Aungmyothu Lwin

Aungmyothu Lwin
Facebook

Tuesday, January 31, 2017

ထရိုဂျန်မြင်းတွေနဲ့ ခပ်ဝါးဝါးပြည်

ဟိုတုန်းအခါကတော့ ဆရာကြီး ဦးလွန်း(သခင်ကိုယ်တော်မှိုင်း)၊ ဗိုလ်ချုပ်အောင်ဆန်း စသူများသည် နာမည်ကျော် အမျိုးသားရေး သမားများ ဖြစ်ကြသည်။ ကျွန်တော်တို့ငယ်စဉ်က သင်ခဲ့ရသော သမိုင်းသင်ခန်းစာမှာတော့ "ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ" စသည့် အမျိုးသားရေးနိုးကြားဖွယ် ကြွေးကျော်သံများအကြောင်း သင်ကြားခဲ့ရသည်။

အခုနေတော့ မိမိကိုယ်ကို အမျိုးသားရေးစိတ်ဓာတ် ကိန်းသူတစ်ယောက်ဖြစ်ကြောင်း လူသိရှင်ကြားပြောဖို့ကား တာဇံတစ်ကောင် မြို့ထဲဝင်လာသလို အကြည့်ခံနိုင်လျှင်တော့ ဖြစ်နိုင်မည်ထင်ပါသည်။ ခေတ်ပေါ် လစ်ဘရယ်ဝါဒ မြက်ရိုင်းပင်တို့ ကြီးထွားသော တစ်ခေတ်မှာ၊ အမျိုးသားရေး သစ်ငုတ်တိုကြီးသည် နိမ့်ပါးသယောင် ပျောက်ကွယ်မလိုလို ဖြစ်နေရသော သမယကြီးပါတည်း။ သို့သော် တိုင်းပြည် နိုင်ငံတိုင်းမှာ ဆိုင်ရာ အမျိုးသားရေးဝါဒကား ရှိသည်ပင်။ မည်သည့်ဝါဒကို ဖွံဖြိုးစည်ပင်အောင် ပြုသည်ဖြစ်စေ အမျိုးသားရေးအသိကို အနှစ်ထား၍ မိမိတို့လိုရာ ဝါဒကို အကိုင်းအခက်စည်ပင်စေသောသဘော ပြုမှ တိုင်းပြည်တစ်ပြည် သာယာဖို့ဖြစ်ပေမည်။ သို့မဟုတ်ပါက ရန်သူပါသော မြင်းရုပ်ကြီးကို မိမိတို့မြို့တွင်း သယ်ယူသွင်းမိသည့် ကမ္ဘာ့သမိုင်းထဲမှ ထရွိုင်းမြို့သားများလို ပျက်စီးဖို့သာ ဖြစ်ပါလိမ့်မည်။

အမျိုးသားရေးဟူသည် အဘယ်နည်း။ နိုင်ငံရေးဟူသည် အဘယ်နည်း။ ခေတ်လူတို့၏ ခေတ်စကားများဖြင့် ကိုယ်တိုင်ပင် ကောင်းကောင်းနားမရှင်းသည်တို့ကို စာပြုကာ မိမိကိုယ်ကို စာရှုသူထက် များစွာ တန်းမြင့်နေသယောင် ရေးသော အရေးအသားမျိုးကို ကျွန်တော်မမြတ်နိုးပါ။ ကျွန်တော်သည်လည်း စာရှုသူများလို စာပေကို ချစ်မြတ်နိုး၍ နေ့စဉ်စာတစ်ခုခု ဖတ်နေမိတတ်သော စာစွဲသူတစ်ဦးပါတည်း။ အနို့ဆိုလျှင် ကျွန်တော်ဖတ်မှတ်သိရှိခဲ့ရသော စာပေများထဲမှ ကျွန်တော်မြင်မိရာရာ အတုယူဖွယ် စိတ်ဓာတ်လေးများကို ယခုအခါ ကျွန်တော့်ရှုထောင့်မှ ပြဆိုကြည့်ပါမည်။ စာရှုသူက သဘောကျသော် ယူပါ။

၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အင်္ဂလန် ဘီဘီစီမှာ လေးနှစ်ကြာ အမှုထမ်းခဲ့သော စာရေးဆရာတင့်တယ်မှာ အင်္ဂလိပ်မ တစ်ယောက်နှင့် ညားခဲ့သည်။ အတိုချုပ်ရသော် ထိုမိန်းမအား ဆရာတင့်တယ်က မြန်မာပြည်ကိုခေါ်လိုသည်။ ထို့အတွက် ထိုအချိန် ဝန်ကြီးချုပ်ဦးနုကိုယ်စား ခေတ္တဝန်ကြီးချုပ်ဖြစ်နေသော ကာကွယ်ရေးဝန်ကြီး ဦးဘဆွေနှင့် ခင်မင်ရင်းနှီးသူလည်းဖြစ်၊ သူ့ရေးဖော်ရေးဖက်လည်း ဖြစ်သော စာရေးဆရာသော်တာဆွေကို သူ့အင်္ဂလန်က မိန်းမအား မြန်မာပြည်ခေါ်ခွင့်ရရေး ခွင့်ပြုချက်အတွက် အကူအညီတောင်းစေခဲ့သည်။ ထိုကိစ္စအောင်မြင်ခဲ့သော် ဘီဘီစီပြန် သူဋ္ဌေးကလေးတင့်တယ်က၊ မြန်မာပြည်စာရေးဆရာ ငမွဲ သော်တာဆွေကို (၁၉၅၃ ခုနှစ်လောက်က ပိုက်ဆံ) ငါးထောင်တိတိ ချီးမြှင့်မတဲ့။ ပေါ့ပေါ့ပါးပါးနှင့် အကျိုးဆောင်ရင်း ရမည့် ငွေငါးထောင်ဟာ မက်စရာပေါ့ခဗျာ။

ကာကွယ်ရေးဝန်ကြီးနှင့် စာရေးဆရာတို့တွေ့ကြသည်။ လူခင်ချင်းမို့ လိုရင်းကိစ္စကို တင်ပြသော် ဦးဘဆွေက-

"ဪ ဗီဇာရဖို့လား၊ ဒါ ငါလုပ်ပေးနိုင်ပါတယ် ကွ"

"ဒါပေမယ့် တင့်တယ်မိန်းမကို ဗီဇာပေးသင့် မပေးသင့် မင်းနဲ့ငါနဲ့ ဆွေးနွေးမယ်၊ ငါက နိုင်ငံရေးသမား၊ မင်းက စာရေးဆရာ၊ အခုငါပြောတာတွေ မင်းနားထောင်ပြီးတဲ့အခါ၊ မင်းအနေနဲ့ တင့်တယ်မိန်းမကို ဗီဇာပေးသင့်သေးတယ် အထင်ရှိရင် ငါချက်ချင်းပဲ ဆောင်ရွက်ပေးလိုက်ပါ့မယ်"

"ဒီမယ်ကွ သော်တာဆွေရ၊ ဘိလပ်သားတွေ မြန်မာပြည်မှာနေတော့ မြန်မာမိန်းမတွေ မယူကြလား"

"အေး နို့ပြီး၊ သူတို့ ဘိလပ်ကိုပြန်တော့ မြန်မာမိန်းမတွေ ခေါ်သွားတယ်များ မင်းကြားမိသလားကွ"

"နို့ တရုတ် ကုလားတွေရော မြန်မာမတွေ ယူတာပဲကွာ၊ သူတို့ပြည်ကြီးပြန်တော့ မြန်မာမတွေ ခေါ်သွားတယ်များ ရှိလို့လား"

"ယုတ်စွအဆုံးကွာ၊ သူတို့တွေ ကိုယ်ဌာနေမိန်းမနဲ့ညားပြီးမွေးတဲ့ ကလေးများကိုသော်မှ သူတို့ပြည်ပြန်တော့ ခေါ်သွားတယ်ရှိလို့လား"

"ကဲ အဲဒါဘာလို့တုန်း၊ ကိုယ့်သားသမီး၊ ကိုယ့်မယားကို မချစ်လို့တော့ ဘယ်ဟုတ်မတုန်း၊ အဲဒါနိုင်ငံရေးပဲကွ"

"ဒီမယ် သော်တာဆွေရ၊ ငါတို့တိုင်းပြည်ဟာ ကျွန်သပေါက်ဘဝရောက်ခဲ့လို့ လူမျိုးခြားတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက် နေချင်သလို နေခဲ့ကြတာကို ခံခဲ့ရတယ်၊ အခု တို့ လွတ်လပ်ရေး ရပြီမို့ ဒီကိစ္စတွေကို တို့အဖတ်ဆယ်ရမယ်"

"လူမျိုးခြားတွေ တို့တိုင်းပြည်ရောက်လာတယ်ဆိုရင် တို့လူမျိုးတွေရဲ့ လုပ်စာကိုစားပြီး တို့တိုင်းပြည်ရဲ့ နေရာကောင်းကောင်းတွေ နေကြတာကွ၊ သူတို့အဆင့်အတန်းက တို့လူမျိုးများထက်တောင် မြင့်နေလိုက်ကြသေးတယ်၊ အဲဒါတွေ တွေးပြီးများ မင်း အသည်းမနာဘူးလား"

"အခု တင့်တယ်ယူလာမယ့် မိန်းမက မျက်နှာဖြူ ဘိလပ်သူ၊ သူက ကလေးတွေမွေးဦးမယ်၊ မျက်နာဖြူကပြား ကကတစ်လေးတွေ၊ နောက် သူတို့ကတစ်ဆင့် နိုင်ငံခြားသား အဆက်အနွယ်တွေ ဘယ်လောက်များလာမတုန်း၊ မင်းစဉ်းစားကြည့်"

"ဟေ့ သော်တာဆွေရဲ့ တို့တိုင်းပြည်ဟာ တို့တိုင်းရင်းသား လူမျိုးတွေအတွက်သာ ဖြစ်ရမယ်ကွ၊ ဒါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ တိုင်းပြည်တိုင်းရဲ့ သဘောထားပဲ။ အခုကြည့်စမ်း ဘိလပ်သားတွေနဲ့ တရုတ် ကုလားတွေ မြန်မာမတွေယူပြီး ကပြားတွေ မွေးဖွားကြ၊ နောက် သူတို့တိုင်းပြည် ပြန်သွားကြရင်တော့ သားမယားတွေ တစ်ယောက်မှ ခေါ်မသွားကြဘူး၊ အားလုံးထားပစ်ခဲ့ကြတယ်။ သူတို့ တိုင်းပြည်အစိုးရကလည်း သူတို့ပြည်က ပစ္စည်းလာစားမယ့် ပါးစပ်ပေါက်တွေကို ခေါ်လာခွင့်မပေးဘူး၊ သူတို့ကသာစားမယ်၊ သူများပြည်က ပစ္စည်းယူမယ်"

"စဉ်းစားကြည့်ပေါ့ သော်တာဆွေရယ်၊ သူတို့လူမျိုးခြားတွေက တို့တိုင်းပြည်မှာ သူတို့သွေးနဲ့ ပေါက်ဖွားခဲ့ကြတဲ့ သားသမီးတွေတောင် ပစ်ထားခဲ့ကြသေးတာ၊ မင်းသူငယ်ချင်း တင့်တယ်က မြန်မာပြည်လာပြီး သားပေါက်မယ့် မျက်နှာဖြူမကို ခေါ်သင့်လားလို့၊ မင်းစဉ်းစား၊ မင်းက စာရေးဆရာ၊ ငါက နိုင်ငံရေးသမား၊ နှစ်ယောက်လုံး တိုင်းပြည်အတွက် သူများထက်ပိုလို့ ကြည့်ရမယ့်လူတွေ၊ အခုမင်းက ခေါ်သင့်တယ် စဉ်းစားရင်တော့ ပြော၊ ငါအခုပဲ အဲဒီ ဗီဇာအတွက် ဆောင်ရွက်ပေးဖို့ တယ်လီဖုန်းကောက်ဆက်ပေးလိုက်မယ်" တဲ့ခင်ဗျာ။

ထိုအချိန် စာရေးဆရာ သော်တာဆွေဘာလုပ်ခဲ့ပါသနည်း။ ဘီဘီစီပြန် သူဋ္ဌေးပေါက်စ တင့်တယ်ထံမှရရမည့် လိုချင်လျှက် နန့်နန့်ထိုး ထိုခေတ်ငွေ ငါးထောင်ကို မေ့ပစ်လို့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေရဲ့ ဟုမ်းလမ်းအိမ်ကြီးမှ ကျောခိုင်းထွက်ခွာခဲ့ပါတော့သတဲ့။

ဘယ်လောက်လိပ်ပြာလှတဲ့ အဖြစ်အပျက်လဲ ခင်ဗျာ။ ဒီအဖြစ်လေးဟာ စေ့စေ့တွေးလေ ကျွန်တော်တို့နိုင်ငံလို လူဦးရေဖောင်းပွတင်းကယ်နေတဲ့ နိုင်ငံတွေအကြားက တိုးတက်စနိုင်ငံငယ်လေးအတွက် အင်မတန် သတိပြုဖွယ်ပါ။ ပမာအားဖြင့် ယခင် ကျွန်ဘဝ မရောက်ခင်က ကျွန်တော်တို့နိုင်ငံမှာ (ဦးဘဆွေ၏ အခေါ်အဝေါ် အသုံးအနှုန်းအတိုင်း) တရုတ်ကုလားရယ်လို့ မရှိ။ သို့သော် ယနေ့ခေတ် နှစ်ထောင်ပြည့်နှစ်ကျော် ကာလများမှာ လွှတ်တော်အတွင်း သူတို့လူမျိုး ရာခိုင်နှုန်းဘယ်လောက် နေရာယူနိုင်လျှင် အစိုးရအဖွဲ့ကို မည်သို့ အပေးအယူလုပ် အခွင့်အရေး တောင်းဆိုနိုင်ကြောင်း၊ စသဖြင့်အထိ မိမိတို့တိုင်းပြည် အတွင်းရေးကို ဝင်ရောက်ခြယ်လှယ်ဖို့ လုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် ဗွီဒီယိုသက်သေများဖြင့် တွေ့ရသည်။

၁၉၄၆ ကာလ ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော ပြည်ထောင်စုတိုင်းရင်းသားခေါင်းဆောင်များ၏ လွတ်လပ်ရေးတိုက်ပွဲသည် အတော်ခရီးရောက်လျှက်ရှိရာ၊ ထိုအခါက ရန်ကုန်မြို့မှာ နေထိုင်ကြသော အိန္ဒိယခေါင်းဆောင်တို့သည် အထူးစိုးရိမ်ကြသည့်သဘော၊ လွတ်လပ်သော မြန်မာနိုင်ငံဟု တည်ထောင်သည့်အခါ ပဝတ္တိ(ဧည့်သည်) အိန္ဒိယတိုင်းသားများနှင့် ဇာတိ မြန်မာပြည်ဖွား တိုင်းရင်းသားတို့ သဟဇာတဖြစ်ဖို့အရေး စာပေ စာနယ်ဇင်း လမ်းကြောင်းနှင့် အထူးပင် ကြိုးပမ်းခဲ့ကြသည်ဆို၏။

ထိုစဉ်ကာလ စာရေးဆရာကြီး မောင်ထင်က ခေတ်အခြေအနေကို ထင်ဟပ်ပြီး ရေးခဲ့သော ဝတ္ထုလေး တစ်ပုဒ်မှာ 'အဆစ်နှင့် ဘောက်ဆူး' မည်၏။

ဖိုးကုလားမည်သော လူတစ်ယောက် 'ဘီအိုင်' သင်္ဘောစီးပြီး ဘင်္ဂလားပင်လယ်အော်ကူးကာ စားကျက်အသစ်ရှာရာက ဝတ္ထုစသည်။ ဌာနေသား မောင်ဗမာ၏ ဖော်ရွေသဘောကောင်းမှု၊ ဘဝပေးမွေးရပ်က ရေမြေကျယ်ပြန့်ကောင်းမွန်၍ အပျင်းထူမှုနှင့် မောင်ဗမာမှာ ဗမာအကျင့် အဆစ် လှိုင်လှိုင်ပေးကျင့်ရှိပြီး၊ ဖိုးကုလားမှာ ကုလားအကျင့် ဘောက်ဆူးတွင်တွင်တောင်းခြင်းမှာ ဇာတ်အိမ်တည်သည်။ အစဦးမှာ အငတ်ငတ်အပြတ်ပြတ်မို့ ဖိုးကုလား၏ ရုပ်ရည်သည် ဦးဝိစာရ ကိုယ်တော်ကြီး ဆွမ်းသပိတ်မှောက်တုန်းက ရုပ်နှင့်တူသည်ဟု ရယ်ပွဲဖွဲ့ဆိုခဲ့သော ကိုယ်ရွှေဗမာကို၊ နောင်သော် အဆီယစ်လာသော ဖိုးကုလားက ဆင်းရဲမွဲတေလှသော ရွှေဗမာအား မဟတ္တမဂန္ဒီကြီး အစာငတ်ခံသည့် ရုပ်မျိုးဟု ပြန်လှောင်ရင်း၊ သူဆီမှာ ပြည့်တင်းလာသော ပိုက်ဆံအိတ်ကြီးကို လျှော့ပစ်သည့် သဘော၊ ကုလားပြည်သို့ မန်းနီးအော်ဒါနှင့် ပိုက်ဆံပြန်ပို့သော အခန်းမှာ ဇာတ်ရှိန်ကိုချသည်။ နောက်ဆုံးမှာ ဖိုးကုလားသည် မွဲတေလာသော မောင်ဗမာ၏ နားနားကပ်၍

"စိတ်ရင်းမှန်စွာ နှစ်ကာလရှည်ကြာစွာ နေလာခဲ့သည့်လျော်စွာ အကျွန်ုပ်သည် အဆွေတော်၏ နေမှုထိုင်မှု သဘောတရားကို နားလည်ပါပြီ၊ ဥပမာဆိုရလျှင် ကျွန်ုပ်လည်း အဆစ်ပေးတတ်သော ဝါသနာစွဲလာပါပြီ၊ ယင်းသို့တပြီးကား အဆွေတော်သည် အကျွန်ုပ်ထံမှ အဘယ့်ကြောင့် ဗောက်ဆူးမတောင်းပါသနည်း" ဟု အရင်ကသူ့ကို ဘောက်ဆူးပေးခဲ့ဖူးသော၊ မွဲသော ဗမာကို ယခုသူက ဘောက်ဆူးပေးပါမည့်သဘော လှောင်ပြောပြောရင်း၊ အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်ကြလေသတည်းမှာ ဇာတ်ကိုသိမ်းသည်။

ပဝတ္တိသားတို့သည် ဇာတိသားတို့ကိုမျို၍ သူတပါးမြေမှာ တိုင်းရင်းသားလို နေလိုကြသည်မှာ ထိုစဉ်ထိုခေတ်ကတည်းက ဖြစ်သည်ကို ဆရာမောင်ထင်က အလင်းတစ်ချက် ပြက်ပြထားခြင်းဖြစ်သည်။ သို့ဆိုလျှင် ယခုခေတ် ကျွန်တော်တို့ကား ထိုအလင်းကို မြင်ကြပါရဲ့လား။ ယခုကာလ လစ်ဘရယ်ဝါဒ မြက်ရိုင်းပင်တွေက အားကောင်းလှသည်။ အမျိုးသားရေး သစ်ငုတ်တိုကြီးကို ဖုံးလုလုတည်း။ "ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ" ဆိုသော ကြွေးကြော်သံကို ယနေ့အခါ လူရယ်စရာလိုလို ဖြစ်အောင် ရေးသားပြောဆိုလာကြခြင်းများ လှိုင်လှိုင်တွေ့လာရသည်။

ဦးဖိုးကျား၏ ကိုယ်တွေ့ ဝတ္ထုများထဲက ကောလိပ်ကျောင်းသား မောင်သောင်းလို အနောက်စာလေး အနည်းအကျဉ်းဖတ်ပြီး

"ဘားမီး(ဆ်)လား၊ ခင်ဗျာ့ မြန်မာစာ ဘာခက်လို့လဲဗျ၊ ကျွန်တော်တို့ကျောင်းမှာ အရေးတကြီးမသင်ပါဘူး၊ စာမကြည့်ပဲနဲ့တောင် ပ(စ်) (Pass) နိုင်ပါတယ်ဗျာ၊ အလကား အသုံးမကျလှပါဘူး" ဆိုသော အတွေးမျိုးရှိနိုင်သနည်း

"အမျိုးသားရေးလား၊ ငတုံးတွေပါကွာ၊ လစ်ဘရယ်ဒီမိုကရေစီ ခေတ်ကြီးမှာ သာတူညီမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို သဘောမပေါက်သမျှ လူအန္ဓတွေချည်းပဲ" ဆိုသည့် အတွေးမျိုးတွေလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရနိုင်ပါသည်။ ဤကား ခေတ်၏ပြောင်းလဲလာသော အယူအဆ မြက်ရိုင်းများ၏ သဘောတည်း။ သို့သော် မြက်ရိုင်းတွေခြောက်ချိန် ဒီအမျိုးသားရေး သစ်ငုတ်ကြီးကပဲ တိုင်းပြည်၏ ပြယုဂ်တစ်ခုအဖြစ် ရှိနေရပေလိမ့်မည်။ သို့မဟုတ်ပါက ဤမြေမှ ဤတိုင်းပြည်နှင့်လူမျိုးများ ကွယ်ပမည့် အရေးနှင့် ကြုံရနိုင်သည်။ ထိုအခါမှ မိမိတို့ သွင်းယူခဲ့သော ထရိုဂျန်မြင်းရုပ်ကြီးကို ပြန်ပြီးထုတ်ချင်၍လည်း တိုင်းပြည်က တိုင်းတစ်ပါးသားတို့လက် ရောက်နှင့်ပြီ။

အမျိုးသားရေးဟု ဆိုရာတွင် တစ်မျိုးသားလုံး၏ အရေးဖြစ်သည်။ ကျွန်တော်တို့သည် ခေတ္တခဏ အယူတိမ်းနေသော ကောလိပ်ကျောင်းသား မောင်သောင်းလို လူငယ်များကို တွေ့သည့်အခါ သူခိုးဓားရိုးကမ်းသူ၊ ပုဆိန်ရိုး စသဖြင့် ပုတ်ခတ်ပြီး ဖယ်ကြဉ်နေဖို့မဟုတ်။ အမျိုးသားပညာဝန် ဦးဖိုးကျား ပြုခဲ့သနည်း အယူခဏတိမ်းနေသူ လူငယ်များအပေါ် မေတ္တထားပြီး၊ အခမဲ့ ကူလီထမ်းသင့် ထမ်းကြရမည်ဖြစ်သည်။ ထိုအသီးအပွင့်အဖြစ် တစ်ချိန်မှာ တိုင်းပြည်က အခမဲ့ကူလီထမ်းခြင်း အကျိုးကို ခံစားရသည့်အခါ တစ်မျိုးသားလုံး တိုးတက်ခြင်း၏ လမ်းစကို စတင်ခြေချနိုင်ပါလိမ့်မည် ဖြစ်သတည်း။

"ဘာသာမျိုးခြား၊ သူတို့အားလည်း၊ နီးပါးထံရင်း၊ အယုံသွင်း၍၊ အတွင်းထားကာ၊ မပြုရာဘူး၊ ရှေးကသော်က၊ သီဟ နွားလား၊ နှစ်ကောင်ကြားဝယ်၊ တောသားဒုစရိုက်၊ မြေခွေးမိုက်က၊ ရန်တိုက်သောအား၊ ခြင်္သေ့နွားတို့၊ ခိုက်ပွါးရန်စစ်၊ ဖြစ်၍မကြာ၊ သေကြစွာ၏" (မဟာသုတကာရီ မဃဒေဝလင်္ကာသစ်)
(မြန်မာ့ဥဒါန်းဆောင်းပါး)

အောင်မျိုးသူလွင်
၃၁၊၀၁၊၂၀၁၇
အင်္ဂါ
ည ၀၈း၁၅

စာကိုး - ကျွန်တော့်ဘဝဇာတ်ကြောင်း (သော်တာဆွေ)
သောင်းပြောင်းထွေလာ အယ်ဒီတာ စာစုများ (သော်တာဆွေ)
ကိုယ်တွေ့ ဝတ္ထုများ (ဦးဖိုးကျား)
လူကြီးများဖတ်ဖို့ပုံပြင် (မောင်ထင်)
မဟာသုတကာရီ မဃဒေဝ လင်္ကာသစ် နှင့် လီနတ္ထဒီပနီ (မန်လည်ဆရာတော်ဘုရား)

Monday, January 2, 2017

ပျားဖွပ်၊ သားထိုး

(၁)

လက်မောင်းပေါ် ခေါင်းအုံးအိပ်နေသော ချစ်သူ့မျက်နှာကို တစောင်းအနေအထားဖြင့် ကြည့်မြင်ခံစားရင်း ရံခါ သူ့ခြေဖဝါးကို ကိုယ့်ခြေချောင်းလေးများဖြင့် တို့ထိကစားသည်။ ထိုအခါ ချစ်သူသည် စကားတစ်လုံးမဆိုဘဲ ကိုယ့်ခန္ဓာဘက် သူ့ရင်အပ်လို့ တိုးကပ်ပြီး ခပ်ကျပ်ကျပ်ဖက်လေသောအခါ နှလုံးသားသည် သွေးကိုတိုး၍ ညှစ်သည်ထင့်၊ တထိတ်ထိတ်ခုန်ကာ စိတ်က ချစ်သူကိုပို၍ နှစ်လိုဖွယ်ဖြစ်လာပြီး သူ့ကိုကိုယ်က ပြန်၍ တင်းတင်းဖက်စဉ် အိမ်ကလေး သိမ့်ခနဲ့တုန်သွားသလို ခံစားလိုက်ရသည်။ ကိုဝင်းထိန် ပြန်လာတာဖြစ်မည်ထင်သည်။

ကိုဝင်းထိန်ကား ဤအိမ်ရှင်ဖြစ်သည်။ အိမ်အပေါ်ထပ် ဟိုဘက်အခန်းမှာ အခြားအိမ်ငှား မိသားစုတစ်စုနေပြီး အထပ်သားဖြင့် ကန့်ထားသော သည်မှာဘက်ခြမ်းမှာ ကေဇင်နှင့် မိသူတို့နေသည်။ အောက်ထပ်မှာတော့ ကိုဝင်းထိန်နှင့် သူ့ကလေးနှစ်ယောက် နေသည်။ အိမ်လှေကားမှာ အပြင်တက်ဖြစ်ပြီး လှေကားမှတက်တက်ချင်း ဝရန်တာ၊ ထိုဝရန်တာမှာ ရံခါ ကိုဝင်းထိန်က အင်္ကျီလေးတွေ ဘာတွေ လာလှန်းတတ်သည်။ ဒီသုံးဆယ်ဝင်းထဲက အိမ်လေးတွေမှာ နေရာကျဉ်းကျဉ်းလေးထဲ အရဆောက်ထားရတာမို့ အဝတ်လှန်းဖို့နေရာ အခက်အခဲရှိတတ်သည်။ ကေဇင်တို့ငှားနေသော အိမ်မှာ တောင်ဘက်မျက်နှာပြု နေလိုက်ပုံစံမို့ အပေါ်ထပ်ဝရန်တာမှာ နေရောင်အရဆုံးဖြစ်ရာ တစ်အိမ်လုံး အဝတ်ကို ဒီမှာပဲ နေရာလုပြီး လှန်းကြရသည်။

အခု အိမ်ကလေး သိမ့်ခနဲ့တုန်သွားရတာ ကိုဝင်းထိန် အပြင်မှအပြန် အဝတ်ရုတ်ဖို့ အိမ်ပေါ်တက်လာတာ ဖြစ်နိုင်သည်။ နှုတ်ခမ်းမှာ လက်ညိုးကလေးကပ်၍ ခပ်မဆိတ် တိတ်တိတ်လေးနေဖို့ အမူအရာနှင့် ပြောနေသော ချစ်သူ့ခါးကို သီဟ သိသိသာသာလေး လှမ်းကိုင်လိုက်ပါသည်။ ဒီနေရာကို ထိလျှင် ကေဇင်သိပ်ယားတတ်မှန်း သီဟသိနေသည်မို့ အသံထွက်ခက်သော ဤအခြေအနေမှာ သက်သက်ညစ်လိုက်တာသာ ဖြစ်မှန်းလည်း ကေဇင်နားလည်သည်။ သီဟလက်ကို ဆွဲယူပြီး လက်ကောက်ဝတ်ကို ကိုက်ဆွဲလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် အချင်းချင်းစိုက်ကြည့်နေရင်း အူမြူးလာပြီး တစ်ယောက်ကိုတစ်ယောက် တိုး၍တိုး၍ အသံတိတ်စနောက်ကြရင်းက ပို၍ပို၍ အူမြူးလာကာ နောက်ဆုံး ကိုဝင်းထိန် အဝတ်ရုတ်ပြီး အောက်ဆင်းသွားသံကြားရပြီးသောအခါ၊ မအောင့်နိုင် မအည်းနိုင် အသံများပင် ခပ်တိုးတိုးထွက်၍ ခိုးခိုးခစ်ခစ်ရယ်မိကြပါတော့သည်။ တစ်ချို့သော လူသူကင်းသည့် နေ့ခင်းအခါများတွင် ဤအခန်းလေးသည် သူတို့နှစ်ယောက်အတွက် နတ်ပြည်ဘုံလေး ဖြစ်နေတတ်သည်။

(၂)

လှေကားရင်းမှာ ယောက်ျားစီးဖိနပ်တွေ့ကတည်းက အပေါ်ထပ်က အခန်းထဲမှာ သီဟရှိနေမှန်း ကိုဝင်းထိန်သိပါသည်။ ကိုဝင်းထိန်တို့ သုံးဆယ်ဝင်းထဲမှာက အိမ်တိုင်းလိုလို အဆောင်သို့မဟုတ် အိမ်ငှားတွေထားကြသည်။ အခု ကိုဝင်းထိန်က အပေါ်ထပ်ကို အခန်းနှစ်ခုဖြစ်အောင် ကန့်ပြီး အိမ်ငှားထားထားခြင်းဖြစ်ရာ၊ အဆောင်လို အပြင်လူမဝင်ရဆိုတာမျိုး မရ။ သူ့အိမ်သားနှင့် သူ့ဧည့်သည် ရှိမည်ပင်။ သီဟနှင့် ကေဇင် ပတ်သက်မှုကိုလည်း ကိုဝင်းထိန် မသိမဟုတ်၊ သိသည်။ သူတို့ကလည်း သိသာသိစေ၊ မမြင်စေနဲ့ ဆိုသောအချိုးမျိုးဖြင့် နေနေကြခြင်းဖြစ်တန်သည်။ သို့သော် သူတို့နှစ်ယောက် အပေါ်ထပ်မှာ အတူနေနေတာ သိလျှင်တော့ ကိုဝင်းထိန်သည် သူ့အိမ်မှအပြင်ပြန်မထွက်ဖြစ်တော့ဘဲ အောက်ထပ်အခန်းထဲမှာပဲ တိတ်တိတ်လေးသာ အိပ်နေတတ်သည်က များတော့သည်။

အနေကြာလာတော့ ကေဇင်နှင့် မိသူတွင် ကေဇင်မှာ အိမ်ထောင်ပျက်ဖြစ်ပြီး၊ မိသူမှာ အိမ်ထောင်နှင့်ဆိုတာ သူသိလာသည်။ တစ်ခါတစ်ခါ မိသူယောက်ျားလာသောအခါများတွင် မိသူသည် အပြင်မှာ အိပ်တတ်သည်။ သို့သော် အများအမြင်မှာတော့ ဒီနှစ်ယောက်သည် အပျိုနာမည်ခံဖြစ်သည်။ မိသူသည် ဆေးရုံကြီးတောင်ဘက်က ဆေးဆိုင်တစ်ခုမှာ အရောင်းဝန်ထမ်းဖြစ်ပြီး၊ ကေဇင်က ဆေးကုမ္ပဏီလေးတစ်ခုမှာ အရောင်းမြှင့်တင်ရေးဝန်ထမ်း ဖြစ်သည်။ သူတို့အလုပ်တွေသည် အိမ်ထောင်သည်ဝန်ထမ်းကို အလုပ်မခိုင်းသော စည်းမျဉ်းကြောင့် ကေဇင်ရောမိသူပါ အများအမြင်မှာ အပျိုဖြစ်လာရသလို၊ မိသူယောက်ျားဆိုတာကလည်း ကားကြီးသမားဆိုလား၊ တစ်လတစ်ခါ ခပ်ကြာကြာတစ်ခါလောက်သာ မိသူထံလာတာ တွေ့ရသည်။ ဟိုဘက်အခန်းကတော့ ဝန်ထမ်းလင်မယားမို့ နေ့ခင်းခါကိုယ်စီအလုပ်သွား ညနေကျပြန်လာ သူတို့အကြောင်းက ရိုးရှင်းသည်။ ဒါက သူသိသမျှ သူ့အိမ်ငှားတွေ အကြောင်းဖြစ်သည်။

(၃)

ချစ်သူနှစ်ဦးကြားက ခြားထားအပ်သောအရာကို ကျော်လွန်ခြင်းသည် သတ္တိဟုဆိုလျှင် ထိုသတ္တိကို ကေဇင့်ထံမှ သူရခြင်းဖြစ်ကြောင်း ဝန်ခံရမည်။ ကေဇင်နဲ့ချစ်စက သူပျော်သည်။ ကေဇင်ကျောင်းသူဘဝ၊ သူက လက်ရှိအလုပ်မှာ စဝင်ကာစ၊ သူတို့နှစ်ယောက် ချစ်မိကြတော့ နှစ်ယောက်လုံးမှာ ရည်းစားဦးပင်မဟုတ်သော်ငြား အချစ်ဦးမို့ မူးလိုက်ကြတာ၊ ညကများခဲ့သမျှ၊ မနက်ကျ တစ်ခွက်သောက်လို့ ဖြေရင်း အချစ်ဟာ အသွေးအသားထဲက မောင်းနှင်အားတစ်ခုဖြစ်လာပြီး နှစ်ယောက်လုံးဟာ အချစ်စွဲသူတွေဘဝ ဖြစ်လာကြတယ်။
ကျောင်းပြီးတဲ့နှစ်ရောက်ရင်တော့ ကေဇင်လက်ထပ်ရမတဲ့။ ဒီလိုဇာတ်တွေ ဒီခေတ်မှာလည်း ရှိတာ သိလိုက်ရချိန်၊ ကေဇင့် ယောက်ျားလောင်း ကျေးဇူးရှင်ဆိုတာ သူတို့ပြည်နယ်က အသက်ကြီးကြီး မုဆိုးဖိုဆရာဝန်ပါတဲ့။ သူတို့နှစ်ယောက် အကြောင်းတွေ အများသိလာချိန်၊ မကြာခင်ပဲ ကာလတွေ ရှေ့တိုးလို့ ကေဇင့်ကို အဲဒီလူစုတ် လုယူသွားတော့ သူ့ကိုထားခဲ့ရမလားလို့ ကေဇင့်ကို အသည်းခွဲသမကြီးစွပ်စွဲရင်း သီဟဟာ အသည်းတွေကွဲတယ်။ အချစ်စွဲသူဆိုတော့ အချစ်မရှိရင် သွေးလေးတယ်။ အချစ်ရည်ပြတ်ချိန် ထတဲ့ယင်းကို ပုလင်းမျိုးစုံနဲ့ ဖြေရင်း၊ သီဟ အလုပ်မှာလည်း ထိခိုက်လာတယ်။

ဒီလိုနဲ့ ကာလတစ်ခုအကြာ ကေဇင် မန္တလေးကို အပြီးလာတော့မယ်ဆိုတော့ သူမတားတော့ဘူး။ ချစ်တာပဲလေ။ သူလည်းကေဇင်နဲ့ နေချင်တာပေါ့။ ဒီကြားထဲလည်း တစ်ခေါက်တစ်လေ၊ နှစ်ခေါက်နှစ်လေ ကေဇင် မန္တလေးလာတဲ့အခါ တစ်ခါစ နှစ်ခါစ သူတို့တွေ့ဖြစ်ကြသေးတာပဲ။ ကေဇင့်လောက် သူဘယ်သူ့ကိုမှ မစွဲဖူးတာမို့၊ သူတို့တွေအိမ်ထောင်ရေး ဘယ်သို့ရယ်လို့လည်း သီဟမမေးဖြစ်တော့ဘဲ ချစ်သူကို မန္တလေးလေဆိပ်မှာ ပြေးကြိုဖြစ်ခဲ့သည်။ အဲဒီနောက်တော့ တရားဝင်အိမ်ထောင်ကျလို့ မရတဲ့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ကုမ္ပဏီဝန်ထမ်းဘဝမှာ ကေဇင်နဲ့သူ့ အချစ်လမ်းခရီးကို လက်ရှိတော့ ဒီလိုလေးပဲ အဆင်ပြေသလိုဆက်လျောက်နေမိတယ်။ ဒါကြောင့် တစ်ခါတလေ ဒီနေရာလေးဟာ သူတို့နှစ်ယောက်ရဲ့ နတ်ပြည်ဘုံလေးပါလို့။

(၄)

ကေဇင်တို့ ရေချိုးကန်သည် အိမ်နောက်ဖေး မြေကျဉ်းကျဉ်းလေးမှာ ရှိတာမို့ မနက်မနက် အလုပ်မသွားခင် အိမ်သာတက်၊ ရေချိုး အပြေးအလွှား အိမ်သားတွေကြား တစ်ခါတရံ ဦးဝင်းထိန်ကို ထွက်ခလုတ် ဝင်ခလုတ် ကေဇင်တွေ့မိသည်။ ဒီလူကြီး မျက်လုံးကို ကေဇင် သိပ်မကြိုက်ချင်သလိုလို။ ထဘီရင်ရှားနှင့် မိန်းမသားတစ်ယောက်အပေါ် သူ့အကြည့်ဟာ တစ်ဆိတ်ကလေး ရဲလွန်းသည် ထင်မိသည်။ သံသယကြီးသည်ပင် ဆိုဆို မိသူ သူ့ယောက်ျားလာလို့ အပြင်ထွက်အိပ်သော ညများမှာ ဘယ်လောက်ပင် ပိုက်ဆံပြတ်နေပါစေ မဖြစ်ဖြစ်အောင် ကေဇင်လည်း သီဟနှင့် အပြင်မှာအိပ်သည်။ သူနဲ့ သီဟက တရားဝင်ယူထားတာမဟုတ်တော့ သီဟကို အခန်းမှာ ညသိပ်ခေါ်ဖို့ကလည်း တစ်ဖက်ခန်းကို အားနာတာကြောင့်၊ မသင့်။

မိသူသည် ကေဇင့်အပေါ် သိပ်ပြီး မိတ်ဆွေကောင်း ပီသလှသူတော့ မဟုတ်ပါ။ အနေကြာလာလို့ သူနဲ့ သီဟအကြောင်းတွေ သိလာလေလေ၊ မိသူက တစ်ခြားမှာ နည်းနည်းချင်းနှုတ်ဖွာလာသည်။ မိသူပြောစကားတွေကို ဦးဝင်းထိန်ပြန်ကြားတော့ တော်တော်လေး စိတ်တိုမိသည်။ ဒီကောင်မလေး ကေဇင်သည် ရုပ်ကလေးသနားကမားနှင့် မပြုသင့်သည်ကို ပြုသည်။ ဟို သီဟဆိုသောကောင်လေးကလည်း မစားကောင်းသော အသီးကို စားသည်။ လူ့ကျင့်ဝတ်အရ ဒီလုပ်ရပ်သည် တော်တော်သည်းခံဖို့ခက်သည်။ သူ့အသက် အခုလေးဆယ့်ငါးကျော်ပြီ။ မိန်းမဆုံးပြီးကတည်းက သားနှစ်ယောက်ကို အိမ်ငှားခဝင်ငွေလေးနှင့် လမ်းထိပ်က မိဘလက်ရင်း ဆိုင်ခန်းငှားခလေးကို အမှီပြုကာ ကောင်းကောင်းပြုစုခဲ့သည်မို့ ဒီဝင်းထဲမှာ သူက နာမည်တစ်လုံး ဂုဏ်သိက္ခာတစ်ခုနှင့် နေသူဖြစ်သည်။

အခုတော့ လူ့အဖွဲ့အစည်းမှာ လက်ခံဖို့ခက်လှသော 'ပျားဖွပ်၊ သားထိုး၊ မယားခိုး'။ ဖြစ်နိုင်ပါသည်။ သူ့အသက်အရွယ်၊ သူ့အတွေ့အကြုံတွေအရ မိသူပြောတာ တော်တော်ဖြစ်နိုင်သည်။ ကေဇင့်ကို သူလည်း နေ့တိုင်းမြင်နေတာပဲ။ ဒီလို လှပစိုစွတ်နေသော ကောင်မလေးကို ဘယ်ယောက်ျားက ကွဲချင်မည်နည်း။ သီဟခိုးယူလို့သာ ကေဇင်ဟာ မန္တလေးကို ရောက်လာရတာ။ ပြီးတော့ ဒီအမှုကြီးက သူ့အိမ်မှာ။

ရုပ်ရည်လေးကြောင့်သာ ဒီကောင်မလေးကို ဒီအိမ်မှာ လက်ခံထားမိတာ၊ ဒီလိုအကျင့်ဆိုးမျိုးကို သူ့စိတ်က လုံးဝလက်ခံလို့မရ။ ဒီကောင်မလေးနှင့် သီဟ သူ့တို့အခန်းမှာ မကြာမကြာ ချစ်ရည်လူးနေကြသော ကိစ္စကို သိကတည်းက ဦးဝင်းထိန်မှာ သိပ်မနှစ်မြို့ချင်တတ်။ သို့သော် အဲဒီတုန်းက ဘာလို့နှင်မထုတ်မိမှန်း သူမသိ။ အခုတော့ ဒီလိုကိစ္စတွေသိလာမှ မဖြစ်ပြီ။ ကေဇင်တို့အခန်းကို နောက်လဆို ပြန်အပ်ဖို့ မဖြစ်မနေပြောရတော့မည်။

(၅)

"သူတို့ဟာသူတို့ ဘာပြောပြောပေါ့မောင်ရယ်"

"တစ်ခါတလေကျ သူတို့ပြောတာလည်း ဟုတ်နေသလိုလိုမို့…"

"အို မောင်ကလည်း၊ ကေက အရင်ကတည်းက မောင့်မိန်းမပဲဟာ၊ အခု မောင်က မောင့်မိန်းမကို မောင်ပြန်ရတာပဲလေ၊ အခုနေ ကေတို့ လက်ထပ်ဖို့ မဖြစ်နိုင်သေးလို့သာဟာ"
ထို့ကြောင့်ပင် ချစ်သူနှစ်ဦးကြားက ခြားထားအပ်သောအရာကို ကျော်လွန်ခြင်းသည် သတ္တိဟုဆိုလျှင် ထိုသတ္တိကို ကေဇင့်ထံမှ သူရခြင်းဖြစ်ကြောင်း ဝန်ခံရမည်ဟု ဆိုခြင်းဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ သီဟမှာ ကေဇင့်ကို ခွဲဖို့သတ္တိမရှိခြင်းကြောင့်၊ ပေါင်းဖို့ သတ္တိကိုပေးသော ကေဇင့်ကို သီဟက ကျေးဇူးတင်ပါသည်။ ထိုအချိန် ကေဇင့်ကိုရွှန်းရွှန်းစားစား သီဟကြည့်လိုက်တဲ့အခါ ချစ်သူမျက်လုံးမှာ ချစ်ရည်တွေဝေလို့။

(၆)

လူ့အကျင့်ကို ရုပ်ရည်လေးနှင့် တိုင်းလို့မရမှန်း ကိုဝင်းထိန်သိသွားပြီဖြစ်သည်။ အရင်ကဆို သူကေဇင့်ကို အထင်ကြီးပြီး၊ မိသူကို မသိလိုက်ဘာသာပင်။ အခုတော့ မိသူရဲ့ ပွင့်လင်းရိုးသားသော နေထိုင်ဟန်လေးတွေကို သူအသိအမှတ်ပြုတတ်လာခဲ့ပြီ။ ကေဇင်ဒီအိမ်မှ ဖယ်လျှင် တစ်ခန်းထဲမို့ မိသူပါ ဖယ်ရမည်မို့ အခြားအိမ်မရခင်စပ်ကြား အနေခက်လျှင် ကူညီပေးဖို့ပါ စဉ်းစားမိသေးသည်။

ဆိုးရွားသူကို ဖယ်ရှားပြီး၊ ရိုးသားသူကို ဖေးကူရဲသည့် မိမိစိတ်ကိုလည်း ပြန်တွေးတော့ ကိုဝင်းထိန် ကြိတ်လေးစားမိလိုက်သေးသည်။ တကယ်ဆို မိသူသည် သူ့ဘဝလေးကို ဆေးဆိုင်မှာ အလုပ်လုပ်ရင်း ရိုးသားစွာ ဖြတ်သန်းနေသူသာဖြစ်သည်။ ရုပ်ရည်လေးနှင့် အရည်အချင်းနည်းသော်ငြား ရိုးသားမှုတော့ မိသူမှာ အပြည့်ရှိသည်ဟု ကိုဝင်းထိန်က ထင်သည်။

ပင်လယ်ရေတွေ ငန်ပါသည်။ သို့သော် ပင်လယ်ပျော်ငါးတွေရှိကြောင်း စာရှုသူက သိပါသည်။ နွေကန္တာပူပါသည်။ သို့သော် ကုလားအုတ်လို အကောင်တွေအတွက် ပျော်စရာဖြစ်နေသေးသည်။ ကေဇင်နှင့် သီဟလည်း ဒီဘဝလေးမှာ ပျော်ပါသည်။ သူတို့ကို ဘယ်သူက ဘာပြောပြောပေါ့။ တကယ်ဆို လူတွေပြောကြသလို၊ ကိုဝင်းထိန်ကြီး သမုတ်လိုက်သလို သီဟဟာ 'ပျားဖွပ်၊ သားထိုး၊ မယားခိုး' မို့ ငရဲများလေသလား၊ ဒါမှမဟုတ် ကေဇင်ပြောသလို ကေဇင်ဟာအရင်ကတည်း သူ့မိန်းမမို့၊ အချစ်ရဲ့အားနဲ့ ကိုယ့်ချစ်သူကို ပြန်သိမ်းပိုက်လိုက်တာပဲ မှန်လေသလား၊ အများကြီးတွေးပြီး သူခေါင်းမရှုပ်လိုတော့ပါ။ သေချာတာတော့ လောလောဆယ် သူကေဇင့်ကို မခွဲနိုင်သလို၊ ကေဇင်ရှိမှ သူ့ဘဝ အဆင်ပြေပါသည်။ ထို့ကြောင့် အရှေ့ဘက်တစ်လမ်းကျော်မှ မောက်မယ်ဝင်းထဲက အိမ်လေးတစ်လုံးထံ သူတို့ အိမ်ငှား ပြောင်းခဲ့ကြပါတော့သည်။ ကံကောင်းစွာပင် ထိုအိမ်လေးမှာ သူတို့နှစ်ယောက် အတူနေခွင့်ရကြသည်။

(၇)

လအနည်းငယ်ကြာသောအခါ မိသူကို သုံးဆယ်ဝင်းထဲက ဦးဝင်းထိန်ကြီး၏ အိမ်အောက်ထပ်ထဲ ဝင်သွားတာ မကြာမကြာတွေ့ရသည်။ ဦးဝင်ထိန်ကြီးလည်း ဟိုအခန်းအား အခြားလူကိုမငှားဘဲ မိသူတစ်ဦးထဲသာ ပေးနေစေသတဲ့။ တစ်ခုသောည ဦးဝင်းထိန်နှင့်မိသူ ခုတင်တစ်ခုမှာ အတူရှိနေစဉ် အပေါ်ထပ်အခန်းမှ လင်မယားစကားပြောသံကို ကြားရသည်။

"အိမ်မှာကြွက်တွေကလည်း ပေါလိုက်တာကွာ၊ ငါ့အင်္ကျီတွေလည်း ကိုက်ကုန်ပြီ"

"ကျုပ်လည်း သေချာသိမ်းတာပါပဲတော်"

"ကြွက်ဆေးချမှထင်တယ်"

"အိုတော်… ငရဲကြီးပါ့မယ်၊ သူများအသက်ကို၊ 'ပျားဖွပ်၊ သားထိုး၊ မယားခိုး' တဲ့တော့၊ သိပ်ငရဲများတဲ့ အလုပ်တွေ"

"ဒါက ထိုးသတ်တာမှ မဟုတ်တာကွာ၊ ဆေးကျွေးတာပဲဟာ"

". . . . . . . "

ဒီအပေါ်ထပ်က လင်မယားကို ကိုဝင်းထိန် ငြိုငြင်လာပြန်ပြီ ဖြစ်သည်။ ဘယ့်နှယ့် ညကြီးမင်းကြီး စကားပြောတာ အော်ကျယ်ဟစ်ကျယ်။ သူများလင်မယား အိပ်ချိန်ကြီးကို အလိုက်မသိ။ ဒီလူတွေဟာ တော်တော်လည်း လူမှုရေးခေါင်းပါးကြောင်း ကိုဝင်းထိန် သိလိုက်ရပြန်ပြီဖြစ်သည်။ ဒီထက်ဆိုးလာလျှင်တော့ ခင်တာမင်တာတွေအသာထားပြီး ဒီလင်မယားကိုလည်း နှင်ထုတ်ရပေတော့မည်။ အိမ်ငှားအိမ်ငှားနှင့် တကယ်တော့ တော်တော်မလွယ်သော ကိစ္စကြီးဖြစ်ကြောင်း ကိုဝင်းထိန် ပို၍ ပို၍နားလည်လာရသည်။ ထို့ကြောင့် အပေါ်ကအသံတွေကို အာရုံပြောင်းဖို့ တစ်ဖက်ကျောပေးအိပ်နေသော မိသူကို ချိုင်းအောက်မှလှမ်းဆွဲကိုင်ပြီး သူ့ဘက်လှည့်ယူလိုက်မိတော့သည်။
ဒီအချိန်မှတော့ 'ပျားဖွပ်၊ သားထိုး၊ မယားခိုး' ဆိုသည့် စကားကို ကိုဝင်းထိန်တစ်ယောက် နားဝမှ မခံလိုတော့ပြီ ဖြစ်သတည်း။

(၈)

"မောင်… ကေတို့အရင်နေခဲ့တဲ့ အနောက်ဘက်ဝင်းက ဦးဝင်းထိန်ကြီးလည်း မိသူနဲ့ ငြိနေပတဲ့"

"အစက သူ့အိမ်နေလို့ အလိုက်သထိုက် ပေါင်းနေရလို့ရယ်သာပါကွာ၊ သူ ကေ့ကို ကြည့်တဲ့ မျက်လုံးတွေကတည်းက မောင်သိပ်မကြိုက်ဘူးရယ်"

"ဒီလိုပါပဲ မောင်ရယ်၊ လူတွေဟာ မရသာတုန်းသာ ငရဲကြောက်ပြပြီး၊ တကယ်လည်း ရသာရော အလဲမှောက် ကြတော့တာပါပဲ"

"မှောက်လောက်အောင် သောက်လို့ကောင်းတဲ့ အရည်လေးဖြစ်ရင်တော့လည်း မှောက်ပျော်တာပေါ့ အချစ်ရယ်" ဆိုကာ သီဟက ကေဇင့်ခါးကို ဆွဲဖက်လိုက်ပါတော့သည်။
ထိုစဉ် ထိုမောက်မယ်ဝင်း၊ သုံးဆယ်ဝင်းတို့၏အောက်၊ အောင်ကျော်ချမ်းအေး မန္တလေးမြို့ကြီး၏အောက်၊ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီး၏အောက် အထပ်ဘယ်လောက်ဆိုလားရှိသည့် ဂေဟာကြီးမှာ နေထိုင်သည့် ငရဲဆိုသည့် ပုဂ္ဂိုလ်သည် သူ့ကိုမခန့်လေးစားလုပ်သည့် လူတွေ၊ လူ့ပြည်မှာ များလာခြင်းမှာ သူရုပ်ရည်ချောမောလာ၍ပင် ဖြစ်၏လောဟု သံသယရှိလာမိသော အထာနှင့်၊ မီးလောင်သွားတာကြာပြီဖြစ်သော မင်္ဂလာဈေးဘေးက မှန်ဆိုင်မှ ကြည့်မှန်တစ်ချပ်လူကြုံမှာယူပြီး ကိုယ့်ရုပ်သွင်ကိုယ် ကြေးမုံပေါ်တင် ကြည့်မိသောဟူ၏။

အောင်မျိုးသူလွင်
၀၂၊၀၁၊၂၀၁၇
တနင်္လာ
၀၀း၂၅

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...