Aungmyothu Lwin

Aungmyothu Lwin
Facebook

Saturday, December 27, 2014

အာထွာဆောင်း

ဗိုက်နာလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က အာထွာဆောင်း ရိုက်ရမယ်တဲ့။ သူရိုက်ခိုင်းတဲ့ ဆေးခန်းကိုဖုန်းဆက်ပြီး ကြိုတင်စာရင်းသွင်းထားလိုက်သည်။ ဆေးခန်းက နှစ်နာရီအတွင်း ရေနှစ်လီတာကုန်အောင်သောက်၊ ရူးရူးလုံးဝမပေါက်ဘဲ ညနေသုံးနာရီခွဲ အမီ လာခဲ့ပါတဲ့။ ကိုယ်လည်း ပထမဆုံးရိုက်ရမယ့်လူဆိုတော့ နောက်မကျအောင် ပြေးရတာပေါ့။

ဆးခန်းရောက်တော့ ဝန်ထမ်းလေးတွေ တန်းမေးတာက ရေသောက်ခဲ့လား အစ်ကို။ ဆီးတင်းရဲ့လား အစ်ကိုတဲ့။ တင်းပါတယ်ပေါ့။ ဒါနဲ့ကို သူတို့က ထပ်သောက်ခိုင်းလို့ သောက်လိုက်ရသေးတာ။ ဘေးနားက ကိုယ်လို အာထွာဆောင်း ရိုက်မယ့် ကိုယ်ဝန်သည်ကိုလည်း ကောင်မလေးများက ရေသောက်ဖို့ပြောနေသည်။ ဆီးအိမ်တင်းမှ သားအိမ်ကို ကောင်းကောင်းမြင်ရမယ်ဆိုလား။

"ညီမရေ၊ ရေသောက်ခိုင်းတာက ဆီးအိမ်တင်းပြီး သားအိမ်ကို မြင်ရအောင်ဆိုတော့ကာလေ အဲဒါ အကိုက ဗိုက်နာလို့လာရိုက်တာဆိုတော့၊ ဆီးအိမ်မတင်းလည်းရတယ်မို့လားဟင်၊ အကို အခုအပေါ့လေး နည်းနည်းစွန့်ချင်လို့ပါ"

"အယ် ဘယ်ရမလဲ၊ ဆရာမက ခဏနေလာတော့မှာ၊ သူလာလို့ အကို့ဆီးအိမ်တင်းမနေရင် ရိုက်လို့ရမှာမဟုတ်ဘူး၊ ခဏအောင့်ထားဦး"

"ဟိုလေ နည်းနည်းလေးတောင်မှမရဘူးလားဟင်"

"မရဘူး၊ မရဘူး အခန်းထဲရောက်မှ အဆင်မပြေရင် ကျမတို့အဆူခံရအောင် မလုပ်ပါနဲ့။ ခဏနေရင် ဆရာမလာတော့မှာပါ၊ အောင့်ထား"

အောင့်ထားဆိုတော့လည်း အောင့်လိုက်ရတာပ။နည်းနည်းတော့ နေရခက်တာပေါ့။ ဒါတောင် သင်းလေးတွေက လမ်းလေးပါလျောက်ထားပါဦး ဆိုလာသေးတာ။ သိပ်ဆီးသွားချင်နေတဲ့ အချိန် လမ်းလျှောက်ဖို့ခက်တာ သင်းတို့လေးတွေ မသိလေရော့သလား။ ခက်ပါဘိ။ ဆရာမဆိုသဟာကလည်း လေးနာရီထိုးလည်းမလာ၊ လေးနာရီခွဲလည်း မမြင်ဆိုတော့ နည်းနည်းစောဒကတက်ကြည့်မိသည်။

"ဆရာမက မလာသေးဘူးလားဟင် ညီမ"

"လာတော့မှာပါ အစ်ကို၊ ဒီနေ့ ဆရာမနည်းနည်း နောက်ကျနေတာပါ"

 အောင်မလေး သူ့နည်းနည်းကလည်း တစ်နာရီတောင် ကျော်လာပေါ့။ လူလည်း ကြက်သီးမွေးညင်းတွေပါထလို့။ ဒုက္ခရောက်ပုံများပြောပါတယ်။ ခဏနေတော့ ကောင်လေးတစ်ယောက် ရေးကြီးသုတ်ပြာဝင်လာသည်။ ဆရာမလာပြီဆိုပဲ။

"အစ်ကို အထဲက ကုတင်ပေါ်ကနေ အိပ်စောင့်ပေးပါနော်"

 ပြောပြောဆိုဆို ဇိုးကနဲ့ ဇတ်ကနဲ့ လူကို အခန်းထဲ ဇွတ်ထိုးသွင်းတော့ ကိုယ်လည်း ဒရောသောပါး ကုတင်ပေါ် ရောက်ရတော့တာပေါ့။ အင်္ကျီလေး အပေါ်လှန်ထားပေးပါ ဆိုကာ ကလေးမတစ်ယောက်က အင်္ကျီကို လှန်သည်၊ ပုဆိုးလေးနည်းနည်း လျှော့ထားပေးပါဆိုကာ အခြားတစ်ယောက်က ပုဆိုးကိုဇတ်ခနဲ့ ချက်အောက်နားထိ ဆွဲချလိုက်သည်။ သူတို့တွေ အလျှင်လိုလို့ ကျွမ်းကျင်ပြနေတာက ကိစ္စမရှိ။ ကိုယ်တွေ လူပျိုပေါက်ဘဝတုန်းက ဝမ်းအိုဝမ်း ဆံပင်ပေါက်ဆေးနဲ့ အချိုရည်ဗူးကို မှားသောက်ထားမိတာဆိုတော ဗိုက်မှာလာသန်နေတဲ့ ဆံပင်တွေကို သူတို့တွေမြင်သွားမှာတော့ ရှက်မိတာပေါ့လို့။ လူလည်း မဲခနဲ့၊ ရဲခနဲ့ ဖြစ်သွားတယ်။ မျက်နှာပြောပါတယ်။  အဲသည်လို ကုတင်ပေါ်မှာ ဖားပေါင်စင်းကြီး ပက်လက်လှန်ထားသလို ကောင်မလေးနှစ်ယောက်ရှေ့ ချက်ဖော်ရင်း ကွမ်းတစ်ယာညက်လောက် အသုံးတော်ခံပြီးတဲ့နောက် အခန်းထဲဝင်လာတဲ့ ဆရာမမျက်နှာ မြင်ရတာလောက် ပျော်မိတာမျိုး ဘဝတစ်လျှောက် မမှတ်မိ။ ဒါပြီးရင် အပေါ့သွားခွင့်ရပြီလေ။ အောင်မြတ်လေးလေး အန္တရာယ် လွယ်ထားရတာ တယ်ခက်တာကိုးဗျ။ ဗိုက်ကို ဟိုဆေးသည်ဆေးလေးသုတ်နေတုန်း ဗြန်းဆို ချမ်းချမ်းသီချင်းက ထမြည်ပါရော။ ဆရာမလည်း ဖုန်းအပြားကြီးထုတ်တဲ့ပြီး 

"အေး သားငယ်လေးပြော"

"ပါပီလေး ဘာမှ မစားဘူးဟုတ်လား" ဆိုပြီး လုပ်နေလိုက်တာက ဆယ်မိနစ်လောက်။ သူ့ပါပီလေး မစားချင်လို့ ဘာမှမစားနိုင်တာ ဘယ်လိုခံစားရရှာမယ် မသိ၊ ကိုယ့်မှာ  ပေါက်ချင်လျှက်နှင့် မပေါက်ရတဲ့ ဘဝ အခံရခက်လှသည်။ တစ်နာရီကျော်ကျော်ကြီးတောင်ဆိုတော့လည်း တွေးကြည့်ကြပေါ့လေ။ ကြက်သီးတွေတောင် ထပါတယ်ဆို။ 

ကိစ္စ ဝိစ္စတွေပြီးလို့ ကိုယ့်ပုဆိုး အင်္ကျီလေး နံရံဘက်လှည့် ပြင်ဝတ်နေတုန်း ဘောလီဂျိတ်လေး ဖြုတ်လိုက်ပါနော်ဆိုတော့ ဟဲ့ သောက်ပလုတ်တုတ်၊ ကိုယ့်နောက်က ရိုက်မယ့် ကိုယ်ဝန်သည်ကိုတောင် သွင်းလာကြပါ ပကောလားဟ။ အလိုက်ကန်းဆိုးမသိ ပုဆိုးကို အခန်းထဲတင်ပြင်ဝတ်မိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ခပ်ရို့ရို့လေး အပြင်ထွက်ရတော့တာပေါ့။ မရို့လို့လည်း မရဘူးဗျ။ ကိစ္စက ထိပ်ဝတောင် ရောက်နေမှကိုး။

အိမ်သာသွားမယ်ရယ်လို့ ငွေရှင်းကောင်တာနားကိုအဖြတ် အမှတ်တမဲ့နဲ့ မြင်လိုက်မိတဲ့ နံရံကပ် စာတမ်းလေးက " Customer is God" ဆိုပဲ။ ကိုယ်လည်း 

အဲသည်နားတင် အဲသည်ဟာဖတ်ပြီး ရယ်လိုက်မိတာ ရူးရူးတွေတောင် ထွက်ကျကုန်ပါရောလား။

"God" ကို ပုဆိုးအပိုလေးများပါရင် ပေးလှည့်ကြပါလား အဆွေတို့ရယ်။

အောင်မျိုးသူလွင်


၂၇/၁၂/၂၀၁၄
စနေ
၀၈:၃၆

Monday, December 22, 2014

တတိယလူ


 လူဆိုတာ နိုင်ငံရေး သတ္တဝါတဲ့။ ကျွန်တော်က နိုင်ငံရေးကို ခွေးအိုမှ လက်ပေးသင်သလို လေ့လာထားသူပါ။ ကိုယ့်အိမ် မီးဖိုချောင်ထဲက အရေးဟာလည်း နိုင်ငံရေးပါပဲတဲ့။ အဲဒါဆိုရင်တော့ ကျွန်တော်ဟာ နိုင်ငံရေးကို သူများတွေထက် စောစောကြိုသိခဲ့သူ ဆိုနိုင်ပါတယ်။ အိမ်မှာ သားကြီးဖြစ်တဲ့ ကျွန်တော်ဟာ ငယ်ငယ်လေးကတည်းက ဆွဲခြင်းတစ်လုံးနဲ့ ပိုက်ဆံအနည်းငယ် လက်မှာကိုင်ပြီး တစ်နေ့စာအတွက် မျှချေချပြီး ဈေးဝယ်တတ်ခဲ့ပါတယ်။ ဒါတွေက သူများပြောတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပါယ်တွေအပေါ်မှာ ကျွန်တော့်ဘဝ နဲ့ နှိုင်းယှဉ်ပြီး ရေးပြတာပါ။ တကယ်တော့ ကျွန်တော်က နိုင်ငံရေးသမား တစ်ယောက်အဖြစ် စိတ်သန်သူမဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ ဦးနှောက်အသားပေး အလုပ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့် ဘဝမှာ တော်တော်များများကို နှလုံးသားခံစားချက်နဲ့ပဲ ဆုံးဖြတ်ခဲ့တာပါ။ ထိုအကျင့်ကို ကောင်းသည်ဟု ဆိုလိုသည်မဟုတ်ဘဲ ကျွန်တော်ခံစား ဆုံးဖြတ်ပုံကို သိစေလိုရင်းသာ ဖြစ်ပါတယ်။

 ကျွန်တော် ငယ်ငယ် ကျွန်တော့်အဖေရှိစဉ်က ကျွန်တော်တို့အိမ်မှာ နိုင်ငံရေးသမားတွေ မကြာ မကြာ လာကျက်စားတတ်ပါတယ်။ အဲသည်တုန်းက နိုင်ငံရေးသမားဆိုတာ NLD ကပဲရှိတာပါ။ သူတို့ကို ခမောက်တွေလို့ ကျွန်တော်တို့က ခေါ်ပါတယ်။ ကျွန်တော်တို့ မတ္တရာမြို့ကို အရင်က အညိုရောင်နယ်မြေလို့ အစိုးရက သတ်မှတ်တာပါ။ ဘာလို့ဆို NLD အမာခံတွေ ပေါလို့ပါ။ အခုဆုံးသွားပြီ ဖြစ်တဲ့ ဒေါက်တာ အောင်ငွေဆိုရင် NLD ကလူဟောင်းတွေ သိကြမှာပါ။ နောက်ထပ် ကျွန်တော်နာမည် မမှတ်မိတော့တဲ့ နာမည်ကျော် လူတွေလည်း ရှိပါသေးတယ်။ သူတို့ထဲက တချို့လည်း ထောင်ကျပါတယ်။ ပြန်လွတ်လာတော့လည်း ဒါကို ဆက်လုပ်တာပါပဲ။ အဲသည်တုန်းက NLD ကို အစိုးရက တော်တော်လေး နှိပ်ကွပ်ပါတယ်။ ကျွန်တော့်အဖေက NLD ကမဟုတ်ပါဘူး။ နိုင်ငံရေးလည်း စိတ်ဝင်စားမယ် မထင်ပါဘူး။ ဒါပေမယ့် သူတို့နဲ့ အဖေက တော်တော် အဖွဲ့ကျပါတယ်။ အဲသည်တော့ ကျွန်တော်က သူတို့အကြောင်း တော်တော်သိပါတယ်။ တချို့ဆို ထောင်ကျမယ်မှန်းသိသိကြီးနဲ့ လုပ်တယ်ရယ်လို့ လေးစားမိသလို ရှိမိပေမယ့် သူတို့ထဲမှာ အဲသည်အချိန်ကတည်းက ကျွန်တော် လေးစားလို့ မရတဲ့လူတွေပါပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး နေအိမ်အကျယ်ချုပ် မကျမီ နယ်လှည့်ဟောပြောပွဲတွေလုပ်တော့ ကျွန်တော်တို့ မတ္တရာကို မလာမီ နိုင်ငံရေးပါတီတွေ တရုံးရုံးဖြစ်နေပါတယ်။ ပါတီတွေဆိုတာက NLD နဲ့ ပြည်ခိုင်ဖြိုးပါ။ ပြည်ခိုင်ဖြိုး ကလည်း လူတွေငှား၊ ကားတွေငှားပြီး လော်တွေနဲ့ အလိုမရှိဆိုင်းဘုတ်တွေ ထောင်ပြီး ဆန္ဒပြ၊ ဒေါ်စု ထောက်ခံသူတွေကလည်း တရုံးရုံးပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောသွားတာက ကျွန်တော်အိမ်ရဲ့ အရှေ့ဘက်ကပ်လျှက်က တိုက်ပေါ်က နေဟောတာပါ။ ကန့်ကွက်သူများ ကလည်း လော်ကြီးနဲ့ ကားနဲ့လှည့်ပြီး အော်တာပေါ့။ အဲသည်အော်တဲ့ ကားပေါ်က မိန်းမနဲ့ ထောက်ခံသူ ဘုန်းကြီးတစ်ပါး ပြဿနာတက်ပြီး မြေကြီးပေါ်မှာ လုံးသတ်ကြပါတယ်။ ဘုန်းကြီးက အဖေ့သူငယ်ချင်းပါ။ ဒေါ်အောင်ဆန်းစုကြည် လာကာနီးနှစ်ရက်လောက် အလိုကမှ ရည်ရွယ်ချက်နဲ့ ဘုန်းကြီးဝတ်ထားတာပါ။ မိန်းမက ပြည်ခိုင်ဖြိုးကပါ။ သူ့ကို ဘုန်းကြီးက လက်သီးနဲ့ နှစ်ချက်ထိုးပါတယ်။ ဒီအဖြစ်အပျက်ကို ကျွန်တော်က မျက်ဝါးထင်ထင် တွေ့တာမို့ နှစ်ယောက်လုံးဟာ ရန်လိုနေတာကြောင့် ဖြစ်တယ်ဆိုတာ သိပါတယ်။

 နောက်နေ့ အဲသည်ဘုန်းကြီး အဖမ်းခံရပြီး နောက်တော့ ထောင်ကျပါတယ်။ မိန်းမကတော့ ခံရသူမို့ အရေးယူမခံရပါဘူး။ အဲသည်အဖြစ်တွေကို ရေဒီယိုကနေ ကြေငြာတဲ့ နိုင်ငံခြားသတင်းတွေမှာ တမျိုး၊ အစိုးရ လက်အောက်ခံ သတင်းတွေမှာ တစ်ဖုံ လိုရာစွဲပြီး ပိုပိုသာသာ ကြေငြာကြပါတယ်။ အဲသည်မှာ ကျွန်တော်က နိုင်ငံရေးနဲ့ပတ်သက်ရင် တော်ရုံ သိပ်မယုံတတ်တော့ပါဘူး။ နှစ်ဘက်လုံးမှာ အမှန်သိပ်မရှိဘဲ ဉာဏ်ကစား နေတတ်တာမျိုးပါ။

 ဟိုစဉ် အင်မတန် ကြပ်ကြပ် တည်းတည်းဆောင်ရွက်ရတဲ့ အချိန်တုန်းကတောင် NLD လိုပါတီမျိုးက လူတွေအပေါ် အကုန်မယုံတတ်ခဲ့တဲ့ ကျွန်တော်ဟာ ယခု ဦးသိန်းစိန် အစိုးရလက်ထက်ကျမှ ခါတော်မီ ပေါ်လာတဲ့ မိုးကျရွှေကိုယ် ဒီမိုသမား အများစုကို သိပ်အထင်မကြီး တတ်ခဲ့ပါဘူး။ အစိုးရ၊ အတိုက်အခံ နှစ်ဘက်လုံးမှာ ကျွန်တော့်ပုဂ္ဂလဓိဋ္ဌာန် အမြင်အားဖြင့် သဘောမကျနိုင်တာတွေ အများကြီးပါ။ ကျွန်တော်က တစ်ဖက်တည်းမှာနေပြီး တစ်ဖက်သတ် ကြည့်မြင်ရတာမျိုးထက် နှစ်ဖက်လုံးကို တတိယလူအဖြစ် ကြည့်နေရတာကိုသာ နှစ်သက်သူပါ။ နောက်ပြီး ကျွန်တော်က နိုင်ငံရေးဆိုသဟာနဲ့ မိတ်ဆွေလောက်သာ ဖြစ်လိုပါတယ်။ ဆွေမျိုးမတော်ချင်ပါဘူး။

 ဒါပေမယ့် သည်စာအစမှာ ကျွန်တော်ရေးထားသလိုပါပဲ။ လူဆိုတာ နိုင်ငံရေး သတ္တဝါ ဆိုတဲ့ အဆိုဟာ တကယ်ပင်မှန်လေသလား မသိ။ အခုလောလောဆယ် နိုင်ငံရေးက ကျွန်တော့်ကို ပင့်လက်သီးတစ်လုံးဖြင့် အရှိုက်ကို ထိုးလိုက်ပါသည်။ ကျွန်တော်တော်တာ် ဖြုံပါသည်။ ကျွန်တော်သည် ခြေင်္သေ့မဟုတ်ပါ။ ကျွန်တော်သည် ဒေါင်း မဟုတ်ပါ။ ကျွန်တော်သည် တတိယအမြင်ဖြင့် စာရေးလိုသူသာ ဖြစ်ပါသည်။

 သို့သော် အများစုလက်ခံထားသည်က နိုင်ငံရေးမှာ ကြားနေမရှိဆိုသည်ပင်။ ပြည်သူဆိုသော ပုဒ်ကို မိမိလိုရာဆွဲ အဓိပ္ပါယ်ဖွင့်ရင်း ကိုယ်နှင့် သဘောမတူသူကို တိုက်ခိုက်ကြသည်။ တစ်ယောက်က တစ်ယောက်ကို၊ တစ်ဖွဲ့က တစ်ဖွဲ့ကို ပုတ်ခတ်ကြသည်။ ကျွန်တော်တို့သည် မည်သည့်ပုံစံဖြင့် ရှေ့ဆက်ကြမည်နည်း။ ပြစ်တင်မောင်းမဲခြင်းဖြင့် ဖွဲ့တည်အပ်သော လောကသည် ဒီမိုကရေစီ တံဆပ်ကပ်သော်လည်း နေပျော်သောအဖြစ်ကို ရလိမ့်မည် မဟုတ်ပါ။

 အစိုးရ၊ အတိုက်အခံ နှစ်ဖက်လုံးတွင် ပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံရေးကို တတိယအမြင်ဖြင့် လေ့လာနေသူများသည်လည်း ပြည်သူများပင် ဖြစ်ကြပါသည်။ ထိုသူများကို
ရန်သူအဖြစ် သတ်မှတ်ပုတ်ခတ်နေခြင်းသည် သဘောကြီးရာမကျပါပေ။ မိမိနှင့် အမြင်မတူသည်ကို လက်ခံပေးနိုင်ခြင်းသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရ တစ်ခုဖြစ်ပါသည်။ အစိုးရမဟုတ်၊ အတိုက်အခံလည်းမဟုတ်သော တတိယလူ ပြည်သူများ၏ ခံစားချက်ကို ပုတ်ခတ်ခြင်းမရှိဘဲ နားလည်စာနာပေးခြင်းသည်ပင် မြန်မာ့ ဒီမိုကရေစီလမ်းစဉ်ကို ပိုမို ရုပ်လုံးပေါ်အောင် ဆောင်ရွက်ခြင်းမည်ပါပေသည်။

အောင်မျိုးသူလွင်

(၂၂ ဒီဇင်ဘာ ၂၀၁၄ ထုတ် မြန်မာခေတ်ဂျာနယ်)

Wednesday, September 3, 2014

ချစ်သူသိစေ မေ့မျက်ရည်

အသည်းကွဲတယ်ဆိုတဲ့ နာမလေးတောင် တပ်ခွင့်မရဘဲ ခံစားချက်ကို မျိုသိပ်နေရတဲ့ မိန်းမတစ်ယောက်ဆီက မောင်ဘာများ ထပ်လိုချင်သေးတာလဲမောင်။ 

သည်လိုပြောတော့ မောင်က စိတ်ဆိုးဦးမယ်။ ကျမ မောင့်လို စာလှအောင် မရေးတတ်ဘူးမောင်ရဲ့။ ကျမရေးတဲ့ စာကို ခံစားပေးမယ့် ပရိတ်သတ်လည်း မရှိပါဘူး။ ယုတ်စွ အဆုံး မောင်ကိုယ်တိုင်ကတောင် ကျမ ခံစားချက်တွေကို ပြက်ရယ်ပြု၊ မသိချင်ဟန်ဆောင် သလိုနဲ့ ဘယ်နှခါများ ကျမသည်အကြောင်းပြောရင် သေချာနားထောင်ဖူးလို့လဲကွယ်။

ကျမက မောင့်စာတွေဖတ်ရင်း မောင့်ဘဝထဲကို သွားချင်မိတဲ့ နေရာလွဲ ပစ္စည်းတစ်ခုလေလား။ ကျမဘက်မှာ ကျမရပ်နေတုန်းကတော့ ကျမလည်း ကျမတန်ဖိုးနဲ့ ကျမ နိမ့်ကျသူတစ်ယောက် မဟုတ်တာ မောင်လည်းအသိပါ။ ကျမမှာ လူရိုသေ၊ ရှင်လေးစား ဘဝတစ်ခုရှိတယ်မောင်။ ကျမမှာ ကျမကို လေးစားသမှုထားတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိတယ်မောင်။ ကျမကို သိပ်ချစ်တဲ့ မိဘမောင်ဘွားတွေကိုတောင် ကျောခိုင်းပြီး မောင့်ဘဝထဲကို လာချင်မိတဲ့ အပြစ်တောင်မည်လား မသိတဲ့ အချစ်အတ္တလေး တစ်ခုနဲ့တင် အခု ကျမကိုယ် ကျမ အမှိုက်တစ်စလို ခံစားရအောင် မောင်ကလုပ်ရက်တယ်။

ကျမက မိန်းမသားပါမောင်။ ပတ္တမြားရတု ကျော်ကျော် သည်အသက်နဲ့ကျကာမှ ကလေးတွေလို အသည်းကွဲပြရမှာလား။

မောင်က ကျမကို ချစ်တယ်လို့တောင် မပြောဖူးဘူးနော်။ တကယ်တော့ ကျမမှာ အသည်းကွဲတယ် လို့တောင် အမည်တပ်ခွင့်မရှိလောက်အောင် မောင့်ဘက်က စေ့စပ်သေချာလွန်းတယ် ဆိုရလေမလား။

မဟုတ်ဘူးမောင်။ ကျမ မောင့်ကို အဲသည်လိုလည်း အပြစ် မတင်ရက်ပါဘူး။ မောင်က ကျမကို မချစ်ပေမယ့် ကျမက မောင့်ကို့ အဲသလောက်ထိ ရူးတာခဲ့တာပါ မောင်ရယ်။

မောင်ရေ မောင့်ဘက်က ပိုင်ဆိုင်လိုစိတ်မရှိတဲ့ အခါ၊ ကျမဘက်က စွန့်စားမယ်ဆိုတာကြီးက သဲထဲရေသွန် ဖြစ်ပါရောလား။ ကျမကို မောင်ကမဆောင်ကြဉ်းနိုင်ရင် ကျမက 

မောင့်ကိုဆောင်ကြဉ်းမယ်လို့ စိတ်ပိုင်းဖြတ်ကာ ချစ်ခဲ့ပြီးပါမှ အခုမောင်က နေမြဲဆိုတော့ ချစ်ပြီးသားနှလုံးသားက သူ့ အင်နားရှားကို သူမနိုင်ဘူးမောင်ရဲ့။

ရှေ့ကသွားစရာလည်း မလိုပါဘူး၊ နောက်ကလိုက်ပါလို့လည်း မောင့်သိက္ခာကို အကျခံပြီး ကျမ မဆိုရက်သလို ကျမနားမှာပဲ နေပါမောင်ရယ်လို့ ပြောပြီး ဖြစ်သမျှလောကဓံ ကို မောင့်ရင်ငွေ့လှုံပြီး ကျမတစ်ယောက်တည်း ရှင်းရဲလောက်အောင်ထိ ကျမဘက်က သတ္တိရှိခဲ့ပါတယ်။

အခုတော့ မောင့်ဘက်ကစပြီး အသည်းကွဲနေသလိုလို ကြေငြာတော့ မောင်နဲ့ပေါင်းရဖို့ အရာရာကို ရင်ဆိုင်မယ်လို့ မြနေအောင်သွေးထားတဲ့ ကျမစိတ်ဓါတ် ဓားသွားက မပဲ့ရပါဘဲ၊ ဘာမဆို တုံဏိဘာဝေ ဆိတ်ဆိတ်နေနိုင်လွန်းတဲ့ မောင့်ရဲ့ အချစ်အာမခံ နှလုံးသားကြီးက အနှောင့်ပိုင်းက နာပြနေသလိုပဲမောင်။ ဒါပေမယ့် အခုထိ ကျမ ညံ့နေသေးတာက ကိုယ့်ဘက်က အမှန်တကယ် ခံစားနေရသမျှကို ပိုပိုသာသာ မပြောနဲ့ တိတိပပတောင် တစ်ပါးသူနားဝင်အောင် မပြဆိုတတ်သေးတာပါပဲ မောင်ရယ်။

မောင်က ထားခဲ့မယ် ပြောတဲ့အခါ ကျမက အလွမ်းဆိုတာကို တယုတယ ကောက်ပြီး အမှတ်တရ သိမ်းထားမှာပေါ့မောင်။ မောင်က သွားတော့လို့ ပြောတဲ့အခါ ကျမက အစွန့်ပစ်ခံ နှလုံးသားကို လူမမြင်အောင်သိုဝှက်ရင်း သတိရတိုင်း ထုတ်ကြည့်၊ အရသာရှိရှိ ငိုမှာပေါ့မောင်။ အခုတော့ ကျမကပဲ မောင့်ကို ထားခဲ့လေသယောင်၊ ကျမကောင်းစားဖို့ပဲ မောင်က 

ကျမကို စွန့်လိုက်လေသယောင် မောင့်ဘက်က ကြေငြာတော့ ကျမဘက်က ဗီလိန်ဆိုတဲ့ ဘဝကိုပဲ အမှတ်တရ သိမ်းရတော့မလား မောင်ရယ်။

ပိုက်ဆံတွေ ကျမဘာလုပ်ရမလဲ၊ ကျမနဲ့ယူလို့ တူနှစ်ကိုယ် တဲအိုပျက်လည်း မောင်နေရမှာ မဟုတ်သလို ကျမကိုယ်တိုင်လည်း ထမင်းရည် လျက်စရာမလိုလောက်အောင် ကျမတို့မှာ သင့်တင့်တဲ့ အခြေအနေတွေ ရှိပြီးသားပါမောင်။ ကျမတို့ အသက်က ဆယ့်ခြောက်နှစ်မဟုတ်သလို မောင့်ကို ချစ်တာလည်း လေတိုက်လို့ သစ်ရွက်အကြွေမှာ ပြုံးမိရင်း ဖြစ်လာတာမျိုးထက် အများကြီး လက်တွေ့ဆန်ခဲ့ပါတယ်။ ကျမက ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်းရတယ် ဆိုတာမျိုးထက် မောင့်လက်မောင်းပေါ်ခေါင်းအုံး အိပ်ရတဲ့ ဘဝကိုပဲ ပိုလို့ စိတ်ကူးယဉ်မိသူပါမောင်။

မောင့်ကို သတ္တိမရှိဘူးလို့ ကျမ မစွပ်စွဲရက်သလို၊ ကျမကို မိုက်ရူးရဲ ဆန်တယ်လို့ လည်းမောင်က မသမုတ်ပါနဲ့။ ပေါင်းရဖို့ မရှိတဲ့နောက် အချစ်ဆိုတာ ကြိုးပြတ်သွားတဲ့ လေတံခွန်လိုပဲ မောင်ရဲ့။ အခုကျမစိတ်တွေ ဦးတည်ရာမဲ့ နေရပြီလေ။ ကျမတို့နှစ်ယောက်ကြားမှာရှိတဲ့ အချစ်ဆိုတဲ့ ကြိုးလေးကို မောင်ဘာလို့ တင်းတင်းကိုင်မထားနိုင်တာလဲ ဟင်။

ပြောရက်လိုက်တာ မောင်ရယ်။ အချစ်ဆိုတာ ခန္ဓာဗေဒအရ လိုအပ်ချက်တစ်ခုတဲ့လား။

ကျမက စာရေးဆရာ မဟုတ်ပါဘူးမောင်။ ဒါပေမယ့် မောင့်ကို မေးချင်ပါရဲ့။ ရင်ထဲက နှလုံးသားကြီးကို ကျမ လွှင့်ပစ်လိုက်ရတော့မလား မောင်။ အချစ်ဆိုတာ ဘဏ်မှာငွေလွှဲသလို သည်ဘက်မှာ အသွင်းပြတိုင်း ဟိုဘက်မှာ တန်ဖိုးတူတာမထွက်ဘူး မောင်ရဲ့။ ကျမက မောင့်ကို ချစ်သလို အခြားတစ်ယောက်ကို သည်အတိုင်းချစ်နိုင်လိမ့်မယ်လို့ မောင်ဘာကြောင့် တွေးရက်နိုင်အားတာလဲ။ မောင်ရေ ဘာသာမဲ့ လို့သာ ကျမ ကြားဖူးပါရဲ့၊ အချစ်မဲ့တဲ့လူဆိုတဲ့ ဝေါဟာရ အသစ်ကို ကျမ နားယဉ်သွားအောင် မောင်က ရိုက်သွင်းနေလေသလား။ မောင့်နှလုံးသား ဘာသာဗေဒမှာ အချစ်ဆိုတာ ရုပ်သဘောပဲ ကြီးစိုးနေလေသလား မောင်ရယ်။

အခုတော့ မောင်က ကျမချစ်ဖူးတဲ့ မောင်နဲ့ မတူတော့သလိုပဲ။ ညညကျမ စိတ်ညစ်ညစ်ရှိတိုင်း ဖုန်းလေးနဲ့ ချော့သိပ်တတ်တဲ့ မောင်က အခုဆို ဖုန်းဆက်တိုင်း ကျမတစ်ခုခုကို တောင်းဆိုလိုက်မှာ ကြောက်နေသလို အငွေ့အသက်တွေ ပြနေတော့ ကျမ မခံစားနိုင်ဘူးမောင်။ အရင်လို တိုင်းရေးပြည်ရေး နိုင်ငံ့အရေးတွေ ဆွေးနွေးတဲ့အခါတိုင်း ပြတ်သားတဲ့ မောင့်အတွေးအခေါ် ဆုံးဖြတ်ချက်တွေကို အထင်တကြီး အားကျမိတဲ့ ကျမ၊ အချစ်နဲ့ကျကာမှ ဦးနှောက်လောက် မပြတ်သားနိုင်တဲ့ မောင့်နှလုံးသားက ကျမနဲ့ ပတ်သက်ပြီး သံယောဇဉ် တစ်မျဉ်လေးတောင် မတင်းတာ အံ့လည်း ဩပါရဲ့မောင်ရယ်။

မောင်က ကျမ နှလုံးသားကို နိုးထစေခဲ့သူပါ။ ကျမ မောင့်လောက် ဘယ်တစ်ယောက်ကို မှ ချစ်နိုင်တော့မှာ မဟုတ်ဘူးမောင်။ မောင့်ကို အပိုင်ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ အဲဒါ ကျမ ကံလို့ပဲ မှတ်ပါတယ်။ ဒါပေမယ့်မောင်ရယ်၊ အချစ်လား၊ အလွမ်းလား၊ စွန့်ပစ်ခံရခြင်းလား တစ်ခုခုပေါ့မောင်ရယ်၊ နောက်ဆုံးအနေနဲ့ပဲ ဖြစ်ဖြစ် ကျမကို စစ်မှန်တာတစ်ခုခုပဲ ပေးပါ။ ကျမ ဘဝ တစ်လျှောက် မြတ်မြတ်နိုးနိုး သိမ်းယူသွားချင်လို့ပါ။

ကျမသေဆုံးတဲ့ အခါ နှလုံးသားကို ခွဲကြည့်ရင် ကျောက်ဖြစ်ရုပ်ကြွင်းလို ပုံမပျက်ရှိနေမယ့် အဲသည်တစ်ခုခုကို ကျမ စစ်မှန်တာလေး ဖြစ်စေချင်ပါတယ်။

ကျေးဇူးပြုပြီး သူတကာ အထင်လွဲအောင် အသည်းကွဲ ကြေငြာစာတမ်းတွေလည်း မထုတ်ပါနဲ့တော့။ ကျမကို လည်း ဗီလိန်မလုပ်ပါနဲ့တော့။ မောင်ကျေနပ်မယ်ဆို ကျမနှလုံးသားကို နင်းသွားလိုက်ပါမောင်။ သို့သော် စစ်မှန်တဲ့ နင်းခြေ ခြင်းမျိုးတော့ ဖြစ်ပါစေပေါ့။ ကျမက မောင်ကလွဲရင် ဘာမျှ မလိုချင်သူမို့ ကျမကောင်းစားဖို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့တော့ အသည်းကွဲ မပြပါတော့နဲ့လား မောင်ရယ်။ နောက်ဆုံးအနေနဲ့ မောင်ပေးတဲ့ စစ်မှန်ခြင်းတစ်ခု ကျမ သိမ်းထားချင်လို့ပါ။

မောင်က လိုချင်တယ်ဆို ကျမ အားလုံးပေးခဲ့တာပဲမောင်။ မောင်က ငြိုညင်တယ်ဆို ပြောလက်စ စကားကိုတောင် ရပ်ပြီး ကျမ တိတ်ဆိတ်ပြခဲ့တာပဲ။ နှစ်ကိုယ်မကြင်ရတဲ့ ဘဝမှာ မောင့်ဆီက လိုချင်မိတဲ့ တစ်ခုခုဟာ အချစ်ဖြစ်ရမယ်လို့ ကျမ မဆိုပါဘူး။

အခုခေတ်မှာ အစစ်ဆိုတာရှားတယ် မောင်ရဲ့။ အချစ် စစ်စစ်။ အမုန်း စစ်စစ်။ အလွမ်း စစ်စစ်။ စွန့်ပစ်ခံရခြင်း စစ်စစ်။ တစ်ခုခုပေါ့မောင်ရယ်။ ကျမ လက်ခံနိုင်လောက်မယ့် တစ်ခုခုနဲ့ ကျမနှလုံးသားကို ဘဝတစ်သက်စာ မြှုပ်နှံ ပစ်လိုက်ချင်လို့ပါ။ (Look မဂ္ဂဇင်း)

အောင်မျိုးသူလွင်
၀၃/၀၉/၂၀၁၄
ဗုဒ္ဓဟူး
နေ့လည် ၀၂:၃၆

Tuesday, August 19, 2014

ကြည်နုခေတ်နှင့်တွေ့ဆုံခြင်း

ကြည်နုခေတ်နှင့် တွေ့ဆုံခြင်း

စာရေးဆရာမ ကြည်နုခေတ် မန္တလေးကို လာတယ်ဆိုတော့ ကျွန်တော့်မှာ အပြေးအလွှား သွားတွေ့ဖို့ပြင်ရပါတယ်။ ကျွန်တော်က သူ့ကဗျာတွေ စာတွေဖတ်ပြီး နှလုံးသားကို အာဟာရ ဖြည့်နေသူလေ။ ဆရာမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ မြန်မာ့ရိုးရာ စောင်းကောက်ကြီးကို မျောက်အုန်းသီးရသလို ချစ်စဖွယ် ကိုင်တွယ်သုံးသပ်နေပုံလေး တက်လာတော့ ကျွန်တော်ဟာ ပထမဆုံး နှစ်သက်သဘောကျသူအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ လိုက်ဘတ်တွန်ကို အပြေးအလွှား နှိပ်သော်ငြား မိမိထက် လက်သွက်သော ကဗျာဆရာ ငကျော်စွာက ဦးသွား၍ ဒုတိယနှင့်သာ ကျေနပ်ခဲ့ရလေသည်။ ဤသည်မှာ ကျွန်တော်၏ ဆရာမအပေါ်ထားသော လေးစားချစ်ခင်စိတ်ကို ဖော်ပြသော ဥပမာတစ်ခုမျှသာ ဖြစ်ပါသည်။

ဆရာမတည်းခိုသော တည်းခိုခန်းသို့ ရောက်ပြီး ကျွန်တော်လာရောက်တွေ့ဆုံကြောင်း စကားပါးပြီးသည်၏ အခြားမဲ့၌ ဆရာမ တောက်တိုခိုင်းရန်ခေါ်လာဟန်ရှိသော ပုံမကျ ပန်းမကျ အသားဖြူဖြူ အမျိုးသမီး တစ်ယောက် ကျွန်တော့်ရှေ့သို့ ရောက်လာရာ ကျွန်တော်မှာ အရှင်မနှင့် တွေ့ရန်လာသူသည် အစေခံကို အဖက်လုပ်ရိုးမရှိ သကဲ့သို့ ထို အမျိုးသမီးအား သာမာန်ကာလျှံကာမျှပင် ကြည့်ရှုသုံးသပ်ပြီး

"ဆရာမ ကြည်နုခေတ်က ဆင်းမလာသေးဘူးလား"ဟုသာ မေးမိပါသည်။

"ဒမာ၊ ကြည်နုခေတ်ဆိုတာ ကျုပ်ပဲဗျ" ဆိုတော့မှ ကျွန်တော်သည် အပြေးအလွှား အားနာသွားမိ၏။

"အာ ဆရာမရာ အားနာလိုက်တာ၊ ကျွန်တော်က သည်ရုပ် သည်ရည်နဲ့ဆိုတော့ ဆရာမကို ဆရာမလို့မထင်ပဲ၊ ဆရာမခိုင်းတဲ့ အဒေါ်ကြီး မဟုတ်ရင် သည်တည်းခိုခန်းက အိပ်ယာခင်းလျှော်တဲ့ မိန်းမကြီး များလားဆိုပြီး"

"တော်တိတ် ပေါက်ကရတွေ၊ စာရေးဆရာမဆိုတာ သည်ပုံသည်ပန်း မရှိလို့ ခေါင်းမှာချိုပေါက်ရင်ပေါက်၊ မပေါက်ရင် နင့်လို ဘုရားရွှေပွတ်မယ့် ဂေါပကလိုလို ပုံပေါက်နေရမလားဟဲ့ ငနာကောင်ရဲ့"

ကျွန်တော်သည် အင်မတိအင်မတန် အားနာသွားရင်းက၊ စကားပြေပြောရင်း မိမိကိုယ်ကို မိတ်ဆက်ရပါတော့သည်။

"ကျွန်တော် အောင်မျိုးသူလွင် ပါဆရာမ"

"သိတယ် တို့ မင်းရေးတာတွေ အကုန် သဘောကျတယ်၊ တစ်ပုဒ်မှတော့ မဖတ်ဖူးဘူး"

"ခင်ညာ တစ်ပုဒ်မှ မဖတ်ဖူးဘဲ ဆရာမက ကျွန်တော့်စာတွေ ဘယ်လို သဘောကျလဲဟင်"

"ဒီလိုလေ တို့က လူတစ်ယောက်ကို သူ့စာတွေ မဖတ်ဖူးခင်ဆို သဘောကျပြီးသားပဲ၊ အဲ သူရေးတာတွေ ဖတ်ပြီးလို့ သောက်ညင်ကပ်လာရင်တော့ ပြင်မရတတ်ဘူးရယ်။ အဲဒါကြောင့် မင်းကိုသနားလို့ မင့်စာတွေဆို ကျော်ဖတ်တယ်"

ကျွန်တော်လည်း သူပြောမှ မိမိကိုယ်ကို အင်မတိ အင်မတန် သနားသွားရင်းက ဝမ်နည်းသလိုလိုလည်း ဖြစ်လာကာ မိမိစိတ်ကို မနည်းကြီး ငြိမ်အောင်ထိန်းရင်း အချင်းချင်း အဆင်ပြေစေရန် မြှောက်ထိုးပင့်ကော် ပဋိသန္တာရ စကားကို ဆက်ရပါတော့သည်။

"ဆရာမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အင်အားရှိတဲ့ စာတွေ အများကြီးရေးနိုင်တာပဲနော်၊ ကျွန်တော့်အထင် ဆရာမဟာ ဘယ်နည်းနဲ့မှ လေးဆယ်ကျော်ဦးမယ် မဟုတ်ဘူး၊ အလွန်ဆုံး ကျွန်တော့်ထက်ကြီးလှ လေးငါး ခုနစ်နှစ်ပဲ"

ဆရာမကြည်နုခေတ်၏ မျက်နှာသည် ရုတ်ချည်း သုံးရက်ခန့် မရောင်းရသော ဘူးသီးနုနုကို နေပူမိထားသလို ညိုမဲရှုံ့တွ သွားရင်းက "ကျမအသက်က အခုမှ နှစ်ဆယ့်လေး ရှိသေးတယ် ဂေါပက ရဲ့" ဟု အငေါ်ပြန်တူးပါတော့သည်။

ကျွန်တော်က သူ့ နဂိုရှိရင်းအသက်ဟု ကျွန်တော်တကယ်ထင်နေသည်ထက် ထက်ဝက်မျှ လျော့ပြီး ပြောလိုက်ခြင်းဖြစ်ပါသည်။ ယခုမူ မျက်နှာမရပဲ ခြေကျောက်ရမလို အဖြစ်မျိုး။ သို့သော် ဆရာမက အင်မတန် သဘောကောင်းသူဖြစ်၍ သည်းညည်းလည်း ခံနိုင်ရှာပါပေသည်။

"ဒမယ် ခင်ဗျား နာမည်က ရှည်လွန်းတယ်၊ အဲသည်တော့ ကိုအောင်ညိုးပဲ ခေါ်မယ်၊ အဲဒါ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ"

"ဟုတ်ကဲ့ သဘောရှိသလိုခေါ်ပါ ဆရာမ။ ကိုအောင်မျိုး ဆိုတာမှ ရှည်နေသေးရင်လည်း နောက်က အောင်မျိုးဆိုတာပါ ဖြုတ်ပစ်လိုက်ပြီး ရှေ့ဆုံးတစ်လုံးတည်းပဲ ခေါ်ပါ၊ ကျွန်တော် စိတ်မဆိုးပါဘူး"

"အောင်မယ် သည်အဆင်နဲ့ သည်အဆင် အဲလို ခေါ်စရာလား၊ အခုပဲ အပြင်ထွက်ကြည့်ပါဦး၊ ဘေးလူမြင်ရင် ဖအေကြီးကပဲ သမီးကိုဘုရားလိုက်ပို့ သလိုလို ထင်ကြမှာ မြင်သေး"

ဤ၌ စောစောက ကျွန်တော်သည် ကျွန်တော့်နာမည်ကို ဆရာမကြည်နုခေတ်က အောင်ညိုးဟု ခေါ်သည်ဟု ရေးသားခဲ့ရာ ဆရာမနှင့် မသိ မခင်ဖူးသူများက ဆရာမကို စကားမပီလေသလော၊ သို့မဟုတ် လျှာခင်ပင်တွဲလေသလောဟု သံသယ ဖြစ်ကြမည်ကို စိုးမိပါသည်။ ဆရာမ လျှာခင် တွဲမတွဲကိုမူ ကျွန်တော်မှာ လေ့လာရန် အခွင့်မရှိ၍ သေချာစွာမသိသော်လည်း ဆရာမမှာ စကားပီသူ ဖြစ်သည်ကိုမူ ကျွန်တော် အာမခံပါသည်။ သို့သော် သူကျွန်တော့်ကို တလျောက်လုံး ကိုအောင်ညိုးဟု သာခေါ်ပါသည်။ ထိုသို့ခေါ်တိုင်းလည်း ကျွန်တော်မှာ စိတ်ယားလှပါသည်။

"ခင်ဗျား ကြည့်ရတာလည်း ကွမ်းတဗျစ်ဗျစ်နဲ့"

"ဟုတ်ကဲ့ ဆရာမ မကြိုက်ရင် ကျွန်တော် မဝါးတော့ပါဘူး"

"အို ဝါးပါ၊ ဝါးပါ။ ကျနော်က 'မင်းပြောတာကို ငါလက်မခံဘူး၊ သို့သော် မင်းဒီစကားကို ပြောခွင့်ရဖို့တော့ အသက် ပေးပြီး ဆောင်ရွက်ပေးသွားမယ်' ဆိုတဲ့ လူမျိုးပါ"

"ဒါဆို ဆရာမက ကွမ်းဝါးတာကို မကန့်ကွက်ပေမယ့် ကြိုက်တော့ မကြိုက်ဘူးပေါ့နော်"

"မန်းလေးသားလို့ မပြောရဘူး လျှာကလည်း ရှည်တာ၊ ပေးစမ်းပါ တစ်ယာလောက်" ဟုဆိုကာ ဇိုးခနဲ့ ဇတ်ခနဲ့ ကျွန်တော့် ကွမ်းထုပ်ကို ယူကာ သွားဖြဲနားဖြဲ ဝါးပါလေတော့သည်။

ထို့နောက် ကျွန်တော်လည်း သူသွားချင်သော မန်းတောင်ပေါ်သို့ လိုက်ပို့ရန် ဆိုင်ကယ်ကို မောင်းထွက်ခဲ့ပါတော့သည်။ ဆရာမသည် ရန်ကုန်သူ ပီပီ ယဉ်စည်းကမ်း လမ်းစည်းကမ်းကို အင်မတန်လိုက်နာသူ ဖြစ်သည့်အားလျော်စွာ ဆိုင်ကယ်ဦးထုပ်ကို အကျအန ဆောင်း၊ ဦးထုပ်လေကာမှန်ကို အကျအန ချပြီး ခန့်ခန့်ကြီးစီးလာလေရာ မသိသူ အချို့က ပထမဆုံး အမျိုးသမီး အာကာသ ယဉ်မှူး ဗလန်တီနာ(Valentina Tereshkova) လိုလို ထင်မှတ်မှားကြမည်လား မပြောတတ်ပါပေ။

ကျွန်တော်ကတော့ ဦးထုပ်ကိုမဆောင်း၊ လက်ကိုင်မှာချိတ်ပြီး စကားလေး တပြောပြော ကွမ်းလေး တမြုံ့မြုံ့ လမ်းဘေးကို ကွမ်းသွေး တစ်ဗျစ်ဗျစ်ထွေးရင်း ချစ်ဖွယ်သော မန်းသားများ၏ အမူအယာကို ပေါ်လွင်စေလျှက်က ဆိုင်ကယ်မောင်းလာပါသည်။

"ဖြီး"

"အောင်မလေးဗျ၊ စပ်တယ်၊ စပ်တယ်။ သေပါပြီ"

ဆရာမ ကြည်နုခေတ်၏ ကျယ်လောင်စူးရှ အောင်မြင်လှသော အသံများဖြစ်ပါပေသတည်း။ ကျွန်တော်ဆိုင်ကယ် ရပ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ဆိုင်ကယ်ဦးထုပ် လေကာမှန်ကို မလျှက် မျက်နှာတစ်ခုလုံး နီရဲပြီး မျက်လုံးကိုစုံမှိတ်ကာ လက်နှင့် ပွတ်ပြီး အော်နေသော ဆရာမ၏ မျက်နှာကို ကွမ်းသွေးတို့ဖြင့် ရဲဗလောင်းခတ်လျှက် မြင်ရပါတော့သည်။

ဆရာမသည် ရှေ့မှ ကျွန်တော် ကွမ်းတဗျစ်ဗျစ်နှင့် လုပ်နေသည်ကို အားကျ၍လောမသိ၊ လမ်းဘေးဘက်သို့ လှည့်ပြီး သူ၏ မဟာခံတွင်းတော်မှ မြောက်မြားလှစွာသော ဝါးဖတ်တော် ကွမ်းများနှင့်တစ်ကွ တြာတြာရဲသော ကွမ်သွေးများကို ထွေးထုတ်တော် မူလိုက်ရာ သတိမေ့ပြီး ဆိုင်ကယ်ဦးထုပ်လေကာမှန်ကို မဖယ် လိုက်မိသောကြောင့် မျက်နှာတစ်ခုလုံး ရှက်သွေးမဟုတ်သော ကွမ်းသွေးများပေတူးလန်ကာ၊ မျက်လုံးထဲသို့ပါ ဝင်ကုန်ပြီး ဝရုန်းသုံးကား ဝူးဝူးဝါးဝါး ဖြစ်ကုန်ရပါတော့သည်။

"ကိုအောင်ညိုး ရေပေးပါ၊ ရေ ရေ၊ စပ်တယ်ဗျ"

"ဪ ဟုတ်ကဲ့ပါ ဆရာမ ရော့ ရော့၊ သောက်လိုက်ပါ၊ စောစောက ကျွန်တော်သောက်ထားတာ ဖင်ကပ်ပဲ ကျန်တော့တယ်ရယ်၊ မရွံတတ်ဘူးမို့လား။ သောက်သာသောက်"

"နင့်မေကလွား၊ စပ်တာက မျက်စိဟ၊ မျက်နှာသစ်ရမှာ၊ အဲသလောက်လေးနဲ့ ရမလား ငတုံးရဲ့"

"ဟုတ်ကဲ့ပါ ဆရာမ၊ ကျွန်တော် အနီးဆုံး ဆိုင်တစ်ခုကို ရောက်အောင် မောင်းနေပါတယ်"

"အား မူးဒယ်၊ မူးဒယ် အန်လည်း အန်ချင်တယ်၊ ဝု ၊ အာဝု"

"ဟင် ဆရာမ၊ အနော် ဘာမှလုပ်ဘူးနော်၊ အဲဒါ ဆရာမဘာသာ သွေးရိုးသားရိုး မူးတာ"

"နင်ကျွေးတဲ့ ကွမ်းတွေ စားပြီး အခုငါမူးတာလေ၊ အောင်မလေးသေပါပြီ၊ လောကကြီးလည်း ချာချာလည်ပြီး၊ ချွေးတွေလည်း ပြန်နေပါပြီ"

ထိုနေ့က မျက်လုံးကို စုံမှိတ်ပြီး ဒေါသတွေ အလိမ့်လိမ့်ထွက်ကာ အော်နေသော ပုံမကျပန်းမကျ အမျိုးသမီးတစ်ယောက်ကို တင်ပြီး မီးနီတွေပင် မရပ်ဘဲ ဆိုင်ကယ်ကို ဇွတ်မောင်းမောင်းသွားသော တောသားတရုတ်လို ပုံတုံးတုံး လူတစ်ယောက်ကို အရေးယူချင်ကြသော အကြင် မော်တော်ပီကယ် အပေါင်းသည် ဤစာကိုဖတ်မိပါက ဆရာမ ကြည်နုခေတ်ထံ ဒဏ်ကြေး တောင်းယူနိုင်ကြပါကြောင်း အသိပေးရပါသည် ခင်ဗျာ။

ဆိုင်ရောက်၍ ကိုယ်လက်မျက်နှာ သန့်စင်ခြင်းအမှုကို ပြုပြီးသည်နှင့် တပြိုင်နက် ဆရာမသည် ကျွန်တော့်အား ဆိုင်ကယ်ကို ဗရမ်းဘတာ မောင်းသည်ဟူသော ဆွဲချက်ဖြင့် ရစ်ပါတော့သည်။ သူသည် ရန်ကုန်မြို့တစ်ခွင် လှိုင်သာယာ မယ်နု ဟူသော နာမည်ဖြင့် အမွှေစိန် ဘွဲ့ကို ရရှိထားသူ ဖြစ်ရကား ကျွန်တော့်လို တောသားငပါမွှားမှာ သူရစ်သမျှ ရစ်မှန်းမသိ ခံရပါတော့ သည်။

"ဒမာ ခင်ဗျားအခုလိုမောင်းပုံ မျိုးနဲ့ကတော့ မြန်မြန် မသာပေါ်မှာ ပဲ"

"ဟိုဟာလေ ဆရာမပဲ မျက်စိစပ်တယ် မြန်မြန်မောင်းဆို"

"တော်တိတ်၊ အသက်ကို ဉာဏ်စောင့်သတဲ့ မှတ်ထား၊ ယာဉ်မောင်းတယ်ဆို လွယ်မှတ်နေလား"

"ကျွန်တော်ဘာများ လုပ်မိလို့ ပါလည်း ဆရာမရယ်"

"အောင်မလေး လူကြည့်တော့ ဘိုးမင်းခေါင်လိုလို၊ ဘိုးဘိုးအောင်လိုလို၊ အခုမှ အလှဖန်တီးရှင် အသံမျိုးနဲ့ ချွဲမနေစမ်းနဲ့၊ နားကြားပင်းကပ်တယ်။ အခု ခင်ဗျား အရက်သောက်ထားသလား ပြော"

"ဘုရားပေးပေး ကျမ်းပေးပေးပါဆရာမရယ်၊ အစောကြီးရှိသေးတာ မသောက်ရပါဘူး"

"ဘာမှ မပေးဘူး မသောက်ရသေးရင် အခုသောက်"

"ခင်ညာ"

"ခင်ညာ မလုပ်နဲ့ အခုသောက်ဆို သောက်၊ မသောက်ရင် ခင်ဗျားနောက်က မလိုက်ဘူး၊ အန္တရာယ်များတယ်"

"ဟိုလေ မူးရင်မမောင်းနဲ့၊ မောင်းရင် မမူးနဲ့ ဆိုတယ်မို့လား ဆရာမ"

"အောင်မယ် သူကများ ဘုန်းကြီးရှေ့က မသာထွက်ချင်နေသေးတယ် ဒီက ပြောသလိုသာလုပ်"

"ဟိုလေ ဆရာမ၊ နွားရှေ့ထွန်ကျူး တယ်လည်း မထင်ပါနဲ့ ကျွန်တော်က ဘာလို့သောက်ရမှာလဲ ဟင်"

"အန္တရာယ် ကင်းအောင်လို့ လေ"

"ဘယ်လို ဘယ်လို"

"အိတ်စကျုမီ၊ ပလိ၊ အိတ်စပလိန်း မီ ဆရာမ" ( နားမလည်၍ ရှင်းပြခိုင်းသည်ကို ဘိလပ်လို မအူတတ် အူတတ် အူထား ခြင်းဖြစ်ပါသည်။ ဤကား စကားချပ်။)

"ထွီ တံတွေး ကလည်းစင်တာ၊ ဒမယ်ငတုံးရဲ့"

"ဟုတ်"

"ဒီနေ့ အထိ ယာဉ်တိုက်မှု စာရင်းဇယား ထုတ်ပြန်ချက်တွေ အရ ယာဉ်တိုက်မှု တွေရဲ့ ၁၀% ဟာ မူးပြီးမောင်းလို့ ဖြစ်တာတွေပဲတဲ့"

"ဒါဖြင့် ဆရာမက အခုကျွန်တော့်ကို သောက်ပြီး မောင်းခိုင်းနေတော့ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူပြည်ကို စိတ်ကုန်နေပြီလားဟင်"

"တုံးတယ်ပြောရင်လည်း မျက်နှာပျက်သေးတယ်၊ ခင်ဗျားလို သုံးဆယ်ကျော်လို့မှ လူပျိုရည်မပျက်သေးတဲ့ သူကတောင် စိတ်မကုန်တာ ကျုပ်လို လူတကာ မငြင်းတဲ့ စူပါကွင်းက စိတ်ကုန်စရာလား"

"ဒါဖြင့် အကြွေးပူနေလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံမလို့လား"

"ဟဲ့ ဒမာ၊ ခင်ဗျားကြီး လော့ဂျစ် မသင်ဖူးဘူးလား"

"ဟုတ်ကဲ့ ဆရာမ ပညာမကြွယ်လို့ အားငယ်မိပါတယ်"

"အိမ်း ဒလိုလေ ဒလို၊ ခင်ဗျားကို အရက်သောက်ပြီး မောင်းခိုင်းတယ်ဆိုတာက"

"ဟုတ်"

"စောစောက ပြောတာလို ယာဉ်တိုက်မှု အားလုံးရဲ့ ၁၀% ဟာ မူးပြီးမောင်းလို့ ဆိုတော့ကာ လောဂျစ်ကယ် နည်းအရ စဉ်းစားတဲ့အခါ ကျန်တဲ့ ၉၀%ဟာ မမူးဘဲမောင်းလို့ ဖြစ်တာပဲ ဗျ။ ဟုတ်ဘူးလား။ ဒီတော့ အန္တရာယ် ကင်းအောင် မောင်းခါနီးတိုင်း သောက်ပါလေ"

ဤသို့ အင်မတန်မှတ်သား ဖွယ်ကောင်းသော ဆရာမ ကြည်နုခေတ်၏ လော့ဂျစ်ကယ် နည်းလေးကို ဖောက်သည်ချပြီးသည်၏ အခြားမဲ့၌ ကျွန်တော်မှာ ယခုရေးသားနေသော ကြည်နုခေတ်နှင့် တွေ့ဆုံခြင်း ဟူသည့် ဆရာမ ကြည်နုခေတ်၏ အတ္တုပ္ပတ္တိ တစ်စိတ်တစ်ပိုင်းရေးသား ခြင်းကို နိဂုံး ကမ္ပတ် အဆုံးသတ်ရပါသည်။ အကယ်၍ ကျွန်တော်က ယခုစာကို ဤ တွင် အဆုံမသတ်သော် ဆရာမ ကြည်နုခေတ်က ကျွန်တော့်အား အဆုံးသတ်ရန် မန္တလေးကို တစ်ခေါက် ပြန်တက်လာမည်ဟု ခြိမ်းခြောက်လာပါသောကြောင့် ကျွန်တော်မှာ လှိုင်သာယာ မယ်နု၏ အာဏာစက်ကို ကြောက်ကြောက်ဖြင့် မသတ်ချင့်သတ်ချင် အင်တင်တင်ဖြင့် ဤစာအား ဤနေရာတွေ နိဋ္ဌိတံစေရပါတော့သည်။

ကြည်နုခေတ် တစ်ယောက် စိတ်အေးချမ်းသာ ရှိပါစေသော်ဝ်။ ။

အောင်မျိုးသူလွင်
၁၉/၀၈/၂၀၁၄
အင်္ဂါ
နေ့ ၀၁:၃၅

Sunday, July 13, 2014

မနန်းကိုချစ်လို့ပါ

တစ်ခါတလေလည်း အစိုးမရတဲ့ ကိုယ့်စိတ်ကို အံ့ဩ ဒေါသဖြစ်မိရင်းက သူ့ကို ဆက်ချစ်နေမိသည်။ သူဆိုတာ ကျွန်တော့်နှလုံးသားရဲ့ ဘာသာတရားတစ်ခုလို ခံစားချက်ပြဋ္ဌာန်းတဲ့ အပြုအမူတိုင်းကို စိုးမိုးခြယ်လှယ်နေသူပေါ့။ ကျွန်တော်စာတွေဘယ်လောက် ဖတ်ဖတ် နှလုံးသားက ကိုးကွယ်မိတဲ့ အဲသည် ဘာသာတရားကို ကားမတ်ပြောခဲ့သလို ဘိန်းပါပဲလို့ မဆိုဝံ့ခဲ့တာတော့ သေချာသည်။ အသိစိတ်က ဘယ်လိုပင် လက်မခံချင်လည်း နှလုံးသားက သူ့ဆီမှာ ခေါင်းဝှေ့ချင်ခဲ့ဆဲ။

အချစ်လေပြင်းတွေ တိုက်လို့ တလိမ့်လိမ့် အပြေးလာခဲ့ရတဲ့ ကျွန်တော့်နှလုံးသား ခံစားချက်လှိုင်းတွေကို သူသည်ဘယ်တုန်းကမှ သောင်ပြင်ကမ်းစပ်က သဲနုနုတွေလို အမောဖြေ ချွေးသိပ်ပေးလေ့ မရှိဘဲ မာထန်ထန် ကျောင်ဆောင်တွေလို ခပ်မှန်မှန်သာ ဆက်ဆံတတ်တာမို့ သူ့နဲ့တွေ့တိုင်း ကိုယ့်အရှိန်နဲ့ကိုယ် ကိုယ်တိုင် ရင်အကွဲခံရင်း သူ့ခြေရင်းမှာ ပြန်ဆင်းခဲ့ရတာလည်း အခါခါ။ သူဆိုတာ ကျွန်တော် နှလုံးသားရဲ့ အရာရာပါလို့ ပြောလို့ရတဲ့ ပြဋ္ဌာန်းချက် တစ်ခုပါပဲ။

သူနဖူးက ဆံတံခွန်လေးနဲ့ သာမာန်ထက် ထူထဲပိရိတဲ့ နှုတ်ခမ်းလေးကပြုံးလိုက်တိုင်း လိုက်ပြုံးတတ်တဲ့ မျက်ဝန်းတစ်စုံရဲ့ အတွဲအစပ်မိမိ တိုက်စစ်မှာ ကျွန်တော့် ယောင်္ကျားမာန ခံစစ်တံတိုင်းလည်း ဖရိုဖရဲဖြစ်ပြီး သူတမင်တကာ သွင်းတာမဟုတ်တဲ့ ဂိုးတွေကို ကာကွယ်ချင်စိတ်မဲ့လောက်အောင် ကျွန်တော်ဟာ ရူးသွပ်သူ တစ်ယောက်ပါ။

သူလှတယ်ဆိုတာ လူတကာ ပါးစပ်ဖျားက ရေပန်းစားသော စကားတစ်ခုမို့ ကျွန်တော့်ရင်ထဲ ထိထိခိုက်ခိုက် မဖြစ်လှပါ။ သူများတွေ ပြောကြတဲ့ သူ့ကိုယ်ပေါ်က ရှိုက်ဖိုကြီးငယ် ဘယ်နှသွယ် ဆိုတာကိုလည်း ကျွန်တော် စိတ်မဝင်စားရိုး အမှန်။ ကျွန်တော်ဆိုတာ သူ့ အကြည့်တစ်ဝင့်စာနဲ့တင် ကျဆုံးခဲ့ပြီးသူမို့ သည့်ထက်ပိုပြီး ဘာမှ မမက်ခဲ့တာ သေချာသည်။ သူငယ်တန်းမှာတင် ကျရှုံးနေသူအတွက် ပထဝီဝင် သဘောတရားတွေ တွေးစရာ မရှိသလို ကျွန်တော့် အချစ်မှာ အဲသည်လို အဖိုအရှိုက်တွေနဲ့ အလိုလိုက်တဲ့ ကိစ္စမပါ။ မနန်းသာ ကျွန်တော့ဘဝ တွေးခဲ့သူမို့ သူက ကျွန်တော့်ကို အထင်သေးလေ သလား။

တစ်ခါတုန်းကတော့ ရင်ထဲက အဖြစ်တွေကို အိတ်သွန်ဖာမှောက်မယ် ကြံဖူးပါရဲ့။ ဒါပေမယ့် အလိုမကျတိုင်း ပင့်တက်သွားတတ်တဲ့ သူ့မျက်ခုံးတွေအောက် မျက်လုံးလေးတွေက တားမြစ်တဲ့ အဓိပ္ပါယ်ကို ပြပြီး၊ သူ့နှုတ်ဖျားက ထွက်လာတဲ့ စကားက လက်ထပ်ရမယ့်သူ ရှိတယ်တဲ့။ မနန်းရယ် အဲသည်စကား ပြောတုန်းက ကျွန်တော့်ကို သနားတယ်ဆို။ အဲဒါလေး တစ်ခွန်းတော့ ကျွန်တော် ဆတ်ဆတ်ခါ နာဖူးပါရဲ့။ သနားတယ်ဆိုတာ တစ်ဖက်သားရဲ့ ဖြစ်တည်မှုကို အထင်သေးတာတဲ့။ စာရေးဆရာ တစ်ယောက်ရေးတာ ကျွန်တော်ဖတ်ဖူးပါတယ်။ ကျွန်တော့် ဖြစ်တည်မှုက မနန်းအတွက် အဲသည်လောက်တောင် မှုန်မွှားသလားဟင်။ ကျွန်တော် သည်လို စိတ်ဆိုးတော့လည်း မနန်းက ပြုံးတယ်နော်။ ဒါပေမယ့် အဲသည်အပြုံးကို ဗွေမယူနိုင်လောက်အောင် မနန်း နဖူးက ဆံတံခွန်လေးက လှလွန်းပါတယ်။ ကျွန်တော် သည်တောင်ကို ဘယ်မှာ ကျော်နိုင်ပါမလဲ မနန်းရယ်။

ဟုတ်တယ်လေ အဲသည် အပြုံးတွေပေါ့ ကျွန်တော်ချစ်ခဲ့တာ။ ဟုတ်တယ်လေ အဲသည် စကားတွေပေါ့ ကျွန်တော့် အသည်းကို ခွဲခဲ့တာ။ ဟုတ်တယ်လေ အဲသည် ဆံတံခွန်လေးပေါ့ ကျွန်တော် တစ်ကြိမ်မှ နမ်းခွင့် မရခဲ့တာ။ ခိုးခိုးရှိုက်ခဲ့ဖူးတဲ့ ကိုယ်သင်းနံ့လေးကို ပြန်ရမိသလို ခံစားရင်း မနန်းကို ကျွန်တော် လွမ်းနေခဲ့တာပါ။ 

ဖုန်းလေးတောင်မဆက် လောက်အောင်နေနိုင်တဲ့ မနန်းအသည်းက ကျွန်တော်ရှိတဲ့ မျက်နှာစာမှာပဲ မာတာလားဟင်။ အခါတစ်ရာ ပြောလည်း မနာနိုင်လောက်အောင် ထုံတဲ့ ကျွန်တော်အသည်းက မနန်းတစ်ယောက်အတွက်ပဲ ခန္တီစ တရားလက်ကိုင်ထားတယ် ဆိုတာတော့ သိစေချင်သည်။

ဘာပဲပြောပြော ဟိုလူနဲ့ ကွဲတော့ သူများတွေထင်သလို ကျွန်တော် မပျော်ခဲ့ ပါ။ သည်လို ဖြစ်လေမလား မျှော်လင့်ချက်နဲ့ မနန်းကို ကျွန်တော် ချစ်နေခဲ့တာမဟုတ်သလို ကျွန်တော့် အချစ်ဟာ ဟိုတုန်းကတည်းက မျှော်လင့်ချက်နဲ့ ကင်းပြီး ရပ်တည်နိုင်ခဲ့ တယ်ဆိုတာ မနန်းလည်း သိတယ်လေ။

အချစ်ဆိုတာ နှလုံးသားမြေက ထွက်တဲ့ ဒြပ်စင်တစ်မျိုးပါ။ တချို့က အချစ်ကို ရာဂ နဲ့စပ်ကြတယ်။ တချို့က မာန နဲ့စပ်ကြတယ်။ ကျွန်တော့် အချစ်မှာ မာနကင်းသလို ရာဂလည်း ရှင်းခဲ့ပါတယ်။ ကျွန်တော်ဟာ အချစ်ကို လောဘနဲ့ စပ်ပြီး မသာယာတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်လိုသူ မဟုတ်သလို၊ သောကနဲ့ စပ်ပြီး ပရိဒေဝမီးကို လက်သပ်မွေးနေသူလည်း မဟုတ်ပါဘူး။

ဒြပ်စင်ဆိုတာ သူ့ပင်ကိုယ်သဘောမှာကိုက တန်ဖိုးထိုက်ပြီးသားရယ်မို့ ကျွန်တော်ဟာ အချစ်ကို လက်စွပ်ကွင်းလေးလုပ်ပြီး မနန်းလက်သူကြွယ်လေးမှာ ကိုယ်တိုင် စွပ်ပေးချင်ခဲ့ ပါတယ်။ ဒါပေမယ့် မနန်း လက်မခံလို့ ကျွန်တော့် အချစ်တွေ နေရာမှားပြီး အမှိုက်လို ဖြစ်မှာလည်း စိုးတာပေါ့။ အချစ်ဆိုတာ နှလုံးသားမြေ တစ်ခုလုံး အုတ်အော် သောင်းနင်း ရှာပါမှ တစ်ခါ တစ်လေသာ တွေ့ရတတ်တာမျိုးလေ။

ကျွန်တော် တို့ နှစ်ယောက် ကြားမှာ မာနတွေလည်း ကျွန်တော် မခု ခဲ့ပါ။ ခါချသော်လည်း မမှုခဲ့ပါ။ မနန်းလည်း သိပါသည်။ ကျွန်တော်ဆိုတာ ကိုးကွယ်တဲ့ ဘာသာတရားမှာ အချစ်လို့ ခေါင်းစဉ်တပ်မယ်ဆို ပြဋ္ဌာန်းမယ့် ကျမ်းစာ တစ်အုပ်လုံး မနန်းနာမည်တွေ နဲ့ပဲ ပြည့်နေမယ့် သူပါ။ သည်တစ်ခါ မနန်း ကျွန်တော့် ငြင်းလေဦးမလား။ 

ဒါတော့ ကျွန်တော်လည်း မသိပါ။ သနားတယ် အဆိုမခံရဖို့ မျှော်လင့်သည်မှ အပ ကျွန်တော့်မှာ အချစ်နဲ့ ပတ်သက်ပြီး၊ တစ်နည်း မနန်းနဲ့ ပတ်သက်ပြီး မာနဟူ၍ မြူမျှ မရှိပါ။ 

ထိုအတွက် အကြောင်းပြချက်က တစ်ခုသာ ရှိပါသည်။

ကျွန်တော် မနန်းကို ချစ်လို့ပါ။ (အတွဲ(၃၀)အမှတ်၉ စက်တင်ဘာလထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း)

အောင်မျိုးသူလွင်
၁၃/၀၇/၂၀၁၄
တနင်္ဂနွေ
နေ့ ၁၂:၄၀

Thursday, June 26, 2014

ပံ့သကူသား

သန်းကျော် တစ်ယောက် ပြုံးစိ ပြုံးစိ နှင့် ကျွန်တော့်အိမ်လာသွားသည်။ အခါတိုင်း အင်မတန် နှမြောတတ်သူက ညနေ ဆရာ နဲ့ ခိုင်ထူးကို ဆိုင်မှာပြုစုချင်လို့ ဆိုတော့ ကျွန်တော် နည်းနည်း တော့ အံ့ဩသွားသည်။ ကိုယ်ထင်တဲ့ အတိုင်းပဲ ဖြစ်နေလားဆိုပြီး သည်ကောင့်ကို မေးလိုက်မည် ကြံစဉ်မှာပင် သူကောင်းသားက ညနေမှ ပြောမယ်ဆရာဆိုပြီး စက်သတ်မထားသော သူ၏ အသစ်စက်စက် ပုဇင်းခေါင်း (နောက်ဘီးယက် ထွေလာတစ်မျိုး) ပေါ် ခုန်တက်ပြီး ပြန်မောင်းထွက်သွားသည်။ ဒီကောင် အခု မြို့ထဲက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ခေါက်ပြတ်နှင့် သဲတိုက်ရောင်းနေသည် ကြားသည်။

သန်းကျော်က အေးသီတာကို အသေအလဲ ကြိုက်သည်။ အဲသည်အကောင်ဟာ ကိုယ့်ကိုထိုးမယ့် နဖားကြိုးကို ကိုယ်တိုင် ဝင်ကျစ်နေတဲ့ အကောင်ဟု ခိုင်ထူးက ရံခါ သန်းကျော်ရှေ့မှာပင် သမုတ်တတ်သည်။ သို့သော် သန်းကျော်ကပင် အရေထူသလော မပြောတတ်။ ခိုင်ထူးစကားကို နည်းနည်းမျှ အလေးမထား။ အေးသီတာမှ အေးသီတာ တန်းတန်းစွဲကြိုက်သည်။ ကြိုက်လိုက်သမှ ရှစ်တန်းကျောင်းသား ဘဝကတည်းက ပင်ဖြစ်သည်ဆိုသည်။ အေးသီတာကတော့ သန်းကျော်ကို 'တိုင်မှတ်လို့ပင် နှပ်မသုတ်ချင်' ဟု ပြောဖူးသည် ဆိုသည်။ ဒါက ကျွန်တော် သည်မြို့ကို မရောက်ခင်က သူတို့ဇာတ်လမ်းကို ခိုင်ထူးပြောပြ၍ သိရသည်များဖြစ်သည်။

အမှန်တော့ ကျွန်တော်လည်း သန်းကျော်ကို အေးသီတာနှင့် မဖြစ်စေချင်ပါ။ သန်းကျော်က ရိုးသားသလောက် ကြိုးစားသူဖြစ်သည်။ သူ့အားနည်းချက်ဆိုလို့ ကပ်ကပ်သတ်သတ် 'ကပ်စီးနှဲ' တတ်သည်သာ ရှိသည်။ ပြီးတော့ သည်ကောင်က အားလျှင် စာလေးဘာလေးလည်း ဖတ်တတ်သည်။ သူ့ဟာသူ ဝယ်ဖတ်သည်တော့မဟုတ်၊ ကျွန်တော့်ဆီက ဂျာနယ်အဟောင်းတွေ လာလာယူပြီး ဖတ်သည်။ ဘာပြောပြော ကျွန်တော် သန်းကျော်ကို သဘောကျမိသည်။

အေးသီတာကတော့ သူ့အိမ်က ဆင်းရဲသလောက် တောက်တောက် ပပ ဝတ်နိုင်စားနိုင်သူ ဖြစ်သည်။ သူက သူမြေစာရင်း ရုံးမှာ စာရေးမ လုပ်သည်။ ဆိုင်ကယ်ဆိုလည်း ထိုင်းနိုင်ငံလုပ် အကောင်းစားမှ စီးသည်။ လှတာလည်း တော်တော်လှသည်။ ထို့ကြောင့်ပင် သန်းကျော်ကလည်း တန်းတန်းစွဲသည် ထင်သည်။ သို့သော် အေးသီတာက သန်းကျော်ကို ပြန်မကြိုက်။ ကြိုက်၍ လည်း မဖြစ်။ သူအခုလို ခပ်စုတ်စုတ် ရပ်ကွက်လေးမှာ လူနေခြုံကြား မှ ရွှေပေါ်မြတင် ဝတ်စားသွားလာ နိုင်အောင် ဦးဂနိုင်မင်းက နောက်ကွယ်ကနေ ထောက်ပံ့ထားသည်။ ဒါကို လူတိုင်းနီးပါး သိသည်မို့ သန်းကျော် မသိဘူးဆိုတာလည်း မဖြစ်နိုင်။ သို့သော် သန်းကျော်သည် ဘယ်နံရောအခါမှ အေးသီတာ မကောင်းကြောင်းကို မပြော။ တစ်ယောက်ယောက် ကပြောလာလျှင်လည်း သူသည် ထိုစကားဝိုင်းမှ မသိမသာပင် ဖယ်ကျဉ်သွားတတ်သည်။

ခိုင်ထူးက ဦးဂနိုင်မင်း ၏ လက်စွဲတော်ဖြစ်သည်။ သူသည် မယက ရုံးဟု ကျွန်တော်တို့ နှုတ်ကျိုးစွာ ခေါ်ဆဲ ဖြစ်သော ထွေအုပ်ရုံးမှ ညစောင့်ပင် ဖြစ်သော်လည်း သူ့ကို ထွေအုပ်ရုံးမှာ သိပ်မတွေ့ရတတ်ပေ။ သူ့ကို အခါအားလျှော်စွာ ဦးဂနိုင်မင်းနှင့် တွဲခုတ်လာသည်ကို မြင်ရတတ်သည်။ ထွေအုပ် ဥက္ကဋ္ဌကို ဦးဂနိုင်မင်းက သူတို့ အခေါ် အိပ်ကပ်ထဲ ထည့်ထားသည်ဆိုသည်။ အများနားလည်အောင် ယခုခောတ်စားသော စကားလုံးတစ်ခုကို သုံး၍ ပြောရလျှင် ဦးဂနိုင်မင်းသည် ကျွန်တော်တို့ မြို့မှာတော့ ခရိုနီ အကြီးစားတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် ခိုင်ထူး ရုံးမှာမရှိတာ ကိစ္စမရှိ။ ဦးဂနိုင်မင်း လိုချင်တာကို လိုချင်သည့် အချိန်မှာ ဆောင်ကျဉ်းပေးနိုင်ဖို့သာ အရေးကြီးသည်။ သည်အတွက် ခိုင်ထူးမှာ ငွေရွှင်သည်။ လူလေးစားသည်။ မည်သူမျှ သူ့ကို ညစောင့်ဟူ၍ မခိုးမခန့် မလုပ်ရဲ။

ဦးဂနိုင်မင်း လိုအပ်ချိန်တွင် ခိုင်ထူး ဆောင်ကျဉ်းပေးရသူ များထဲတွင် အေးသီတာလည်း အပါအဝင် ဖြစ်သည်။ ကျွန်တော်က ခိုင်ထူး အတွင်းကျကျ တစ်တစ်ခွခွ ပြောပြသမျှကို နားထောင်ပြီး ဦးဂနိုင်မင်းအပေါ် မကျေနပ်စိတ်ရှိမိသလို အေးသီတာလို မိန်းကလေးကိုလည်း သန်းကျော်နှင့် ဘယ်နည်းနှင့်မျှ မဖြစ်စေလိုပေ။ တကယ်တော့ သန်းကျော်သည် မိန်းမကောင်းလေးနှင့်သာ တန်သူဖြစ်သည်ဟု ကျွန်တော်က တွေးထားသည်။ သို့သော် သန်းကျော်ကတော့ အေးသီတာကို သာကြိုက်သည်။

အခုတလော အေးသီတာ အကြောင်းတွေ ခိုင်ထူးထံမှ မကြာခဏ ကြားရသည်။ ဂနိုင်ကြီးနှင့် သိပ်မဆင်မပြေ ဟူ၏။ အေးသီတာ တစ်ယောက် သန်းကျော်ကို ယခင်က တိုင်မှတ်လို့ပင် နှပ်မသုတ်ချင် ခဲ့သော်လည်း ယခုသော် ယုံမှတ်လို့ အရိပ်ခိုချင်လေသလော မသိ၊ သိသိသာသာ မျက်နှာသာ ပေးလာတာလည်း တွေ့ရသည်။ ကောင်မဟာ အရွယ်ကျလာပြီ ဆိုတော့ ဂနိုင်ကြီးက ပစ်ပြီလေဗျာ ဟု ခိုင်ထူးက ဆိုသည်။ သုံးဆယ် စွန်းစွန်းအရွယ်ဟာ ပန်တော်ကျ ဖြစ်သင့်သလား ကျွန်တော် မဝေခွဲတတ်ပါ။ သို့သော် အလျှင်ကတည်းက အေးသီတာသည် မွှေးလို့ ဈေးပေးကာ အဝယ်ခံခဲ့ရသည် ဖြစ်သော်လည်း လူကြားသူကြားမှာ ပန်ဖို့ မဟုတ်။ ဦးဂနိုင်ကြီး အိပ်ယာပေါ်မှာ ခေါင်းနောက်ပြေ ထိုးသော ပန်းတစ်စည်းထဲမှ တစ်ပွင့်မျှသာ။ သည်တော့လည်း မွှေးတုန်းပန်ပြီး နံတယ်ထင်သောအချိန် အပစ်ခံရပေမည်။

သို့သော် ခရေလို အကြွေပန်းကိုမှ ကောက်ယူလိုသူများလည်း ရှိပေသေးသည်။

"ကျွန်တော် နဲ့ အေးသီတာ ယူတော့မယ် ဆရာ"

သန်းကျော် စကားဆုံးတော့ ဘာမျှ မထူဆန်းသော စကားတစ်ခုကို ကြားလိုက်ရသလို ခိုင်ထူးက ဖင်ဆီခံ မီစွဲလုလု ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေကာ ခပ်မဆိတ်ပင် စကားမဆို။ ကျွန်တော် သန်းကျော်ကို အားတုံ့အားနာစွာပင် အင်း ကောင်းပါတယ်ကွာ ဟု စိတ်မပါ လက်မပါ စကားထောက်မိသည်။ ကျွန်တော့် ပုံစံကို ကြည့်ပြီး သန်းကျော်က အမေးစကား ဆိုသည်။

"ဆရာက သဘောမတူဘူးလား ဆရာ"

ကျွန်တော် မှာ ဖြေစရာ စကားလုံး မရှိပါ။ သို့သော် နောက်တစ်ကြိမ် အားနာစွာပင်

"အဲသည်လို တော့လည်း မဟုတ်ပါဘူး၊ ငါက"

"မင်း မှာ ချို(ဂျို) ပေါက်နေပြီလား ဟေ့ကောင်"

ခိုင်ထူးက ဒေါသနှင့် ဝင်ပြောသည်။

"ဘာလို့ ချို(ဂျို) ပေါက်ရမှာ တုန်းကွ"

"ဟ မင်း အဲသည် ကောင်မ အကြောင်း မသိဘူးလားကွ"

"သိတယ်"

ဤ 'သိတယ်' ဟူသော စကားကို သန်းကျော်သည် ခပ်လေးလေးသာ ဆိုသည်။ သူဘာတွေ တွေ နေသည် မသိ။ ကျွန်တော် ဝင်ထိန်းမှ ဖြစ်တော့မည်ဟု ထင်ပြီး တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်စဉ်မှာပင်

"ဆရာကရော ဘယ်လိုထင်လည်း ဆရာ"

"မင်းတို့ချင်း ကြည်ဖြူတယ်ဆို ပြီးတာပါပဲ ကွာ"

"သိပ်တော့ သဘောမတူ ဘူးပေါ့ဆရာ"

ကျွန်တော် သူကျေနပ်အောင် မည်သို့ဆိုရမည်ကို စဉ်းစားနေစဉ်မှာပင်

"အေးသီတာက သူ့ဘဝမှာ တစ်ခါမှ မချစ်ဖူးဘူး တဲ့ဆရာ။ ဆရာတို့ပြောတဲ့ ဂနိုင်ကြီးဆိုတာလည်း သူက ချစ်တာမဟုတ်ဘူး၊ မလွှဲသာလို့သာပါ။ ဒါ ကျွန်တော် သိပါတယ်။ သူ တခြား ဘယ်ကောင်လေးနဲ့ ဖြစ်တာများ ဆရာကြားဖူးတုန်း၊ သူ့ဘဝမှာ အချစ်နဲ့ ပတ်သက်ပြီး ကျွန်တော်က ဈေးဦးပေါက်ပါ။ ဈေးဦးပေါက်မို့ ပိုပိုသာသာ အခုကျွန်တော့်ကို တစ်ခါတည်း မင်္ဂလာဆောင်ဖို့ ပါ ပြောလိုက်တာပဲ။ ကျွန်တော် သူ့ကို ချစ်တယ်ဆရာ၊ ယုံလည်း ယုံတယ်"

"ဈေးဦးပေါက်လား ဈေးပေါင်ကျိုးလား မင်းဟာမင်းပဲ သေချာအောင် လုပ်ပါဦးကွာ၊ ဂနိုင်ကြီးသာ မပစ်ရင် မင်း သူ့ကို ရပါမလား၊ မင်းနေ့တိုင်း စာဖတ်နေတဲ့ ဦးနှောက် က အခု ဘယ်ရောက်သွားတုန်း"

"ခိုင်ထူး တော်ပြီကွာ။ သူတို့ချင်း အဆင်ပြေဖို့ပဲ လိုတာကို"

ကျွန်တော် ခိုင်ထူးကို ဝင်ဟန့်လိုက်သည်။ ခိုင်ထူး ဆက်မပြောတော့ပါ။ တကယ်တော့လည်း ခိုင်ထူးနှင့် သန်းကျော်ဆိုတာ ကျွန်တော်နှင့် မသိခင်ကတည်းက ငယ်ပေါင်းတွေဖြစ်သည်။ ထို့ကြောင့် ခိုင်ထူးက သန်းကျော်ဘက်က မခံချင်စိတ်ဖြင့် ဤမျှ ပြောနေခြင်းဖြစ်သည်။ သို့သော် မသောက်စဖူး သောက်ပြီး တော်တော်မူးနေပြီဖြစ်သော သန်းကျော် ပါးစပ်ကို ကျွန်တော် မတားနိုင်ပါ။

"သူပစ်လို့ ငါရတယ်ဆိုတော့လည်း ဘာဖြစ်လည်းကွာ၊ အဲသည်တော့ အေးသီတာက ပံ့သကူ သားလေးပေါ့ကွာ၊ ဟုတ်ဘူးလား၊ ပံ့သကူ သင်္ကန်းဆိုတာ မြတ်တယ်ရယ်လို့ ဘုရား ရဟန်းတော် ကြီးများတောင်မှ အမြတ်တနိုးဝတ်ရုံ ကြသေးတာပဲ၊ အေးသီတာက ပံ့သကူ လေးဆိုတော့ အပြစ်ကင်းတာပေါ့၊ အဲသည်တော့ ငါကလည်း အမြတ်တနိုး တစ်သက်လုံး ပေါင်းရမှာပဲ၊ ကဲ မကောင်းဘူးလားကွာ၊ ကိုယ်ချစ်တဲ့လူကို ယူရဲတာလည်း သတ္တိခေါ်တယ်ကွ"

ထိုနေ့က အိမ်ပြန်ရောက်သည် အထိ သန်းကျော်စကားများ ကျွန်တော့်နားထဲမှာ မထွက်ပါ။ ပန်းများကို မွေ့ရာ လုပ်ပြီး မိမိကိုယ်မှ ဖြစ်သော ရာဂ ပုတ္တလေးကို ခဏတာ ချော့သိပ်ကြ သူများ ရှိသလို၊ ပန်တော်ကျ ကိုပင် တစ်ပွင့်တန် မြတ်မြတ်နိုးနိုး ရင်ဘတ်မှာထိုးပြီး ယုယချင်သူ သန်းကျော်လို လူမျိုးတွေလည်း ရှိပေသေးသည်။

ဟိုတုန်းကတော့ သန်းကျော်ကို သက်သက် အပေါ်သွားမရှိသော ဇာတ်ကသည်ဟု သူအစား ကျွန်တော် ရှက်သည်။ အခုတော့ သူပြောသော အချစ် အဘိဓမ္မာကို ကိုယ့်ဟာကိုယ် အနုလုံ အဋိလုံ ဆင်ခြင်သုံးသပ်ရင်း မိမိကိုယ်ကို လိပ်ပြာရှက်သည်။

အောင်မျိုးသူလွင်
၂၆/၀၆/၂၀၁၄
ကြာသပတေး
ညနေ ၀၃:၁၇

Saturday, June 14, 2014

စာဖတ်နေသူကြီး

အားအားရှိ ဖေ့ဘွတ်ပေါ်တက်ပြီး ပေါပြနေတော့ အချို့က ကျွန်တော့်ကို ပေါတောတော ထင်နေကြတယ်။ တကယ်တမ်း ကျွန်တော့်မှာ တစ်နေ့ စာဖတ်ချိန် ငါးနာရီလောက်ရှိပါတယ်။ တကယ့် စာကြီးပေကြီးတွေချည်းပဲ ဖတ်တာပါ။ အချိန်ဇယားနဲ့ကိုချပြီး တစ်ရက်ကို စာအုပ်ငါးအုပ်လောက်မှ မပြီးရင် ကျွန်တော်မအိပ်ပါဘူး။ ဒီမှာ ကျွန်တော် ပြောချင်တာက စာအုပ်စာပေမှာက သူ့အဆင့်နဲ့သူ ရှိပါတယ်။ တချို့စာအုပ်တွေက ဖတ်ရလွယ်ပါတယ်။ တချို့စာအုပ်တွေက ဖတ်ရခက်ပါတယ်။ ဘယ်လိုစာအုပ်တွေက ဖတ်ရလွယ်ပြီး၊ ဘယ်လိုစာအုပ်တွေက ဖတ်ရခက်တယ်ဆိုတာကို ကျွန်တော့်အတွေ့အကြုံနဲ့ ယှဉ်ပြီး နောက်ပိုင်းမှာ ရှင်းပြပေးသွားပါမယ်။

ကျွန်တော့်ရဲ့ စာဖတ်နည်းကို ကျွန်တော့်အဖွားဆီက ရတာပါ။ ကျွန်တော်တို့ဟာ မျိုးနဲ့ရိုးနဲ့ကို ဉာဏ်ကောင်းကြတာပါ။ အဖွားက ဘာသာရေးလည်းလိုက်စားတော့ ထီပေါက်အောင် ကိုးနဝင်းပုတီးစိတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ခေတ်လည်းအင်မတန်မီတဲ့ အဖွားဟာ အဲဒီတုန်းက နာမည်ကြီးနေတဲ့ တီဗွီက အခန်းဆက်လွှင့်ပေးတဲ့ ချစ်စံအိမ်ကိုရီးယားကားကိုလည်း မလွတ်တမ်းကြည့်ပါသေးတယ်။ ကိုးနဝင်းနဲ့ ချစ်စံအိမ်ကို အဖွားဟာ အချိန်မတိုက်အောင် စီမံခန့်ခွဲနိုင်ပါတယ်။ သိပ်တော်တဲ့ အဖွားပါ။ 

တစ်ရက်တော့ ပညာရှိသတိဖြစ်ခဲ ဆိုတာလို အဖွားဟာ ပုတီးစိပ်ချိန်မှာ မစိပ်မိတော့ ချစ်စံအိမ်နဲ့ ပုတီးစိပ်ချိန် သိပ်ကပ်သွားပါတယ်။ ပုတီးကလည်း အပတ်ရေ မပြည့်ဘဲ ရပ်မိရင် အဓိဋ္ဌာန်ပျက်မှာမို့ မစိပ်လို့ မရပါဘူး။ ချစ်စံအိမ်ဇာတ်ကားကလည်း ခုနစ်နာရီဆို လာမှာမို့ အချိန်နဲ့အချိန် ကြည့်ရတာမျိုးပါ။ ဒီတော့ အဖွားဘာလုပ်ပါသလဲ။ သင်္ခနုပ္ပတ္တိဉာဏ်ကောင်းတဲ့ အဖွားဟာ အိမ်မှာ ရှိသမျှ အမေ့ပုတီး၊ အဖွားပုတီး၊ နှမလေးပုတီး၊ ပုတီးဟောင်း၊ ပုတီးမကောင်းတကောင်းတွေ အကုန်စုကိုင်တဲ့ပြီး လေးငါးကုံး ထပ်စိပ်ပစ်လိုက်ပါတော့တယ်။ အခါတိုင်း တစ်ခေါက်ပဲပြီးမယ့် ကြာချိန်အတွင်းမှာ ငါးကုံးထပ်စိပ်တော့ ငါးပတ်ပြီးတယ် ပြောလို့ရတာတာပေါ့။ ဒီတော့ အချိန်တိုအတွင်း ပုတီးအပတ်ရေလည်းပြည့် ကိုရီးယားကားလည်း မလွတ်ပါဘူး။ ဒီလိုတော်တဲ့ အဖွားရဲ့မြေး ကျွန်တော်ဟာ အဖွားပုတီးစိပ်နည်းကို စာဖတ်ရာမှာ အသုံးချတော့တာပါပဲ။

ကျွန်တော်စာဖတ်တယ်ဆိုတာ စာအုပ်အဖုံးမှာပါတဲ့ စာအုပ်နာမည်တွေချည်း ထိုင်ဖတ်ပစ်တာပါ။ တစ်နေ့ကို လေးငါးအုပ် ပြီးပါတယ်။ ခေါင်းစဉ်ချည်း ဖတ်တာများကွာ စာအုပ်ဆိုင်သွားပြီး စာအုပ်အနှောင့်လေးတွေချည်း စီဖတ်ခဲ့ရင်တောင် ရတာပဲလို့ အတွန့်တက်ချင်မလားပဲ။ ဒီလိုလည်း မဟုတ်ဘူးဗျ။ ကျွန်တော်က အရုပ်မပါရင် ဘယ်စာမှ စာချည်း မဖတ်တတ်ဘူးရယ်။ စာအုပ်တော်တော်များများ အဖုံးမှာက အရုပ်ပါတယ်လေ။ အနှောင့်မှာကျ မပါဘူး။ ပြီးတော့ ဘယ်လိုစာအုပ်တွေက ဖတ်ရခက်သလဲဆိုတာကို တစ်ဆက်တည်းပြောရရင် စာအုပ်ခေါင်းစဉ်မှာ စာလုံးဆင့်တွေပါတဲ့ ဇိနတ္ထပကာသဏီ လိုစာအုပ်မျိုးဟာ ဖတ်ရခက်ပါတယ်။ မနည်းကြီးကို စာလုံးပေါင်းဖတ်ရတာဗျာ။ အခုတောင် မမှားအောင် အသေအချာကူးထည့်ပေးလိုက်ရတယ်။ ဒါတောင် အခုထိ အသံမတွက်တတ်သေးဘူးရယ်။ ကြည်အေး ရဲ့ မီ တို့၊ ဒဂုန်တာရာရဲ့ မေ တို့လို့ စာအုပ်မျိုးကျ ဖတ်ရလွယ်တယ်။ စာလုံးမများသလို စာလုံးဆင့်တွေလည်း မပါဘူးလေ။ ဒါတောင် မေ စာအုပ်ကျ စာရေးဆရာနာမည်က ဖတ်ရခက်သေးတာ။

ဘယ်သူမှ ကျွန်တော်လောက် စာဖတ်အားကောင်းမှာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်က နေ့တိုင်း တစ်နေ့ငါးအုပ်လောက် ပြီးအောင်ဖတ်နေတာလေ။ 

စာအုပ်နာမည်တွေချည်း ထိုင်ဖတ်နေတော့ ခင်ဗျားတို့ ပြောချင်တဲ့ စာအုပ်ပြော ကျွန်တော်က သိပြီးသားပဲ။ အဲလို စာဖတ်ခဲ့တာ။

စာဖတ်တယ်ဆိုလို့ ပြောရဦးမယ်ဗျ။ စာစာနဲ့ တကယ်တမ်းဖတ်တော့ သိပ်တွေးရတာကလား။ တချို့စာတွေကို ကျွန်တော် အချိန်ကာလတစ်ခု ကြာမှ နားလည်တာရယ်။ 

ပေါကော်လီယာဆိုလားရေးပြီး ဆရာမ ဂျူး ဘာသာပြန်တဲ့ အောက်ခြေသန်းတစ်ထောင်ဆိုတဲ့ စာအုပ်ဟာဗျာ လက်တစ်ဝါးလောက်ပဲ ရှိပြီး လက်သန်းလောက်ပဲ ထူတာမို့ ကျွန်တော်လည်း စပ်ဆော့ပြီးအတွင်းသားတွေ သွားဖတ်မိပါတယ်။ အဲဒီထဲက တိုင်းပြည်မတိုးတက်ရတဲ့ အကြောင်းလေးပါး ရေးပြထားတာ တချို့ကျွန်တော်နားမလည်ဘူးဗျ။

သူပြောတာ တိုင်းပြည်မတိုးတက်တာ ထောင်ချောက်လေးခုထဲ ပိတ်မိနေလို့တဲ့။ ထောင်ချောက်တွေက (၁) ပြည်တွင်းစစ်ထောင်ချောက် (၂) သဘာဝ သယံဇာတ ထောင်ချောက် (၃) အိမ်နီးချင်းဆိုးတွေကြား ပိတ်မိနေတဲ့ ထောင်ချောက် (၄) စီမံအုပ်ချုပ်မှု ညံ့ဖျင်းတဲ့ ထောင်ချောက် တဲ့။ ဒီမှာဗျာ ကျန်တာတွေ ကျွန်တော်နားလည်ပါတယ်။ 

သဘာဝသယံဇာတက ဘာလို့တိုင်းပြည်ဆင်းရဲစေသလဲ ပေါ့။ ကျွန်တော်လုံးဝ မှကို နားမလည်ပါဘူးဗျာ။ သယံဇာတရှိရင် ချမ်းတောင် ချမ်းသာရမှာမို့လား။ အခုတော့ သယံဇာတကြောင့် ဆင်းရဲတယ်ဆိုတော့ နားမလည်ပေါင်ဗျာ။ ဒီလိုနဲ့ နေလာလိုက်တာ ဟော တစ်နေ့က စာရေးဆရာ ဦးဘုန်း(ဓါတု) က ဒေါ်အောင်ဆန်းစုကြည်ဟာလည်း တိုင်းပြည်ရဲ့ သယံဇာတလို့ ရှင်းပြလိုက်မှ သယံဇာတကြောင့် တိုင်းပြည်မွဲတယ်ဆိုတာကို နားလည်တော့တယ်။ အဲဒီလို သယံဇာတကြောင့်ကိုးဗျ။ တော်လိုက်တဲ့ ပေါကောလီယာဗျာ။ 

စာအုပ်စာပေဆိုတာ အဲလိုပါဆို။

ဒီတော့ စာဖတ်ကြပါဗျာ။ ကျွန်တော့်လောက် မဖတ်နိုင်ရင်တောင် ကျွန်တော့်ကို စံထားပြီးသာ စာဖတ်ကြပါ။ ကျွန်တော်ဆို အခုစာဖတ်သက်ရင့်တော့ စာတွေလည်း ရေးနိုင်နေပြီလေ။ ဟိုတုန်းက ကတည်းကကျွန်တော်ရေးတဲ့ စာတွေဟာ သိပ်မြင့်တော့ လူတွေနားမလည်ကြဘူးဗျ။ စာဖတ်သက်ကလည်း ကွာတာကိုး။ ပထမဆုံးရေးဖြစ်တာတော့ ရည်းစားစာတွေဗျ။ မရယ်နဲ့လေ။ ရည်းစားစာပေမယ့် ကျွန်တော်က စာတအားဖတ်တော့ အဆင့်မြင့်မြင့်ရေးတာရယ်။ ဒါကြောင့် ဘယ်ကောင်မလေးမှ နားမလည်တော့ ရည်းစားစာမှန်းတောင် သိကြတာမဟုတ်ဘူးလေ။ သူတို့ကတော့ အရှက်ပြေ ပြောကြရှာပါတယ် ကိုအောင်မျိုးကြီး လက်ရေးက သဲမြေပွပွထဲ ခွေးလက်သည်းခြစ်ထားသလိုပဲမို့ ဘာမှကို ဖတ်မရပါဘူးတဲ့။ ထားပါလေ။ အိုင်ကျူနိမ့်တဲ့လူတွေဟာ ဒီလိုပါပဲ။ ဟော နောက်တော့ ရတနာရှိရာ ပုလဲလာဆိုတာလို ကျွန်တော့်စာတွေကို နားလည်တဲ့ ကလေးမဟာ ကျွန်တော့်ရည်းစား ဖြစ်ပါရောလား။ ကျွန်တော်လည်း ကျွန်တော့် အိုင်ကျူမြင့်ရည်းစားစာကို နားလည်ပြီး အဖြေပြန်ပေးတဲ့ အဲဒီ အမြုတေလေးကို တခါတည်းဆွဲစိလိုက်တာပေါ့။ 

ဒါမျိုးလက်လွတ်ခံလို့ မဖြစ်ဘူးလေ။ သူလေးဟာ အခုအိမ်မှာ ကျွန်တော့် မိန်းမဖြစ်နေပေါ့။ ဒီတော့မှ သူ့ကို ပြန်မေးရတယ်။ မိန်းမ မင်းငါပေးတဲ့ ရည်းစားစာကို ဘယ်လိုနားလည်တုန်းလို့။

ယောင်္ကျားက မိန်းမကို လူလစ်တုန်းလာပေးမှတော့ ရည်းစားစာဆိုတာ သိတာပေါ့ အကိုရယ်၊ ရှည်ရှည်ဝေးဝေးဖတ်ကြည့်မနေပါဘူး၊ ကျမကြိုက်တော့ အဖြေပြန်ပေးလိုက်တာပဲလေ မဟုတ်လို့ ဖတ်ကြည့်ရအောင်လည်း ကျမက စာမှမတတ်ဘဲ အကိုရဲ့တဲ့။ အင်းလေ စာတစ်ပုဒ်ကို မဖတ်ဘဲ အဓိပ္ပါယ်ကောက်နိုင်တဲ့ မဒမ်အောင်မျိုး အိုင်ကျူဟာ ဘယ်နိမ့်လိမ့်မတုန်း။ ဒါကြောင့်ပဲ ကျွန်တော့်လို စာဖတ်အားကောင်းတဲ့ ကောင်ရဲ့မိန်းမဖြစ်လာတာပေါ့။

ဒီတော့ ပြောချင်တာက စာဖတ်ကြပါဗျာ။ သဘောပေါက်စေချင်တာက အပြင်မှာ မိသားစုတစ်ခုရဲ့ အဓိကကျတဲ့ အလုပ်တွေကို လုပ်နေရလို့ ပင်ပန်းမှုတွေကို တစ်ခဏတာ အပန်းဖြေတဲ့အနေနဲ့ ဖေ့ဘွတ်ပေါ်မှာ လျှောက်ပေါပြနေလို့ ကျွန်တော့်ကို ပေါတောတော မထင်ကြပါနဲ့။ တကယ်တမ်း ကျွန်တော်ဟာ စာသိပ်ဖတ်သူပါ။ တစ်နေ့ကို စာဖတ်ချိန် ငါးနာရီလောက်ရှိပါတယ်။ စာအုပ် လေးငါးအုပ်ရဲ့ ခေါင်းစဉ်တွေချည်း စာလုံးပေါင်း ဖတ်နေရုံနဲ့ ငါးနာရီကြာသလားကွာလို့ ခင်ဗျားက စောဒကတက်မလို့လား။ အဲဒါပဲလေ။ ခင်ဗျားမှ မသိတာ။ ကျွန်တော်စာဖတ်တယ်ဆိုတာ ကလေးထိန်း အနှီးလျှော်ရင်း ဖတ်ရတာဗျ။ မိန်းမက အလုပ်သွားတော့ အိမ်မှာ ကျွန်တော်က ကလေးထိန်း အနှီးလျှော်ရတယ်လေ။ 

မရယ်ပါနဲ့ မိတ်ဆွေ။ ပုခက်လွှဲတဲ့လက်ဟာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တယ်လို့ စာအုပ်ထဲမှာ ပါတယ်မဟုတ်လား။ ကျွန်တော်စိတ်ဆိုးလာရင် အကုန်ကိုင်လှုပ်ပစ်မိလိမ့်မယ်။

အောင်မျိုးသူလွင်
၁၄၊၀၆၊၂၀၁၅

Thursday, May 22, 2014

တစ်သောင်းတန်

တစ်လောက သမ္မတကြီးက အရက်အစား နွားနို့သောက်ဖို့ ပြောသည်။ အရက်သည် ပြည်သူ့ အပန်းဖြေ ပစ္စည်းဖြစ်၍ နွားနို့သည် ဇိမ်ခံ ပစ္စည်းမျှသာ ဖြစ်ကြောင်း သူမသိ၍သာ ဖြစ်သည်။ အခု ဒုသမ္မတက တစ်ရက် ဝင်ငွေနှစ်ထောင် ရှိလျှင် စားဝတ်နေရေး ပြေလည်စွာ နေနိုင်ပြီ ဖြစ်ကြောင်း မြွက်သည်ကြားရသည်။ သူသည် ဈေးခြင်းတောင်းကိုင် ပြီး ဈေးဝယ်ဖူးသူ မဟုတ်သလို၊ ဆန်ဈေးတက်တာကိုလည်း ဂရုထားစရာ မလိုသော လူမျိုး ဖြစ်သောကြောင့်သာ ဤသို့ အလွဲလွဲ အမှားမှား၊ ပျက်ချော်သော စကားကို ဆိုမိတာ ဖြစ်နိုင်သည်။ ကျွန်တော်သည် သူတို့ကို အပြစ်ဆိုလိုသော ကြောင့် ယခုလို ပြောသည် မဟုတ်ရပါ။

မြန်ပြည်သမုဒ္ဒရာတွင် ဆင်းရဲတွင်း ချောက်ကမ်းပါးက နက်လှသည်ဖြစ်ရာ တော်ရုံ အပေါ်ကလူများ အောက်ကို မည်သို့မျှ ထောက်၍ မမီနိုင်ပေ။ အပေါ်ဆုံးနှင့် အောက်ဆုံးအလွာကြားမှာ လက်လှမ်း မမီတာတွေ များလှသည်။ ထိုသို့ မမီကြသူများတွင် ထိုထို လူတန်းစားများ အပြင် နောက်လူတန်းစား တစ်မျိုး၏ မမီခြင်းလည်း ရှိပေသေးသည်။

. . . . . . x . . . . . x . . . . . .

သူ့နာမည်ကား စိုးကြီးမည်၏။

သူတို့ အမေများ မွေးပဲ မွေးနိုင်ပလေ။ ဆယ့်သုံးယောက်တောင်မှဆိုပဲ။ သို့သော် 'သီးမှည့် တဝင်းဝင်း၊ သီးကင်း တစ်ဖြုတ်ဖြုတ်' ဆိုတာလို ငယ်ငယ်ကတည်းက တဖြုတ်ဖြုတ်ကြွေကုန်ကြပြီး လေးယောက်သာ အဖတ်တင်သည်။ ယောင်္ကျားလေး သုံးယောက်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ထိုအထဲ တစ်ယောက်သာ ကျပ်ပြည့်သည်။ မိန်းကလေး ဖြစ်သည်။ ပြီးခဲ့သောနှစ်က အငယ်ဆုံး ယောင်္ကျားလေး ဆုံးသည်။ ရွာထဲ ကတော့ သူသေတာကို စိတ်မကောင်းသည့် ကြားမှပင် ဝဋ်ကျွတ်တာပဲဟု ပြောကာ ဝမ်းမြောက်ကြသေးသည် ဆို၏။

ကျန်နှစ်ယောက်ကား စိုးကြီး နှင့် မျိုးကြီး ဖြစ်သည်။ တစ်ယောက်မှ စာမတတ်။ ကျပ်မှ မပြည့်တော့ ဘယ်စာတတ်မတုန်း လို့ ပြောစရာ ရှိသော်လည်း၊ ကျပ်ပြည့်သော သူတို့နှမလည်း စာမတတ်သလို သူတို့ မောင်နှမတတွေ ငယ်ငယ်ကတည်းက ကျောင်းဆိုသဟာကို မသိ။ နှမက အိမ်ထောင်သည်။ ထိုအိမ်မှာပင် သူတို့ညီအစ်ကို ကပ်ရပ်နေသည်။ အငယ်ကောင် မျိုးကြီး က အရက်ကြိုက်သည်။ အရက်တိုက်မည်ဆိုလျှင် ဘာခိုင်းခိုင်း ဖင်ပေါ့သည်။ စိုးကြီးက မသောက်။ သို့သော် သူကိုလည်း ပဲပေး၊ နှမ်းပေ၊ နှစ်ရာပေး၊ သုံးရာပေးနှင့် တစ်ရွာလုံးကခိုင်း ကြသည်ပင်။

ကိုင်းထဲမှာ ပဲကောက်လိုက်လို့ သူများတွေ တစ်မွန်းတည့် ရှစ်ရာ ရလျှင်၊ စိုးကြီးကို ငါးရာလောက်နှင့် ပေးကာခိုင်းနိုင်သည်။ ဤသို့ ခိုင်းသောကြောင့် အခင်းရှင်ကို မတရား ခေါင်းပုံ ဖြတ်သည် မထင်သင့်။ စိုးကြီးက ကျပ်မပြည့် ဟူသည့် အတိုင်း ရံခါ သူ့ ဗီဇကို ပြတတ်သည်။ ပူလွန်းလျှင်လည်း သူရောဂါက ဖောက်တတ်သည်။ တစ်ခါက ပဲသီးကောက်ရမည့် အစား ပဲပင်တွေ နှုတ်ပစ်ဖူးသည်ဆို၏။ နောက် သူ့ကို လူတွေ ဝိုင်းစကြလျှင်လည်း မကောက်ပဲ ပြန်သွား တတ်သည်။ ထို့ကြောင့် အခင်းရှင်တွေမှာ သူ့ကို ခေါ်သာ ခိုင်းရသည်၊ အိမ်ဖြည့် သဘောမျိုးသာ။ ယုံကြည်၍တော့မရ။

မျိုးကြီးက အရက်ကြိုက် သလောက်၊ စိုးကြီးကမူ သူ့ကို မိန်းမ ပေးစားမည် ပြောလျှင် တော်တော်သဘောကျသည်။ အပျိုရွယ်ရွယ် ရှိသော မည်သည့် အိမ်မဆို၊ ဘာခိုင်းခိုင်း ဖင်ပေါ့စွာ လုပ်ပေးတတ်သည်။ ကျွန်တော် သူ့ကိုတွေ့တော့ ရေထမ်းတံပိုး တစ်ခုနှင့် တစ်နေကုန် ရေထမ်းနေတာသာ တွေ့သည်။ ကျွန်တော်နှင့် တွေ့တော့ ကိုစိုးကြီး အသက်က ငါးဆယ်ကျော်ပြီဟု သိရသည်။ သူပြော၍ သိသည်မဟုတ်။ သူနှင့်ရွယ်တူ ရွာသားများက သူ့အသက်ကို မှန်းပြီး ပြောကြခြင်းသာ ဖြစ်သည်။ ကိုစိုးကြီးသည် မိမိ အသက်ကိုမျှ သိသူ မဟုတ်ပါ။

ကျွန်တော့်ကို ဆေးရုံကဆရာ ဟု ရွာခံတွေက မိတ်ဆက်သည့်သဘော ပြောပြတော့၊ သူခေါင်းက ဘုကြီးကို ပြရှာသည်။ ကုပေးဖို့လည်း ပြောသည်။ ကျွန်တော်က ဆေးကုသည့်လူ မဟုတ်ကြောင်း ကိုစိုးကြီးကို ပြော၍ နားလည်မည်လည်း မဟုတ်။ သူသည် စကားကိုမျှ လေးလုံးကွဲသူ မဟုတ်ပါ။

သူ့ကိုခိုင်းလျှင် အနည်းဆုံး တစ်ခုခုတော့ ပေးမှ ကိုစိုးကြီးက ကျေနပ်သည်။ နည်းသည် များသည်တော့ သိပ်စောဒက မတက်။ သို့သော် ပိုက်ဆံ တန်ဖိုးကိုတော့ သိတတ်သည်။ တစ်ထောင်တန်နှင့် လဘက်ရည် သောက်လျှင် အအမ်းတော့ ပြန်တောင်း ဖို့ သိတတ်သည်။

ရွာမှာ ကြက်ချက်ချင်လျှင် ကျွန်တော် ကိုစိုးကြီးကို ခိုင်းသည်။ ဟိုဘက် ကျွန်းက ဖရဲသီးစားချင်လျှင်လည်း နေပူကျဲကျဲ သွားဝယ်ပေး တတ်သည်။ တစ်ခါတရံလည်း ညည ငှက်ကလေးဘာလေး ရိုက်ယူလာတတ်သည်။ သူများတွေက 'မင်း ဆရာလေးဆီကကျ ပိုက်ဆံ မတောင်းဘူး' ဝိုင်းစလျှင် 'သူက ဧည့်သည်လေ' ဟု ပြုံးဖြီးဖြီး အပိုးမသတ်သော မျက်နှာဖြင့် ဖြေလေ့ ရှိသည်။ ကျွန်တော်ကလည်း မပေးဖြစ်ပါ။ ကျွန်တော်ပြန်မှ သူအံ့ဩသွားအောင် များများလေး ပေးမည်ဟု ရည်မှန်းထားသော ကြောင့်ဖြစ်သည်။ ဒါကို မသိသော်လည်း ကိုစိုးကြီးကတော့ မငြီးမငြူ လုပ်ပေးရှာပါသည်။ သို့သော် ပိုက်ဆံတော့ လိုချင်ဟန်ရှိသည်။

ကျွန်တော် ပြန်မည့်နေ့က တည်းအိမ်မှာ တရစ်ဝဲဝဲ လုပ်နေသည့် ကိုစိုးကြီးကို ခေါ်ပြီး တစ်သောင်းတန် အသစ်ကလေး တစ်ရွက် ထုတ်ပေးလိုက်သည်။ သူအံ့ဩကာ ဝမ်းသာလာမည့် မျက်နှာကို ကျွန်တော် ကြည့်နေသည်။ သို့သော် ကျွန်တော်ပေးသော ပိုက်ဆံကို သူမယူပါ။

"ယူလေ ကိုစိုးကြီး"

သူက မဝံ့ မရဲနှင့် တစ်ခုခုကိုသာ ပြောချင်နေဟန် ရှိသည်။

"ဘာလို့ မယူတာတုန်း"

ကျွန်တော် သူ့ကို မေးလိုက်သည်။

"ပိုက်ဆံပဲပေးပါ"

"ဟ ဒါပိုက်ဆံလေဗျာ"

ဘေးလူတွေလည်း ဝိုင်းရယ်ကြသည်။ ကိုစိုးကြီးက မရယ်ပါ။ လူတွေ ဝိုင်းရယ်ခံရ ခြင်းသည် သူ့အတွက် ရိုးနေပြီး ဖြစ်သည်။

"ပိုက်ဆံ ပဲပေး"

သူဒါပဲ ပြောသည်။ ကျွန်တော့် လက်ထဲက ပိုက်ဆံကို သူမယူ။

နောက်တော့မှ ကျွန်တော် စိတ်မကောင်းစွာ သဘောပေါက်သွားသည်။ သူသည် တစ်သက်နှင့်တစ်ကိုယ် တစ်သောင်းတန်ကို မြင်ဖူးသူမဟုတ်။ ထို့ကြောင့် ကျွန်တော့်လက်ထဲက တစ်သောင်းတန်ကို ငွေမမှတ်။ သူ့ကို သူများတွေလိုပဲ ကျွန်တော်က ပြောင်နောက်ကာ တခုခုကို ပေးသည် အထင်ရှိသွားဟန်ရှိသည်။ မျက်နှာလည်း မကောင်း။

နောက်ကျွန်တော် ထောင်တန် ဆယ်ရွက်နှင့် လဲလှယ်ပေးလိုက်သည်။

ပိုက်ဆံများကို အမြီးပြန် ခေါင်းပြန် စီကာ စဉ်ကာ၊ တစ်ယောက်ယောက် လုယူလိုက်မှာ စိုးသည့်အလား၊ သေချာ ခါးပုံစထဲ လိပ်သွင်းရင်းက ကျွန်တော့်ကိုပင် နှုတ်မဆက်ဘဲ သူ့အိမ်ဘက်သို့ ပြေးလေသည်။

ဤသို့၊ ထိုသို့ အနှီသို့ စိုးကြီးကို ကျွန်တော်က အမတ်မင်းများ အပျော်သောက်သည် ဆိုသော အရက်သည် သိန်းလေးဆယ်ကျော် တန်သည်ဟူသော ကြာဖူးနားဝကို ဖောက်သည်ချလျှင် လက်ခံပါမည်လော။

သိန်းဆယ်ဂဏန်းချီသော လက်ပတ် နာရီရှိပါသည်ဟု ဆိုလျှင် ကျွန်တော်ကို အရူးလို့ထင်မည်လား မပြောတတ်။

မမီတာတော့ အမျိုးမျိုးရှိသည်။ နွားနို့သမား နှင့် နှစ်ထောင်တန် လူသားတို့ မမီတာက တစ်မျိုး၊ စိုးကြီး မျိုးကြီး တို့ ညီအစ်ကို တတွေ မမီတာက တစ်မျိုး၊ ဘယ်တစ်မျိုးသည် ကောင်းပါသနည်း။ သို့မဟုတ် ကျွန်တော်တို့လို ဟိုမရောက် သည်မရောက်နှင့် အောက်ကိုကြည့်ပြီး သနားသလိုလို၊ အထက်ကို မျှော်ပြီး သွားရည်ကျသလိုလို ဖြစ်နေကြသော လူတန်းစား တစ်မျိုး၏ မီချင်ယောင်ဆောင်သော ယက်ကန်၊ ယက်ကန် အဖြစ်သည်ကော ကောင်းပါ၏ လော။ ဤသို့၊ ထို့သို့၊ အနို့သို့ သာလျှင် ကျွန်တော်သည် ဉာဏ်မီသလောက် အတွေး ထောက်မိ ပါတော့သည်။

အောင်မျိုးသူလွင်
၂၂/၀၅/၂၀၁၄
ကြာသပတေး
ည ၀၉:၅၀

Sunday, May 18, 2014

အဿဒကိုရှာဖွေခြင်း

"မင်း အဲဒီ သဲတင်တဲ့ မော်တော်တွေပေါ်မှာ သွားလုပ်မလား။ တစ်နေ့ (၇၀၀) လောက်ရမှာ။ နားတဲ့ရက်မှာ သွားလုပ်လေ၊ ငါပြောပေးမယ်"

ကိုကြီး မျက်နှာကို တစ်လှည့်၊ ဧရာဝတီမြစ်ထဲက သဲစုပ်မော်တော်များကို တစ်လှည့် ကြည့်ရင်းက ကျွန်တော်တွေဝေနေပါသည်။ ကျွန်တော့်မှာ ပိုက်ဆံ မရှိပါ။ သို့သော် သည်ရပ်ကွက်မှာ ကျွန်တော် ထိုသို့ အလုပ်ကြမ်းသမားများနှင့် အတူလုပ်ရမှာကို ရှက်နေသည်။

"ကျွန်တော် မလုပ်ချင်ဘူး ကိုကြီး"

မျက်နှာအောက်ချရင်းက ကျွန်တော်ကိုကြီးကို ငြင်းမိသည်။

"မင်း မန္တလေးကို လာတာ ဘာလုပ်ဖို့တုန်း၊ အပျော်လား၊ ငါဆို အရင်က ကျောက်သယ်တဲ့ ကားကြီးတွေနဲ့ လိုက်ပြီး အလုပ်လုပ်ခဲ့ရတာ၊ မင်းက ဘာရှက်နေတာတုန်း၊ ….."

ကိုကြီးစကားတွေထက် ကိုကြီးမျက်နှာက အထင်သေးရိပ်တွေက ကျွန်တော့်ကို ပိုပြီး အနေခက်စေသည်။ လုပ်မယ်လို့ ပြောလိုက်ရ အကောင်းသား ဟု ကျွန်တော်တွေးလိုက်ပြီး ကိုကြီးကို ပြန်မော့်ကြည့်လိုက်စဉ်မှာပင်

"မင်း အမေက ငါ့ကို အပ်ထားတာ၊ ငါလည်း မင်းကို အဲလို အန္တရယ်များတဲ့ အလုပ်မျိုးကို မခိုင်းပါဘူး။ မင်းစိတ်ကို စမ်းကြည့်တာပါ"

ထို့နောက် ကိုကြီးကျွန်တော့်ကို ဘာမှ မပြောတော့။ ညီအစ်ကို နှစ်ယောက် အိမ်ဘက်ကို လမ်းလျောက်ပြန်ခဲ့ ကြသည်။

ကိုကြီးက ကျွန်တော့် အမေ၏ မောင်ဝမ်းကွဲဖြစ် ၍ အမှန်မှာ ဦးလေးတော်သည် ဖြစ်သော်လည်း ကျွန်တော်က သူ့ကို ကိုကြီးလို့သာ ခေါ်ပါသည်။ ထိုစဉ်က သူသည် မန္တလေးမှာ အိမ်ထောင်ကျပြီး မန်းစည်ပင်၏ 'အဆောက်အဦး နှင့် ကုန်ရုံ ဌာန' အောက်မှ 'ကျူး' ဟု အများခေါ်သော ကျူးကျော်ခွန်ကောက်သော အရာရှိလေးအဖြစ် နှင့် အဆင်ပြေနေစ အချိန်ဖြစ်သည်။ ဆယ်တန်းပြီးစ ကျွန်တော့်ကို အမေက ကိုကြီးနှင့်တိုင်ပင်ပြီး မန်းစည်ပင်တွင် အလုပ်တစ်နေရာ ရရေးအတွက် ထွန်းလှဂိုဒေါင်ဝင်းတွင် နေ့စားအလုပ်သမား အဖြစ် သွင်းပေးလိုက်သည်။ နေတော့ ကိုကြီးအိမ်ရှိရာ (ယခင်) စိန်ပန်းက နေပူရွာမှာနေသည်။ နေ့စဉ် စက်ဘီးဖြင့် ကျုံးတောင်ဘက်တွင် ရှိသော ထွန်းလှ ဂိုဒေါင်ဝင်းကို သွားရသည်။ ကျွန်တော့် ဘဝ၏ အခက်ခဲ ဆုံးသော ကာလများ ဖြစ်သည်။

အမေက ယောကျာင်္းဆိုတာ 'တုံးဆိုတိုက် ကျားဆိုကိုက်' လောကဓံကို ခံနိုင်ရမည်ဟူသော သဘောမျိုးရှိသူ တစ်ယောက်ဖြစ်ရကား 'ကိုယ့်ထူး ကိုယ်ချွန်' သမား ကိုကြီးနှင့် ပလဲနံပ သင့်ကာ ကျောင်းစရိတ်တွေထောင်း၍ အိမ်၏ စီးပွားရေးလည်း ခြေကုန်လက်ပမ်း ကျကာစ ဖြစ်၍ ကျွန်တော်မှာ ကျောင်းသားဘဝ လက်ကြောမတင်းခဲ့လေသမျှ စည်ပင်မှာ အောင်ခြေသိမ်း အကုန်လုပ်ရတော့သည်။

အလုပ်ဝင်သည့်နေ့မှစ၍ မြောင်းဆယ်ရသည်။ လမ်းဘေး အခွန်မဆောင် ဆိုင်းဘုတ်များ လိုက်ဖြုတ်ရသည်။ တခါတရံ ထမင်းကို လမ်းဘေးမှာပင် ပုဆိုးခင်းပြီးစားရသည်။ လူမြင်လျှင် ရှက်သောကြောင့် ရဲရဲ မကြည့်ဝံ့။ နောက်တော့ ကိုယ်လို ဘဝတူတွေ ကြားမှာ နေသားကျလာသည်။ ဒါကိုပင် ကျွန်တော်နေသော နေပူရွာမှာ စည်ပင်ရုံးနှင့် အလှမ်းကွာသောကြောင့် အရပ်ထဲမှာ အရာရှိလေး၏ ညီအဖြစ် ကိုယ့်ကိုယ်ကို နည်းနည်း ခေါင်းမော့ချင်တတ်သေးသော ကျွန်တော်က အခုလို ရုံးအားရက်မျိုးတွင် ကိုကြီးက သဲမော်တော်ပေါ် အလုပ်လုပ်ရန်ပြော သောအခါ ရှက်၍ ခေါင်းခါမိသည်။

သို့သော် ကိုကြီးက အထင်သေးစကားဖြင့် ရှုံ့ချသည်ကိုတော့ ကျွန်တော် မခံလိုပါ။ နောက်ဆို ကိုကြီး ဘာခိုင်းခိုင်း လုပ်ပစ်မည်ဟုပင် သန္တိဋ္ဌာန် ချမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ကို အဖေ့လို လက်ကြောမတင်း ဟု အပြောခံရမည်ကို ကျွန်တော် မခံလို။ မိမိကို အပြောမခံလို၍ထက် အဖေ့ကို သူများ အပြစ်ပြောသည်ကို ကျွန်တော်မခံနိုင် သောကြောင့်ဖြစ်သည်။

ထို့နောက်တော့ ကျွန်တော်သည် "မိန်းမလိုချင် စည်ပင်ဝင်၊ ရရာစွဲမလား 'စိမ်းလန်း' (သစ်ပင်စိုက်သော ဌာန) သွား၊ မရတဲ့ အဆုံး ဘကုန်း သုံး (ဘ/၃ - မန္တလေး မြို့သစ်၏ အပျော်မယ်များ စံမြန်းရာ ရပ်ကွက်) " ဟု ကြွေးကြော်ကြသည့် သာမန်လူများ နှာခေါင်းရှုံ့ကြသော စရိုက်ကြမ်းကြမ်း မန်းစည်ပင် နေ့စားလုပ်သားတွေ ကြားမှာ ကိုယ့်ကိုယ်ကို အထာကျအောင် နေတတ်လာခဲ့သည်။

"မင်းကို တောထဲမှာ ကျားလိုက်တယ် ဆိုပါတော့ကွာ၊ အားကုန်သုံးပြီးတော့ လွတ်အောင်ပြေးဟေ့၊ မလွတ်ရင်တော့ မင်းသေမှာပဲ။ လွတ်ခဲ့ရင်တော့ ရွာပြန်ရောက်တဲ့ အခါ တောထဲမှာ ကျားအလိုက်ခံရတဲ့ အကြောင်းကို ရယ်ပွဲဖွဲ့ ပြောနေနိုင်မှာပဲ" ဟု ကိုကြီးက ကျွန်တော့်ကို စိတ်ဓါတ်မကျရန် အားပေးသည်လားမသိ သော အဆိုပါ စကား ဖြင့် နှစ်သိမ့်ဖူးပါသည်။

ကျွန်တော် ယခု ဤစာကို ရေးနေခြင်းသည် ကျားလိုက်ခံခဲ့ရသော အကြောင်းကို ပြန်ပြောပြနေသည်နှင့် အနည်းငယ်ဆင်ဆင် တူပါသည်။ လက်ရှိ ကျွန်တော့်ဘဝ အခြေအနေသည် အင်မတန် သာယာနေသည် မဟုတ်သော်ငြား၊ 'လူရိုသေ၊ ရှင်လေးစား' ဘဝတစ်ခု တွင် နေနေနိုင်ခြင်းမှာ ကျွန်တော်မနှစ်မြို့သော၊ ကျားနှင့်တူသော အတိတ်ကဘဝ၏ ဖမ်းစားမှုအောက်မှ ကြောက်ကြောက်နှင့် ခြေကုန်သုတ်ခဲ့မိသောကြောင့် ဟု ဆိုနိုင်ကောင်းရာပါသည်။ မြောင်းထဲမှ ဘဝကို လမ်းပေါ်ရောက်အောင် ကြုံးတက်ခဲ့ရသည်ကိုသာ ပြောလိုရင်းဖြစ်၍ ကျွန်တော့်ကို လက်ရှိအခြေအနေ အပေါ် မာနတက်ပြီး ဝါ၍ဆိုသည် လည်း မထင်စေလိုပါ။

ကိုကြီးသည် ယခုသော် မန်းစည်ပင်မှာ အတော်ကြီးသော ရာထူးတစ်ခုကို ထမ်းဆောင်နေပြီဖြစ်သည်။ သူက ကိုယ့်ထူးကိုယ်ချွန်သမား လူတော် တစ်ယောက်ဖြစ်သည်။ ကျွန်တော်သည် လူတော်တစ်ယောက်ဖြစ်ဖို့ ကြိုးစားသည် မဟုတ်သော်ငြား လူညံ့တစ်ယောက်အဖြစ် အနှိမ်မခံရအောင်တော့ သတိထားဖြစ်သည်။ ပင်ကိုယ်ဗီဇအားဖြင့် တော့ ကျွန်တော်သည် လူတော်တစ်ယောက် မဟုတ်မှန်း ကိုယ့်ဟာကိုယ်လည်း ရိပ်မိတတ်ခဲ့ပါသည်။

တစ်ခါတရံ လောကဓံကို လက်မြောက်ပြီး ကျွန်တော် အိမ်ပြန်လာသော အခါ အမေသည် အပြုံးနှင့် ဆီးကြိုတတ်သော်ငြား၊ အလုပ်လက်မဲ့ အဖြစ် အိမ်မှာ ကျွန်တော့်ကို ကြာရှည် မနေစေပါ။ အမေ့ဝါဒက 'အလုပ်မလုပ်သော ယောင်္ကျားသည် လူညွန့်တုံးသော' ဟူ၏။ ထို့ကြောင့် ကျွန်တော့်မှာ အလုပ်မျိုး စုံခဲ့ရသည်။ အခက်ခဲဆုံးနေ့များကို ယခုနေ ပြန်သုံးသပ်မိသော အခါ မိမိ မတွေ့ကြုံဖူးသော အခြေအနေတစ်ခု၊ အလုပ်တစ်မျိုးတွင် နေသားကျရန်ကြိုးစားရစဉ်များ၌ အစဦးရက်များသည် ပို၍ ခက်ခဲတတ်သည်ကို မှတ်မိသည်။

စည်ပင်ဝင်စက အစဆုံးရက်မှာ မြောင်းဆယ် ရတော့ လူမှာ ရှက်လွန်း၍ ခေါင်းမဖော်ဝံ့သလို၊ ရွံလှ၍ အံလိုက်ရသည်မှာလည်း လုပ်ဖော်ကိုင်ဖက်များအကြား 'ကျောင်းသား ကတော့ကွာ' ဟုဆိုကာ ရယ်စရာ ဖြစ်ခဲ့ရသည်။

တစ်ခုသော နွေနေပူပူမှာ ကျွန်တော်သည် လက်တွန်းလှည်းလေးနှင့် ကက်ဆက်ဖွင့်လျှက် ရေခဲချောင်းသည်လည်း ဖြစ်ခဲ့ဖူးသည်။ ပထမဆုံးရက်မှာ တွန်းလှည်းနှင့် အိမ်ကထွက်တော့ ရှက်လိုက်သည့် ဖြစ်ခြင်း။ နောက်တော့ အမြတ်ငွေတွေကို ကိုယ်တိုင်ရေတွက်ရင်းက ပျော်သလိုလို နေသားကျလာသည်။

နောက်ဘဝ တဆစ်ချိုးမှာ အဖြူ အစိမ်းဝတ်လျှက် အထွေထွေလုပ်သား ရာထူးလေးဖြင့် တောရွာတစ်ရွာမှာ ကျောင်းဆရာ ဘဝဖြင့်လည်း နေခဲ့ဖူးသည်။ 'ကျောင်းဆရာ လာပဟေ့' ဆိုကာ ကားခတော့ တစ်ဝက်ကြေးပဲ ရတော့မယ်ဆိုသည့် အဓိပ္ပါယ်ဖြင့် ပြုံးစိစိကြည့်ကြသော စပါယ်ယာများကို စိုးရွံ့စွာ အနေခက်ခဲ့သည်များမှာလည်း အစဦးနေ့ရက်များပင် ဖြစ်ပါသည်။ တကယ်တော့ ထိုသို့ ခံရသည်မှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်၊ အဖြူအစိမ်းဝတ် ကျောင်းဆရာတိုင်း ပင်ဖြစ်သည်။ အပြောမခံလိုလျှင် အဖြူအစိမ်းကို အိတ်ထဲထည့်ပြီး ရိုးရိုးအဝတ်ဖြင့် ကားခ အပြည့်ပေးစီးလိုက်ရုံသာ ဖြစ်သည်။ သို့သော် ပိုက်ဆံက အရေးကြီးသည် ဆိုတော့ သူလိုကိုယ်လို ကျောင်းဆရာတွေ ကြားမှာ နေသားကျစွာ ဖြတ်သန်းတတ်လာခဲ့သည်။

တချို့အရာများကို ကျွန်တော်တို့သည် မဖြစ်မနေ ကျော်ဖြတ်ရလေသည်။ ဓါတ်ခွဲခန်းတွင် သင်တန်းတက်စက အနံ့ဆိုးလွန်း၍ ကျွန်တော်သည် အဆောင်ပြန်ရောက်လျှင် ထမင်းမစားနိုင်။ ယခုသော် တခါတရံ အလုပ်ထဲမှာပင် နေ့လည်စာ စားသည်။ ဆောင်းတွင်းတွင် ရေချိုးလျှင် ပထမဆုံး တစ်ခွက်၊ နှစ်ခွက်သာ အေး၍ ချိုးနေရင်းက နောက်ခွက်များတွင် မအေးတော့။ သို့သော် အအေးမခံလို၍ ထိုအေးသော ပထမ တစ်ခွက်နှစ်ခွက်ကို သွန်ပြီး ချိုး၍ မဖြစ်။ ထိုအေးသော ရေခွက်များကို ချိုးပြီးမှ နောက်ခွက်များတွင် ခံနိုင်ရည်ရှိသည်။ ထိုသို့ မကျော်ဖြတ်ချင်၍ ရေမချိုးဘဲ နေလျှင်လည်း တစ်နေကုန် ငြီးစီစီနှင့် နှစ်ပါးသွားရမည်သာ ဖြစ်သည်။

လက်ရှိထက် ကောင်းမွန်သော အခြေအနေတစ်ခုကို မြင်သည်ဆိုလျှင် ကျွန်တော်တို့သည် ရဲဝံ့စွာ ပြောင်းရဲဖို့ သာလိုပါသည်။ ပြောင်းလိုက်သော အခြေအနေတစ်ခုတွင် အစဦးနေ့ရက်များ၏ စိန်ခေါ်မှုကို မလွဲမသွေ ကျော်ဖြတ်ရမည်ဖြစ်ပြီး၊ ထို့နောက်တွင် လူသည် ထိုပစ္စက္ခ အခြေအနေမှ 'အဿာဒ' ခေါ် မွေ့လျှော်ဖွယ်ကို ရှာဖွေတွေ့ရှိလာပြီး၊ ဘဝတွင် နေပျော်ဖွယ်ဖြစ်လာမည် ဖြစ်ပါသည်။ ထိုအတွက် မိမိက ဘာမှ ကြောင့်ကြ စိုက်ရန်မလို။ အဘယ်ကြောင့်ဆိုသော် သတ္တဝါ၏ သဘောမှာ 'နိကန္တိ' ခေါ် ဘဝကို တပ်မက်သောစိတ် က မွေးရာပါ ပါပြီးဖြစ်သောကြောင့် ပင်။ လိုအပ်လျှင် သို့မဟုတ် ပိုကောင်းမည် ထင်လျှင် ကျွန်တော်တို့က ပြောင်းရဲဖို့သာလိုပါသည်။

အောင်မျိုးသူလွင်
၁၈/၀၅/၂၀၁၄
တနင်္ဂနွေ

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...