Aungmyothu Lwin

Aungmyothu Lwin
Facebook

Wednesday, August 17, 2016

လွမ်းအောင် ကူချွဲ

(၁)

အိမ်ရှေ့က တမာပင်မှာ ချိုးလည်ပြောက်တစ်ကောင် ထိုင်နေသည်။ အရောင်အသွေးနှင့် ကိုယ်နေဟန်အရ အဖိုလေးဖြစ်မည်ထင်သည်။ ချိုးငှက်ကို အခုလို တစ်ကောင်တည်း အဖော်ကွဲတွေ့ရဖို့ အင်မတန် ခဲသည်။

(၂)

ကျွန်တော့်အိမ်က သေတ္တာထဲမှာ အိမ်သူ မသိအောင် သိမ်းထားသော ငယ်ရည်းစား ဓာတ်ပုံဟောင်းလေး ရှိပါသည်။ မကြာခဏ ထုတ်ကြည့်ဖြစ်သည် မဟုတ်သော်ငြား သူ့တန်ဖိုးကို သိသော ကျွန်တော်က ဖျက်ဆီးမပစ်ရက်ပါ။ ဒီပုံလေးအတွက် အချစ်ဦးသည် လူမြင်ကွင်းတွင် ဓာတ်ပုံဆရာပြောသမျှ ကရိကထတွေ ခံခဲ့ရပါလိမ့်မည်။ ပြီးတော့ ကျွန်တော့်ကို မပေးမီ သူ့အိမ်က မြင်မသွားအောင်လည်း စိတ်မလုံစွာ သိမ်းထားခဲ့ရဦးမည်။

ထိုဓာတ်ပုံလေး နောက်ကျောမှာ ဘောပင်နှင့် တစ်ခုခုရေးရန် ပြုထားဟန်ရှိသော မင်ရာလေးတစ်ခုပါသည်။ အချစ်ဦးက ဒီပုံလေး ကျွန်တော့်ကို ပေးမယ်လို့ရွယ်တော့ သူသည် တစ်ခုခု တစ်စုံတရာ ကျွန်တော်ဖတ်ဖို့ ပုံနောက်ကျောမှာ ရေးပေးလိုက်လိုဟန် ရှိသည်ထင့်။ သို့သော် သူ့စိတ်ထဲမှာ အကျေနပ်ဆုံးသော စာသားကို တွေးလို့မရသည့် အဆုံး ပုံကျောမှာ ဘောပင်ဦးလေး ချပြီးကာမှ ဘာမှမရေးတော့ဘဲ ကျွန်တော်နဲ့တွေ့စဉ် "ဒါ အကို့အတွက်" ရယ်လို့ နှုတ်ကပြောပြီး ပေးခဲ့ဟန်ရှိပါသည်။

(၃)

ရပ်ကွက်ထဲက ပိတောက်ပင်တွေ အချိန်အခါမဟုတ် ပွင့်စဉ်တုန်းက ပိတောက်တွေ သစ္စာမရှိဘူးလို့ လူတွေ ပြောသံကြားဖူးသည်။ နောက်တော့ ကျွန်တော် ခေါင်ခေါင်ခဲခဲ တောင်ပေါ်ရွာလေးတစ်ရွာမှာ အခါတွင်းကြီး ရဟန်းသွားဝတ်လိုက်သည်။ ဘုန်းကြီးကျောင်းရှေ့က ကျွန်တော်အမည်တပ် ခက်သော အပင်ကြီးတစ်ပင်မှာ လူတွေပန်းခူးနေကြတာ တွေ့ရသည်။ ထိုနေ့သည် မှတ်မှတ်ရရ သင်္ကြန်အကြတ်နေ့ကြီးမို့ ပိတောက်ပန်းနံ့တွေလည်း မွှေးသည်။

ပိတောက်အစစ်ဟာ ဒီလိုပဲတဲ့။ အပွင့်က ကျွန်တော်တို့ မြင်ဖူးနေကျ ပိတောက်ဆိုတာထက် သေးပြီး ကျွန်တော်တို့ ပိတောက်ခြောက်ရောင် ခေါ်သော အသွေးမျိုး ခပ်ရင့်ရင့်ဖြစ်သည်။

အပင်ကတော့ တောင်ပေါ်ဒေသ မို့ထင့် ရှည်မျောမျောနှင့် အခေါက်ခပ်နီနီ။ အဲဒီလို အပင်ကိုမှ ပိတောက်အစစ် ခေါ်တယ်ဆိုတော့၊ ယခု အရပ်ထဲက ပိတောက်ပင်တွေဟာ ငုစပ်တွေလို့ ရုက္ခဗေဒ သမားတစ်ယောက် ထပ်လောင်း အတည်ပြုတာ နောက်တော့ ကြားရသည်။ ဒါကို မသိဘဲ သူတို့က ပိတောက်ဟာ သစ္စာမရှိဘူးတဲ့လား။

(၄)

ဟိုတုန်းကတော့ ရွာကို ပြန်လျှင် ညနေပိုင်းဆို အဘရေနွေး ကြမ်းဝိုင်းမှာ လူတွေစည်လို့။ ကျွန်တော့် ဘဒွေး ကိုမြင့်ဋ္ဌေး တို့ဆိုတာ အဘမသိအောင် သူတို့ လက်ရှိမိန်းမတွေကို ပိုးခဲ့ရတဲ့ အကြောင်း စားမြုံ့ပြန်လို့ မဆုံး။ ဝါဆိုဝါခေါင်ဆိုတာ ရွာကလူတွေ နားရက်ပေါ့။ တရွာလုံးရေတွေကြီးပြီး သပြေသီးဆိုတာတွေလည်း တကယ်ကြီး ကောက်ယူ ဆယ်စားခဲ့ကြဖူးတာ။ နောက်တော့ ရေကျလို့ တင်ကျန်ခဲ့တဲ့ နှုန်းတင်မြေနုတွေပေါ်မှာ ထွန်၊ ထယ် ပြီး မြေပဲတွေစိုက်၊ သင်္ကြန်နားနီးတော့ မြေပဲပေါ်လို့ မန်းလေး(မန္တလေး) တက်ရောင်းပြီးရင် တစ်နှစ်စာ ဆီ၊ ဆား၊ ငခြောက်ငခြမ်း ဝယ်ခြမ်းပြီး ပြန်လာ၊ လှူတာလှူ ၊ ပိုတာရွှေလုပ်ဝတ်ပြီး နောက်တစ်နှစ်ပတ်လုံး ဒီအတိုင်း ထိုင်စားကြတာပဲ။
အဲဒီတော့လည်း အချိန်တွေပိုတော့ ညနေညနေ လူကြီးရှိတဲ့အိမ်မှာ ရေနွေးတစ်အိုးနဲ့ စကားဝိုင်းတွေ စိုလို့။

ဘဒွေးမြင့်ဋ္ဌေးဟာ သူအခုပေါင်းနေတဲ့ မိန်းမကို ရဖို့ ပိုးခဲ့ရတာ သူ့လူပျိုတစ်သက် ကုန်ရောဆိုပဲ။ ဟိုကလည်း ကြိုက်ရဲ့၊ ဘာကြောင့် ဒါလောက်အချိန်တွေ ကြာသတုန်းဆိုတော့

"ငါနဲ့ မိအေး အခုခေတ်လို မြန်မြန်ရလို့ ဒီထက်စောယူလည်း မင့်အစ်ကို(သူ့သား)တွေ အခုထက် အသက်ပိုကြီးနေဖို့သာ ရှိတာပဲ" တဲ့။

သူတို့ စိတ်ကူးများ ရိုးရှင်းလိုက်ပလေ။

အခုနောက်ပိုင်းတော့ ကျွန်တော်ရွာပြန်လျှင် အဘ ရေနွေးကြမ်းဝိုင်းမှာ လူမရှိတော့။ အဘအိမ်က သူရင်းငှားတွေလည်း ဖုန်းကိုယ်စီနဲ့ မျက်နှာမခွာ။ လူတွေလည်း အရင်လို သိပ်မအားကြတော့။ မြေပဲပြီးလျှင် နောက်နှစ်ခါ ရေမကြီးမီ ပဲတီစိမ်းတွေစိုက်သည်။ မိုးတွင်းခါ ဝါဆိုဝါခေါင်ကျလည်း အရင်လို မနားနိုင် ကုန်းခေါင်ခေါင်ရှိရာက လယ်တွေဆီ လူငှားလိုက်။ ဒီလိုနဲ့ လုံးချာလိုက်နေတော့တာပဲ။

တချို့လည်း မြို့တက်နေကြသူတွေရှိရဲ့။ မြို့နေဘဝလည်း ဘာထူး တုန်း၊ နေ့ခင်းခါ အလုပ်သွား၊ ညနေခင်း သင်တန်းဘာညာအချိန်တွေပေးလို့ ဟိုတုန်းကလို စကားဝိုင်းတွေ ဖြစ်ဖို့ဆိုတာ အင်မတန်နည်းလာတယ်ထင်ပါရဲ့။ လူနဲ့ အလုပ်၊ အလုပ်နဲ့ လူ နာလန်ကို မထူကြပါဘူး။ ဒီတော့လည်း အဘအိမ်က သူရင်းငှားလေးတွေ အရွယ်ကခိုင်းလို့ ရည်းစားရှာတဲ့အခါ ဖုန်းထဲမှာ၊ ရွာထဲက အပျိုကြီးတွေ ဘယ်သူမှ မသိအောင် ရည်းစားရှာတာလည်း ဖုန်းထဲမှာတဲ့။ ဆယ်တန်းအောင် ဘွဲ့ရလို့ မြို့က လျှပ်စစ်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်မလေး၊ ဆိုင်ရှင်ကုလားနဲ့ ညားတော့တောင် ကောင်းစားပြီဆိုပြီး ရွာခံတွေက မုဒိတာပွား အားကျလိုက်ကြသေးတာ။ အလုပ်နဲ့ လက်သာ မပြတ်တယ် ကိုယ်တွေမှာ အရင်လို မသောင်သာ ကြပေဘူးကိုး။ ယောင်္ကျားဆိုတာ အရည်အချင်း ရှိမှတဲ့။ အရည်အချင်းဆိုတာ ငွေရှာတာတဲ့။ ငွေရှာနိုင်ပြီး အတည်ယူတဲ့ ယောင်္ကျားဟာ ကောင်းခြင်းနှစ်ဖြာ ပြည့်တယ်လည်း ဆိုကြရဲ့။

အချစ်ဆိုတာ ဘာလဲရယ်လို့၊ ဟိုတုန်းခါ သုံးနှစ်သုံးမိုးဆိုတဲ့ စကားကို ပြက်ရယ် ပြုတာလည်း ကြားဖူးတယ်။ ကျွန်တော်ကတော့ ကံကောင်းလို့ ချစ်သူပေးတဲ့ ဓာတ်ပုံလေးအခုထိ ရှိပါသေးတယ်။ သူနဲ့ကျွန်တော် ချစ်တုန်းကပေါ့။ သက္ကရာဇ်တွေ တွက်စစ်ရင် လျှပ်စစ်ကိရိယာတွေ ကျွန်တော်တို့လက်လှမ်းဝေးသေးတဲ့ ခေတ်ပေါ့။ စာလေးတွေ အပြန်အလှန်သွားလို့ သူနဲ့ ကျွန်တော်ချစ်ခဲ့ကြဖူးတာလေ။

(၅)

အချစ်ဆိုတာ ပြဿနာပဲ။ ပတ်သက်မှုရဲ့နောက် ဆက်နွယ်မှုတွေ ပါလာတဲ့အခါ ဘဝမှာ အမောဖောက်ရတာပဲ။ အချစ်ဆိုတာ သကြားလုံးတွေလို စားခါစမှာ ချိုပြီး စားဖန်များတော့ အချိုဓာတ်ကြောင့် နှလုံးကို အမောဖောက်စေသတဲ့။ ချစ်တယ် ချစ်တယ်နဲ့ နိဂုံးမတော့ ဂရာဝါသ လူ့ကိစ္စမှာ သံဝါသအမှုနဲ့ ဆုံးတာမို့၊ အခွံတွေဖယ်လို့ အသားကိုလှမ်းကြည့်၊ တစ်နေကုန်နေလို့ အားချိန်လေး ငါးနာရီမပြည့်တဲ့ ဘဝမှာ 'ပျော်ပျော်နေ သေခဲ၊ မော်တော်တွေ ရေထဲ'၊ 'ဝက်ဖြစ်တဲ့ဘဝ၊ နင်လားဟဲ့မစင်' ကိုယ့်အထင်နဲ့ကိုယ်၊ စိတ်ညစ်စရာကောင်းတဲ့ သိပ်ချစ်စရာ ကောင်မလေးရဲ့ အနား သွားမယ့်အစား၊ တစ်ညတာ မွတ်သိပ်မှုကို ဆန္ဒဖြေ အဆွေမလေးတွေနဲ့ပဲ ပေးနေလိုက်တော့တယ်။ ဘာတုန်းဟဲ့ အချစ်။

ဒီခေတ်မှာ လူဖြစ်လာတဲ့ ကျွန်တော်၊ ဒီဒါဏ်တွေ မခံရရိုးလား။ သူနဲ့ ချစ်သူဖြစ်တုန်းက ကျွန်တော့်မှာ တစ်ရက်အားချိန် နှစ်နာရီကျော်ကျော်လား မတွေးတတ်ဘူး။ နေ့နဲ့ ည၊ အလုပ်နှစ်ခုလေ။ ဘယ်အချိန်နားတုန်းဆို အလုပ်ရောက်မှ ခိုးနားရတာပဲ လို့ ရှက်ရှက်နဲ့ ဆိုရမှာပဲ။ ငွေတွင်းက နက်ပေသကိုး။ ဒါတွေကို ချစ်သူက ကျွန်တော်အပေါ် နားလည်ပေမယ့်၊ ကျွန်တော်က သူ့အပေါ် မတင်းတိမ်ဘူး။ ချစ်သူဆီက မတောင်းရက်တာတွေကို ခန္ဓာက လိုချင်လာသမျှ၊ အပြင်ဘဝမှာ ကျွန်တော်ဟာ လူသွမ်းတစ်ယောက်လို စက်ရုပ်ဆန်ဆန် ရှာဖွေလာရင်း၊ သူက ခွင့်မလွတ်တဲ့တစ်နေ့ ကျွန်တော့်ကိုယ် ကျွန်တော် သူ့အနားက ဖဲခဲ့ရတယ်။ ဘဝမှာ အဲဒီအချိန်ဟာ အနာကြင်ရဆုံးပေါ့။

(၆)

"အဘ၊ အမေကြီး သေသွားကတည်းက အခုထိ အဘ နောက်မိန်းမလည်း မယူဘူး"

ဘဝမှာ ခန္ဓာကပေးတဲ့ ဒုက္ခဟာ အကြီးဆုံးလို့ ကျွန်တော်က ထင်တာပဲ။ ဘုရား ရဟန္တာမှ မဟုတ်တာဘဲ၊ ငါတောင့်တတာ ငါရှာမှာပေါ့လို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တွေး အမြဲတွေးတတ်တဲ့ ကျွန်တော်ဟာ ကိုယ်ကြိုက်တာ ကိုယ်ရှာရင်း ချစ်သူနဲ့ဝေးတော့၊ လှေမျောလှေနဲ့လိုက်၊ ငွေမျောငွေနဲ့လိုက်တဲ့ ဖဲသမားအထာနဲ့ ဘဝမှာ ကိုယ့်ဟာကိုယ် ဆက်လျောက်ခဲ့တာပေါ့။

သူမဟုတ်တဲ့ အခြားမိန်းမတွေအပေါ် ချစ်စိတ်လည်း သိပ်မရှိခဲ့တာမို့ ဒါကို သူ့အပေါ် သစ္စာမဲ့တယ်လည်း မမြင်ပါဘူး။ အခုချိန်ထိ သူက ကျွန်တော့် အချစ်ဆုံးလေ။ ဘဝက ဒီလိုလေး လမ်းခင်းပေးရင် ကျွန်တော်က အဲသလိုလေး ခပ်သာသာ လျောက်ချင်တယ်။ ဘဝဆိုတာ လမ်းသစ်ဖောက်ဖို့ထက် လမ်းဟောင်းလျောက်ရတာတောင် မောလွန်းလို့။

"ငါမှ မယူချင်ဘဲ"

"ဟုတ်လို့လား အဘရာ"

ကျွန်တော်က ရယ်ကျဲကျဲဆိုတော့ အဘ ကျွန်တော့်ကို ကြည့်သည်။ ခုနစ်ဆယ်ကျော် ယောင်္ကျားတစ်ယောက်ရဲ့ ထိုအကြည့်က သုံးဆယ်ကျော် ကျွန်တော့်ကို အတော်အနေခက်ပါစေသည်။ သူ့အကြည့်နက်နက်ထဲမှာ ဆွေးရိပ်လိုလို ကျွန်တော်မြင်လိုက်လေသလားပဲ။

"တင်ရီသေတော့ ငါ့အသက် လေးဆယ့်နှစ်"

"တင်ရီက သေခါနီး ငါ့ကိုပြောတယ်၊ တော် နောက်မိန်းမယူမယ်ဆို သိန်းရှင်ကိုယူ" တဲ့။ ထိုစကား အဖျားသတ်မှာ အဘအသံ အနည်းငယ် တိမ်ဝင်သွားတာ သတိထားမိသည်။

သိန်းရှင်ဆိုတာ အမေကြီးနဲ့ ညီအစ်မလိုပေါင်းတဲ့သူတဲ့။ အဘဆက်ပြောလို့ ကျွန်တော်သိရသည်။ အခုတော့ ဖွားသိန်းရှင်လည်း အမေကြီးသွားတဲ့ တမလွန်ကို သွားနှင့်ပြီ။
အဘက အတွေးစကို ခပ်ဆဆလုပ်ပြီး စကားကို ဆက်သည်။

"ငါ့ ဘဝမှာ နောင်တအရဆုံးက အဲဒါပဲ၊ အဲဒီအချိန် ငါလည်း တကယ် နောက်မိန်းမ မယူချင်ဘဲနဲ့ တင်ရီ့ကိုငါ၊ သူသေခါနီး ငါဘယ်မိန်းမကိုမှ မယူချင်ဘူးလို့ မပြောလိုက်ရဘူး"

"… . …"

"တကယ်လို့ အဲဒီတုန်းက တင်ရီ့နေရာမှာ ငါဖြစ်ပြီး၊ ငါသာသေခါနီးဆို တင်ရီ့ကို အဲဒီလိုပြောနေစရာ မလိုဘူး၊ တင်ရီ ဘယ်သူ့မှ ယူမှာမဟုတ်တာ၊ တင်ရီ့ကို ငါယုံတယ်" တဲ့။

အဘရယ်။ ခုနစ်ဆယ်ကျော် ယောင်္ကျားရင့်မာကြီး အဘက ဒီလိုပြောတော့ ၊ သုံးဆယ်ကျော် ရုပ်ဝတ္ထုသမား ကျွန်တော်က ဘယ်လို နားနဲ့ခံမတုန်းဗျာ။ အဲဒီမှာ ကျွန်တော့်စိတ်တွေ အဘ မျက်လုံးအကြည့်အောက် ဒူးထောက်ပုံကျ တော့တာပါပဲ။

အဘက အဲဒါပြောပြီး ခံစားရသည်ထင့် ကျွန်တော့်ကို စကားမဆက်တော့ဘဲ ပက်လက် ကုလားထိုင်ပေါ် မျက်လုံးမှိတ်ကာ ခပ်ဆိတ်ဆိတ်သာနေတော့သည်။

အဲဒီအချိန် ကျွန်တော့် အချစ်ဦးသည် နှစ်ယောက်တွေ့လျှင် ဝတ်လာနေကျ အပေါ်ဝတ် ဖလန်နယ် အကွက်လေးနှင့် ကျွန်တော့်စိတ်တံခါးရှေ့ ဖြတ်လျောက်ပါသည်။ ထိုအချိန် ကျွန်တော် သူ့ကို လွမ်းလာသည်ဟု ဝန်ခံချင်လာသလား မသေချာပါ။

ယောင်္ကျားတစ်ယောက် အသက်ကြီးလာသောအခါ နောင်တ နှစ်မျိုးမှာ တစ်မျိုးမျိုး ရတတ်သည်။ လုပ်လိုက်လို့ ရတဲ့နောင်တရယ်၊ မလုပ်လိုက်ရလေခြင်းရယ်လို့ ရတဲ့ နောင်တမျိုးရယ်ပေါ့။

အဘကတော့ သူ့ဘဝ အသက်ခုနစ်ဆယ်မှာ အကြီးဆုံးနောင်တဟာ အဲဒါပါတဲ့။ အဲဒီနောင်တရယ်၊ အဲဒီနောင်တကို ရင်ဝယ်ပိုက်ထားတဲ့ အဘရယ်ဟာ၊ ကျွန်တော်မြင်ဖူးသမျှ နောင်တရနေတဲ့ ယောင်္ကျားတွေထဲမှာ အကြည်ညိုဆုံးနဲ့ အလေးစားဆုံး ရှားရှားပါးပါး တစ်ယောက်ပါပဲ။ ဘာလို့ဆို အဘရဲ့ နောင်တ ထဲမှာ ဒီဘက်ခေတ် အလုပ်တွေနဲ့ နပန်းသတ်နေရတဲ့ လျှပ်စစ်ကမ္ဘာထဲ အင်မတန်ရှားပါးသွားပြီ ဖြစ်တဲ့ အချစ်စစ်စစ်ရဲ့ ရနံ့လေး ကျွန်တော် ရှူရှိုက်လိုက်ရလို့ပါ။

(၇)

ပိတောက်တွေ သစ္စာမရှိဘူးလို့ ပြောတုန်းက ပြန်မချေပ နိုင်သော်လည်း သဘောမကျစွာ ရှိခဲ့သောကျွန်တော်၊ တစ်နေရာမှာ သင်္ကန်းဝတ်ရင်း သစ္စာရှိသော ပိတောက်အစစ်ကို မြင်ဖူးခဲ့ပြီ။ အချစ်ဆိုတာ တကယ်မရှိပါဘူးလို့ ပြောနေကြသော ကြက်အိပ်ကြက်နိုး လောကကြီးမှာ အဘထံမှ အချစ်စစ်ရဲ့ ရနံ့တွေ ပြန်လည် ရှူရှိုက်ခွင့်လည်း ရခဲ့ပြီ။

အိမ်ရောက်လျှင် ကျွန်တော့် ရည်းစားရဲ့ ဓာတ်ပုံလေးကို အလွမ်းပြေ ထုတ်ကြည့်ပြီး သေချာစွာ ပြန်သိမ်းရပါဦးမည်။

အဘနဲ့ စကားဆက်ပြောဖို့ လုံလောက်သော သတ္တိအဖြစ် အချစ်ဦးနဲ့ အတူလည်ခဲ့ဖူးသော နေရာလေးတစ်ခုကို ယခုတိုင် ကျွန်တော့်အိမ်သူကို ခေါ်သွား မလည်ရက်နိုင်သေးသော စိတ်လေးတစ်ခုသာ ကျွန်တော့်ကိုယ်မှာ အချစ်ရဲ့ အရိပ်အငွေ့ရယ်လို့ လောက်လောက်လားလား ပြစရာရှိတော့သည်။

(၈)

"တ ကူ ကူး … ကူး"

စောစောက အိမ်ရှေ့က တမာပင်မှာ ငုတ်တုတ်ထိုင်နေသော ချိုးငှက်ကလေးက ဆွဲဆွဲငင်ငင် ကူ ချလိုက်ပါသည်။ ချိုးငှက်သည် ငြိမ်းချမ်းရေး၏ သင်္ကေတဟု တချို့လူတွေ ဆိုကြသည်။ သို့သော် ယခု ချိုးငှက်ကမူ ကျွန်တော်တို့ မြေးအဘိုး လွမ်းစေဖို့ သက်သက်တမင် "ကူ" လေခြင်းဟု ကျွန်တော်က တပ်အပ်သေချာ စွပ်စွဲလိုက်ချင်ပါသည်။

ဖော်ဝေးငှက်သည် သက်သက်တမင် လွမ်းအောင်ကူချွဲ လေပြီ။

အောင်မျိုးသူလွင်
၁၇၊၀၈၊၂၀၁၆
ဗုဒ္ဓဟူး
နေ့လည် ၀၂း၅၇

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...