို ဘယ်လောက်ပေးရမတုန်း"

"ခုနစ်ရာပါ အဒေါ်"

သူသည်နောက်တစ်ခါ ဈေးလန်သွားမှာလည်း ကြောက်ပုံရသည်။ အခါတိုင်းဆို ဒီခရီးမျိုးကို သူတစ်ထောင်လောက် တောင်းတတ်တာ ကျွန်တော်သိသည်။

"ဒီခရီးနဲ့ ဒီခရီး နီးနီးလေးကို ငါးရာထား"

ဆိုက်ကားဆရာ တစ်ချက်တွေသွားပြီး လက်ခံလိုက်တာတွေ့ရသည်။

"အင်းဗျာ၊ တက်တက်အဒေါ်"

သူသည် အောက်ကိုဆင်းပြီး စောစောက ရှည်မျောမျောမိန်းမထံမှပါ ခြင်းတွေ ပလုံးတွေ စောင်တွေပါ ဆိုက်ကားပေါ်မတင်နေတာ တွေ့ရသည်။

ထို့နောက် ဆိုက်ကားလေးသည် တရွေ့ရွေ့ ဆေးရုံဝင်းထဲမှ ဘီးလှိမ့်အထွက်၊ သူတို့လူတစ်စု ကျွန်တော့်ရှေ့နားက ဖြတ်အသွားမှာ အသက်ကြီးကြီး မိန်းမက ဆိုက်ကားဆရာကို ပြောလိုက်သံကို ကြားရသည်။

"စောစောက မောင်ထွန်းမြင့် မင်းကိုပေးသွားတာ နှစ်ရာဆိုတော့ အခုငါတို့က သုံးရာပဲ ထပ်ပေးရတော့မှာပေါ့နော"

ဆိုက်ကားဆရာ သိန်းတင်သည် အားပြုနင်းနေရင်းမှ ပါစင်ဂျာဟု သူသုံးနေကျ၊ သူ့ဆိုက်ကားပေါ်က ခရီးသည်နှစ်ခုကို ငုံ့လို့ကြည့်သည်။

"ဟုတ်တယ်လေကွယ်၊ မဟုတ်ဘူးလားလို့"

ထို့နောက် ကိုသိန်းတင်က ဆိုက်ကားကိုအားပြုနင်းလိုက်ရင်းမှ ကျွန်တော့်ကို ပြုံးပြပါသည်။ သူ့အပြုံးကို ဘာရယ်လို့ ဘာသာမပြန်တတ်သေးခင်ပင် ကျွန်တော်ကလည်း ဝတ္တရားအရ ပြန်လည် ပြုံးပြပြီး ဖြစ်နေသည်။

ကျွန်တော်သည်လည်း တောသူတောင်သားမျိုးရိုးက ဆင်းသက်လာသူမို့ အနည်းငယ်အားနာတတ်သော အခံလေး ကျန်နေသေးဟန် ရှိပါသည်။ တကယ်ဆို သူ့အပြုံးက ဘာကိုဆိုလိုမှန်း သိပြီးမှ၊ လေးလေးစားစားနှင့် အဓိပ္ပါယ်ပါပါ ပြန်ပြုံးပြသင့်သည် မဟုတ်ပါလော။

အောင်မျိုးသူလွင်
၂၃၊၁၂၊၂၀၁၆
သောကြာ
ည ၀၇း၂၅

Wednesday, August 17, 2016

လွမ်းအောင် ကူချွဲ

(၁)

အိမ်ရှေ့က တမာပင်မှာ ချိုးလည်ပြောက်တစ်ကောင် ထိုင်နေသည်။ အရောင်အသွေးနှင့် ကိုယ်နေဟန်အရ အဖိုလေးဖြစ်မည်ထင်သည်။ ချိုးငှက်ကို အခုလို တစ်ကောင်တည်း အဖော်ကွဲတွေ့ရဖို့ အင်မတန် ခဲသည်။

(၂)

ကျွန်တော့်အိမ်က သေတ္တာထဲမှာ အိမ်သူ မသိအောင် သိမ်းထားသော ငယ်ရည်းစား ဓာတ်ပုံဟောင်းလေး ရှိပါသည်။ မကြာခဏ ထုတ်ကြည့်ဖြစ်သည် မဟုတ်သော်ငြား သူ့တန်ဖိုးကို သိသော ကျွန်တော်က ဖျက်ဆီးမပစ်ရက်ပါ။ ဒီပုံလေးအတွက် အချစ်ဦးသည် လူမြင်ကွင်းတွင် ဓာတ်ပုံဆရာပြောသမျှ ကရိကထတွေ ခံခဲ့ရပါလိမ့်မည်။ ပြီးတော့ ကျွန်တော့်ကို မပေးမီ သူ့အိမ်က မြင်မသွားအောင်လည်း စိတ်မလုံစွာ သိမ်းထားခဲ့ရဦးမည်။

ထိုဓာတ်ပုံလေး နောက်ကျောမှာ ဘောပင်နှင့် တစ်ခုခုရေးရန် ပြုထားဟန်ရှိသော မင်ရာလေးတစ်ခုပါသည်။ အချစ်ဦးက ဒီပုံလေး ကျွန်တော့်ကို ပေးမယ်လို့ရွယ်တော့ သူသည် တစ်ခုခု တစ်စုံတရာ ကျွန်တော်ဖတ်ဖို့ ပုံနောက်ကျောမှာ ရေးပေးလိုက်လိုဟန် ရှိသည်ထင့်။ သို့သော် သူ့စိတ်ထဲမှာ အကျေနပ်ဆုံးသော စာသားကို တွေးလို့မရသည့် အဆုံး ပုံကျောမှာ ဘောပင်ဦးလေး ချပြီးကာမှ ဘာမှမရေးတော့ဘဲ ကျွန်တော်နဲ့တွေ့စဉ် "ဒါ အကို့အတွက်" ရယ်လို့ နှုတ်ကပြောပြီး ပေးခဲ့ဟန်ရှိပါသည်။

(၃)

ရပ်ကွက်ထဲက ပိတောက်ပင်တွေ အချိန်အခါမဟုတ် ပွင့်စဉ်တုန်းက ပိတောက်တွေ သစ္စာမရှိဘူးလို့ လူတွေ ပြောသံကြားဖူးသည်။ နောက်တော့ ကျွန်တော် ခေါင်ခေါင်ခဲခဲ တောင်ပေါ်ရွာလေးတစ်ရွာမှာ အခါတွင်းကြီး ရဟန်းသွားဝတ်လိုက်သည်။ ဘုန်းကြီးကျောင်းရှေ့က ကျွန်တော်အမည်တပ် ခက်သော အပင်ကြီးတစ်ပင်မှာ လူတွေပန်းခူးနေကြတာ တွေ့ရသည်။ ထိုနေ့သည် မှတ်မှတ်ရရ သင်္ကြန်အကြတ်နေ့ကြီးမို့ ပိတောက်ပန်းနံ့တွေလည်း မွှေးသည်။

ပိတောက်အစစ်ဟာ ဒီလိုပဲတဲ့။ အပွင့်က ကျွန်တော်တို့ မြင်ဖူးနေကျ ပိတောက်ဆိုတာထက် သေးပြီး ကျွန်တော်တို့ ပိတောက်ခြောက်ရောင် ခေါ်သော အသွေးမျိုး ခပ်ရင့်ရင့်ဖြစ်သည်။

အပင်ကတော့ တောင်ပေါ်ဒေသ မို့ထင့် ရှည်မျောမျောနှင့် အခေါက်ခပ်နီနီ။ အဲဒီလို အပင်ကိုမှ ပိတောက်အစစ် ခေါ်တယ်ဆိုတော့၊ ယခု အရပ်ထဲက ပိတောက်ပင်တွေဟာ ငုစပ်တွေလို့ ရုက္ခဗေဒ သမားတစ်ယောက် ထပ်လောင်း အတည်ပြုတာ နောက်တော့ ကြားရသည်။ ဒါကို မသိဘဲ သူတို့က ပိတောက်ဟာ သစ္စာမရှိဘူးတဲ့လား။

(၄)

ဟိုတုန်းကတော့ ရွာကို ပြန်လျှင် ညနေပိုင်းဆို အဘရေနွေး ကြမ်းဝိုင်းမှာ လူတွေစည်လို့။ ကျွန်တော့် ဘဒွေး ကိုမြင့်ဋ္ဌေး တို့ဆိုတာ အဘမသိအောင် သူတို့ လက်ရှိမိန်းမတွေကို ပိုးခဲ့ရတဲ့ အကြောင်း စားမြုံ့ပြန်လို့ မဆုံး။ ဝါဆိုဝါခေါင်ဆိုတာ ရွာကလူတွေ နားရက်ပေါ့။ တရွာလုံးရေတွေကြီးပြီး သပြေသီးဆိုတာတွေလည်း တကယ်ကြီး ကောက်ယူ ဆယ်စားခဲ့ကြဖူးတာ။ နောက်တော့ ရေကျလို့ တင်ကျန်ခဲ့တဲ့ နှုန်းတင်မြေနုတွေပေါ်မှာ ထွန်၊ ထယ် ပြီး မြေပဲတွေစိုက်၊ သင်္ကြန်နားနီးတော့ မြေပဲပေါ်လို့ မန်းလေး(မန္တလေး) တက်ရောင်းပြီးရင် တစ်နှစ်စာ ဆီ၊ ဆား၊ ငခြောက်ငခြမ်း ဝယ်ခြမ်းပြီး ပြန်လာ၊ လှူတာလှူ ၊ ပိုတာရွှေလုပ်ဝတ်ပြီး နောက်တစ်နှစ်ပတ်လုံး ဒီအတိုင်း ထိုင်စားကြတာပဲ။
အဲဒီတော့လည်း အချိန်တွေပိုတော့ ညနေညနေ လူကြီးရှိတဲ့အိမ်မှာ ရေနွေးတစ်အိုးနဲ့ စကားဝိုင်းတွေ စိုလို့။

ဘဒွေးမြင့်ဋ္ဌေးဟာ သူအခုပေါင်းနေတဲ့ မိန်းမကို ရဖို့ ပိုးခဲ့ရတာ သူ့လူပျိုတစ်သက် ကုန်ရောဆိုပဲ။ ဟိုကလည်း ကြိုက်ရဲ့၊ ဘာကြောင့် ဒါလောက်အချိန်တွေ ကြာသတုန်းဆိုတော့

"ငါနဲ့ မိအေး အခုခေတ်လို မြန်မြန်ရလို့ ဒီထက်စောယူလည်း မင့်အစ်ကို(သူ့သား)တွေ အခုထက် အသက်ပိုကြီးနေဖို့သာ ရှိတာပဲ" တဲ့။

သူတို့ စိတ်ကူးများ ရိုးရှင်းလိုက်ပလေ။

အခုနောက်ပိုင်းတော့ ကျွန်တော်ရွာပြန်လျှင် အဘ ရေနွေးကြမ်းဝိုင်းမှာ လူမရှိတော့။ အဘအိမ်က သူရင်းငှားတွေလည်း ဖုန်းကိုယ်စီနဲ့ မျက်နှာမခွာ။ လူတွေလည်း အရင်လို သိပ်မအားကြတော့။ မြေပဲပြီးလျှင် နောက်နှစ်ခါ ရေမကြီးမီ ပဲတီစိမ်းတွေစိုက်သည်။ မိုးတွင်းခါ ဝါဆိုဝါခေါင်ကျလည်း အရင်လို မနားနိုင် ကုန်းခေါင်ခေါင်ရှိရာက လယ်တွေဆီ လူငှားလိုက်။ ဒီလိုနဲ့ လုံးချာလိုက်နေတော့တာပဲ။

တချို့လည်း မြို့တက်နေကြသူတွေရှိရဲ့။ မြို့နေဘဝလည်း ဘာထူး တုန်း၊ နေ့ခင်းခါ အလုပ်သွား၊ ညနေခင်း သင်တန်းဘာညာအချိန်တွေပေးလို့ ဟိုတုန်းကလို စကားဝိုင်းတွေ ဖြစ်ဖို့ဆိုတာ အင်မတန်နည်းလာတယ်ထင်ပါရဲ့။ လူနဲ့ အလုပ်၊ အလုပ်နဲ့ လူ နာလန်ကို မထူကြပါဘူး။ ဒီတော့လည်း အဘအိမ်က သူရင်းငှားလေးတွေ အရွယ်ကခိုင်းလို့ ရည်းစားရှာတဲ့အခါ ဖုန်းထဲမှာ၊ ရွာထဲက အပျိုကြီးတွေ ဘယ်သူမှ မသိအောင် ရည်းစားရှာတာလည်း ဖုန်းထဲမှာတဲ့။ ဆယ်တန်းအောင် ဘွဲ့ရလို့ မြို့က လျှပ်စစ်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်မလေး၊ ဆိုင်ရှင်ကုလားနဲ့ ညားတော့တောင် ကောင်းစားပြီဆိုပြီး ရွာခံတွေက မုဒိတာပွား အားကျလိုက်ကြသေးတာ။ အလုပ်နဲ့ လက်သာ မပြတ်တယ် ကိုယ်တွေမှာ အရင်လို မသောင်သာ ကြပေဘူးကိုး။ ယောင်္ကျားဆိုတာ အရည်အချင်း ရှိမှတဲ့။ အရည်အချင်းဆိုတာ ငွေရှာတာတဲ့။ ငွေရှာနိုင်ပြီး အတည်ယူတဲ့ ယောင်္ကျားဟာ ကောင်းခြင်းနှစ်ဖြာ ပြည့်တယ်လည်း ဆိုကြရဲ့။

အချစ်ဆိုတာ ဘာလဲရယ်လို့၊ ဟိုတုန်းခါ သုံးနှစ်သုံးမိုးဆိုတဲ့ စကားကို ပြက်ရယ် ပြုတာလည်း ကြားဖူးတယ်။ ကျွန်တော်ကတော့ ကံကောင်းလို့ ချစ်သူပေးတဲ့ ဓာတ်ပုံလေးအခုထိ ရှိပါသေးတယ်။ သူနဲ့ကျွန်တော် ချစ်တုန်းကပေါ့။ သက္ကရာဇ်တွေ တွက်စစ်ရင် လျှပ်စစ်ကိရိယာတွေ ကျွန်တော်တို့လက်လှမ်းဝေးသေးတဲ့ ခေတ်ပေါ့။ စာလေးတွေ အပြန်အလှန်သွားလို့ သူနဲ့ ကျွန်တော်ချစ်ခဲ့ကြဖူးတာလေ။

(၅)

အချစ်ဆိုတာ ပြဿနာပဲ။ ပတ်သက်မှုရဲ့နောက် ဆက်နွယ်မှုတွေ ပါလာတဲ့အခါ ဘဝမှာ အမောဖောက်ရတာပဲ။ အချစ်ဆိုတာ သကြားလုံးတွေလို စားခါစမှာ ချိုပြီး စားဖန်များတော့ အချိုဓာတ်ကြောင့် နှလုံးကို အမောဖောက်စေသတဲ့။ ချစ်တယ် ချစ်တယ်နဲ့ နိဂုံးမတော့ ဂရာဝါသ လူ့ကိစ္စမှာ သံဝါသအမှုနဲ့ ဆုံးတာမို့၊ အခွံတွေဖယ်လို့ အသားကိုလှမ်းကြည့်၊ တစ်နေကုန်နေလို့ အားချိန်လေး ငါးနာရီမပြည့်တဲ့ ဘဝမှာ 'ပျော်ပျော်နေ သေခဲ၊ မော်တော်တွေ ရေထဲ'၊ 'ဝက်ဖြစ်တဲ့ဘဝ၊ နင်လားဟဲ့မစင်' ကိုယ့်အထင်နဲ့ကိုယ်၊ စိတ်ညစ်စရာကောင်းတဲ့ သိပ်ချစ်စရာ ကောင်မလေးရဲ့ အနား သွားမယ့်အစား၊ တစ်ညတာ မွတ်သိပ်မှုကို ဆန္ဒဖြေ အဆွေမလေးတွေနဲ့ပဲ ပေးနေလိုက်တော့တယ်။ ဘာတုန်းဟဲ့ အချစ်။

ဒီခေတ်မှာ လူဖြစ်လာတဲ့ ကျွန်တော်၊ ဒီဒါဏ်တွေ မခံရရိုးလား။ သူနဲ့ ချစ်သူဖြစ်တုန်းက ကျွန်တော့်မှာ တစ်ရက်အားချိန် နှစ်နာရီကျော်ကျော်လား မတွေးတတ်ဘူး။ နေ့နဲ့ ည၊ အလုပ်နှစ်ခုလေ။ ဘယ်အချိန်နားတုန်းဆို အလုပ်ရောက်မှ ခိုးနားရတာပဲ လို့ ရှက်ရှက်နဲ့ ဆိုရမှာပဲ။ ငွေတွင်းက နက်ပေသကိုး။ ဒါတွေကို ချစ်သူက ကျွန်တော်အပေါ် နားလည်ပေမယ့်၊ ကျွန်တော်က သူ့အပေါ် မတင်းတိမ်ဘူး။ ချစ်သူဆီက မတောင်းရက်တာတွေကို ခန္ဓာက လိုချင်လာသမျှ၊ အပြင်ဘဝမှာ ကျွန်တော်ဟာ လူသွမ်းတစ်ယောက်လို စက်ရုပ်ဆန်ဆန် ရှာဖွေလာရင်း၊ သူက ခွင့်မလွတ်တဲ့တစ်နေ့ ကျွန်တော့်ကိုယ် ကျွန်တော် သူ့အနားက ဖဲခဲ့ရတယ်။ ဘဝမှာ အဲဒီအချိန်ဟာ အနာကြင်ရဆုံးပေါ့။

(၆)

"အဘ၊ အမေကြီး သေသွားကတည်းက အခုထိ အဘ နောက်မိန်းမလည်း မယူဘူး"

ဘဝမှာ ခန္ဓာကပေးတဲ့ ဒုက္ခဟာ အကြီးဆုံးလို့ ကျွန်တော်က ထင်တာပဲ။ ဘုရား ရဟန္တာမှ မဟုတ်တာဘဲ၊ ငါတောင့်တတာ ငါရှာမှာပေါ့လို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တွေး အမြဲတွေးတတ်တဲ့ ကျွန်တော်ဟာ ကိုယ်ကြိုက်တာ ကိုယ်ရှာရင်း ချစ်သူနဲ့ဝေးတော့၊ လှေမျောလှေနဲ့လိုက်၊ ငွေမျောငွေနဲ့လိုက်တဲ့ ဖဲသမားအထာနဲ့ ဘဝမှာ ကိုယ့်ဟာကိုယ် ဆက်လျောက်ခဲ့တာပေါ့။

သူမဟုတ်တဲ့ အခြားမိန်းမတွေအပေါ် ချစ်စိတ်လည်း သိပ်မရှိခဲ့တာမို့ ဒါကို သူ့အပေါ် သစ္စာမဲ့တယ်လည်း မမြင်ပါဘူး။ အခုချိန်ထိ သူက ကျွန်တော့် အချစ်ဆုံးလေ။ ဘဝက ဒီလိုလေး လမ်းခင်းပေးရင် ကျွန်တော်က အဲသလိုလေး ခပ်သာသာ လျောက်ချင်တယ်။ ဘဝဆိုတာ လမ်းသစ်ဖောက်ဖို့ထက် လမ်းဟောင်းလျောက်ရတာတောင် မောလွန်းလို့။

"ငါမှ မယူချင်ဘဲ"

"ဟုတ်လို့လား အဘရာ"

ကျွန်တော်က ရယ်ကျဲကျဲဆိုတော့ အဘ ကျွန်တော့်ကို ကြည့်သည်။ ခုနစ်ဆယ်ကျော် ယောင်္ကျားတစ်ယောက်ရဲ့ ထိုအကြည့်က သုံးဆယ်ကျော် ကျွန်တော့်ကို အတော်အနေခက်ပါစေသည်။ သူ့အကြည့်နက်နက်ထဲမှာ ဆွေးရိပ်လိုလို ကျွန်တော်မြင်လိုက်လေသလားပဲ။

"တင်ရီသေတော့ ငါ့အသက် လေးဆယ့်နှစ်"

"တင်ရီက သေခါနီး ငါ့ကိုပြောတယ်၊ တော် နောက်မိန်းမယူမယ်ဆို သိန်းရှင်ကိုယူ" တဲ့။ ထိုစကား အဖျားသတ်မှာ အဘအသံ အနည်းငယ် တိမ်ဝင်သွားတာ သတိထားမိသည်။

သိန်းရှင်ဆိုတာ အမေကြီးနဲ့ ညီအစ်မလိုပေါင်းတဲ့သူတဲ့။ အဘဆက်ပြောလို့ ကျွန်တော်သိရသည်။ အခုတော့ ဖွားသိန်းရှင်လည်း အမေကြီးသွားတဲ့ တမလွန်ကို သွားနှင့်ပြီ။
အဘက အတွေးစကို ခပ်ဆဆလုပ်ပြီး စကားကို ဆက်သည်။

"ငါ့ ဘဝမှာ နောင်တအရဆုံးက အဲဒါပဲ၊ အဲဒီအချိန် ငါလည်း တကယ် နောက်မိန်းမ မယူချင်ဘဲနဲ့ တင်ရီ့ကိုငါ၊ သူသေခါနီး ငါဘယ်မိန်းမကိုမှ မယူချင်ဘူးလို့ မပြောလိုက်ရဘူး"

"… . …"

"တကယ်လို့ အဲဒီတုန်းက တင်ရီ့နေရာမှာ ငါဖြစ်ပြီး၊ ငါသာသေခါနီးဆို တင်ရီ့ကို အဲဒီလိုပြောနေစရာ မလိုဘူး၊ တင်ရီ ဘယ်သူ့မှ ယူမှာမဟုတ်တာ၊ တင်ရီ့ကို ငါယုံတယ်" တဲ့။

အဘရယ်။ ခုနစ်ဆယ်ကျော် ယောင်္ကျားရင့်မာကြီး အဘက ဒီလိုပြောတော့ ၊ သုံးဆယ်ကျော် ရုပ်ဝတ္ထုသမား ကျွန်တော်က ဘယ်လို နားနဲ့ခံမတုန်းဗျာ။ အဲဒီမှာ ကျွန်တော့်စိတ်တွေ အဘ မျက်လုံးအကြည့်အောက် ဒူးထောက်ပုံကျ တော့တာပါပဲ။

အဘက အဲဒါပြောပြီး ခံစားရသည်ထင့် ကျွန်တော့်ကို စကားမဆက်တော့ဘဲ ပက်လက် ကုလားထိုင်ပေါ် မျက်လုံးမှိတ်ကာ ခပ်ဆိတ်ဆိတ်သာနေတော့သည်။

အဲဒီအချိန် ကျွန်တော့် အချစ်ဦးသည် နှစ်ယောက်တွေ့လျှင် ဝတ်လာနေကျ အပေါ်ဝတ် ဖလန်နယ် အကွက်လေးနှင့် ကျွန်တော့်စိတ်တံခါးရှေ့ ဖြတ်လျောက်ပါသည်။ ထိုအချိန် ကျွန်တော် သူ့ကို လွမ်းလာသည်ဟု ဝန်ခံချင်လာသလား မသေချာပါ။

ယောင်္ကျားတစ်ယောက် အသက်ကြီးလာသောအခါ နောင်တ နှစ်မျိုးမှာ တစ်မျိုးမျိုး ရတတ်သည်။ လုပ်လိုက်လို့ ရတဲ့နောင်တရယ်၊ မလုပ်လိုက်ရလေခြင်းရယ်လို့ ရတဲ့ နောင်တမျိုးရယ်ပေါ့။

အဘကတော့ သူ့ဘဝ အသက်ခုနစ်ဆယ်မှာ အကြီးဆုံးနောင်တဟာ အဲဒါပါတဲ့။ အဲဒီနောင်တရယ်၊ အဲဒီနောင်တကို ရင်ဝယ်ပိုက်ထားတဲ့ အဘရယ်ဟာ၊ ကျွန်တော်မြင်ဖူးသမျှ နောင်တရနေတဲ့ ယောင်္ကျားတွေထဲမှာ အကြည်ညိုဆုံးနဲ့ အလေးစားဆုံး ရှားရှားပါးပါး တစ်ယောက်ပါပဲ။ ဘာလို့ဆို အဘရဲ့ နောင်တ ထဲမှာ ဒီဘက်ခေတ် အလုပ်တွေနဲ့ နပန်းသတ်နေရတဲ့ လျှပ်စစ်ကမ္ဘာထဲ အင်မတန်ရှားပါးသွားပြီ ဖြစ်တဲ့ အချစ်စစ်စစ်ရဲ့ ရနံ့လေး ကျွန်တော် ရှူရှိုက်လိုက်ရလို့ပါ။

(၇)

ပိတောက်တွေ သစ္စာမရှိဘူးလို့ ပြောတုန်းက ပြန်မချေပ နိုင်သော်လည်း သဘောမကျစွာ ရှိခဲ့သောကျွန်တော်၊ တစ်နေရာမှာ သင်္ကန်းဝတ်ရင်း သစ္စာရှိသော ပိတောက်အစစ်ကို မြင်ဖူးခဲ့ပြီ။ အချစ်ဆိုတာ တကယ်မရှိပါဘူးလို့ ပြောနေကြသော ကြက်အိပ်ကြက်နိုး လောကကြီးမှာ အဘထံမှ အချစ်စစ်ရဲ့ ရနံ့တွေ ပြန်လည် ရှူရှိုက်ခွင့်လည်း ရခဲ့ပြီ။

အိမ်ရောက်လျှင် ကျွန်တော့် ရည်းစားရဲ့ ဓာတ်ပုံလေးကို အလွမ်းပြေ ထုတ်ကြည့်ပြီး သေချာစွာ ပြန်သိမ်းရပါဦးမည်။

အဘနဲ့ စကားဆက်ပြောဖို့ လုံလောက်သော သတ္တိအဖြစ် အချစ်ဦးနဲ့ အတူလည်ခဲ့ဖူးသော နေရာလေးတစ်ခုကို ယခုတိုင် ကျွန်တော့်အိမ်သူကို ခေါ်သွား မလည်ရက်နိုင်သေးသော စိတ်လေးတစ်ခုသာ ကျွန်တော့်ကိုယ်မှာ အချစ်ရဲ့ အရိပ်အငွေ့ရယ်လို့ လောက်လောက်လားလား ပြစရာရှိတော့သည်။

(၈)

"တ ကူ ကူး … ကူး"

စောစောက အိမ်ရှေ့က တမာပင်မှာ ငုတ်တုတ်ထိုင်နေသော ချိုးငှက်ကလေးက ဆွဲဆွဲငင်ငင် ကူ ချလိုက်ပါသည်။ ချိုးငှက်သည် ငြိမ်းချမ်းရေး၏ သင်္ကေတဟု တချို့လူတွေ ဆိုကြသည်။ သို့သော် ယခု ချိုးငှက်ကမူ ကျွန်တော်တို့ မြေးအဘိုး လွမ်းစေဖို့ သက်သက်တမင် "ကူ" လေခြင်းဟု ကျွန်တော်က တပ်အပ်သေချာ စွပ်စွဲလိုက်ချင်ပါသည်။

ဖော်ဝေးငှက်သည် သက်သက်တမင် လွမ်းအောင်ကူချွဲ လေပြီ။

အောင်မျိုးသူလွင်
၁၇၊၀၈၊၂၀၁၆
ဗုဒ္ဓဟူး
နေ့လည် ၀၂း၅၇

Tuesday, May 3, 2016

လူနာ

တစ်ခုသော ကျောင်းဆင်းချိန် ညနေခင်းတွင် မောင်နီသည် သူ့လမ်းကို ပိတ်ရပ်နေရပါမည်လားဟု မောင်ဖြူလေးကို သက်သက် အပြစ်ရှာ ထိုးကြိတ်လွှတ်လိုက်သည်။ အားမတန်သော မောင်ဖြူလေး ငိုပြီး သူ့အစ်ကို မဲကြီးအား သွားတိုင်ရာ၊ မဲကြီးသည် တော်တော်စိတ်ဆိုးသော ဟူ၏။

သူ့ညီကို သက်သက်ရန်ရှာထိုးကြိတ်လိုက်သော မောင်နီကို ၄င်းတို့ရပ်ကွက်ထဲအထိ လိုက်ရှာရာ၊ တစ်ခုသော ခြံစည်းရိုးမဲ့ အိမ်နောက်ဖေးတွင် ဝက်စာသယ်နေသော မောင်နီကို ပက်ပင်းတွေ့လေသည်။ မောင်နီသည် မဲကြီးကို သေချာမသိရှာလေ။ သို့မဟုတ် သူ့အနားရောက်လာသူ ဘယ်သူဟုပင် ဂရုမစိုက်နိုင်အားပေ။

စောစောက လမ်းထိပ်ကွမ်းယာဆိုင်မှာ မောင်နီ့အကြောင်း စုံစမ်းစဉ် မောင်နီသည် ကျူးကျော်ကွက်သစ်မှာနေကြောင်း၊ ဖတဆိုးလေးဖြစ်ကြောင်းနှင့် သူ့အမေ၏ လက်ရှိယောက်ျားမှာ အရက်သမားဖြစ်ကာ သူတို့မိသားစုကို အင်မတန် နှိပ်စက်ကြောင်းတွေပါ မဲကြီး ကြားခဲ့ရသည်။ သူတို့ မိသားစုဟာ အင်မတန် စရိုက်ဆိုးသတဲ့။ ထစ်ခနဲ့ရှိ လင်မယားရန်ဖြစ်လျင် ကြားက မြေစာပင် မောင်နီလည်း မဆီမဆိုင် အရိုက်ခံရတတ်သတဲ့။

မဲကြီးသည် ကွမ်းယာသည်ပြောသော စကားကို ဆုံးအောင်မှ နားမထောင်တော့ဘဲ မောင်နီ့အိမ်ရှိရာဘက် သွက်သွက် လာခဲ့စဉ်၊ လမ်းခုလတ်မှာ မောင်နီ့ကို ပက်ပင်းတွေ့ခြင်း ဖြစ်သည်။

မနိုင့်တနိုင် ဝက်စာပုံးကို သယ်မလျက်၊ ညစ်ထေးထေး မျက်နှာကို အောက်ချလျက် နုံးဖျော့ဖျော့ အကြည့်ဝေဝေနှင့် ကောင်လေးမှာ ညနေ ကျောင်းဆင်းချိန်က သူ့ညီကို အကြောင်းမဲ့ ရန်ရှာထိုးကြိတ်သွားသော စောင့်ကြွားကြွား မောင်နီဟုပင် ထင်ရက်စရာမရှိပေ။

မဲကြီး မောင်နီ့အနားသို့ တိုးသွားလိုက်သည်။

"စောစောက ကျောင်းဆင်းချိန်မှာ ဟိုဘက်ရပ်ကွက်က မောင်ဖြူကို ထိုးသွားတာ မင်းလား" ဟု မေးလိုက်သည်။

*****

"ကိုအောင်မျိုး သလိပ်ခွက်က ဒီဘက်ကစင်ပေါ်မှာ၊ စာရွက်ကို စားပွဲပေါ်တင်ခဲ့မယ်နော်၊ နေ့ခင်းလောက် အဖြေလိုချင်တာ ရနိုင်မလား"

နှစ်ထားသော အာရုံကို ဖြတ်ပြီး ဝင်လာသော ရင်းနှီးနေကျ စကားသံကြောင့် ဖတ်လက်စ စာအုပ်ကို ချပြီး ကျွန်တော်လှည့်ကြည့်လိုက်စဉ် ဆရာမ မဝင်းဝင်းမေ ကိုတွေ့ပါသည်။ သူ့မျက်နှာ အင်မတန် မသာယာပါ။ ဪ… ဒီတစ်လအတွက် ကိုမင်းဟန် သလိပ်စစ်ချိန်တောင် ရောက်မှကိုး။

ကိုမင်းဟန်ကို ကျွန်တော် စတင်သတိထားမိတာက မန္တလေးက ဒေါက်တာဦးခင်မောင်စိုး ဆေးခန်းမှာ။ ဦးခင်မောင်စိုးက အသည်းရောဂါ ကုသည်။ ဒေါသကြီးသည်ဟု နာမည်ကြီးသော ကုလားဆရာဝန်ကြီး။ ဗမာစကားကို မည်မျှ ပတ်ပတ်နပ်နပ် တတ်ပါသနည်းဆိုသော် သူ့နာမည် ခင်မောင်စိုးအား သူ့ဘွဲ့နှင့်ကပ်ကာ ဒေါက်တာခင်မောင်စိုးလို့ သမားရိုးကျ ခေါ်တာပင်မကြိုက်။ ဒေါက်တာဦးခင်မောင်စိုးဟု ကြားက ဦးတပ်ခေါ်ရသေးသည်။

"ဆရာဝန်ဆိုတာ ဘုရင်ပဲ၊ မင်းတို့ ငါလုပ်ခိုင်းတဲ့အတိုင်း လက်မခံနိုင်မှတော့ ငါ့ဆေးခန်းလည်း ဘာလို့လာကုနေသေးသတုန်း"

ဤမည်သော ပီယဝါစာ ချစ်ဖွယ်စကားတို့ကို သူသည် သူ့လူနာအများအား စိတ်ပေါက်ပေါက်ရှိတိုင်း ပြောတတ်ပေရာ၊ အကြောင်းမသိသူ စာရှုသူများက သူ့ထံမှာ လူနာပါးလျားမည် ထင်စရာရှိသော်လည်း ထိုစဉ်က သူ့ဆေးခန်းမှာ အရှိများသော ကျွန်တော်ကမူ အဆူအငေါက်ခံနေရသည့် ကြားက လူနာတွေ အင်မတန်များခဲ့ကြောင်း ထပ်လောင်း၍ဆိုရပါမည်။ သို့သော် ယခုစာကား ဒေါက်တာခင်မောင်စိုးကြီး အကြောင်းထက် ကိုမင်းဟန်အကြောင်းသာ။

ကိုမင်းဟန်မှာ ဘယ်လိုက ဘယ်လို ဘယ်သူတွေညွှန်း၍ မသိ၊ သူ့ အမေ အသည်းရောဂါကုဖို့ ဦးခင်မောင်စိုးဆေးခန်းသို့ ရောက်လာသည်။ အဲဒီတုန်းက အသည်းဆေးတစ်လုံး နှစ်သိန်းစွန်းစွန်း။ တစ်လ နှစ်ကြိမ်ထိုးရသည်။ ဓာတ်ခွဲခန်းမှာ မကြာမကြာ သွေး စစ်ရသည်။ တစ်ခါစစ်သော် လေးငါးခြောက်သောင်းမှ တစ်သိန်းကျော်ကျော် ကျတဲ့အခါလည်း ရှိသည်။

တစ်ရက်တော့ အဲဒီတုန်းက ကျွန်တော်အလုပ်လုပ်ရာ ဓာတ်ခွဲခန်းသို့ ဦးခင်မောင်စိုး ဖုန်းဆက်ခေါ်၍ ကိုမင်းဟန် အမေအတွက် သွေးသွားဖောက်ပေးရသည်။ အသည်းပိုး အကောင်အရေအတွက် စစ်တာမို့ ဓာတ်ခွဲစရိတ် တစ်သိန်းကျော်ကျော်။ ဒီမှာ ကိုမင်းဟန်သည် ဒေါက်တာခင်မောင်စိုးကို မည်သို့ စောဒကတက်လိုက်သည် မသိ-

"ဆရာဝန်ဆိုတာ ဘုရင်ပဲ၊ မင်းတို့ ငါလုပ်ခိုင်းတဲ့အတိုင်း လက်မခံနိုင်မှတော့ ငါ့ဆေးခန်းလည်း ဘာလို့လာကုနေသေးသတုန်း" ဟူသော ပီယဝါစာ ချစ်ဖွယ်သော ကုလားသံဝဲဝဲကို ပီပီမြည်မြည်ကြီး ကြားလိုက် ရပါတော့သည်။ အဲဒီတုန်းက ကိုယ့်လူ ကိုမင်းဟန်မှာ ဆရာဝန့်ရှေ့ ခြေစုံရပ်ပြီး မျက်လွှာလေးချလို့။ ကျွန်တော့်မှာလည်း ကိုယ့်နယ်ကလူ ကိုယ့်ရှေ့မှာ အငေါက်ခံနေရတော့ အနေရအထိုင်ရ ခက်တာလိုလိုကြီး ဖြစ်လို့။

"ဆရာဝန်ကြီးကလည်း သဘောတော့ကောင်းပါရဲ့၊ စိတ်ကြီးပြီး အပြောပက်စက်လိုက်တာ ဆရာလေးရာ၊ ဒါပါပဲဗျာ။ ကံပေါ့၊ ကျုပ်တို့လည်း ဆက်ပြီး မတတ်နိုင်တော့ဘူး၊ ဒီတစ်ပတ်ဆေးထိုးပြီးရင် နယ်မှာပဲ ပြန်ကုတော့မယ်"

အဲဒီကနောက် ကိုမင်းဟန်ကို ကျွန်တော်မတွေ့ရတော့။ နှစ်တစ်ချို့ကြာသွားသည်။

ဇာတိမြေ မတ္တရာဆေးရုံလေးက တီဘီဌာနမှာ ဓာတ်ခွဲမှူးအဖြစ် ကျွန်တော်တာဝန်ပြန်ကျချိန် တစ်ရက်သား ပိန်ခြုံးပြီး ပါးရိုးငေါငေါနှင့် လူရုပ်ပင်မပေါက်တော့သော ကိုမင်းဟန်ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရသည်။ ကိုမင်းဟန် ကျွန်တော့်ကို မှတ်မိပုံမရပါ။

"ဆရာ၊ ကျွန်တော့်ကို တမြန်နေ့ကတည်းက အိမ်ပြန်ပို့မယ် ပြောနေတာ၊ အခုထိ လာမခေါ်ကြလို့၊ အဲဒါ ဒီမှာလည်း ပြဿနာတွေ တက်နေကြတယ် ဆို၊ အကျိုးအကြောင်းလေး သိချင်လို့"

အဲဒီတုန်းအခါမှာ ကိုမင်းဟန်ဟာ ဆေးယဉ်ပါးတီဘီလူနာ။ တီဘီမှာက လက်ရှိအချိန်အထိ အဆင့်သုံးဆင့်ရှိသည်။ ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီနှင့် ကုရာနတ္ထိ ဆေးမရှိသေးသော ဆေးမတိုးတီဘီ။

ရိုးရိုးတီဘီအတွက် စားဆေးခြောက်လ ပုံမှန်သောက်ရသည်။ ဆေးယဉ်ပါးတီဘီကတော့ စာဆေးအပြင် ထိုးဆေးနှင့်ပါ အထူးကြပ်မတ်ပြီး ကုတာမို့ အထက်မြန်မာပြည် တီဘီရောဂါတိုက်ဖျက်ရေးဌာနရှိရာ မန္တလေးတိုင်း၊ ပုသိမ်ကြီးဆေးရုံမှာ နှစ်နှစ်တိတိတက်ပြီး ကုရသည်။ ဆေးမတိုးတီဘီအတွက်မူ အခုထိ ဆေးမပေါ်သေး။

ကျွန်တော့် ဇာတ်လိုက်ကြီး ကိုမင်းဟန်၏ ရောဂါကား ဒုတိယအဆင့်၊ ဆေးယဉ်ပါးတီဘီ။ သူပုသိမ်ကြီးမှာ ဆေးရုံတက်နေရသည်။ သို့သော် ကိုမင်းဟန် ကံကောင်းသည်ပါသည်။ သူဆေးရုံတက်ပြီး မကြာမီ၊ တီဘီရောဂါတိုက်ဖျက်ရေးကို တိုးချဲ့လုပ်ဆောင်မည်ဟု ကုထုံးအသစ်၊ နည်းလမ်းအသစ်တွေ ချလိုက်သည်။
တီဘီလူနာသည် မိမိနေထိုင်ရာ မြို့နယ်ရှိ နေအိမ်မှနေ၍ ကုသမှု ခံယူနိုင်သည်။ ကုသချိန်ကလည်း အရင်လို နှစ်နှစ်မဟုတ်တော့။ လနှစ်ဆယ် ဆေးထိုး၊ ဆေးသောက်ကာ ကုရမည်။ ထိုအတွက် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာတာဝန်ခံ သူနာပြုဆရာမက တာဝန်ယူစေ။

အဲဒီမှာ စောစောက ကျွန်တော်စာဖတ်နေစဉ် ဓာတ်ခွဲခန်းထဲဝင်လာကာ ကိုမင်းဟန်၏ သလိပ်ခွက်ယူလာပေးသော ဆရာမလေး မဝင်းဝင်းမေတစ်ယောက် ကံဆိုးရှာပါတော့သည်။ ပထမ ကံဆိုးသည်ကား ကိုမင်းဟန်ကို သူ့ရွာပြန်ပို့မယ် ဆိုတော့ ရွာခံတွေအား မဝင်းဝင်းမေက ကျန်းမာရေး ပညာပေးရသည်။

"ရှင်တို့ရွာသား ကိုမင်းဟန်ဖြစ်တဲ့ ရောဂါဟာ အမ်ဒီအာ တီဘီ (MDR TB) ခေါ်တယ်။ တော်ရုံဆေးမတိုးဘူး။ တီဘီဆိုတာ လေထဲကနေ ကူးတတ်တဲ့ရောဂါဖြစ်တယ်။ ဒီတော့ကာ…"

ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုဖွယ် ဗဟုသုတ အဖြာဖြာကို မဝင်းဝင်းမေသည် အာဝဇ္ဇန်းကောင်းကောင်းနှင့် မည်မျှအထိ နှုတ်ခွန်းခြွေလိုက်သည် မသိပါ။ ကိုမင်းဟန်နေရာ ပြည်ကမ္ဘာဖြစ်သော ထိုရွာလေးမှာ အရေးအခင်း ဖြစ်ပါတော့သည်။ 

ကိုမင်းဟန် ဆေးရုံကဆင်းပြီး ရွာပြန်မည့်နေ့ ရွာထိပ်က ကားလမ်းကို ပိတ်ကာ ရွာသားတွေဆန္ဒပြကြသည်။

"ဒီရောဂါသည်ကြီး အလိုမရှိ"

ရုတ်ရုတ်သဲသဲတွေ ဖြစ်လို့ ဆေးရုံကဆင်းရမည့်နေ့မှာ ကိုမင်းဟန်ကို ပုသိမ်ကြီးဆေးရုံမှ မခေါ်နိုင်သေး။  ကာလကြီးကလည်း ထစ်ခနဲ့ဆို ဆန္ဒပြကြသည့် ဦးသိန်းစိန်အစိုးရလက်ထက်လွတ်လပ်စ၊ ထကြွစ ဒီမိုကရေစီ ခေတ်ဦးကာလ။ ရွာသားတွေမှာ ဆန္ဒပြရတာ ခံတွင်းလှိုက်နေချိန်။ တစ်လောလေးကမှ အသိမ်းခံလယ်မြေများ ကိစ္စနှင့်ပတ်သက်ပြီး တစ်ရွာလုံးထွက် ဆန္ဒပြကြစဉ် သတင်းစာ၊ ဂျာနယ်တွေမှာ သူတို့ရွာပါတာကို သဘောခိုက်နေ ကြချိန်။

အခု တစ်ရွာလုံးကို ကူးစက်နိုင်သည့် ရောဂါသည်ကြီး သူတို့ရွာပြန်လာမည် ဆိုသောအခါ အားလုံး တက်ညီလက်ညီ ဆန္ဒပြကြသည်။ သူတို့ရွာကျောင်းက ကိုမင်းဟန်၏ ကလေးနှစ်ယောက်ကို အခြားကလေးများနှင့် ခွဲကာ အခန်းသတ်သတ် သင်စေဖို့ ပြောကြသည်။ ကိုမင်းဟန်မိန်းမ၏ ကားလမ်းဘေးက ထမင်းဆိုင်ပေါက်စလေး ပိတ်လိုက်ရသည်။ အဲဒီတုန်းက မန္တလေး-မိုးကုတ် ကားလမ်းဘေးက ကိုမင်းဟန်တို့ရွာလေးမှာ ဆန္ဒပြသူတွေနဲ့ ကျန်းမာရေးက လူတွေနဲ့ စည်လို့။ ဤမျှသာလော…။
မကသေးပါခင်ဗျာ။ ဒီသတင်းကို သဲ့သဲ့ကြားသော ကိုရွှေမန်းသတင်းထောက်များက ကိုယ်တိုင်ကြွချီတော်မူလာလျှင် ဓာတ်ဆီဖိုးကုန်မည်စိုး၍ထင့် ရွာသားများကို ဖုန်းဆက်မေးကြသည်။

"ခင်ဗျားတို့ရွာမှာ ဆန္ဒပြနေတယ်ဆို၊ ဘာဖြစ်လို့တုန်း"

ဆရာမ မဝင်းဝင်းမေ အင်္ဂလိပ်လို ပြောလိုက်သော အမ်ဒီအာ တီဘီ (MDR TB) ဆိုသဟာကို ရွာသားတွေက ဘယ်လိုကြားပြီး၊ သတင်းသမားတို့ကို ဘယ်လိုဖြေလိုက်ကာ၊ သတင်းသမားများက ဘယ်ပုံ နားလည်သွားကြသည် မသိ။ ကိုမင်းဟန်တို့ နေရာ မတ္တရာနယ်မှာ အီဘိုလာ ရောဂါသည်ကြီးတွေ့လို့တဲ့ဟု မန္တလေးသတင်းတွေမှာ ပြန့်ကုန်တော့သည်။

ဆေးယဉ်ပါးတီဘီကို အင်္ဂလိပ်လို အတိုကောက်ခေါ်သော အမ်ဒီအာ ( MDR TB) နဲ့ အဲဒီတုန်းက လေဆိပ်တွေမှာ တွေ့တယ် ဘာညာနဲ့ မြန်မာပြည်မှာ နာမည်ကြီးနေတဲ့ အီဘိုလာနဲ့ နာမည်ချင်းက ခပ်ဆင်ဆင်ကိုး။

ငါ့စကော ကြောင့် ပြည်ပျက်လေပြီ။ ကိုမင်းဟန် ကလေးတွေ ကျောင်းမှာ အတန်းခွဲသင်ဖို့ ဖိအားပေးခံရသည်။ သူတို့ မိသားစု ထမင်းဆိုင်လေး ပိတ်လိုက်ရသည်။ အဲဒီအချိန် ကိုမင်းဟန် ရွာမပြန်နိုင်ဖို့ ရွာသားတွေ ဆန္ဒပြနေတုန်းမှာ မန်းသတင်းသမားတွေ ပါးစပ်ဖျား ကိုမင်းဟန်ကြီး အီဘိုလာရောဂါ ရလေသည်။ ထိုသည့် သမယဝယ် နှစ်ရက်မြောက်သောနေ့ မတ္တရာဆေးရုံ တီဘီဌာနသို့ ဆိုင်ကယ်တက်စီလေး စီးလုံးငှားကာ ပုသိမ်ကြီးမှ ကိုမင်းဟန်ကိုယ်တိုင် ကြွမြန်းလာခြင်းပင်။

"ဆရာ၊ ကျွန်တော့်ကို တမြန်နေ့ကတည်းက အိမ်ပြန်ပို့မယ် ပြောနေတာ၊ အခုထိ လာမခေါ်ကြလို့၊ အဲဒါ ဒီမှာလည်း ပြဿနာတွေ တက်နေကြတယ် ဆို၊ အကျိုးအကြောင်းလေး သိချင်လို့" တဲ့။

ကျွန်တော် သူနားလည်အောင် မဖြေရက်ပါ။ ထို့ကြောင့် ထမင်းရည်ပူလာ လျှာလွှဲလုပ်ကာ တီဘီအဖွဲ့ခေါင်းဆောင် ကျန်းမာရေးမှူးထံ လွှဲလိုက်သည်။
ရက်တစ်ချို့ ကြာသွားသည်။ တရုတ်သိုင်း ဝတ္ထုတွေထဲကလို သူတို့ မည်သို့မည်ပုံ လုပ်လိုက်သည် မသိပါ။ ကိုမင်းဟန် ရွာပြန်ရောက်သွားသည်။
ရွာခံ ဆရာမ မဝင်းဝင်းမေ ဒုတိယအကြိမ် ကံဆိုး ဒုက္ခရောက်သွားသည်။

အသို့နည်း။

ကိုမင်းဟန်ရောဂါသည် အမျိုးသားကျန်းမာရေးအဆင့် အရေးကြီး တိုက်ဖျက်ရမည့် ရောဂါ။ သူ့ကုသ ကာလက လနှစ်ဆယ်။ နေ့စဉ်မှန်မှန် ထိုးဆေးထိုးရမည်။ လစဉ်မှန်မှန် သလိပ်စစ်ရမည်။ ထိုအတွက် သူနာပြု ဆရာမ မဝင်းဝင်းမေမှ တာဝန်ယူစေ။

မဝင်းဝင်းမေသည် နေ့စဉ်မှန်မှန် ကိုမင်းဟန်အိမ်သို့သွားက ဆေးထိုးပေးရသည်။ လစဉ်မှန်မှန် ကိုမင်းဟန်ထံက သလိပ်ရဖို့ ကြိုးစားရသည်။ ဒီအတွက် မဝင်းဝင်းမေမှာ တစ်လ ထောက်ပံ့ငွေ သုံးသောင်း၊ ကိုမင်းဟန်အတွက် ထောက်ပံ့ငွေသုံးသောင်းနှင့် ဆန်၊ ပဲစသည် ရ၏။ ဤသည်မှာ လက်ရှိ တီဘီရောဂါတိုက်ဖျက်ရေး၏ မူ။

အကယ်၍ တစ်ရက်တလေ ဆေးထိုးပျက်ကွက်ခဲ့သော် မဝင်းဝင်းမေ၏ တာဝန်။ တစ်လတစ်ခါ သလိပ်စစ်ရက် နောက်မကျရအောင် မဝင်းဝင်းမေက တာဝန်ယူ။ ကိုမင်းဟန်၏ ထောက်ပံ့ငွေနှင့် အာဟာရ မှန်မှန်ရဖို့ မဝင်းဝင်းမေက ထုတ်ပေးရသည်။ ထိုသည်တို့ ပျက်ကွက်သော် မြို့နယ် ကျန်းမားရေးအစည်းအဝေးတွေမှာ မဝင်းဝင်းမေ အထောင်းခံရသည်။ အမျိုးသားကျန်းမာရေးအတွက် အရေးကြီးကုသပေးရမည့် ရောဂါသည် အမျိုးအစားကြီးကိုး။

အမယ် အမျိုးသားကျန်းမာရေး အဆင့်မို့လား မသိ၊ ကိုယ့်လူ ကိုမင်းဟန်ဟာ နည်းနည်း သွေးကြီးလာသည်။ တစ်လ ငွေသုံးသောင်း ရရမည့်ရက် မရသော်၊ မဝင်းဝင်းမေအတွက် သလိပ်ထွေး မပေးချင်ဘူးတဲ့။ ကတ်တီးကတ်တတ် လုပ်တယ်ဆိုပဲ။ ဆေးလာထိုးရင် ငြူစူသတဲ့လေ။ သူ့ကို တစ်ရက်မပျက် ဆေးထိုးကို ထိုးရမယ်ဆိုတာ သူသိနေပြီး၊ သူငြင်းရင် ဆရာမက ချော့ရမယ်ဆိုတာလည်း နားလည်နေတာကိုး။

"ဆရာမတို့ နားလည်ထားရမှာက တီဘီလူနာတွေကို ပေးတဲ့ဆေးဟာ လူကို အားနည်းစေတယ်။ စိတ်တို စိတ်ဆတ်စေတယ်။ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေဆိုတာ လူနာတွေအပေါ်မှာ ဘယ်လိုစိတ်မျိုး ထားသင့်တယ်ဆိုတာ…."

လစဉ် မြို့နယ်အစည်းအဝေးတိုင်း ဆရာဝန်ကြီးများက လူနာတွေကို သနား သည်းခံဖို့ တစ်ယောက်တလဲ လာရောက် ဩဝါဒခြွေကြပါသည်။ မဝင်းဝင်းမေ မျက်နှာကိုကြည့်ရတာတော့ လကုန်ရက်တိုင်း သာယာသည် မရှိလှပါ။ သူ့မှာ ဒီပိုက်ဆံ သုံးသောင်းအထက်က ထုတ်မပေးသေးလို့ ကြန့်ကြာရင် ကိုမင်းဟန်က ညစ်ကျယ်ကျယ်နဲ့ သလိပ်ထွေးမပေးလို့ ဒုက္ခများရရှာသတဲ့။ ဒါ့ကြောင့် ရံခါ ဌာနက အပေး နောက်ကျလျင် သူ့ထဲက စိုက်ပေးထားမှ ဟိုလူက ကြည်ဖြူသတဲ့လေ။

အင်း… သူ့ခမျာ ဒီလူ့ကို နေ့တိုင်း မနက်စောစော ထိုးဆေးသွားထိုးပေးရတဲ့ ဒုက္ခကလည်း သေးမည်မဟုတ်ပါပေ။

"လနှစ်ဆယ်တဲ့ ပြည့်ခဲလိုက်တာ ကိုအောင်မျိုးရယ်၊ ကျွန်မဖြင့် ဒီကနေ ပြောင်းသာပြေးချင်တော့တာပါပဲ"

တစ်ခါ တစ်ခါ မဝင်းဝင်းမေ ထုတ်ညည်းလျှင်

"ဓာတ်ခွဲမှူးဖြစ်တဲ့ ကျုပ်လည်း ခင်ဗျားလောက်သာ ကံဆိုးမိုးမှောင်မကျတယ်၊ ကျွန်ဝယ်ရာ အဆစ်ပါပါ မဝင်းဝင်းမေရဲ့" လို့ သူစိတ်အဖော်ရအောင် ကျွန်တော်ကပါ ကူညည်းပေးပါသည်။

လစဉ် ကျန်းမာရေး အစည်းအဝေးတွေမှာတော့ တီဘီဆေးရဲ့ စိတ်ကိုထိခိုက်စေသော ဘေးထွက်ဆိုးကျိုးတွေအကြောင်း၊ လူနာများရဲ့ နေ့စဉ်လူမှုဘဝ ဖြတ်သန်းမှု အခက်အခဲတွေအကြောင်း ဆရာဝန်ကြီးတွေ တစ်ယောက်တလဲ ကြုံသလို လာရောက်ဟောပြောကြတုန်း။

"နေ့ခင်း ဆယ့်တစ်နာရီလောက် ရအောင် ကျွန်တော် လုပ်ထားပေးမယ် ဆရာမ၊ ဆရာမ မအားရင် အဖြေကို ဖုန်းသာဆက်မေးလိုက်"

ကျွန်တော်က မဝင်းဝင်းမေကို ပြန်ဖြေပြီး၊ သလိပ်ခွက်ထားကာ သူထွက်သွားတော့ ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်ဖြစ်သည်။

လူရမ်းကားလေး မောင်နီက မောင်ဖြူ့ကို သက်သက်ရန်ရှာ ထိုးကြိတ်သော ဇာတ်လမ်းလေး။ ကျောင်းမှာ လူစွာလုပ်သလောက် သူ့အိမ်မိသားစုဘဝမှာ သနားစရာ အခြေအနေဆိုးတွေနဲ့ ဝက်စာသယ်နေရတဲ့ မောင်နီ့အနား မောင်ဖြူ့အစ်ကို မဲကြီးကပ်သွားပြီး

"စောစောက ကျောင်းဆင်းချိန်မှာ ဟိုဘက်ရပ်ကွက်က ငါ့ညီ မောင်ဖြူကို ထိုးသွားတာ မင်းလား" ဟု မေးလိုက်တဲ့ နေရာ။

မောင်နီဟာ ပင်ပန်းနွမ်းလျနေတဲ့ မျက်လုံးလေးတွေနဲ့ မဲကြီးကို မော့်ကြည့်ပြီး ဖြေရှာတယ်။

"ဟုတ် ကျွန်တော်လုပ်မိပါတယ် အစ်ကို" တဲ့။

အဲဒီ စကားကို ကြားပြီးတာနဲ့ တစ်ပြိုင်နက် မဲကြီးဟာ မောင်နီ့မျက်နှာကို စေ့စေ့ကြည့်ကာ

"ငါ့ညီကို အနိုင်ကျင့်ချင်ဦးကွာ" ဆိုပြီး ခွပ် ခနဲ့ ထိုးချလိုက်ပါတော့သတဲ့။

စာအုပ်ထဲက ဇာတ်လမ်းရဲ့ နိဂုံးချုပ်မှာ လူဟာ ကိုယ့်မှာရှိတဲ့ ပြဿနာတွေကို သူတစ်ပါးအပေါ် လွှဲချစိတ်ဖြေခွင့် မရှိဘူးတဲ့။ ငါဒီလို ခံစားနေရလို့ သူတစ်ပါးတွေအပေါ် ဒီလိုရမ်းကားမိတာပါဆိုလို့ လောကမှာ ဘယ်သူကမှ ခွင့်လွှတ်မှာ မဟုတ်ဘဲ၊ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်မှာသာ တာဝန်အရှိဆုံးပဲတဲ့။

ကျွန်တော် စာအုပ်ကို ပိတ်ပြီး၊ ဓာတ်ခွဲစစ်ဆေးမှုတွေ စလုပ်ဖို့ ပြင်လိုက်ပါတယ်။

နေ့ခင်းအမှီ မဝင်းဝင်းမေ အဆင်ပြေဖို့ ဒီနေ့ ကျွန်တော်ကူညီရမယ်လေ။ မဟုတ်ရင်တော့ ကိုမင်းဟန်ဟာ သူ့ကို ပြဿနာတစ်ခုခု ရှာမှာမလွဲ။

ကိုမင်းဟန်ကို ဒေါက်တာဦးခင်မောင်စိုး ရှေ့မှာ ခြေစုံရပ်လျှက် မျက်နှာအောက်ချ တွေ့ခဲ့ရဖူးသလို၊ မတ္တရာဆေးရုံ တီဘီဌာနရှေ့မှာ ကျွန်တော့်ကို ဘာလို့ အိမ်ပြန်မခေါ်ကြသေးတာတုန်းလို့ နားမလည်နိုင်သော မျက်နှာနှင့်လည်း တွေ့ခဲ့ရဖူးသည်။

အဲဒီတုန်းက ကိုမင်းဟန်မှာ ဒုက္ခတွေဝေလို့။

အခု ကိုမင်းဟန်ကို ဆေးထိုး၊ ဆေးသောက် ရှောင်လိုက် ငြင်းလိုက်ဖြင့် နယ်ခံသူနာပြုကို အနိုင်ကျင့်ခွင့်ရနေသော ရောဂါသည်အဖြစ် မြင်ရသည်။
တစ်ခါတလေ လောကသည် ထူးဆန်းစွာ ရောဂါသည်များကိုပင် အာဏာတစ်ချို့ လက်ဝယ်ပေးတတ်သည်။

ဆရာဝန်ကြီးဦးခင်မောင်စိုးရှေ့ တုပ်တုပ်မျှ မလှုပ်ရဲခဲ့သော ကိုမင်းဟန်မှာ သူနာပြုမလေး မဝင်းဝင်းမေအပေါ် လုပ်ပိုင်ခွင့် အာဏာလေး ရှိလာသောအခါ…။

အောင်မျိုးသူလွင်

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...