Aungmyothu Lwin

Aungmyothu Lwin
Facebook

Sunday, May 19, 2019

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။
@ @ @
မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှာ မိဖုရား တစ်ပါးခွဲသာ ရှိပါသည်။ တစ်ပါးခွဲဟု ဆိုရခြင်းမှာ ဘုရင်သီပေါနန်းတက်တော့ ဆင်ဖြူမရှင်(သီပေါ၏ဖခင်၊ မင်းတုန်းဘုရင်၏ မိဖုရားကြီး)နှင့် ဝန်ကြီးများ၊ မှူးမတ်ကြီးများက ပေးစားသည့် ဘိသိက်ခံဖက် အဂ္ဂမဟေသီမှာ ဆင်ဖြူမရှင်၏သမီးကြီး စုဖုရားကြီးသာဖြစ်သည်။ သို့သော် စုဖုရားကြီး၏ ညီမ စုဖုရားလတ်နှင့် လူငယ်ချင်းရည်ငံရင်းလည်းရှိ၊ မရခင်ကတည်းက ရည်းစားကြောက်ရရှာသော ဘုရင်သီပေါမှာ စုဖုရားကြီးနှင့် မင်္ဂလာဘိသိက်သွန်းပွဲတွင် စုဖုရားလတ်က သူတို့နှစ်ယောက်ကြား ဇွတ်ဝင်ထိုင်တာ ခံလိုက်ရပြီး၊ စကတည်းက သောက်ရှက်တော်လှလှကွဲကာ ညီအစ်မ နှစ်ပါးစုံနှင့် နန်းသိမ်းပွဲခံရရှာလေသည်။
သို့သော် ဘုရင်သီပေါမှာ မူလရည်ရွယ်ရင်း တောင်ညာစံမိဖုရား စုဖုရားကြီးကို မိဖုရားရယ်လို့ မဆက်ဆံလိုက်ရ။ စုဖုရားလတ်က ခွင့်မပြု။ နောင်သော် စုဖုရားလတ်ပေးသော ထိုစိတ်ဒဏ်ရာဖြင့်ပင် အစ်မအရင်းဖြစ်သူ စုဖုရားကြီးမှာ ဥပုသ်ရက်ရှည်စောင့်သည်ဆိုကာ တစ်စတစ်စ တိမ်မြုပ်သွားရင်းက နောင်တွင် မင်းကွန်းဘက်၌ သီလရှင်ဘဝဖြင့် ကံကုန်ရရှာလေသည်။
သီပေါဘုရင်မှာ လူကသာ စုဖုရားကြားက မထွက်နိုင်သော်လည်း ဘုရင်မို့ ဘုရင့်အရသာလေးတော့ ခံဖူးချင်ရှာသည်။ ထို့ကြောင့် မကြာမီ အပျိုတော်တစ်ယောက်နှင့် ညိစွန်းမိကြသည် ဟူသတတ်။ ထိုကိစ္စ စုဖုရားလတ်သိသွားသောအခါ ယမ်းပုံမီးကျ ဖြစ်ပြီး အပျိုတော်လေးကို သေဒဏ်ပေးလေ၏။ ဘုရားစူးမိုးကြိုးပစ် ဘုရင်ကြီးက အပျိုတော်လေးကို ချမ်းသာပေးပါမည့်အရေး မိဖုရားထံ အယူခံဝင်ရရှာလေသည်။ တောင်းပန်လွန်းမက တောင်းပန်လွန်းပါမှ "ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်" ဆိုကာ၊ ထိုအပျိုတော်လေးအား လူပုံအလယ် ထုထောင်း အရှက်ခွဲစေပြီးမှ မြိုင်ရပ်သို့နှင်လေသည်။
မြန်မာဘုရင် အဆက်ဆက်တို့၏နန်းဓလေ့အစဉ်အလာအရမူ ဘုရင်သည် အပျိုတော်များထဲ မိမိနှစ်သက်သူကို ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ကာ ပျော်ပါးခံစားပိုင်ခွင့်ရှိကာ၊ ထိုအတွက်လည်း အပျိုတော်များဘက်မှ မြှောက်စားသည်ဟု အယူရှိပျော်ရွှင်ကြလေသည်။ သီပေါမှာမူ အာဂဘုရင်မို့ ထိုထုံးစံကိုလွန်ကာ မယားငယ်သာတိတ်တိတ် ထားရရှာလေသည်။ ဒါကိုပင် မိဖုရားသိတော့ သူ့မှာ အပျိုတော်လေးအသက်အတွက် အသနားခံရသေးသတဲ့။ ထိုမျှသာလော။ မဟုတ်သေးပါ။ ဤစာနောက်ပိုင်းမှ သီပေါအကြောင်း ဆက်ပါဉီးမည်။
ယခု ထိုသီပေါမိဖုရား စုဖုရားလတ်ဘက်လှည့်ကြပါဦးစို့။
ယခု စာရေးသူသုံးလိုက်သော မြန်မာစာသတ်ပုံ 'မိဖုရား' ဟူသောအသုံးကို စုဖုရားလတ်က မကြိုက်လှပါ။ သူသည် သူ့အား မိဖုရားဟုရေးသည်ကို မကြိုက်၊ ဘုရင်၏မယားမို့ ဘုရားနှင့် တစ်ဂုဏ်းတည်း ထားပြီး မိဘုရားဟု ရေးသင့်ပါလျှက်ကယ်နှင့် အဘယ်ကြောင့် မိဖုရားဟု ဖဦးထုပ်နှင့် ရေးရပါမည်နည်းဆိုကာ ရွှေဒေါတော်ကန်ပြီး၊ ရွှေနန်းတော် တောင်ဥယျာဉ်၌ ကျင်းပနေသော မြန်မာသတ်ပုံအစည်းအဝေးသို့ ကိုယ်တိုင်သွားကာ
"နင်တို့ ဖဦးထုပ်ကို "ဖင်" နှင့် "ဖာ" ကလွဲလျှင် ကျန်တာအကုန် ဘကုန်းကို သုံး" ဟု အမိန့်တော် မြွက်လေသည်။ ထိုအကြောင်းကို ဖတ်ရသောအခါ ကျွန်တော်သည် အလွန်ပင်စိုးရိမ်သွားမိပါသည်။ ထို့ကြောင့်ပင် လက်ရှိမြန်မာအဘိဓာန်ကို အမြန်ပင် ကောက်လှန်လိုက်ရာ မိဖုရားမှာ ယခုအခါတွင်တော့ ဖဦးထုပ်အုပ်စုထဲမှာပင် ပြန်ရှိနေသေး၍ တော်ပါသေးရဲ့ဟု 'ဟင်'ကျမိရပါသည်။ မဟုတ်သော် စုဖုရားကျေးဇူးဖြင့် မြန်မာအက္ခရာတွင် ဖဦးထုပ်လေးခမျာ တော်တော်အောက်တန်းကျ၍ မျက်နှာငယ်ရ ရှာချေမည်။ (ဤကား စကားချပ်။)
ထိုစုဖုရားကား တော်ရုံစုဖုရားမဟုတ်၊ ထက်မြက်သော စုဖုရားဖြစ်ပေသည်။ အဘယ်မျှအထိ ထက်မြက်ပါသနည်း ဆိုသော် သီပေါဘုရင်ကိုပင် သူ့မယားငယ်လေးရှေ့၊ ထို့ထက်ပို၍ ဘုရင်ကို အသက်ပေး၍ အမှုတော်ထမ်းသော အင်မတန်ဓားထက်သည့်ကျွန်ယုံတော် မောင်မောင်တုတ်ရှေ့
"သယ် သီလရှင်လူထွက်သားကများ၊ ဘယ်သူတင်လို့ ဒီပလ္လင်ပေါ်ရောက်ရတယ်များ မှတ်သတုန်း" ဆိုကာ အရှက်ခွဲတွန်းလှဲခဲ့ဖူးလေသည် ဟူသတတ်။ ထို့ကြောင့်ပင် စုဖုရားလတ်ဟု ခေါ်လေသည်။ သူကား မြန်မာ့နန်းတွင်း အစဉ်အလာများစွာကို ဖျက်ခဲ့သူ။ ဘုရင်တို့မည်သည် မိဖုရားဆောင်တွင် ခဏသာ စံမြန်းပြီး အလိုပြီးသောအခါ မူလဆောင်ကို ပြန်အိပ်ရမြဲ။ သို့သော် စုဖုရားကမူ သူ့ဘုရင်ကို သူ့အဆောင်မှာသာ အိပ်စေလေရာ ကင်းဝန်မင်းကြီးတို့က "ဒါထုံးစံမဟုတ်ဘူး သမီးရဲ့" ဆိုသည်ကို
"ထုံးစံဆိုတာ လုပ်ရင်ဖြစ်တာပါပဲ ဘိုးဘိုးတို့ရယ်" ဟု ပြန်ပက်ကာ သီပေါအား သူ့မိန်းမခန်းမှာသာ ထားသည်ဆို၏။
စုဖုရားလတ်သည် မြန်မာပြည် တစ်လင်တစ်မယား စနစ်၏ မိခင်ကြီးဖြစ်ပေသည်။
၁၈၇၉ ခုနှစ် သူဘုရင့်မိဖုရား ဖြစ်သည်ကစ၊ ၁၈၈၅ ခုနှစ် အင်္ဂလိပ်ခေါ်၍ ပါတော်မူရသည်အထိ အာဏာလက်ဝယ်ရှိစဉ်အတွင်း တစိုက်မတ်မတ်လုပ်ခဲ့သောအလုပ်မှာ သူ့ယောက်ျား နောက်မိဖုရားမထားရေးနှင့်၊ မယားများများယူသော နန်းတွင်းသားများကို နှိပ်ကွပ်ရေးသာလျှင် အများဆုံးဖြစ်ပေသည်။ ထိုအတွက် စုဖုရားလတ်သည် လူများစွာ စတေးပစ်ခဲ့သည်။ ထိုအထဲ မန္တလေး တောင်ပြင်ရပ်က ဒိုင်းဝန်မင်း၏ မွေးစားသမီးလေး ခင်ခင်ကြီးအား ကိုယ်ဝန်အရင့်အမာနှင့် သတ်ပစ်ခဲ့ခြင်းက လူမဆန်ဆုံး လုပ်ရပ်ဖြစ်ပေသည်။
ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းဟု မြန်မာတို့ယုံကြည်ကြရာ မပြေးသော် ကန်ရာရှိ၊ ယုံကြည်မှုတို့သည် ဥပါဒါန်တစ်ခုဖြစ်ကာ အကောင်အထည်ဖြစ်တတ်သည်မှာ လူ့လောက ဓမ္မတာတစ်ခု ဖြစ်ပေသည်။ ထိုအတွက်
"သမီးရယ် ရှင်ဘုရင့်သွေး၊ ရှင်ဘုရင့်ကလေး ဗိုက်ထဲလွယ်ထားရတဲ့ မိန်းမကို သတ်ရင်၊ အဲဒီမင်းဆက် ပြတ်တတ်တယ်ကွဲ့" ဟုတိုင်းတားမင်းကြီး တားသည့်ကြား ဆယ်ကျော်သက်အရွယ် ဗိုက်ကြီးသည်လေးကို အချစ်ကိုဝေမစားနိုင်ဆိုကာ ညမှောင်မှောင်မှာ ရှားသားနှစ်တုတ်ဖြင့် ရိုက်သတ်ပစ်ခဲ့သည့်နောက် မကြာမီ ကုန်းဘောင်မင်းဆက်လည်း ပြတ်ရလေသည်ဟု တချို့က ယုံကြည်ကြလေသည်။ ယုံကြည်မှုတို့ကို အသာထား၍ ထိုဘုရင်၏ လော်မာမှုနှင့် ထိုမိဖုရား၏ လူမဆန်မှုတို့ကိုတော့ အတိုင်းသား မြင်နိုင်ပေသည်။
ထိုအကြောင်းတို့ကို အနှစ်ချုပ်မှ ပြန်ချုပ်ရန် ချန်ထားခဲ့ကာ ယခု သူတို့ ကျွန်ယုံတော် မောင်မောင်တုတ်ဘက် လှည့်ကြပါဉီးစို့။
တစ်လင်တစ်မယားသမကြီးစုဖုရားလတ် မည်သို့မျှမတတ်နိုင်ဘဲ လွှတ်ထားရသူကား သူ့နို့ထိန်းသည်၏သား(နောင် သီပေါဘုရင်၏ အရင်းနှီးဆုံး ကျွန်ယုံတော်) မောင်မောင်တုတ်ပင်တည်း။ မောင်မောင်တုတ်ကား မယားများစွာ ယူ၏။ ယူသည်မှ သူ့မယားပါမရှောင်။ တစ်ခါသော် တောင်တွင်းလယ်တော်အုပ်၏ ဇနီး၊ ကလေးနှစ်ယောက်အမေ မမျှင်ဆိုသော ကချေသည်လေးကို အတင်းကောက်ယူဖူးလေရာ ထိုမိသားစု ဘဝပျက်ရရှာလေသည်။
မောင်မောင်တုတ်သည် မမျှင်ကို အိမ်ခေါ်ပြီး အကခိုင်းကာ တစ်ခါတည်း မယားလုပ်ပစ်သည်။ မမျှင်ခမျာ လင်နှင့်သားနှင့် တန်းလန်းကြီးမို့ တောင်တွင်းကြီးပြန်ကာ သူ့လင်ကို ကွာပါရစေဉီးဆိုသည်ကိုပင်၊ မြန်မြန်ကွာ မြန်မြန် ကိစ္စဖြတ်ခဲ့ဆိုကာ- အချိန်တန်၍ မမျှင်ပြန်မလာသောအခါ ဆင်နှင့်တင်၍ အခေါ်ခိုင်းသည် ဟူသတတ်။ နောင်သော် လယ်တော်အုပ်မှာ မယားသည်၏အဖြစ်ကြောင့် စိတ်နောက်ကာ လုံးပါးပါးရှာလေသည်။
ဤကား ထင်ရှားသော ဥပမာတစ်ခုသာ။ မောင်မောင်တုတ် လုပ်ခဲ့သော မိန်းမကိစ္စတွေက နည်းသည်မဟုတ်။ သူယူခဲ့သော လင်ရှိ လင်မရှိမိန်းမတို့ကား သူ့အိမ်ကြီးနှင့်အပြည့်၊ အဆောင်ဆောင် အခန်းခန်းနှင့်ဟူ၏။
မည်မျှများလေသနည်းဆိုသော် သီပေါဘုရင်သည် ဘုရင်ဆိုးတို့ ထုံးစံ ထီကိုတိုး၍ဖွင့်လေသည်။ မောင်မောင်တုတ်မှာလည်း ဘုရင့်နားကလူမို့ ထီရုံတွေရှိသည်ဖြစ်ရာ သူ့ထီရုံက ပေါက်ခဲ့သည်ရှိသော် မောင်မောင်တုတ်က သူ့မယားတစ်ယောက်ပါ ဆုအဖြစ် အဆစ်ထည့်ပေးတတ်သည် ဟူသတတ်။ ပဒေသရာဇ်ခေတ်မှာ ဘုရင့်အပါးကလူမို့ တရားလည်းဖက်၊ ဓားလည်းထက်ပေရာ ဘယ်သူမှ မောင်မောင်တုတ်ကို မော်လို့မှ မကြည့်ဝံ့။ မည်မျှစက်ဆုပ်ဖွယ် အဖြစ်ကြီးပါတည်း။
ထိုမောင်မောင်တုတ်ကား သီပေါဘုရင်၏ အပါးတော်မြဲ ကျွန်တော်ယုံကြီးဖြစ်ပေသည်။ စုဖုရားလတ်၊ မောင်မောင်တုတ်၊ နောင်အခါ တောင်သမန်လယ်စား ဖြစ်လာသူမောင်ဖေငယ်နှင့် သီပေါမင်းအလောင်းအလျှာတို့မှာ ငယ်ကတည်းက ရင်းသူများဖြစ်ကြသည်။ မောင်မောင်တုတ်အမေမှာ စုဖုရားလတ်၏နို့ထိန်းဖြစ်သလို၊ မောင်ဖေငယ်မှာ သီပေါမင်းသားနှင့် ကျောင်းနေဖက်။ သီပေါနှင့် စုဖုရားတို့ အချင်းချင်းလူငယ်သဘာဝ စက္ခုရူပေန သံဝါသကြတုန်းက မောင်ဖေငယ်မှာ မေတ္တာစာတွေ ကြားကရေးပေးခဲ့ရသူ။
သီပေါကို မင်းဖြစ်စေမည့် ဆင်ဖြူမရှင်တို့အစီအစဉ်အတွင်း၊ မန္တလေးနန်းတွင်း၏နာမည်ကျော် သွေးချောင်းစီးလူသတ်ပွဲကြီးမတိုင်မီ သီပေါဘုရင်ကို မြေတိုက်ထောင်ထဲမှ ထမ်းထုတ်ပြေးခဲ့သူမှာ ထိုမောင်မောင်တုတ်ပင်။ ထိုအခါသမယ မြေတိုက်ထောင်အတွင်း ငူငူကြီးထိုင်ကာ သေမလား ရှင်မလားအခြေကြီးကို စောင့်နေခဲ့ရသူ သီပေါဘုရင်က၊ သူ့အား ထမ်းထုတ်သယ်ပြေးသူ မောင်မောင်တုတ်အား အကျိုးအကြောင်းမေးရာ
"အရှင့်သား မကြာခင်ဘုရင်ဖြစ်တော့မယ်ဘုရား၊ ကျွန်တော်မျိုးကို ကတိတစ်ခု အခုပေးတော်မူပါ၊ ကျွန်တော်မျိုးက အရှင့်သား၏ အမှုတော်ကို အသက်နှင့်လဲ ထမ်းရွက်ပါမည်။ အမှုတော်ထမ်းရာတွင် မှန်သည်လည်းရှိ မှားသည်လည်း ရှိမည်ဖြစ်ရာ ဒီတစ်သက် အရှင့်သားလက်နက်ဖြင့်တော့ မသေစေရဟူသော ကတိကို အခုပင်ပေးတော်မူပါ" ဆိုရာ သီပေါလည်းပေးလေသည်။
နောင်သော် အားလုံးသိသည့်အတိုင်း သီပေါဘုရင်ဖြစ်သည်။ အရှင်မြင့်တော့ ကျွန်တင့်လေရာ မောင်မောင်တုတ်တို့ကောင်းစားသည်။ တောင်သမန်လယ်စား မောင်ဖေငယ်လည်း ကောင်းစားသည်။ ထိုအထိကား သူတို့အတွက် သာယာနာပျော်ဖွယ်ဖြစ်ပေသည်။ သို့သော် ကျွန်တော့် ယခုစာအစမှာ သီပေါဘုရင်ဟာ မြန်မာ့သမိုင်းမှာ မိန်းမဇာတ်ထုပ်အရှုပ်ဆုံး ဘုရင်တစ်ပါးမဆိုပါလား။
ဆိုသည့်အတိုင်းလည်း သီပေါသည် စုဖုရားကို ကျော်၍ အပျိုတော်တစ်ယောက်နှင့် ရည်ငံမိသည်။ ထိုအပျိုတော် နယ်နှင်ခံရသည်။(အထက်တွင် ရေးခဲ့ပြီ။)
သီပေါကား ကောင်းမှန်းသိ သာအိတစိုစိုတည်း။ မယားငယ်လေးထားဖူးတော့ နုနုစိုစိုမြင်တိုင်း ထပ်ထားချင်သည်။ ထိုမှာ ကြမ္မာငင်ရှာသူကား တောင်ပြင်ရပ်က ဒိုင်းဝန်ကြီးမွေးစားသမီး ခင်ခင်ကြီးပင်တည်း။ ဒိုင်းဝန်ကြီးက ခင်ခင်ကြီးအရင် (တောင်သမန်လယ်စား) မောင်ဖေငယ်ကိုလည်း မွေးစားဖူးသည်ဖြစ်ရာ မောင်ဖေငယ်နှင့် ခင်ခင်ကြီးမှာ မွေးစားမောင်နှမတော်ပေသည်။ ထိုကြောင့်လားမသိ သီပေါမင်းက ခင်ခင်ကြီးကို ကြိုက်ပါသည်ဆိုသောအခါ မောင်ဖေငယ်က ကြားက မေတ္တာစာရေးဆက်ပေးရသည်။ သူ့အရှင်ကို သူ့လိုပင် လူ့လောကအရသာ၊ ထို့ထက်ပို၍ ဘုရင်အရသာကို ခံစားစေလိုသော မောင်မောင်တုတ်က ခင်ခင်ကြီးကို ယောက်ျားလိုဝတ်စေ၍ နန်းတော်ထဲ ခိုးသွင်းပေးသည်။ ခင်ခင်ကြီးလေးမှာလည်း ဆယ်ကျောက်သက်အရွယ်မို့ "အပျိုဖော် အရွယ်မစေ့ခင်က၊ ငယ်ဓလေ့ဂေါရီ၊ ဘယ်အတွေ့လောကီကိုမှ ဇောမသီဖူးသည်" ဖြစ်ရာ သီပေါဘုရင်ကို မိန်းမသားငယ်တို့ဘာဝ အစွဲကြီးစွဲရှာသည်။
သီပေါကလည်း နန်းတွေဘာတွေဆောက်ပြီး မိဖုရားမြှောက်မယ်ပြောခဲ့သည်။ သူသည် တကယ်လည်း စိတ်ကူးခဲ့ပေသည်။ သို့သော် သူကား စုဖုရားကို လွန်ဝံ့သူ မဟုတ်။
ဤ၌ မောင်မောင်တုတ်အကြောင်းကို ကြားဖြတ်ပြောဖို့ လိုလာသည်။ မောင်မောင်တုတ်ကား မိန်းမကိစ္စတော်တော် လိုက်စားသူ။ မိန်းမဆို လှဆိုသမျှ အချိန်မဆိုင်းဘဲ ရအောင်ယူတတ်သူ။ သို့သော် သူသည် သူငယ်ချင်းဖြစ်သူ မောင်ဖေငယ်နှင့် သီပေါဘုရင်အပေါ်တော့ တော်တော်လေး သစ္စာထားသူဖြစ်သည်။ လူမှာ မှောင်သည့်အခြမ်းရှိသလို လင်းသည့်အခြမ်းလည်းရှိပေရာ၊ မောင်မောင်တုတ်မှာ ဘုရင် သီပေါနှင့် သူငယ်ချင်းမောင်ဖေငယ်ကို အလင်းထဲမှာ အမြဲထားခဲ့သူ ဖြစ်ပေသည်။ သူသည် ခင်ခင်ကြီးကို သီပေါအရင် မြင်ဖူးလေသည်။ သို့သော် သူငယ်ချင်း မောင်ဖေငယ်၏ မွေးစားမောင်နှမချင်းဖြစ်သလို၊ မောင်ဖေငယ်တိတ်တိတ်ရည်ရွယ်ထားသူမှန်းလည်းသိ၍ မည်သို့မျှ မပြစ်မှားခဲ့။ နောင်သော် သီပေါဘုရင်က လိုချင်သည် ဆိုတော့လည်း မောင်ဖေငယ်နှင့် တိုင်ပင်ကာ နန်းတော်ထဲ အရောက်သွင်းပေးခဲ့သူ။ မောင်မောင်တုတ်သည် သီပေါဘုရင်ထက် ၁၄ နှစ်တိတိကြီးပြီး လက်ရုံးရည်ကောင်း ဓားလည်းထက်သူဖြစ်ရာ သီပေါဘုရင် အင်မတန်အားထားရသူ။ ထို့အတူ မောင်မောင်တုတ်ကလည်း "အရှင့်သားလက်နက်ဖြင့် ဒီတစ်သက်မသေစေရ" ကတိကို ကနဉီးကတည်းက ရရှိထားခဲ့သူမို့ သူ့အရှင်အပေါ် အသက်ပေးယုံမှတ် အမှုတော်ရွက်သူ။
ထိုသူမှာ သီပေါ၏ အမှုတော်ကိုထမ်းရင်းက သီပေါမင်းကြောင်တောင်တောင်လုပ်၍ သေရရှာလေသည်။
ခင်ခင်ကြီးနှင့်ကိစ္စ စုဖုရားလတ်သိသွားသောအခါ ဒုတိယအကြိမ်ယမ်းပုံမီးကျလေရာ၊ ခင်ခင်ကြီးနှင့် သီပေါအိပ်နေသော အိပ်ဆောင်ထဲထိသွားပြီး စုဖုရားလတ်က ပွဲကြမ်းလေသည်။ ထို့ကြောင့်ပင် စုဖုရားလတ်အား သီပေါဘုရင်ကိုပင် သူ့မယားငယ်လေးရှေ့၊ ထို့ထက်ပို၍ ဘုရင်ကို အသက်ပေး၍ အမှုတော်ထမ်းသော အင်မတန်ဓားထက်သည့်ကျွန်ယုံတော် မောင်မောင်တုတ်ရှေ့
"သယ် သီလရှင်လူထွက်သားကများ၊ ဘယ်သူတင်လို့ ဒီပလ္လင်ပေါ်ရောက်ရတယ်များ မှတ်သတုန်း" ဆိုကာ အရှက်ခွဲတွန်းလှဲခဲ့ဖူးသည်ဟု အထက်မှာ ကျွန်တော်ရေးခဲ့သည်။ ထိုအဖြစ်မှာ သီပေါဘုရင်သည် ရှက်လှ၍ လှံကိုဆွဲပြီး စုဖုရားလတ်နောက် လိုက်လေရာ နန်းတွင်းမှာ ရုန်းရင်ဆန်ခတ်ဖြစ်ရလေသည်။
ရာဇဣနြေ္ဒ၊ မင်းတို့ထုံးတမ်းကို နားလည်သော မောင်မောင်တုတ်က ထိုသို့ ပြုတော်မမူပါနှင့် လူမြင်မတော်ပါ၊ ဘုရင်ပီပီ အမိန့်ပေးပြီး အပြစ်ချတော်မူပါဟု ဆိုသည်ကိုပင်မရ သတ်မည်ဖြတ်မည် တကဲကဲ လိုက်လေရာ၊ စုဖုရားလတ်က ဆင်ဖြူမရှင်အဆောင်ထဲထိ ဝင်ပြေးမှ လွှတ်ပေးတော့သတဲ့။ သို့သော် ထိုအဖြစ်အပျက်တို့ အပြီး တကယ်သေခဲ့ရသူမှာ "ငါ့လက်နက်ဖြင့် မင်းဒီတစ်သက်မသေစေရ" ဆိုသော ဘုရင့်စကားကို ယုံစားခဲ့သူ မောင်မောင်တုတ်ပါတည်း။
ဘုရင်နှင့် မိဖုရားက လင်မယားမို့ အိပ်ယာထဲရောက်သော် အဆင်ပြေသွားကြပါသည်။ မယားငယ်နေတာ ပေါ်သွားပြီဆိုမှ သီပေါဘုရင်မှာ အခြားအိပ်စရာမိန်းမလည်း မရှိ။ ထိုသောအခါ သူတို့လင်မယားချင်း ပြန်ချစ်ကြသည့်အဆုံး ကျန်လူများ သေခြင်းဆိုးနှင့် သေဖို့ ဖြစ်လာကြပါတော့သည်။ အတိုချုပ်ဆိုရသော်
ခင်ခင်ကြီး၏ မွေးစားမိခင်ဖခင် ဒိုင်းဝန်လင်မယားအပါ တစ်အိမ်သားလုံး သေရသည်။ မင်းတို့ ပရိယာယ်ဖြင့် နိုင်ငံတော်ပုံကန်မှုကို ကူညီသည် ခေါင်းစဉ်တပ်၏။ ပုန်ကန်သူကို မောင်မောင်တုတ်ဟုဆို၏။ ဘုရင်ကလည်း မယားစကားကို ယုံ၏။ ယုံလောက်အောင်လည်း စုဖုရားလတ်က သက်သေတို့ကို ပြုယူ၏။ မောင်မောင်တုတ်အိမ်ပေါ်မှ ဘုရင်တို့သာ အိပ်သော အိပ်ယာကုတင်တွေ့ပြီး၊ ဒိုင်းဝန်မင်းအိမ်အောက်မှ သေနတ်များမြှုပ်ထားသည်ကို တွေ့သည်ဆို၏။ အကုန်သေရ၏။ မောင်မောင်တုတ်ကိုမူ ဘုရင်မှာ အစ်ကိုကြီးလို သံယောဇဉ်လည်းရှိလှသလို၊ လူလည်း လူယုံမို့ သူ့ကိုပုန်စားသည်ဟု ချက်ချင်းမယုံနိုင်သေး။ စစ်မေးချင်သေးသည်ဆိုရာ စုဖုရားလတ်က ခဏချုပ်ထားပြီး စစ်မေးတာပေါ့ဟု ပရိယာယ်ဖြင့်ဆိုတော့ သကောင့်သား သီပေါက ခေါင်းညိတ်တော်မူလေသည်။ နောင်သော် အူကြောင်ကြောင်ဘုရင်ကို ညီအစ်ကိုလိုခင်မိသော မောင်မောင်တုတ်မှာ ထောင်ထဲတွင် ခွေးသေသေရရှာလေတော့သည်။
ခင်ခင်ကြီးလည်း ထိုဘုရင်ကို ယုံမိ၍ သီပေါ၏ ကိုယ်ဝန်ကြီးလွယ်ထားလျှက် စုဖုရားလတ်၏ ပါးကွက်သားတို့က ရှားသားနှစ်ဖြင့် ရိုက်သတ်တာ ခံရလေသည်။ မောင်မောင်တုတ်သေရသည့်အဖြစ်ကို သီပေါဘုရင် နောင်မှသိရသည် ဆိုသော်လည်း ခင်ခင်ကြီးအဖြစ်ကိုမူ သိလျှက်နှင့် စုဖုရားကိုကြောက်၍ မျက်နှာလွှဲခဲ့ခြင်းဖြစ်ပေသည်။ သူတို့ချစ်ခရီးတွင် စာချွန်လွှာတွေ ရေးဆက်ပေးခဲ့သူ မောင်ဖေငယ်ကိုလည်း မိုးကောင်းထောင်၊ ထိုမှတဆင့် ဗန်းမော်ပို့ပြီး အဆုံးစီရင်ပစ်ခဲ့ကြသည်။ သီပေါသည် သူ့အမှုတော်ထမ်းတို့ အသတ်ခံနေရသည့်အဖြစ်အား ဘုရင်ပီပီ တစ်ခွန်းမှ မဟ။ ဒီအတိုင်း စိတ်မကောင်းသော မျက်နှာနှင့် ငုတ်တုတ်ထိုင်ကြည့်နေတော်မူသည်။ အင်မတန် ဥပေက္ခာတရားပြည့်သူ ဘုရင်ကြီးပါတည်း။
နန်းစံသက် ခြောက်နှစ်ကျော်ကျော်အတွင်း သီပေါဘုရင် လုပ်ခဲ့သည်တို့ကား ထိုမိန်းမကိစ္စများတည်း။ ထို့ကြောင့် သီပေါဘုရင်ကို မြန်မာ့ရာဇဝင်တွင် မိန်းမဇာတ်ထုပ်အရှုပ်ဆုံး ဘုရင်ဆိုသင့်၏။ တခြားဘုရင်များ မိန်မရာချီယူခဲ့သော်လည်း သူ့လောက် ဇာတ်ရှုပ်ကြသည်မရှိ။
သီပေါနန်းတက်သောအခါ မင်းညီမင်းသားတို့ သွေးချောင်းစီးအသတ်ခံရသည်။ ထို အနိဋ္ဌာရုံများကို ပယ်ဖျက်ရန်ဟု ဘုရင်နှင့်မိဖုရား အလှူကြီးများ လုပ်ကြသည်။ နိုင်ငံတော် ဘဏ္ဍာငွေများ ကုန်သောအခါပြည်သူကို ထီများတိုးဖွင့်ရောင်းကာ ပိုက်ဆံရှာသည်။ မင်းနှင့် မိဖုရားပျော်ပါးကြသည်။
ဘုရင်က တစ်ခါလော်မာသောအခါ အပျိုတစ်ယောက် အရှက်တကွဲမြိုင်ရပ်အနှင်ခံရသည်။ နောက်တစ်ကြိမ်လော်မာသောအခါ အပျိုလေးအပါ ဆွေမျိုးစုလိုက် အသတ်ခံရသည်။
ထိုဘုရင်နှင် မိဖုရားတို့ကို ပြည်သူက မည်သို့သဘောထားသည် ထင်ပါသနည်း။
သီပေါကိုအစ်ကိုအရင်းလို ကျွန်တစ်ယောက်လို စောင့်ရှောက်ခဲ့သော ရနောင်မောင်မောင်တုတ် သေသောအခါ သူ့မယားတွေ ဒုက္ခရောက်ကြလေသည်။ ထိုအထဲ မောင်မောင်တုတ်အသည်းစွဲ တောင်တွင်းကြီးက လယ်တော်အုပ်ကတော်လေး မယ်မျှင်ပါလေသည်။
မယ်မျှင်ကို မောင်မောင်တုတ်အား သတ်ခဲ့သူ ရွှေလှံဗိုလ်ကခေါ်လာပြီး နဂိုခံအဆိုအကကောင်းသူမို့ စုဖုရားလတ်ထံ အပ်လေရာ၊ စုဖုရားလတ်နှင့် ဘုရင်က အင်မတန်သဘောကျသည်ဟူသတတ်။ မောင်မောင်တုတ်က ဆင်ဖြင့်တင်၍ ခိုးခဲ့သူမို့
"ဆင်ခိုး" ဟု စုဖုရားလတ်ကခေါ်သည်။
ကွယ်လွန်ရှာသူ သူ့ပထမယောက်ျား လယ်တော်အုပ်က "မကလေး" ဟု ချစ်စနိုးခေါ်ခဲ့ဖူးသည်နှင့်ပေါင်း၍ နောင်သော် မြန်မာ့သဘင်လောကတွင် "ဆင်ခိုးမကလေး" ဟု ကျော်ကြားသော သဘင်ပညာသည်ဖြစ်လာခဲ့တော့သည်။
သီပေါနှင့်စုဖုရား ပါတော်မူသောအခါ ဆင်ခိုးမကလေးသည် ရတနာဂီရိအထိ လိုက်၍ဖျော်ဖြေခဲ့ဖူးသည်။ စိန်ဗေဒါ၏ဆိုင်းနှင့် ဒေဝဣန္ဒာ၏စောင်းနှင့် "ကိုယ့်အရှင်နှစ်ပါးကို ဖျော်ဖြေခွင့်ရပေသည်" ဆိုကာ ပြန်လာသည့်တိုင် မျက်ရည်မဆည်နိုင် အရှင်နှစ်ပါးအတွက် ကြည်နူး ဝမ်းနည်း ငိုကြွေးသော ဟူ၏။
သူ့ဘဝကို ဖျက်ခဲ့သော ပဒေသရာဇ်ကို သူမြင်ပုံကား တော်တော်ဆန်းကြယ်သည် ဆိုရမည်။ သို့မဟုတ် မဆန်းကြယ်ဟုလည်း တစ်ဖက်က ဆိုနိုင်ပြန်သေးသည်။ ဆင်ခိုးမလေးကဲ့သို့ နန်းတွင်းထဲမှာ အကြာကြီးနေခဲ့၍ နန်းတွင်းအကြောင်း နောဧကနောသည့် မောင်မောင်တုတ်၏ မယားသော်မှ ထိုဘုရင်နှင့်မိဖုရားနှစ်ပါးအပေါ် ထိုသဘောမျိုး ထားသေးသော် သာမန်ပြည်သူတို့က မည်သို့ သဘောထားမည် ထင်ပါသနည်း။
၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တက်၍ သီပေါဘုရင်ကို နန်းတော်အနောက်တံခါးမှ ထုတ်ကာ ဘီဒိုလှည်းဖြင့်တင်ခေါ်လေသောအခါ တိုင်းသူပြည်သား လူအများတို့သည် တို့အရှင်နှစ်ပါး ပါတော်မူပြီဟုဆိုကာ ရင်ဘတ်စည်တီး ငိုညည်းကြလေသည့်အဖြစ်ကို စာရှုသူလည်း သိမည်ပင်။
@ @ @
လူတို့၏ သဘောကား အင်မတန်ထူးဆန်းပေသည်။
ထိုသို့ မြန်မာ့နန်းတွင်းအချင်းချင်း သတ်ကြဖြတ်ကြအကြောင်းများနှင့် ဆက်စပ်၍ နောင်သော် သတင်းစာဆရာကြီး ဉီးညိုမြက သူ၏ "ကုန်းဘောင်ရှာပုံတော်" တွင်-
"မဒရပ်ပါမင်းမှာ ပါတော်မူပြီးနောက် မဒရပ်မှ ရတနာဂီရိသို့ ပို့ခံရပြီး မကျန်းမာ၍ ရိုးရိုးကွယ်လွန်ရသည်။ တရုတ်ပြေးမင်းနှင့် ဟံသာဝတီမင်းတို့ ကဲ့သို့ သေခြင်းဆိုးနှင့် မသေရခြင်းမှာ အင်္ဂလိပ်မင်းကျေးဇူးပေတည်း" ဟု ပုဂံဝန်ထောက်မင်း ဉီးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း ဒုတိယတွဲကို ကိုးကား ထောက်ဖော်ပြခဲ့ပေသည်။
ကျွန်တော်တို့ ထိုအမြင်မျိုး မြင်နိုင်ဖို့ တော်တော်အချိန်ယူခဲ့ရပေသည်။ လူတို့၏ သဘောကား တစ်သက်လုံးက ခေါင်းဆောင်ဘုရင်အမှတ်နှင့် ယုံမှတ်ကိုးကွယ်လာသူ လူတစ်စုအား မည်မျှပင်ဆိုးစေ မကောင်းမြင်ဖို့ရန် ခက်တတ်ပေသည်။
အောင်မျိုးသူလွင်
၁၉၊၀၅၊၂၀၁၉
တနင်္ဂနွေ

စာကိုး - (၁) ကုန်းဘောင်ရှာပုံတော် (ညိုမြ)
(၂) ဆင်ခိုးမကလေး (ဉီးသော်ဇင်)
(၃) ဒိုင်းခင်ခင် (စိမ့်- ပညာရေး)
(၄) မြန်မာဝေါဟာရအသွင်နှင့် စာပေအမြင် (မြကေတု)

Monday, April 29, 2019

ပလစီဗိုလ်များ


မြို့မှာတော့ မသိဘူး၊ ကျွန်တော်က တောသား။ ကျွန်တော်တို့ ခပ်ငယ်ငယ် စစ်အစိုးရခေတ်တုန်းကတော့ ဒီရာသီဆို ကျွန်တော့်အမေကျောင်းဆရာမနဲ့ ကျွန်တော်တို့ရပ်ကွက်လူကြီး ကိုဟန်တင် ခဏခဏရန်ဖြစ်ကြတယ်။ အဲဒီခေတ်က ရပ်ကွက်ထဲနေရင်းထိုင်ရင်းကို ဘာကြေးညာကြေးတွေက တအားများတာ။ ကိုဟန်တင်က အဲဒါတွေကို ရပ်ကွက်ထဲမှာ စက်ဘီးတစ်စင်းနဲ့ တစ်အိမ်ဝင်ထွက် လောက်ကောက်ပေးတဲ့သူ၊ ရပ်ကွက်လူကြီး။
အမေတို့ ကျောင်းဆရာမတွေက အဲဒီတုန်းက လစာအပြင် ဆန်လည်းရသေးတယ်။ ဝန်ထမ်းဆန်ခေါ်တာပေါ့။ နာမည်ကြီးဆန်ပါ။ စားဖူးသူတိုင်း ဘယ်လောက်ဆိုးလဲ သတိရကြမယ်ထင်ပါရဲ့။ ကျွန်တော်တို့လို အူကြမ်းတဲ့တောသားတောင် မျိုမကျဘူး။ အဲလိုဆန်တွေကို ဝန်ထမ်းတွေအတွက်ပေးတာ။ လကုန်လို့ လစာရတော့လည်း ရတဲ့ငွေလေးကို- ဟိုးမန္တလေးက ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ တိုင်းပညာရေးမှူးကြီးသမီး မင်္ဂလာဆောင်မို့ လက်ဖွဲ့ဖို့ ဖြတ်လိုက်ပြန်ပြီ၊ ဘယ်လူကြီးဖြင့် ပင်စင်ယူလို့ ဘာကြေး စသဖြင့်ပေါ့ခင်ဗျာ စုံလို့ပါပဲ။ စကျင်သားတစ်ယောက် ငှက်ပစ်လို့ရတော့ ပြောတဲ့စကားလို လစာဆိုတာလည်း - အမြီးနှုတ် ခေါင်းနှုတ်နဲ့ အဖုတ်(ကိုယ်မွေး) ကျန်တာပဲ။
ဒါထဲ ရပ်ကွက်ထဲနေတော့လည်း ကိုဟန်တင်တို့လို ရပ်ကွက်လူကြီးတွေဆီကတဆင့် ကောက်လိုက်တဲ့ကြေးတွေဆိုတာ ခဏခဏ။ အခုလိုရာသီရောက်ပြီဆိုမှဖြင့် လာပါပြီခင်ဗျာ မီးကင်းကြေး။ ဘယ်လောက်အနိုင်ကျင့်တဲ့ ကြေးလဲဆို မကျေနပ်ရင် ကိုယ်တိုင်လာစောင့်တဲ့။ အဲဒါ အမေတို့ ကျောင်းဆရာမတွေကြားမှာ အဲဒီတုန်းက ဟာသတစ်ခုတောင် ဖြစ်သွားသေးဗျ။ အမေ့သူငယ်ချင်း ကျောင်းဆရာမက ရပ်ကွက်လူကြီးကို ပေးစရာမရှိ၊ စိတ်တိုလို့ ကိုယ်တိုင်သွားစောင့်မယ်ဆိုပြီး လွှတ်ခနဲ့ပြောလိုက်တာ၊ ငိုအားထက်ရယ်အားသန်ပေါ့ခင်ဗျာ…
“ဟဲ့…မီးကင်းတဲပေါ် နင်ကိုယ်တိုင်သွားစောင့်လို့ကတော့ ကျန်တဲ့ကောင်တွေက အကြိုက်ပေါ့ဟဲ့” လို့ အမေတို့ကပြောပြီး စကြတယ်။ ကျပ်ကျပ်တည်းတည်း ဘဝတွေထဲက ရင်နာစရာ ဟာသတွေပါခင်ဗျာ။ တကယ်လည်း ညညဆို မီးကင်းတဲပေါ်မှာ ရပ်ကွက်ထဲက ကျူးကောင်တွေ မီးကင်းကြေးယူပြီး အရက်စုသောက်နေကြတာပဲ။
ကိုဟန်တင် ရပ်ကွက်လူကြီးလုပ်ရတာလည်း ဒီအကြောင်းလဲပါမယ်။ သူက အရက်ရောင်းတယ်လေ။ ရပ်ကွက်လူကြီးလုပ်တော့ သူ့အရက်ဆိုင်လေးအတွက် အဆင်ပြေတာပေါ့။ အခု ဒီမိုကရေစီ အစိုးရခေတ်မှာ ပြဿနာဖြစ်နေတဲ့ ကျူးတွေဆိုတာလည်း အဲဒီကတည်းက အမြစ်စတွယ်လာခဲ့တာ။ ဘယ်ကလူတွေလဲ မသိ၊ ကျွန်တော်တို့ရပ်ကွက်ထဲ လူမနေတဲ့လမ်းဘေးမြေတွေမှာ တဲလေးထိုး၊ ယာယီနေကြရင်း
“ဒန်ဝယ်တယ်၊ ကြေးဝယ်တယ်၊ ပလတ်စတစ်ဝယ်တယ်၊ လစ်ရင်သုတ်တယ်၊ ချောင်ရင်ခိုးတယ်” ပေါ့ခင်ဗျာ။ ဒီကောင်တွေက ကိုဟန်တင့်ဆိုင်မှာ အရက်သောက်၊ မီးကင်းဘာညာလည်း သူတို့နဲ့တွဲပြီး ဘယ်သူမှမစောင့်ချင်တော့ အခကြေးငွေယူပြီး သူတို့ပဲစောင့်ပေါ့။ ညညဆို အရက်ကလေး တမျှားမျှား။
အောင်မယ် လစ်ရင်သုတ်တယ်ဆိုပြီးလည်း ပလတ်စတစ်ကောက်တဲ့လူကို ဘယ်သူမှ အထင်မသေးရဲပြန်ဘူး။ ကျွန်တော်တို့နယ်မှာရှိမှန်းတောင် ဘယ်သူမှ မသိတဲ့သစ်တွေကို စစ်အစိုးရက ဖမ်းလိုက်တာမှာ စုံထောက်ဟာ ပလပ်စတစ်ကောက်တဲ့ကောင်တဲ့ဗျ။ သစ်တွေထားတဲ့နေရာကလည်း အကျဗျ၊ ပုံမှန်ယာခင်းကို ကျင်းကြီးတူးပြီး စကွဲယားတုံးတွေစီထည့်ကာ ပလတ်စတစ်တွေဘာတွေအုပ်၊ အပေါ်က မြေပြန်ဖုံးပြီး ပဲပင်တွေဘာတွေ တောင် စိုက်ထားလိုက်သေးတာ။ အဲဒါကို ပလတ်စတစ်ကောက်ဟန်ဆောင်ထားတဲ့ စစ်စုံထောက်က သိအောင်စုံစမ်း၊ မိအောင်ဖမ်းသတဲ့ဗျာ။
အဲဒီတုန်းကတော့ စုံထောက်တွေကိုလည်း ကြောက်ရတယ်လေ။ နိုင်ငံရေးဘာညာဆိုတာလည်း ဘယ်သူမှ မပြောဝံ့၊ မပြောရဲကြပါဘူး။ ယုတ်စွအဆုံး ကိုယ့်မိတ်ဆွေနိုင်ငံရေးလုပ်တဲ့သူတစ်ယောက်ယောက် အချိန်မတော်မို့ ကိုယ့်အိမ်မှာ တစ်ညတလေ ဝင်တည်းခိုသွားရင်တောင် ကိုယ့်ကိုစောင့်ကြည့်ခံရတတ်တယ်။ အဲ… စုံထောက်တွေ စောင့်ကြည့်ခံရပြီဆိုရင်လည်း လွယ်တော့ မလွယ်ဘူးပေါ့။
ကိုဟန်တင်က အမေ့ကိုတော့ ကျောင်းဆရာမမို့ ညှာပါတယ်။ ညှာတယ်ဆိုတာ မီးကင်းကြေးတွေဘာတွေ နောက်ကျမှထည့်လည်း သိပ်မပြောဘူးပေါ့။ သို့သော် တစ်ခါတလေ ကျောင်းပိတ်ရက်မို့ နေ့လယ်နေ့ခင်း ခေါက်ဆွဲလေးဘာလေး လုပ်စားချင်ရင်တော့ မီးသတ်ဆိုတဲ့ ငနဲတွေကို ကြောက်ရပါတယ်။ နွေဦးရာသီဆို သင်းတို့တွေက မီးသုံးချိန်ကို ကန့်သတ်ပစ်လိုက်ပြီး ခွင်ဖန်တာလေ။ သူတို့ မသုံးနဲ့ ပြောထားတဲ့အချိန် သုံးချင်ရင် ကြေးတစ်ခုပေးရတယ်။ ဒါက နို့ချက်လုပ်ငန်းရှင်တွေကို ညှစ်တာ။ အရပ်ထဲကျ နေ့တိုင်းအလှည့်ကျ ဘယ်အိမ်မီးသုံးနေလဲလိုက်စစ်ပြီး ဒဏ်တပ်တာပေါ့။ နောက်တော့ အဲဒီ ယူနီဖောင်းဝတ်ကိုကိုတွေပဲ စွမ်းအားရှင်တို့ ဘာတို့ အရေခွံလဲကြ ဘာညာပေါ့။ ညည သူတို့စောက်မြင်ကတ်တဲ့အိမ် ဧည့်စာရင်းဝင်စစ်တာလည်း ဒီလူတွေပါပဲ။
ကျွန်တော်က စစ်အစိုးရခေတ်မှာတုန်းကလည်း ဝန်ထမ်းဖြစ်လိုက်သေးတယ်။ ဝန်ထမ်းဆန်တွေဘာတွေလည်း ရဖူးတယ်။ စစ်တပ်ကလူတွေ ဌာနဆိုင်ရာတွေထဲ ယူနီဖောင်းတကားကားနဲ့ သူတို့အကုန်လုပ်တတ်တယ် ထင်နေကြတဲ့ အထာတွေကလည်း တကယ်ဖြစ်ခဲ့တာ။ ပါးရိုက်ပစ်မယ် ဘာညာကလည်း သူတို့တကယ်ပြောကြတာ။ ဗမာပြည်စစ်ပညာဟာ ပါးရိုက်တဲ့ ဂျပန်ပြည်က သင်လာကြတယ်ဆိုကိုး။
နောက်တော့ တဖြည်းဖြည်း အစိုးရပြောင်း ဦးသိန်းစိန်ကြီးတက်တဲ့ခေတ်တော့ အားလုံး ပူပူးနွေးနွေးမို့ မှတ်မိကြမှာပဲ။ ကျွန်တော်က ဦးသိန်းစိန်ကြီးခေတ်တော့ တော်တော်ကြိုက်ဗျ။
ဘာလို့ဆို အင်တာနက်တွေဘာတွေ ကျွန်တော်တို့ပိုသုံးခွင့်ရလာတယ်။ အရင် စစ်အစိုးရတုန်းကလူတွေ သက်သက်ညစ်ပြီး မပေးတဲ့ ဖုန်းတွေဘာတွေ ကိုင်နိုင်လာတယ်။ စသဖြင့်ပေါ့လေ။ မန္တလေးမှာ မီးတွေပျက်တော့ ဖယောင်းတိုင်းထွန်း ဆန္ဒပြကြတဲ့ လူအုပ်ထဲ နှစ်ပြလောက်တောင် လိုက်ခဲ့ဖူးသေးဗျာ။ ဘာရယ်မဟုတ်ဘူး၊ အရင် စစ်အစိုးရခေတ်မှာ ဒါမျိုးလုပ်ရင် ထောင်ကျတာဆိုတော့ လုပ်ခွင့်ရတုန်း အတွေ့အကြုံရအောင် လုပ်ကြည့်လိုက်တာ။ နှစ်ပြလောက်လျှောက်ပြီးတော့ ညောင်းလို့ ဆက်မလိုက်ဖြစ်ပါဘူး။
အဲဒါ စစ်အစိုးရခေတ်နဲ့ ဒီမိုကရေစီအစိုးရ(ဦးသိန်းစိန်+ လက်ရှိ)ခေတ် အများကြီးကွာသွားပြီ၊ ကျွန်တော်တို့နိုင်ငံ တိုးတက်လာပြီလို့ ဆိုတော့ ကျွန်တော့်ကို ပလစီဗိုလ်တွေနဲ့မိတ်ဆက်ပေးတဲ့လူက လက်မခံပါဘူး။
“မင်းတို့အခုလိုပြောနေတဲ့ အယူအဆတွေကြောင့် ငါတို့ရဲ့ တော်လှန်ရေးကြီး မအောင်မြင်တာ” တဲ့။ ကျွန်တော်က
“တော်လှန်ရေးက အခုထိမပြီးသေးဘူးလား၊ စစ်အစိုးရလည်း ဆင်းသွားပြီ၊ ဒီမိုကရေစီပေမင့် စစ်တစ်ပိုင်းအစိုးရလို့ သမုတ်ခံရတဲ့ ဦးသိန်းစိန်အစိုးရလည်း ပြီးခဲ့ပြီ၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရတက်လာနေမှ မဟုတ်လား၊ ဘာကိုတော်လှန်ရဦးမှာလဲ” ဆိုတော့
“စစ်တပ်သို့မဟုတ် အစိုးရတစ်ခုခုကို တော်လှန်မှ တော်လှန်ရေးလား” တဲ့။
“ငါတို့တွေ တော်လှန်ရေးလုပ်ခဲ့ကြတာ စစ်အစိုးရကိုမို့ ဆိုတာမျိုးမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးမပါဘူး။ တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ တို့နိုင်ငံတိုးတက်ဖို့ပဲ။ ဒီပန်းတိုင်ကို တို့က ဒီမိုကရေစီဆိုတဲ့ လမ်းစဉ်နဲ့သွားရမယ်လို့ ယုံလို့ ဒီမိုကရေစီအရင် ရအောင်လုပ်ခဲ့ကြတာ၊
အခုကျ တချို့တော်လှန်ရေးသမားတွေက ပလစီဗိုလ်တွေထဲမှာ ပိတ်မိကုန်ကြပြီ။ ပလစီဗိုလ်ဆိုတာ မင်းသိလား”
“မသိဘူး”
“တကယ်မဟုတ်ဘဲ လူစိတ်ကျေနပ်အောင် လုပ်ထားတဲ့ ဆေးဝါး၊ အစီအမံတစ်မျိုးမျိုးပေါ့။ ဥပမာ ရာသီတုပ်ကွေးမိတဲ့ကလေးကို အာနိသင်မရှိတဲ့ သကြားအုပ်ဆေးတစ်မျိုးမျိုးပေးသောက်လိုက်တာမျိုး။ မဟုတ်လည်း ရာသီတုပ်ကွေးက သူ့အချိန်တန်မှ ပျောက်မှာပဲ။ ဒါကို ကလေးစိတ်မှာ ဆရာဝန်ကို ကျေနပ်သွားအောင် ပေးသောက်ခိုင်းလိုက်တာ။
နောက်တစ်ခု ဓာတ်လှေကားက အဆင်းအတက် ခလုတ်လိုပေါ့။ မင်းက ဓာတ်လှေကားနဲ့ အပေါ်တက်ဖို့ စောင့်နေမယ်။ ဓာတ်လှေကားက ဟိုးအပေါ်ဆုံးထပ်ကနေ ဆင်းလာနေမယ်။ ဆင်းလာနေကြောင်းလဲ အဆင်းမြားမီးလေး တရိပ်ရိပ်တဖြည်းဖြည်းလင်းပြီး ပြနေမယ်။
သို့သော် မင်းက မင်းစိတ်မှာ ဒီဓာတ်လှေကားဟာ ဆင်းလာတာ ကြာလိုက်တာလို့ ခံစားရပြီး၊ စိတ်မရှည်လို့ မင်းအနားက အဆင်းမြားခလုတ်ကို ဆက်ကာဆက်ကာနှိပ်တဲ့အခါ စောစောကမြင်နေရတဲ့ (ဓာတ်လှေကားဆင်းလာနေကြောင်းပြတဲ့) အချက်ပြမြားမီးလေးဟာ ပိုပြီးမြန်မြန် တရိပ်ရိပ်အဆင်းပြလာမယ်။ အဲဒါ ပလစီဗိုလ်ခလုတ်လို့ ခေါ်တယ်။ တကယ်တော့ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး။ ဓာတ်လှေကားတွေမှာ ဘယ်အချိန်တံခါးပိတ်မယ်။ ဘယ်အချိန်မှာ ဘယ်အရှိန်နဲ့အဆင်းအတက်လုပ်မယ်ဆိုတာကို သူ့အာရုံခံစနစ်တွေနဲ့ တစ်ခါတည်း စီစဉ်ထားပြီးသား။
သို့သော် မင်းကတော့ ဒါကိုမသိဘဲ မင်းဒီခလုတ်ကို မြန်မြန်နှိပ်လိုက်လို့ အချက်ပြမီး တရိပ်ရိပ်မြန်လာတာကြည့်ပြီး ဓာတ်လှေကားပါ မြန်မြန်လိုက်ဆင်းလာတယ်အမှတ်နဲ့ ကျေနပ်နေတော့တာ၊ ကမ္ဘာမှာ ပလစီဗိုလ်တွေက အများကြီးပဲ။ စောစောက ပြောတဲ့ ဓာတ်လှေကားအတက်အဆင်းခလုတ်တွေအပြင်၊ ဓာတ်လှေကား တံခါးအဖွင့်အပိတ်ခလုတ်တွေ၊ မီးပွိုင့်တွေမှာ လမ်းလျှောက်သူတွေအတွက် ထားပေးတဲ့ မီးစိမ်းခလုတ်တွေ စသဖြင့်ပေါ့။ အဲဒါတွေဟာ ပလစီဗိုလ်တွေပဲ”
“အဲဒီ ပလစီဗိုလ်တွေနဲ့ ကျွန်တော်တို့စောစောက ပြောတဲ့တော်လှန်ရေး၊ ဘာပတ်သက်တုန်း”
“ပတ်သက်ပါသကော…၊ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ပက စက်ရုံတွေရင်းနှီးမြှုပ်နှံဖို့ ဝင်လာကြတယ်။ မြေနေရာ ပြဿနာတွေတက်တယ်။ ဆန္ဒတွေပြကြတယ်။ အစိုးရက ဖြေရှင်းမပေးနိုင်ခဲ့ဘူး။ နောက်- လျှပ်စစ်မီးပြဿနာ၊ ဒါက တော်တော်ကြီးတယ်။ အစိုးရက လုံးဝဆောင်ရွက်မပေးနိုင်ခဲ့ဘူး။ ဒီတော့ နိုင်ငံခြားကဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စက်ရုံကြီးတွေအကုန် အောင်ဖျာလိပ်ပြန်သွားကြရော။ ဒါကြောင့် ဦးသိန်းစိန်အစိုးရကို ငါတို့မကြိုက်ခဲ့ဘူး။ ငါတို့ရည်မှန်းချက်က တိုင်းပြည်တိုးတက်ဖို့ပဲ…။ ဒါ ငါတို့တော်လှန်ရေးပဲ…
ဟော…အခုကျရော မီးမပျက်ဘူးလား။ ပျက်တာပဲ။ သို့သော် အရင် စစ်အစိုးရတုန်းကလို မဟုတ်တော့ဘဲ ပလစီဗိုလ်လေးတွေနဲ့ ပျက်တယ်”
“ဘယ်လို ပလစီဗိုလ်နဲ့ ပျက်သတုန်း”
“လျှပ်စစ်ဌာနတွေက ဖေ့ဘုတ်အကောင့်တွေဖွင့်ပြီး မီးဘာကြောင့် ပျက်ရကြောင်း အသည်းနာနာ အကဲပါပါ လျှောက်ရေးပြနေတဲ့ စာတွေဟာ ပြည်သူတွေအတွက် ပလစီဗိုလ်တွေပေါ့၊ မင်းတို့ကျေနပ်တယ် မဟုတ်လား။ မင်းတို့ထင်တာ အရင်ကလို အာဏာရှင်ဆန်ဆန် မီးမပျက်တော့ဘူးပေါ့၊ အဲဒါ တော်လှန်ရေးအတွက် သိပ်အန္တရာယ်ကြီးတဲ့ ပလစီဗိုလ်တွေပဲ။ လူတွေဟာ အဲဒီ ပလစီဗိုလ်တွေမှာ သာယာကျေနပ်ကုန်ကြတာ…
နောက်ပြီး မင်းအခုဏက ပြောတဲ့ စစ်အစိုးရခေတ်တုန်းကဆို ဘယ်လို၊ အခု ဒီမိုကရေစီအစိုးရခေတ်ကျ လွတ်လပ်လာတယ်၊ အင်တာနက်တွေရလာတယ်၊ ဖုန်းတွေရလာတယ် ဆိုတာတွေကလည်း တကယ်တော့ အထင်ကြီးစရာမဟုတ်သေးဘူး”
“ဒါတော့ အမှန်တရားမဟုတ်ဘူးလား၊ အရင်က မရှိတာတွေ အခု ရှိလာတာလေ”
“ဆိုတော့ကာ အဲဒါ မင်းတို့တော်တော်များများ မြင်နေကြတဲ့ အမြင်ကိုးကွ၊ တကယ်က မိန်းခလေးတစ်ယောက် အရွယ်ရောက်လို့ အပျိုဖော်ဝင်လာတော့ ရှိရမယ့်အဖုအထစ်လေးတွေ ထွက်လာတာမျိုးကို ဖွံ့ဖြိုးမှုမခေါ်ဘူးကွ။ ဆိုချင်တာကကွာ ကမ္ဘာမှာခေတ်အခါအရ ဒီပစ္စည်းတွေပေါ်လို့ ကိုယ့်ဆီမှာလည်း ဝယ်သုံးနိုင်နေတာမျိုးကို တိုးတက်တယ်မခေါ်သေးဘူး။ အမျိုးသမီးတစ်ယောက် အိမ်ထောင်ကျလို့ အချိန်တန်တော့ ကိုယ်ဝန်ရလာတာမျိုး အဆင့်ပဲရှိတယ်။
ငါတို့လိုချင်တဲ့ တိုးတက်မှုမျိုးဆိုတာ စောစောကမိန်းခလေးဥပမာနဲ့ဆို - အရွယ်ရောက်လို့ အပျိုဖော်ဝင်တာနဲ့အတူ အပျိုနဲ့တန်တဲ့ အလှမျိုး၊ အဆင်အယင်မျိုးနဲ့ တို့နိုင်ငံကို ဂုဏ်တင့်စေချင်တာ။ ကိုယ်ဝန်သည် ဥပမာနဲ့ဆို ဝဝဖီးဖီး လူစဉ်မီတဲ့ ကလေးမျိုးမွေးနိုင်တဲ့ သားသည်မအေမျိုး ဖြစ်စေချင်တာ။ အဲဒါ ငါတို့ တော်လှန်ရေးအစကတည်းက ထားခဲ့တဲ့ ငါတို့ရဲ့ ပန်းတိုင်ပဲ။ အခုကျ တို့တော်လှန်ရေးသမားတချို့လည်း ပန်းတိုင်ကိုမေ့ပြီး လမ်းစဉ်ဖြစ်တဲ့ ဒီမိုကရေစီဆိုတာမှာတင် သာယာနေကြပြီ။
ဘာလို့လဲ
တို့တော်တော်များများ ပလစီဗိုလ်တွေနဲ့ ပိတ်မိကျေနပ်နေကြလို့ပဲ။
မီးမလာဘူး။ လျှပ်စစ်ဌာနခွဲပေါင်းစုံက ရေးပြတဲ့ ထိုးဇာတ်တွေ၊ ချိုးပြတဲ့ ဒရာမာတွေနဲ့တင် ဪ…ခေတ်ပြောင်းသွားတော့ ခမျာတွေလည်း ငါတို့ကို မီးပျက်တာတောင် ဂရုစိုက်ဖော်ရသားဟဲ့လို့ ကျေနပ်သွားကြတာမျိုး။ နောက်… ကျန်တဲ့ အပိုင်းတွေလည်း လျှပ်စစ်နဲ့အတူတူပဲ။ နေရာတကာ ပလစီဗိုလ်တွေနဲ့တင် သာယာနေကြတာ၊
တကယ့်တော်လှန်ရေးအစစ်ဆိုတာ အခု ကိုယ်လိုချင်တဲ့အစိုးရမျိုးရပြီ၊ ဒါက အစိုးရပိုင်း အပြောင်းအလဲ၊ ပြောရရင် လမ်းစဉ်ပိုင်းအပြောင်းအလဲ ပြီးသွားတာ၊ လမ်းခင်းပြီးသွားတာ။ တကယ်လျှောက်လှမ်းတဲ့အပိုင်းကို မရောက်သေးဘူး။ တို့တွေ တိုင်းပြည်တိုးတက်အောင်ထိ ဆင်းရဲခြင်းတွေ၊ နည်းပညာမဲ့ခြင်းတွေ၊ အသိပညာမတိုးတက်ခြင်းတွေကို တော်လှန်ပစ်ရဦးမှာ”
“တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့ဗျ”
“ဒါကမင်းကိုယ်မင်း စိတ်သက်သာအောင် ပလစီဗိုလ်တွေက တွေးခိုင်းထားတဲ့ အတွေးပါ။ ကဲ… အခု လူစိတ်ဝင်စားမှုအများဆုံး ဖြစ်တဲ့ လျှပ်စစ်ကဏ္ဍနဲ့ပဲ ပြောကြည့်ရအောင်။ ဥပမာ - အိမ်နီးချင်းဖြစ်တဲ့ ထိုင်းမှာ ဆောက်လုပ်ရေးအတွက် သုံးတဲ့ နည်းပညာတွေ၊ ပစ္စည်းပစ္စယတွေအကုန် လျှပ်စစ်မှာ အခြေခံတာ။ ဒါကြောင့် အကယ်တိသူတို့က သနားလို့ - ရော့ကွာ ကိုဗမာ၊ မင်းဒါတွေယူပြီး မင်းတို့ပြည်ဆောက်လုပ်ရေးမှာ သုံးစမ်းဆိုတောင် တို့မှာက လျှပ်စစ်အခက်အခဲကြောင့် သုံးလို့ အဆင်မပြေသေးဘူး။ ဒီနေ့ ကမ္ဘာမှာ စက်ရုံ၊ အလုပ်ရုံ၊ ကုန်ထုတ်လုတ်မှု အကုန်လုံးက လျှပ်စစ်ဓာတ်အားကိုပဲ အခြေခံသုံးထားတာ၊ ဆိုတော့ကာ ပြည်ပက ရင်းနှီးမြုပ်နှံမယ့်လူတွေကလည်း ဒီနိုင်ငံ လျှပ်စစ်မီးမရဘူးဆိုရင် ဆောဒီးပဲပေါ့…
ကဲ…ဟုတ်ပြီ၊ ဒါက အခက်အခဲ၊
တို့က ဒါကို တော်လှန်ပစ်ရမယ်။ ဒါက တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဆိုတော့ကာ ခေတ်အဆက်ဆက် တို့ရဲ့ တော်လှန်းရေးစိတ်တွေက အခုကျ ပလစီဗိုလ်တွေထဲ မြုပ်ကုန်ပြီ။ လျှပ်စစ်ဆင်းရဲတဲ့ တို့နိုင်ငံ လျှပ်စစ်ပြည့်ပြည့်ဝဝရဖို့ နောက်ငါးနှစ်လောက်အတွက် ဘာအစီအစဉ်ရှိလဲ၊ သို့မဟုတ် နောင် ဆယ်နှစ်လောက်အတွက် ဘယ်လိုစီစဉ်ထားလဲ… အဲဒါ မင်းတွေးကြည့်။
တို့တွေ နောင်ဘယ်နှနှစ်အထိ လုတ်ရှိတို့၊ ဝန်အားမျှတယ်တို့၊ သစ်ပင်ခုတ်လို့၊ မိုးရွာလို့စသဖြင့် ဒရာမာတွေထဲ ဝဲနေရဦးမှာလဲ”
“ဒါတော့ဗျာ၊ အရင် စစ်အစိုးခေတ်တုန်းကဆို”
“မင်းက တို့နိုင်ငံ မိန်းမပျိုလေးကို အပျိုဖော်ဝင်ချိန်တန်လို့တောင် မဝင်နိုင်အောင် အာဟာရဖြတ်ထားခဲ့တဲ့ လူတွေအကြောင်းပဲ ပြောနေတော့တာကိုး၊ ဒါလည်း မင်းစိတ်သက်သာရာ ရကောင်းရနိုင်ပါတယ်။ ဒါကြောင့်လဲ လူတွေဟာ ပလစီဗိုလ်တွေကို နှစ်သက်ကြတာပဲ…
သို့သော် ငါပြောချင်တဲ့ တော်လှန်ရေးမျိုးအတွက်တော့ ပလစီဗိုလ်တွေဟာ ရန်သူပဲကွ၊ နေရာဌာနအသီးသီးမှာ ပလစီဗိုလ်တွေများလေလေ၊ ကိုယ့်ဆင်းရဲတွင်းကို တော်လှန်ပစ်ရမယ့် တော်လှန်ရေးစိတ်တွေ နည်းသွားလေလေပဲ၊ တော်လှန်လိုစိတ်နည်းရင်တော့ လက်ရှိအခြေအနေကြီးမှာ သာယာချင်သာယာနေနိုင်တာပေါ့။ သို့သော် ကမ္ဘာကြီးကတော့ တို့ကို ရပ်စောင့်နေမှာ မဟုတ်ဘူး”
အဲဒီနေ့က အဲဒီ ပလစီဗိုလ်သမားကြီးနဲ့ စကားပြောလိုက်ရတာ လူလည်း တော်တော်မောသွားတယ်။ ကိုယ့်ရဲ့ အရင်စစ်အစိုးရကို နှိုင်းရသဘောလေးနဲ့ အပြစ်တင်တွေးလေး တွေးတွေးပြီး လွမ်းရတဲ့အလွမ်းလေးလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ တကယ်တော့ ကိုယ့်ဟာကိုယ် အတွေးလေးနဲ့ သာယာနေရင် အကောင်း၊ ပလစီဗိုလ်တွေ ဝင်နှောင့်ယှက်မှ အတွေးပေါင်းစုံနဲ့ ရောက်ယက်ကိုခတ်လို့။
တကယ်ဆိုရင် အခုလို ပူအိုက်ပြီးမှောင်မိုက်တဲ့ညတွေမှာ လုတ်ရှိနဲ့ ဝန်အားမျှဒရာမာတွေကြောင့် ဇာတ်နာနေကြတဲ့ခင်ဗျားတို့ကို ကျွန်တော်ဟာ ပလစီဗိုလ်တွေအကြောင်း ပြန်မပြောသင့်ဘူး ထင်ပါရဲ့။
မေတ္တာဖြင့်-
အောင်မျိုး



Friday, November 9, 2018

ကိုးထောင်တံတား၊ ခွက်ကွင်းသင်္ချိုင်း


ကျွန်တော့်အမေ ရုပ်မြင်သံကြားစက်ကို ကြိုက်တယ်ဆိုတာ သူ့အသွေးထဲ အသားထဲက စွဲကြိုက်တာမျိုး။ အရင်က ကျွန်တော်တို့တွေ ကြီးပြင်းခဲ့ရတဲ့ ဘဝနေထိုင်မှုတွေဟာ အခုလောက် ပုဂ္ဂလဓိဋ္ဌာန်ဖြစ်သေးတာမျိုးမဟုတ်ဘဲ  အများနဲ့အစုအဝေးနဲ့ နေရထိုင်ရ စားရသောက်ရတဲ့ ဘဝမျိုးတွေ။ ဆပ်ပြာခဲရဖို့၊ ဆန်ရဖို့ သမဆိုင်မှာ အတူတူသွားထုတ်ခဲ့ကြရတာကအစ၊ စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ဗမာ့အသံက နေ့ခင်းတစ်နာရီလောက်မှာ လွှင့်ပေးတဲ့ ဗမာကားကို ဗွီဒီယိုရုံမှာ တစ်ယောက်တစ်မတ်ပေး ကြည့်ခဲ့ရတာမျိုးအထိ စုစုရုံးရုံးဘဝတွေ။

          နောက်တော့ ခရစ် ၁၉၉၀ ခုနှစ် လောက်မှာ အဲဒီတုန်းက မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ကြောင့် ကျွန်တော်တို့ နံ့သာမြိုင်စခန်းကို ပြောင်းရတယ်။

“ဟိုးအရင် တို့အရှင် သီပေါဘုရင် ပါတော်မူပြီးတော့ တိုင်းတစ်ပါးသားတွေနဲ့အတူ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ရောက်လာကြပြီး၊ အဲဒီထဲကမှ ဖာသာဝါဟင်ဂါဆိုတဲ့ ကက်သလစ်ဘုန်းတော်ကြီးက အနာကြီးရောဂါသည်တွေ ပြုစုကုသဖို့ဆိုပြီး မန္တလေးမြို့မှာ မြေနေရာတောင်းတော့၊ အင်္ဂလိပ်အစိုးရက နာမ်နှိမ်တဲ့သဘောထင်ပါရဲ့ မင်းညီမင်းသားတွေ ဆော့ကစားလေ့ရှိတဲ့ မန္တလေးအရှေ့တောင်ဘက်က မနောရမ္မံဥယျာဉ်နေရာကို အနာကြီးဆေးရုံ တည်ဆောက်ဖို့ ပေးလိုက်တာတဲ့၊ တို့အဘိုး အဘတွေ ပြောတာ”

“အဲဒါ တို့အဘိုး အဘအများ အပြောတော့ ခရစ် ၁၈၉၁ ခုနှစ်လောက်ထင်ပါရဲ့၊ စိန့်ဂျွန်းအနာကြီးစခန်းဆိုတာ ဖြစ်လာရောတဲ့။ အဲဒီနောက် ခရစ်ယာန်မက်သဒစ်အသင်းဆိုတာက အပြိုင်အဆိုင် ၀က်စလေဆေးရုံဆိုပြီး ထပ်ဖွင့်တာကြောင့် နောက်တော့ ဆေးရုံနှစ်ရုံပေါင်းပြီး မနော်ရမ္မံဟာ အနာကြီးရောဂါ ဆေးရုံနဲ့ အနာကြီးရောဂါသည်တွေရဲ့ နေရာဖြစ်လာတော့တယ်”

“အဲဒီနောက် ၁၉၆၆ ခုလောက်မှာ ပြည်သူပိုင်တွေ သိမ်းကြတော့မှ အစိုးရအနာကြီး ရောဂါဆေးရုံတွေဖြစ်ပြီး နင်တို့အဖေက အဲဒီမှာ ဆေးရုံဝန်ထမ်းပေါ့။ နောက် အမေလည်း သူနဲ့အကြောင်းပါတော့ ဒီမှာပဲ ဝန်ထမ်းအဖြစ် ဝင်လုပ်ရင်းက ဒီကလူတွေနဲ့ အခုဆို မိသားစုလိုကိုဖြစ်နေပေါ့”

ဒါသည် အမေပြောပြသော ကျွန်တော်တို့ ဆေးရုံသမိုင်း။

ကျွန်တော် မှတ်မိသိရှိသမျှ မှတ်ဉာဏ်တွေမှာကျ မနော်ရမ္မံနေရာထက် နံ့သာမြိုင်စခန်းနှင့် ကျွန်တော်တို့နေထိုင်ကြရာ ရေနံ့သာအနာကြီးရောဂါကု ဆေးရုံကြီးထဲက ဝန်ထမ်းလိုင်းခန်းတွေ။ လူနာဆောင်တွေ။ နောက် အခုဆို ပင်စင်စားတွေဖြစ်နေကြပြီဖြစ်တဲ့ အဖေနဲ့ အမေရယ်၊ ကျွန်တော်ပြန်လာရင် ဆရာသိန်းတင်သား ဓာတ်ခွဲမှူးကြီးကိုမင်းလို့ ဝမ်းသာအားရ ဆီးကြိုတတ်ကြတဲ့ ရွာထဲက ကျွန်တော့်ထက်အကြီးတွေ။

ကျွန်တော် မှတ်မိပါသေးတယ် ပိုင်ဝှေ့တို့၊ အားကွေ့တို့၊ လွီပုနဲ့သောင်းချန်၊ ဝူကျင့်၊ လုရီတို့တရုတ်တွေ မြန်မာ့ရုပ်မြင်သံကြားလောကကို သိမ်းပိုက်ခဲ့ကြပြီးနောက်ပိုင်း၊ သူတို့ကိုတော်လှန်ပစ်မယ့် ကိုရီးယားတွေဝင်လာကာစ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ကာလ။ အွန်စောတို့ ဂျွန်စောတို့ ထယ်စောက်တို့ မြန်မာတွေအသည်းမှာ စတင်အခြေချစဉ်။ အဲဒီတုန်းက အမေဟာ လိုင်းခန်းတစ်ခုလုံး တစ်လုံးသာရှိတဲ့ ကျုတီဗွီကြီးရှေ့မှာ ဘာသာပြန်သမကြီးပေါ့။

“အဲဒီအကောင်က ခပ်ဆိုးဆိုးပါအေနှယ်၊ လူကြည့်ရတာလည်း တစောက်ကန်းထင်ပါရဲ့”

အဲဒီတုန်းက ဆေးရုံအလုပ်သမားတွေထဲ အမေတစ်ယောက်ပဲ စာတတ်တာလေ။ ဒီတော့ ကိုရီးယားကားမှာထိုးတဲ့ မြန်မာစာတန်းကို အမေကပဲ အသံထွက်ဖတ်ပြပြီး၊ ဘာသာပြန်ပေးရတယ်။ အခု စာဖတ်သူများလည်း “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” တော့ ကြည့်ဖူးကြမယ်ထင်ပါရဲ့။ သွေးကင်ဆာဖြစ်တဲ့ အွန်စောလေးဟာ သိပ်ချစ်စရာ၊ သနားစရာကကောင်း။ တစ်ခါတလေများ ကျွန်တော့်အမေက သူ့ဟာသူ ဇာတ်ကားကြည့်ရင်း ဈာန်ဝင်သွားရင် မျက်ရည်တွေ ဘာတွေကျတော့ ဘာသာတောင် ဆက်ပြန်မပြနိုင်ရှာဘူး၊ ကျုတီဗွီကြီးရှေ့ တရှုပ်ရှုပ်ငိုတော့တာကလား။ ဒီတော့အခါကျ အောက်က ပရိတ်သတ်က သူနဲ့အတူရောငိုကြရင်းက မချင့်မရဲ ဝိုင်းမေးကြတယ်

          “အမေကောက် ဘာပြောလိုက်တာလဲ ဟင်”

          “အမေကောက် ဖတ်ပြပါဦးဗျ၊ သူတို့ ဘာပြောလိုက်ကြတာလဲ ဟင်”

ဒီတော့ ညနေ ခုနစ်နာရီထိုးလို့ ဆောင်းဦးရွက်ကြွေချစ်သက်သေများ လာတဲ့ရက်ဆို လူတွေဟာ ကျွန်တော့်အမေမှာ ဆေးရုံထဲအလုပ်ဝင်ရမယ့် အလှည့်ဖြစ်ရင်တောင် လှည့်ပေးပြီး တီဗွီရှေ့အထိုင်ခိုင်းထားတတ်တာကလား။ အမေကောက်လို့ အများကခေါ်ကြတဲ့ ကျွန်တော့်အမေကလည်း အကြိုက်ပေါ့လေ။ မြင်ခြံစွန်းလွန်းစောင်းကောက် ဆေးလိပ်ကြီး ရဲခနဲ့ ရဲခနဲ့နေအောင်ဖွာရင်း ချွဲအွန်စောတို့ ဂျွန်စောတို့၊ ဟန်ထယ်စောက်တို့ကို အားပေးတာကလား။

နေ့ခင်းက ကျွန်တော့်အမေဖုန်းဆက်တယ်။

“ဟဲ့ ငမင်းရဲ့၊ ငါ့အိမ်က တီဗွီကြီး ကျွမ်းသွားပြီတဲ့၊ ကြည့်မရတော့ဘူး။ အဲဒါ နင်ငါ့ကို တီဗွီဝယ်ပေးလိုက်။ အခု ဒီနေ့ပဲ ဝယ်ပြီး ကားတင်ပေးလိုက်နော်၊ မမေ့နဲ့ ငါ ဒီနေ့ညကြည့်ရမှ ဖြစ်မှာ၊ ပိုက်ဆံဘယ်လောက်ကျကျ နင်ပြန်လာတော့ ပြန်ယူ” တဲ့။

စဉ်းစားကြည့်ပေါ့ခင်ဗျာ ဗမာ့အသံက နေ့ခင်းဗမာကားတစ်ကားပဲ လွှင့်တဲ့ခေတ်ကနေ၊ ပိုင်ဝှေ့တို့ အားကွေ့တို့ ခေတ်ကိုဖြတ်၊ အွန်စောတို့ ဂျွန်စောတို့ကိုကျော်ပြီး ယနေ့အထိ တီဗွီကြည့်နေဆဲ ကျွန်တော့်အမေရဲ့ တီဗွီကြိုက်တဲ့ စံချိန်ဟာ နှယ်နှယ်ရရတော့ မဟုတ်ဘူး။ ဒါနဲ့ ကျွန်တော်က အမေ့ကို ချစ်စနိုးနဲ့ စလိုက်တယ်။


“တီဗွီဖိုးကတော့ ကိုးထောင်တံတားလိုပဲနော် အမေ” လို့။

 ဒီတော့ကျ အမေက ရယ်ပြီးဆဲတယ်။

“မအေပေးလေး” တဲ့။

“အမေရယ်… အမေ့ဒီအရွယ်ကြီးရောက်မှ ဘယ်သူ့ပေးပေး ဘယ်သူကမှ မယူတော့ပါဘူး၊ ကျွန်တော်တို့သာ မပစ်ရက်လို့ ဆက်သည်းခံ အမေတော်နေကြရတာ” လို့ဆိုတော့ ရယ်ရယ်မောမောနဲ့ နောက်တစ်မျိုး ထပ်ဆဲဆိုပြီး ဖုန်းချသွားရော။ ကျွန်တော်တို့ ခေတ်တွေဟာ ပြောင်းခဲ့ပြီလေ။ အရင်က ဘာမဆို အများနဲ့ အတူလုပ်ရတဲ့ခေတ်။ အခုက အရာရာ ပုဂ္ဂလဓိဋ္ဌာန်ခေတ်။ ဖုန်းဆိုလည်း ကိုယ်ပိုင်ဖုန်း။ အရင်လို အများနဲ့ မသုံးကြတော့ဘူး။ တီဗွီဆိုလည်း အရင်လို အသံအတိုးအကျယ်တောင် အများနဲ့သဘောညီ ထားရတာမျိုး မဟုတ်တော့ဘဲ တစ်အိမ်တစ်လုံး။ တချို့များဆို တစ်အိမ်ထဲတောင် နှစ်လုံး သုံးလုံး။ တော်တော်များများဟာ တစ်ကိုယ်ရည်သုံးဘက်ကို ဦးလှည့်လာကြခြင်းနဲ့အတူ အမေလည်း အထီးကျန်ရှာတယ်ထင်ပါရဲ့ အိမ်ထဲမှာ တီဗွီမရှိရင်ကို မနေတတ်တော့တာမျိုး။

စောစောက အမေကျွန်တော့်ကို ဆဲတဲ့ ကိုးထောင်တံတား အကြောင်းလေးလည်း နည်းနည်းပြောပြဦးမယ်။

၁၉၉၀ ပြည့်နှစ် ကျွန်တော်တို့တွေ ဒီဘက်ပြောင်းလာရတော့ ကျွန်တော်တို့ဆေးရုံရယ်၊ ရောဂါသည်တွေနေတဲ့ နံ့သာမြိုင်စခန်းရယ်ကို ကမကထပြု အားစိုက်ထူထောင်ပေးသူတွေက အဲဒီတုန်းက မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ရယ်၊ နောက် စာရေးဆရာချစ်စံဝင်းရယ်။ ဆေးရုံက အသစ်၊ စခန်းရွာကအသစ်ဆိုတော့ ပြုပြင်တည်ဆောက်စရာတွေ အများကြီးပေါ့။ ဒီမှာ ရွာနဲ့ ဆေးရုံကို ကူးတဲ့လမ်းမှာ မိုးအခါ တောင်ကျရေစမ်းလေးတွေရှိတော့ ရေထွက်ပေါက်မြောင်းလေးကို ကူးတဲ့တံတားတစ်စင်း ဆေးရုံပိုင်းက တာဝန်ယူပြီးဆောက်ကြတယ်။ ဒီအတိုင်းလည်း ခုန်ကျော်လိုက်ရင် ရနေတဲ့ ရေထုတ်မြောင်းလေးပါ။

ခေတ်က န.ဝ.တ ခေတ်ကြီးပေါ့။

ကျွန်တော်တို့ ဆေးရုံသမားတွေ တက်ညီလက်ညီနဲ့ အကျယ်ဆယ်ပေ၊ အရှည်သုံးပေလောက်ရှိမယ့် သစ်သားတံတားလေး ဆောက်လိုက်ကြတာ ငွေကိုးထောင်ကျပါကရော။ အဲဒီတုန်းက ကျွန်တော်တို့ဘက်မှာ ကျွန်းသစ်တစ်တန်ဈေးမှ ၃၅၀၀ ကျပ်လောက်ပဲရှိတာဆိုတော့၊ သစ်မာ တန်ဝက်တောင် မကုန်တဲ့ အဲဒီတံတားလေးပေါ် ဗိုလ်ချုပ်ထွန်းကြည်ဟာ တက်နင်းပြီး ပုဆိုးလေး တမမနဲ့ ခုန်စွ ခုန်စွ လုပ်ကြည့်ရှာတယ်။ ပြီးတော့ ပါးစပ်ကလည်း တဖွဖွရွတ်ရဲ့။

“ကိုးထောင်တံတားကွ၊ ဟောဒါ ငွေကိုးထောင်တောင် ကုန်တဲ့တံတားကြီးကွ” တဲ့။

ကျွန်တော်တို့တွေ အကုန်လုံး ပြုံးကြရတယ်။ အဲဒီကစ အဲဒီတံတားနေရာလေးဟာ အခုထိ ကိုးထောင်တံတား တွင်တာပဲ။

ဗိုလ်ချုပ်ထွန်းကြည်နဲ့ ဆရာချစ်စံဝင်းဟာ ဒီရွာကို တော်တော်ပဲ ချစ်ရှာတယ်။ ဗိုလ်ချုပ်ထွန်းကြည်က ဆုတောင်းစား ပပျောက်ရေးအတွက်ဆိုပြီး လုပ်စားကိုင်စားဖို့ စိုက်ပျိုးမြေတွေ၊ နေဖို့ထိုင်ဖို့ အိမ်နဲ့ဝင်းတွေ၊ လစဉ်ထောက်ပံ့ကြေးအပါအဝင်၊ ရွာပိုင် ဆေးပေါင်းရုံတွေ တည်ဆောက်ပေးခဲ့သလို၊ စာတတ်ဖို့အတွက် စာသင်ကျောင်းနဲ့ ရွာဘုံစာကြည့်တိုက်အတွက်လည်း ဆရာချစ်စံဝင်းက ကမကထပြု ဆောင်ရွက်ပေးသွားတယ်။ ဒါကြောင့် ကျွန်တော်တို့ရွာမှာ ဒီနှစ်ယောက်ဟာ အချစ်တော်ပေါ့။

အမေဟာ ဗိုလ်ချုပ်ထွန်းကြည်ခေတ်ကို ကောင်းကောင်းသိမီတယ်။

“ဟိုတုန်းကတော့ အစိုးရနဲ့ ပလဲနံ့ပသင့်တော့ တို့ဆေးရုံဟာ သာယာစိုပြည်လို့၊ အခုများတော့ အမိမဲ့သား ရေနည်းငါးဆိုတာလို၊ နေဖို့ထိုင်ဖို့လည်း သိပ်မကောင်းတော့ပါဘူး။ ရွာထဲက အရင်လူတွေလည်း ခွက်ကွင်း ရောက်ကုန်တော့၊ အခု သူတို့အဆက် သားသမီးတွေလည်း နေဖို့ခက်၊ လုပ်စားဖို့ ခက်တွေဖြစ်ကုန်ကြရော၊ ကံ၊ ကံ၏ အကျိုးပေါ့ ငါ့သားရယ်” တဲ့။

ဒါက အမေ့ရဲ့ မှတ်ချက်။

ကံဆိုတာလည်း မယုံလို့ မရဘူးဗျ။ ပြောရဦးမယ်။ ကျွန်တော်တို့တွေ ဒီနံ့သာမြိုင်ဘက်ပြောင်းလာတော့ ပထမဆုံးသေတဲ့ ရောဂါသည်ရဲ့နာမည်ဟာ ခွက်ကွင်းတဲ့။ သူ့ရဲ့ အနွတ္ထအမည်ပေါ့။ နာမည်အရင်းတော့ လူတိုင်းမေ့ပြီ။ အရင် မနောရမ္မံမှာနေတုန်းက သူ့အလုပ်ဟာ အများနည်းတူ တောင်းစားတာ။ အခြား ဆုတောင်းစားတွေနဲ့ ရောတောင်းတိုင်း သူဟာ ဘယ်တော့မှ ပိုက်ဆံမရဘူး။ အများနဲ့အတူခွက်တွေ တန်းစီချထား သူ့ခွက်ကို ထည့်တဲ့လူတွေက ကွင်းကွင်းသွားတယ်။ သူဟာ ဘယ်တော့မှ ပိုက်ဆံမရတတ်ဘူး။ ဒါကြောင့် သူ့အနွတ္ထအမည်ဟာ ခွက်ကွင်း။ ဘုရားဟောတွေထဲက ကံဖယ်တယ်ဆိုတာ အဟုတ်ဗျ။ အဲဒီ ခွက်ကွင်းဟာ ဗိုလ်ချုပ်ထွန်းကြည်ကျေးဇူးနဲ့ အခုနံ့သာမြိုင်ကို ပြောင်းရ၊ လုပ်စားမြေတွေ၊ ထောက်ပံ့ကြေးတွေရတဲ့ကာလကျ ရောက်ရောက်ချင်း သေပါရောလား။ သူသေတော့ နံ့သာမြိုင်စခန်းမှာ လူသေရင် မြှုပ်ဖို့တောင် နေရာမသတ်မှတ်ရသေးဘူး။ ဒါနဲ့ ပထမဆုံး မသာဖြစ်တဲ့ ခွက်ကွင်းကိုမြှုပ်လိုက်တဲ့နေရာကိုပဲ သင်္ချိုင်းအဖြစ် သတ်မှတ်ပြီး အခုထိ နံ့သာမြိုင်မှာ ခွက်ကွင်းသင်္ချိုင်းတွင်တော့တာ။

အမေပြောတဲ့ အရင်လူတွေလည်း ခွက်ကွင်းရောက်ကုန်ပြီဆိုတာ သေကုန်ပြီပြောတာ။ ဒုက္ခရောက်ကုန်ပြီဆိုတာကျ နံ့သာမြိုင်ဟာ ဗိုလ်ချုပ်ထွန်းကြည်တို့ မျိုးစေ့ချခဲ့တုန်းက အနာကြီးရောဂါသည်စခန်းအဖြစ် လုပ်ခဲ့ကြတာဆိုတော့ အဲဒီတုန်းက စာရင်းဝင်ခဲ့သူ ရောဂါသည်တွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့သဘော ဖြစ်နေရော။ ဒီတော့ မူလ ရောဂါသည်တွေ ခွက်ကွင်း ရောက်ကုန်ချိန်ကျ၊ သူတို့သားသမီး နောက်ပါလူတွေမှာ မြေနေရာပျောက်ရမလိုလို ဖြစ်ကရော။ ဒီသဘောကို ထောက်ပြပြီး အမေက နံ့သာမြိုင်ကြီးခြောက်ကပ်လာပြီ၊ အရင်လို နေပျော်စရာ မဟုတ်တော့ဘူး ပြောတာ။

ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။

ခေတ်ကြီးက ပြောင်းလာတာ။ ပြောင်းလာတာမှ အထီးကျန်တဲ့ဘက်ကို ပြောင်းလာတော့တာလို့ ထင်တာပဲ။ အခုဆို လူတိုင်းမှာ သူတို့တစ်ကိုယ်ရေသုံး ပစ္စည်းတွေနဲ့ ပြည့်ပြည့်စုံစုံ။ အရင်လို စုပေါင်းသုံးကြဖို့ မလိုအောင် ခေတ်ကြီးကဖြစ်လာတယ်။ အခုဆို နံ့သာမြိုင်ကလူတွေဟာ တစ်ကိုယ်ရေသုံး ဖျော်ဖြေရေးပစ္စည်းတွေထဲ ခေါင်းနှစ်လို့၊ အရင်လို စုဝေးမှုတွေ မရှိတော့ဘူး။ ဒါဟာ အနယ်နယ်အနှံ့နှံ့ကလူတွေ အကုန်ကူးစက်ခံစားနေကြရတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကြားမှာ အဆင့်မြင့်မြင့် အထီးကျန်နေရခြင်း ရောဂါ။

ကျွန်တော်ဆိုလည်း အခု မန္တလေးမြို့ကြီးပေါ်မှာ တစ်ကိုယ်ရေသုံးတဲ့ ဖုန်း၊ တစ်ကိုယ်ရေကြည့်တဲ့ ရုပ်မြင်သံကြားစက်၊ တစ်ကိုယ်ရေတွေနေရတဲ့ ပျားအုံအကန့်လို အခန်းလေးတွေအများကြီးထဲက တစ်ခုမှာ တစ်ကိုယ်ရေအထီးကျန်ခြင်းရောဂါရဲ့ အငွေ့တွေ နေ့စဉ် ရှုရှိုက်နေရတာပါပဲ။ တစ်ခါတလေတော့လည်း ကျွန်တော်တွေးပါတယ်။ ငယ်ဘဝမှာ တီဗွီစက်တစ်ခုရှေ့ လူတွေအများကြီးနဲ့ အတူကြည့်ခဲ့ဖူးတာ၊ ရွာဘုံကမ်းရိုးတန်းဖုန်းရှေ့ ညနေတိုင်း တန်းစီခဲ့ဖူးတဲ့ ခံစားချက်ဟာ တော်တော်လည်း ချိုမြိန်သိုက်ဝန်းတာပဲလို့။ ပုခက်အတွင်းကနေ ခွက်ကွင်းသွားတဲ့လမ်းမှာ လူမှာဖြစ်တတ်တဲ့ ကြောက်စရာအကောင်းဆုံး ရောဂါကို ပြပါဆို ကျွန်တော်ဟာ အထီးကျန်ခြင်းကို လက်ညှိုးထိုးမယ်။

ညနေကျရင်တော့ ၈၃ လမ်းက ကုလားတွေရောင်းတဲ့ဆိုင်မှာ တီဗွီအပြားလေးတစ်လုံးဝယ်ပြီး အမေ့ထံကားတင်ပေးရပေဦးမည်။

ဒီတစ်ပတ် စနေ တနင်္ဂနွေ  နားရက်ရောက်ရင်တော့ ရွာဘက်ပြန်ပြီး ကိုးထောင်တံတားနှင့် ခွက်ကွင်းသင်္ချိုင်းကိုလည်း အလွမ်းပြေသွားကြည့်ရဦးမည်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ ကျွန်တော်ဟာ မြို့ကြီးပြကြီးက လူအများကြီးကြားမှာ အတော့်ကို အထီးကျန်နေခဲ့ပြီ။

အောင်မျိုးသူလွင်
၂၅၊၁၀၊၂၀၁၈
နေ့ ၀၁း၃၁
ကြာသပတေး

အောင်မြေသာစံ သံခိပ်

(၁)

“ဟဲ့… နင်က နိုးနိုးချင်း အရက်သောက်တယ်ဆိုမှတော့ ဘယ်အချိန် ဆေးက သောက်သတုန်းဟဲ့”

“နင်တို့နဲ့တော့ ငါ သေသာ သေချင်တော့တာပဲ၊ ဆေးကို အဲလိုသောက်တော့ နင် ဒုက္ခရောက်မှာပေါ့ဟဲ့၊ နင့်အိမ်ကဟာတွေကရော နင့်ကို ဘာမှ မပြောဘူးလား”

ဤသို့ အစရှိသော ဆူသံပူသံ သောသောညံကို မနက်ခင်းတိုင်း ပြုနေသူကား အောင်မြေသာစံ ဒေသန္တရကျန်းမာရေးရုံး၊ တီဘီဌာနမှ သူနာပြုဆရာမကြီး ဒေါ်ကြည်တင် ဖြစ်ပေသည်။ ဒေါ်ကြည်တင့်လေသံကား ကိုယ့်တူကိုယ့်သား ကိုယ်အမျိုးအရင်းကို ပြောနေသလို စီးစီးပိုင်ပိုင် ရှိလှသည်။ သို့သော် သူ့အပြောခံရသော တစ်ဖက်လူ၏ ပြန်ပြောသံမှာ မူကား လျှော့တိလျှော့ရဲ နိုင်လှပေသည်။

“အိမ်က ရှိတော့ဘူးလေ ဆရာမ၊ ဟိုတစ်လောက ဂေါ်နဲ့ထိုးပစ်တဲ့ အထဲ ပါသွားပြီ”

“ငါ့ ကို မဟုတ်က ဟုတ်ကတွေ လျှောက်မပြောစမ်းပါနဲ့ဟယ်၊ နင်အခုတောင် ဒီလောက်နံဟောင်နေတာ၊ မူးနေပြန်ပြီ မို့လား၊ မူးမူးနဲ့ လျှောက်ပြော မနေစမ်းနဲ့”

မပြောနဲ့ ဆိုတော့လည်း တစ်ဖက်က အရက်သမား၏ အသံကို နည်းနည်းမှ မကြားရတော့ပါ။ မကြားဆို အရက်သမားဟာ လူနာထိုင် ခွေးခြေခုံပေါ် ငုတ်တုတ်ကြီး စောင်းနေမှကိုး။ ဒီလူ့ခမျာ မနေ့ညက အရှိန်ကို ဖြေရင်း များလေသလား။ တီဘီဆေးရဲ့ ဒဏ်ကို ခံနိုင်လောက်တဲ့အထိ သူ့အားမရှိလေ သလား။ ကမ်းနားလမ်းက ကျူးတွေဖျက်တဲ့အထဲ သူ့အိမ်ပါသွားတယ်ဆိုမှ အိမ်ယာနေရာ အခက်အခဲကြောင့် ဥတု ချွတ်ယွင်းလေရော့သလား။ သတ္တဝါတစ်ခု ကံတစ်ခုမို့ ရှိစေတော့၊ ဤစာရေးသူ ဓာတ်ခွဲမှူးကိုယ်တိုင်သော်မှ ဝန်ထမ်းလိုင်းခန်းမရ၍ နေ့စဉ် အသွားအပြန် မိုင်လေးဆယ်ကျော် ဆိုင်ကယ်မောင်းပြီး ရုံးတက်နေရသူ ဖြစ်ရာ၊ ဒီလူ နေစရာမရှိတာကို ဘယ့်နှယ့်မှ မကယ်နိုင်ပါ။

(၂)

“ဟဲ့… ငါ့သားလေးရဲ့၊ မင့်နှယ့်ကွယ် အိမ်ပြန်ပါလား။ ဆရာမတို့က  လွှဲစာရေးပေးလိုက်မယ်၊ ရန်ကုန်ကိုပြန်နော်။ ပြီးတော့ အမေ့ဆီ ပြန်နေ ငါ့သားရဲ့။ ဆရာမက ဆေးကုမပေးချင်လို့ မဟုတ်ဘူး။ မင်း ဒီဆေးသောက်ရင် အလုပ်က နားရမှာ။ အခန့်မသင့်လို့ ဆေးနဲ့မတည့်ရင် အိမ်ရာထဲ တစ်လ ကိုးသတင်း လှဲနေရနိုင်တယ်။ ဆေးသောက်ရမှာကလည်း တစ်ပတ်နှစ်ပတ် မဟုတ်ဘူး လ(၂၀) တောင် သားရဲ့၊ ကိုယ့်အမေ ရင်ခွင်လောက် ဘယ်ဟာမှ မကောင်းဘူး”

ထုံးစံအတိုင်း ဆရာမကြီး ဒေါ်ကြည်တင်၏ နံနက်ချိန်ခါ တေးသံသာပင် ဖြစ်ပါသည်။ နို့… ဒီတေးသံသားက ပျော့လှချေလား။ ပျော့ဆို ဒေါ်ကြည်တင် အခုပြောနေရသူ ကောင်ကလေးကား အသက် (၂၀) စွန်းစွန်းအရွယ် ဖြူဖြူဖျော့ဖျော့လေး။ သူတို့ ပြောနေကြသော စကားတို့ကို ဤမှာဘက် သုံးထပ်သားလေးသာ ခြားသောဓာတ်ခွဲခန်းထဲမှ အတိုင်းသားကြားနေရ၍ ဓာတ်ခွဲမှူးက နားလည်လိုက်သည်မှာ ဒီကောင်လေးဟာ သူ့ပါတနာခေါ် အမျိုးသားအဖော်နဲ့ နေတာ။ သူဟာ သူ့ချစ်သူ အဲဒီ ကောင်လေးအတွက် သူ့ဆွေသူ့မျိုး သူ့မိဘတွေကိုတောင် စွန့်ပြီး ထွက်လာခဲ့တာတဲ့။ သူတို့နှစ်ယောက်ဟာ အခု မန္တလေး၊ အောင်မြေသာစံမြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ အိမ်ငှားနေကြတာတဲ့။ အခု ကောင်လေးက ဆေးကုမ္ပဏီကြီးတစ်ခုမှာ အရောင်းမြှင့်တင်ရေး လုပ်တယ်။ နောက် သူ့လက်တွဲဖော် ကောင်လေးကတော့ တက္ကသိုလ်တစ်ခုမှာ စာသင်တယ်ဆိုလားပဲ။ ဒါသည် ဒီဘက်ခန်းက ဓာတ်ခွဲမှူး သိကြား နာလည်လိုက်သမျှ သူ့တို့အကြောင်း။

“အိမ်ပြန်ပါ သားလေးရယ်” ဆိုတဲ့ ဒေါ်ကြည်တင်၏ ချော့မော့ပြောဆိုသံနှင့်

“ရတယ် ဆရာမ၊ ကျွန်တော် ဒီမှာပဲ နေပြီး ဆေးကုမယ်၊ ကျွန်တော် အမေ့အိမ်မပြန်ချင်ဘူး၊ ကျွန်တော့်ချစ်သူနဲ့ပဲ ဒီမှာနေမယ်။ ကျွန်တော်တို့နှစ်ယောက် ဆိုးအတူကောင်းအဖက် နေကြမယ်လို့ သန္နိဋ္ဌာန်ချထားပြီးသား၊ ကျွန်တော်တို့မှာ ရှေ့ဆက်ရမယ့် ရည်မှန်းချက်တွေ ရှိသေးတယ်” ဟူသည့် ကောင်ကလေး၏ ငြင်းဆိုတောင်းပန်သံတို့ကား သူတို့ရဲ့ တစ်နာရီကျော်ကြာ ဆွေးနွေးသံတွေထဲမှာ တဝဲလည်လည် ထပ်နေကြသည်။ ဒေါ်ကြည်တင်ကား အကြမ်းရော အနုပါရသည့် စွယ်စုံတီဘီမင်းသမီးကြီးပါတည်း။ သို့သော် စွယ်စုံကြီးမှာလည်း သူ့အပူနှင့်သူ။

သူကြမ်းရသည်မှာ သူ့လူနာတွေ ခြောက်လဆေး မှန်မှန်သောက်ဖို့။

သူနုရသည်ကား လ (၂၀) ကုရမည့် သူ့လူနာလေး ဆေးပတ်အပြည့် သက်သက်သာသာ ကုသမှုခံနိုင်ဖို့။

အောင်မြေသာစံမြို့နယ်ဆိုသည်မှာကား မန္တလေးမြို့ကြီးကို ၂၆ ဘီလမ်းမှ ထက်ခြမ်းခြမ်းချလိုက်သောအခါ မြောက်ဘက်တလွှား အကုန်ပါသည်မို့ - ကဲ မန္တလေးအကြောင်းသိသူများက ဆက်စဉ်းစားကြည့်ကြစမ်းပါ ခင်ဗျာ၊ အင်မတန် နာမည်ကြီးသည့် ကျွဲစွန်းတို့ ညောင်ကွဲတို့၊ အိုးဘိုထောင်ကြီးရှိသည့် အိုးဘိုးဘက်အခြမ်းတို့၊ နတ်စင်လေးများ စီချထားသလို လူနေအိမ်လေးတွေ ပြွတ်သိပ်ကျပ်ညပ်နေသည့် မတ္တရာ-မန္တလေး မီးရထားလမ်းဘေး ရပ်ကွက်တွေရယ်၊ ဘီယာချက်စက်ရုံအပိုင်းက ပျံကျရပ်ကွက်လေးများရယ်ကြောင့် ပီဘိကျက်သရေ မင်္ဂလာရှိလှပါပေသည်။

တရံရောအခါ တီဘီဆေးသောက် လူနာတစ်ယောက် ချက်ချင်းမတ်တပ် ပျောက်သွားသော ဟူ၏။ ပျောက်တော့လည်း ဆေးဆက်မသောက်၊ လူမတွေ့ပေါ့လေ။ အဲဒီလို စာရင်းထဲ ထည့်လိုက်ရတယ်။ သို့သော် နောက် လအနည်းငယ်အကြာ ထိုလူပြန်ပေါ်လာပြန်ရော ဟူ၏။ ဒေါ်ကြည်တင် နည်းနည်းတော့ တင်းသွားလေပြီ။

“ဟဲ့… နင်က ဘယ်သွားနေလို့ ဆေးကို ဆက်မသောက်ရတာတုန်း၊ သွားမယ်ဆိုလည်း ပြောသွားပေါ့။ နင်ရောက်တဲ့အရပ်နဲ့ အနီးဆုံး ဌာနမှာဆေးထုတ်လို့ရအောင် လုပ်ပေးမှာပေါ့။ အခုကျ နင်က ငါတို့ကို မခန့်လေးစားနဲ့။ အဲ… အေးအေး ကျုပ်တို့ကို မခန့်လို တော့မှာ ဘာမှ မဖြစ်ဘူးတော်၊ တီဘီဆေးကို မခန့်လေးစား လုပ်ရင်တော့ တော့ အဲဒါ ဆေးယဉ်သွားလိမ့်မယ်။ အဲဒီကျမှ အကုန် ဒုက္ခများကုန်မှာ”

“ကျွန်တော် ထောင်ကျသွားတာ ဆရာမ”

ဒေါ်ကြည်တင် စိတ်ဆိုးနေရာမှ သက်ပြင်းချလိုက်ရသည်။

“နင်က ဘာလုပ်လို့ ထောင်ကျသတုန်း”

“ဆိုင်ကယ်ရိုက်လုလို့”

“ဟဲ့… နင်ဟယ် သူများကို အဲဒီလို ဘာလို့လုပ်ရတာလဲ၊ နင်လည်း မကောင်းပါဘူး၊ သူများလည်း အနာတရ ဖြစ်အောင်”

ဒါသည် ဒေါ်ကြည်တင့်စတိုင်ဖြစ်သည်။ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်သူ့ကို ဖြစ်ဖြစ် သူ့စိတ်နှလုံးဖြူဖြူကြီးနှင့် ချင့်နှိုင်းပြီး တွေးခေါ်ဆုံးမတတ်သည်။

“မိန်းမက ပိုက်ဆံလိုတယ်ဆိုလို့ ဆရာမ”

“ဟဲ့… အဲဒီတော့ နင်အဲလို ဆိုင်ကယ်ရိုက်လုလိုက်တော့ အဆင်ပြေသွားရောလား၊ နို့ နေပါဦး နင်အဲဒီ ဆိုင်ကယ် ပြန်ရောင်းတော့ ပိုက်ဆံက ဘယ်လောက်ရသတုန်းဟဲ့ ကောင်လေး”

“ခြောက်သောင်းရတယ် ဆရာမ”

“အဲဒါ နင့်မိန်းမကို ပေးလိုက်ရောလား”

“ပေးတာပေါ့”

“ပြီးတော့ နင်ထောင်ကျရောပေါ့”

“အထဲမှာ ခဏပဲနေခဲ့ရတာ ဆရာမ”

“အေးပါ အေးပါ အခု လွတ်လာပြီဆိုတော့ သလိပ်ပြန်စစ်နော်။ ဆေးမှန်မှန်သောက်၊ အခု ဘယ်မှာနေသလဲ။ မိန်းမအိမ်မှာပဲလား၊ အပိုင်ဆရာမ (ရပ်ကွက်အလိုက် တာဝန်ယူရသော သူနာပြုဆရာမ) ကို ပြောထားပေးမယ်၊ ဆေးသေချာသောက်၊ ကြားလား”

“မိန်းမက ကျွန်တော် အထဲရောက်နေတုန်း နောက်လင်ယူသွားပြီ၊ အခု နေစရာမရှိသေးဘူးဆရာမ၊ ဆေးပတ်ပြည့်တော့ ကျွန်တော်ပဲ လာလာထုတ်မယ် ဆရာမ”

ဒေါ်ကြည်တင် ခေါင်းကုတ်သွားရသည်။ အဘယ့်ကြောင့်နည်း။ ဒီလူဟာ အိမ်ခြေယာခြေမှ မရှိတာ၊ ဒီဆေးကို မှန်မှန်လာထုတ်ပါမယ် မပြောနိုင်။ အခု စိတ်ပါလို့ လာထုတ်သည်။ တော်ကြာနေ သူစိတ်မပါတော့လို့ သို့မဟုတ် အကြောင်းတစ်ခုခု ရှိလို့ လာမထုတ်တော့ဘူးဆို ဘယ့်နှယ့်လုပ်ရမှာပါလိမ့်။ နို့… ဒီလို ဆေးကို စွတ်ကယ်စွတ်ကယ် သောက်နေမှဖြင့် တီဘီပိုးက ဆေးကိုယဉ်သွားရင် မခက်ပါလား။ ဒါကြောင့်ပြောပါတယ်။ စွယ်စုံတီဘီမင်းသမီးကြီးမှာလည်း နေ့စဉ် အပူတွေနဲ့ပါဆို။

(၃)

အောင်မြေသာစံ ဓာတ်ခွဲမှူးအောင်မျိုးကတော့ ဒီနံနက်ချိန်ခါ တေးသံသာတို့၊ နေ့လယ်နေ့ခင်း ဆူကြမယ် အော်ကြမယ်တို့ဆိုတဲ့ အစီအစဉ်တွေကို ရိုးဟိုးဟိုး နေပါပြီ။ တစ်ခါတလေများ သူ့လူနာတွေက ဆေးမှန်မှန်မထုတ်တာတို့၊ သလိပ်မှန်မှန်လာမစစ်တာတို့ ပြောမရဆိုမရ လက်ပေါက်ကတ်တာတို့ကြုံရရင် သက်သက် ကုလားမနိုင် ရခိုင်မဲပြီး

“ဟဲ့… အောင်မျိုးသူလွင်ရဲ့ နင့်ဓာတ်ခွဲခန်း အဖြေတွေက နောက်ကျလှချည်လား၊ ဒီမှာ လူနာတွေက တန်းစီနေပြီဟဲ့” ဆိုတာမျိုး ဒီဘက်က လူကို လာလာမဲသေးတာရယ်။

သို့သော် ကိုယ့်အစ်မကြီးရဲ့ စေတနာကိုနားလည်တဲ့ ဓာတ်ခွဲမှူးလေးကတော့ ပီယဝါစာ ချစ်ဖွယ်သော စကားနဲ့ပဲ အမြဲတမ်းတုန့်ပြန်တတ်တာပါ။

“အစ်မကြီး၊ ကျုပ်ကလူဗျ၊ ကုလားဘုရားမဟုတ်ဘူး။ လက်က နှစ်ဖက်ပဲ ပါတယ်”

ဒီတော့ကျလည်း အစ်မကြီးဒေါ်ကြည်တင်ဟာ ချစ်စရာတော့ကောင်းသား။

“အေးပါ ခွေးကောင်လေးရယ်၊ ငါသိပါတယ်” ဆိုပြီး သူ့လူနာတွေကို သူဆက်ဟောပြောနေပါရော။

အစ်မကြီး ဒေါ်ကြည်တင် ဘယ်လောက်ဟောဟော အရေးမစိုက်သူတစ်ဦးကတော့ ရှိပါသည်။

သူကား အိုးဘိုကဆရာဝန်ကလေး ဒေါက်တာအောင်ကိုကို။

ဆရာဝန်မို့ သူနာပြုကြီးစကား နာမထောင်လိုဟု အယူမမှားကြပါနှင့်။ တကယ်သော် ဆရာဝန်ကလေး ဒေါက်တာအောင်ကိုကိုမှာ ဆေးယဉ်ပါးတီဘီလူနာဖြစ်ပြီး၊ ထိုးဆေးများနှင့် ကုသမှု ခံယူထားရရာ ထိုလူနာမျိုးတို့၏ ဖြစ်နေကျအတိုင်း အကြားအာရုံထိခိုက်ကာ နားကောင်းကောင်း မကြားတော့ပါ။ အမှန်အတိုင်း ပြောရသော် နားကြားကိရိယာကို ဖြုတ်ထားလျှင် သူဘာမှ မကြားရတတ်ပေ။

အို… ဆရာဝန်လည်း ဆိုသေးရဲ့၊ တီဘီဖြစ်သလား။

ဒေါက်တာအောင်ကိုကိုမှာ ဆေးကျောင်းပြီးလို့ သူ့ကိုယ်ပိုင် ဆေးခန်းလေးဖွင့်ထားရင်း သူကုသသော လူနာတစ်ဦးဦးထံမှ တီဘီရောဂါ အကူးခံလိုက်ရခြင်း ဖြစ်ပေသည်။ တီဘီဆိုတာ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးတဲ့ရောဂါ မဟုတ်လား။ ဒေါက်တာအောင်ကိုကိုတို့လို ဆေးခန်းသေးသေးလေးထဲ လူနာပေါင်းစုံနှင့် ဆက်ဆံရသော ဆရာဝန်လေးမျိုးအဖို့ သူလည်းလေ လူသားအစစ်ကြီးမို့ ဘယ်မှာ မကူးဘဲ ရှိနိုင်ပါမလဲ။ ကူးတာပေါ့။

ဒါကတော့ ဟုတ်ပါပြီရဲ့၊ ဘာကြောင့် ဆေးယဉ်ပါးတီဘီအဆင့်ထိ ရောက်ရသလဲလို့လည်း မေးချင်ကြမယ်ထင်ရဲ့။ ဟုတ်တယ်လေ။ ဆရာဝန်။ ဆေးအကြောင်းသိတယ်။ အစက ဖြစ်ကတည်းက ဆေးခြောက်လ မှန်မှန်သောက်မယ် ထင်စရာမို့လား။ သို့သော် ဒေါက်တာအောင်ကိုကို့အား ကူးစက်ခဲ့သော တီဘီရောဂါပိုးမှာ ဆေးယဉ်ပါးတီဘီ ဖြစ်နေသူ လူနာထံမှ တိုက်ရိုက်ကူးထည့်လိုက်သည့် ဆေးယဉ်ပါးတီဘီပိုးများ။ ထိုသောအခါ ဒေါက်တာ အောင်ကိုကိုမှာ ချက်ချက်မတ်တပ် လူကောင်းကြီးမှ ဆေးယဉ်ပါးတီဘီ လူနာ ဖြစ်ရရှာတော့သည်။ သူများကို ကုပေးနေသည့် ဆရာဝန်လေးဘဝမှ ချက်ချင်းကြီး နာတာရှည်လူနာ ဖြစ်ရရှာတော့သည်။

အောင်မြေသာစံမြို့နယ်မှာ လစဉ် တီဘီလူနာ အသစ် ၄၅ ဦးမှ ၅၀ ဦးအကြား တိုးတက်လျက်ရှိသည်။ အဲဒီ လူတွေထဲမှာ ဆေးယဉ်ပါးတီဘီလူနာတွေလည်း ပါရဲ့။ ကဲ… ဒီလူနာတွေဟာ ဘယ်ကလာသလဲ။ ရိုးရိုးလေးဖြေကြည့်ရင် သူတို့အိမ်၊ သူတို့ရပ်ကွက်၊ သူတို့အလုပ်တွေက လာတာပေါ့။ တီဘီဟာ မျိုးရိုးလိုက်သော ရောဂါမဟုတ်လို့ မွေးရာပါတော့ မဟုတ်ပေ။ သို့သော် အခန့်မသင့်လျှင် သေရာတော့ ပါတတ်ပေသည်။

ဆရာဝန်လေး ဒေါက်တာအောင်ကိုကိုအား တစ်ယောက်ယောက်မှ တီဘီကူးလိုက်ခြင်းဖြစ်သည်။ ဒေါက်တာ အောင်ကိုကိုဟာ ဆေးခန်းကျဉ်းကျဉ်းလေးထဲ အနေများခဲ့သူ မဟုတ်လား။ ထို့အတူ ယခုစာ အထက်ပိုင်းတွင်ရေးပြခဲ့သည့် သူ့ချစ်သူနှင့် မခွဲနိုင်၍ ဆေးယဉ်ပါးတီဘီရောဂါကို သူ့ချစ်သူနှင့်အတူ ရင်းစီးခံပါတော့မည် ဆိုသည့် ကောင်ကလေးအားလည်း တစ်နေရာရာမှ တစ်ယောက်ယောက်က မရည်ရွယ်သော်လည်း အမှတ်တမဲ့ လက်ဆောင်ပေးလိုက်မိခြင်း ဖြစ်ရပေမည်။ ဒီကောင်လေးဟာ ဆေးကုမ္ပဏီဝန်ထမ်းမို့ လေအေးပေးစက်တပ်အခန်းထဲ အနေများခဲ့မှာပေါ့။ ပြီးတော့ အရောင်းမြှင့်တင်ရေးဆိုတော့ လေအေးပေးစက်တပ် အခန်းတွေထဲမှာ လူအတော်များများနှင့် ပြောဆိုဆက်ဆံခဲ့ဖူးပေလိမ့်မည်။ တီဘီပိုးဟာ လေအေးပေးစက်တပ် အခန်းတွေထဲမှာဆို တော်တော်ကြာကြာကြီးကို အသက်ရှင်နေထိုင် ကူးစက်နိုင်တာကလား။

ဆရာမကြီး ဒေါ်ကြည်တင်ကတော့ ဘယ်သူ့မှာ တီဘီရောဂါဖြစ်ဖြစ်

“ဆေးကုလို့ မပြီးမချင်း နင်အလုပ်က ခဏနားလိုက်နော်” လို့ စေတနာဖြင့် ပြောလေ့ရှိပါသည်။

အကြောင်းရင်းကား

သူတို့မှ တဆင့် အခြားလူတွေကို ပြန်လည် မကူးစက်စေဖို့လည်း ပါပေ၏။

သို့သော် ဒေါ်ကြည်တင်ကား သူနာပြုဆရာမကြီး တစ်ဦးသာလျှင်ဖြစ်ပြီး အာဏာပိုင်တစ်ယောက်တော့ မဟုတ်ပါ။

ထိုအခါ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော လက်ဖက်ရည်အဖျော်သမား တီးဆရာလေးကို မောင်မောင်စိုးက သူ့တီဘီရောဂါကို အကုသခံနေတုန်းကာလ အလုပ်မှ မနားလိုပေ။ ကွမ်းယာသည်လေး စိုးထွန်းကလည်း တီဘီကုလက်စနှင့် ကွမ်းယာ ဆက်ရောင်းသည်။ ထို့အတူ စူပါမာ့ကက်ကြီးတစ်ခုမှ အရောင်းစာရေးမလေးကလည်း အလုပ်မနားလိုပေ။

ကျောင်းမုန့်ဈေးတန်းမှာ အသုတ်ရောင်းသည့် ဒေါ်တိုး။ ရုပ်ရှင်ရုံကြီးတစ်ခုမှာအ လုပ်လုပ်သည့် ကိုမျိုးမင်း။ နာမည်ကြီးထမင်းဆိုင်ကြီးက စားပွဲထိုးမလေး မမဇော်။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုမင်းသူ။ ဘဏ်ဝန်ထမ်းလေး ကိုကိုနိုင်။ အစိုးရဌာနဆိုင်ရာ ရုံးကြီးတစ်ခုမှ ဦးမြင့်နိုင်။

အကြောင်းကြောင်းကြောင့် သူတို့ တီဘီရှိ၍ ကုနေရင်းတန်းလန်း အလုပ်မနားခဲ့ကြပါ။

တီဘီသည် လေမှတဆင့် ကူးသောရောဂါဖြစ်သည်။ တီဘီလူနာ စကားပြောစဉ်၊ ချောင်းဆိုး နှာချေစဉ် တီဘီပိုးများသည် ဆိုင်ရာအပေါက်မှ ထွက်လာပြီး လေထဲပျံ့နှံ့ ကူးစက်တတ်ခြင်းဖြစ်ရာ သူတို့ကိုလည်း ထိုသို့ အကူးခံခဲ့ရခြင်းဖြစ်ပါသည်။

အောင်မြေသာစံ ဒေသန္တရာကျန်းမာရေးဌာနမှာတော့ လစဉ်လူနာဦးရေးက တစ်စတစ်စ တိုးလျှက်ရှိပေသည်။

“လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။ လူထူထူကို မသွားပါနဲ့” ဟူသည့် ဆရာမကြီး ဒေါ်ကြည်တင်၏ တီဘီတရားဟောသံကို နေ့စဉ်နေ့တိုင်း သုံးထပ်သားလေးသာခြားသည့် ဓာတ်ခွဲခန်းထဲမှ ဓာတ်ခွဲမှူးက ကြားမိပြီး ပြုံးပါ၏။ 

ဓာတ်ခွဲမှူးသည် သူနာပြု ဆရာမကြီးကို လှောင်လို၍ မဟုတ်ပါ။

ထိုအသံများသည် ဟိုမှာဘက် ပြတင်းနှစ်ပေါက်သာရှိသော ပုအိုက်အိုက်အခန်းလေးထဲမှ ဒေါ်ကြည်တင်သည် လူနာပေါင်းများစွာနှင့် စကားပြောနေစဉ် ထွက်လာခြင်းဖြစ်ပြီး၊ ထိုအသံများကို ဒီမှာဘက် ပြတင်းပေါက် တစ်ပေါက်သာရှိသည့် ရှည်ကျဉ်းကျဉ်း ဓာတ်ခွဲခန်းထဲတွင် လူနာတို့ကို သလိပ်ပိုးစစ်ပေးနေရသည့် ဓာတ်ခွဲမှူးက နားတော်ခံလိုက်ရသည် ဖြစ်သောကြောင့်သာ။

မေတ္တာဖြင့်-
အောင်မျိုးသူလွင်
၀၂၊၁၀၊၁၈
အင်္ဂါ
ည ၀၈း၀၉

လျှပ်စစ်

၂၀၁၈၊ မသစ်တသစ်ဖြစ်လာပြီဖြစ်သော အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်က လျှပ်စစ်နှင့်ပတ်သက်ပြီး မိန့်ခွန်းတစ်ခုမှာ ဤသို့ထည့်ပြော၏။

“ကျွန်တော်တို့ အစိုးရရဲ့ နှစ်နှစ်တာကာလအတွင်းမှာ ကျေးရွာပေါင်း မြောက်မြားစွာကို မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်” တဲ့။

အခု မအေးတို့ ထနောင်းဖူးရွာကြီး လျှပ်စစ်မီးလင်းလာပြီ။ ရွာနီးချုပ်စပ်တွေလည်း လျှပ်စစ်မီးတွေ ဝင်းလို့။ မအေးက ဒါကို ကောင်းသည်၊ ဆိုး၏ မဝေဖန်အားပါ။ မနက်ဖြန် မအေးရဲ့လင်၊ ထနောင်းဖူးကျေးရွာအုပ်စုရဲ့ မီးလင်းရေးကော်မတီခေါင်းဆောင် ကိုစိုးညွန့်ကြီး မြို့တက်ရဦးမှာမို့ နေ့ခင်းစာအတွက် ထုတ်ပိုးပေးလိုက်ဖို့ ပြင်ဆင်ချက်ပြုတ် နေရတာလေ။

ထနောင်းဖူး၊ ထနောင်းတိုင်၊ ဝက်လွတ်၊ ရှားတောနှင့် ထန်းပင်ကုန်းဆိုတဲ့ ရွာလေးတွေအစုကို ထနောင်းဖူး ကျေးရွာအုပ်စုခေါ်သည်။ ဒီထနောင်းဖူး အုပ်စုကို လျှပ်စစ်ရောဂါ ငန်းဖျားနာတက်အောင် စသယ်လာတာက မအေး လင်တော်မောင် ကိုစိုးညွန့်။

“မှတ်မှတ်ရရ အဲဒါ သမ္မတကြီး ဦးသိန်းစိန်လက်ထက်က ပေါ့တော်” ဟု မအေးက မကြာမကြာ ခပ်ဆောင့်ဆောင့်လေသံဖြင့် ဆိုတတ်သည်။

မအေးသည် နိုင်ငံရေး နားမလည်ပါ။ သို့သော် လူကြီးတွေရဲ့ စေတနာကိုတော့ ယုံကြည်၏။ သူတို့ရဲ့ စေတနာကို လင်တော်မောင် ကိုစိုးညွန့်ပါးစပ်က ပြောလို့ ပြန်ကြားရသည်မှာ

မင်းတို့ကျေးရွာတွေ မီးလင်းဖို့ မင်းတို့ကိုယ်တိုင်ပဲ ကိုယ်ထူကိုယ်ထ စိုက်ထုတ်လုပ်ကြဟေ့၊ ငါတို့ကလိုအပ်တဲ့ ခွင့်ပြုမိန့်အပိုင်းတွေ၊ ဥပဒေပိုင်းတွေနဲ့ တာဝန်ယူမတဲ့။

ဒါနဲ့ အရပ်ရပ်အနယ်နယ်ပါပဲ။ အို... ပြောရရင် မအေးတို့ တိုင်းဒေသကြီး တစ်ခုလုံးပဲဆိုကြပါစို့ရဲ့။ ဒါပေမယ့် မအေးသေချာသိတာ ကိုယ့်လင်ကိုယ်တိုင် ပါဝင်ပြီး တက်တက်ကြွကြွဆောင်ရွက်နေတဲ့ ဒီထနောင်းဖူး ကျေးရွာအုပ်စု မီးလင်းရေးဆောင်ရွက်ချက်တွေ ပါပဲ။

ကျေးရွာတစ်ခု မီးလင်းဖို့ဆိုတာ လွယ်မှတ်လို့။ လျှပ်စစ်မီးရှိတဲ့ မြို့ကနေ သွယ်ရမယ့် ရွာအရောက်၊ မီးတိုင်တွေစိုက်ရတယ်။ ဓာတ်အားကြိုးတွေ သွယ်ရတယ်။ နောက်တော့ ၃၃ ကေဗွီ၊ ၁၁ ကေဗွီအစရှိတဲ့ ဓာတ်အားခွဲရုံလေးတွေ ဆောက်ရတယ်။ ဒါအတွက် အစစ ကုန်ကျစရိတ်ကို မီးလင်းချင်တဲ့ ရွာထဲက အိမ်ထောင်စုတွေ အချိုးကျ မျှခံပေါ့။ ငွေအားနှင့်တွန်းမှ ရွေ့မည့် အရွေ့မို့ အိမ်ထောင်စုအလိုက် ခွဲတမ်းကျ မျှခံကြရသည်။ လူအများနှင့်လုပ်ရသည့် အလုပ်မို့ လွယ်တော့ မလွယ်လှပါ။ တချို့လည်း ငွေကြေးမတတ်နိုင်၍၊ တချို့ကလည်း ကတ်ဖိုးကတ်ဖဲ့လုပ်သည့်သဘော ငွေကြေးမထည့်ဝင်ကြတာမျိုး ရှိ၏။ သို့သော် ရပ်ရွာမီးလင်းရေး အင်မတန်စိတ်အားထက်သန်နေကြသည့် ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့သားများက ဒါတွေကို ဂရုစိုက်မနေအားပါ။ မီးလင်းချင်သည့် အိမ်တွေက ငွေကိုကောက်သည်။ တစ်အိမ်လျှင် ငွေကျပ်သုံးသိန်းခွဲနှုန်း။

ကော်မတီက ယုံကြည်သည်မှာ အခုနေ မထည့်ဘဲ နေကြသည့် အိမ်ထောင်စုတွေဟာရော ကျေးရွာမီးလင်းလာတော့၊ သူများအိမ်လျှပ်စစ်ရ ရချင်လာကြမှာပဲလေ။ ဒီတော့ကျ သူတို့လည်း သုံးသိန်းခွဲငွေကို မမြင်တော့ဘဲ ထည့်ချင်လာကြတော့မှာပေါ့။ အခုနေတုန်းတော့ လျှပ်စစ်မီတာ တပ်ချင်သည့် အိမ်ထောင်စုတွေက ငွေကျပ်သုံးသိန်းခွဲကို အလီလီ အရစ်ကျခွဲကာထည့်ဝင်ကြသည်။ ကိုစိုးညွန့်တို့က ကောက်ခံရပြီးသမျှ ငွေကလေးဖြင့် တနိုင်တပိုင် မီးတိုင်စိုက်တာတွေ၊ ဓာတ်အားခွဲရုံဆောက်တာတွေ လုပ်ကြရသည်။ နောက်ဆို ဒီထနောင်းဖူးအုပ်စုမှာ မီးလင်းတော့မှာကိုး။

အဆင်များပြေချင်တော့ ဓာတ်အားခွဲရုံအတွက် လျှပ်စစ်ပစ္စည်းတွေ၊ ဓာတ်အားပေးစက်တွေကို အကြွေးစနစ်ဖြင့်ရတာ ရှိသည်။ အရစ်ကျပေါ့။ စိုးညွန့်တို့ အိမ်ထောင်စုတွေထံက ငွေကြေးခွဲတမ်းကောက်ခံရရှိတာကလည်း အရစ်ကျဆိုတော့ အဆင်ပြေလှပေါ့။ မြို့ကနေ ရွာအရောက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းစရိတ်ဟာ အင်မတန်ကြီးသော်လည်း တကယ်လို့ရွာမှာ လျှပ်စစ်မီးရလာသော် အခုနေ ကတ်သတ်ပြီး ငွေမထည့်သည့် ရွာတွေကလည်း သူများရွာ မီးလင်း၊ လင်းချင်လာမည့် စိတ်ကြောင့် ငွေကြေးထည့်ဝင်လာကြမည်။ အခုနေ ငွေမထည့်သည့် အိမ်ထောင်စုတွေလည်း ထည့်ဝင်လာကြတော့မည်။ ထိုအခါ မိုးပေါက်များသော် အင်းအိုင်တွေတောင် ပြည့်သေးတာ၊ ဒီလျှပ်စစ်ပစ္စည်းတွေ ဈေးကြီးတာလောက်တော့ ဒီတောင်ကို စိုးညွန့်တို့ကော်မတီ ဖြိုပါ့မယ်၊ မြင့်မိုရ်မို့လားပေါ့။ ‘နည်းရောင်း၊ များရောင်းတောင်းပြည့်’ သဘော။ အလီလီအရစ်ရစ် ငွေထည့်ပြီးလုပ်လာလိုက်တာ အခုဆို စိုးညွန့်တို့ရွာကြီး မီးလင်းတဲ့အခြေဆိုက်ပါပြီ။

ဒီမှာ ပြောစရာက ရှိလာသည်။ စိုးညွန့်တို့ ဒီ ကျေးရွာမီးလင်းရေး လျှပ်စစ်စီမံကိန်းကို စလုပ်ခဲ့တာ ခရစ်နှစ် ၂၀၁၄ ခုနှစ်။ ကျေးရွာအုပ်စုတစ်ခု မီးလင်းဖို့အရေး အလုပ်လုပ်ရပုံတို့ကို အထက်မှာ ဆိုခဲ့ပြီ။ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ အတန်းအစားအလွှာလွှာ ရှိကြ၊ နေထိုင်ကြသော ဒီကျေးရွာအုပ်စုတွေမှာ မီးလင်းရေးလုပ်ကြသော စိုးညွန့်တို့လို လူတွေအတွက် ထိုစဉ်ကာလ အစိုးရက ဥပဒေဖြင့် ကာကွယ်အကူအညီ ပေးထားတာရှိသည်။ ထိုဥပဒေကား “၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” ပင်တည်း။ ထို ဥပဒေအရ “ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်၊ သဘောတူညီမှုမရပဲ မည်သူမျှ မီးချိတ်ဆက်သွယ်တန်းခွင့်မရှိ” ဟု ပြဋ္ဌာန်းထားတာကြောင့် အကယ်၍ စိုးညွန့်တို့ကျေးရွာအုပ်စုမှာ မီးလင်းလာခဲ့သော် ဒီဓာတ်အားလိုင်းတလျှောက် စိုးညွန့်တို့ မီးလင်းရေးကော်မတီ၏ သဘောတူညီမှုဖြင့်သာ မီးသွယ်ယူခွင့်ရမှာဖြစ်ပါတယ်။ ဒီအကာအကွယ်ကြောင့်သာ စိုးညွန့်တို့မှာ ဒီလောက်အထိ ခရီးပေါက်ခဲ့တာ။

တကယ်လို့ ကျေးရွာတွေမှာ မီးလင်းလာခဲ့ရင် အခြားလင်းချင်သော ကျေးရွာများမှ၊ တစ်နည်းဆိုရသော် ငွေကြေးကောက်ခံစဉ်က ဝိုင်းဝန်းထည့်ဝင်ကြခြင်း မပြုသည့် ကျေးရွာများမှ လျှပ်စစ်မီးသွယ်တန်းလိုသော်၊ စိုးညွန့်တို့ မူလဆောင်ရွက်ခဲ့ကြသူ ကျေးရွာမီးလင်းရေး ကော်မတီထံမှာ ခွင့်ပြုချက်တောင်းရမည်။ ထိုအခါ စိုးညွန့်တို့ ကော်မတီက အချိုးကျငွေကို ထည့်ဝင်စေမည်။ ထိုအခါ စာချုပ်စာတမ်းဖြင့် အကြွေးယူထားသည့် ဓာတ်အားခွဲရုံဆောက်လုပ်ရေးမှ စက်ပစ္စည်းအကြွေးတွေ၊ ဓာတ်အားလိုင်းကြိုးအကြွေးတွေလည်း ကျေပြီဖြစ်သည်။ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂ကား ထိုကဲ့သို့ ကိုယ်ထူကိုယ်ထသမား ကျေးရွာမီးလင်းရေး ကော်မတီများကို အကူအညီ အကာအကွယ်ပေးထားလေ၏။ ထို့ကြောင့် စိုးညွန့်တို့လူတစ်စုလည်း ဥပဒေအကာအကွယ်အောက်မှာ လုပ်ရဲကိုင်ရဲ၊ ကျေးရွာမီးလင်းရေး ရဲရင့်ခဲ့ကြလေသည်။ ထိုရဲရင့်မှုဖြင့် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ စိတ်ဓာတ်ဖြင့် ကြိုးစားလာခဲ့ကြရာ ၂၀၁၄ မှာစခဲ့သည့် လျှပ်စစ်မျှော်လင့်ချက်၊ ၂၀၁၈ နှစ်အဝင်မှာ လူလားမြောက်လေရာ၊ ကော်မတီခေါင်းဆောင် စိုးညွန့်ကြီးလည်း လျှပ်စစ်မီးလင်းရေး ကော်မတီလူကြီးအဖြစ် တရားရုံးရောက်ရလေတော့သည်။

အသို့နည်း။ ထို ၂၀၁၄ မှ အခု ၂၀၁၈ ခုနှစ်အတွင်း မင်းပြောင်းမင်းလွဲ ဖြစ်သည်။ ဟိုတုန်းက အတိုက်အခံသည် အခု အစိုးရဖြစ်လာသည်။ အစိုးရ၏ ကြွေးကြော်သံကား “ပြောင်းလဲချိန်တန်ပြီ” ဖြစ်၏။ အခု အစိုးရသည်လည်း အရင်အစိုးရနည်းတူ ပြည်သူတွေကို စေတနာရှိပါသည်။ ထို့ကြောင့် ကျေးရွာတွေ မီးလင်းစေချင်တာလည်း အစိုးရဆန္ဒပေါ့။

စိုးညွှန့်တို့ရွာကြီး မီးတွေလင်းတော့ ယခင် ကတ်သပ်ပြီး ပိုက်ဆံမထည့်ခဲ့သည့် ရွာနီးချုပ်စပ် တစ်ရွာနှစ်ရွာဟာ စိုးညွန့်တို့မီးလင်းရေး ကော်မတီထံ မျှော်လင့်သလို ရောက်မလာကြပါ။ သူတို့သည် အစိုးရသစ်ထံ သွားကပ်ကြ၏။ စိုးညွန့်တို့နိုင်ငံတော် အစိုးရသည် ၂၀၁၄ ခုနှစ် စိုးညွန့်တို့ မီးလင်းရေးစလုပ်ကြတုန်းက အတိုက်အခံဘဝသာ ရှိသေးသည်။ ထိုအတိုက်အခံသည် ထိုစဉ်က အစိုးရအပေါ် အတိုက်အခံတို့၏ သဘော၊ အမြင်မကြည်ပါ။ ဒီသဘောကို စောကြောမိသော တောသား လူလည်တစ်စုက အစိုးရသစ်ထံ သွားကပ်ပြီး အစိုးရဟောင်းနှင့် လုပ်ထားသည့် မီးလင်းရေးလုပ်ငန်းစဉ်ထဲမှ လျှပ်စစ်မီးကို သွယ်ခွင့်တောင်းသည်။ ထိုအခါ အစိုးရသစ်ကလည်း “၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” အား၊ အမိန့်ညွှန်ကြားချက်ဖြင့် ပယ်ဖျက်ကာ၊ ပိုက်ဆံမထည့်သော ကျေးရွာများလည်း မီးသွယ်ခွင့်ပေးလိုက်လေရာ၊ စိုးညွန့်တို့ တစ်သိုက် ပြဿနာတက်ရရှာလေတော့သည်။

ကဲ…ဘယ်မလဲ လျှပ်စစ်ပစ္စည်းကြွေး ဆပ်ရမယ့်ငွေ။ ယခင် ငွေစိုက်ထားပြီး အရစ်ကျပေးနေကြသူတွေကလည်း သူများ တစ်ပြားမှ မပေးတဲ့ရွာတွေတောင် ရနေတာ၊ ငါတို့က ဘယ့်နှာကြောင့် ငွေဆက်ပေးနေကြမလဲဟု တွေးကြသည်။ အတွေးအတိုင်း တကယ်လည်း မပေးကြတော့။ ဒီမှာ လစဉ်အလီလီဆပ်နေရသော စာချုပ်နှင့်လက်မှတ်ထိုးယူထားသည့် ပစ္စည်းဖိုးငွေတွေ မဆပ်နိုင်၍ တရားစွဲခံရသည်။ ထိုအတွက် “၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” ကိုအားကိုးကာ၊ မီးအလကားသွယ်ထားသော ရွာတွေထံ မီးဆက်မသွယ်ဖို့ သွားတားမြစ်ကြသည်။ လျှပ်စစ်သွယ်ထားတာ လာတားရကောင်းလားဟု ဟိုဘက်ရွာတွေက တရားပြန်စွဲတာ ခံရပြန်သည်။

အစိုးရသစ်၏ သဘောကား အရင်လူတွေ ဘယ်လိုခက်အောင်လုပ်ထားစေ ကျေးရွာမီးလင်းရေးသာ ပဓာနဟူသော စေတနာတည်း။

ထိုစေတနာကြောင့် “ကျေးလက်မီးလင်းရေးမူဝါဒများတွင် ကျေးလက်ဒေသများရှိ ဓာတ်အားဖြန့်ဖြူးရေးစနစ်များ အားလုံးသည် နိုင်ငံတော်ဓာတ်အားဖြန့်ဖြူးရေးနှင့် ပက်သက်၍ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိစေရန်” ဟုဆိုကာ

“ကျေးရွာမီးလင်းရေးကော်မတီ၊ ပုဂ္ဂလိကများက တည်ဆောက်ပြီးသော ၃၃ကေဗွီ၊ ၁၁ကေဗွီဓာတ်အားလိုင်းများကို ဓာတ်အားပို့လွှတ်သည့်အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးရမည်ဖြစ်ပြီး”

“ ယင်းဓာတ်အားလိုင်းမှ ထပ်ဆင့်ဓာတ်အားချိတ်ဆက်ရယူခြင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နည်းပညာအရ စိစစ်၍ ခွင့်ပြုပေးနိုင်ကြောင်း” ဟု အမိန့်ညွှန်ကြားချက် မူအသစ်ပြန်လည် ချမှတ်လိုက်လေသည်။

“၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” ကို ပြင်ဆင်ပယ်ဖျက်လိုက်သည့် ထို အမိန့်ညွှန်ကြားလွှာကြောင့် ယခင်အစက ငွေကြေးထည့်ဝင်ခြင်း မပြုခဲ့၊ မပြုနိုင်သည့် ရွာတွေ အစိုးရတန်ခိုးဖြင့် မီးထိန်ထိန်လင်းကြလေသတည်း။

ယခင် ငွေးကြေးထည့်ဝင်ထားကြသည့် ကိုယ်ထူကိုယ်ထသမား ရွာသားတွေကလည်း “ငွေမထည့်တဲ့လူတွေတောင် မီးရနေမှ ငါတို့ငွေတွေ ပြန်ထုတ်ပေး” ဟုဆိုကာ မီးလင်းရေးကော်မတီထံ အရေးဆိုပြန်တောင်းလေ၏။ သို့သော် မီးလင်းရေး ကော်မတီမှာ ထုတ်ပေးစရာ ငွေဟူ၍ ခြူးတစ်ပြား မရှိပါ။ ပေးစရာ အကြွေးတွေသာ ပတ်လည်ဝိုင်း၍နေလေည်။

ထိုသောအခါ…

၂၀၁၈ ခုနှစ်မှာ မသစ်တသစ်ဖြစ်လာပြီဖြစ်သော အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်က လျှပ်စစ်နှင့်ပတ်သက်ပြီး မိန့်ခွန်းတစ်ခုမှာ ဤသို့ထည့်ပြော၏။

“ကျွန်တော်တို့ အစိုးရရဲ့ နှစ်နှစ်တာကာလအတွင်းမှာ ကျေးရွာပေါင်း မြောက်မြားစွာကို မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်” တဲ့။

အခု မအေးတို့ ထနောင်းဖူးရွာကြီး လျှပ်စစ်မီးလင်းလာပြီ။ ရွာနီးချုပ်စပ်တွေလည်း လျှပ်စစ်မီးတွေ ဝင်းလို့။ မအေးက ဒါကို ကောင်းသည်၊ ဆိုး၏ မဝေဖန်အားပါ။ မနက်ဖြန် အကြွေးမဆပ်နိုင်၍၊ သူများရွာမီးသွယ်တာ တားမိ၍ ပုဒ်မပေါင်းများစွာဖြင့် တရားစွဲခံထားရသော မအေးရဲ့လင်၊ ထနောင်းဖူးရွာအုပ်စုရဲ့ မီးလင်းရေးကော်မတီခေါင်းဆောင် ကိုစိုးညွန့်ကြီးတို့အုပ်စု မြို့နယ်တရားရုံးမှာ “ရုံးချိန်း” ရှိတယ်ကိုး။

အောင်မျိုးသူလွင်
၀၈၊၀၇၊၂၀၁၈
တနင်္ဂနွေ
နံနက် ၀၉း၁၂

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...