Aungmyothu Lwin

Aungmyothu Lwin
Facebook

Saturday, November 3, 2018

တရားခံ


ရေတွေ တိုးလာပြီ။ အနောက်ရွာ တကြောကလူတွေ ကုန်းခေါင်ခေါင်ကို ပြောင်းလာကြတော့၏။ ရေတိုးတယ်ဆိုတာ ဘယ်လိုနည်း။ ဒီ ဒေသရဲ့သဘောကို 'နောဧက နော' သော ဤစာရေးသူက ကူ၍ ပြောပြပါမည်။

မိုးခါဆို လှိုင်းတဖွေးဖွေး၊ နွေခါဆို ဖုန်တထောင်းထောင်း မြစ်ကြောင်းတွေ ခဏခဏပြောင်းစီးတဲ့ ဧရာဝတီ ရေဝင်ရပ်။ နုန်းတင်မြေနု လွင်ပြင်ကြီးတွေလည်း တမျှော်တခေါ်ရှိရဲ့။ အခုလိုရေတွေတက်လာပြီး ပြန်ကျသွားချိန်ကျ နုန်းလို့ခေါ်တဲ့ မြေဆီမြေလွှာ အနည်အနှစ်တွေ တင်ကျန်ရစ်တာပေါ့။ ဒါတွေပေါ် ထွန်ယက်ပြီး မြေပဲ၊ ပြောင်း ဘာညာ စိုက်ကြတာလေ။ အဲဒီတော့ ဆောင်းတွင်းဆို ထွန်ယက်စိုက်ပျိုး၊ နွေခေါင်ခေါင်လို သင်္ကြန်တွင်းပတ်လည်လောက်မှာ နှုတ်ဟယ်၊ ရိတ်ဟယ်၊ အိတ်သွင်းလို့ မန္တလေးပွဲရုံတွေဆီပို့ကာ ငွေပေါ်တဲ့ရက်ပေါ့။

နောက်တော့ နွေရက်တွေ ပူပူဖြတ်ပြီး လှည်းလမ်းကြောင်းမှာ ဖုန်တထောင်းထောင်းနဲ့ ပွဲလမ်းတွေလည်း ပေါကြရဲ့။ အဲဒီအချိန် တစ်ဆောင်းလုံး စိုက်ပျိုးထားတဲ့ မြေနုလွင်ပြင်ကြီးဟာ ခြောက်သယောင်းလို့။ ပွဲခံရင် ကွင်းအကျယ်ကြီး။ ဘုန်းကြီးပျံဘာညာရှိလည်း ဒီရက်မှာ ဒီကွင်းပြင်ကြီးမျိုးထဲ လုပ်ကြတာပဲ။

ဟော… အဲဒီကနောက် ရေဦးပေါက်ပါပြီတဲ့။ မြစ်ကြောင်းအတိုင်း အထက်အညာဆီက ရေတွေစီးလာတယ်။ မြစ်ထဲမှာ ရေတွေတိုးပြီပေါ့။ နောက်တော့ ကမ်းပေါ်ပါ ရေတွေလျှံလို့ တစ်ကွင်းလုံးပြည့်တော့မယ်။ အဲဒီမှာ ရေတိုးပုံကို ပြောချင်တာ ကလား။

ဆိုကြပါစို့ရဲ့ ရေဟာ တစ်နေ့ကို တစ်ထွာတိုးတယ်ပေါ့။ မြစ်ထဲမှာ ရှိတုန်းကတိုးတဲ့ တစ်ထွာနဲ့ လွင်ပြင်ပေါ်ရောက်လို့ တိုးလာတဲ့ တစ်ထွာ သက်ရောက်ပုံခြင်း မတူဘူးရယ်။ မြစ်ဆိုတာ သူ့ကမ်းကို နံရံပြုပြီး စီးနေတာမို့လား။ ဒီတော့ မြစ်ထဲရှိတုန်း တစ်နေ့နေလို့ ရေတစ်ထွာတိုးတဲ့အခါ ရေအမြင့်လေး နည်းနည်း တက်လာပဟဲ့လို့သာ သတိပြုမိမယ်။ အဲဒီကနေ မြစ်ရေတွေလျှံလို့ လွင်တီးခေါင်ပေါ်မှာ ရေတစ်ထွာတိုးတယ်ဆိုပါစို့၊ နေ့ချင်း ညချင်း မြင်နေရင်းကို ရေတွေ တရိပ်ရိပ် လွှမ်းသွားတာခင်ဗျား။ ဖန်ခွက်ထဲက ရေလက်နှစ်သစ်နဲ့ လင်ပန်းထဲက ရေလက်နှစ်သစ် ကွာသလိုပင်။

အခု အနောက်ရွာတစ်ကြောမှာ ရေတွေတိုးပြီဆိုတော့ ကိုကြီးဘမောင်ကို ကျွန်တော်မြင်ရသည်။ ကိုကြီးဘမောင်နှင့် ကျွန်တော် တွေ့ဆုံခြင်းမှာ အကယ်တိ ကိုကြီးဘမောင်ရဲ့အိမ်ဂေဟာရှိရာ ရေလယ်ကျွန်းရွာမှာ ဆိုရင်တော့ ပီဘိ ကျက်သရေ မင်္ဂလာရှိလှပေမည်။ သို့သော် ယခုကား ကျွန်တော့်အလုပ်ခွင်ဖြစ်ရာ ဆေးရုံမှာ။ ကျွန်တော့်ဆေးရုံသည် နောင်သော် ကိုကြီးဘမောင် စံမြန်းရမည့် အချုပ်ခန်းရှိရာ ရဲစခန်းနှင့် လမ်းလေးသာခြားသော မျက်နှာချင်းဆိုင် အဆောက်အအုံ ဖြစ်ပေသည်။

ဆေးရုံ၊ ဆေးခန်းသည် အနိဋ္ဌာရုံ၏ ပြယုဂ်ဖြစ်သည်။ ရဲစခန်းတို့မည်သည် သာမန်လူများအတွက် ကျက်သရေတုံးသည် သာတည်း။ ကိုကြီးဘမောင်သည် အခုရေတွေတိုးတော့ သူ့ရွာကို မခွဲချင်ဘဲခွာ၍ ကျက်သရေတုံးရာ အရပ်ကို သွားမည်ဟု အနိဋ္ဌာရုံတွေ စုရာ ဆေးရုံမှာ ခဏ မနေချင်ဘဲ နေနေရရှာသည်။ ကိုကြီးဘမောင်ကို မြင်ရတွေ့ရတာ ဝမ်းနည်းစရာ ကောင်းဘိတောင်း။

အခု နောက်ပိုင်း ကိုကြီးဘမောင် ပဲတွေနှမ်းတွေ ဈေးမရလို့ စီးပွားရေး ကျပ်ရှာတယ် ဆိုရဲ့။ သူမွေးထားတဲ့ နွားအုပ်လည်း ပွဲရုံကြွေးဆပ်ဖို့ တဖြည်းဖြည်း ဖဲ့ရောင်းရင်း ကုန်လုပြီဆိုရဲ့။ ခိုင်းနွားလောက်ပဲ အိပ်မှာကပ်တော့တယ် ဆိုပဲ။

ကျွန်တော်နဲ့ အခုတစ်ခါ တွေ့တော့ သူဟာ တရားခံလေ။

ကျွန်တော့်ကို တွေ့တော့ အခါတိုင်းလို "ဟ… ငမျိုးကြီး" လို့ အားပါးတရ မခေါ်ဘူး။ ကျွန်တော်ကလည်း "ကိုကြီး ဘမောင်" လို့ ဝမ်းသာအားရ နှုတ်မဆက်နိုင်ဘူး။ ကျွန်တော်တို့တွေ့ကြတာက အနိဋ္ဌာရုံတွေစုရာ ဆေးရုံမှာလေ။ သူအခုလာခဲ့တာ ဒီအနိဋ္ဌာရုံတွေ စုရာ ဆေးရုံမှာ ဆေးကုခံပြီးတဲ့နောက် ဟိုဘက်က ကျက်သရေမဲ့ရာ ရဲစခန်းအချုပ်မှာတည်းပြီး၊ လူတကာတွေ ဒုက္ခများရာ တရားရုံးမှာ အမှုရင်ဆိုင်ဖို့လေ။ ရွာမှာလည်း ရေတွေတိုးလို့ လူတွေ ဒုက္ခများနေချိန်ကြီးပေါ့။

တိုးရေတွေ များတဲ့အခါ လူသူအိုးအိမ်တွေ အပါအဝင်၊ ကျွဲနွားတွေပါ ဒုက္ခရောက်တော့တာပဲ။ အခုတစ်ခါ တိုးရေကတော့ ကိုကြီးဘမောင်ရဲ့ မိသားစုလေးကိုပါ အမြစ်ကကျွတ်ထွက် ပြိုပျက်စေခဲ့ပြီ။ ကိုကြီးဘမောင်ဟာ အခုဆို ဆေးရုံကုတင်ပေါ်မှာ သံကြိုးနဲ့တွဲလျက် လက်ထိပ်တန်းလန်းနဲ့။ သူ့ခါးက ခါးဆစ်ရိုးတစ်ဆစ် အက်သွားတာကြောင့်အိပ်ယာပေါ်မှာ သံထောက်ခါးပတ်ကြီး ပတ်လို့။

အရင်တုန်းက အခြေအနေမျိုးနဲ့သာဆို

"ကိုကြီး ဘုရားပွဲတုန်းက လက်ဝှေ့တက်ထိုးလို့ နိုင်လာတာလားဗျ" လို့ ကျွန်တော် နောက်မိမှာ။ အဲဒီအခါ ကိုကြီးက

"အေဘေးမျိုး၊ နင့်မေလင်ခါးက အရိုးအက်သွားလို့တဲ့ဟ" လို့ ပြုံးဖြဲဖြဲ ပြန်ပြောမှာ။

အခုကျ ကျွန်တော်ဟာ ကိုကြီးကို သွေးစစ်ရမတဲ့။

ဒီလိုပါပဲ နယ်ဆေးရုံလေးမှာ အမှုအခင်းနဲ့ဆိုင်ရာ တရားခံတွေကို ဆီး၊ သွေး၊ သုက်ပိုးစစ်ဖို့ ဓာတ်ခွဲမှူးဟာ မကြာမကြာ ပါရတယ်။ အရက်သေစာ သောက်စားခြင်း ရှိ၊ မရှိတို့။ အစာအိမ်ထဲမှာ အဆိပ်တွေ့မတွေ့တို့၊ မုဒိမ်းမှုတွေမှာဆို မိန်းမကိုယ်မှာ သုက်ပိုးတွေ့မတွေ့တို့ ဆိုတာမျိုး။ ဒါတွေကို ဆိုင်ရာနေရာမှာ နမူနာယူလို့ ချိတ်ပိတ်ကာ ရန်ကုန်နဲ့ မန္တလေးက ဆိုင်ရာဓာတ်ခွဲခန်းကြီးတွေဆီ စာတိုက်ကလှမ်းပို့။ ဒါမျိုးတွေမှာ ဓာတ်ခွဲမှူးပါရတယ်။ နောက်တော့ အချုပ်သားတွေ သူတို့ကိုယ်သူတို့ ရောဂါတစ်ခုခု ဖြစ်နေပါတယ် တင်ပြလာတဲ့အခါ ရဲက ခေါ်လာပြီး တကယ်ဟုတ်မဟုတ် သွေးစစ်ပေးရတာမျိုးပေါ့။

ကိုကြီးဘမောင်ဘေးမှာ ခင်ရာမင်ကြောင်း ရွာသားအနည်းငယ်ပဲ ပါတယ်။ ကိုကြီးမှာ အမျိုးရယ်လို့ ဟုတ်တိပတ်တိ ရှိတာမဟုတ်။ သူ့မိန်းမနဲ့ သူ့သမီးလေးတွေသာ သူ့မှာ အမျိုးအရင်းရယ်လို့ ခင်တွယ်ရာ ရှိပြီး၊ သူဟာ ဒီသမီးလေးတွေကို တုန်နေအောင် ချစ်ရှာသည်။ မိန်းမအပေါ်လည်း သားမှတ်မှတ် မယားမှတ်မှတ်နှင့် အင်မတန် ကြင်နာရှာသည်။

သဘောသကန် ကောင်းကာ မည်သူ့ကိုမဆို ကူညီဖို့ ဖင်ပေါ့တတ်တဲ့လူရိုးကြီး ကိုဘမောင်ကို တစ်ရွာလုံးက ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းမို့ ချစ်ကြတယ် ကလား။

"ကိုဘမောင် မနက်ဖြန် တောင်ခြေသွားဦးမလား"

"နေ့ခင်းလောက်တော့ သွားမယ်ဆရာမ၊ ဆရာမတို့ မန္တလေးပြန်မလို့လား"

"ဟုတ်တယ် ကိုဘမောင်၊ အခု ကျွန်မအမျိုးသားပါ ရောက်နေတာလေ၊ သူက ကလေးကို ဒီမှာ ရေတွေနဲ့ စိတ်မချလို့ အဲဒါ ခွင့်တစ်ပတ်လောက်ယူပြီး အိမ်ပြန်နေစေချင်တာ၊ မနက်ဖြန် ခဏပြန်လိုက်သွားဦးမယ် ကိုဘမောင်ရေ၊ အဲဒါ…"

"မနက်ဖြန် နေ့ခင်းကျွန်တော်သွားတော့ လိုက်ခဲ့လေ ဆရာမ"

"နေ့ခင်းမလုပ်ပါနဲ့ ကိုဘမောင်ရယ်၊ မနက်စောစောလောက် သွားပေးပါလား၊ အစောကား မီချင်လို့ပါ၊ ဟိုဘက်ကျ မန္တလေးကားပါ ပြောင်းစီးရဦးမှာမို့လေ နော်"

ကိုကြီးဘမောင်သည် ဘယ်သူ့မှ နှစ်ခါ သုံးခါ ငြင်းပယ် ရိုးမရှိပါ။ အင်မတန် အားနာတတ်သလို၊ သူကိုယ်တိုင်ကလည်း မပျင်းတတ်သော ညာဉ်လေးမှာ ကူညီတတ်သော အကျင့်လေး စွက်နေသည်။ ယခုသော် ရွာကျောင်းမှာ သူ့သမီးတွေကို စာသင်ပေးနေသော ဆရာမဆိုတော့ တစ်ခါပင် မငြင်းတော့ဘဲ

"မနက်ကျ မနီတို့ ဈေးသွားတော့ လိုက်ခဲ့ပေါ့၊ အစက သူတို့သားအမိတွေချည်းဆိုတော့ နေ့ခင်းလောက်မှ သွားမယ်လုပ်ထားတာ"

တိုးရေတွေက တသွင်သွင်စီးပါသည်။ ဧရာဝတီမြစ်ကြီးဟာ အနယ်တွေနဲ့ နောက်ကျိလို့။ ဒိုက်အမှိုက်တွေ ထင်းစတွေ ရေထဲမျောလာတာ ဝေလီဝေလင်း အရုဏ်ဦးအလင်းပြပြမှာ မြင်ရသည်။ ထို ဒိုက်မျောတွေ လှေနားရောက်လာသော် ကလေးတွေ လက်ဆော့ပြီး မကိုင်မိဖို့ပြောရသည်။ ဒီဒိုက်ပုံတွေထဲ ရေတက်လို့ပါလာတဲ့ မြွေတွေ ခွေလျက်သား ပါလာတတ်တယ်မို့လား။ မနက်စောစောမို့ တိုးရေထဲမှာ ထင်းဆယ်သော ရှော်တယ်လေးတွေ တစ်စီးစ နှစ်စီးစ တွေ့ရပါသည်။

အခု ဓာတ်ဆီထည့် တရုတ်စက်လေးတွေ ပေါလာသော ခေတ်မှာ၊ လှေလှော်ရွက်တိုက် အတော်သက်သာသွားသည်။ အကုန်လုံး စက်ပန်ကာတပ် လှေလေးတွေနှင့်။ အဲဒါကို ရှော်တယ်ခေါ်သည်။ နည်းနည်းကြီးတဲ့ တရုတ်နီဒီဇယ်စက်သုံး မော်တော်လေးတွေကိုတော့ ဘုတ်ချပ်ခေါ်သည်။

မြစ်ကိုဖြတ်လို့ ရှေ့ချောင်းစွတ်အဝရောက်တော့ ရေစီးပိုကြမ်းလာသည်။ တိုးရေတို့သဘာဝ ရေစီးကြမ်းတတ်သည်။ နောက်တော့ ချောင်းရိုးအတိုင်း အတော်လေး မောင်းတက်ပြီးချိန် နွားခြံကုန်း ရွာထိပ်တံတားကို မြင်ရသည်။ တံတားသည် ဂုံးတံတားပုံမျိုးလေး ဖြစ်ပြီး၊ တံတားကိုယ်ထည် ထီးထီးသာ ရေမှာပေါ်နေသည်။ အတက်နဲ့ အဆင်း လှေကားတွေ ရေမှာမြုပ်လို့။ ရေကျခါကျ ဒီချောင်းရိုးလေးကို ကူးဖို့ လူကူးတံတားလေးလေ။ အခုလို ရေကြီးခါကျ တံတားအောက်က ချောင်းရိုးလေးအတိုင်း လှေတွေသွားလို့ရတာပေါ့။ ရွာလက်သမား ရွာပန်းရံနဲ့ဆောက်ထားတာ ခိုင်ခိုင်ခန့်ခန့်ပါ။ တောင်ခြေကိုရောက်ဖို့ ချောင်းရိုးလေးအတိုင်း ဒီတံတားအောက်က ဖြတ်မောင်းရမယ်လေ။

ကိုကြီးဘမောင် မောင်းလာသော လှေသည် တံတားအောက်မှ ဖြတ်မောင်းကျော်တက်လာမိရုံရှိသေး "ဒုံး" ခနဲ့မြည်သံနှင့်အတူတွန့်ခနဲ့ လူးပြီးမှောက်သွားသည်။ ရေအတက်မှာ ဘယ်ကဘယ်မျောလာမှန်းမသိသော အိမ်တိုင်ဟောင်း ခပ်ကြီးကြီးကို ဝင်တိုက်လိုက် မိခြင်းဖြစ်သည်။

လှေသည် မှောက်ကာ တံတားတိုင်နှစ်ခုကြား ရေစီးမှာ ကန့်လန့်ခံနေသည်။ ကျောင်းဆရာမလေးနှင့် သူ့ကလေး လူချင်းကွဲပြီး ရေထဲမျောသွားသည်။ ဆရာမယောက်ျားသည် ချောင်းဘက်သို့ ထိုးထွက်နေသော ဆူးခြုံကို ဆွဲမိဆွဲရာ ဖမ်းဆွဲထား၏။ သူတို့သည် တစ်ယောက်မှ ရေမကူးတတ်ပါ။ ရေးကူးတတ်သော ကိုဘမောင် မိန်းမ မနီလည်း ရုတ်တရက်သော် ဘယ်မျောပါသွားမှန်းမသိ။ သမီးအကြီးမသည် တံတားတိုင်မှာ အတင်းဖက်ထားရင်း အော်နေရှာသည်။ ကယ်ပါ ယူပါ တစာစာနှင့် နွားခြံကုန်းရွာ တံတားနားက မနက်ခင်းမှာခေတ္တ ငရဲပွက်သွားသည်။

ကိုဘမောင်သည် ကျွမ်းထိုးမှောက်ခုံ ရေထဲပြုတ်ကျအပြီး အရင်ဆုံးတွေ့ရာ တံတားတိုင်က သမီးကို ပြေးကူးကယ်သည်။ ရွာထဲမှ လှေတွေထွက်လာကြသည်။ သို့သော် သူတို့ရောက်ချိန်မှာ အင်မတန်သန်သော ရေစီးထဲ လူတစ်ချို့ ပျောက်သွားပေပြီ။ ကိုဘမောင်သည် တံတားတိုင်က သမီးကို ကယ်လှေရှိရာ ပို့အပြီး ခါးထဲက မျက်ခနဲ့နာကာ သူကိုယ်တိုင် ရေအောက်ဆွဲချခြင်း ခံလိုက်ရသလို ကိုယ်အောက်ပိုင်း ရုတ်တရက် လှုပ်မရတော့ဘဲမြုပ်သွားလေတော့သည်။

ကျောင်းဆရာမ ယောက်ျားသည် သူ့ဇနီးနှင့် ကလေး ရေစီးထဲမျောပါသွားသည် ကိုကြည့်ရင်း ရုတ်တရက်သော် ဆူးခြုံကိုလွှတ်ကို သွားကယ်မည်ဟု ကူးလိုက်သည်။ သို့သော် သူမေ့သွားသည်ကား သူသည် ရေကောင်းကောင်း မကူးတတ်ရှာပေ။

အောက်နားဆီမှ လှေတစ်စင်းသည် ရေပြင်ထက် စွက်ခနဲ့ခဏ ပေါ်လာသော လက်တစ်ဖက်ကို အတင်းဆွဲတင်လိုက်ရာ ခါးကျိုးနေသော ကိုဘမောင်ကိုယ်ကြီး ပါလာသည်။

နောက်ထပ် နေ့တွေ ကြာသောအခါ အလောင်းတစ်ချို့ကို ချောင်းအောက်နားက ဆူးခြုံတောတွေထဲ ပြန်တွေ့ပါသည်။

ကိုကြီးဘမောင် မသေပါ။ သူ့သမီးလေး တစ်ယောက် အသက်ရှင်သည်။ ကျန်လူများကိုမူ ရက်တစ်ချို့ကြာမှ အလောင်းသာ ရတော့၏။

ခါးရိုးအက်သွားသော ကိုကြီးဘမောင်ဟာ အခု ကျွန်တော်ရှိရာ ဆေးရုံမှာ၊ တရားခံတဲ့။ ဆေးကုနေရရှာသည်။

ပုဒ်မ(၂၈၀) ရေယာဉ်ကို အရမ်းဦးစီးသွားလာစေမှုတဲ့။ ပုဒ်မ (၃၀၄-က) ပေါ့လျော့ခြင်းဖြင့် လူသေစေမှု တဲ့။ ဒီမှာ ကိုကြီးဘမောင်ဟာ တရားခံပေါ့။ ကျွန်တော်က တရားခံဖြစ်သူဟာ အခင်းဖြစ်စဉ် အရက်သေစာ သောက်စားထားခြင်း ရှိမရှိ ဆီးသွေးစစ်ဖို့ လုပ်ဆောင်ပေးရမယ့် သူပေါ့။

သွေးဖောက်မည်ဟု ကျွန်တော်ဝင်သွားသောအခါ ကိုကြီးဘမောင်သည် လန့်ဖျတ်စွာ ထထိုင်လိုက်ရှာသည်။ သူသည် ကျွန်တော့်ကိုထက် ကျွန်တော့်နောက်မှာ ကပ်ပါလာသော ရဲဝတ်စုံဝတ် ရဲသားတို့ကို မြင်ပေမည်။ ဆေးရုံဆေးခန်း၏ အနံ့သည် အရောက်စိမ်းသူကို ထိတ်လန့်စိတ်တစ်မျိုး ဖြစ်စေတတ်ရာ၊ ကိုကြီးဘမောင်အပါ ရွာသားတစ်ချို့မှာ ဆေးရုံမှာလည်း ဖြစ်ပြန်၊ နေနေရတာကလည်း တရားခံနှင့် တရားခံလူနာ၏ အစောင့်များဆိုတော့ သူတို့ ထိတ်ကြသည်မှာ လွန်သည်မဆိုသာပါပေ။

"ကိုကြီး ကျွန်တော် သွေးလေးဖောက်ချင်လို့ပါ"

ကိုကြီးဘမောင်သည် ထိုအခါမှ လန့်နိုးသူလို ကျွန်တော့်မျက်နှာကို တွေတွေကြည့်ပြီး

"ကိုမျိုး"

သူသည် ကျွန်တော့်ကို အရင်လို "ငမျိုးကြီး" လို့ အာလုတ်သံဖြင့် မခေါ်ဘဲ ကိုမျိုးဟု ခပ်ဆဆခေါ်သည်ကို ကြားရသောအခါ သူ့စိတ်မှာ ဘယ်မျှငယ်နေသည်ကို တွေးသိမိသော စိတ်က ကျွန်တော်ကို သာ၍ စိတ်မကောင်းဖြစ်စေလေသည်။

"ညီလေး လာထိုင်"

သူသည် ကယောင်ကတန်းနှင့် သံကုတင်ခပ်ကျဉ်းကျဉ်းလေးမှာ ကျွန်တော်ထိုင်ရန်ဟု နေရာပေးသည့်သဘော ဟိုဘက်ကို တိုးပေးမည်ပြုသည်။ ထိုအကြံသည် 'ခါကျဉ်ကောင်မာန်ကြီးပြီး တောင်ကြီးကို ဖြိုမည်ကြံ' သည့်အကြံမဟုတ်သော်လည်း ယခု ကိုကြီးဘမောင်မှာ အမှန်ပင် ခါးက မသန်ရှာသောကြောင့် လက်ကိုအားပြုပြီး ခန္ဓာကိုယ်ကို ရွေ့စေမည်ဟု စောစောက ခေါင်းအထက်နားမှာရှိသော လက်ကို အောက်ဖက်ရွှေ့လိုက်ရာ တဂျွင်ဂျွင် လက်ထိပ်မြည်သံနှင့်အတူ သံကုတင်ခေါင်းရင်းတန်းနှင့် တွဲခတ်ထားသော သံကြိုးရှည်လေးမှာ တတောက်တောက် လျောကျလာလေသည်။ ခါးကျိုးနေလို့ ကောင်းကောင်းပင် မလှုပ်နိုင်ရှာသော ကိုကြီးဘမောင်မှာ ရာဇဝတ်မှုတရားခံမို့ ပြေးမည်စိုးထင့်၊ သံကြိုးတွေနဲ့ ခတ်ထားတယ်ကိုး။

ကိုကြီးဘမောင်သည် သူ့အဖြစ်သူ ရှက်ရှက် အားငယ်ဖြစ်ရှာသည့်ထင့် မျက်နှာနီလာကာ မျက်တောင်ကို မြန်မြန်ခတ်၍ ခေါင်းကို အောက်စိုက်လိုက်တာ မြင်ရသည်။

အတူပါလာသော သူနာပြုဆရာမလေးလည်း မျက်နှာမကောင်းပါ။ ကျွန်တော်မှာမူ အားငယ်သူကို ဖေးကူဖို့ထက် ကိုယ်တိုင်ပါရော ငိုမချမိအောင် စိတ်ကို တင်း၍သာ နေရပါသည်။ ဆေးရုံဝန်ထမ်းမို့ ဆေးရုံနံ့သည် မစိမ်းသော်လည်း အခုလို မိမိချစ်ခင်သူတစ်ယောက်ကို လက်ထိပ်ခတ်လျက် အနေအထားဖြင့် ရှိသည်အား မိမိက အာဏာပိုင်များနှင့်အတူ သွေးဖောက်ပေးရသော အဖြစ်ကား ကျွန်တော့်အတွက် စိမ်းလှသည်။

ထို့နောက် ဘေးနားမှာ ခပ်ငူငူရပ်နေသော ငါးတန်းကျောင်းသူ သူ့သမီးအကြီးမ မိနန်းကိုကြည့်ပြီး

"ညီလေးရာ မင်းအမ မနီနဲ့ အငယ်မ၊ ငါ့သမီးလေး သင်းသင်းတော့ သေရှာပြီကွ" တဲ့။

ထို့နောက် သားအဖနှစ်ယောက် ရောပြီး မထိန်းနိုင် မသိမ်းနိုင် ငိုပွဲဆင်ကြလေသည်။

သူနာပြုဆရာမလေးရဲ့ မျက်နှာမှာ မျက်ရည်တွေနှင့်။ ကျွန်တော်မှာ ကျွန်တော့်ကိုယ် ကျွန်တော် ငိုနေသလား၊ ဘာလုပ်နေသလဲ သတိထားမိခြင်းပင် ကင်းနေရပါသည်။ သင်းသင်းဟာ ဒီနှစ်မှ သုံးတန်းတက်တဲ့ သုံးတန်းကျောင်းသူလေး။ စကားသွက်သွက်နှင့် သူ့အမေ မနီဈေးလာဝယ်လို့ ပါလာလျှင် ကိုကြီးအောင်မျိုး၊ ကိုကြီးအောင်မျိုးနှင့် ကျွန်တော့်ကို တော်တော်ခင်ရှာသည်။

ကျွန်တော်သည် သူ့ခါးက ခါးပတ်ကြီးကိုကြည့်လိုက်၊ သူ့လက်က လက်ထိပ်သံကြိုးကွင်းကို မြင်လိုက်နှင့် အင်မတန် ကာယဗလပြည့်ခဲ့သော လေးလုံးခြောက်ဖက် ခန္ဓာကိုယ်ကြီးကို ရက်ပိုင်းအတွင်း ချုံးချုံးကျသွားအောင် ဆွဲမွှေ့ပစ်နိုင်အားသော ကံကိုသာ ပြစ်ပြစ်နစ်နစ် ဆဲမိသည်။ ဆီကင်းသော ဆံပင်ဘုတ်သိုက်နှင့် ခေါင်းငိုက်စိုက်ကျကာ ကြောင်စီစီဖြစ်နေသော သူ့ကိုကြည့်ပြီး ရွာရောက်လို့ တွေ့တိုင်း "အေဘေးမျိုး ရွာတော့ တစ်နှစ်တစ်ခါ လာအုံးဟ" လို့ စပ်ဖြဲဖြဲ ပြောတတ်သည့် ကိုကြီးဘမောင်ဟာ ဒါမှ ဟုတ်ပါလေစလို့ ရင်ထဲ ဆို့ပြီး ဝမ်းနည်းမှုတွေ လှိုက်တက်လာသည်။

"အခု ငါ့ကို ဖမ်းထားတယ်တဲ့ကွာ၊ ဒီဆေးရုံကဆင်းရလို့ ငါထောင်ကျရင် ဒီကလေး ဘယ်သူနဲ့ နေလိမ့်မလဲ"

သူ့ကိုယ်သူ ဘာမှန်းမသိသော အပြစ်နှင့်ထောင်ကျရမည်ထက် သူထောင်ကျစဉ် အသက်ရှင်ကျန်ရစ်သော ငါးတန်းကျောင်းသူ သူ့သမီးငယ်လေးမှာ ဘယ်သူနဲ့ နေရရှာပါလိမ့်မလဲလို့ လက်ထိပ်တန်းလန်းနှင့် ခါးကျိုးတရားခံကြီးက ရင်ထဲလှိုက်ဖို ဆိုလေသောအခါ ကြားရသူအပေါင်းမှာ မျက်ရည်စမ်းစမ်းနှင့်သာ တစ်ဖက်လှည့် ငိုကြတော့သည်။ တစ်ချို့စိတ်မခိုင်သူ ရွာသူများက ဆေးရုံ လူနာဆောင်အပြင်ဖက် ထွက်ကာ အစ်၍အစ်၍ အသံမထွက်အောင် ကြိတ်ကြိတ်ငိုကြရှာလေသည်။

ကျွန်တော်သည် ပြုစရာရှိသည်တို့ကို ခပ်မြန်မြန်ပြုကာ အပြင်ပြန်ထွက်မည်အလုပ် တစ်ဖက်ကုတင်ပေါ်မှာ ခပ်ခွေခွေလှဲနေသော လူနာတစ်ဦးကို အမှတ်မထင် မြင်လိုက်မိသည်။

“ဆရာမ အဲဒီကောင် ဘာဖြစ်လို့ ဆေးရုံရောက်လာတာလဲ”

ဒီကောင့်ကို ကျွန်တော်သိပါသည်။ သိတာမှ ကောင်းကောင်းကို သိတာပါ။ ကောင်းကောင်းသိရသည့် အကြောင်းဟာ ဘာမှ ကြာသေးတာမဟုတ်။ လွန်ခဲ့သော လဆန်းပိုင်းက ဝန်ထမ်းတွေစုပြီး ရိုက်ကြသည့် ဖဲဝိုင်း။ ဝိုင်းကောင်းနေတုန်း မွေးထားသည့် ခွေးက စူးစူးဝါးဝါးဟောင်လို့ ထကြည့်မိတာ၊ အခု ကုတင်မှာ ခပ်ခွေခွေလှဲနေသည့် မအေပေးမျိုးလေးဟာ ဆိုင်ကယ်ဝင်ခိုးတာကိုး။ ဒီလိုနဲ့ ဝိုင်းဖမ်းပြီး ရဲစခန်းအပ်လိုက်ကြသည်။ ဒီကောင့်နာမည်ဟာ ဆွတ်ကြိုင်တဲ့။ “အလုပ်သစ်” တွေ မကြာမကြာ ရှာတတ်သည့် အလစ်သုတ် သမား။

ထိုအဖြစ်အပျက်တို့ ဖြစ်ပျက်ပြီး နောက်သုံးရက်လောက် ကြာသောအခါ ဆွတ်ကြိုင်ကို ဘူတာနားက ဆိတ်ရုံဘေးမှာ ပက်ပင်းတွေ့ပါသည်။ တကယ်ဆို ဒီကောင် အချုပ်ထဲမှာ ရှိရမှာ မဟုတ်လား။

“ခင်ဗျားတို့က ဖမ်းပြီး အပ်ရုံပဲ လာအပ်သွားတာလေ၊ ဒီကောင်မျိုး ဘယ်သူက အချုပ်ထဲ ထမင်းလာပို့မလဲ၊ ဒီတော့ မနေနိုင်တဲ့ ကျုပ်တို့က ကျွေးရတာပဲ။ နောက် ခင်ဗျားတို့က အမှုလည်း ဖွင့်မသွားဘူး။ ဒီတော့ ဘယ်သူက တရားလိုလုပ်မလဲ။ တရားရုံးအတွက် ရုံးထုတ်ပါပြီတဲ့၊ ခင်ဗျားပဲ စဉ်းစားကြည့်၊ အချုပ်က ထုတ်ဟယ်၊ တရားရုံးပို့ဦးဟယ်နဲ့ ရှုပ်လိုက်မယ့် သောက်လုပ်၊ ပြီးတော့ ခင်ဗျားတို့ ဆိုင်ကယ်လည်း ပြန်ရနေမှဟာ…”

ဆေးရုံးထဲကို လာနေကျ ရဲဝန်ထမ်းတစ်ယောက်က ဒီလိုပဲ ရယ်ကျဲကျဲ စိတ်ရှုပ်စွာ ပြန်ပြောတာ ကြားရသည်။

ဒီလိုနှင့် တရားလိုမရှိလို့ ဆွတ်ကြိုင်ဟာ အချုပ်ထဲမှာ ရက်မကြာခဲ့ဘူးပေါ့။ အခုကျ ဒီကောင်ဟာ ဘယ့်နှာကြောင့် ဆေးရုံရောက်လာရသလဲ။ သူနာပြု ဆရာမလေးကို မေးကြည့်တော့…

“ရန်ဖြစ်တာလား၊ ဘယ်သူက လုပ်ခဲ့မှန်းမသိဘူးတဲ့။ မနက်က ခေါင်းမှာသွေးတွေနဲ့ လမ်းဘေးလဲနေတော့ ပရဟိတအဖွဲ့တစ်ခုက တွေ့လို့ ကားပေါ်တင်ခေါ်လာပြီး ဒီအတိုင်း ဆေးရုံလာပို့သွားတာပဲ”

အင်း… ခေါင်းကွဲနဲ့ ခါးကျိုးဆိုတော့လည်း လူနာဆောင် အတူတူပေါ့။ သို့သော် ကိုကြီးဘမောင်လို လူကို ဒီကောင်မျိုး ဘေးမှာ တရားခံအဖြစ် လက်ထိပ်ကွင်းကြီးစွပ်လျက်မြင်ရတာ ရင်ထဲ နည်းနည်းတော့ နာပါသည်။

ဥပဒေကို မသိဟု ဆိုကာမျှနှင့် ဥပဒေကြောင့် ဖြစ်သောအပြစ်မှ လွတ်ကင်းမှုမရနိုင်ဟု စာတစ်ခုမှာ ဖတ်ဖူးမှတ်မိ ရှိပါသည်။

ပုဒ်မ(၂၈၀) ရေယာဉ်ကို အရမ်းဦးစီးသွားလာစေမှုတဲ့။ ပုဒ်မ (၃၀၄-က) ပေါ့လျော့ခြင်းဖြင့် လူသေစေမှု တဲ့။

ဥပဒေနှင့် ဥပဒေ၏ သဘောသဘာဝတို့ကို ဒီတောသားကြီး ဘမောင်က နားမလည်ရှာပါ။ ထို့အတူ တောသားတစ်ပိုင်း ဓာတ်ခွဲမှူးကျွန်တော်လည်း နားမလည်နိုင်ပါ။ လူတစ်ယောက်က ခိုးမှုကို သက်သေနှင့် ခိုးထုပ်ခိုးထည်နှင့်တကွ ပက်ပင်းမိတာမှာ တရားလိုမရှိ၍ လွတ်တတ်သော လောကတွင်၊ သူ့လယ် သူ့ချောင်းသူ ကုန်းရုန်းလုပ်ရင်း ကံမကောင်းအကြောင်းမလှ၍ ဇနီးနဲ့ သမီးလေးလည်းသေ၊ မိသားစုဘဝလည်း ပျက်ကြေသွားရရှာသော တောသားလူရိုးကြီးမှာကျ လူနာကုတင်ပေါ် လက်ထိပ်တန်းလန်းနှင့်။ ဤအမှုအတွက် သေဆုံးသူဆရာမတို့ မိသားစုဘက်မှ တရားလိုပြု တရားလည်း မစွဲကြပါ။ အဖြစ်အပျက်အတွင်း မြင်ရကြားရသူတိုင်း ရွှေရင်ဆို့ရသော ဤအမှုအတွက် ဘယ်ရွာသူရွာသားကမှလည်း တရားလိုပြုသည် မရှိကြပါ။ သို့ဆိုလျှင် အဘယ်သူက တရားလို ပြုလေသနည်း။

ဆေးရုံကြမ်းခင်းက ပိုးသတ်ဆေးနံ့သည် လေအဝေ့မှာ မသတီစရာ ပြင်းပြပြ တိုးလာသည်။

ဟိုဘက် ရဲစခန်း အချုပ်ခန်းထဲမှာ ဘယ်လို အနံ့များ ရှိမှာပါလိမ့်။

တရားရုံးက တရားခံဝက်ခြံလေးဟာရော ဘယ်လိုအနံ့များ ရှိမှာပါလိမ့်။

ထို့အတူ အိုဘိုထောင်ကြီးထဲက ရနံ့ဟာရော…

ရွာမှာ ရေတွေ တော်တော်ကျသွားပြီတဲ့။ ဒီနယ်တစ်ကြောက ချောင်းရိုးမြောင်းစွတ်တွေမှာ ရှော်တယ်လေးတွေ တဘုတ်ဘုတ်မောင်းလို့။

အောင်မျိုးသူလွင်

1 comment:

  1. စစ်မြေပြင်မှာ ဘယ်လောက်တော်တော်
    တိုက်ပွဲသုံးသပ်ချက် တင်ပြမှုမကောင်းရင်
    ဘွဲ့ထူး ဂုဏ်ထူး မရနိုင်...
    တရားခွင်မှာ ဘယ်လောက်မှန်မှန်
    အမှန်တရားဘက်မှာ ရပ်တည်သူ အားနည်းရင်
    ဘယ်တော့မှ တရားမနိုင်...

    ReplyDelete

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...