Aungmyothu Lwin

Aungmyothu Lwin
Facebook

Friday, March 28, 2014

အေးမူ

(၁)

"ထမင်းတော့ မငတ်ဘူးပေါ့ ဆရာရယ်၊ ဒါပေမယ့် ထမင်း မငတ်တာနဲ့ ပြီးစတမ်းလား။ ထမင်း တစ်ခုထဲစားပြီး နေနေလို့ အမြဲတမ်းဖြစ်တာမှ မဟုတ်တာ၊ သူတို့တွေက ဘဝပေးလေး ကောင်းတော့ ပြောပိုင်ကြတာပေါ့၊ ကျမကတော့ သူတို့ကိုလည်း ဘာမှ ပြန်မပြောလိုပါဘူး၊ ဒါပေမယ့် ဆရာရယ် ကိုယ်တွေ လော်မာလို့ ဖြစ်ရတယ် ဆိုတဲ့ စကား ကတော့ ဆရာပဲ နည်းနည်း ကိုယ်ချင်းစာကြည့်ပေါ့၊ ဆရာတို့ ယောကျာင်္း တွေတောင် တွေ့ရာမိန်းမနဲ့ တွဲချင်ကြလို့လား၊ ကျမပြော တတ်တာ တော့ အဲသလောက်ပါပဲ"
ကျွန်တော် သူပြောတာကို စဉ်းစားကြည့်တော့လည်း လက်ခံရသည်ပင်။ သေချာသည်မှာ ကျွန်တော်သည် ဘယ်နံရော အခါကမှ သူ့အပေါ် နှိမ်ချလိုစိတ် မရှိခဲ့ ဖူးခြင်းပင် ဖြစ်သည်။ ဒါသည်ပင် သူနှင့် ကျွန်တော် ပေါင်းလို့ သင်းလို့ ရနေသော အခြေခံ အချက် ဖြစ်မည်ထင်ပါသည်။

(၂)

အေးမူလို့ ဆိုလိုက်လျှင် ဒီမြို့မှာ မသိသူရှိကောင်း ရှိနိုင်သေးသော်လည်း မြို့အထွက် ကွမ်းယာဆိုင် ဟု ဆိုလိုက်လျှင် တော့ အားလုံးသော ပုရိသများ အပါအဝင် တော်တော် များများက သိကြသည်ပင်။ ကွမ်းယာဆိုင်တွေ အများကြီး ရှိပါလျှက်က သူ့ကွမ်းယာဆိုင်က ထူး၍ နာမည်ကြီးရခြင်းမှာ ကွမ်းယာ ကောင်းလို့ထက် အေးမူ၏ အသက်မွေးဝမ်းကျောင်း ကြောင့်ဆိုလျှင် မတ္တရာသားများ တညီတညွတ်တည်း လက်ခံကြမည်ထင်သည်။

ခိုင်ထူးနဲ့ ပတ်သက်ပြီး အေးမူကို ကျွန်တော်သိရသည်။ ခိုင်ထူးကား အေးမူ၏ ဖောက်သည်ဖြစ်သည်။ သို့သော် ခိုင်ထူးသည် ကွမ်းကြိုက်သူ မဟုတ်ပါ။

ကျွန်တော် ဒီကို တာဝန်ကျစက လူပျိုဆရာလေးဆိုပြီး သူလိုကိုယ်ချင်းစာ၍ တကယ့်စေတနာဖြင့် (ထိုသို့ အမှန်ပင် ကျွန်တော် ယုံပါသည်) ညဦးပိုင်း သောက်ပွဲကျင်း အပြီး အေးမူကို ကျွန်တော့် အခန်းထဲ ခေါ်ထည့်ထားပေးခဲ့သည်။ ခိုင်ထူး သဒ္ဓါ၍ကြွေးသော ထိုအမြိုက်ဆေး အေးမူကို ကျွန်တော် ထိုနေ့က ပွဲတော် မတည်ဖြစ်ခဲ့ပါ။ ဤသို့ဖော်ပြရာတွင် ကျွန်တော်၌ မရှိသော သူတော်ကောင်းစိတ် ကို အမွှန်းတင်လိုခြင်း မဟုတ်မူပဲ ဓါတ်ခွဲမှူးဖြစ်ပါပြီ ဆိုကတည်းက ဤကိစ္စမျိုးတွေ အကြောင်း နားရည်ဝလှ၍ သိပ်မသတီ တတ်သော 'ဆန်မရှိ အစားကြီး' ခပ်ကြောင်ကြောင် စိတ်က ကျွန်တော့်ကို ကယ်တင်လိုက် ပြီး သကာလ နောင်သော် မိတ်ဆွေ တစ်ယောက် တိုးလာစေသည် ကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။

တကယ်တော့ အေးမူသည် လှသလောက် ဈေးကြီးပြီး ခေါ်တိုင်းလည်း ရသူမဟုတ်ပါ။ နောက်ပိုင်း ခိုင်ထူးနဲ့ အတူ အေးမူတို့ ကွမ်းယာဆိုင်ကို မကြာမကြာ ရောက်ဖြစ်သည်။ မြို့ပြင်မို့ လူရှင်းပြီး လေးတဖြူးဖြူး တိုက်သည်ကို ကျွန်တော် ကြိုက်၍ပါဟု ဆိုလျှင် အေးမူဆိုင်က ကောင်မလေးများက ရယ်သွမ်းသွေး ကြမည် ဖြစ်သော်လည်း အေးမူကတော့ ဘယ်တော့မှ မရယ်ပါ။ တကယ်တော့ သူတို့ဆိုင်မှာ လူတွေအစုံစုံ ဘလွတ်ရွှတ်တွ ပြောကြဆိုကြသော ချက်အထက်၊ ခါးအောက် ဖရုဿ ဟာသ၊ သမ္ဖပ္ပလာပ ဝါစာ များကို ကျွန်တော်က အထူးနှစ်သက်ပါသည်။

အိမ်သာလို သုံးသာ သုံးနေကြသော်လည်း လူတကာ ရွံရှာသလို ဆက်ဆံကြသော ဤဂေဟာကို ကျွန်တော်က သူတကာကြိုက်သလို မဟုတ်ပါဘဲလျှက် မကြာမကြာ သွားဖြစ်သည်မှာ အေးမူက ခင်ဖို့ကောင်း၍ ဖြစ်ပါသည်။ ထိုစကား အမှန်ဖြစ်ပါသည်။ ရောက်စ ည ကျွန်တော့် အခန်းထဲမှ သူ့ကို မူးမူးနှင့် ငေါက်ထုတ် လိုက်ကတည်းက အေးမူသည် ကျွန်တော့်ကို သူ့အလုပ်သဘော မျက်နှာပေးနှင့် မဆက်ဆံ တော့ပါ။ ထိုသည်ကို ကျွန်တော် သဘောကျပါသည်။

"ဒီဘဝကို ရောက်လာပုံလား ဆရာ၊ မေးမနေပါနဲ့ တော့၊ လူတစ်ယောက်ကို ပုံတစ်မျိုး ပြောခဲ့လို့ ဘယ်ဟာ အမှန်မှန်းကို မသိတော့ ပါဘူး။ ဆရာကိုတော့ သူများတွေလို ညာလည်း မပြောချင်ဘူး၊ အဲ အမှန်ပြော ရအောင် ကလည်း ဘယ်တစ်ခု က အမှန်လည်း ကျမ မှတ်ကို မမှတ်မိတော့ဘူး။ ကျမ လှချင် ပချင်လို့ ဒီလို ဖြစ်ရတယ်ပဲ မှတ်ပါဆရာ။ အဲ အယုံလွယ်တာလည်း ပါတာပေါ့၊ ဒါနဲ့ စကားမစပ် ဆရာ ကျမက နိုင်ငံခြား ရောက်ဖူးတယ် ဆရာရဲ့" ဟု ပြောင်စပ်စပ် မျက်နှာပေးနှင့် သူ့အကြောင်းကို မပြောချင် ပြောချင် အဖျားရှူးစွာ ပြောပြဖူးသည်။ နောက်တော့ ကျွန်တော်လည်း ထပ်မမေး ဖြစ်တော့ပါ။

သို့သော် သူမူးလာလျှင်တော့ တစ်စ တစ်စ မမေးရပါပဲလျှက် စိတ်လို လက်ရ ပြောပြတတ်သည်။ ကိုယ်တိုင် မကြာခဏ မူးဖူးပြီး၊ အမူးသမား ဓာတ်လည်းသိသော ကျွန်တော်က သူမူး၍ပြောသော စကား ဖြစ်သောကြောင့် မယုံတစ်ဝက်၊ ယုံတစ်ဝက်ပင်။

(၃)

သူ အူအတက် ရောင်၍ ဆေးရုံးတက် ခွဲတော့ သူ့မှာ ရောဂါရှိကြောင်း ကျွန်တော် သိရပါသည်။ အေးမူကတော့ အလျင်ကတည်းက သူသိပြီး ဖြစ်သည်ဟု သိပ်မတုန်လှုပ်။ ကျွန်တော်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောပါ။ ဤသည်မှာ ကျွန်တော်၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ် ဖြစ်ပါသည်။

"အဲဒီစိတ်များ ဝင်လာရင် သူတို့တွေ သရဲမရဲ စီးနေကြတာ ပါပဲ ဆရာရယ်၊ ကွန်ဒုံလား၊ ဆရာက စိတ်ကူးယဉ် နေပြန်ပါပြီ။ သူတို့ စကားငှားပြောရရင် 'ချိုချဉ်ကို အခွံမနွာပဲ စုပ်ခိုင်း နေသလိုပဲ' တဲ့။ အဟင်း။ အဲဒါ ကျွန်မမှာ ဒီရောဂါရှိနေပြီ ဆိုတာ သိတော့ လုပ်ငန်းမလုပ်ခင် အဲဒါသုံးဖို့ ပြောကြည့် တာပဲဆရာ။ တချို့လည်း လက်မခံဘူး။ ကျွန်မက အတင်း အကြပ်ပြောတော့ - ကန်တော့ပါ့ ဆရာရယ် အစွပ်တော့ စွပ်ပါရဲ့ မောင်မင်းကြီးသားက ကျွန်မ မတားနိုင်လောက်တဲ့ အခြေအနေ ရောက်တော့ ဆွဲချွတ်ပစ် တယ်လေ။ ဘယ်သူ မပြု သူတို့ အမှု ထားလိုက် ရတာပဲ ဆရာ"

ထိုအခိုက် ကောင်မလေး သုံးယောက် ဆိုင်ရှေ့မှ ဆိုင်ကယ်နှင့် ဖြတ်မောင်းသွားသည်ကို ဖြတ်ခနဲ့ လှမ်းကြည့်ရင်း အေးမူ မျက်နှာမှာ တမျိုး တမည် ပြောင်းသွားရင်းက စကားစ အနည်းငယ် ပြတ်သွားသည်။

"စောစောက ကောင်မတွေဟာ ကျွန်မတို့ အကြောင်း မကောင်း သိပ်ပြောတာပဲ ဆရာ။ သူတို့ မောင်တွေ ပျက်စီးတာ ကျမတို့ ကြောင့်တဲ့၊ ဆရာပဲ စဉ်းစားကြည့်၊ ဝယ်သူရှိလို့ ရောင်းသူရှိတာ အပြစ်လားဆရာ။ သူတို့ မောင်တွေကျ မထိန်းပါဘဲ၊ တကယ်က ဒါမျိုးဆိုတာ ငါးပါးသီလ တောင် ကျိုးတာမဟုတ်ဘူး ဆိုပဲဆရာ"

သူ့စကား ဆုံးတော့ သူ့ကို ကြည့်နေသော ကျွန်တော့်ကို ပြန်မော့ကြည့်ရင်းက

"အဲလို မကြည့်ပါနဲ့ ဆရာ၊ ကျွန်မလည်း ညက ဦးထွန်းရွှေကြီး ပြောတာ ပြန်ပြောပြရတာပဲ။ သိလို့တော့ ဟုတ်ဘူး"

အေးမူသည် ထိုသို့ ရိုးသားစွာ ဟန်ကြီး ပန်ကြီး မလုပ်တတ်သော အေးမူ ဖြစ်ပါသည်။ ထို့ကြောင့် ပင် ကျွန်တော့်မှာ သူ့ကို တိုး၍ ခင်ရပါသည်။

"အဘိုးကြီးက နင့်ကို တရားဟော လွှတ်လိုက် ပြန်ပလား၊ တော်သေးတာပေါ့ လူပါအလှူခံ မလွှတ်လိုက် တာ"

ကျွန်တော်က ခပ်ရွှတ်ရွှတ် ဝင်နှောက်သည်။

"ဒါတော့ ဘယ်ရမလဲ ဆရာ၊ ဆရာတို့ ဆေးရုံတောင်ဘက်က ကူညီပါရစေ ဗိုလ်ကြီးတွေက လွဲရင် ကျမတို့ကို ဘယ်သူမှ 'ချော' မဆွဲရဲ ပါဘူး"

"ဒါပေါ့လေ ရှင်တို့က ရဲတွေကိုး" ဟုကျွန်တော်က အထာနှင့် ဝင်ထောက်ပေးရင်းက နှစ်ယောက်သား ပြိုင်တူရယ်မိကြသည်။

"မြန်မာပြည် မှာ ထမင်း တလုတ်တော့ ဘယ်နားရှာ စားစား ရတယ် လို့ အမနာပ ပြောသူလည်း ပြောကြတာပဲဆရာ၊ ကျမတို့ကပဲ ဝါသနာ အရ လုပ်နေကြသလိုလို"

"လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ကိုး"

ထိုအခါ အေးမူသည် ခပ်တွေတွေလေး ဖြစ်သွား လျှက်က ဤစာ အစတွင် ကျွန်တော် ရေးပြခဲ့သော စကားစုကို မခံချင်သော လေသံလေးဖြင့် ရေရွတ်ပါသည်။

(၄)

အေးမူသည် ဘဝတွင် အိမ်ထောင်လည်း ကျခဲ့ ဖူးသည်ဆို၏။ သူသည် အချစ်ကို နှလုံးသားနှင့် ရွေးခဲ့ ဖူးလေသည်။ အိမ်ထောင် ပျက်ပြီး နောက်တော့ သူသည် အချစ်ကို ဦးနှောက်နှင့် ရွေးရင်းက သူများ မယားငယ်လည်း ဖြစ်ခဲ့ဖူးသည် ဆို၏။ ထို့နောက် ဘဝကို စုန်ဆန် ကူးရင်းက အစာအိမ်က အချစ်ကို ရွေးသော အခါ အေးမူသည် ထုံပေပေနှင့် လက်ရှိဘဝကို ပစ်ချခံရလေသည်။ အေးမူ ဘဝကား အတွေ့ အကြုံ စုံလှသည်။ ကျွန်တော်သည် အေးမူ ကို အပြစ်ဆိုစရာ မရှိသလို၊ သူ့ဘဝကို ကရူဏာလည်း ဖြစ်၍ မရပါ။ အဘယ်ကြောင့် ဆိုသော် အေးမူသည် သူ၏ လက်ရှိ ဘဝကို ကျေနပ်ကာ သူ့ဟာသူ အကောင်းဆုံး ဖြတ်သန်း နေသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။ တကယ်တော့ ကျွန်တော်သည် အဆိုးဆုံးဟု ကျွန်တော်တို့ ယူဆထားသော အခြေမှာပင် ဘဝကို တည်ငြိမ်စွာ ဖြတ်သန်းပြနေသော အေးမူ၏ စိတ်ခိုင်မှုကို အားကျနေသူသာ ဖြစ်ပါသည်။

အေးမူကတော့ ခပ်လေးလေး ခပ်အေးအေး ဘဝကို ဖြတ်ဆဲပင်။

အောင်မျိုးသူလွင်
၂၈/၀၃/၂၀၁၄
သောကြာ

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...