ငယ်နာမည်မှာ မောင်မောင်(ခေါ်)လှမောင်၊ မောင်လှဆွေ၊ လှမောင်သွင်ဖြစ်ပြီး အမည်ရင်းမှာ ဦးဘဆွေဖြစ်သည်။ ကလောင်အမည်ခွဲများမှာ လှမောင်၊ သတိုးဆွေ၊ ၀ါးခယ်မလှမောင်၊ ဘဆွေတို့ ဖြစ်သည်။ အဖ လယ်သမားဦးကြာဖြူ၊ အမိ ဒေါ်သေးသေးတို့က ၁၉၁၆ ခုနှစ်၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ရေပူဝရွာ၌ မွေးဖွားသည်။ မွေးချင်းနှစ် ယောက်တွင် အငယ်ဆုံးဖြစ်သည်။
ကျောင်းမနေခဲ့သော်လည်း အစ်ကိုဖြစ်သူက စာသင်ပေးသည်။ စိတ်မ၀င်စားသဖြင့် အရုပ်ဆွဲ ကပင် ထူးချွန်နေသည်။ ပဋိကတ်ကျမ်းစာများကိုလည်း သင်အံလေ့လာခဲ့သည်။ ထို့အပြင် ဂျုံအိတ်များ တွင် တံဆိပ်ရိုက်သည့်သံပြားဖောက်ပန်းချီမှအစ၊ ကုန်ကြော်ငြာဒီဇိုင်း၊ ရုပ်ရှင်ဆလိုက်၊ ကြော်ငြာ ပြက္ခဒိန်၊ အထည်ဒီဇိုင်းစသည့် ပညာများလည်း တတ်မြောက်သည်။ စာရေးခြင်းအတတ်ကို လည်း မပြတ်မလတ် ဆည်းပူးသည်။
သင်တန်းများမှာ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ပန်းချီပညာသင်ကျောင်း၊ အကပညာသင် ကျောင်းများတွင် ပညာသင်ကြားခဲ့သည်။
ထို့နောက် ဂျုံအိတ်များတွင် တံဆိပ်ရိုက်သည့်သံပြားဖောက်ပန်းချီမှအစ၊ ကုန်ကြော်ငြာဒီဇိုင်း၊ ရုပ်ရှင်ဆလိုက်၊ ကြော်ငြာပြက်္ခဒိန်၊ အထည်ဒီဇိုင်းစသည်တို့ကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၃-၃၄ ခုနှစ်ခန့်တွင် သက်စောင့်မဂ်္ဂဇင်းသို့ “၀ါးကမယ်လှမောင်”အမည်ဖြင့် ၀တ္ထုစရေးသည်။ မဂ္ဂဇင်း တွင် “လှမောင်”ဟုသာ ဖော်ပြခံရသည်။ စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ လူငယ်ကြီးပွား ရေးအသင်း စာစီစာကုံးပြိုင်ပွဲ ပထမဆုရသူ “သတိုးဆွေ”ဟူသော ကလောင်အမည်ကို ပြောင်းလဲ ခံယူသည်။ ၁၉၃၅ ခုနှစ်တွင် “လွန်းရတနာ”စာအုပ်ကုမ္ပဏီ၏ စပါယ်ရှယ်မဂ္ဂဇင်းတွင် တိုက်ထိုင် စာရေးအဖြစ်လည်းကောင်း၊ လိုသမျှစာနှင့် အတွင်းပုံများကို ရေးဆွဲပေးသည်။ ရွှင်ပျော်ပျော်စာအုပ် တိုက်အတွက် ကလောင်အမည်မခံဘဲ ၀တ္ထုနှစ်အုပ် ရေးခဲ့သည်။
၁၉၃၆-၃၉ ခုနှစ်တွင် ပုဇွန်တောင် ဆင်းဂါးကျောင်း၌ ပန်းရေးအလုပ်ကိုလည်းကောင်း၊ “တက်ခေတ်” စာစောင်၌ နိုင်ငံရေးဆောင်းပါး၊ ၀တ္ထုများကိုလည်းကောင်း၊ နဂါးနီဂျာနယ်တွင် ပထမပိုင်း ၌ “၀ါးခယ်မလှမောင်” အမည်နှင့်ရေးသည်။ နောက်ပိုင်းတွင် “ဘဆွေ”အမည်ပြောင်းကာ ရေးသည်။ စာရေးဆရာဘဆွေ နှစ်ယောက်ဖြစ်နေသဖြင့် နဂါးနီစာတည်းချုပ် ဦးထွန်းရွှေက တက္ကသိုလ်ဘဆွေ ကို “ထားဝယ်ဘဆွေ”၊ သူ့ကို ရန်ကုန်ဘဆွေဟု ခွဲခြားပေးလိုက်ရာမှ “ရန်ကုန်ဘဆွေ” အမည်တွင် လာသည်။
၁၉၃၉-၄၁ ခုနှစ်တွင် နဂါးနီဂျာနယ် အယ်ဒီတာအဖွဲ့ဝင်ဖြစ်လည်းကောင်း၊ ဂျပန်တော်လှန်ရေး ကာလတွင် ဖျာပုံခရိုင်မြေအောက် တော်လှန်ရေးခေါင်အဖြစ်လည်းကောင်း၊ ဆိုရှယ်လစ်ပါတီတည် ထောင်သောအခါ ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ယူခဲ့သည်။ ထို့နောက်နိုင်ငံရေးကို စွန့်လွှတ် ကာ ပန်းချီဆွဲ၏။ သွေသောက်ဂျာနယ်တွင် ရံဖန်ရံခါ စာရေးသည်။ ၁၉၄၆ ခုနှစ်တွင် “စစ်ပြန်”နှင့် “စံထူး”ပြဇာတ်များကို နေသူရိန်ရုံ၌ တင်ဆက်သည်။ ရန်ကုန်အစိုးရဖြစ်ချိန်တွင် စစ်ရဲ(၄)၏ အရန် တပ်ရင်းဖွဲ့၍ ထားဝယ်မြို့သိမ်းတိုက်ပွဲ၊ အင်းစိန်တိုက်ပွဲ၊ သာယ၀တီခရိုင်တိုက်ပွဲတို့တွင် ပါဝင်ဆင်နွှဲခဲ့ သည်။ တစ်ဖန် စာပေနှင့်အနုပညာလောကတွင် အခြေချပြန်သည်။ ထို့နောက် ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်တို့ကို သံတောင်နယ် ဘောဂလိကြီးရွာမှ ကယ်ထုတ်ရေးတပ် ဖွဲ့ကို ဦးဆောင်ခဲ့သည်။ ဗိုလ်ချုပ် မောင်မောင်တို့ လွတ်မြောက်ပြီးသည်နှင့် ယူနီဖောင်းချွတ်ကာ စာပေနှင့် အနုပညာလောက တွင် ပြန်လည်လှုပ်ရှားသည်။
၁၉၅၃ ခုနှစ်တွင် ဂျာနယ်ပြာကိုထုတ်ဝေသည်။ ၁၉၅၅ ခုနှစ်တွင် “မာန်”ရုပ်ရှင်ကိုရိုက်ကူး သည်။ ၁၉၅၆-၅၇ ခုနှစ်တွင် နာဂတောင်တန်း လေ့လာရေးခရီးသွားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဒီးဒုတ် ဂျာနယ်ကို ပြန်လည်ထုတ်ဝေခဲ့သည်။ တည်မြဲ-သန့်ရှင်းကွဲချိန်တွင် မီးဒုတ်သတင်းစာကို ဦးစီးထုတ် ဝေပြီး တည်မြဲဘက်မှ ရပ်ခဲ့သည်။ မြ၀တီမဂ်္ဂဇင်းတွင် “မင်းသားကိုကြီးကောင်း” ပြဇာတ်ရေး၍ ဦးနုကို သရော်ခဲ့သည်။ ၁၉၅၀-၆၀ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းအမှုဆောင်အဖြစ်လည်းကောင်း၊ ၁၉၆၀-၆၃ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၆၃-၆၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံစာရေးအသင်းဥက္ကဋ္ဌတာဝန်များကို ယူခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ရရှိသည်။ စာပေတွင်သာမက ပန်းချီနှင်ြ့ပဇာတ်တွင် ထင်ရှားသည်။ ပါတိတ်ပန်းချီရေး နည်းကို လက်ဆင့်ကမ်းပေး ခဲ့သည်။
ရေးသားခဲ့သည့်စာအုပ်များမှာ တိုက်ပွဲဟူသည် (၁၉၆၀)၊ ချီလေသော်လည်း(၁၉၆၃)၊ တိုက်ယူရသောမျက်ရည်တစ်ပေါက်(၁၉၆၃)ကဲ့သို့သော မှတ်တမ်းဝတ္ထုများ၊ သေသော်မှတည့် သြော် ကောင်း၏(၁၉၆၄)၊ မြန်မာပြည်သား(၁၉၆၆)၊ စံပယ်တို့ခေတ်(၁၉၇၁-၇၂)စသည့် သမိုင်းနောက်ခံဝတ္ထု များ၊ သည်မိုးသည်လေ(၁၉၆၄)၊ ခေတ်၏သားကောင်(၁၉၆၄) အစရှိသည့် ခေတ်သရုပ်ပြ၀တ္ထုများ၊ နန်းဟာဗီး(၁၉၆၄)ကဲ့သို့သော တိုင်းရင်းသား ချစ်ကြည်ရေးဝတ္ထု၊ န၀ဒေးတစ်ခန်းရပ်ဇာတ်(၁၉၅၈)၊ မင်းသားကိုကြီးကောင်း(၁၉၅၉)ကဲ့သို့သော ပြဇာတ်များ၊ ချစ်ဇနီးသို့ (၁၉၆၃)ကဲ့သို့သော အိမ်ထောင် ရေးကျမ်း၊ စကားနက်(၁၉၆၆)၊ ပန်းသွင်သီကုံး ရေးနည်းထုံးကား (၁၉၆၆)၊ သီကုံးပန်းသွင်ရေးဖွဲ့ ချင်သော်(၁၉၆၆)၊ စာရေးခြင်းအတတ်(၁၉၆၈)ကဲ့သို့သော စာပေရေးသားမှုဆိုင်ရာကျမ်းများ၊ တော ပန်းတစ်ပွင့်၏ ဇာတ်သိမ်းနှင့်ဝတ္ထုတိုများ(၁၉၆၀)၊ အောင့်နိုင်ဘူးတော့နှင့်ဝတ္ထုတိုများ(၁၉၆၁)၊ မဒ္ဒီနှင့် အခြားဝတ္ထုတိုများ(၁၉၆၅)၊ မယားနှစ်ယောက်ဒဏ်နှင့် အခြားဝတ္ထုတိုများ(၁၉၆၆)ကဲ့သို့သော ၀တ္ထုတို ပေါင်းချုပ်၊ ဦးသော်ဇင်နှင့်တွဲဖက်၍ မိုးတိမ်တမန် မေဃဒူတ(ဘာသာပြန်)၊ ရန်ကုန်ဘဆွေမှ ဦးသိန်းဖေမြင့်သို့အိတ်ဖွင့်ပေးစာ(၁၉၆၃)စသည်တို့ဖြစ်သည်။
စာပေနယ်တွင် “သေသော်မှတည့် သြော် ကောင်း၏” စာအုပ်မှာ စာရေးသူ၏အတတ်ပညာ ပိုင်းကို အံ့မခန်းဖြစ်ပြီး ပညာပိုင်းမှာလွန်ကဲ သည်ဟုထင်ရလောက်အောင်ဖြစ်သည်ဟု မှတ်ချက်ပေး ခြင်းခံရသည်။ စာရေးဆရာ၊ ရုပ်ရှင်ပြဇာတ်ဒါရိုက်တာ၊ ပန်းချီဆရာ၊ တော်လှန်ရေးသမားနှင့် မျိုးချစ် ပုဂ္ဂိုလ်ကြီး တစ်ဦးလည်းဖြစ်သည်။
ရန်ကုန်ဘဆွေသည် ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့၌ကွယ်လွန်သည်။
Subscribe to:
Post Comments (Atom)
Featured Post
အောင်မျိုးရှေးစကား
လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...
-
ရေတွေ တိုးလာပြီ။ အနောက်ရွာ တကြောကလူတွေ ကုန်းခေါင်ခေါင်ကို ပြောင်းလာကြတော့၏။ ရေတိုးတယ်ဆိုတာ ဘယ်လိုနည်း။ ဒီ ဒေသရဲ့သဘောကို 'နောဧက နော...
-
ငယ်နာမည်မှာ မောင်မောင်(ခေါ်)လှမောင်၊ မောင်လှဆွေ၊ လှမောင်သွင်ဖြစ်ပြီး အမည်ရင်းမှာ ဦးဘဆွေဖြစ်သည်။ ကလောင်အမည်ခွဲများမှာ လှမောင်၊ သ...
-
ဖိုးသမားတစ်၊ နှစ်လုံးလက်ခွဲရောင်းသူ မိန်းမတစ်၊ လူမမယ်ကျောင်းသူတစ် တို့ မန္တလေးမြို့သစ်က ဘယ်သူပိုင်မှန်းမသိသော မြေကွက်တစ်ခုရှေ့တွင် ကွမ်းယာဆ...
No comments:
Post a Comment