Aungmyothu Lwin

Aungmyothu Lwin
Facebook

Sunday, November 26, 2017

သည်းခြေကြိုက်

"မနေ့က ရွာရှေ့ကုန်း ပြောင်းတောထဲမှာ ဘွားအေးလေး သမီး ဖြူမကို သိန်းတင်ယောက်ျား မောင်စိုးနဲ့ ထပ်လျက်တွေ့လို့တဲ့တော်"

မကြားဝံ့ မနာသာ ဒီသတင်းကြီးဟာ သစ်ကြီးတော တစ်ရွာလုံး ပျံ့နှံ့ထောင်းထောင်း သောင်းပြောင်းကျော် လေသောအခါ ဘွားအေးလေးတစ်ယောက် အကောင်းပကတိကြီးမှ အိပ်ယာထဲ ဗိုင်းဗိုင်းလဲလေသည်။

ညစဉ် ဘုရားဝတ်ပြု အပြီးတိုင်း လူသိနတ်ကြား အမျှအတန်းတွေ ဝေတတ်သော ဘွားအေးလေးအဖို့ အင်မတိအင်မတန့် ကြောက်စရာ ကာမေသု မိစ္ဆာစာရကံကို သူ့အတူနေ သမီးထွေးလေးဖြစ်သူ ဖြူမက ဘယ်လို့ဘယ်လို ပြုနိုင်ရက်အား တာပါလဲတဲ့။ အဲဒီ အတွေးတွေနဲ့ပဲ ဘွားအေးလေး အိပ်ယာထဲ လဲတော့တာ။

ဘွားအေးလေး အမျှဝေချိန်ကို ညစဉ်နားစွင့် သာဓုခေါ်လေ့ရှိသော ရွာရှေ့ကုန်းတောက နှောပင်နတ်ကြီးပင် အင်မတန် စိတ်မချမ်းမသာ ဖြစ်နေရသည်။ ဤနှောပင်နတ်ကြီးကား ဒီသစ်ကြီးတော ရွာရှေ့ကုန်း တောထဲက နှောပင်ကြီးမှာ နေခဲ့တာ လူတို့အဖို့ နှစ်ပရိစ္ဆေဒ ရေတွက်ဖို့ခက်လောက်မျှ ကြာခဲ့ပြီ။ သို့သော် သစ်ကြီးတော ရွာသူရွာသားများကလည်း ဒီနှောပင်နတ်ကြီး၏ သက်တမ်းကို ရေတွက်ဖို့ ကြိုးစားခဲ့ဖူးသည် မရှိပါ။

ပဲပြောင်းနှမ်းဝါ စပါးတွေ စိုက်ချိန် ပေါ်ချိန်မျိုးတွေမှာ ဒီတစ်တောလုံးကို ပိုးမွှားမြွေကင်း အန္တရာယ်ရှင်းဖို့ ဒီနတ်ကြီးကို ရည်မျှော် ပူဇော်မှုကို ပြုကြသည်။ ထို့ကြောင့်သာပင် မြေ၌တည်သောနတ်အပါ ရုက္ခစိုးအနွယ်ဝင် ဤနှောပင်နတ်ကြီးသည်

"တသ္မာ ဟိ ဘူတာ နိသာမေတ သဗ္ဗေ၊
မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ" ဟူသော ရတနာ့သုတ်လာ စကားအတိုင်း မိမိကို နေ့ရောညပါ ဗလိနတ်စာကျွေးကြကုန်သော ရွာသားတို့အပေါ် မေတ္တာထားကာ တတ်နိုင်သမျှ စောင့်ရှောက်ရှာလေ တော့သည်။

သို့သော် တကယ့်အဖြစ်မှာမူ လူတို့သည် သူ့ကို ဗလိနတ်စာ ကျွေးနေပေးနေကြသည်ပင် ဖြစ်လင့်ကစား သူ့ ပကတိ တည်ရှိမှုကိုပင် ကောင်းကောင်း သိကြသည် မဟုတ်ပါပေ။ ထို့ကြောင့်ပင် နှောပင်နတ်ကြီးသည် ဒီရွာကို မှီ၍ နှစ်ပရိစ္ဆေဒ များစွာ ကြာအောင် ဒီရွာတောမှာ နေလာခဲ့သော ကာလတစ်လျှောက် ဒီရွာထဲမှာ၊ ယာခင်း ကိုင်းခင်းတွေထဲမှာ၊ လူမမြင်ရာ ချုံနွယ်ပိတ်ပေါင်း ပြောင်းတောတွေထဲမှာ ရွာသူရွာသားများ၏ လူ့ကိစ္စ အဝဝကို မမြင်ချင် မကြားချင်မှအဆုံး မြင်ခဲ့ကြားခဲ့ရသည်။ လူ့သဘော လူ့မနောတစ်ချို့ကိုလည်း မျက်ဝါးထင်ထင် တွေ့ခဲ့ရဖူးလှလေပြီ။

အခုလည်း ရွာတောင်ပိုင်းက ဘွားအေးလေးသမီးထွေး ဖြူမ ကိစ္စမှာ သူမမြင်လိုပဲမြင်၊ မကြားလိုပဲ ကြားခဲ့ရသော မကြားဝံ့မနာသာ ကိစ္စကြီးပါပေ။

*****

"ဖိနပ်ပြတ်နဲ့ ခွေးငတ်တွေ့တာ ပေါ့အေ"

"အကောင်ကလည်း ရောဂါကြောင့်သာ ခဏခဏ ကုယူရတယ်၊ မထင်ရဘူးတော် ဒါမျိုးလုပ်မယ်လို့"

"အောင်မယ်လေးအေ မှတ်မိသေးပ၊ မနှစ်က အခုလိုတပို့တွဲလကြီးပေါ့။ အဲဒီ အကောင်အေးလွန်းလို့ တိုဝင်သွားတော့ သိန်းတင်ရယ် တို့ရယ်ပေါ့အေ ဝိုင်းပြီး ပြုစုလိုက်ရတာ မှတ်မိသေး၊

"အဲဒီတုန်းက သိန်းတင်ရယ်ပေါ့အေ သူ့ယောက်ျားသူ ပုဆိုးလှန်ပြီး ဟိုက တိုဝင်နေတာ အတင်းဆွဲထုတ်၊ အဲဒါ မိန်းမအမွေးမီးရှို့ပြီး အနံ့ရှုခိုင်းမှ ပျောက်တယ်ဆိုလို့ တို့တွေလည်း ပြာပြာသလဲ အနာခံနှုတ်ပေးလိုက်ရ မှတ်မိသေးအေ"

"သူ့လင်က ဒါမျိုးဖြစ်နေကျတဲ့အေ့၊ ဒါကြောင့် သူ့လင်ကို ဆောင်းတွင်းဆို မနက်စောစော ယာခင်းကို တစ်ယောက်ထဲ မလွှတ်ဝံ့ဘူးတဲ့၊ အေးပြီဆိုမှ အဲဒီအကောင်ဟာ အဲဒီရောဂါ ခဏခဏ ဖြစ်တာပဲတဲ့၊ ဖြစ်ပြီဆိုမှလည်း ဗိုင်းခနဲ့နေရာတင်လဲတာပဲတဲ့။ သူ့ရောဂါကလည်း ထူးကိုထူးပါတယ်အေ အမွေးမီးရှို့ရှူတော့ ချက်ချင်းပျောက်သတဲ့"

"ကြိုက်တာ နေမှာကိုးအေ့ နော"

"အမယ်လေး ကျွဲချိုလိမ်၊ လူနံပိန် မှန်သတော့ လူကြည့်တော့သာ မဖြစ်စလောက်လေး၊ ဒါထဲက အေးရင် ပျောက်ပျောက်သွားတဲ့ ရောဂါကလည်း ရှိသေး၊ ဒါနဲ့ကိုတော့ အကောင်ဟာ အချိုအချောင်ရတော့ နှိုက်ချင်တတ်သေးတော့"

"အိုအေ… သူ့မောင် ကိုယ့်မောင် အချိုအချောင်ရ ဘယ်သူနေမတုန်း၊ ကောင်မဟာလည်း ရိုးပုံရိုးလက်နဲ့၊ အ အ' သာပြောတယ်၊ ဒါမျိုးတော့ ကြိုက်သား"

"ကြိုက်ရင်လည်း တင့်တောင့်တင့်တယ် လင်တစ်ယောက် ကောက်ယူပေါ့အေ၊ အခုတော့ သူများလင်ကြီး"

"ဟဲ့ အဲဒီတုန်းက တို့တွေ မောင်စိုးကိုကုပေးတော့ အဲဒီကောင်မဟာ အနားရှိရဲ့ မို့လား၊ သူအဲဒီကတည်း မြင်ပြီး ပြစ်မှားနေတာမှန်းမှ မသိပဲ ဟား ဟား ဟား"

သစ်ကြီးတော တစ်ရွာလုံးမှာ ဒီသတင်းကြောင့် တအုံးအုံး တရုံးရုံး ဖြစ်နေပါပြီ။

ဒီသတင်းကြောင့် ဘွားအေးလေး အိပ်ယာထဲ ဗိုင်းဗိုင်းလဲသည်။

ဖြူမကို အခါတိုင်းလို ရွာရိုးကိုးပေါက် အိမ်ပေါက်စေ့လည်ကာ ထင်းခွဲရေခပ် လုပ်နေတာ မတွေ့ရတော့ပါ။

ဘွားအေးလေးရဲ့ သားသမီးများစွာ အိမ်ထောင်ကျသွားကြပြီဖြစ်ရာ ဒီအထွေးဆုံး သမီးလေးသာ လက်ကတုံးတောင်ဝှေး အဖြစ် ကျန်တော့သည်။ ရွာထဲက ရွှေရင်ကျော်ဆရာ အပြောတော့ ဖြူမဟာ သိုက်ကလာသတဲ့။ ဖြူမ စကားမပြောတတ်ပါ။ အရွယ်နှင့်တန်သော အသိဉာဏ်လည်း မရှိရှာ။ ဒီလိုပဲ တောထွက်ရက်တွေဆို ပဲနှုတ်၊ နှမ်းရိတ်၊ ထင်းခွေ လိုက်သည်။ တောမထွက်ရလျှင် ရွာထဲက အိမ်တွေမှာ ထင်းဖြတ်၊ ရေခပ် ကူပေးပြီး ပဲလေး ဆန်လေးရသည်။

အစကတော့ ဒီ အ အ' မလေးကို တစ်ရွာလုံးက သနားသလို ချစ်လည်း ချစ်ကြပါပေသည်။ သို့သော် အခု ထို အသနားခံ အ အ' မလေးက ခန္ဓာကိုယ် တောင့်တ၍၊ ကိုယ့်စိတ်ကို မဖြောင့်ဖြနိုင်ဘဲ အများ ကြောင့်ကြစရာ အမှုတစ်ခုကို ကျူးလွန်လိုက်မိသောအခါ…။

*****

ရွာထဲက အသံတွေကြားရတာ နှောပင်နတ်ကြီး ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါ။

"ထွီ ကျုပ်တို့တော့တော် ကိုယ်မနေနိုင်ရင် ခွေးထီးပဲ အမြီးဖြတ်ယူ ယူမလား၊ သူများလင်တော့ ဝေးဝေးက ရှောင်တယ်" ဟု ရွာစွန်ပိုင်းက ထန်းသမားခွေးညိုမယား မိပုက ရွံရှာစွာ အကဲပါပါ ဆိုသည်။

သူ့ထန်းတောမှာ လာသောက်နေကျ မောင်မဲနှင့်သူ တိတ်တဆိတ် နှစ်ပါးသွားနေကြသည်ကို မြင်ဖူးထားသော နှောပင်နတ်ကြီးစိတ်ထဲ နည်းနည်းအံ့ဩ မိသည်။
"ရုပ်ကလေးက သနားကမားပါတော်တို့ရယ်၊ အကျင့်တော့ အခုသိရမှ အော့နှလုံးနာတယ်"

လယ်သူဋ္ဌေး ဦးမိုးကြီးတို့အိမ်မှ ကူဖော်လောင်ဖက် မသက်ထွေးလေးက ဝင်ထောက်သည်။

တကယ်တမ်းကျ သူလည်း ဦးမိုးကြီး၏ အမြှောင်မယားတစ်ယောက် ဖြစ်မှန်း သိနေသော နှောပင်စောင့် နတ်ကြီးမှာ ပို၍ အံ့ဩလာမိသည်။

"သူ့တစ်ယောက် လုပ်ပုံကြောင့် သူ့အမေကြီးလည်း အခု အိပ်ယာထဲလဲပြီ၊ တစ်ဖက်ရွာက သူ့မွေးပေါက်ဖော် အမျိုးတွေလည်း ရှက်လွန်းလို့ ဘယ်နှယ့်မှ မျက်နှာမလှနိုင်ကြတော့ဘူး၊ ကောင်မကိုက လော်မာလွန်းပါတယ်အေ" ဟု လင်သေပြီးစ မုဆိုးမကြီး ဒေါ်ဥကလည်း သူ့အိမ်မှာ သူကိုယ်တိုင် သူရင်းငှားလေး မောင်မြနှင့် တိတ်တိတ်နေဖြစ်နေတာမှ အားမနာ ဝင်၍ အမနာပ ဆိုသည်ကို မြင်ရသော တစ်ခဏ နှောပင်နတ်ကြီးမှာ အံ့ကြီးဩလျှက်က သူ့နတ်ကွန်းဘက် ခေါင်းငိုက်စိုက် ပြန်ထွက်လာခဲ့ မိတော့သည်။

သူတို့သည် အဘယ်ကြောင့် ဤသတင်းကို ကိုယ်တိုင်မသိဘဲ အားပါးတရ ပြောနေကြပါသနည်း။ နှောပင်နတ်ကြီး စဉ်းစား၍ မရပါ။

ဖြူမသည် သူ့အဖြစ်ကို စကားဖြင့် ပြန်ရှင်းပြတတ်သူ မဟုတ်ပေ။

မောင်စိုးက ဖြူမကို အားနာလှ၍ ထိုသို့ မဟုတ်ကြောင်း အတန်တန်ငြင်းရှာသေးပါ သော်လည်း "သူခိုးကတော့ ခိုးတယ်ဘယ်ပြောမတုန်း" ဟူသော ဝါဒဖြင့် ရွာသားတွေက ခွင့်လွတ်ယုံကြည်ဖို့ ငြင်းသည်။ ဒီတော့အခါ မိသိန်းတင်က ရွာသူတစ်ချို့ အလိုကို မလွန်ဆန်နိုင်ဘဲ မောင်စိုးနဲ့ ကွဲသည်။

ထိုအခါ ဖြူမသည် သူများ အိမ်ထောင်ကို ဖြိုခွဲသူ အလိုလို ဖြစ်လာရ တော့သည်။

နှောပင်နတ်ကြီးရဲ့ ဘဝမှာ ဒီလိုအဖြစ်တွေ လူသိတာရော လူမသိ သူမသိတွေပါ ရာထောင်ချီ၍ ကြုံခဲ့ဖူးသည်။ သို့သော် အခုလို ဃရာဝါသ လူ့ကိစ္စတွေကို သူသည် တစ်ခါဖူးမျှ နှုတ်မြိန်မြိန်စကားပွဲမှာ အားခဲလို့ ပြောပြစရာ မထင်ဖူးခဲ့။ ထို့ကြောင့်လည်း နတ်ဆိုတာ စကားပြောခဲဘိခြင်း။ ထိုမှပို၍ သူ့အလိုဆို ဒါတွေကို စိတ်မှာပင် မတွေးလို။
ယခုသော် လူတစ်ချို့သည် အခုကိစ္စကို သည်းခြေကြိုက်လို ပြောဆိုနေကြတာ မြင်ရသည်။ အဘယ်ကြောင့်နည်းဟု နှောပင်နတ်ကြီး မတွေးတတ်ပေ။

ထိုတစ်ရက် ညနေပိုင်းက သူတွေ့သူမြင်မိသည်မှာ သူ့နှောပင်ရှေ့အကွက် ပြောင်းခင်းထဲ မောင်စိုးတစ်ယောက် ထွန်နွားတွေ တန်းလန်းနဲ့ ဗိုင်းခနဲ့လဲသည်။ ထိုအခိုက် ထင်းခွေပြန်လာသော ဖြူမကမောင်စိုးကို တွေ့သည်။ ထို့နောက် ထင်းစည်းကို ဗြုန်းခနဲ့ပစ်ချပြီး လဲနေသော မောင်စိုးအနား ဖြူမ ပြေးသွားတော့သည်။ သို့သော် ဖြူမသည် ဒါမျိုးကို ပတ်ပတ်နပ်နပ် ကုတတ်သူမဟုတ်ပါ။ ထိုအခါ အောက်မှာ တုန်ခါ တွန့်လိမ်နေသော ယောက်ျားသားကြီးကို သူ့အားလေးနှင့် ငြိမ်အောင်ထိန်းရင်း ချုပ်ရင်း သူပါ လဲတော့သည်။
ထိုအဖြစ်ကို သူတို့လိုပင် ယာခင်းပြန်ထဲက တစ်ယောက်က အမှတ်တမဲ့ မြင်သွားသောအခါ။

အခါတိုင်းဖြစ်နေကျက မနက်ခင်း အေးတဲ့အချိန်တွေမှမို့ အခုလို နေဝင်ရိုးရီမှာ သူ့ယောက်ျား ရောဂါထတယ်ဆိုတာ သိန်းတင်မက ယုံဖို့ခက် သတဲ့လေ။

ယခုအခါ ဖြူမအမေ ဘွားအေးလေး စိတ်ထောင်းကိုယ်ကြေဖြင့် ဆုံးရှာပြီ။ ဖြူမလေးလည်း ဒီရွာမှာ မနေရဲ ရှက်၍ ဘယ်ဆီဘယ်ဝယ် လွင့်လေပြီ သူမသိ။

လောကီရှုပ်ပွ လူ့ကိစ္စဝယ် ကာမေသုဟု မရှိသင့် မရှိအပ် လူတို့ဇာတ်အား ချေမှုန်းကြသော လူတစ်စုတို့ ပါးစပ်ဖျားဝယ် ဖြူမလေးရွာကလွင့်ပြီး သူ့အမေ ဘွားအေးလေး သေကာ၊ မောင်စိုးတို့ မိသားစု ပြိုကွဲကြ လေပြီ။ အဖြစ်မှန်ကိုမူ အားလုံးမြင်သော နှောပင်နတ်ကြီးမှတပါး ရွာသူရွာသားများက သေချာ မသိကြပါ။ သို့သော် သူတို့သည် ဒီလိုကာမေသုမျိုးတော့ မုန်းကို မုန်းသတဲ့လေ။

ထိုအဖြစ်ဝယ် နှောပင်နတ်ကြီး နားမလည်နိုင်သည်မှာ လူတို့သည် အဘယ်ကြောင့် မိမိသေချာမသိသော ကိစ္စတွင် ပါဝင် ဆုံးဖြတ် အပြစ်တပ် လိုကြပါသနည်း။ ထို့ထက်ပို၍ နားမလည်နိုင် ဖြစ်ရသော အဖြစ်မှာ သစ်ကြီးတော ရွာသူရွာသားများထဲတွင် မိမိတို့ကိုယ်တိုင်သော်မှ မိမိတို့ စွပ်စွဲတွေးထင်ထားကြသလို ဖောက်ပြားသူများ ဖြစ်နေကြပါလျက် အဘယ်ကြောင့် ထိုဖောက်ပြားမှု ကာမေသုကို သိပ်မုန်းနေဟန် ပြုနေကြပါသနည်း။

နှောပင်နတ်ကြီးသည် ဒီလိုအဖြစ်တွေကို လွန်ခဲ့သော နှစ်ပရိစ္ဆေဒများစွာ ကတည်းက အများအပြား မြင်ခဲ့၊ တွေ့ခဲ့၊ ကြုံကြားခဲ့ရသည်။ သူသည် လူတို့သဘောကို နားလည်နိုင်သည် မရှိပါ။ အခုလည်း ဖြစ်ခဲ့သမျှ ကိစ္စအပေါ် သူ နားမလည်နိုင်ရှာပါ။ နောင်လည်း သူ့နတ်သက် မကုန်ခင်စပ်ကြား ဒီရွာက ဗလိနတ်စာစားပြီး ဒီရွာကို စောင့်ရှောက်မှုပေးနေသမျှ ကာလပတ်လုံး ဒါတွေ မြင်နေတွေ့နေ ကြားနေရပေဦး တော့မည်။

အခါတိုင်းလို ညဉ့်ဦးညဉ့်ဦးဆို ကြေးစည်လေးထု၍ ကုသိုလ်ကို အမျှဝေတတ်သော ဘွားအေးလေး မရှိတော့သောအခါ နှောပင်ပေါ်က သူ့နတ်ကွန်းလေးမှာ နှောပင်နတ်ကြီး စိတ်မချိစွာ ထိုင်နေရသည်။

လူတို့မည်သည် ပင်ကိုယ် သဘာဝက ကောင်းမှုကိုမြတ်နိုးပြီး၊ မကောင်းမှုကို ရွံရှာမုန်းတီးရမည်ဟု သွန်သင်ခံရထားရသည်။ သို့သော် အဝိဇ္ဇာနှင့် တဏှာလျှင် မူလနှစ်ဖြာ အရင်းခံရှိသော သတ္တဝါတို့သဘောမှာ ပပဉ္စတရားတွေ လွှမ်းမိုးလာသည့်အခါ မကောင်းမှုဟူသည် ရှောင်စရာဟု မမြင်နိုင်တော့ဘဲ၊ အစမ်းသဘော သုံးဆောင်မိတတ်ကြရာမှ ခန္ဓာတောင်း၍ 'ကောင်းမှန်းသိ သာအိ တစိုစို' ဖြစ်လာကြရင်း မိမိတို့ကိုယ်ကိုယ်ပါ မိမိတို့ မကြည်ညိုနိုင်သည့် အဖြစ်တွေမျိုးတွေ ကြုံရသည်။

ထိုသည့်အခါ လူမှာ ကိုယ့်ကိုယ်ကို ကြည်ညိုကွက်လေး တွေ့နိုးရှာရင်း ရှာရင်းက သူများတကာ၏ ရွံရှာဖွယ်အဖြစ်ကို မြင်လာရသော တစ်ခဏ၊ မိမိမှာ မကောင်းမှုကို ရွံရှာတတ်သော စိတ်အခံကောင်းလေး ရှိသေးကြောင်း အများတကာကို ပြလိုစိတ်ကဲလာကာ ကိုယ်နှင့် အလားတူပြစ်မှုပင် ဖြစ်စေ ရွံရှာလေဟန်ပြု၍ မိမိကိုယ်ကို ကြည်ညိုနိုင်ရာကို ရှာတော့သည်။
အကယ်တိ ကိုယ့်မဖြူစင်မှုကို ပို၍ မဲညစ်ရာနှင့် ယှဉ်ကာ စိတ်သက်သာရာ ရှာချင်တတ်သော လူ့သဘောကို၊ ကိုယ့်သာမန်အဖြစ်ကို အပြစ်သားပြ၍ မြင့်မြတ်စေလိုတတ်သော လူ့မနောကို နှောပင်နတ်ကြီးက လူထဲက လူတစ်ယောက်မဟုတ်၍ ဘယ်တော့မှ နားလည်နိုင်လိမ့်မည် မဟုတ်ပါပေ။

အောင်မျိုးသူလွင်
၂၆၊၁၁၊၂၀၁၇
တနင်္ဂနွေ
၀၃း၄၃

Friday, November 24, 2017

ဧည့်သည်

ကျွန်တော်နဲ့ ဝင့်မီ အတူတူနေကြတဲ့ အိမ်လေးရှေ့ မြေကွက်လပ် ကျဉ်းကျဉ်းလေးမှာ ဝါးရုံပင်ခပ်လတ်လတ် တစ်ရုံ ကပ်ကပ်သတ်သတ် ပေါက်နေသည်။ မကြာမကြာ ထိုဝါးရုံပင်ချုံထဲမှ မြက်လျှောမြွေလေးတွေ တစ်ကောင်စ နှစ်ကောင်စ ထွက်လာလေ့ရှိသည်။ ဒီ ဝါးရုံပင်အုံလေးထဲမှာ ဆိုတော့ သူတို့ကို ကြောင်လာမခုတ်နိုင်သလို အခြား အခြား ရန်သတ္တုရှုပြုမည့် အကောင်တစ်ကောင်ကောင် ဘေးမှလည်း လွတ်ငြိမ်းရာရနေသည်။

ဝင့်မီက မြွေကိုတော့ တော်တော် ကြောက်တတ်ရှာသည်။ တစ်ခါတစ်ခါ သူမို့ အဲဒီ ဝါးရုံပင်ခြေနားက ရေချိုးကန်မှာ ရေချိုးရင်း မြွေလေးတွေ တွေ့မိလျှင် ကျွန်တော့်ကို အော်လို့မပြီး၊ ခေါ်လို့မပြီး ရေချိုးပြီးသွားတဲ့အထိကို မြည်တွန်တောက်တီးလို့ မပြီးနိုင်တော့ပါပေ။

ကျွန်တော်သည် ဒီတစ်ခုကိုတော့ ဝင့်မီအလိုကို ဆန့်ကျင်၍ ဒီဝါးရုံပင်လေးကို ခုတ်ထွင်ရှင်းလင်းမပစ်ဖို့ အိမ်ရှင့်ကို စည်းရုံးထားခဲ့ရသည်။ ဝင့်မီကလည်း မြွေကြောက်သည်။ အိမ့်ရှင်ကလည်း တစ်နေ့ ဒီအိမ်လေးကို ဖျက်ပစ်ပြီး အိမ်တန်းလျား သဘောမျိုး ခပ်ရှည်ရှည်ပြင်ဆောက်ကာ ဒီထက်အခန်းငှား များများ ထားနိုင်ဖို့ လုပ်တော့မယ့်အတူတူ ဒီဝါးရုံပင်ကို ခုတ်ပစ်ချင်နေသည်။ အိမ်မျက်နှာစာမှာမို့ အမြင်ရှုပ်သတဲ့လေ။ ကျွန်တော် ဒီမှာ ရှိနေတုန်းတော့ မလုပ်ပါနဲ့ဦး ကိုထွန်းရယ်လို့ အကြောင်းအကျိုး အမျိုးမျိုးပြလို့ သူ့ကို စည်းရုံးထားရသည်။ ဒီတော့လည်း ကိုထွန်းဟာ ကျွန်တော့်ကို အားနာလို့ ထင်ပါရဲ့၊ ဒီအပင်လေး မခုတ်တော့ဘူး။ ဒီတော့ ကျွန်တော့်ခံစားချက်၊ ကျွန်တော့် မျှော်လင့်ချက် အပင်လေး ကျွန်တော်နဲ့ ဝင့်မီနေကြတဲ့ အိမ်လေးရှေ့ အခုထိ ဆက်လက် ရှင်သန်နေတုန်းပေါ့။

*****

မနက်မနက်ဆို ဝင့်မီကို သူ့အလုပ်ဆီလိုက်ပို့တဲ့လမ်းမှာ မူလတန်း စာသင်ကျောင်းတစ်ခု ဖြတ်ရသည်။ ဝင့်မီက ကလေး အင်မတန် လိုချင်သည်။

ကလေး ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ်လေးတွေ မိဘလက်ကိုဆွဲပြီး ကျောင်းပေါက်ထိ လမ်းလျှောက်သွားကြတာ တွေ့လျှင် ဝင့်မီမှာ ငေးမဆုံး တွေးမဆုံး၊ စိတ်ကူးယဉ်လို့ မဆုံး။ တစ်နေ့မှာ သူနဲ့ကျွန်တော်ရဲ့ ကိုယ်ပိုင်ကလေးလေးတွေကို အခုလိုပဲ ကိုယ်တိုင် ကျောင်းလိုက်ပို့ချင် သတဲ့လေ။

"မလိုပါဘူးကွာ အဲဒါ အကဲပိုတာပါ၊ မြို့ထဲကကျောင်းကိုပဲ ကလေးကို မနက်လိုက်ပို့၊ နေ့ခင်း ထမင်းလာကျွေး၊ ညနေကျ လာကြို အို သက်သက် မိဘအလုပ်ပိုတယ်၊ ဒါမှမဟုတ်လည်း မိဘကိုက အပိုလုပ်တာပဲ။

"ကိုတို့ ငယ်ငယ်တုန်းကများ သူငယ်တန်းလေး သူငယ်တန်းကြီး ဆိုပြီး နှစ်နှစ်တက်ရတယ်။ ကျောင်းအပ်တဲ့တစ်နေ့ပဲ အမေလိုက်ပို့တာပဲ၊ ဟော နောက်နေ့တွေကျ ကျောင်းသားကြီးတွေနဲ့ ရောယောင် ပေါယောင် ပါသွားတာပဲ။

"အဲဒီလိုနဲ့ နောက် လေးတန်းအောင်လို့ မြို့ကျောင်းပြေးတက်ရတော့ အခုလို ဆိုင်ကယ် ကားနဲ့ တို့မိဘက လိုက်ပို့နေမယ်ထင်လား၊ မှတ်မိပါ့ကွာ မနက်အစောကြီးထ၊ ရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ မြို့ကို နေ့စဉ်နေတိုင်း မြို့ထဲရောက်မှ ချစီးမယ့် ဖိနပ်ခါးကြားထိုးပြီး ခြေကျင်တစ်တန် ကုန်းကြောင်း တစ်လှည့် ကြိတ်ခဲ့ရတာဟေ့"

"အို ဒါတော့ ကိုကိုဟာ မိဘမှ မဖြစ်ဖူးဘဲ၊ မိဘနေရာက ကိုယ်ချင်း ဘယ်စာတတ်ပါမလဲ၊ ဝင့်မီတို့ တိုင်းပြည်မှာက အခု ကိုကိုတို့ ငယ်ငယ်တုန်းကလို မဟုတ်တော့ဘူး ကိုကိုရဲ့

"ဟော ကိုကိုပဲ ပြောတယ်လေ၊ ကိုကိုတို့ ဆေးရုံမှာ သက်ငယ် မုဒိမ်းမှုတွေအတွက် ဓာတ်ခွဲစစ်ပေးရတာတွေ လုပ်ရတော့ ကိုကို့စိတ်ထဲ ဒေါသဖြစ်လိုက်တာဆို၊ ဟော… အဲဒီခံရတဲ့ ကလေးလေးတွေဟာ အခု ကျောင်းသားလေးတွေ အရွယ် မဟုတ်ဘူးလား။ နောက် ကိုကိုရယ် နေ့စဉ်နဲ့အမျှ ပရမ်းပတာ သွားချင်သလိုသွား လာချင်သလိုလာနေကြတဲ့ ဟောဒီ လမ်းမတွေကို ဖြတ်ပြီး ဝင့်မီသာဆိုလည်း ကိုယ့်ကလေးလေးကို စိတ်ချလက်ချ ကျောင်းမလွှတ်ရက်ပါဘူး။

"ဝင့်မီတို့ တစ်အိမ်ကျော်က ဖိုးထူးဆို အခုကြည့်လေ။ ကောင်လေးဘဝ အခု ဆို ဆုံးတာလိုပဲ။ သူဆို အထက်တန်းကျောင်းသား အရွယ်တောင်နော်၊ အိမ်ကနေ အမှတ်တမဲ့ လေးငါးခြောက်လ ပျောက်သွားလိုက်တာ၊ သူ့အိမ်က သည်းကြီးမည်းကြီးလိုက်ရှာလို့ အခုတွေ့တော့ ကောင်လေးမှာ မြင်တဲ့အတိုင်း စိတ်လွတ်တာလိုလို သွပ်တာလိုလိုကြီးဖြစ်လို့၊

"အို မဖြစ်ပါဘူး၊ ဝင့်မီမွေးတဲ့ ကလေးလေးတွေထဲက တစ်ယောက်ယောက်သာ အဲဒီလို အဖြစ်ဆိုးမျိုး ကြုံရရင် သူတို့မရူးခင် ဝင့်မီရူးမှာပဲ"

ဒီတော့လည်း ဝင့်မီကို ကျွန်တော်က အရှုံးပေး အလျော့ပေးရပြန်ပါသည်။ အိမ်ရှေ့မျက်နှာသာက ဝါးရုံပင် ကိစ္စမှ လွဲ၍ ကျွန်တော် ဝင့်မီအပေါ် အလျော့မပေးခဲ့သည့် အဖြစ်ကို မမှတ်မိပါ။ တကယ်လည်း ကျွန်တော့်ရဲ့ ဝင့်မီဟာ ချစ်စရာလေးကိုး။

ဟော အခုကြည့်စမ်းပါဦး။ မနက်မနက်ဆို ရေမိုးချိုး၊ သူ့တို့ဘဏ်ဝတ်စုံလေး ဝတ်ကာ သေသေချာချာ မိတ်ကပ်လူးထားတဲ့ ကိုယ့်ကြင်သူကို ကိုယ့်ဟာကိုယ် ပြန်မိတဲ့အခိုက်ဆို အိမ်ထဲကနေတောင် ပေးမလွှတ်ချင်လောက် အောင်ပါပဲ။ ဒါကြောင့်ပဲ ကျွန်တော်က စသလိုလို နောက်သလိုလို အတည် ခဏခဏ သူ့ကို ပြောပါတယ်။

"ဝင့်မီရယ် ကိုကိုတို့ ကလေးယူရအောင်နော်" လို့။

*****

အခုလို နေဝင်စောတဲ့ ဆောင်းတွင်းမျိုး ညနေ ညနေ ကျွန်တော်နဲ့ ဝင့်မီ ကိုယ်စီအလုပ်တွေက ပြန်ရောက်ကြတဲ့အခါ တစ်ချို့ရက်တွေဆို ငှက်ကလေးတွေတောင် အိပ်တန်းတက်နေပေါ့။

ကျွန်တော်တို့ အိမ်လေးက ဝင်းခပ်ကျဉ်းကျဉ်းလေးမှာ ဆောက်ထားတဲ့ ထရံကာ သွပ်မိုး တစ်ထပ်အိမ် သေးသေးလေးပါ။ အိမ်ပိုင်ရှင် ကိုထွန်းတို့က ဒီမှာ မနေကြဘဲ မြို့တွင်းပိုင်းမှာနေတယ်။ ဒီဝင်းလေးနဲ့ ဒီအိမ်လေးမှာ ကျွန်တော်နဲ့ ဝင့်မီ အငှားနေလာကြတာ အခုဆို သုံးနှစ်ပြည့်တော့မယ်။

အိမ်နား ခပ်နီးနီးမှာ ဘုန်းကြီးကျောင်းဝင်း အကျယ်ကြီးတစ်ခုရှိပြီး ဘုန်းကြီးကျောင်းရဲ့ ဘေးမှာတော့ ဗေဒါတွေနဲ့ ပြည့်လုခမန်းဖြစ်နေတဲ့ ကောလုလု ရေကန်တစ်ခု ရှိရဲ့။

ဘုန်းကြီးကျောင်းထဲက မန်ကျည်းပင်မှာ မိုးတွင်းဆို ဗျိုင်းနဲ့လင်းဝက်တွေ အစုလိုက်လာရောက် နေထိုင် သားပေါက်ကြရဲ့။ ဗျိုင်းဟာ နေ့ငှက်။ လင်းဝက်က ညငှက်။ သူတို့တွေ အပင်တစ်ခုတည်းပေါ် အတူတူအိမ်ပြုနေထိုင် သားပေါက်ကြတယ်။ နေ့ဘက်ဆို ဗျိုင်းတွေ အစာရှာထွက်ချိန် လင်းဝက်တွေအိပ်ပြီး၊ ညဘက်ဆို လင်းဝက်တွေက အစာရှာထွက်တော့ ဗျိုင်းတွေ အိပ်တန်းတက်တာပေါ့။ ဘုန်းကြီးကျောင်းထဲက အပင်မှာမို့ သူတို့ဘဝတွေ လုံခြုံကြပါပေသည်။

"ပိုက်ဆံလေးတွေ တော်တော်စုမိလာပြီ" ဟု ဝင့်မီက ကျွန်တော့်ကို ခပ်ကြွားကြွားပြောရင်း ပျော်နေသည်။ သူ့ရဲ့ ဘဏ်ဝန်ထမ်းလစာလေးရယ်၊ ကျွန်တော့်ရဲ့ အစိုးရဆေးရုံဝန်ထမ်း လစာလေးရယ် တစ်လတစ်လ ကျွန်တော်စာရေးလို့ ရတဲ့ စာမူခလေးတွေရယ် ဝင့်မီဟာ ကျွန်တော့်ဆီက မရမက အတင်းတောင်းပြီး ပိုက်ဆံစုတယ်။ ဒါပေမယ့် အိမ်လခပေးပြီးတဲ့အခါ၊ တစ်လစာ အိမ်အသုံး ပစ္စည်းလေးတွေ ဝယ်ပြီးတဲ့အခါမတော့ ဝင့်မီထဲမှာ စုဖို့ ပိုက်ဆံ သိပ်ကျန်မယ် မထင်ပါဘူး။ ဒါနဲ့တောင် လက်ထဲ ငွေလုံးငွေခဲလေးရအောင် စုနိုင်တဲ့ ဝင့်မီကို ကျွန်တော်တော့ အံ့ဩပါရဲ့။

"ဟိုဘက် ရွှေဘုံသာထဲက ဝင်းလေး သိန်းငါးဆယ်တဲ့ ကိုကိုရယ်၊ သူတို့ရောင်းတာ စောလိုက်တာ။
နောက်နှစ်လောက်ဆို ဝင့်မီတို့ အဲဒီဈေးမျိုး လှမ်းနိုင်ပြီ"

"မနေချင်ပါနဲ့ အချစ်ရယ်၊ အဲဒီ ရပ်ကွက် စရိုက်လည်း ဝင့်မီ သိသားပဲ။ နေ့စဉ်နေတိုင်း ဆဲသံဆိုသံတွေ ကြားနေရမှာ။ လူဆိုးနဲ့ သူခိုးချည်းပဲ။ ပြီးတော့ ကိုကိုတို့ ကလေးလေးတွေ မွေးလာရင် အဲဒီလို ရပ်ကွက်မျိုး စရိုက်နဲ့က…"

ဒီတော့ကျ ဝင့်မီမျက်နှာ မှိုင်ကျသွားရင်းက

"ဒါဖြင့်လည်း ကိုကိုရယ်၊ ဝင့်မီတို့က ဘယ်မှာ တစ်သက်လုံး နေကြမလဲ ကိုကိုရဲ့၊ ကိုယ့်အိမ်ကိုယ့်ယာ မရှိဘဲတော့ ဝင့်မီ ကလေးလေးတွေ မမွေးချင်သေးဘူးကိုကိုရယ်၊ ဝင့်မီတို့တောင် အခု သူများအိမ်မှာ ကျပ်ကျပ်တည်းတည်း ငှားနေနေတာ၊ ဝင့်မီရဲ့ ပထမဆုံး ကလေးလေးကို ဝင့်မီတို့နှစ်ယောက် ပိုင်တဲ့ အိမ်လေးထဲမှာပဲ ဝင့်မီ မွေးချင်တယ်"
ထိုစဉ်အခါ ဝါးရုံပင်ထက်မှာ ပြွတ်ငှက်ကလေးတွေ အိပ်တန်းတက်ဖို့ တကျီကျီရောက်လာသည်။ စာကလေးငှက် တစ်ချို့လည်း ဒီဝါးရုံပင်လေးထဲမှာပဲ ညအိပ်သည်။ ကျွန်တော်နေတဲ့ ဒီဝင်းလေး ကျဉ်းပေမယ့် အဲဒီ ဝင်းကျဉ်းကျဉ်းလေးထဲမှာ ပေါက်နေသော ကျွန်တော့်အိမ်ရှေ့ ဝါးရုံပင်ထဲမှာ သူတို့တွေ လုံခြုံစိတ်ချစွာ အိပ်စက်နိုင်ကြပါသည်။ တဖြည်းဖြည်းနဲ့ ဒီဝါးရုံပင်လေးတွေထဲမှာ ဘေးရန်ကင်းစွာ လာအိပ်စက်ကြသော ငှက်အရေအတွက်လည်း များများလာ သလိုလိုပါ။

ဝါးရွက်တွေကြားက လှုပ်လှုပ် လှုပ်လှုပ်ဖြစ်သွားသော အိပ်တန်းတက် ငှက်ကလေးတွေကို ဝင့်မီနဲ့အတူတူ ခိုးခိုးကြည့်ကြရင်းက သူရောကျွန်တော်ပါ တဖြည်းဖြည်း အလိုလို ပြုံးပျော်လာမိကြပြန်ပါသည်။

"ဘဝ ဆိုတာ ဒီလိုပဲ ပျော်အောင် နေရတာပေါ့ ဝင့်မီရယ်" လို့ သူ့ပုခုံးကို ခပ်ထွေးထွေးဖက်လို့ ဝင့်မီကို နှစ်သိမ့်တော့ ကျွန်တော့် အင်္ကျီရင်ဘတ်တွေ ရွှဲသွားအောင် မျက်နှာဝှက်ပြီး သူငိုသည်။ နောက်တော့ တဖြည်းဖြည် အရှိုက်ပြေချိန် သူပြောတဲ့စကားက

"ဝင့်မီအသက်ဟာ သုံးဆယ်ကျော်လာတော့မယ် ကိုကိုရဲ့" တဲ့။

ဒီတော့ အခါတိုင်း ကျွန်တော်ဟာ ဒီဝါးရုံပင်လေးကို ခံစားချက်တစ်မျိုးနဲ့ ကြည့်ဖြစ်သည်။

စာရေးတာနဲ့ ဝန်ထမ်းအလုပ်အပြင် အခြား ကျွန်တော် ဘာလုပ်တတ်ပါသေးသနည်း။ ဝင့်မီအတွက် တစ်ခုခု ကျွန်တော်လုပ်ပေးချင်သည်။ သူနဲ့ကျွန်တော် တစ်သက်ပတ်လုံး အတူတူနေဖို့ အိမ်လေးတစ်လုံးလောက် ကိုယ်ပိုင်ရချင်သည်။

*****

အိမ်ပိုင်ရှင် ကိုထွန်းက တစ်ရက်တော့ ဖုန်းဆက်ပြောလာသည်။ သူ ဒီအိမ်လေး ဝယ်သူရှိတုန်း ဈေးကောင်းရလို့ ရောင်းပစ်တော့မယ်တဲ့။

"ဘယ်လောက်နဲ့ ရောင်းမှာတဲ့လဲ ကိုကို"

"သိန်းငါးရာလို့ ပြောတာပဲကွာ"

"လူနေဖို့ အိမ်ဝင်းတစ်ခု အဲဒီလောက်တောင် ပေးရလား"

ဝင့်မီက ပြောသည်။ သူ့စကားမှာ မကျေနပ်သံနဲ့ ခံပြင်းသံတွေ ပါနေသလိုလို။

"ကိုကိုတို့ အခုနေတဲ့ ဝင်းက လမ်းဘေးကျတယ်လေ။ မျက်နှာပွင့်လေးလည်း အသင့်အတင့်ရှိသလို၊ ရပ်ကွက် ပတ်ဝန်းကျင်လည်း ကောင်းတာကိုး ဝင့်မီရဲ့၊ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ဝယ်ကြတဲ့ လူတွေဆိုတာ သူတို့လက်ထဲ ငွေတွေဘယ်လောက်ရှိမှန်းမှ မသိတာ။ ကိုထွန်းလည်း ကိုကို့ကို တော့ အားနာနေပုံပါ။ ဒါပေမယ့် သူလည်း အခုလို ဈေးကောင်းလေးရတုန်း ရောင်းချင်မှာပေါ့"

အဲဒီနေ့က ဝင့်မီ ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောတော့ပါ။ အခါတိုင်းလို သူ့ကိုချော့ပြီး စကားသွားပြောဖို့လည်း ကိုယ်က အားမရှိသလိုလို လုပ်လိုစိတ်ကင်းသည်။ ဒီလိုနဲ့ အဲဒီတစ်ညနေတော့ ကျွန်တော်တို့ အိမ်လေးဟာ ဆိတ်ငြိမ်စွာ မိုးလင်းသွားခဲ့ရသည်။

ရုံးပိတ်ရက်တစ်ခုမှာ ဈေးထဲက ငှက်အိမ်လေးတွေ သွားဝယ်ပြီး အိမ်ရှေ့ဝါးရုံပင်မှာ သေသေချာချာ နန်းကြိုးနှင့် ချည်ပေးလိုက်သည်။

"ဘာလုပ်ဖို့လဲ ကိုကို"

"ဒီကနောက်ဆို ငှက်ကလေးတွေ ဥပေါက်တဲ့အခါ ရောက်တော့မယ် မဟုတ်လား၊ သူတို့တွေ သားပေါက်ချိန် အသိုက်လိုမယ်လေ"

"ဝင့်မီတို့က ပြောင်းပေးရတော့မှာလေ"

ကျွန်တော် ဝင့်မီစကားကို မကြားချင်ဟန်ပြုပြီး လုပ်လက်စ အသိုက်ကိုသာ သေသေချာချာ ဆက်ချိတ်နေမိသည်။

ဟိုဘက်နားက ဘုန်းကြီးကျောင်းထဲက မန်ကျည်းပင်မှာ ငှက်မျိုးစုံနေကြသည်။ ကျောင်းထိုင်ဆရာတော်ကြီး ဦးသီလာစာရက သူ့ကျောင်းဝင်းထဲမှာ ဘယ်သတ္တဝါကို ဘယ်သူကမှ ရိုက်ပုတ်နှိပ်စက် မပြုစေဖို့ တားမြစ်သည်။ သူ့ကျောင်းကို ရောက်တိုင်း သူကျွန်တော့်ကို ဆုံးမတဲ့စကားက

"အနိမ့်ဆုံး ငတ်နေတဲ့ ခွေးလေးကို စားပါစေဆိုပြီး စေတနာကောင်းနဲ့ ထမင်းတစ်နပ်ကျွေးဖူးတဲ့သူတောင် အဲဒီ ကုသိုလ်ကြောင့် နောင် ဆယ်ဘဝ ထမင်းမငတ်ဘူးတဲ့ တကာရဲ့"

သူ့ကျောင်းမှာ ခွေးတွေ ပေါလည်း ပေါသည်။ ငှက်တွေ ခိုတွေလည်း ပေါသည်။ သတ္တဝါအများ ခိုနားရာကြီးပင်။

ဆရာတော့်စကား အရဆို ကိုယ်လည်း အရင့်အရင် မဝေးလှသော ဘဝတစ်ခုခုမှာ သတ္တဝါတစ်ခုခုကို အစားအစာ တစ်ခုခု လှူခဲ့ဖူးပုံပါ။ ကိုယ့်မှာ ဝင့်မီရှိလို့ အစားအသောက် ကောင်းကောင်းတော့ နေ့စဉ် စားရသားပဲ။

ဒီအတွေးကိုရပြီးကတည်းက မြွေသိပ်ကြောက်တဲ့ ဝင့်မီစိတ်ကို လွန်၍ အိမ်ရှေ့က ဝါးရုံပင်လေးကို အရိပ်တကြည့်ကြည့် လက်သပ်မွေးခဲ့သည်။

သည်အပင်လေးမှာ ငှက်ကလေးတွေနေသည်။ ကျွန်တော်တို့နေတုန်း ဒီအိမ်ဝင်းလေးထဲ တစ်ချို့နေရာတွေမှာ အသိုက်လေးတွေ လုပ်ပြီး ငှက်ကလေးတွေ သားပေါက်သွားကြသည်။ ထို့အတွက် သူတို့ကျွန်တော့်အရိပ်မှာ လုံခြုံကြပါပေသည်။

လူမေမေ၊ လူဖေဖေတွေက လူငယ်ငယ်လေးတွေကို ချစ်ခင်စိုးရိမ်စွာ ကျောင်းလိုက်ပို့ကြသလို အပျံသင်စ ငှက်ကလေးတွေကို ငှက်မေမေ ငှက်ဖေဖေတို့က အပြည့်အဝ မစောင့်ရှောက်နိုင်ခဲ့စေ သူတို့တွေ ကျွန်တော်နေသော အိမ်ဝင်းထဲမှာတော့ ဘေးကင်းစေပါသည်။

ကိုယ့်တစ်လစာ လခရယ်၊ ဝင့်မီရဲ့ လခရယ်ကို ပေါင်းပြီး အိမ်စရိတ်ပင် မနှုတ်ဘဲ တစ်နှစ်စာတွက်သည်။ ထို့နောက် ငွေပမာဏတစ်ခုအထိ ပြည့်ဖို့ နှစ်ဘယ်လောက်ဆိုတာ တွက်သည်။ ကျွန်တော် ရင်မောသွားရသည်။

စာရေးခြင်းနှင့် ဝန်ထမ်းအလုပ်အပြင် အခြား ကျွန်တော် ဘာလုပ်တတ်ပါသေးသနည်း။

"လူနေဖို့ အိမ်တွေဟာ ဘာလို့ အဲဒီလောက် ဈေးကြီးရတာလဲ ကိုကိုရယ်" လို့ ဝင့်မီစကားတွေ နားထဲကြားသည်။

တစ်နေ့နေ့မှာ ဝင့်မီနဲ့ ကျွန်တော်ရယ်၊ ကျွန်တော်တို့က မွေးမယ့် ကလေးလေးတွေရယ် အတူတူနေဖို့ အသင့်အတင့်ကျယ်သော ဝင်းလေးနှင့် အိမ်လိုချင်သည်။ ငှက်ကလေးတွေကို ဘေးကင်းလုံခြုံစေခဲ့ဖူးသလို ကျွန်တော်တို့ကလေးတွေကို ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခုမှာ ကြီးပြင်းစေချင်သည်။

ရေချိုး၍ မိတ်ကပ်လိမ်းပြီးထွက်လာသော ဝင့်မီလက်ထဲမှာ ဒီနေ့ ဘဏ်စာအုပ်လေး ပါလာသည်။

သူစုထားသော ပိုက်ဆံတစ်ချို့ အိမ်အသစ် ရှာဖို့ ထုတ်ရပေဦး တော့မည်။

ဝင့်မီကို ဆိုင်ကယ်ပေါ်တင်ပြီး မြို့ထဲဘက်သို့ မောင်းလာသော လမ်းမှာ ကျောင်းရှေ့ရောက်တော့ ကျောင်းပို့ကျောင်းကြို မိဘတွေနှင့် သူတို့လက်ထဲက ကလေးလေးတွေကို ကြည့်ပြီး အခါတိုင်းလို ဝင့်မီနဲ့ကျွန်တော် အငြင်းမပွားဖြစ်တော့ပါ။

အောင်မျိုးသူလွင်
၂၄၊၁၁၊၂၀၁၇
သောကြာ
နေ့ ၁၁း၅၆

Sunday, November 19, 2017

ဥဒ္ဓစ္စ အလွန်

ဆံပင်ညှပ်ဆိုင်လေးထဲသို့ လှမ်းဝင်လိုက်သောအခါ ပထမ လေးအေးပေးစက်ကြောင့် ဖြစ်သော အနံ့နှင့် အေးမြမှုကို ခံစားရသည်။ ထို့နောက် လုံချည်အနီကို မြင်ရသည်။ မလာစဖူး ကောင်မလေး နှစ်ယောက် အထဲရောက်နေပါရော့လား။

ဒီဆိုင်လေးဟာ ကျွန်တော် ဆံပင်ညှပ်နေကျ အမျိုးသား ဆံပင်ညှပ်ဆိုင်။ အရင်ကဆို ဒီလိုမဟုတ်သေးခင်က ဒီဆိုင်လေးမှာ နေ့ခင်းဆို တော်တော်ပူသည်။ သပ်သပ်ရပ်ရပ်လည်း သိပ်မရှိ။ ဒီလိုနှင့် ခင်မင်ရင်းရှိလာသူ ဆံပင်ညှပ်ဆရာကို ကျွန်တော်က တိုက်တွန်းရင်း တိုက်တွန်းရင်း ဒီဆိုင်လေးဟာ အခုဆို အလူမီနီယံလျှောတံခါးနှင့် အပြင်မှ အတွင်းကို မြင်နိုင်ခက်သော မှန်အမည်းနှင့် တစ်ကောင်ခွဲ လေးအေးပေးစက်လေးနှင့် ဖြစ်လာသည်။ ဆိုင်လေးဟာ သပ်သပ်ရပ်ရပ်ဖြစ်လာသလို နေ့ခင်းတွေမှာ အေးအေးလူလူ နေနိုင်လာခြင်းနှင့်အတူ ဆံပင်ညှပ်ခလည်း နှစ်ရာ တက်သွားပြီး ယခင်ရှစ်ရာမှ ယခု တစ်ထောင်ကျပ် ဖြစ်လေပြီ။

ကျန်းမာရေးဘက်မှ မဟုတ်သော အမျိုးသမီးငယ်တစ်ယောက်ကို သူနာပြုများ ဝတ်သော အရောင်မျိုး လုံချည်အနီဖြင့် မြင်ရတာ ကျွန်တော့်မှာ အတန်ငယ်တော့ မျက်စိကလောပါသည်။ ကျွန်တော်သည် လက်ရှိဒီမြို့လေးက အစိုးရဆေးရုံမှာ ကျန်းမာရေး ဝန်ထမ်း။ ဒီဆိုင်လေးရဲ့ ပိုင်ရှင် ကိုထူးခင်က မြို့နယ်သွေးလှူအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်။ ဒီလိုနဲ့ ကိုထူးခင်နဲ့ ကျွန်တော် ခင်မင်လာရင်းက ကျွန်တော်ဟာ ကိုထူးခင်တို့ဆိုင်ရဲ့ဖောက်သည်ဖြစ်လာသလို၊ ကျွန်တော့် တိုက်တွန်းချက်တွေကြောင့် ကိုထူးခင်ရဲ့ ဆံပင်ညှပ်ဆိုင်လေး ဒီလိုဖြစ်လာရသည်။ အခု ဒီဆိုင်လေးထဲမှာ ကောင်မလေး ခပ်ငယ်ငယ်ကို လုံချည်အနီဖြင့် မြင်ရသည်။ အမှတ်တမဲ့ သူ့မျက်နှာကို စေ့ငုကြည့်မိတော့ ငယ်ဂုဏ်လေးနှင့် တန်အောင် တော်တော်လှရှာပါပေသည်။ လှတာကို လှရှာသည်ဟု ယခု ကျွန်တော်ဆိုမိရတာက သူလေးဟာ မျက်စိကလောစရာ လုံချည်အနီအပြင် အဲဒါနဲ့တွဲစပ်လို့ အထက်မှာ ဝတ်ထားတာက အဝါရောင်ခပ်အိုအို ခါးတိုလက်ပြတ် အင်္ကျီနှင့်။ အနီရဲရဲအခံမှာ အဝါရောင် ခပ်အိုအိုနှင့်တွဲဖက်ထားသော အရောင်အစပ်အဟပ်ဟာ ကျွန်တော့်မျက်စိမှာ ဘယ်လိုမှ ပဏာမရ။ သို့သော် ယခု ကျွန်တော့်လိုရင်းကား ဒီမိန်းမပျိုလေးရဲ့ အဝတ်လုံချည်ကို ဝေဖန်နေဖို့ထက် နေ့ခင်းတာဝန်ချိန် အမီ ဆံပင်ညှပ်ပြီးဖို့ပင်။

သာမန်ဈေးနေ့တစ်နေ့၏ ညနေဘက်လုသော နေ့လယ်ခင်းအချိန်မို့ ဆယ့်ငါးပေ ပတ်လည်မျှသာ ရှိမည့် ဆိုင်လေးထဲမှာ လူသူ ပါးရှားသည်။
ကျွန်တော် ဝင်လာတော့ ကိုထူးခင်က ဆံပင်ညှပ်သူများ ထိုင်သည့် မှန်ရှေ့ခုံမှာ ထိုင်ရင်း သူ့ဖုန်းကိုပွတ်နေသည်။ သူ့တပည့် မောင်မောင်စိုးက အဆိုပါ ကောင်မလေး နှစ်ယောက်နှင့် စကားလက်ဆုံ ပျော်ဝင်နေသည်။ တစ်ယောက်မှာ ကျွန်တော်ဖော်ပြခဲ့သလို လုံချည်အနီဝတ်နှင့် လှလှလေးဖြစ်ပြီး နောက်တစ်ယောက်မှာ ရွက်ကြမ်းရည်ကြိုမျှ သာမန်မိန်းခလေး တစ်ယောက်သာ။

"ဆရာ ရောက်လာတာ အတော်ပဲ၊ နို့မို့ရင် ကျွန်တော် အခုပဲ ထွက်တော့မလို့၊ အုတ်စက်ဘက် မိန်းမကို သွားကြိုမလို့လေ"

"အင်း သိနေတယ်လေ၊ ဒါကြောင့်ပဲ အချိန်မီရောက်လာရတာပဲ"

ကျွန်တော်က ကိုထူးခင် ခရီးဦးကြိုပြုသည်ကို ခပ်ရွှတ်ရွှတ် တုံ့ပြန်ရင်း သူ့ဘေးက ဆံပင်ညှပ်ခုံမှာ ဝင်ထိုင်လိုက်ပါသည်။

ဒီဆိုင်မှာ ဆံပင်ညှပ်ခုံလေးခု၊ ဆံပင်ညှပ်သမားက ကိုထူးခင်နဲ့ အခု စကားပြောနေသော သူ့တပည့်မောင်မောင်စိုးအပါဝင် နောက်မိုးကျော်ဆိုသော ကောင်လေးပါဆို ပေါင်းသုံးယောက်။ ဒီနေ့ မိုးကျော်ကို ဆိုင်ထဲမှာမတွေ့ရ။ သို့သော် ကိစ္စမရှိပါ။ ကျွန်တော် ဆံပင်ညှပ်သည့်အခါ သူတို့ဆရာ ကိုထူးခင်နှင့်သာ ညှပ်သည်။
ကျွန်တော် ဝင်လာတော့ မောင်မောင်စိုးတို့ စကားဝိုင်းလေး စဉ်းငယ်မျှ ဆိတ်သွားသည်။ ကျွန်တော့်ရှေ့မှန်ထဲမှ သူ့တို့ကို မြင်နိုင်ပြီး ဆိုင်ခန်းကျဉ်းကျဉ်းလေးမို့ သူတို့ပြောသမျှ ကြားနိုင်နေ၍ ကောင်မလေးများက ကျွန်တော့်ကို ရှိန်နေကြတာ ဖြစ်မည်။ ထို့ပြင် တစ်မူ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရိုးရိုးသားသား စကားပြောနေကြတာ မဟုတ်မှန်းလည်း ယခုဆိုင်ထဲကို ရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ကျွန်တော်က ရိပ်စားမိပြီး ဖြစ်နေပါပြီ။

လုံချည်အနီနဲ့ အလှလေးဟာ မောင်မောင်စိုးနှင့် 'လျောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင်' ဖြစ်ရမည်။ နောက်တစ်ယောက်သည် သူတို့နှစ်ဦးကြားက အကျိုးတော်ဆောင် အောင်သွယ်ဖြစ်ရမည်။ အောင်သွယ်က ကျွန်တော့်ကျောနောက်တည့်တည့် မောင်မောင်စိုးထိုင်နေသော ခုံတန်းမှာကပ်ထိုင်ပြီး ကောင်မလေးနဲ့ မောင်မောင်စိုးကြား စကားတွေပြောပြောပေးသည်။

ကောင်မလေးက ကျွန်တော့်ညာဘက် အနောက်နားကျကျ ခုံမှ သူတို့နှင့် အနည်းငယ် ခွာထိုင်နေရင်းက စကား တစ်ခွန်းစ နှစ်ခွန်းစ ဝင်ဝင်ပြောသည်။ သူတို့ ပြောနေကြတာ ရုပ်ရှင်မြန်မာကား အကြောင်းဖြစ်သည်။ ရုပ်ရှင်အကြောင်း ဆိုသော်လည်း ဆယ်ကျော်သက်တွေ တစ်ယောက်နှင့်တစ်ယောက် ရှိုးတိုးရှန့်တန့် ရင်းနှီးဖို့ ကြိုးစားပြော ပြောကြသော ရုပ်ရှင်းအကြောင်းမို့ ဟိုရောက်ဒီရောက်။ သူတို့အထဲမှာ အသက်အကြီးဆုံးဖြစ်မည့် မောင်မောင်စိုးရဲ့အသက်ဟာ ဆယ့်ကိုးနှစ်လောက်ဖြစ်မည်။ အနီလေးရဲ့ အသက်ကိုတော့ မောင်မောင်စိုးထက် နည်းနည်းငယ်မည် ခန့်မှန်းရပြီး အောင်သွယ်ကတော့ သူတို့နှစ်ယောက်လုံးထက် အနည်းငယ် ကြီးနေနိုင်သည်။

ယခု သေသေချာချာ ကြည့်မိတော့မှပင် အနီလေးဟာ တော်တော်တော့ လှသောကောင်မလေးဖြစ်တာ သတိထားမိပြီး ဟိုအကောင် မောင်မောင်စိုးနှင့်ပင် မတန်ဟု ထင်လာသလိုလို။ ကြည့်ပါဦး ကိုယ်တို့လူ မောင်မောင်စိုးဟာ ရုပ်ရည်တော့ သနရုပ်ပ ရှိပါရဲ့။ အရပ်က ငါးပေကျော်လှ သုံးလက်မပေါ့။ အသားကလည်း အခု ကောင်မလေးလို ဖြူဖြူဖွေးဖွေးဝင်းဝင်းဝါဝါ ဖြစ်ဖို့ထားဦး နဂို အညာညိုညိုသော အသားမှာ ပွဲဈေးတန်းက တက်တူးမျိုးတွေ လျှောက်ထိုးထားလိုက်သေးသည်။ ဆံပင်ပုံစံကလည်း ဆံပင်ညှပ်ဆိုင်က ကောင်လေးတို့ ထုံးစံ လူမညှပ်သော 'ကေ' နှင့်။

ကောင်မလေး အရပ်ဟာ သေချာပေါက် မောင်မောင်စိုးထက် မြင့်ရမည်။ ဖြူဖြူနုနု ကိုယ်လုံးကိုယ်ဖန်မှာ ရှိရမည့် အဖိုအရှိုက်လေးတွေ ပေါ်လွင်စွာ ရှိနေတာမို့ ယခု သူဝတ်ထားသော ပုံပန်းမကျ အဆင်အတွဲအဖက် အဝတ်တွေကိုဖယ်၊ သူ့ငယ်ဂုဏ်လေးကို ဖော်ပေးမည့် အဆင်မျိုးနှင့်သာ ယဉ်လိုက်ရလျှင် ဒီကောင်မလေးမျိုးဟာ မြင်သူမငေးတော့ အဲဒီလူဟာ ရဟန္တာနှင့် နွားတစ်ခုခုဟု တပ်အပ်စွဲရုံပင်။

သူကလေးရဲ့ ဥပဓိလေးလည်း ကောင်းသည်။ တစ်ချက်တစ်ချက် စကားပြောလိုက်လျှင် အနည်းငယ် ကြီးကြီးကျဲကျဲ ရှိသော သူ့ရှေ့သွားနှစ်ချောင်းကို သတိထားမိသည်။ သို့သော် ကိစ္စမရှိ။ သူ့ရည်းစားဟာ ဒါလေးတွေကို မြင်တတ်ပြီး ပြင်လည်းပြင်ပေးနိုင်လျှင် ဒီကောင်မလေးဟာ အင်မတိအင်မတန် လှလှလေး ဖြစ်လာပေမည်။ အခုလို တောပုံတောလက် အလှလေးမျိုးထက် အများကြီး ပေါ်လွင်လာပေမည်။

အနည်းဆုံးတော့ ဒီလို လှတပတ ကောင်မလေးမျိုးကို ပိုင်ဆိုင်မည့်သူမှာ အရပ်ငါးပေခွန်လောက် ရှိသင့်သည်ဟု တွေးမိသည့် တစ်ခဏ ထိုတဒင်္ဂဝယ် ကျွန်တော်သည် ကိုယ့်အတွေးကိုယ် အနည်းငယ် ရိပ်စားမိလာဟန်နှင့် ခပ်ရှက်ရှက် ပြုံးချလိုက်မိပါလေတော့သည်။

တကယ်တော့ ကျွန်တော်ဟာ ကောင်မလေးအပေါ် စိတ်ကူးဖဲရိုက်ရင်း ကိုယ့်အိမ်ကိုယ် 'တစ်' တွေချည်း လှိမ့်ဝေနေမိတော့တာကိုး။

လူတို့၏ အတွင်းစိတ်ကို အရောင်များဖြင့် ဖော်ပြသော ပညာရပ်တစ်ခုအကြောင်း ကျွန်တော် ကြားဖူးပါသည်။ ယခုလည်း ဆံပင်ညှပ်ခုံပေါ်မှာ ထိုင်ရင်း မှန်ထဲမှ သူတို့လေးတွေပုံရိပ်ကို ဖမ်းကာ စိတ်ကူးဖဲရိုက်နေသော ကျွန်တော့်အတွင်းစိတ် အရောင်များ၏ အလင်းပြန်မှုကို ကောင်မလေးသည် ကောင်းစွာ သိရှိသတိထားမိပုံပါ။ သူ့မျက်နှာမှာ မကျေနပ်ရိပ်လေးတွေ သန်းလာပြီးနောက် တမင်များ ခပ်ရွဲ့ရွဲ့ပြုလေသလောမသိ၊ သူ့မူရင်း ထိုင်နေရာမှ ဆတ်ခနဲ့ ရွှေ့ကာ အောင်သွယ်နှင့် မောင်မောင်စိုးတို့ နှစ်ယောက်ကြား စွေ့ခနဲ့ ဝင်ထိုင်လိုက်ပါတော့သည်။

ထို့နောက်တော့ ကောင်မလေးက ဦးဆောင်ပြီး မောင်မောင်စိုးကို စကားတွေ တသောသော ပြောသည်။ သို့သော် ဘယ်မျှပင် ကျွန်တော့်ကိုရွဲ့လို့ စကားတို့ တသောသော ဆိုသည်ရှိဦး ဆယ်ကျော်သက် ဒီကောင်မလေးရဲ့ ရွဲ့လုံးလေးတွေဟာ သိသာစွာမရှိ၊ ချစ်စရာအတိ၊ တရိရိသာပင်။

သူသည် မောင်မောင်စိုးရဲ့ လက်ကိုကိုင်ယူကြည့်ပြီး တက်တူးတွေကို စိတ်ဝင်စားဟန်

"ဒါတွေ ထိုးတော့ နာလားဟင်" ဟု မေး၏။

"ဒီလိုပဲ အောင့်ခံရတာပေါ့"

ကျွန်တော်မှာ မောင်မောင်စိုးအဖြေကို ကြားပြီး ပြုံးရမလိုလို ဖြစ်မိသေးသည်။

နောက်တော့ မောင်မောင်စိုးက စာရေးသော ဘောပင်အနက်ယူပြီး

"လာ နင့်ကို ငါတက်တူးထိုးပေးမယ်" ဆိုပြီး ကောင်မလေးလက်မှာ အရုပ်ရေးပါတော့သည်။ ဒီတော့ခါကျလည်း ကောင်မလေးဟာ ကျွန်တော်သူ့ကို အမှတ်တမဲ့ကြည့်မိသော စိတ်ဝင်စားကြည့်ကို ခပ်ရွဲ့ရွဲ့လုပ်ရာမှ အရှိန်ပါလေသလားမသိ၊ ခေါင်းညိတ်ကာ ကြည်ကြည်ဖြူဖြူ လက်ထိုးပေးပါ လေတော့သည်။

ရှေးသရောအခါက စစ်ကိုင်း ကောင်းမှုတော် ဘုရားကြီးပေါ်တွင် ဆီမီးကပ်လှူသူတို့အတွက် ဆီမီးဆီရောင်းသော ဆီသည်တစ်ယောက်သည် မတော်တဆ ဘုရားရင်ပြင်ပေါ် ချော်လဲပြီး ဆီအိုးကြီးကျကွဲလေရာ ယူကျုံးမရတော့သော သူ့ဆီများကို တစိမ့်စိမ့် ကြည့်ရင်းက ဘုရားကိုလက်အုပ်ချီကာ "အရှင်ဘုရား ဒီကနေ့ ဘုရားတပည့်တော်ထံက ဆီတွေအကုန်လုံး အရှင်ဘုရားထံ ပေးလှူပါတယ် ဘုရား" ဟု ယတိပြတ် လှူလိုက်ဖူးသည် ဆိုရာ ယခု ကျွန်တော်မှာလည်း ကိုယ့်ကျေးဇူးကြောင့် ကောင်မလေးနှင့် မောင်မောင်စိုး အဆင်ပြေသွားကြခြင်းအပေါ် ထိုဆီသည်မ၏ စိတ်မျိုးဖြင့် မုဒိတာ ဖြစ်မိရပါသေးသည်။

သူတို့သည် တစ်ယောက်လက်ပေါ် တစ်ယောက် ပုံလေးတွေဆွဲကြရင်း ငယ်ရွယ်သူတို့ဘာဝ အတွေ့အထိကို မထိတရိ သာယာခံစားရင်း အသံလေးများပင် ထွက်အောင်ကြည်နူးနေကြသည်။ ကျွန်တော်က အမှတ်တမဲ့ မနေနိုင်မထိုင်နိုင် ကောင်မလေးကို မှန်ထဲမှ ခိုးခိုးငေးမိသောအခါ မောင်မောင်စိုးလေးမှာ သူ့အာရုံနှင့်သူ ဘယ်လိုပင် သတိမထားမိသော်လည်း မကြာမကြာ မျက်လွှာလှန်ကြည့်တတ်သော ကလေးမနှင့် မျက်လုံးချင်းဆုံတိုင်း မျက်စောင်းလေးခဲတာကို ခံရပါသေးသည်။ ဪ… သူလေးတို့အရွယ်ဟာ ကိုယ့်အရွယ်ယောက်ျားကို စိတ်ဝင်စားဖို့ ဘယ်စဉ်းစားဦးမလဲလေ။ ရွယ်တူတွေချင်းသာ ပလဲနဲ့ နံပ ဖြစ်ကြပေမပေါ့။ ဤသည်မှာလည်း စောစောက ဆီသည်မ၏ စိတ်မျိုးဖြင့် တွေးသော အတွေးဖြစ်ကြောင်း ကျွန်တော်က ရှက်ရှက်နှင့် ဝန်ခံဖို့ အသင့်ရှိပါသည်။

"ကိုကြီးထူး"

ခေါ်သံနှင့်အတူ အပေါက်ဝမှန် လျောတံခါးပွင့်လာပြီး ဂျင်းဘောင်းဘီနှင့် တီရှပ်ကို ပုံပန်းကျကျ ဝတ်ထားသော အသက်အစိတ်ခန့် ကောင်လေးတစ်ယောက် ဝင်လာသည်။

"ဘယ်နှဂေါင်း ကျန်သေးတုန်းဗျ"

အို… ဘယ်နှယ့်ကောင်ပါလိမ့်။ ငါဆံပင်ညှပ်နေတာ မြင်သားနဲ့ ဘယ်နှခေါင်းကျန်သေးတုန်းဆိုတော့ကာ ဒီကောင်လေးစကားဟာ တကယ့် မထော်မနမ်းပါ။

ဒီလိုအတွေးဝင်လာခြင်းနဲ့ အတူ သူ့ကို မကျေနပ်ကြည့်ကြည့်မိတော့ ဒီကလေးဟာ ဖော်ဖော်ရွေရွေပါ။ ကျွန်တော့်ကို ရင်းရင်းနှီးနှီး ပြုံးပြ နှုတ်ဆက်သည်။
ပြီးတော့အခါကျ ကျွန်တော်ဆံပင် ညှပ်လက်စခုံရဲ့ ညာဘက်ဘေးခုံမှာ ဝင်ထိုင်ပြီး ဘီးတစ်ချောင်းယူကာ သူ့ဆံပင်သူ 'သ' နေတော့သည်။ သူ 'သ' မည်ဆိုလည်း 'သ' လောက်စရာ သူရုပ်ရည်၊ သူ့ဟန်ပန် အမူအရာတွေက ရုပ်ရှင်မင်းသား များလို ဓာတ်ပုံစားမည့် ရုပ်ရည်မျိုးပင်။

နောက်တော့ ကောင်လေးသည် ကျွန်တော့်ကိုရော ကိုထူးခင်နှင့်ပါ စကားတွေ စစ စစ ပြောရင်း တစ်ဖက်ခုံမှာ ထိုင်နေတော့သည်။ ထိုကောင်လေး ဆိုင်ထဲဝင်လာသည်မှစ ယခုထိုင်နေကာ စကားပြောနေကြမိသော အချိန်အထိသည် ယခုစာကို ဖတ်နေရသလောက် မကြာပါ။

ကျွန်တော် အာရုံပြောင်းပြီး အနီမလေးကို ပြန်ကြည့်မိသောအခါ ကောင်မလေးဟာ အရင်လို ကြည်နူးသော ရှက်ဝဲဝဲ အမူအရာမျိုး မရှိတော့။ အခုကျ ဒီကလေးမဟာ သူ့လက်က မောင်မောင်စိုး ဆွဲပေးထားသော မှင်တက်တူးပုံမျာကို အဟုတ်ရှက်သလိုလို မသိမသာ ဖျက်ပစ်နေသည်။ ထို့နောက် ရေဆာသလိုလို ရေထသောက်ပြီးနောက် မောင်မောင်စိုးဘေးမှာ မထိုင်တော့ဘဲ အောင်သွယ်မလေး ဘေးမှာ ဝင်ထိုင်သည်။ အနေအထားက သူတို့နှစ်ယောက်ကြားမှာ အောင်သွယ်မလေးပြန်ရောက်သွားခြင်းပင်။
စောစောက သာယာကြည်နူး သံလေးတွေ တဖြည်းဖြည်းချင်း ဆိတ်လာသည်။ မောင်မောင်စိုး စတာကို အရင်လို ကောင်မလေးက လိုလိုလားလား မတုံ့ပြန်တော့ပါ။ ဒါကို ကြည်နူးမှု ရေချိန်လွန်နေသော မောင်မောင်စိုးက မရိပ်စားမိသော်လည်း ဒီအနီမလေးကို မကြာမကြာ အကြည့်ရောက်မိသော ကျွန်တော်က ကောင်းကောင်း သတိထားမိလာချိန်၊ ကောင်မလေးရဲ့ အရင်လို မျက်လုံးလှန်ကြည့်သော အကြည့်တွေဟာ ကျွန်တော့်ညာဘက် ခပ်ယွန်းယွန်းကိုတောင် လွှဲသွားပေါ့။ ကိုယ့်ဘေးက ကောင်လေးကတော့ ဒါကိုပင် တမင်သက်သက် သတိမထားမိသလိုလိုပါ။ ပြောလက်စ စကားတွေကိုတောင် ပိုအားပါးတရ ပြောလို့။ သို့သော် "သူခိုးချင်း ခြေသံကြားသည်" ဟု ဆိုကြသော လောကဝယ် ဤဆံပင်ညှပ်ဆိုင်အတွင်း (ကိုထူးခင်ကို ဖယ်၍) သုံးဦးသော ဖိုသတ္တဝါသူခိုးတို့ဝယ် ခိုးသက်အရင့်ဆုံး ဤသူခိုးကြီးက သူတို့ ခြေသံကို ကောင်းကောင်း နားကျက်မိပါသည်။

"မသွယ် ပြန်ကြစို့နော်၊ မမကြီးမျှော်နေရော့မယ်"

ကောင်မလေးက အောင်သွယ်ကို ပြန်ကြဖို့ပြောသည်။

"ပြန်တော့မှာလားအေ၊ ညည်းပဲ လာချင်တော့လည်း မရမက"

အောင်သွယ်က အလိုက်ကန်းဆိုးမသိ ထင်ရာမြင်ရာကို စွတ်ပို့သည်။

ဒီမှာ ပိုရှက်သွားသော အနီမလေးက

"ဆိုင်မှာ အပ်ထည်တွေလာရွေးဖို့ရှိတယ်လေ မသွယ်ကလဲ"

ဟု ပြောရင်း တစ်ဆက်တည်း

"ကိုကြီးထူးကို မမကြီးက ဆိုင်ဘက် အလည်မလာလို့တဲ့ ပြောနေတာ" ဟု ကိုထူးခင်ကိုပါ နှုတ်ဆက်ပြောပြော သွားလိုက်ပါသေးသည်။

အနီမလေး ပြောသွားသော စကားရဲ့ ပကတိအနက် ကျော်၍ လိုရင်းအနက်အထိ တွေးယူလိုက်သောအခါ သူသည် ဒီဈေးထဲက စက်ချုပ်ဆိုင်တစ်ခုမှာ အလုပ်လုပ်သည်။ ထိုစက်ချုပ်ဆိုင်ကို ကိုထူးခင်က ကောင်းကောင်းရင်းနှီးသည် ဟူ၍ ဖြစ်ပါသည်။ ဤကား ကျွန်တော်ကြားလိုက်သော "ခြေသံ" ဖြစ်သတည်း။
ကောင်မလေးသည် ထိုခြေသံကို မောင်မောင်စိုးအတွက် ပေးတာတော့ မဖြစ်နိုင်။ မောင်မောင်စိုးနဲ့ ကောင်မလေးဟာ အတွင်းသိ အစင်းသိ သိပြီးဖြစ်ရပေမည်။ အနို့ဆိုလျှင် ဒီကောင်မလေးပေးလိုက်သော ခြေသံကို သူကြားစေလိုသူ ကောင်ကလေးက ကြားပါရဲ့လား။ ကျွန်တော်ကတော့ ကြားလိုက်မိ သလိုလို သေချာပါသည်။
သူလေး ဆိုင်ထဲကထွက်သွားတော့ မှန်လျှောတံခါးကို ပြန်တွန်းအပိတ်မှာ ခါးတိုအင်္ကျီနှင့် လုံချည်အနီအစပ်က ခါးသားလေး ဝင်းခနဲ့လက်သွားလိုက်ခြင်းမှာ ဒီကောင်မလေး အင်္ကျီလုံချည်ကို ဒီထက် အရောင်အတွဲအစပ်မိမိ ဝတ်တတ်လျှင် ပိုလှမည်ဟု တွေးမိပြီး သူလေးကို စိတ်ကူးနှင့် အဝတ်အစားတွေ ဆင်နေမိပြန်သည်။ စိတ်တို့၏ သဘောကား လက်ဖျစ်တတွတ်အတွင်း ကုဋေတစ်သိန်းတောင် ဖြစ်တတ်ပျက်တတ်ရဲ့ ဆိုသမို့လား။

တစ်ဆက်တည်းပင် ကိုယ်ဝတ်ထားသော အင်္ကျီကို ပြန်ကြည့်မိရင်းက ကိုယ့်မှာ နေ့စဉ်နှင့်အမျှ အသင့်ချုပ်ပြီး အထည်တွေ ဝယ်ဝတ်ရတာ စိတ်ကုန်လာသလိုလိုပါ။

အောင်မျိုးသူလွင်
၁၉၊၁၁၊၂၀၁၇
တနင်္ဂနွေ
ည ၀၇း၂၂

Thursday, August 17, 2017

စိမ်းခဲ့လေသော

"သူနဲ့ခွဲရပြီးတဲ့နောက် ကွန်တော်သူ့ကို နေ့တိုင်း လွမ်းနေပါသည်" ဟု ကျွန်တော်မဆိုပါ။ ဖြစ်နိုင်လျင်တော့ အချစ်ကို သိတတ်စ အရွယ်မှာ အချစ်ဦးကျွန်တော့်ကို သူပေးခဲ့သော စာတွေလည်း သိမ်းမထားချင်တော့ပါ။ ကျွန်တော်ပါသော ဓာတ်ပုံတွေ သူဘာလုပ်ပစ်သလဲ မသိပေမယ့် ကျွန်တော့်ဆီမှာရှိတဲ့ သူ့ပုံတွေကတော့ အခုချိန်မှာ ဗြဟ္မာကြီးဦးခေါင်း ကိုင်ထားရသလို ပစ်လည်း မပစ်ရက် ကြည့်မိတိုင်းလည်း ဒုက္ခများပါသည်။ ကျွန်တော် တစ်ခုကံကောင်းသည်မှာ အချစ်ကို လက်သပ်မွေးပြီး ကိုယ့်ကိုယ်ကို ဒုက္ခပေး နိုင်လောက်အောင်ထိ မွေးရာပါ ဘဝပေးကံ မကောင်းခြင်းပင်။ သို့သော် တစ်ပါးသူ ရင်ခွင်ထဲ ပျော်နေပြီဖြစ်သော သူ့ကိုမှ တစ်ခါတစ်ခါ လွမ်းတတ်မိခြင်း အတွက် ငရဲကြီး လေမလားဟု ကိုယ့်ဟာကိုယ်လည်း တွေးပူမိသည်။ ကာလံဒေသံ ယန္တယား အောက်မှာ သူလည်းအရင်လို မဟုတ်တော့တာ သိ၍ သူ့အကြောင်းတွေလည်း ကြားပြီး ဖြစ်ပါလျက် တစ်နေ့က သူ့ကိုတွေ့တော့ တုန်လှုပ်မိသော ကိုယ့်ကိုယ်ကို သာ အပြစ်တင်မိပါသည်။ "လွမ်းစရာရှိရင် နာစရာနဲ့ဖြေ" ဆိုပေမယ့် နာစရာတွေကိုတောင် ထုံပေပေ ကျွန်တော်က ခပ်လွမ်းလွမ်း။ သို့သော် သို့သော် ထုတဲ့ဘက်ကချည်း နေရတဲ့ တူလိုဟာမျိုးတောင် အနားဖွာသွားတတ်သေးလျှင် သက်ရောက်မှု တန်ပြန်သက်ရောက်မှု နိယာမအရ ကျွန်တော့်ကိုမြင်စဉ် တစ်ပါးသူရင်ခွင်မှာ သူအနေခက်ရှာလေမလား ရှင်ဘုရင် အတွက် ငဝက် ကျွန်တော်က ပူမိပါသည် ခင်ဗျာ။

အဲဒါ ခရစ် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့က ကျွန်တော်သူ့ကို သူ့ကောင်လေးအသစ်နဲ့အတူ သူတို့အဆောင်လမ်းကြားထဲမှာ မလွှဲသာမရှောင်သာ တွေ့မြင်နှုတ်ဆက်ခဲ့ရပြီးအပြန်၊ မခံမရပ်နိုင် နာလာတဲ့ ရင်ကြောင့် ချရေးမိတဲ့စာပေါ့။

အခုတော့ သူဘယ်မှာ ဘာလုပ်နေလဲ မစုံစမ်းမိအောင် ကျွန်တော်နေပါသည်။ တမင် ကြိုးစားနေရသည်တော့ မရှိတော့ပါ။

ကျွန်တော်ဟာ တောင်တစ်ခု တက်လာသည် ဆိုကြပါစို့။ အခု လက်ရှိရောက်နေရာက လှမ်းမျှော်ကြည့်သောအခါ တောင်အောက်ကို ရိုးတိုးရိတ်တိတ်မြင်ရပါသည်။
ကြားဖူးတဲ့ ပုံပြင်လေးတစ်ခုက လူနှစ်ယောက် တောင်တက်လာကြသတဲ့လေ။

*****

ဆရာကြီး ရွှေဥဒေါင်းက သူ၏ 'တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ' စာအုပ်တွင် ဘဝမှာ ထိုအချစ်မျိုးဖြင့် တစ်ကြိမ်သာချစ်ခဲ့ဖူးသူ သူ့စံဒေဝီအကြောင်း ရေးသားဖော်ပြရာ၌- စံဒေဝီ၏ ကိုယ်အင်္ဂါအလုံးစုံတွင် ကျွန်ုပ်သတိအရဆုံး၊ စိတ်ကူးမိဆုံးအပိုင်းမှာ ၄င်း၏ မျက်နှာပင်ဖြစ်ရာ တစ်ဖန်ထပ်၍ စိတ်လိုက်သော် မျက်လုံးပင် ဖြစ်ပါသည်။ 'ကာတစ်' တွေ၊ ခါးသေး ရင်ချီခြင်းတွေကို လုံးဝ သတိမရခြင်း မှန်ပါသည်။ ပြစ်ချက်တွေ ဗရဗွရှိခဲ့သော ကျွန်ုပ်ကိုယ် ကျွန်ုပ် ပြန်၍ စစ်ဆေးလိုက်သည့် အခါများတွင် စံဒေဝီအပေါ်၌ ထားရှိသည့် မေတ္တာ၏ ဖြူစင်ခြင်းသည် အကျေနပ်ဆုံး ဖြစ်ပါတော့သည် ဟု သူ၏ အချစ်ကို စာဖတ်သူနားလည်အောင် ပုံဖော်ပြထားလေသည်။

ဖတ်ဖူးသူ အများရှိမည်ဖြစ်ရာ အခြားသူတို့ စိတ်ထဲမည်သို့ရှိမည် မဆိုနိုင်သော်လည် ကျွန်တော့်အတွက် အင်မတန် ထိရှခြင်း ရှိလှသည့် စာအစိတ်အပိုင်းပါပေ။ ကျွန်တော်သည် ဆရာကြီးရွှေဥဒေါင်းက စံဒေဝီကို ချစ်သလိုအချစ်မျိုးနှင့် ဆရာကြီးရွှေဥဒေါင်းလိုပင် တစ်သက်မှာ တစ်ခါ ချစ်ခဲ့ဖူးပါသည်။ တစ်သက်မှာ တစ်ခါဆိုရာတွင် သူ့အပေါ်ထားသော ထိုစိတ်မျိုးကို ကျွန်တော်သည် သူ့ရှေ့မှာ တစ်ဦးတစ်ယောက်အပေါ်မှာမှ မထားခဲ့ဖူးသလို၊ သူ့နောက်မှာလည်း တစ်ဦးတစ်လေ အတွက်သော်မှ ထား၍ မတတ်နိုင်တော့ခြင်းပင်။

နောင်သော် ကျွန်တော်တို့ အချစ်တွေ သွေးအေးသွားစ၊ သူမန္တလေးမြေကို ကျွန်တော့်အတွက် မဟုတ်ဘဲ ပြန်လည် ခြေချစ၊ သူ့အဆောင်ရှေ့မှာ ညနေညနေဆို ကောင်လေးတွေ တန်းစီစောင့်နေကြတုန်းကာလ၊ အဲဒီ အချိန် သူ့အလှကို လူတကာလည်း ပြောကြသလို၊ သူ့မှာ ယောက်ျားလေးတွေ မက်လောက်သော ကိုယ်လုံးမျိုးရှိတာ ကျွန်တော်လည်း သတိထားမိလာပါသည်။ သို့သော် ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ငုံးဆူလူမသိ ချစ်နေကြတုန်းကရယ်၊ အမှတ်တမဲ့မှ အမှတ်တရ ချစ်သူဖြစ်ကြရတုန်း ကာလတွေတုန်းကမူ သူ့မျက်နှာနှင့် သူ့စကားလေးများကိုကျော်၍ သူ့ကိုယ်မှာ ကျွန်တော် အခြားအရာကို မက်၍ဖြစ်သည် မမြင်နိုင်ကြောင်း သစ္စာပြုဝံ့ပါသည်။ ဆရာကြီးရွှေဥဒေါင်းနှင့် ကွာသည်မှာ ဆရာကြီးက စံဒေဝီ၏ မျက်လုံးလေးများကိုသာ ကြည့်နေရမည်ဆိုလျင် သူ့တစ်သက် အိမ်ထောင်မပြုဘဲ နေနိုင်သော သတ္တိရသည်ဟုဆိုရာ ကျွန်တော်မှာ သူနဲ့သာ စကားပြောနေရလျင် ဝမ်းသာပီတိ ဂွမ်းဆီထိပြီး ပျော်လို့ အခြားအရာရာကို သတိမကပ်နိုင် နှလုံးဘဝဂ်ထိ လှိုက်တတ်ခြင်းပင်။

မှတ်မှတ်ရရ နှစ်ဆန်းတစ်ရက်နေ့ကြီး ကျွန်တော် သွေးလှူသည်။ မုန့်ထုပ်တွေပိုက်ပြီး သူရောက်လာသည်။

"တို့ မောင်နှမနှစ်ယောက် မာမီ့(ဓာတ်ခွဲက ကျွန်တော့်မွေးစားအမေ)ကို သွားကန်တော့ ရအောင်" တဲ့။(သူက အမြဲပဲ "တို့မောင်နှမ နှစ်ယောက်" လို့ ကျွန်တော်တို့နှစ်ယောက်အတွက် သီးသန့်နာမ်စားလေး သုံးတတ်တာ အခု ဒီစာရေးတော့ မှတ်မိလာသည်။)

သွေးလှူကုတင်ပေါ်က ကျွန်တော့်ကို သူ စောင့်ခေါ်သည်။ မာမီ့ကို သွားကန်တော့ပြီးချိန်ကျ သူဟာ ကျွန်တော့်ကို အကျအန ထိုင်ခိုင်းပြီး မပြောမဆို

'ကိုမျိုးကိုရော ကန်တော့မယ်' ဆိုပြီး ထိုင်ကန်တော့ ပါလေရော။

ကျွန်တော်ဟာ ဖွင့်မပြောရက်လို့သာ ရှိစေ၊ ဒီကောင်မလေးကို ကြိတ်ချစ်နေမိပြီဆိုတာ ကိုယ့်ကိုယ်ကို သိတဲ့စိတ်ကြောင့် သူက ကိုယ့်ကို အစ်ကိုကြီးရယ်လို့ လေးစားလို့ ကန်တော့တဲ့ ကန်တော့ခြင်းမယ် ရှက်တာလိုလို မွှန်ထူလို့။ အဲဒါ ရဲ့နောက် သူနဲ့ ကျွန်တော် ခပ်ကြာကြာဝေးတော့တာပဲ။ သူက မိန်းခလေး၊ ဘယ်လောက်ပင် ချစ်ဦးတော့ ကျွန်တော့်ကို ဘယ်စပြောမှာလဲ။ ကျွန်တော့် အမြင်မှာကျ သူနဲ့ ကျွန်တော်မှာ ကျွန်တော်က လူကြီး၊ သူ့ကို ကျွန်တော် အမြင် အကြားမတော်လို့ ဆူငေါက်ဖူးတယ်။ ချစ်စနိုးနဲ့ ကျီစယ် စနောက်ဖူးတယ်။ သို့သော် ချစ်စိတ်ကဲလာမိတဲ့ ကိုယ့်နှလုံးသားအကြောင်းကိုတော့ ဒီအဖြစ်အပျက်ရဲ့နောက်မှာ ဘယ်လိုစိတ်နဲ့ ကျွန်တော်က ပြောထွက် ပါတော့မလဲ။

ဒီနေရာမယ် ချစ်စိတ်ကဲတယ်ဆိုတဲ့ စကားရဲ့အနက်ဟာ ဘဝမှာ အခုချိန်ထိ သူတစ်ယောက်အပေါ် အဲဒီတစ်ကြိမ်သာ ဖြစ်ခဲ့ဖူးတဲ့၊ မိန်းမတစ်ယောက်ကို သူ့ရဲ့ တင် ရင် အချိုးအဆက် စတဲ့ လိင်စိတ်မျိုးမထင်တဲ့ မေတ္တာနဲ့ ချစ်မိခြင်းကို ဆိုတာပါ။ ကံရှိလို့ကြုံရတာလား၊ ဝဋ်ရှိလို့ခံရတာလား မငြင်းလိုပေမယ့်၊ ကျွန်တော့်လို၊ ဆရာကြီးရွှေဥဒေါင်းလို ကြုံဖူးသူ လူနည်းနည်းပဲ ရှိမယ်ထင်ပါရဲ့။ ဆရာကြီးရွှေဥဒေါင်းရဲ့ လေနဲ့ဆိုရသော်

"(သူနဲ့စံဒေဝီ့ အကြား) အချစ်နှင့်ပတ်သက်၍ ဘာတစ်ခုမျှ မည်မည်ရရ မရှိသေးခြင်းကား မှန်၏။ သို့ရာတွင် မျက်နှာကိုကြည့်နေရလျှင် ဘာလိုသေးသည်ဟု မတောင့်တဘဲ ကျေနပ်ခြင်း၏ အထွတ်အထိပ်သို့ ရောက်သည်ဟု ယူဆလောက်အောင် တင်းတိမ်ရောင့်ရဲခြင်း ရှိခဲ့သော ကျွန်ုပ်အဖို့မှာ ဤမျှလောက်သော ချမ်းသာမှုသည်ပင် ဧရာမ သုခကြီးတစ်ခု ဖြစ်နေခဲ့လေပြီ" ဆိုပါသတည်း။ ကဲ… ဒီလို အချစ်မျိုး ကြုံဖူးသူမှာ ကံဆိုးကံကောင်း အငြင်းပွားရန်ရှိသော်မှ ထူးခြားလို့ကြုံရသည်ကိုတော့ စာရှုသူက လျောလျောလျှူလျှူ လက်ခံနိုင်မည် ထင်ပါသည်။

"အစ်ကို နှင်းမနက်ဖြန် တီတီစီ(ပညာရေးကောလိပ်) က မသဉ္ဇာဆီလာမလို့"

ပီစီအိုဖုန်းခွက်လေးထဲက ဒီအသံလေးကြားအပြီး နောက်တစ်နေ့မှာ စစ်ကိုင်းကိုးပေပေါက် အထက်နားနေရာက မုံရွာကားတွေ ရပ်ရာမှာ ကျွန်တော်သူ့ကို မျှော်ရတယ်။ သူက မုံရွာဘက်က လိုင်းကားစီးပြီး လာမှာလေ။ လာချိန်တန်လို့မှ သူရောက်မလာတော့ "သူပဲစောရောက်လို့ တီတီစီကိုသွားနှင့်လေသလား"လို့ ကျွန်တော်ဟာ တီတီစီဘက်လှည့်လို့ သူ့ကိုရှာတယ်။ နောက်တော့ သူ့ကိုမတွေ့ချိန် မူလနေရာမှာ သူ့ကိုပြန်စောင့်ရင်းက ကြာတော့ 'ငါ တီတီစီဘက်သွားတုန်းများ ဒီနားမှာ လူတွေများလို့ သူအောက်ဘက်က ဆင်းစောင့်နေမလား' ရယ်လို့ ကိုးပေပေါက် အောက်နားမှာ သူ့ကိုရှာ။ နောက်တော့ ကိုးပေပေါက်မှာ အထက်နဲ့အောက် လူးလာပြုရင်း သူ့ကိုစောင့်တယ်။ တီတီစီနဲ့ ကိုးပေပေါက် ခေါက်တုံ့လျှောက်ရင်း သူ့ကိုရှာရတယ်။ မုံရွာကားတွေဟာ တစ်စီးနဲ့တစ်စီးကြား သိပ်ကြာလိုက်တာ။ အချိန်လင့်လို့ သူမလာတော့ဘူးလား၊ ပြန်ရနိုးနိုးတွေးမိချိန် မမျှော်လင့်တဲ့ ဒိုင်နာတစ်စီးပေါ်က သူဆင်းလာတာတွေ့ရတော့ ကျွန်တော်ဟာ ဘဝမှာ ဇာတ်ဆန်တာကို အရင်တုန်းကရော အခုချိန်ထိပါ နှစ်သက်သူ မဟုတ်ပါဘဲလျက် အဲဒီတုန်းအခါ သူ့ကိုဘွားခနဲ့တွေ့ရချိန် ပြေးဖက်ချင်စိတ်ကို မနည်းကြီး မျိုသိပ်ထားရပါတယ်။ မြန်မာ့ဓလေ့မှာ ဒါမျိုးမရှိတာရယ်၊ နောက်… အဲဒီအချိန် သူနဲ့ ကျွန်တော်က အစ်ကိုနဲ့ ညီမလေး အဆင့်ကို မကျော်ဝံ့သေးတဲ့ သူတွေလေ။

"အနှင်းရယ် အကို မနက်ကတည်းက စောင့်နေတာကော"

"နှင်းစီးလာတဲ့ကားက အုန်းတောနားမှာ ပျက်နေလို့ အကို၊ နှင်းလည်း သူတို့ကားပြင်နေတာကို စောင့်ရင်း အကိုမျှော်နေမှာတွေးပူတာနဲ့ အခု ဒီ ကြုံရာကားနဲ့ လိုက်လာခဲ့တာပဲ"

ဟုတ်တာပေါ့။ အနှင်း အခုစီးလာတဲ့ကားဟာ ဘယ်ကရယ်မသိတဲ့ ဈေးကား ဒိုင်နာကြီး။ အမိုးပေါ်မှာ ရုံပို့ဖို့ ဆိတ်တွေထင်ပါရဲ့ လေးဘက်ကြိုးတုပ်လို့ တောင်းထဲထည့်တင်လာတာ တပဲပဲ။ အဲဒီအချိန် မိုးကလည်း တဖွဲဖွဲဆိုတော့ ဆိတ်ချေးတွေဟာ ပျော်လို့ တောင်းထဲကစီးကျဆိုပါရဲ့၊ ဒိုင်နာကားခပ်စုတ်စုတ်ဆိုတော့ ဘေးတန်းလူထိုင်ခုံဘက် တပေါက်ပေါက် စိမ့်လို့။ ချစ်သူအနှင်း အင်္ကျီကျောမှာ ဆိတ်ချေးနံ့လေးသင်းလို့။ ဒါကို သူ့ကိုယ်သူ စိတ်မလုံစွာ အနှင်းက ရယ်ရှက်ရှက်ပြောတော့ တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်လို့ နှစ်ယောက်သား ရယ်ရသေးတယ်။

"အကိုက နှင်းမလာတော့ဘူးလားလို့ ပြန်တော့မလို့"

"လာမယ်ပြောထားတာ သေချာလာမှာပေါ့ အကိုရဲ့"

"တကယ်လို့ အကိုပြန်သွားရင် နှင်းဘယ်လိုလုပ်မလဲ"

အဲဒီအချိန် တစ်မျိုးတစ်မည်ဖြစ်သွားတဲ့ မျက်နှာလေးနဲ့ တွေးတွေးဆဆသူပြောတာ

"နှင်းလည်း ပြန်မှာပေါ့ အကို" တဲ့။

ကျွန်တော်ဟာလေ အဲဒီအချိန် သူ့ရှေ့မှာလည်း ရည်းစားတွေထားခဲ့ဖူးပါရဲ့။ မမှတ်မိလို့သာ ရှိစေ၊ အဲဒီအချိန် အနှင်းကို သွားတွေ့တုန်းကတောင် ရည်းစားလက်ဝယ် ရှိမယ်ထင်ပါတယ်။ သို့သော် စစ်ကိုင်းတီတီစီကို မသဉ္ဇာနဲ့တွေ့မယ်ဆိုပြီး လာတဲ့အနှင်းဟာ စစ်ကိုင်းရောက်လို့ ကျွန်တော့်ကိုသာ မတွေ့ရရင် ပြန်မှာပေါ့အကို ဆိုတဲ့စကားကိုမှ တိတိပပ သဘောမပေါက်မိလောက်အောင် တုံးအခဲ့ဖူးပါရဲ့။ ကျွန်တော်ဟာ အနှင်းက ကျွန်တော့်အပေါ် အလေးထားပြုမူသမျှ အားလုံးအပေါ် ချစ်ခင်လေးစားစိတ်ကြောင့်လို့ချည်း ထင်ခဲ့တာကိုး။

ဒီလိုပဲ အနှင်းဟာ မန္တလေးဘက်ကို မကြာမကြာလာတယ်။ ကျွန်တော်အချိန်ရရင် သူတို့ရွာဘက် ခဏခဏသွားတယ်။ သူနဲ့ ကျွန်တော့်ရဲ့ အဲဒီကာလကြီးဟာ တစ်ယောက်ကိုတစ်ယောက် "ငုံးဆူလူမသိ" ပေါ့။

"နှင်းလေ မနေ့ညကတည်းက တွေးထားတယ်။ မနက်ဖြန်အကိုနဲ့တွေ့ရင် အကို့ကို အခုလို နောက်ကနေ တအားဖက်ထားမှာပဲလို့"

"နှင်းတစ်ခါ မန္တလေးကိုလာတော့ အစ်ကို့အဆောင်ကို လာသေးတယ်။ မနက်အစောကြီး အကိုက အကို့ကောင်မလေးကို ချော့နေတာတွေ့လို့ နှင်း အကိုတို့မမြင်အောင် ကွယ်ရာကပဲကြည့်ပြီး လှည့်ပြန်သွားခဲ့တာ"

အနှင်းနဲ့ ကျွန်တော် အမှတ်တမဲ့ ရည်းစားဖြစ်ပြီးတော့ သိပ်ချစ်ကြတဲ့ကာလ အနှင်းက ကျွန်တော့်ကို ပြောတဲ့စကားတွေပေါ့။ ဒီစကားတွေ အခုနေ ပြန်ကြားယောင်ကာ အခုရေးပြရင်းတောင် ကျွန်တော်ဟာ စိတ်မကောင်းဖြစ်တုန်းပဲ။

ကျွန်တော်ဟာ အနှင်းကို ချစ်တယ်လည်း ဆိုပြီး အနှင်းအရင် ရည်းစားတွေထားဖြစ်ခဲ့ခြင်းမှာ ကိုယ့်ချစ်လိပ်ပြာကို တစ်ခါဖူးမှ သံသယမထားခဲ့ဖူးပါဘူး။ အနှင်းအပေါ် ကျွန်တော့်ရဲ့ ချစ်ခင်စုံမက်တဲ့ စိတ်မယ်၊ ခန္ဓာရဲ့တောင်းဆိုမှုတွေ အလျဉ်းကင်းသလို၊ ကျွန်တော်ဟာ အနှင်းအပေါ် အဲဒီလိုစိတ်မျိုး ဘယ်တုန်းကမှ ထားကြည့်ရမယ်တောင် တွေးဖို့ သတိမရခဲ့ဖူး။ နောက် ကျွန်တော်ကသာ အကြီးတန်မဲ့ အနှင်းအပေါ် အချစ်စိတ်တွေ ယိုဖိတ်နေတာဖြစ်ပြီး အနှင်းကတော့ ကျွန်တော့်အပေါ် လေးစားစိတ်သာ ပိုတယ်လို့ ထင်နေခဲ့သေးတာလည်း ရှိတာကိုး။ ဒီတော့ကာ ကိုယ့်ကို နှစ်ဆန်းတစ်ရက်နေ့မှာ ကန်တော့ဖို့တောင် လုပ်ဖူးတဲ့ ကိုယ့်နှလုံးသားထဲက ပုံရိပ်မလေးကို ဘယ်လိုစိတ်နဲ့ ရည်းစားစကား ပြောရက်မှာလဲခင်ဗျာ။ အခုထိ အနှင်းကို ကျွန်တော် သမားရိုးကျ ရည်းစားစကားမျိုး တစ်ခါမှ ပြောခဲ့ဖူးတယ် မမှတ်မိ။ ချစ်တယ်လို့တော့ သူနဲ့တွေ့ချိန် စိတ်ထဲပေါ်လို့ ဧရာဝတီရေလျဉ်ကြောက ဝဲဂရက် ရေပွက်လေးတွေလို စိတ်စီးဆင်းမှု အလျဉ်ကိုလိုက်လို့ စိတ်ထဲပေါ်ချိန် ပေါ်သလို ပြောခဲ့ဖူးပါသည်။
နောင်သူနဲ့ သမီးရည်းစားဘဝ အတိအလင်းရောက်တော့မှ သူပြန်ဖွင့်ဟ ဝန်ခံလို့ သိရတာ-

"အကို့ကိုချစ်လို့ အကိုရှိတဲ့ မန္တလေးကို ခဏခဏလာနေတာပေါ့ အကိုရယ်" တဲ့။

ကျွန်တော့်မှာ ကျန်ခဲ့တဲ့အချိန်တွေကို မချင့်မရဲ ဖြစ်လိုက်လေခြင်း။ သို့သော် ဒါကိုမသိတော့ ကျွန်တော်တို့ရဲ့ ငုံးဆူလူမသိ အချစ်ဇာတ်ရေယဉ်ကြောလေးဟာ ကြားထဲမှာ နှစ်နှစ်ကျော်ကြာရဲ့။ ဒီလိုပဲ အစ်ကိုနဲ့ ညီမလေးပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ သူနဲ့မို့ ပီစီအိုဖုန်းလေးထဲက အသံကြားရရင်တောင် ရင်ထဲ တထိတ်ထိတ်နဲ့ နေရတာ စိမ့်လို့။

အမှတ်တမဲ့ပြန်တွေ့တဲ့ ညနေမှာ ဧရာဝတီမြစ်လေတွေ ကျွန်တော်တို့ကြားထဲ ဖြတ်တိုးတာမှတ်မိသည်။ ဧရာဝတီတံတားသစ် စစ်ကိုင်းဘက်ကမ်းကျောက်စာတိုင်ဘေး အခြားအတွဲလေးတွေနဲ့ အတူ ရပ်နေတုန်းပေါ့။

"အစ်ကို့ ရည်းစားနဲ့ ပြတ်သွားပြီလား" တဲ့။

"ပြတ်သွားပြီ" လို့ ကျွန်တော်အပြောမှာ အနှင်းဟာ မတ်တပ်ရပ်နေရင်းက သူ့ခေါင်းလေး ကျွန်တော့်အပေါ်မှီတယ်။ ကျွန်တော်တို့နှစ်ယောက် သေချာသတိမထားမိလိုက်ခင်မှာပဲ သူနဲ့ ကျွန်တော်ဟာ သိပ်ချစ်ကြတဲ့ သမီးရည်းစားဘဝကို ဧရာဝတီတံတား(ရတနာပုံ) ရဲ့ အပေါ်က ဖြတ်တိုက်တဲ့ မြစ်လေရဲ့ သွေးဆောင်မှုနဲ့ ရခဲ့ကြတယ်။

ကျွန်တော်ဟာ ကျွန်တော်နဲ့ အနှင်းရဲ့ လွန်ခဲ့ပြီဖြစ်တဲ့ အချစ်ဇာတ်လမ်းလေးကို ဒီနေရာလေးအထိ အကောင်းအတိုင်းဖြတ်ပြီး တခုတ်တရ သိမ်းထားပါတယ်။

သူနဲ့ ကွဲစေခဲ့ရတဲ့ ကျွန်တော့်ရဲ့ အတ္တပုံရိပ်တွေ၊ တွေဝေမပြတ်သားမှုတွေ၊ ဘဝထဲကဆူးတွေ၊ အတွေ့အကြုံထဲက မာနတွေကြောင့် နောက်ဖြစ်လာတဲ့ အချစ်အနိဋ္ဌာရုံတွေကိုတော့ (ကိုယ့်အပြစ်ရဲ့ အကျိုးဆက်တွေမို့ ပေါ့စေလိုသည် ဆိုကာမှဆိုစေ) သတ်သတ်ဖယ်ထား ပါတယ်။ အခုထိလည်း ကျွန်တော် အနှင်းကို သတိရနေတာပါပဲ။ အနှင်းအိမ်ထောင်ပြုသည် ကျွန်တော်မကြားမိသေးသလို၊ စံဒေဝီလို အပျိုကြီးဘဝနှင့် အရိုးထုတ်ပါစေလည်း ကျွန်တော်မရည်ရွယ်ပါ။

ကျွန်တော်တို့ ဝေးရခြင်းမှာ ပြောခဲ့ပါပကော ကျွန်တော်ဟာ တောင်တစ်ခု တက်နေသူပါဆို။

*****

လူနှစ်ယောက် တောင်ပေါ်တက်ကြသတဲ့လေ။

တောင်တက်သမားတွေကို ဘာလို့ တောင်ပေါ်တက်သတုန်းလို့ မေးကြည့်တဲ့အခါ ဖြေကြတဲ့အဖြေက တောင်တွေရှိလို့ တက်နေတာတဲ့လေ။

အခု လူနှစ်ယောက်ဟာလည်း ဘာလို့ တောင်ပေါ်တက်တယ် ပုံပြင်ထဲမှာ မပါပါဘူး။ သို့သော် သူတို့ တောင်ပေါ် ရောက်သွားကြတယ်။

"ဟေ့… အောက်နားဘက်ဆီ ဟိုကိုကြည့်စမ်း၊ စိမ်းလန်းတဲ့ လယ်ကွင်းတွေနဲ့၊ ငါတို့တွေဖြတ်လာခဲ့ရာ လမ်းတွေဟာ ကွေ့ကွေ့လေးကောက်လို့၊ သစ်ပင်သစ်တောတွေလည်း စုံရဲ့၊ သိပ်လှတာပဲနော်"

နောက်လူက ဟိုတစ်ယောက်ညွှန်ပြရာ အောက်ကိုငုံ့ကြည့်လို့ တွေးတွေးဆဆ ဆိုတယ်။

"ဟုတ်ပနော်၊ ဒါဆို ဘာလို့ ငါတို့တွေ သာယာတဲ့ မြေအပြင်ကိုစွန့်ပြီး ဒီတောင်ပေါ်ကို ပင်ပင်ပန်းပန်း တက်ခဲ့ကြတာပါလိမ့်" တဲ့။

အခုနေ ပစ္စုပ္ပန်တောင်ပေါ်ကနေ အတိတ် လယ်ကွင်းစိမ်းစိမ်းလေးတွေ၊ မြေလမ်းကောက်ကောက်လေးတွေ ပြန်မျှော်ကြည့်လို့ သိပ်လှတာပဲ ကျွန်တော်ဆိုတဲ့အခါ၊ ကျွန်တော်ဟာ ဘာလို့များ အဲဒီသိပ်လှခဲ့တဲ့ အတိတ်ကို လွှတ်ချခဲ့မိတာပါလိမ့်။

ရှုခင်းဆိုတာ ဒီလိုပဲလေ။ ဝေးဝေးက ရှုလေ ပိုသာယာတယ် ထင်ရလေပေါ့။ တကယ်လို့ သာယာတဲ့ သစ်ပင်သစ်တောတွေ ဆိုင်းနေတဲ့ သစ်တောလေးကို ကျွန်တော်ဟာ အဝေးက မြင်ရတာ မဟုတ်ဘဲ၊ ကိုယ်တိုင် ယခုတိုင် အဲဒီသစ်တောထဲ ရှိနေသေးတာဆိုရင်တော့ အခုနေ သစ်၊ ကျားလို၊ ငှက်ဖျားလို တောရဲ့ဒါဏ်တွေကြောင့် တောကို အခုမြင်ရသလောက် ချစ်နေနိုင်ပါဦးမလားပဲ။

တောင်တက်သမားတွေကို မေးတဲ့အခါ ဖြေတဲ့ အဖြေက တောင်တွေရှိလို့ တက်မိတာတဲ့။

အတိတ်ကို ကျွန်တော်ဘာလို့ လွှတ်ချခဲ့မိတုန်း ကိုယ့်ကိုယ်ကို မေးမိတဲ့အခါ အဲဒီတုန်းက အနာဂတ်ဖြစ်တဲ့ အခု ပစ္စုပ္ပန်အကြောင်း သိနိုင်စွမ်းအား မရှိခဲ့လို့ပေါ့။

နာဂတွေပြောနေကျ ဆိုရိုးတစ်ခုလို တောင်ပေါ်ကလူက တောင်အောက်ကလူကို သေးသေးလေးပဲ မြင်ရသလို၊ တောင်အောက်ကလူကလည်း တောင်ပေါ်ကလူကို သေးသေးလေးပဲ မြင်ရသတဲ့။ အတိတ်နဲ့ ပစ္စုပ္ပန် (သို့မဟုတ်) ဟိုတုန်းခါ အတိတ်၏အနာဂတ်ရဲ့ သဘောဟာ ဒီလိုချည်းပေါ့။

လူတိုင်းမှာ တောင်တွေရှိရဲ့။ လူတိုင်းမှာ ရှုခင်းတွေပိုင်ဆိုင်ခဲ့ဖူးကြရဲ့။

ကိုယ်ရောက်နေတဲ့ တောင်ပေါ်က ကိုယ်ဖြတ်ဖူးရာ ရှုခင်းတွေအကြောင်း ပြန်ပြောင်းပြောတဲ့အခါ တောင်တက်လို့ရတဲ့ ဒါဏ်ရာတွေအကြောင်း ယောက်ျားတွေမှာ ထည့်မညည်းရဘူးလေ။

အောင်မျိုးသူလွင်
၁၇၊၀၈၊၁၇
ကြာသပတေး
နံနက် ၁၀း၂၈

Sunday, July 23, 2017

စစ်သားနဲ့ မယား

လွန်ခဲ့သော ကိုးနှစ်ခန့်က တရားစခန်းဝင်ဖူးသည်။ တရားဌာနကား မြန်မာပြည်ဝယ် နာမည်သတင်းမွှေးသော နေရာတစ်ခု ဖြစ်ပါသည်။ ကျွန်တော့်ကို ထိုနေရာခေါ်လာသူကား ဂျီတီအိုင်ထွက် အရက်သမားကြီး ကိုချာ။ သူသည် အဘယ်မျှအရက် သောက်ပါသနည်းဆိုသော် သူ့မူရင်းနာမည်ပျောက်၍ ကိုချာဟု အနွတ္ထသညာတွင်ခြင်းကို ကြည့်က သိနိုင်ရာသည်။ ဒီတုန်းအခါ ကျွန်တော်ဟာလည်း အသက်လေး နှစ်ဆယ်စွန်းစွန်းပေမင့် အရက်ကလေးတမြမြ ခဏခဏချတတ်သော အကျင့်လေးစွဲခါစ။

ကိုချာသည် ထိုစဉ်က အသက်သုံးဆယ်ကို တော်တော်ကျော်ကျော်စွန်းစွန်း ဖြစ်ပေမည်။ ကျွန်တော်သေချာစွာ မစောကြောခဲ့မိပါ။

တရားစခန်းမှာ ကျွန်တော်တို့တစ်ခန်းထဲအတူ သီတင်းသုံးရသည့် ယောဂီများကား တပ်မတော်မှ တပ်ကြပ်ဘဝဖြင့်စုတေလာသူ တပ်ကြပ်ကြီးတစ်၊ တပ်မတော် အင်ဂျင်နီယာတပ်သားဟောင်းတစ်၊ အင်ဂျင်နီယာကျောင်းဆင်း အရက်သမားကြီးကိုချာတစ်၊ ကျောင်းဆရာတစ်ပိုင်း အရက်သမားလက်သင် ကျွန်တော်ပါဆိုလေး။ ထိုလေးဦးသတ္တဝါကား အစပိုင်းရက်များတွင် ကောင်းချီကောင်းရဲ့ တရားမှတ်မှတ်၊ ကျောင်းမှတ်မှတ် အလုပ်လုပ်ကြသေးသော်လည်း ရက်ကြာလာသော် လူချင်းတွေက ခင်လာသည်မှ သမာဓိ၏ရန်သူတော်ကြီးဖြစ်သော သမ္ဖပ္ပလာပဝါစာ (ဝါ) စကားတင်းပြောခြင်းအမှုကိုသာ လှိုင်လှိုင်ကြီးပြုမိကြတော့သည်။

"သောက်နေရင်းရန်ထဖြစ်ကြတာကွာ၊ တစ်ကောင်က နောက်တစ်ကောင်ကို အပေါ်ကနေ ခွပြီးထိုးပါလေရော"

"ပြီးတော့လည်း ပြီးတာပါပဲ၊ ထိုးတဲ့ကောင်က မောတော့ မူးမူးနဲ့ သူ့အိပ်ယာထဲသူ ဝင်အိပ်"

"အဲ… ခံရတဲ့ကောင်ကကျ မပြီးဘူးကွ၊ သေနတ်သွားယူပြီး ဟိုကောင်မူးမူးနဲ့ ခေါင်းမြီးခြုံအိပ်နေတုန်း ခေါင်းကို သေနတ်နဲ့ချိန်ပြီး တစ်ချက်တည်း ဆော်ထည့်တာပဲ"

"ဟာ… သေရောလားဗျ"

"ဘယ်သေလိမ့်မတုန်း၊ အပစ်ခံရတဲ့ကောင် 'အား' ခနဲ့အော်ပြီး ချက်ချင်းထထိုင်တာပဲ"

"အလိုဗျာ သေနတ်နဲ့ ခေါင်းကိုမှန်တာတောင်လား"

"ဘယ်ဟုတ်လိမ့်မတုန်းကွ၊ ဟိုကောင်က မူးမူးရူးရူးနဲ့ အိပ်ယာထဲဇောက်ထိုးဝင်အိပ်နေတာလေ၊ ဒါကို နောက်တစ်ကောင်ကလည်း မူးမူးရူးရူးနဲ့ ခေါင်းဆိုပြီး ဆော်ထည့်လိုက်တော့ တကယ်မှန်တာ ခြေထောက်ကိုးကွ…ဟားဟား ဟား"

တပ်မတော်သားဘဝ ရှေ့တန်းမှာ ငတ်ခဲ့တာတွေ၊ အသေခံတပ်သားရွေးတော့ မတိုက်ခင်တစ်ည အရက်နဲ့ အစားအသောက် ကောင်းကောင်းနှံရမယ်ဆိုလို့ အလုအယက် သူလုပ်မယ်ငါလုပ်မယ် ဖြစ်ကြပုံတွေ ပါသလို၊ အင်ဂျင်နီယာတပ်သားဟောင်းကြီးကလည်း ကျောင်းတော်သားဘဝ သူတို့စီနီယာတွေရဲ့ ဒါဏ်ပေးနှိပ်စက်ပုံတွေ၊ သူတို့ချင်း ကပ်ဖိုးကပ်ဖဲ့လုပ်ခဲ့ကြပုံတွေနဲ့ တပ်မတော်သားဘဝ အတွေ့အကြုံတချို့ကို ဟာသလေးနှောလို့ ပြောပြပါသည်။

"နို့… ကျွန်တော်တို့ ဒီဘက်ရက်တွေ တော်တော်စကားပြောဖြစ်နေကြတယ်နော၊ အခြားကျောင်းဆောင်တွေများဆို ငြိမ်လို့၊ သူတို့တော့ တရားတော်တော်တက်မယ်၊ ကျွန်တော်တို့နေတဲ့ ကျောင်းဘက်တော့ဗျာ ညညဆို တဝါးဝါးနဲ့ ပွဲကျလို့၊ ဘယ်မှာ တရားတက်လိမ့်မတုန်း"

"ငြိမ်နေရင် တရားတက်တယ်ဆိုမှ ဟိုရသေ့ကြီးနှစ်ပါး ပုံပြင်တောင် သတိရမိသေးကောင်လေးရ"

"တောရွာလေးမှာ တရားအားထုတ်နေတဲ့ ရသေ့ကြီးနှစ်ပါးရှိသတဲ့၊ တစ်ပါးက မျက်စိကွယ်နေတယ်"

"ဒီတော့ မျက်စိမြင်တဲ့ ရသေ့ကပြောတယ်။ ကိုယ်တော့်မှာတော့ ကောင်းတယ်ဗျာ၊ မျက်စိအလင်းကွယ်နေတော့ ကျောင်းကို ဘယ်သူလာလာ ကိလေသာမဖြစ်တော့ဘူးဗျ၊ တပည့်တော်မှာတော့ ကျောင်းကို ရွာသူလေးတွေလာတိုင်း မြင်ရတွေ့ရနဲ့ ရာဂတွေဖြစ်လိုက်တာတဲ့"

"ဒီတော့ မျက်မမြင်ကိုယ်တော် ပြန်ပြောတာက၊ အဲလိုချည်းလဲ တရားသေမမှတ်လေနဲ့ကိုယ်တော်၊ ကိုယ်တော့်မှာ ကျောင်းထဲကို ဒကာမလေးတွေလာမှ မြင်ရပြီးရာဂဖြစ်တာ၊ တပည့်တော်မှာ ခြေသံရှပ်ရှပ်ကြားတိုင်း အကုန် ဒကာမလေးတွေချည်းမှတ်နေမိတာဘုရာ့ တဲ့ဟေ့"

"ဟား ဟား ဟားဟား"

သူတို့ စစ်သားဘဝ ရှေ့တန်းထွက်ရ၊ စစ်ဆင်ရေးတွေလုပ်ရနဲ့ ကြမ်းခဲ့မှာပေါ့။ ဒီတော့ကာ တောထဲတောင်ထဲမယ် ရသာတဲ့အခါ အရက်ကလေးသောက်လိုက်၊ မရသာလို့ ငတ်တဲ့အခါမလည်း ဒီလို ပါးစပ်ဟာသလေးတွေပြောပြီး စိတ်ဖြေကြတယ်ထင်ပါရဲ့။ သူတို့အဲဒီတုန်းက ညညဆိုပြောပြတဲ့ ဟာသတွေ၊ သူတို့ဘဝကြောင်းတွေ အများကြီးဗျ။

ဒီအထဲမယ် ကျွန်တော် စွဲနစ်စိတ်ထင်ရှိနေတဲ့ စကားလေးတစ်ခုက

"မိန်းမများ မမြင်ရတာကြာတော့မောင်ရေ ခပ်ဝေးဝေးက အဝတ်စလေလွင့်နေတာကိုတောင် အထက်ဆင်မှတ်ပြီးတော့ လှနေတော့တာဗျ" တဲ့။

ဟုတ်လည်း ဟုတ်မှာပါလေ။ ကိုယ်ဆိုလည်း သူတို့နေရာရောက် သူတို့ထက်ပိုဆိုးဖို့သာ ရှိတာကို ကိုယ်ချင်းစာနိုင်ပါရဲ့။ ဒါကြောင့်လည်း စစ်သားလေးခွင့်ရလို့ အိမ်ကိုပြန်တော့ မိန်းမအခန်းထဲ ဒိုင်ဗင်ထိုးဝင်တယ် ဆိုမဟုတ်လား။ ကိစ္စ ဝိစ္စတွေပြီးတော့ မယားဖြစ်သူက"ကိုရယ် ရှေ့တန်းထွက်ရ ငတ်တယ်သာပြောတယ်၊ အခု ပိုဝလာသလားလို့လေ၊ ဝိတ်လည်း တော်တော် တက်လာတယ်ထင်တယ်နော်၊ ကျုပ်အောက်ကနေရတာ အခါတိုင်းထက် ပိုလေးသလိုပဲတော့" ဆိုမှ ပါလာတဲ့ ကျောပိုးအိတ် မချွတ်ရသေးမှန်း သတိရတယ်ဆိုပဲ။

"တစ်စုလူရှင်၊ အထင်ထင်ဘိ၊ ဘယ်တွင်မလပ်၊ လှေချင်းကျပ်၍၊ ကမ်းရပ်မှီတွဲ၊ ဆိုဆဲမနာ၊ ညစာဝေးလံ၊ မြစ်ယံကမ်းမှေး၊ ရွှံ့စေးထူအပ်၊ မြေလပ်ကုန်ခင်၊ မမြင်မြောက်တောင်၊ ညဉ့်မှောင်ရီနက်၊ ဗိုလ်ရဲမက်တို့။ စိတ်စက်ကွဲပြို၊ ရှိသည်ကိုလည်း၊ တိမ်ညိုရှက်စေ့၊ မိုးလုံးစေ့၍၊ ညဉ့်နေ့မစဲ၊ ဖြန့်ကြဲဆွတ်ရွှမ်း၊ အလွမ်းရှိဟောင်း၊ အချမ်းလောင်းခဲ့၊ သိန်းသောင်းလူမျိုး၊ မရွှင်ညှိုးသည်၊ အောက်မိုးအောက်လေ ပီတော့၏။" ဆိုတဲ့ စစ်သားစာဆိုရှင် စိန္တကျော်သူ ဦးဩရဲ့ လှေတပ်သား အလွမ်းဖွဲ့စာလေးကိုကြည့်ရင် စစ်သားဘဝဆိုတာ အဲဒီတုန်းက ကတည်းက ဆင်းရဲပင်ပန်းခဲ့ရသလို၊ စစ်သားဟူသည် ထိုစဉ်ကတည်းက နေရသောအခြေ၊ မြင်ရသောမြင်ကွင်းတွေအရ အိမ်ကမယားကို အလိုလိုလွမ်းမိနေတတ်သူ လူတစ်မျိုးပါတကား။

တပ်ကြပ်ဟောင်းကြီးပြောသည့်

"မိန်းမများ မမြင်ရတာကြာတော့ အထက်ဆင်မြင်ရရင်တောင် မျက်စိထဲလှလာတယ်" ဆိုတာ မလွန်ပါပေ။

ကမ္ဘာ့သမိုင်းမှာ မိန်းမကြောင့် စစ်ဖြစ်ဖူးတာတွေရှိသလို၊ မြန်မာ့သမိုင်းမှာ မိန်းမကြောင့် စစ်အောင်ဖူးတာလည်း ရှိသတဲ့။ အကျော်အမော် နောင်ရိုးတိုက်ပွဲရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာပေါ့။ သူ့အရှင်ဟာ မင်းတရားတပင်ရွှေထီး။ သည်စဉ်တုန်းမှာ သူတို့နဲ့ စစ်ဖက်ပြုနေတာက ပြည်ဘုရင်။

မျက်စိထဲမြင်ကြည့်ပေါ့စာရှုသူခင်ဗျာ။ ဧရာဝတီမြစ်ကြီးရှိမယ်။ မြစ်တစ်ဖက်ကမ်းမှာ ပြည်မြို့နဲ့ပြည်ဘုရင့်တပ်ရှိမယ်။ အဲဒီ အောက်နားမှာတော့ သူတို့ကို လာတိုက်တဲ့ ဘုရင့်နောင်ရဲ့တပ်စခန်း။ နောက် ဘုရင့်နောင်ရဲ့တပ်တွေ စားတဲချရာ ဧရာဝတီမြစ်လယ်က အင်ပျောကျွန်း။

ပြည်ဘုရင့်တပ်တွေဟာ အားကြီးတယ်။ ပထဝီဝင်အနေအထားအရလည်း ဘုရင့်နောင်ဟာ ပြည်ရေတပ်ကိုတိုက်မယ်ဆို ရေဆန်တက်တိုက်ရမယ်။ ဒီတော့ အဖက်ဖက်မှာ ကိုယ့်ဘက်ကနိမ့်နေတဲ့အခြေပေါ့။ ဒီတော့ကာ စစ်ပြန်ဆုတ်မယ်လုပ်ရအောင်ကလည်း ပါသမျှဖောင်ကိုဖျက်ပြီးတောင် တိုက်ခဲ့ဖူးတဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာမို့လား။ တပ်ဆုတ်ဖို့ဆိုတာ တွေးလို့မှမရ။ နို့… ပထဝီအနေအထားအရပါ အဖက်ဖက်က သာတဲ့ ပြည်ဘုရင့်တပ်တွေကို ဘယ့်နှယ်တိုက်မတဲ့တုန်း။

စာရှုသူခင်ဗျာ။ ကျွန်တော်ဟာ စစ်သားမဟုတ်လို့ သေနင်္ဂဗျူဟာတွေကို မသိပါ။ ထို့အတူ သူတို့ခေတ်တုန်းက စစ်ဘယ်လိုတိုက်တယ်ဆိုတာ စာရှုသူလည်း ရုတ်တရက်သော် တွေးကြည့်ဖို့ခက်မယ့်အတူတူ ပြည်ဘုရင့်တပ်ကို ဘယ်လိုတိုက်မယ့်အရေး ကျော်ထင်နော်ရထာ သူ့ဟာသူ တွေးပစေလို့ သူ့ကို ခေတ္တခဏ ပစ်ထားလို့၊ ကျွန်တော်တို့ရဲ့ ယခုဝတ္ထုအား ပြောလိုရင်းဖြစ်သူ သူ့မယား သခင်ကြီးဘက် လှည့်ကြပါဦးစို့။ သခင်ကြီးဆိုတာ ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ တစ်ဦးသော ချစ်ဇနီးပေါ့။

ဇနီးသည်ဆိုတော့လည်း မိန်းမတို့သဘာဝ စစ်ဖြစ်နေတာတွေ၊ ကိုယ့်ယောက်ျားစိတ်ညစ်တာတွေ ဘယ်ထည့်တွေးတတ်ရှာမလဲ။ မောင်တော်ရယ် ဆောင်တော်လေးမှ မကူးဘူးလို့ ကြာခြည်ခန်းကနေ စာတော်လှမ်းတော့တာကိုး။ သို့သော် စစ်တို့ရဲ့ သဘောမှာ အသက်အပြင် သိက္ခာကိုပါ ရင်းထားရတာမို့ ဘုရင့်နောင်မှာ အိမ်ကိုသာရောက်တယ်၊ စစ်ရေးစစ်ရာတွေတွေးလို့ အပူမိပြီး၊ ကြာခြည်ခန်းလေးမှ မဝင်နိုင်ဘဲ အပြင်မှာသာ စစ်မြေပုံကို စိုက်စိုက်ရှုနေဆိုရဲ့။

"မောင်တော်ဘုရား သခင်ကြီးကို ကယ်ပါ့ဘုရား"

ကြာခြည်ခန်းထဲက သခင်ကြီးရဲ့ စူးစူးဝါးဝါး အော်သံကြားချိန် ဘုရင့်နောင်ကျော်ထင်လည်း သူ့မယားအလှ ဒုက္ခတွေ့ပြီရယ်လို့ ကြည့်နေတဲ့ စစ်မြေပုံတွေချပြီး အခန်းထဲပြေးအဝင်၊ အခန်းဝမှာ တစ်ခုခုနဲ့ သူ့ခြေထောက်ငြိပြီး ငိုက်ခနဲ့လဲတော့ သခင်ကြီးဟာ သူ့ကို ဆီးလို့ပွေ့သတဲ့။

"ဒါ နောက်ရမယ့်အချိန်မဟုတ်ဘူး ခင်ခင်"

"နောက်တာ မဟုတ်ရပါ မောင်တော်ဘုရား၊ ခင်ခင့်ဇောနဲ့ မောင်တော်ဒီအခန်းထဲဝင်လာတော့ အခန်းဝအောက်နားမှာ ခင်ခင်တားထားတဲ့ အဝတ်စ မောင်တော်မမြင်မို့လား"

"မမြင်ပါ၊ မမြင်လို့ ခလုတ်တိုက်လဲတာပေါ့"

အဲဒီမှာ ခင်ခင်ကြီးက ပြုံးလို့

"ဒီလိုတွေးပါမောင်တော် ပြည်ဘုရင့်တပ်ဟာ မောင်မောင်ဆိုပါတော့၊ ဒါဆို ခင်ခင်ဟာ အင်ပျောကျွန်းမှာ တပ်ဆွဲထားတဲ့ မောင်မောင့်တပ်ပေါ့။ ဒီတော့ အခု ခင်ခင်ပရိယာယ်ဆင်လိုက်သလိုသာ…"

ဒီနေရာမှာ စောစောက ကျွန်တော်တို့ ခေတ္တခဏ ပစ်ထားခဲ့ကြတဲ့ မြစ်အောက်နားက ဘုရင့်နောင်နဲ့ မြစ်ညာဘက်က ပြည်ဘုရင်စစ်တိုက်ခန်းကို ပြန်ကောက်ရရင်၊ ဘုရင့်နောင်ဟာ သူ့မယားပြောမှ အကြံရပြီး စစ်လှေနှစ်စင်းလောက်နဲ့ ညဉ့်နက်သန်းခေါင် ရေဆန်တက်လို့ စစ်ရေးကိုဆင်။ ပြည်ဘုရင့်တပ်တွေ အကုန်ထွက်လိုက်ချိန်ကျ အောက်ပြန်စုန်ပြေးခဲ့တာပေါ့။ သူတို့တပ်တွေစခန်းချတဲ့ အင်ပျောကျွန်းအောက်နားထိလည်း ပြည်ကတပ်တွေစစ်ကျွံလာရော ထွက်ပြေးချင်ဟန်ဆောင်တဲ့ စစ်လှေနှစ်စင်းရယ်၊ အင်ပျောကျွန်းက လှေတပ်တစ်တပ်လုံးရယ်က ထွက်ကာ ညှပ်တိုက်တော့ အင်အားကြီးလှပါတဲ့ ပြည်ဘုရင့်တပ်ဟာ ကျပါရောလား။

သခင်ကြီးပေးတဲ့ ကြာခြည်ဆောင် စစ်ဆင်နည်းပေါ့။ ဒီနည်းကို သခင်ကြီးဟာ ဘုရင့်နောင်အလာကို သလွန်ပေါ်က မသက်မသာစောင့်ရင်း တွေးလိုက်တာပေါ့။ နောက်တော့ စစ်အောင်တဲ့နေ့မှာ ခင်ခင်ကြီးဟာ-

"ရွှေသလွန်ပေါ်၊ စက်တော်ခေါ်၍၊ ပျော်လုလုတွင်၊ အိမ်ရှေ့ရှင်သည်၊ သက်တင်ရောင်ရဲ၊ လက်ယှက်တွဲသား၊ ဝတ်လဲတစ်ပိုင်း၊ ခြုံကာသိုင်းလျက်၊ တိမ်ဆိုင်းလျှံပြောင်၊ မယ်တော့်ဆောင်က၊ ညိုရောင်စိမ်းလဲ့၊ ကူးကြွခဲ့မှ၊ မင်းငဲ့စက်ခွင်၊ သုတ်သုတ်ဝင်၍၊ ရွှေစင်ရတနာ၊ လျောင်းလှည့်ရာမှာ၊ အသားတစောင်း၊ ရွှေလက်မောင်းကို၊ ပျောင်းပျောင်းနွဲ့နွဲ့၊ မှီကတွဲ့လျက်၊ ယဲ့ယဲ့နီစင်၊ ခန်းလုံးရွှင်သည်၊ ပန်းရင်ဝတ်တွင်း၊ လက်တော်သွင်း၍၊ မြဆင်းရှက်ဖြာ၊ ကြောစိမ်းမွှာလျက်၊ လက်ယာရစ်စု၊ မွေးရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ၊ အိမွမွကို၊ ခွက်ဝပန်းရည်၊ ဆုပ်နယ်နှယ်သို့၊ လှည့်လည်ထပ်ထပ်၊ သုံးသပ်၍ပြီး၊ နီလာသီးကို၊ မပြီးဖန်ဖန်၊ ကစားပြန်သော်၊ အလွန်ယားလှ၊ ကြက်သီးထ၍၊ ကြွပါ့ထပ်တင်၊ လျှောက်ပါလျင်လည်း" ဆိုတဲ့ ဦးယာရဲ့ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီချစ်ခန်းမျိုးကို တောင်းသေးသလားဆိုတာတော့ စာထဲမှာ မဖော်ပြလို့ ယခုစာရေးသူက မသိတတ်ပြီ။

သို့သော် တစ်ချိန်မှာ ဘုရင်ဖြစ်မည့် ဘုရင့်နောင်ကျော်ထင်ကို စစ်ဗျူဟာပေးခအတွက် သခင်ကြီးတောင်းတဲ့ဆုက ကြီးလှသည်။ သာမန်ယောက်ျားတို့ ပေးရခက်ခဲလှဘိသည်။ တစ်နည်းအားဖြင့် ထိုဆုသည် မိန်းမတကာတို့တောင်းသမျှတွင် မိန်းမအဆန်ဆုံး တောင်းဆုပင်ဖြစ်ပါသတည်း။ စစ်သားကြီးအရှင် ဘုရင့်နောင်ကျော်ထင်ကို မယားတကာ့အမွန် ခင်အကျွန်တောင်းတဲ့ဆုကား

"ဇမ္ဗူဒီပါ မြေအပြင်ဝယ် သခင်ကြီးတစ်ပါးတည်းကိုသာ ချစ်မြတ်နိုးတော်မူစေချင်သည်" ဟူသတတ်။ ဪ… အင်မတန် မိန်းမဆန်သော ဆုတောင်းပါပေ။

အဘယ်မျှပင် စစ်သားနဲ့နီးနီး မိန်းမသည် မိန်းမသာပင်။ အဘယ်မျှပင် မိန်းမနဲ့ လက်ပွန်းတတီးရှိစေ စစ်သားကား စစ်သားသာပင်။ တေးရေးသောင်းတင်ဌေးရေး၍ ကွယ်လွန်သူတေးသံရှင် တွံ့တေးသိန်းတန်သီဆိုသွားဖူးသော "စစ်ပွဲတစ်ရာနွဲလိုက်ချင်ရဲ့ အချစ်တစ်ပွဲတော့ မနွှဲချင်တော့ဘူးကွယ်" ဆိုသည့် သီချင်းစာသားလေးလိုပင် စစ်သားတွေမှာ ကြမ်းသမျှ ဘဝလမ်းခရာတောမှာ ဘယ်မျှ အသည်းမာသည်ဆိုဆို မိန်းမနှင့်ပက်သက်သော အချစ်မြေပြင်မှာတော့ မကျွမ်းကျင်ရာနယ်မို့ ခံလိုက်ရတာတွေလည်း အများ။

ဒီလိုပြောတော့ လွတ်လပ်ပြီးစခေတ်မှာ ကရင်တွေသူပုန်ထတော့ ရန်ကုန်အစိုးရရယ်လို့ တင်စားကြတဲ့ကာလ၊ ခေတ်အရ စစ်သားဖြစ်ခဲ့သူ စာရေးဆရာ ရန်ကုန်ဘဆွေ၏ သံခမောက်စိမ်းတပ်ခွဲမှ အညတရ စစ်သားလေးအကြောင်း သတိရမိပြန်သည်။

၁၉၅၇ ခုနှစ်မှာတော့ မြန်မာပြည်အနောက်ဖျား နာဂခရိုင်ထဲရောက်သွားပြီဖြစ်တဲ့ သူ့သံခမောက်စိမ်းတပ်ခွဲလေးထံကို အဲဒီအချိန် တပ်ကထွက်ပြီးဖြစ်တဲ့ စာရေးဆရာရန်ကုန်ဘဆွေဟာ အလွမ်းပြေသွားကြည့်ဖို့ အကြောင်းပေါ်လာတော့ နည်းနည်းလေးသာ ကျန်တော့တဲ့ သူ့လူဟောင်း တပ်သားတွေဟာ ငတ်နေတဲ့ကြားက စီးကရက်ဘူးတွေ ရအောင်ဖန်ပြီး သူတို့ဗိုလ်ကြီး(ဟောင်း)ကို သောင်းသောင်းဖြဖြကြိုရှာ သတဲ့လေ။

အိုးချင်ထား အိုးချင်ထိ၊ ကြိုးချင်းထား ကြိုးချင်းငြိသလို၊ စစ်သားကို နာဂနဲ့ထားတော့ နာဂမလေးတွေနဲ့ ညားကုန်တော့တာပေါ့။ သို့သော် ခမျာတွေမှာ အနေအစား ငတ်ပြတ်ကြရှာပါတယ်။

"ဗိုလ်ကြီးရာ နာဂနယ်ပြောင်းရမယ်ဆိုတုန်းကတော့ ရင်သားဟင်းလင်း ဗလာကျင်းထားတဲ့ နာဂမလေးတွေ မြင်ရမယ်ဆိုတော့ ကျုပ်တို့ပျော်တာပေါ့" တဲ့။

"နောက်တော့မှသာ တဖြည်းဖြည်း အမြင်ရိုးလာပြီး မြင်ရမှာတောင်စိတ်ပျက်လို့ မမြင်အောင်ဖုံးထားဖို့ အဝတ်စလေးတွေ ရတတ်သမျှ ရှာပေးရတယ်" ဆိုပဲ။

နာဂမလေးတွေဟာ သဘောလည်း ကောင်းသတဲ့။ သူတို့ ရင်သားတင်းတင်းလေးတွေကို လှအောင်ပအောင် ဝက်ဆီသုတ်ပြီး အလှပြင်လေ့ရှိသတဲ့။ စစ်သားတွေက ပိုးကြေးပန်းကြေးပေးတဲ့အနေနဲ့ ဇာဘော်လီတွေဘာတွေ ဆင်လိုက်တဲ့အခါ နာဂသူလေးတွေ တော်တော်လှဆိုပဲ။ (စစ်သားမျက်စိကိုးဗျ။)

လှတာတင်လား။ သူတို့တွေ စစ်သားနဲ့ညားလို့ စစ်သားမယားဖြစ်တော့လည်း သဘောကောင်းကြရှာသတဲ့။ ငတ်လို့လည်း မညည်း။ ဟင်းမရှိလည်း ဖြစ်သလိုနေတတ် စားတတ်သတဲ့လေ။ ယောက်ျားက လစာ တစ်ဆယ်အပ်ရင် မွှေးမွှေးပေးသတဲ့။ ငါးကျပ်ပဲ အပ်ရင်လည်း မငြူစူပဲ မွှေးမွှေးပေးတာပဲတဲ့။

ဗိုလ်ကြီးရန်ကုန်ဘဆွေလာတော့ ပါးရိုးငေါငေါနဲ့ ပိန်လှီလှီစစ်သားလေးတစ်ယောက်ဟာ

"ကျွန်တော် ဒီတပ်ကပြောင်းချင်တယ် ဗိုလ်ကြီး၊ ဒါမှမဟုတ် တပ်ကထွက်ချင်တယ်၊ အဲဒါ ဗိုလ်ကြီးတတ်နိုင်ရင် လုပ်ပေးပါ" လို့ မှုန်တေတေပြောသတဲ့။

သူဟာ နာဂနယ်မှာ အသည်းကွဲခဲ့သူ စစ်သားလေးပေါ့။ သူ့ချစ်သူဟာ ဆော်လော်နာဂမလေး တဲ့။ နာမည်လေးက မာလွေ။ မာလွေဟာ နာမည်လေးလှသလို လူကလေးလည်း လှသတဲ့။ တစ်တပ်လုံးက သူ့ဝိုင်းကြိုက်တာတောင် မာလွေဟာ သူမှသူ သူ့ကိုပဲ ကြွေသတဲ့လေ။ ဒီလိုနဲ့ ဇာတ်ပေါင်းတော့ မာလွေဆိုတဲ့ နာဂမလေးဟာ ဒီစစ်သားနဲ့ ညားတယ်။

မာလွေက စစ်သားလေးကိုချစ်တယ်။ စစ်သားလေးကလည်း မာလွေ့ကိုချစ်လိုက်တာ စာလည်း သင်ပေးသတဲ့။ တပ်ထဲမှာ အိမ်ဆိုင်လေး ဖွင့်ပေးသတဲ့။ စက်တစ်လုံးဝယ်ပေးပြီး စက်ချုပ်တတ်အောင်လည်း သင်ပေးသတဲ့။ နောက်တော့ သိုးမွေးဆွယ်တာ ဘာညာထိုးတာလည်း မာလွေဟာ တတ်သွားသတဲ့။ မာလွေဟာ အတော့်ကို မွန်မွန်ရည်ရည်နဲ့ လူရည်လည်လာတာပေါ့။

ဘဝခရီးသည် ဤအတိုင်း ပြီးသွားသော် သူတို့တွေညားကြလေသတည်းရဲ့ နောက်မှာ မာလွေဟာ လူရည်ပါလည်လာတော့ ပျော်စရာအတိပေါ့။ သို့သော်။ ထိုသို့သော်ကား ဤစာထဲမှာ ကျွန်တော်ရေးပြခဲ့သော အဘယ်မျှပင် စစ်သားနဲ့နီးနီး မိန်းမသည် မိန်းမသာပင် ဆိုတာကို သက်သေထူလေသည်။

"ညားပြီးလို့ နှစ်နှစ်လောက်အကြာမှာ လခအပ်တာ နည်းတယ်ရယ်လို့ မာလွေက ဆူတော့တာပဲ ဗိုလ်ကြီး"

"နောက်တော့ လူချင်းအတူတူ သူများလို ဗိုလ်ဖြစ်အောင် မလုပ်တတ်ရကောင်းလားလို့ မာလွေက ပွက်လာတယ်"

ဪ… အဲဒီအချိန် မာလွေဟာ တပ်ထဲမှာ အတော်ပဲလူဝင်ဆံ့လို့ ဗိုလ်လေးတွေ ဗိုလ်ကြီးတွေအိမ် ဝင်ထွက်သွားလာဖူးပြီကိုး။ သို့သော်…။ ယခုသို့သော်ကား အဘယ်မျှပင် မိန်းမနဲ့ လက်ပွန်းတတီးရှိစေ စစ်သားကား စစ်သားသာပင်ဆိုသော ဝါကျကို သက်သေထူသည်။ စစ်သားလေးသည် ဘယ်တော့မှ ဗိုလ်လေး ဗိုလ်ကြီးဖြစ်မလာ။ ထိုသောအခါ

"ငါ့ဟာငါ လုပ်စားရင်တောင် အခုထက်သာအောင် နေနိုင်တယ်" ဆိုပြီး နာဂမလေး မာလွေဟာ စစ်သားလေးကို ထားလို့ ထွက်သွားရောတဲ့။

အဲဒီတော့ စစ်သားလေးဟာ ရှက်တယ်။ ဘာလို့ရှက်ဆို နာဂမကပစ်သွားတာကိုတောင် ခံရတာမို့တဲ့။ တစ်တပ်လုံးမှာ နာဂမက ပစ်သွားတဲ့ စစ်သားဆိုလို့ သူပဲရှိတာလေ။ ပြောခဲ့ပါပကော။ နာဂမလေးတွေဆိုတာ အဝတ်မဝတ်တဲ့ ရင်သားဟင်းလင်းဘဝကနေ ဇာဘော်လီဆင်ပေးတဲ့ သူ့တို့လင်သားကို ကျေးဇူးတင်တယ်လို့။ လစဉ်မှန်မှန် ပိုက်ဆံအပ်တဲ့ စစ်သားမောင်တွေကို ကြူကြူမွှေးပေးတယ်လို့။

အဲဒီမှာ သံခမောက်စိမ်းတပ်က စစ်သားတွေပြန်ပြောတဲ့စကားကို ဆရာရန်ကုန်ဘဆွေရေးပြသလို ပြန်ပြောရသော်

"မတူဘူးဗိုလ်ကြီး ဟိုကောင်က အသင်အပြကောင်းတဲ့ ဆရာကြီးဆိုတော့ ဟိုနာဂမက စာလည်းတတ်သွားတယ်၊ ဈေးတွေဘာတွေလည်း ရောင်းတတ်သွားတယ်၊ စက်တွေဘာတွေလည်း ချုပ်တတ်သွားတယ်၊ သိုးမွေးဆွယ်တာတွေထိုးပြီး ဗိုလ်ကြီးတွေအိမ် လက်ဆောင်သွားသွားပေးတော့ ဗိုလ်ကြီးတွေကလည်း မာလွေ…မာလွေနဲ့ ဖြစ်လာရော"

"အဲဒီတော့ မာလွေက သူ့အကောင်ကို တဖြည်းဖြည်း အထင်သေးလာရာက အဲဒီလိုဖြစ်သွားတာပဲ၊ ကျွန်တော်တို့ နာဂမတွေကတော့ အခုထိ ငွေတစ်ဆယ်ကို အကြွေတွေချည်း ပေးလိုက်ရင် တစ်နာရီလောက်ကြာအောင် ရေနေကြတုန်းရှိသေးတယ်။ အဲဒီတော့ မတူဘူးပေါ့ ဗိုလ်ကြီးရာ" တဲ့။

ဪ… လောကသဘောမှာ စစ်သားသည် စစ်သား၊ မယားသည် မယား၊ သူ့တို့စရိုက် တစ်ဘာသာစီပင်။

ဒါကြောင့်ပင် "မယားဟူသည်၊ သက်တူကျွမ်းဝင်၊ သဘောစင်က၊ လူတွင်မိတ်ချစ်၊ ဆွေရင်းဖြစ်" တတ်သလို၊ "အပြစ်တမူ၊ အမျက်ယူက၊ ရန်သူကြီးဖြစ်၊ သေမင်းစစ်" တယ်လို့ မဃဒေဝကတောင် ဆိုဖူးရဲ့မဟုတ်လား။

အဘယ်မျှပင် စစ်သားနဲ့နီးနီး မိန်းမသည် မိန်းမသာပင်။ ထို့အတူ အဘယ်မျှပင် မိန်းမနဲ့ လက်ပွန်းတတီးရှိစေ စစ်သားကား စစ်သားသာပင်။

အောင်မျိုးသူလွင်
၂၃၊၀၇၊၂၀၁၇
တနင်္ဂနွေ
နေ့လယ် ၀၂း၃၉

စာကိုး။ ။ (၁) ရန်ကုန်ဘဆွေ၊ မိန်းမဟူသည် (မြဝတီမဂ္ဂဇင်း၊ အတွဲ ၆၊ အမှတ် ၆၊ ဧပြီလ၊ ၁၉၅၈။
(၂) ဆရာဇော်ဂျီ ၊ အချစ်နှင့်စစ်ပွဲ
(၃)မဟာသုတကာရီမဃဒေဝလင်္ကာသစ်

Tuesday, July 11, 2017

ကျူး

ဖိုးသမားတစ်၊ နှစ်လုံးလက်ခွဲရောင်းသူ မိန်းမတစ်၊ လူမမယ်ကျောင်းသူတစ် တို့ မန္တလေးမြို့သစ်က ဘယ်သူပိုင်မှန်းမသိသော မြေကွက်တစ်ခုရှေ့တွင် ကွမ်းယာဆိုင်လေးတစ်ဆိုင် ကျူးဖွင့်ပြီး ဂေဟာပြုနေကြသောအခါ မိသားစုလေး ဖြစ်လာသည်။ သူတို့မိသားစုသည် အခြား ဘယ်သူ့ကိုမှ ထူးထူးခြားခြား ဒုက္ခမပေးသလို၊ ထူးထူးခြားခြား ဘယ်သူ့ကိုမှလည်း အကျိုးပြုသည် မရှိသော သာမန်မိသားစုလေး တစ်ခုသာ။

အိမ်ထောင့်ဝန်စီးဖြစ်သူ ကိုရွှေဖိုးသမားကို ကျွန်တော့်အဒေါ်တို့ လက်ဖက်ရည်ဆိုင်လေးထဲမှာ စတင်သိကျွမ်းခဲ့ရသည်။ သူ့ကို အိမ်ထောင့်ဝန်စီးလို့ ကျွန်တော်ခေါ်ရသည်ကား သူ့ဝန်သူ့တာမှ သူမထမ်းနိုင်၊ သူ့အကြောထဲထိုးဖို့ ဆေးဖိုးမှ သူ့ဟာသူ မရှာနိုင်၍ မယားဖြစ်သူ မရွှေကျော့က ကွမ်းယာရောင်းပြီး ရှာပေးရသည်။ 

သူတို့ ကွမ်းယာဆိုင်လေးကား မြောင်းဘေးမှာ ခနော်နီခနော်နဲ့ပါ။ အဲဒါလေးကို နောက်ဖေး မြောင်းဖုံးပေါ် အဖီချပြီး ညညကျ သူတို့မိသားစု အိပ်သည်။ ကွမ်းယာဆိုင်ဝင်ငွေမျှဖြင့် စားဝတ်နေရေး မလောက်ငှသောအခါ မရွှေကျော့က နှစ်လုံးထီ ဒိုင်ကြီးတစ်ခုမှ လက်ခွဲယူရောင်းသည်။ ထိုအခါ သူတို့အထွာနှင့် သူတို့ လောက်ငှအဆင်ပြေလာပုံနှင့် ဒီလိုပဲ အဆင်ပြေပြေ နေနေကြသည်။

သူတို့ သမီးငယ်လေးကား ကျွန်တော့် မျက်ထင် သုံးလေးတန်း ကျောင်းသူမျှ ဖြစ်ပေမည်။ အစာ အာဟာရ မပြည့်ဝ၍ ကလေးညှက်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပေမည်ဖြစ်ရာ အလွန်ဆုံး ငါးတန်းကျောင်းသူဟု ခန့်မှန်းသော်ရပေမည်။ ကျွန်တော် တစ်ခါဖူးမျှ မေးကြည့်ဖူးသည် မရှိသလို၊  ဒီမိသားစုမှာ ကျွန်တော်နဲ့ အပတ်သက် အဆက်ဆံရဆုံးနှင့် ကျွန်တော်အခင်ဆုံးကား ထိုအိမ်ထောင့် ဝန်စီး ဖိုးသမားပင်တည်း။

သူကလည်း ဒီဆိုင်ကို မကြာမကြာလာ၊ ကျွန်တော်ကလည်း အဒေါ်ရှိရာ ခဏခဏသွားနှင့် သူ့ကို ကျွန်တော်က နည်းနည်း မျက်မှန်းတန်းမိလာတော့ သူက ကျွန်တော့်ကို စာရေးဆရာလို့ခေါ်၍ ကျွန်တော်က သူ့ကို 'ဝန်စီး' လို့ခေါ်သည်။ ဒီလိုခေါ်၍ သူမနာပါ။ သူ့ကို အရေးအရာလုပ် စကားပြောသူဟူ၍လည်း ထိုလက်ဖက်ရည်ဆိုင်ထဲမှာတော့ ကျွန်တော့်တစ်ယောက် လောက်သာ ရှိပေမည်။ သူဆေးဖိုးမရှိသည့်အခါ ကျွန်တော့်ထံ တောင်းဖို့လည်း မရှက်ပါ။ ထို့အတွက် အတုံ့အလှည့် ဟိုနားဒီနား တစ်ခုခု ဝယ်လို၍ သူ့ကို ပိုက်ဆံပေးခိုင်းမိသော် အပြည့်အဝ ဝယ်ခဲ့လိမ့်မည် မထင်ပါနှင့်။

"စာရေးဆရာရာ မင်းဂျုံအိတ်က မရောက်သေးလို့တဲ့ အဲဒါစောင့်နေရတာ၊ ငါရိုးကွာ မင့်တရုတ်ကလည်း ဒါလေးပေးမယ့်အရေးကို၊ ငါ့မှာ ထိုင်စောင့်နေရတာ အကြာကြီး"

စသဖြင့် ပြန်လာသောအခါ သူ့ပါးစပ်လုပ်ဇာတ်တွေ နားထောင်ပေရော့။ သို့သော် မှာလိုက်သော ပစ္စည်းကား အစုံအလင် ပါမည် မဟုတ်ပေ။ သူ့ စပါးရောဖွဲရော လုပ်ဇာတ်တွေထဲမှာ ကိုယ်မှာလိုက်သော ဈေးဖိုးငွေတစ်ချို့ သူ့ဆေးဖိုး ဖြစ်ရလေသည်။ ထိုအတွက် သူ့ကို ဘယ်သူက ဘယ်မျှပင် ပြောဆိုစေ သူမနာတတ်ပေ။ ဆေးဖိုးရမည်ဆိုလျှင် ဘယ်လို လိမ်ရလှည့်ရ သိက္ခာမဲ့ရလို့မှ သူမရှက်တတ်တော့သလို ဆေးသမားတို့၏ ပကတိ သဘောကား ထိုသို့သာတည်း။

"ငထွန်းရယ် နင်ကိုက ဒီအကောင် ဒီအချိုးဆိုတာ သိသိကြီးနဲ့ ခိုင်းတာပါ၊ နင်သွားမဝယ်ချင်လည်း ကိုစိုးကို ခိုင်းမှာပေါ့…"

အဒေါ်လုပ်သူကတော့ ဝန်စီးကို မကြည်သူပီပီ ကျွန်တော့်ကိုသာ မဲပြီး မြည်တွန် တောက်တီး ပါတော့သည်။

တကယ်တမ်းလည်း ဝန်စီးက ကြည်ဖြူချင်စရာ တစ်စက်မှ မရှိပါ။

ကျွန်တော့် အဒေါ်၏ လက်ဖက်ရည်ဆိုင်လေးမှာ မြို့သစ်မှာ တွေ့နေကျ လက်ဖက်ရည်ဆိုင်လေးမျိုး ဆိုင်ခပ်လတ်လတ်၊ အလုပ်သမား အားပြုဆိုင်လေး။ ညညဆို ဘောလုံးပွဲ၊ မြန်မာကား စသဖြင့်ပြပြီး ဈေးရောင်းသည်။ အဲဒီ လက်ဖက်ရည်ဆိုင်ရဲ့ မျက်စောင်းထိုး လမ်းဟိုဘက်မှာ ဝန်စီးတို့ မိသားစုနေသည့် ကွမ်းယာဆိုင်လေး။

ထိုထို လက်ဖက်ရည်ဆိုင်လေးတို့ မည်သည် အလုပ်သမား စရိတ်ကို ဆေးလိပ်ဖိုးနှင့် ထိန်းရသည်။ ထို့ထက်ပို၍ ကျန်လိုသော် ကွမ်းယာဆိုင်လေးပါ တွဲဖွင့်။ ဒီသဘော ရှင်သန်ကြရသည်။ အဒေါ်တို့ ဆိုင်လေးကား စည်စည်ကားကား နေရာမှာ မဟုတ်ပါ။ ဆိုခဲ့ပြီးသလို ညနေညနေ အလုပ်သမားလူတန်းစားကို အားပြုရောင်းရသော ဆိုင်လေးမျိုး။

သို့သော် အဒေါ်သည် ဆိုင်စရိတ်ပိုကာမိဖို့ဟု သူ့လက်ဖက်ရည်ဆိုင်နှင့် တွဲကာ ကွမ်းယာဆိုင် မထွက်ပါ။ ဝန်စီးမိန်းမ မရွှေကျော့ကို သနားလို့ဟု ဆိုသည်။ မရွှေကျော့သမီးငယ် သုံးလေးတန်းအရွယ် ကျောင်းသူလေးကိုလည်း သနားသည် ဆို၏။

"မိန်းမလည်း လူရုပ်ကို မပေါက်တော့ပါဘူးအေ၊ အရင် ဒီကောင် ဆေးမစွဲခင်က မိန်းမက ခပ်ချောချောအေ့၊ အခု ဒီအကောင့်ဆေးဖိုးရှာပေးရတာနဲ့ ကလေးကျောင်းစရိတ်နဲ့ ကောင်မမှာ လုံးချာကိုလိုက်လို့"

"အခု ကွမ်းယာဆိုင်ထွက်တာတောင် မလောက်လို့၊ နှစ်လုံးထီပါ ရောင်းနေရရှာတာ"

မရွှေကျော့ကား အာဂမိန်းမပင်။ သူ့လင် ဝန်စီးကို ဘယ်နံရောအခါမှ အပြစ်တစ်စက် မဆိုရှာဘူးတဲ့။ သူ့သမီးလေးကိုလည်း မရှိ ရှိတဲ့ထဲက ခြစ်ကုတ်ပြီး ကျောင်းထားပေးသတဲ့။ မရွှေကျော့ မှာ ဆယ်တောင့်စားလို့ တစ်တောင့်မစပ်လှသော အမျိုးအနည်းငယ်တော့ အောက်ပြည်ဘက်မှာ ရှိသေးသတဲ့။ သို့သော် မရွှေကျော့အပြော သူ့အမျိုးတွေဟာ  စရိုက်ခပ်ပျက်ပျက်မို့ သူတော့ မဆက်ဆံချင်ဘူးတဲ့။ အဆင်ပြေ သောင်သာလာတဲ့ ရက်များဆို မရွှေကျော့ဟာ သူ့လင်အားရှိအောင် စားဖို့တဲ့ အမဲသား တစ်ဆယ်သားမျိုး အစိတ်သားမျိုး ပြုတ်တိုက်သေးတာ ဆိုပဲ။

ကျွန်တော့် မျက်မြင် ဝန်စီးကတော့ တစ်စက်မှ မေတ္တာရှိစရာ မကောင်းပါလေ။ ဘာအလုပ်မှ ဟုတ်တိပတ်တိ မလုပ်။ အားအားနေ လက်ဖက်ရည်ဆိုင်ထဲ လာထိုင်သည်။ သူ့မိန်းမ အဆင်မပြေလို့ သူဆေးဖိုးပြတ်လျှင် မျက်လုံးချင်းဆုံရာ လူထံမှ ပိုက်ဆံတောင်းသည်။ သူမို့ အိမ်သာဘက် ထွက်သွားပြီဆို အဒေါ်အပါအဝင် ဆိုင်ကလူတွေမှာ သတိထားနေရ၏။ အိမ်သာထဲများ ပိုက်တန်းလန်းနဲ့ သေနေလေမလားပေါ့။

ဒီတော့အခါကျ သူအိမ်သာသွားလို့ သုံးလေးမိနစ်ကြာတာနဲ့ ဆိုင်ရှိလူတွေမှာ အပေါ့မသွားချင်ဘဲ အပေါ့သွားဟန်ပြုလို့ အိမ်သာတံခါးကို ထုရသည်။ သူ့ကို မျက်ခြေအပြတ်မခံ မသိမသာ ကြည့်၍သာ နေရတော့သည်။

အဲ… သူ့မိန်းမ မရွှေကျော့ သောင်သာလို့ ဆေးဖိုးလေးများ လှိုင်လှိုင်ပြည့်တဲ့နေဆိုရင်တော့ ဘယ်သူ့မှ သူက ကောင်းကောင်း အဖက်လုပ် စကားမပြောချင်တော့ သလိုလိုပါ။ အခါတိုင်း ထောင့်ငါးရာမျိုး နှစ်ထောင်မျိုး ပေးတတ်လေ့ရှိသော ကျွန်တော့်ကိုပင်

"ငါရိုးမ စာရေးဆရာရ" ဆိုပြီး အဆဲလေးနှင့် စကာပြောတတ်သည်။

ဒီလိုဖြင့် အဲဒီ ဖိုးသမားကို ဆိုင်အလာမခံဘဲ မောင်းထုတ်လိုက်ပါတော့လားဟု ဆိုရန်ရှိ၏။ တစ်ရပ်ကွက်ထဲနေ ဖိုးသမားကို ဤလိုတော့ဖြင့် ကျွန်တော့်အဒေါ်တို့က မပြုဝံ့ပါချေ။ အကယ်၍ သူဆေးကြောင်တဲ့အချိန် ဆိုင်ကို မီးရေးထင်းရေး ဒုက္ခပေးသော် မခက်လား။ ဤကား ဝန်စီး ကျွန်တော့်အဒေါ် လက်ဖက်ရည်ဆိုင်ရှင်အပေါ် ပေးသော စိတ်ဒုက္ခပါပေ။ ကျွန်တော်ကတော့ သိပ်ကြီး သံယောဇဉ် ရှိလှသည် မဟုတ်သော်ငြား ခရီးသွားဟန်လွဲ သူ့ကို ခင်သည်။ တောင်စဉ်ရေမရ သူ့စကားတွေကို နားထောင်ရတာ တစ်ခါတစ်ခါတော့ စိတ်အပန်းပြေသလိုလိုပါ။

"ဒီအကောင်ကို မြန်မြန်လည်းသေပါမှ ရွှေကျော့လည်း အေးမှာပါအေ"

ဒီလိုနဲ့ပဲ အဒေါ်ဟာ ဝန်စီးကို မုန်းမုန်းနှင့်ပင် မရွှေကျော့ကို မိန်းမချင်း သနားကရုဏာ ပိုမိသောဟူ၏။ မရွှေကျော့ သမီးလေးကို ချစ်ခြင်းမေတ္တာထားမိသော ဟူ၏။ ဝန်စီးတို့ မိသားစုနှင့် ကျွန်တော့်အဒေါ်တို့ မိသားစုကြားမှာ ဒီလိုလေး ခပ်နွေးနွေး ဆက်ဆံရေးမျိုး ရှိတာပေါ့။ သူတို့ ရပ်ကွက်နီးသားချင်း ဘယ်သို့ဆက်ဆံရေး ရှိသည်ဖြစ်စေ ကျွန်တော့်အတွက် သိပ်ဂရုထားစရာ ဖြစ်သည် မရှိလှပါ။ ကိုယ့် မြန်မာ့ဓလေ့ ရပ်ကွက်လူနေမှု စနစ်ဆိုတာ ဒီလိုပဲ မတည့်အတူနေ တစ်အိမ့်တစ်အိမ် ကြည့်ရှုစောင်မတတ်ကြတာ မျိုးပဲ မဟုတ်လား။

"ဒေါ်လေး ဘာလို့ငိုနေတာလဲ ကိုစိုး"

မရောက်တာကြာ၍ သက်သက်အလည်သွားမိသော တစ်ရက်မှာ အဒေါ်ငိုနေ၍ သူ့ယောက်ျား ကိုစိုးကို အကျိုးအကြောင်း မေးကြည့်မိသည်။
"မင့်ကောင် ဝန်စီး သေလို့တဲ့ ဟေ့၊ မနေ့ကပဲ သူ့ကွမ်းယာဆိုင် နောက်ထဲ ပိုက်တန်းလန်းနဲ့ သေနေတာ တွေ့ကြတာပဲ"

လူတစ်ယောက်သေတာ ဝမ်းနည်းဖို့ကောင်းသည် မှန်သော်လည်း ကျွန်တော့်လူ ဝန်စီးလို လမ်းဆုံးဖိုးသမားတစ်ယောက် အဖို့မှာမူ ကျွန်တော်သည် ထိုအဖြစ်မျိုးကို တင်ကြို တွက်ဆ စိတ်ကူးထားပြီးသားမို့ ရင်ထဲ အင်မတိအင်မတန် ထိခိုက်လှသည် မရှိပါပေ။ ဒါကြောင့်ပင် ချက်ချင်း ဣနြေ္ဒကိုဆယ်ပြီး ကိုစိုးနဲ့ အဒေါ့်အကြောင်း ဆက်ပြောနိုင်ပါသည်။

"အောင်မယ် ကြားသားမိုးကြိုးဗျာ၊ ဝန်စီးသေတာ ဒေါ်လေးက ဘာလို့ ဒီလောက်ကြာကြာ ငိုနေဖို့ရှိသတုန်း"

"ဝန်စီးဘာလို့ သေတယ်ထင်လဲကွ"

"ဒီလောက် နံပါတ်ဖိုးထိုးနေမှဗျာ၊ ဆေးရှော့ဖြစ်တာ ဖြစ်မှာပေါ့၊ သူ့လည်း ကြည့်ဦး၊ လူပုံမှ ခပ်နဲ့နဲ့ကျန်တော့တာဟာ ကိုစိုးရ"

"အရင် သူ့မိန်းမ ရွှေကျော့ရှိတုန်းကတော့ ရွှေကျော့ဟာ သူ့လင်ကို ချစ်ရှာတယ်ဟ၊ ထမင်းချိန်ထမင်း မှန်ရအောင် ဂရုစိုက်ကျွေးရှာတယ်။ သူ့လင် အားနည်းတယ်ထင်ရင် အမဲသားပြုတ်ရည်တွေဘာတွေ ပြုတ်တိုက်လို့၊ ဒါနဲ့ ဒီကောင် အသက်ဆက်နေရတာဟ"

"အခု မရွှေကျော့က ဘယ်ရောက်သွားလို့တုန်း"

"နှစ်လုံးထီရောင်းလို့တဲ့ ပြီးခဲ့တဲ့ အပတ်က ရဲဖမ်းသွားတယ်လေ၊ အခု အမှုက ခြေလွန်လက်လွန်ဖြစ်ကုန်ပြီ၊ တရားရုံးရောက်ပြီး နှုတ်မရတော့ဘူး"

"ဗျာ…။ အဲဒါဆို သူတို့သမီး ကျောင်းသူလေးရော"

"မင်းအဒေါ်ငိုနေတာ အဲဒါပဲလေ ငထွန်းရ"

ကျွန်တော့်မှာ ပြောစရာ စကားတို့ ထိုခဏမှာ ဆွံအသွားရသည်။ အတွေးတို့ဖြင့် ဗလုံးဗထွေး နပန်းသတ်ရင်း ဘယ်သူ့ကို မကျေမနပ်ဖြစ်ရနိုးနိုး ထုတ်လည်း မပြောချင်တော့ပါ။

ဒီမိသားစုလေးသည် ကျွန်တော့်စာအစမှာ ဖော်ပြခဲ့သလို ဘယ်သူ့ကိုမှ ထူးထူးခြားခြား ကောင်းကျိုးပြုသည် မရှိသလို၊ ဘယ်သူ့ကိုမှလည်း ထူးထူးခြားခြား ဒုက္ခမပေးသော သာမန်မိသားစုလေးပင်။ ဒီမိသားစုလေးမှာ မရွှေကျော့က သူ့လင်နဲ့ သူ့သမီးလေးကို ချစ်တာ သိပ်သိသာသည်။ ဘဝအမော အဆိုးလောကဓံ လေးတန် ရိုက်ခတ်တာ မှန်သမျှ မိန်းမမာန်နှင့် သူ့မိသားစုအတွက်သူ ဗေဒါပျံအံကိုခဲ ဖြတ်ကျော်နေတာ လေးစားဖို့ကောင်းသည်။

ဒါကြောင့်ပဲ အရပ်ထဲမှာ သူ့လင် ဝန်စီး တတိတိ စိတ်ငြိုငြင်မှုပေးလေသမျှ အရပ်က သည်းခံပြီး နေခဲ့ကြသည်။ ဒီမိသားစုလေးသည် ကျူးမိသားစုလေး ဖြစ်ပါသည်။ သူတို့သည် ရပ်ကွက်လမ်းနဘေးမှာ ကျူးပြီးနေသည်။ ရပ်ကွက်သားတွေက လူသားအချင်းချင်း စောင့်ရှောက်အပ်သော စိတ်စေတနာဖြင့် ထိုအတွက် မျက်စိမှိတ် နေပေးခဲ့ကြသည်။

ဝန်စီး ဖိုးသမားဆိုတာ ဒီတစ်ရပ်ကွက်လုံး သိသည်ပင်။ ဝန်စီးသည် သူ့တစ်ကိုယ်စာ သာယာမှုတည်း ဟူသောအကြောင်းဖြင့် ဥပဒေကိုကျူးသည်။ သို့သော် မရွှေကျော့ကို မျက်နှာနာသလို တကယ်လည်း တိတိပပ ဘယ်သူ့မှ ဝန်စီးက ဒုက္ခပေးဖူးသည် မရှိ၍ ဒီမိသားစု အသိုက်အမြုံလေး မပျက်ဖို့ အရပ်က မျက်စိမှိတ် နေပေးခဲ့ကြသည်ပင်။

သူ့လင်နဲ့ သူ့သမီး စားဖို့ဝတ်ဖို့အတွက်ဟု အစိုးရက တားထားသော ဥပဒေကို မရွှေကျော့က ကျူးကာ နှစ်လုံးထီရောင်းရ ရှာသည်။ ဓားပြတိုက်တာမဟုတ်သလို၊ သူ့ဥစ္စာခိုးတာလည်း မဟုတ်၍ လာစမ်းဟဲ့ ငါးရာဖိုး တစ်ထောင်ဖိုးဟု တစ်ကွက်တလေပင် အရပ်က ဝိုင်းအားပေးကြရာ ကျွန်တော်ပင် လောင်းကစား ဝါသနာမပါသော်ငြား တစ်ခါတလေ ပါမိပါသေးသည်။

ဒီမိသားစုလေးကို ရပ်သူရပ်သားတို့က မေတ္တာ စေတနာဖြင့် မျက်စိမှိတ်နေပေးခဲ့သလို ဥပဒေနှင့် ဆိုင်ရာ လူတစ်ချို့ မျက်စိမှိတ် မပေးနိုင်ကြသောအခါ…

မရွှေကျော့ အချုပ်ထဲမှ တရားဆိုင်ရသည်။

တရားဆိုင်ရင်း ရက်တွေကြာလာသောအခါ အရင်လို ထမင်းရက်ချန်၊ ရေရက်မှန် ချက်ပြုတ်ကျွေးမွေးမည့် မယားမရှိရကား လင်ဖြစ်သူ ဝန်စီးကို သူတို့ကွမ်းယာဆိုင်နောက်ဖေးမှာ အပ်တန်းလန်းနှင့် သေနေတာ တွေ့သည်။

ထိုအခါ မရွှေကျော့ သိပ်ချစ်ရှာသော သုံးလေးတန်းကျောင်းသူအရွယ် သမီးငယ်လေး၏ ဘဝသည်…။

ရပ်ကွက်ထဲက ကျူးမိသားစုလေး၏ ဘဝနောင်ရေးသည်….။

တစ်ခါတလေ လူသားတွေကောင်းဖို့ဟု မိုးကြီးရွာစဉ် ပုရွက်ဆိတ်လေးတွေ တွင်းပိတ်သေရတတ်သော အဖြစ်သည် ရှိ၏။ သို့သော် မိုးကား ရွာရမည်ပင်။

သို့သော် ကျွန်တော့်မိတ်ဆွေကြီး ဝန်စီးတို့ မိသားစုလေးမှာမူကား မိုးကြီးလေကြီးမှ မလာသေးမီ ဘာမဟုတ်သော ကွက်ကြားမိုးပြေးလေး အဝေ့မှာ သူတို့ မိသားစုဂေဟာလေး ရေထဲမျောရ ရှာလေတော့သည်။

အောင်မျိုးသူလွင်
၀၇၊၁၁၊၂၀၁၇
အင်္ဂါ
ည ၀၆း၄၂

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...