Aungmyothu Lwin

Aungmyothu Lwin
Facebook

Tuesday, February 24, 2015

အညာသား အောက်သား

အခု စက်ရေတွင်းခေတ်ကို မရောက်ခင်၊ ကျွန်တော်တို့ အညာဆိုတာ တကယ့်မိုးခေါင်းရေရှား ဒေသကြီးဗျ။ တချို့အောက်သားတွေဆို ကျွန်တော့်တို့ကို 'ရေငန်သောက် မြက်ခြောက်စား' လို့ကို နှိမ်ပိုးနှိမ်ပေါက် ခေါ်တာ။ ဒါပေမယ့် မနာပါဘူးဗျာ။ တကယ်လည်း ဟုတ်နေတာကို။ ပြီးတော အညာသားများဟာ ပဲနှမ်းပေါလို့ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ လို့သာ ပြောလို့ ရချင်ရမယ်၊ မြို့စာတော့ သိပ်ငတ်တာကလား။

မှတ်မိသမျှ ကျွန်တော်ငယ်ငယ်က အဘိုးလေးခေါ်တဲ့ အိမ်ဘေးက ဘိုးသူရဆိုရင် "နင့်မေလခွမ်း ထမင်းကြမ်းခဲကို ကုလားမခြင်းဆွဲ နို့ဆီလေးနဲ့ ဆမ်းစားလိုက်ရ ဘယ်လောက်ကောင်းမတုန်း" ဆိုပြီး ထထ ကြိမ်းတာ ကြားဖူးတယ်။ အမေလုပ်တဲ့သူက သူ့ကလေးကို "ဟဲ့ မအေပေးလေး၊ စားရတဲ့ကလေးများ ငတ်ကိုငတ်တယ်၊ အခု ထမင်း ထမင်းဆိုလို့လည်း ထမင်းကြမ်းခဲကို မီးအုံးကျွေးပြီးပြီ၊ မန်ကျည်းစေ့ဖုတ်ဆိုလို့လည်း မန်ကျည်းစေ့ မီးဖုတ်ကျွေးပြီးပြီး၊ ဒါနဲ့ကို မစားရလို့ ငိုသေးတာ" တဲ့။

အောက်ပြည် အောက်ရွာမှာကတော့ အဲလိုမဟုတ်ဘူးဗျ။ ဆန်ရေစပါးက သိပ်ပေါတော့ လူတွေကစ ခပ်စိုစို။ ကျွန်တော်တို့ အညာသားများလို ညိုတိုတို မဟုတ်ဘူး။ ပထမ ကမ္ဘာစစ်မှာ စပါးတွေ သိပ်ခေတ်ကောင်းတော့ အောက်သားများဟာ အဲဒီခေတ်က ဆက္ကဇုန်းခေါ်တဲ့ နိုင်ငံခြားဖြစ်ဖိနပ်ကို လယ်ထဲမှ ဒုန်းခံစီးတယ် ဆိုလား ဖတ်ဖူးတယ်။ အဲဒီအချိန်ကတည်းက သူတို့မှာ အဝတ်အစားနဲ့ ပတ်သက်တဲ့ မာန်လေး ရှိခဲ့ဟန်တူရဲ့။ ဘန်ကောက်ပုဆိုးတို့၊ ခြင်ချော်လဲ အမောက်တို့နဲ့ ရှိုးထုတ်တဲ့ သမိုင်းအစ အောက်သားတွေကဗျ။

ကျွန်တော်တို့ အညာသားများမတော့ ကျောပြောင်ကြီးတွေနဲ့ လယ်ထဲ၊ ယာထဲနွားနဲ့ဖက်ရုန်းတော့ သိပ်ဆင်းရဲတာကလား။ 'ကျွဲပုခုံးထတယ်' ဆိုတဲ့ စကား အောက်သားတွေ ဘယ်နားလည် လိမ့်မတုန်း။ မြို့ပေါ်က ပျံကျဈေးသည်က ကာကာကုလားဆီမှာ လ္ဘက်ရည်နဲ့ ပလာတာလှမ်းမှာနေချိန်၊ လယ်သူမ တဲမှာ မနက်စာ ထမင်းကြမ်းခဲကုန်သွားလို့ နို့ညှာကလေးငိုနေတယ်တဲ့။ တောနဲ့ မြို့ ဆင်းရဲတယ် အခေါ်ခြင်းတူပေမယ့် ဘဝအခြေကွာပုံကို ဆရာသော်တာဆွေယှဉ်ပြသွားတဲ့ စကားလုံးပါ။

ကျွန်တော်လေးစားရတဲ့ စာရေးဆရာတွေ တော်တော်များများဟာ အောက်သားတွေများတာပေါ့။ ကျွန်တော်သိပ်ကြိုက်တဲ့ ဆရာမောင်ထင်ဆိုရင် လပွတ္တာသား၊ ဆရာသော်တာဆွေက ပေါင်းတည်သား၊ နောက် မြန်မာ့နာမည်ကြီး ဆရာဇော်ဂျီက ဖျာပုံသား။ ဆရာဆန်းလွင်၊ ဆရာတိုက်စိုး၊ ဒေါက်တာသန်းထွန်း၊ ဆရာကြီးဦးသုခ စသဖြင့်ပေါ့လေ အဲဒါ အောက်သားတွေ။

အဲဒီတော့ အခုတချို့အောက်သားတွေက ပြောတယ်ဗျ။ ငါတို့အောက်အရပ်မှာ ပညာရှိပေါတယ်ပေါ့။

ဒါလည်း ကျွန်တော်တို့ မငြင်းသာဘူးဗျ။ သူတို့မှာက ငွေပေါ၊ အချိန်ပေါတော့ စာပေမှာ မွှေ့လျှော်ချိန်ရှိတာပေါ့။ ကျွန်တော်တို့ အညာသားတွေအတွက် စာဆိုတာ အိပ်တန်းဝင်ချိန် ဝါးလုံးနဲ့ သိမ်းရိုက်ပြီး အမွေးနှုတ်ပြီး ကြော်စားရတဲ့ သတ္တဝါလို့သာ ထင်တာရယ်။ ကျွန်တော်ငယ်ငယ်က အတန်းဖော်တစ်ချို့ အိမ်မှာ ယာလုပ်သူမရှိလို့ ကျောင်းထွက်လိုက်ရတာတွေ အပုံကြီးရယ်။ မနက်ကျောင်းတက်၊ ညနေနွားကျောင်းနဲ့ ဆယ်တန်းအောင်ခဲ့ရတဲ့ အညာသားတွေ အခုထိတောင် အရှင်လတ်လတ် ရှိပဗျာ။ သို့သော် မရှက်တမ်းဝန်ခံရရင် ကျွန်တော်တို့အညာမှာ နည်းနည်းတော့ ငတ်သဗျ။

လူကဆင်းရဲ၊ အသိကနည်းပြီး သားသမီးကများရှာတော့ အဲဒါ မွေးလာတဲ့ကလေးတွေအကုန် ဘုန်းကြီးကျောင်းမှာ ကိုယ်ရင်ဝတ်လို့ မမြဲရင် အရွယ်ရောက်တော့ စစ်ထဲဝင်တော့တာပါပဲ။ အလုပ်အကိုင်၊ စားရေရိက္ခာက တယ်ရှားသကိုးဗျ။ ဒါပေမယ့် ကိုယ့်ငါချဉ်မို့ ချဉ်တာမဟုတ်ပါဘူး စဉ်းစားသာကြည့်၊ မြို့မှာ ကျောင်းချိန်ပြည့်တက်ပြီး သည်းသည်းလှုပ်ဖြေရတဲ့ ဆယ်တန်းကို ကျွန်တော်တို့ အညာသားတွေက နွားကျောင်းရင်းဖြေတာဗျ။ အဲဒါလည်း အောင်တာပဲ။ သာသနာဝန်ထမ်း ဘက်မှာလည်း ကြည့်ဦးလေ။ ဗန်းမော်ဆရာတော်၊ မြင်းခြံစွန်းလွန်းဆရာတော်၊ လယ်တီဆရာတော်၊ ဝေဘူဆရာတော်၊ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင် ဆဋ္ဌသင်္ဂါယနာတင် မင်းကွန်းဆရာတော်၊ မတ္တရာ ဆရာတော် အကုန် အညာသားချည်းပဲ။ ဘယ်မှာ ရန်ကုန်ဆရာတော်တို့၊ ဧရာဝတီ ဆရာတော်တို့ ကြားဖူးလို့တုန်း။

မြန်မာ့သမိုင်းမှာ အနော်ရထာ၊ ကျန်စစ်သားကအစ ကုန်းဘောင် အလောင်းမင်းတရား၊ နောက် ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း အကုန်အညာသားချည်းပဲဗျ။ အခုထိ ဘယ်သူမှ မလှန်နိုင်လောက်အောင် အကွက်စေ့စေ့ အုပ်စိုးသွားတဲ့ စာဖတ်နေသူကြီးဆိုလည်း ကျောက်ဆည်သား။ အဲဒါ ဘာကိုပြတုန်းဆိုတော့ စွန့်စားတဲ့ အလုပ်ဟူသမျှ အညာသားတွေ ထွန်းပေါက်တယ် ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အောက်သားတွေကို လေးစားသလို အညာသားဖြစ်ရတာလည်း ဂုဏ်ယူတယ်။

နောက်ပြီး ကျွန်တော်တို့အညာသားများဟာ စကားအရာမှာသာ ပရိယာယ် ဝေဝှစ်မကြွယ်တာရယ်၊ တစ်လုတ်စားဖူး သူ့ကျေးဇူးတော့ အင်မတန်သိတာကလား။ သမိုင်းမှာ ကျန်စစ်သားဟာ ထီးနန်းရနိုင်ပါလျှက်နဲ့ သူ့အရှင်ရဲ့သားတော် စောလူးမင်းကို အသက်စွန့်ပြီး သွားကယ်ခဲ့သေးတာ။ နောက်ပြီး ငါးစီးရှင်ကျော်စွာက ကျွန်ဖြစ်သူ ငခင်ညိုကို ရသူဖြစ်တဲ့ အင်္သခယာစောယွန်းအား သွားလုပ်ကြံခိုင်းတော့ အခွင့် မသာတာနဲ့ ငခင်ညိုဟာ တောထဲမှာ သုံးလေးရက်ပုန်းအောင်းနေရတယ်။ အခွင့်သာတော့မှာ စောယွန်းနန်းဆောင်ထဲအဝင်မှာ သုံးလေးရက်ငတ်ခဲ့တာမို့ ဆာလွန်းလို့ စောယွန်းနတ်တင်ထားတဲ့ ထမင်းကိုစားမိရာက တလုတ်စားဖူး သူ့ကျေးဇူးရှိပြီမို့ ကျေးဇူးရှင်ကိုတော့ မသတ်ပြီ၊ ငါ့အရှင်က အရေးတော်မအောင်လို့ ငါ့ကို သတ်တာပဲ ခံတော့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တဲ့အထိ အဲလို အစွဲကြီးသူတွေ။

ဗိုလ်ချုပ်တို့ ဂျပန်ခေါ်ပြီးအပြန် ဘီအိုင်အေ ဝင်တော့ စစ်ဦးဘီလူးမှာ ပုဏ္ဏကတိုက်အောင် ကြမ်းခဲ့တာ ကျွန်တော်တို့ အညာသားတွေပေါ့။ လက်ရှိမြန်မာ့တပ်မတော်မှာ ရန်သူ့တောင်ကုန်း အသေခံပြီး ကျားတက်ထိုးမယ်ဆို ရှေ့ဆုံးကထွက်တာ အညားသားတွေပါပဲတဲ့။ ဘာပြောပြော လက်ရုံးရည်မှာ ဒီလိုလူတွေ သာဓကရှိသလို၊ နှလုံးရည်မှာ လယ်တီ၊ ဗန်းမော်၊ မင်းကွန်း ဆရာတော်ကြီးတို့လို ဒိတ်ဒိတ်ကျဲတွေရှိတာကလည်း အညာသားဖြစ်ရတာ အားတက်စရာပါပဲ။

ကျွန်တော် ငယ်ငယ်က ဝမ်းကွဲညီတစ်ယောက်နဲ့ ထမင်းအတူစားနေတုန်း၊ ကျွန်တော်စားနေတဲ့ ထမင်းပန်းကန်ပြားထဲကို ခြင်တစ်ကောင် ကျသွားပါရော။ အဲသည်မှာ ဟိုကောင်က ကျွန်တော့် ညစ်ကျယ်ကျယ်ပြောတာက

"ဟေ့ ငါ့တပည့်ကြီး၊ အဲသည်ခြင်ကို ဖယ်ပစ်လိုက်စမ်း" တဲ့။
ဘယ်လောက် လူလည်ကျတဲ့ ကောင်လဲဆိုတာ။ ခြင်ကို ကျွန်တော်ဖယ်ပစ်မယ်မှန်းသိလို့ သက်သက် သူ့တပည့် အပေါက်မျိုးဝင်အောင် ပြောတာလေ။ အဲဒီတော့ ကျွန်တော်ဘာလုပ်တုန်းဆိုတော့ ဒီကောင်မြင်သာအောင် အဲသည်ခြင်ကို ထမင်းထဲ မြှုပ်ပြီး ဝါးစားပစ်လိုက်တာပဲဗျာ။ ရူးတယ်ပြောပြော၊ မိုက်တယ်ပြောပြော၊ အဲဒါ အညာသွေးပဲဗျ။ ခြိမ်းခြောက်ရင် အနာခံပြီး ကန့်လန့်တိုက်ဖို့ ဦးမလေးဘူးရယ်။

တစ်နေ့က ကျွန်တော့်ဆရာသမားတစ်ယောက်က ပြောတယ်။ စစ်တပ်ထဲမှာ မင်းတို့ အညာသားတွေ များတယ်တဲ့။ ဟုတ်တယ်ဗျ။ အဲဒါ ကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က အဲသည်အညာသားတွေများတဲ့ စစ်တပ်က အေးအေးဆေးဆေး ကိုယ့်ဟာကိုယ် စစ်တန်လျား ပြန်နှပ်ပါမယ်ပြောတာကို၊ ပါတီတစ်ခုက မရဘူး ငါတို့နိုင်ရင် နင်တို့ကို စစ်ခုံရုံးပို့ရဦးမယ်လို့ ခြိမ်းခြောက်တော့၊ ဟားဟား အညာသားများက ဘာပြောကောင်းမတုန်း ဘီလူးဆိုင်းတီးပြီး ဘီလူးက ကလိုက်ကြတာ ဒီမိုကရေစီဆိုတာ သူတို့အစီအစဉ်နဲ့ အခုမှရတာသာကြည့်။

အဲ... ဒီကြားထဲ အညာသားတွေ စားတာသောက်တာတော့ မပြောနဲ့လေဗျာ။ သူတို့က ငယ်ငယ်ကတည်းက ငတ်ခဲ့တာကိုး။ အာဏာဆိုသဟာလည်း အလွန်ချို ဆိုသကိုဗျ။

အောင်မျိုးသူလွင်
၂၄/၀၂/၂၀၁၅

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...