Aungmyothu Lwin

Aungmyothu Lwin
Facebook

Thursday, October 15, 2015

ရုပ်သေး



"ချစ်စု နင် ဒီမုန့်စားလိုက်တော့၊ ရက်လည်း လွန်နေပြီ၊ လွင့်ပစ်ရမယ့် အတူတူ နင်ပဲစားလိုက်တော့နော်"

ဘေးလူကြားလို့တောင် မကောင်းတဲ့ စကားကို အခုလို ခပ်ကျယ် ကျယ်လေးပြောဖို့ ကေ ရန်ကုန်ကိုလာကတည်းက လမ်းမှာ ဒီမုန့်ထုပ်တွေကို တံဆိပ်တွေ ခွာပစ်ခဲ့ရတာလေ။ နောက်တော့ မုန့်လေးတွေ ကြေသွားအောင် နည်းနည်းဖိချေပြီး လူမြင်မတင့်အောင်လည်း လုပ်ခဲ့ရသေးတာပေါ့။ တကယ်လို့ ဒီလိုလုပ်တာသာ မေမေ သိရင် ကေ့ကို ဆူမှာဖြစ်ပြီး၊ အခု ကေပြောတဲ့ စကားကိုသာ သူစိမ်းတစ်ယောက်နားမှာ ကြားရင်တော့ ကေ့နှလုံးသားကို တံဆိပ်တွေ အမျိုးမျိုး ကပ်ကြမယ် ထင်ပါရဲ့။

ဒါပေမယ့် ကေကလေ၊ ဘေးအမြင်တွေလည်း မမှုပါဘူး။ မနက် မနက် ဈေးဝယ်ထွက်လို့ ဈေးဆိုင်တစ်ခုခုက ပစ္စည်းတစ်ခုခု ဘေးမှာ ကျနေတာ အမြင်မတော်ရင် ကေက ကောက်ယူပြီး တင်ပေးလိုက်တာပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ သူတို့ပစ္စည်းကို အမှတ်တမဲ့ ကောက်တာမြင်တဲ့ တချို့ဆိုင်ရှင်တွေက အကြည့်တစ်မျိုးနဲ့ ကြည့်တာလည်း ရှိတာပေါ့။ ကေ့ လုပ်ရပ်အတွက် ကျေးဇူးတင်တင်၊ အထင်လွဲလွဲ ကေကတော့ သူတို့ ပစ္စည်းကို ဘေးကျနေလို့ ကောက်ပေးတာပဲ မို့ လိပ်ပြာသန့်ပါတယ်။
တစ်ခါတလေဆို ကေ မစားချင်တဲ့ အသားဟင်းတွေ သုံးလေးဖတ် ကေ့ ထမင်းပန်းကန်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ဟင်းရည်နဲ့ နည်းနည်း နယ်ဖတ်၊ ဟန်ပြလေးစားပြီးတော့ "စားလို့လည်းမကောင်းဘူး ချစ်စု ရယ် သွန်ပစ်ရမယ့် အတူတူ နင်စားလိုက်တော့" ဆိုပြီး ကေကတော့ ချစ်စုကို ကျွေးပစ်မိ လိုက်တာပဲ။ ချစ်စုက ဒီအိမ်မှာ ပင်ပန်းတယ်လေ။ ဒါပေမယ့် မေမေဆိုတာလည်း ကေ့ကို မွေးထားတဲ့ မေမေပဲမို့ တစ်ခါက နှစ်ခါဆိုတော့ ရိပ်မိတာမျိုး ရှိတာပေါ့။ 

"ကောင်မလေး နင်စားမယ်ဆိုမှ အသားဟင်းကိုနင့် ပန်းကန်ထဲထည့်" တဲ့။

ကေ အသားမကြိုက်တာ မေမေသိတာကိုး။

ဒါတွေတွေးမိရင် ကေ ဝမ်းနည်းလိုက်တာ တကယ်ပဲ။ ဒီ အမေ၊ ဒီ မိသားစု၊ ဒီမောင်လေးတွေကြားမှာ ဒီစိတ်ဓါတ် ကြမ်းကြမ်းကြီးတွေ ဘယ်ကြောင့် ခိုအောင်းနေတာလဲလို့ ကေ ခဏခဏတွေးတယ်။ ဆယ့်လေး နှစ်လောက် ကလေးသာသာ ကောင်မလေးကို တစ်အိမ်လုံးက အလုပ်တွေ ခိုင်းရက်ကြတယ်။ တစ်ခုခု လုပ်တာမှားရင် သူ့ခမျာ အရိုက်ခံရသေးရဲ့။ ကေတို့ ထမင်းစားရင် သူ့ကို အတူတူ မကျွေးဘူး။ သူစားရတာက စားပွဲနဲ့ မဟုတ်၊ ကြမ်းပြင်ပေါ်မှာလေ။
"မမရယ် ချစ်စုကိုကလည်း အ ပါတယ်" တဲ့။

ချစ်စုက တစ်ခါ တခါ စိတ်လိုလက်ရ ရှိရင် ဒီလိုပြောတာ။ သူ ဒီလိုပြောရဲတာ ဆိုလို့လည်း တစ်အိမ်လုံးမှာ ကေ တစ်ယောက်ပဲ ရှိတာပါ။ ချစ်စု ရောက်ခါစ သုံးလေးလလောက် မေမေ ရိုက်တာ ခဏခဏ ခံရတယ်။ လျှပ်စစ် ထမင်းပေါင်းအိုးကို ဘယ်လို ချက်ရတယ်ဆိုတာ သုံးလလောက်သင်တာကို ချစ်စုက မတတ်ဘူးလေ။ ဆန်ကို ရေဘယ်လောက်ထည့်ပြီး ဘယ်အချိုးအစားနဲ့ ထည့်ပါဆိုတာ ချစ်စု ကို သင်လို့ရတယ်။ ဒါပေမယ့် ချစ်စုမမှတ်မိတာ ထမင်းပေါင်းအိုးရဲ့ အတွင်းအိုးဆံထဲကို ဆန်ထည့်ချက်ရမှာကို ဆန်ဆေးပြီးတိုင်း အိုးခွံထဲဒီအတိုင်း လောင်းလောင်းထည့်လိုက် မိတတ်တာပါပဲ။

တစ်ခါက နှစ်ခါ သင်တာ မတတ်တော့ မေမေက ဒီကောင်မလေး ငါ့ကို ရွဲ့တယ်ပေါ့။ မေမေ ဒီလိုထင်တိုင်း ချစ်စု ခမျာ အရိုက်ခံရရှာတယ်။ နောက်တော့ ကေက သေချာသင်ပေးပါတယ်။ ဒါတောင် သုံးလလောက် သင်ရတယ်ဆိုတော့ ချစ်စုကို အူတယ်လို့ တချို့က ဆိုမလားပဲ။ ချစ်စုကလည်း ထုံပေပေရယ်။
အဝတ်လျှော်ပြီးလို့ လှန်းထားတာ ရေစက်စက်တွေ့ရင် ရေပြောင်အောင် မညှစ်ဘူးဆိုပြီး မေမေက ဆူတယ်။ ပြောင်နေအောင် သူ့အားလေးနဲ့ တအားညှစ်နေတာကို မောင်လေးတွေတွေ့ရင် "နင်အဲလောက် ညှစ်နေမှတော့ ငါ့တို့ အင်္ကျီတွေ နာကုန်မှာပေါ့ဟဲ့၊ 'သူခိုး နွားကောင်းမသိ' လုပ်ရမလား" ဆိုပြီး အဆူခံရပြန်ရော။
တစ်ယောက်က အဝတ်ကို နေပူထဲလှန်းရင် အရောင်လွင့်မယ် ပြောချိန်မှာ၊ နောက်တစ်ယောက် ဝင်လာချိန်ကျ မခြောက်မှာ စိုးလို့ ဆူပြန်သတဲ့။ ဒီလိုပဲ အင်္ကျီလေးတစ်ခုကို အတွင်း အပြင် ပြောင်းပြန်လှန်းထားမိရင် အပျင်းသလိုက် လုပ်တယ်လို့ မောင်လေးတွေ ဆူချိန်မှာ၊ အတည့်အတိုင်းလှန်းရင် အရောင်လွင့်တယ်လို့ မေမေက ဆူပြန်ရော။ ဒီလိုကလေးမျိုးမှ မအူ၊ မထုံရင် ဘယ်ကလေး အူမလဲလေ နော်။

အူ တယ်၊ အ တယ်ဆိုတာ ချစ်စုမှ မဟုတ်ပါဘူး။ ကေ လည်းလေ တစ်ခါတလေကျ ခပ်အူအူပဲရယ်။ ကေ့ဘဝမှာ တစ်ခါဖူးမှ ကေ့စိတ် ကေ့သဘောနဲ့ ဆုံးဖြတ်ချက်ချ လုပ်ခဲ့ဖူးတာ ဘာမှ မရှိပါဘူး။ ကေ တစ်နေရာရာ သွားချင်ရင် အိမ်က ကားနဲ့လိုက်ပို့တယ်။ ကေလိုချင်တာရှိရင် မိဘတွေကို ပူဆာလိုက်တယ်။

စကားအလျှဉ်းသင့်လို့ ကေ သိပ်ပူဆာ တတ်တဲ့အကြောင်း ပြောရဦးမယ်။ ကေ အရုပ်လေး တစ်ခု လိုချင်တယ်ဆိုပါစို့။ မေမေ့ကို အဲဒါလေး ဝယ်ပေးလို့ ကေက မပြောသေးဘူး။ အိမ်ပြန်ရောက်ပြီဆိုမှ မျက်နှာထားကို ခပ်တည်တည်လေး ကေ နေလိုက်တယ်။ ကေ့ မျက်နှာ ညိုနေလို့ မေမေမေးပြီဆိုတော့မှ

"မေမေရယ် စောစောကလေ ဟိုဆိုင်က အရုပ်ကလေးတွေက ပြောတယ်၊ မမတို့ အိမ်ကသိပ် သာယာမှာပဲနော်တဲ့၊ သားတို့လေ မမတို့အိမ်ကို သိပ်လိုက်ချင်တာပဲ တဲ့၊ အဲဒါ ကေ ကလေ မမကတော့ ခေါ်ချင်ပါတယ်ကွယ်၊ ဒါပေမယ့် မမ မေမေက ခွင့်ပြုမှ ခေါ်လို့ရမှာကွဲ့၊ အဲဒါ မမ မေမေကို သွားပြောနော်ဆိုတော့ သူတို့က မေမေ့မျက်နှာကြီးကိုကြည့်ပြီး မပြောရဲလို့တဲ့ နေခဲ့ကြရှာတယ်" လို့ ကေက ချွဲချွဲနွဲ့နွဲ့ ပြောရင် ခပ်တည်တည် မေမေ့ မျက်နှာကြီး တဟားဟား ထရယ်ပြီး ကေ့ကို ပိုက်ဆံထုတ်ပေးတာပဲ။ ကေလိုချင်တာဆို ကေ က အဲလိုပူဆာတာ။

ဒါပေမယ့် မေမေက ကေ မလိုချင်တာတွေလည်း ကေ့ဘဝထဲကို ဇွတ် ထည့်ပေးတာပါပဲ။

ကေ အခုထိ ကိုသီဟ ကို ဘယ်လိုသဘောထားရမှန်းကို မသိဘူးရယ်။ သူဆိုးလားဆိုတော့ အိမ်မှာဆို ကေ့ကို အကုန်အလိုလိုက်တယ်။ ဒါပေမယ့် ကိုသီဟကြီးဟာလည်း မေမေတို့လိုပဲ။ ကေဘယ်သွားသွား သူမပါရင် အဖော်တစ်ယောက် ထည့်လွှတ်တယ်။ ကေ ဘာဝယ်ဝယ် သူက ဘေးကနေ ကေဝယ်သမျှတွေ အကုန် မနိုင်မနင်းဆွဲလို့။ ကြာတော့ ဘေးလူအမြင်မှာ ကေ ပဲ ယောင်္ကျားကို စီးပိုးနေတဲ့ လူလိုလိုကြီး။ ကေ စိတ်ညစ်တယ်။ မေမေဆို ကေ တက္ကသိုလ်စတက်တုန်းကတောင် ကားနဲ့ လိုက်ပို့သေးတာ။ ကြာတော့ ကေက ရှက်လွန်းမက ရှက်လို့ တော်ပါတော့ မေမေရယ်၊ မေမေပါရင် သမီး ကျောင်းမတက်တော့ဘူးဆိုမှ ကေ့ဖာသာ သွားတက်ခွင့်ရတယ်။

အိမ်ကလူတွေက ကေ့ကိုဆို အထင်လည်း မကြီးကြပါဘူး။ ကေလုပ်သမျှ တစ်ခုမှ အကောင်းမထင်သလို ကေထားသမျှ ရည်းစားလည်း တစ်ယောက်မှ ကောင်းတယ်မပြောဘူး။ ထားသမျှ ရည်းစားဆိုလို့ မှတ်မှတ်ရရ နှစ်ယောက်လားပဲ ကေထားဖူးပါတယ်။ ပထမတစ်ယောက်တော့ မေမေကြောင့် ပြတ်ကရော။ ဒုတိယ တစ်ယောက်နဲ့ ဖြစ်စမှာပဲ ကေ့ကို ကိုသီဟနဲ့ အိမ်ထောင်ချပေးလိုက်တယ်လေ။ ကေကတော့လေ မေမေတို့ စိတ်ချမ်းသာ ဖို့ဆို အကုန်လိုက်လျှောတာ အကျင့်လိုကို ဖြစ်နေပါပြီ။

အခုချိန်ထိ ကေ့ ဘဝမှာ အဝတ်အစားကိုတောင် ကေ့ဆုံးဖြတ်ချက်နဲ့ ကေ မဝတ်ရဘူးလေ။ ဟိုဟာ ဝတ်တော့ တိုပြန်တယ်၊ ဒီဟာဝတ်တော့ လည်ဟိုက်သတဲ့။ တစ်ခါတလေလည်း အခြားကောင်မလေးတွေ ဝတ်တော့ကျ ကြည့်ပြီး ကေ ဝတ်မှ ဘာလို့ လိုက်ပိတ်ပင်နေကြတာတုန်းလို့ ကေက ပြန်မေးချင်မိတယ်။

"နင်က ငတ်မှ မငတ်ဖူးတာကိုးဟဲ့၊ ငတ်တာကို ဘယ်နားလည်မတုန်း၊ ငါတို့က နင့်ကို မကောင်းတဲ့ လမ်းပို့တာမှ မဟုတ်တာ" တဲ့။ မေမေရယ်၊ ဖေဖေရှာထားတဲ့ ပိုက်ဆံတွေ ဒီလောက်များတာများ ကေ ငတ်စရာလားလို့ တစ်ခါတလေ ကေ မေးချင်တယ်။ ကေ တို့ ဆင်းရဲနေတာမှ မဟုတ်တာ၊ ဘာကြောင့် ကေမသိတဲ့ ဒီလူကြီးနဲ့ ကေ့ကို ပေးစားမှန်း ကေ မတွေးတတ်ဘူး။ သူက လူဆိုးမဟုတ်ပေမယ့်၊ မေမေတို့နဲ့ ဘာမှမထူးတဲ့ လူတစ်ယောက်ပဲလေ။ ကေ့ကို လှောင်ချိုင့်ထဲ သူ ထားချင်တယ်။ ဒါကြောင့်ပဲ ကို သီဟရဲ့ မန္တလေးအိမ် လှောင်ချိုင့်မှာ နေရတာရိုးလာတဲ့အခါ မေမေတို့ ရန်ကုန်အိမ် လှောင်ချိုင့်ကို မကြာခဏ အလည်လာတာပေါ့။ ကေ့ဘဝက လှောင်ချိုင့်နှစ်ခု ကူးလူးနေရတာလေ။

ချစ်စုက စာလည်း မတတ်ရှာပါဘူး။ အဲဒါ ကေက ချစ်စုကို ကေ မေမေတို့အိမ်မှာ ရှိနေဖြစ်တဲ့အခါ သူအားတုန်းလေး စာသင်ပေးတယ်။ အခုဆို ချစ်စုက ကေ့နာမည်ကိုတောင် နည်းနည်းရေးတတ်နေပြီလေ။ အဲလိုရေးပြတော့ ကေပျော်လိုက်တာ။ ဒါပေမယ့် ဘာလို့လဲတော့ မသိ၊ သူရေးတတ်တာ အဲဒီနာမည်တစ်ခုပဲ။ အခုဆို ချစ်စု နာရီလည်း ကြည့်တတ်ပြီ။ အဲဒါလည်း ကေသင်ပေးတာလေ။

မောင်လေးတွေ ဆိုးသမျှ၊ မေမေနှိမ်သမျှ ချစ်စုက ကေ့ကိုတော့ ချစ်ရှာတယ်။ ဒါကြောင့်လည်း တစ်ခါတခါ ချစ်စု အပြစ်လုပ်ရင် ကေမပြောဘူး။ စားပွဲပေါ် ပိုက်ဆံအလွယ်ထားရင် ချစ်စုက မသိအောင် ယူထားတတ်သလို၊ မုန့်တွေဘာတွေ အထူးအဆန်းလည်း သူက စားချင်ရှာတယ်ထင်ရဲ့၊ လွယ်လွယ်ထားရင် မသိအောင် ယူစားတယ်။ ကေ ကတော့ အကျင့်ပျက်တာ မကြိုက်ပေမယ့် ဘာမှ မပြောပါဘူး၊ ချစ်စု အဆူ၊ အရိုက်ခံရမှာ စိုးတယ်လေ။ 

"နင် အဲလို ကြပ်ကြပ်အလိုလိုက် ဟိုက ခေါင်းပေါ်တက်နင်းသွားမယ်" တဲ့။

မေမေ့ စိတ်တွေက သိပ်ကြမ်းတာပဲ။ မေမေ့ကို ကြည့်ပြီး တစ်ခါတလေ ကေ မျက်ရည်ကျတယ်။ အရာရာ သူ့စိတ် သူ့ဆန္ဒ၊ သူ့သဘောမှ မလိုက်နာရင် အကုန်ပွဲကြမ်းတာပဲ။ ခိုင်းတဲ့ အလုပ်တွေမပြီးရင် ချစ်စုကို ညစာ ထမင်းမကျွေးတာလည်း ရှိသေးရဲ့။ မေမေရယ် လူတစ်ယောက်ကို အဲလို မလုပ်ပါနဲ့လို့ ကေက ဒေါသထွက်ထွက်နဲ့ ဝင်ပြောတော့၊ မေမေရော မောင်လေးတွေရောက တက်ညီလက်ညီ ကေ့ကို အိမ်ပေါ်က မောင်းချကြတယ်လေ။ ကိုသီဟ ဆီပြန်ပေါ့။ ကေ့ဘဝက ဘယ်သွားသွား ဘာမှ မထူးပါဘူးလေ။ ဟိုလှောင်အိမ်၊ သည် လှောင်အိမ်၊ ဒီလိုပဲ ကြိတ်မှိတ် မျိုသိပ်ပေါ့။

အိမ်မှာ ပိုတဲ့ ဟင်းတောင် ဒီကလေးကို မကျွေးချင်လောက်အောင် ဘယ်စိတ်တွေကများ မေမေနဲ့ မောင်လေးတွေကို လွှမ်းမိုးထားလေသလဲ။ ကေ က အဲဒါကို မေးရင် "သူ့အိမ်မှာလည်း ဒါမျိုးစားရတာ မဟုတ်ဘူး၊ ဒါမစားရလို့ သူ့မှာ ဘာမှ မထူးဘူး" တဲ့လေ။

 ကေ လေ သူတို့ အစားဝမ်းနည်းလိုက်တာ။ ဒီစိတ်ကြီးကို မရှက်ကြ တော့ဘူးလား။ ဒါကြောင့် ကေ ချစ်စုကို တစ်ခုခု ကျွေးချင်ရင် လွှင့်ပစ်ရမယ့် အတူတူဆိုတဲ့ ပုံမျိုးဖြစ်အောင် အစားအသောက်ကို ရုပ်ဖျက်ရတာ။ ဒီအတွက် ကေကသာ စိတ်မကောင်း ဖြစ်နေတာ ချစ်စုကတော့ ဘယ်လို ရုပ်ဖျက်ထားထား ဂရုမထားပဲ အားပါးတရတော့ စားသား။
တစ်နေ့ကတော့ ကေ့မောင်လေးတစ်ယောက်က ရိုက်လိုက်လို့ ချစ်စု မျက်နှာဖူးယောင်လာတယ်။ ကေလေ စိတ်မကောင်းလိုက်တာ။ အဝေးက ဖေဖေ့ကို ကေလှမ်းတိုင်လည်း ဖေဖေမှ ဒီအိမ်မှာ အမြဲတမ်းလာမနေ နိုင်သေးတာ။ တစ်အိမ်လုံးနဲ့ တစ်ယောက် ကေ ရန်ဖြစ်ပစ်လိုက်မိတယ်။ မေမေက ထုံးစံအတိုင်း ကေ့ကို ကိုသီဟဆီပြန်ဖို့ အိမ်ပေါ်က မောင်းချတယ်။

ကေ ဘာတတ်နိုင်မလဲ။ ကေ့ဘဝက ငယ်ငယ်ကတည်းက ကြိုးဆွဲရာ ကရတဲ့ ဘဝမို့ လောင်အိမ်နှစ်ခုကြား စုန်ချည် ဆန်ချည်ခရီးပဲ ရှိတာလေ။ မခံစားနိုင်တဲ့ အဆုံး ကေက ချစ်စုကိုပြောရတယ်

"ချစ်စုရယ် နင်လည်း အိမ်အပေါ်ထပ် ငါ့အခန်းကို မလာပါနဲ့။ ငါလည်း နင်ရှိတဲ့ အောက်ထပ်ကို မဆင်းချင်ဘူး။ နင့်မျက်နှာမြင်ရတာ ငါစိတ်မချမ်းသာလို့ပါဟာ" လို့။

ချစ်စုကတော့ တုံဏိဘာဝေပဲ။ ချေစုံပစ်ရပ်ပြီး ဘာမှကို မပြောတာ။ ကေ့ စိတ်ထဲ ဒီကလေးကိုမြင်ပြီး ရင်ထဲ ဆို့လာတယ်။

"ချစ်စုရယ် နင်ဒီအိမ်မှာ မလုပ်ပါနဲ့တော့လား"

"အမေက ခြောက်လစာ တစ်ခါ ယူသွားပြန်ပြီ မမ၊ ခြောက်လပြည့် အောင် လုပ်ပေးရဦးမယ်"

"ဒါဆို အဲဒီ ခြောက်လစာ ငါစိုက်ပေးမယ်လေ၊ နင် ရွာပြန်ပါ တော့လား"

"ရွာပြန်လည်း အမေက ဒီလိုပဲ နောက်တစ်အိမ် ထပ်ပြန်ပို့ဦးမှာပဲ လေ…" တဲ့။

ချစ်စုရယ် ဆိုပြီး ကေ့မျက်ရည်တွေ ဆို့တက်အလာ၊ ချစ်စုက လေးလေးအေးအေး ဖျော့တော့တော့ အသံနဲ့ ကေ့ကို မော့်ကြည့်ပြီး နောက်ထပ် တိုးတိုးလေး မျက်ရည်အဝိုင်းသားနဲ့ ပြောလိုက်တာက

"ဒီ အိမ်ကမှ မမရှိသေးတယ်လေ" တဲ့။

သူ့မျက်ဝန်းက မျက်ရည်တွေမှာ ထွက်ပေါက်မဲ့ အဓိပ္ပါယ်တွေနဲ့။ ဒီအချိန် မှန်တစ်ချပ်ရှေ့ချထားရင် ကေ့မျက်ဝန်းကိုရော ကေ့ဟာကေ အဓိပ္ပါယ် ဖတ်ရဲပါ့မလား မသိ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်အတွက် မစွမ်းနိုင်တောင် ချစ်စုအတွက်တော့ ကေက ထွက်ပေါက်တစ်ခုလို ဖြစ်နေသေး တာပဲ ကျေနပ်မိသေး သလိုလို။

အောင်မျိုးသူလွင်
၁၅/၁၀/၂၀၁၅
ကြာသပတေး
ည ၀၈:၀၈

Thursday, October 8, 2015

ဘောင်

အပိုင်ဝယ်ဖို့ မတတ်နိုင်တဲ့ ပစ္စည်းတစ်ခုကို ခဏပိုင်ဖူးခဲ့သလိုပေါ့။

🔺 🔺 🔺 🔺

တစ်ခါတစ်ခါ ကျွန်တော်ဟာ ချစ်သူသောက်တဲ့ အရက်ဖြစ်ချင်တယ်။ တစ်ခါတစ်ခါကျ သူ့ကား ဒက်ရှ်ဘုတ်ပေါ်က စီးကရက်ဗူးလေးပေါ့။ ချစ်သူ ညနေတိုင်းကူးတဲ့ ရေကူးကန်လေးလို၊ ညည ချစ်သူ အပျင်းပြေတက်တတ်တဲ့ ကလပ်တွေလို၊ ကျွန်တော်ဟာ ချစ်သူကို သာယာမှုသာ ပေးမယ်လို့ ကိုယ်စွမ်းသလောက် မာန်ကို ခဲခဲ့သူပါ။

ချစ်သူရယ် ကိုကိုနဲ့ အရက်၊ ဒါမှမဟုတ် ကိုကိုနဲ့ မင်းအပတ်အသက်တွေ၊ ဒါမှမဟုတ် ကိုကိုနဲ့ ချစ်သူဘေးက ရေလိုက်ငါးလိုက် လူတစ်စု၊ ဘယ်တစ်ခုကို ပိုချစ်တုန်းလို့ ကလေးဆန်ဆန်လည်း မေးခဲ့ဖူးတယ်။ ကိုကို့ကို ချစ်ခဲ့တာ ကိုကိုနားမလည်ခဲ့ဘူး တဲ့။ ချစ်သူရဲ့တိုင်းပြည်မှာ ချစ်သူက ဘုရင်မမှန်း ကိုကိုသိပါတယ်ကွယ်။ ကိုကို့ရွာမှာလည်း ကိုကိုဟာ သူကြီးလို နေခဲ့တာပါ။ အချစ်မှာ နားလည်မှုဟာ တာရှည်ခံဆေးဆိုတဲ့ အယူတစ်ခုနဲ့ အလျှော့ပေးခြင်း နိယာမတွေကို အရင်းပြုပြီး ကိုတို့ ဆက်ဆံရေးကြီး အသက်ငင်သွားတိုင်း ရာဇဝင်ရိုင်းခါမှ ရိုင်းစေ ကိုကို့ ယောင်္ကျားမာနကို ခဝါချခဲ့တော့ ချစ်သူက ကိုကို့အချစ်ကိုပါ နေထုတ်လှန်းပါရော။ ပူတာပေါ့ အချစ်ရယ်။ ဒါကို မင်းပျော်တယ်လား။

ချစ်သူလို လွတ်လပ်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ ရင်ထဲ ဘောင်တွေဒီလောက်များမယ်မှန်း ကိုကို မသိခဲ့ဖူးကွယ်။ ကိုကိုက ချစ်သူကို တော်လှန်ရေးသမားတစ်ယောက်လို့ ထင်နေချိန်မှာ ချစ်သူက မိရိုးဖလာတွေထဲ အလင်းဝင်ပစ်လိုက်တော့ စည်းအပြင်မှာ ငူငူကြီး ရပ်ကျန်ခဲ့တဲ့ ဒီကောင်ဟာ သိုးမည်း လား။ ထုပ်ပိုးမှု ကြွကြွနဲ့ တံဆိပ်လှလှကပ်ရအောင် ကိုယ်တို့ ဆက်ဆံရေးဟာ ရောင်းတန်း မဟုတ်ဘူးလေ။ စကပ်တိုတိုနဲ့ ကြိုးပျောက်တွေဝတ်တဲ့ ချစ်သူရင်ထဲ အနှောင်အတည်းတွေ ဒီလောက်များမယ်လည်း ကျွန်တော် မထင်ခဲ့မိပါဘူး။

ချစ်သူကပြောတယ်။ သူ့ရင်ထဲမှာ ဘုရားသခင် ရှိတယ်တဲ့။ သူ့ဖြူစင်မှုလေးကို မြင်ပြီးကတည်းက သူတို့ ဘုရားသခင်ကို ကျွန်တော် မသိပေမယ့် သူပြောတဲ့စကားကို နားလည်သလို လက်လည်းခံပါတယ်။ တကယ်လို့ ကျွန်တော် ထင်ခဲ့ဖူးသလို ချစ်သူသာ အမှန်တကယ် ကိုယ်ခံအားကောင်းမယ်ဆို ချစ်သူဘေးမှာ စေတန်တွေဝိုင်းနေတဲ့ အဖြစ်ဟာ ဒီလောက် ဆိုးကျိုးဖြစ်လာစရာလည်း ရှိမယ်မဟုတ်ပါဘူး။ နွားမရွံ့ပိတ်စနစ်ကို တော်လှန်ခဲ့တဲ့ ချစ်သူ။ ဗိုင်းကောင်းကျောက်ပိ ကို မျက်မုန်းကျိုးတယ်ပြောတဲ့ ကောင်မလေး။ ဘောင်တွေဆို မုန်းလွန်းလို့ ဘယ်အချိန် သူဘယ်မှာရှိမယ် ဆိုတာတောင် ကြိုတွေးမထားဘူးလို့ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ လွတ်လပ်မှုအရသာကို ဘီယာတစ်ခွက်နဲ့ အမြဲကျိုက်ချခဲ့သူက အခုမှ အပျိုပေါက်စ နားချခံရသလို စေတန်တွေ ဘေးတီးသမျှ အဝေးကြီးက ကိုကို့ကို မုန်းတယ်တဲ့လား။

'ဘဲကြီးကို စိတ်မပါတော့ဘူး။ ဒီဆက်ဆံရေးကြီး ပျင်းတယ်ကွာ' လို့ မင်းလေသံနဲ့ပဲ ကိုကို့ကို ပြောလိုက်ပါကွယ်။ ကျွန်တော်ကလေ ချစ်သူကိုပေးတုန်းက နှလုံးသားက ထွက်ထွက်ချင်းအတိုင်း အချစ်ကိုအရိုင်းကြီးစစ်စစ် ပေးခဲ့တာပါ။ တကယ်လို့ ချစ်သူမလိုချင်တဲ့အခါ ပွန်းပဲ့လို့ ကြေနေပါစေ အဲဒီအတိုင်းပဲ အားမနာ လျှာမကျိုး ပြန်ပေးစေချင်တာပေါ့။ အခုကျမှ လူ့မလိုင်တွေစကား ခပ်ပါးပါးအုပ်၊ ဟန်လုပ်သလို မိရိုးဖလာတွေနဲ့ ကိုကိုရယ်ဆိုပြီး လော့ဂျစ်တွေ ထုတ်ပြနေတာတော့ တဆိတ်လေး နားခါးမိတယ်ဆိုရင် ကျွန်တော်လွန်လား။ ကျွန်တော် သူ့ကို ချစ်ခဲ့တုန်းက အကြောင်းပြချက် မရှိသလို၊ အခု ကျွန်တော့်ကို ထားခဲ့မယ်ဆိုတဲ့ အတွက်လည်း အကြောင်းပြချက် ကျွန်တော် မတောင်းခဲ့ဘူးရယ်။ သူ့ဘက်က ခံစားချက် သေသွားတဲ့နောက်တော့ နေခဲ့တော့ ဘဲကြီးရယ်လို့ တစ်ခွန်းထဲဆို လုံလောက်ပါတယ်။

ချစ်သူဆီက လိုချင်တာ ဂုဏ်ပကာသန မဟုတ်ဘူး။ ကာမရာဂ မဟုတ်ဘူး။ သူ လှတာ ပတာလည်း ကျွန်တော် အဲဒီလောက် ဂရုမစိုက်ဘူး။ ကိုကိုရေ လို့ နှလုံးသားထဲက လှိုက်သံနဲ့ ခေါ်တာလေးမျိုး၊ နောက် သူနဲ့ ကျွန်တော်သာခံစားလို့ရတဲ့ နှစ်ယောက်ကြားက နီးစပ်တဲ့ လှိုက်လှဲမှုမျိုး၊ တစ်ခါ တစ်ခါ သူငိုတဲ့အခါ ကျွန်တော့် ပုခုံးမှာ နွေးသွားတဲ့ စိုစွတ်မှုမျိုး၊ တကယ်လို့ ကျွန်တော်သာစွမ်းနိုင်မယ်ဆို အခု စာရှုသူနားလည်အောင် ရေးပြချင်သေးတဲ့ ကျွန်တော်တို့ကြားက ခံစားမှုလေးမျိုးတွေ၊ ဒါတွေမှ မရှိတော့ရင် အခွံဆန်သွားမယ့် ဆက်ဆံရေးကြီး ကျွန်တော်လည်း မမက်ပါဘူး။ ပြောလိုက်ပေါ့ ချစ်သူရယ်။ ဘဲကြီးရယ် ပျင်းသွားပြီလို့။

ချစ်သူဝတ်တဲ့ ကြိုးပျောက်တွေကို ကျော်ပြီး ချစ်သူရဲ့ လွတ်လပ်စွာ ချစ်တတ်မှုကို၊ ချစ်သူသောက်တဲ့ ဘီယာတစ်ခွက်ထက် ချစ်သူရဲ့ ခွဲထွက်ရဲမှုကို၊ ဒီလိုပဲ စီးကရက်သောက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲက ဖြူစင်မှုကို မြင်တတ်ချစ်တတ်ခဲ့တဲ့ ကျွန်တော့်ကို ချစ်သူဘေးက စေတန်တွေက လွယ်မယ်ထင်လို့ ဆိုတဲ့စကားနဲ့ ပူးသတ်သတဲ့လေ။ ချစ်သူနဲ့ ကြားထဲမှာမှ ကွယ်ဖျောက်ထားတဲ့ ကျွန်တော့် ယောင်္ကျားမာန တံခါးဟာ ဒီလောက်အညှာလွယ်မယ်လို့ ချစ်သူကတွေးသွားတာကိုပဲ ကျွန်တော် ဝမ်းနည်းတာပါ။ ကျွန်တော့်အချစ်က အလင်းဆို ချစ်သူကို ရောင်ပြန်ဟပ်မယ့် မှန်တစ်ချပ်လို့ပဲ မျှော်လင့်ခဲ့မိတာ ပေမယ့်၊ အခုကျ ချစ်သူက သူ့ကိုယ်သူ အနေဝေးတဲ့ မီးဝေးချိပ်လို စေတန်တွေအလိုကျ ကျွန်တော့်ကို သက်သက်ပဲ ခက်ထန်ပြလေသလား။ တကယ်လို့ အကွာအဝေးဆိုတဲ့ ကိန်းသေကြီး ထည့်မြှောက်မယ်မှန်းသာ သိရင် ဒီပုစ္ဆာကို အစကတည်းက ကျွန်တော်မတွက်ခဲ့ဘူး။ အချစ်မှာ ချစ်တာအပြင် မရှိမဖြစ် ဘာထပ်လိုသေးသလဲ ကျွန်တော့်ကိုပြောပါ။

အပိုင်ဝယ်ဖို့ မတတ်နိုင်တဲ့ ပစ္စည်းတစ်ခုကို ခဏပိုင်ဖူးခဲ့သလိုပေါ့။ မမီလို့ ကျွန်တော့်စပျစ်ခိုင်လေးကို ချဉ်တယ်မပြောပါဘူး။ ကျွန်တော် မမီတာ ကျွန်တော်သိတာမို့ တကယ်လို့ မိရိုးဖလာတွေသာ ဝင်လာခဲ့မယ် အစကတည်းက ယုံကြည်ခဲ့ရင် သိပ်မြင့်တဲ့ပန်းလေးမို့ တုံးခုလို့တောင် လှမ်းကြည့်မိမှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အချစ်နဲ့ဖျောက်ထားတဲ့ အလှမ်းကွာမှုကို အခုမှ ချစ်သူက ကောက်ကာငင်ကာ ပုစ္ဆာထဲ ထည့်တွက်ချလိုက်တာရယ်၊ ဘာမဟုတ်တဲ့ လော့ဂျစ်တွေ ထုတ်ပြတာရယ်ကလွဲရင် အားလုံးကိုကျွန်တော် ကျေနပ်ပါတယ်။

တချိန်ချိန်မှာ ကျွန်တော်ဟာ ချစ်သူအရက်သောက်ဖို့ အကြောင်းပြချက်ကောင်း တစ်ခုခု ဖြစ်ချင်ဖြစ်မယ်။ ချစ်သူ အသာဆတ်ချလိုက်တဲ့ စီးကရက်ပြာတွေမှာ ကျွန်တော်အကြောင်းတွေ ပါချင်ပါတယ်။ ညနေ ညနေ ချစ်သူရေကူးတဲ့အခါ ကျွန်တော့် ဖုန်းဝင်လာမလားလို့ အမှတ်တမဲ့ သတိရမိတာလည်း ရှိချင်ရှိမယ်။ ဒီမရေရာမှုတွေထဲမှာ သေချာတာကတော့ ချစ်သူဟာ အဲဒါကို သူ့ဘေးက စေတန်တွေကြား ဝန်ခံမှာ မဟုတ်တာပါပဲ။ တကယ်လို့ ကိုကိုလို့ နွဲ့ခဲ့ဖူးတဲ့၊ ဘဲကြီးလို့ ခေါ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကို တစ်ချိန်မှာ သူပြန်သတိရမိတဲ့အခါ အဲဒီလူကြီးရဲ့ ရုတ်ချည်း အားသွားတဲ့ ပုခုံးတစ်ဖက်ဟာ သူ့ညာဘက်ပါးလေးရဲ့ လေးပင်မှုကို အချိန်အတော်ကြာ လွမ်းနေခဲ့ဖူးကြောင်း ချစ်သူကို သိစေချင်တယ်။

အချစ်ကို အချစ်အတိုင်းလေး လက်ခံဖို့ခက်တဲ့အခါ လူဟာတစ်ခုခုကို အကြောင်းပြချက် ရှာလေသလားပဲ။ လောလောဆယ်တော့ မိရိုးဖလာ တရားတွေ ကျွန်တော့်အနားက ဝေးဝေးသွားကြစေချင်ပါတယ်။ ကျွန်တော့် ချစ်သူကို သတိရတဲ့အခါ အလွမ်းကို ဘီယာတစ်ခွက်နဲ့ ကျိုက်ချလိုက်ပါမယ်။ တကယ်လို့ ချစ်သူက သတိရတယ်ဆို ဘေးနားက စေတန်တွေမမြင်အောင် ဘဲကြီးရေ ချီးယားလို့ အခါတိုင်းလို ခွက်ကိုမြှောက်လိုက်ပေါ့။ ကံကောင်းရင် ချစ်သူနဲ့ကျွန်တော် အသောက်ဆုံမှာပါ။ အချစ်က အချိန်ကိုစားသလား၊ အချိန်က အချစ်ကို စားသလား၊ ဒီပုစ္ဆာကို အခု ကျွန်တော်မတွက်လိုတော့ဘူး။ သေချာတာတော့ ကျွန်တော်တို့ကြားက ရိုးသားတဲ့ ချစ်ခြင်းကို စေတန်တွေက စားသွားတယ်လေ။

အောင်မျိုးသူ လွင်
၀၈/၁၀/၂၀၁၅
ကြာသပတေး
နံနက် ၀၅:၂၉

Wednesday, September 23, 2015

အနီရဲရဲ ကိုက်ခဲမှုများ

ဘဝမှာ မိန်းမတစ်ယောက်ကို နှလုံးသွေးတွေ ဆူပွက်လောက်အောင် တပ်မက်ခဲ့ဖူးတယ်ဆို အဲဒါ မစု ပါပဲ။ မစု ကတော့ အဲဒီတုန်းက သိပ်သွေးအေးတာလေ။ ကျွန်တော်ချစ်တာ သိရဲ့လားလို့ ညည ကန္တာရထနောင်းပင်အောက်က ကျိုးကြား ပျောက်ပျောက် လရောင်အောက်မှာ ဘေးလူတွေ မသိအောင် ခပ်ကွယ်ကွယ် တိုးလျှိုးလေးမေးတော့ ကျွန်တော့် ပေါင်အရှေ့ခြမ်းသားကို မနာအောင်လိမ်ဆွဲကာ ပြုံးရင်း မစုက ဟန့်တတ်တယ်လေ။ မစုများပြုံးတဲ့အခါ သူ့မျက်နက်သားလေးတွေ ဖျတ်ခနဲ့ ဖျတ်ခနဲ့ လက်လက်ထလို့။ အဲဒီလို ခပ်ဝင့်ဝင့် ကြည့်တဲ့ အကြည့်လေးတွေကြောင့် ဖြစ်တဲ့ ရူပါရုံရယ်၊ အဲဒီလိမ်လိမ်ဆွဲတတ်တဲ့ လက်ကလေးရဲ့ ဖောဋ္ဌဗ္ဗာရုံရယ်ကြောင့် ခေါင်းထောင်ထလာတဲ့ ပုရိသ ဘာဝ စိတ်ကို ညညလူခြေဆိတ်တိုင်း အရက်နဲ့ လောင်းလောင်းသတ်ရတာလည်း ဒုက္ခတစ်မျိုးပေါ့။ 

ပြောရရင်တော့ မစုရဲ့ အနံ့ကလည်း ကျွန်တော့်အတွက် စွဲမက်စရာပါပဲ။ ခရေ၊ စပယ်တွေ သူကြိုက်လို့ မဟုတ်ပေမယ့် ကျောင်းသားလေးတွေ ပေးသမျှ သူကပန်တယ်လေ။ ညညကျ ပန်းလေးတွေ ပန်တော်ကျပေမယ့် သူ့ဆံကြားမှာ အနံ့ကိုချန်ခဲ့သေးတော့ သူ့ဆံပင်လေးတွေက မွှေး၊ အမှတ်တမဲ့ ခါးကုန်းလိုက်လို့ ကျောင်းအင်္ကျီ ရင်ဖုံးလေးအဟိုက်မှာ လေရှိုက်လို့ ထွက်လာတဲ့ သူ့ကိုယ်နံ့ ဖျော့ဖျဖျလေးကလည်း ကျွန်တော့် ဂန္ဓာရုံတခါးဝကို လာကလိကြပြီဆို မစုရယ် ရင်ခွင်ထဲ လာနေပါလို့ ပြောချင်စိတ်ကို မနည်းကြီး ထိန်းထားရတယ်။ ဘေးမှာလည်း လူတွေနဲ့ကိုး။

စနေ၊ တနင်္ဂနွေမဟုတ်တဲ့ ညတွေဆို ကျောင်းမှာလည်း လူစုံစုံရှိတာမို့ အခြားဆရာမတွေရယ်၊ မစုရယ်၊ ကျွန်တော်ရယ်ပေါ့၊ ကျောင်းဝင်းထဲက ကန္တာရထနောင်းပင်အောက်မှာ ထိုင်ပြီး၊ စကားတွေပြောကြတယ်။ ကန္တာရထနောင်းတွေ ညညအိပ်ပြီဆို သေးစစ သူ့အရွက်ဖျားတွေ အကုန်ပူးကပ် ထပ်ထားတော့ လရောင်က သံဇကာကွက်ကြားက ဖြတ်လာသလို ခပ်ပျောက်ပျောက် ခပ်ဖျဖျ။ မစုကိုယ်နံ့လေးကလည်း သင်းလျလျ။ အဲလို ညမျိုးတွေဆို ကျွန်တော့်စိတ်မှာ ဖြစ်လာတဲ့ တပ်မက်မှု တဏှာကို ပယ်သတ်ဖို့ သူရာမေရယ ကံကို အင်းတိုက်အားတိုက် ချိုးမိတော့တာပါပဲ။

ကျွန်တော်က စိတ်ပါလို့ နှစ်ယောက်တည်း ချိန်းတွေ့ရအောင် မစုရယ်ဆိုတော့၊ တော်ပါကောင်လေးရယ် နင့်အကြံငါသိတာပေါ့ တဲ့။ မစု ဒီလိုပြုံးတော့လည်း ကျွန်တော်ရှက်တယ်ဗျ။ ကျွန်တော်ကလေ မစုကို ချစ်တာတွေဘာတွေ မသိပါဘူး၊ မစုအနားမှာ နေချင်တယ်၊ မစုစိုက်ကြည့်တာ ရင်ခုန်တယ်။ သိပ်သဒ္ဓါတရား ကောင်းတဲ့အခါမျိုးမှာ ကျွန်တော့်ပေါင်ပေါ် လာတင်တတ်တဲ့ မစုလက်လေးကို သာယာတယ်။ မစုကတော့ ပြောပါတယ်။ ကောင်လေးရယ် နင် စိတ်ကူး တအားမယဉ်ပါနဲ့တဲ့။ ဒါပေမယ့် ခဏခဏ ယင်းထသလို တောင့်တတတ်တဲ့ စိတ်က မစုဆီက အာရုံတစ်ပါးပါးကို ဓာတ်စာကျတတ်တာတော့ ကျွန်တော့် အကုသိုလ်အကျိုးပေးလို့ ဆိုရမှာပဲလေ။ 

တနင်္ဂနွေညနေ တစ်ခုမှာ အခြားသူတွေ မပါဘဲ မစုတစ်ယောက်တည်း ကျောင်းကို စောပြန်ရောက်လာတော့၊ ကျွန်တော့်ကို မစုကရေသွယ်ပြီ အထင်ရှိမိတာမို့ ညပိုင်းမှာ သူနဲ့စကားပြောရင်း ကျွန်တော့်အချစ်ဆည်ကြီးကို ချိုးချလိုက်မိတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဒူးခေါက်ကွေးကြောတွေထဲမှာ လေပွေတွေ ဖြတ်သွားကြတယ်။ ကျွန်တော်တို့ ခန္ဓာတွေက ကမ္ဘာ့ဆွဲငင်အားကို မသိတော့ဘူး။ အဲဒီအချိန်မှာကျွန်တော်တို့ ဆိုတာလည်း မရှိတော့ပါဘူး။ ဝိညဉ်နှစ်ခုပူးပြီး တစ်သားတည်းဖြစ်သွားတဲ့ ခဏ၊ ခါးရိုးထဲမှာ သွေးတွေစီးနေသလို ပူလို့။ နွေးလို့။ သာယာမှုတောင်ထိပ်မှာ ရောက်ရှိအလံလေး အတူတူ စိုက်ကြပြီး မောမောနဲ့ ထိုင်အချ၊ အသာအယာ ပြုံးပြရင်း မစုက ကျွန်တော့်ကို 'မောင်ရယ်' တဲ့။ အဲဒီတုန်းက အဲဒီအသုံးလေးနဲ့ စခေါ်တာပဲ။ 

နောက်တော့ စနေ၊ တနင်္ဂနွေတွေကို ကျွန်တော်ချစ်တတ်လာတယ်လေ။ မစုလည်း အခြားသူတွေလို သီတင်းပါတ်တစ်ခုဆုံးတိုင်း အိမ်ကို သိပ်မပြန်ဖြစ်တော့သလို၊ ညညဆို အပေါ်ထပ်ကျွန်တော်နေတဲ့ အခန်းမှာ ကျွန်တော်လည်း အရက် သိပ်မသောက်ဖြစ်တော့ဘူး။ မစုက သူလာတဲ့အချိန် ပုလင်းတွေမြင်ရတာ မကြိုက်ဘူးတဲ့လေ။

မစုကလေ မျက်နှာ သိပ်များတယ်တဲ့။ အခြား သူတွေပြောကြတာ။ တကယ်က မစုကို ကြိုက်သူပေါတာပါ။ မစုနဲ့ သုံးလေးခါ စကားပြောဖူးရဲ့နဲ့ မစုကို စိတ်မဝင်စားဘူးဆိုတဲ့လူဟာ အခြောက်မဟုတ်ရင်၊ မချိန်ရဲလို့သာ ဖြစ်ရမယ်လို့ အဲဒီတုန်းက ကျွန်တော် တစ်ထစ်ချတွေးမိတဲ့အထိ ကိုယ်ငါးချဉ်မို့ ကိုယ်တိုင်လည်း သိပ်မင်သလို၊ ထင်လည်း အတော်ထင်ရလောက်အောင် မစုက မက်စရာကောင်းတာပါ။ တကယ်လည်း မစုကို လိုချင်သူတွေက များမှများကိုး။ အေးအေးသက်သာ ရှိတဲ့ညတွေဆို ကျွန်တော့်လက်မောင်းပေါ် သူ့ဆံနွယ်ခွေ ပြေနေချိန်ကျ ဟိုလိုလို ဒီလိုလို မစုကို ပိုးတဲ့အကောင်တွေအကြောင်း တွေးရင်း ပြုံးရတာ သိပ်အရသာရှိတာပဲ။

မစု တစ်ကိုယ်လုံး သိမ်းကျုံးဖက်ပြီး သူ့ငယ်ထိပ်ဆံစလေးတွေကို ကျွန်တော့်မေ့စေ့နဲ့ မနာအောင်ဖွဖွကြိတ်ရင်း မစုရယ် မောင်နဲ့ အခုလို အကြာကြီး မနေချင်ဘူးလား ဆိုတော့ "နေချင်တာပေါ့ မောင်ရယ်" တဲ့။ "တစ်သက်လုံးရော" လို့ ကျွန်တော်နှပ်ကြောင်းပေး မေးတဲ့ အခါကျ ရင်ခွင်ကြားက အသာထွက်ရင်း သူ ကျွန်တော့်ကို ပြုံးကြည့်တယ်။ မစုအဲဒီလို ကြည့်တဲ့အခါ အရူးအမဲသား ကျွေးမိပြီဆိုတဲ့ အဓိပ္ပါယ်မျိုးလို့ ကိုယ့်ဟာကိုယ် စိတ်မလုံစွာ အဓိပ္ပါယ်ကောက်မိတာကြောင့် နောက်နောင် ကျွန်တော် သိပ်မမေးဖြစ်တော့ဘူး။ ကျွန်တော်က ရူးသော်မှ သွပ်နေပစေ၊ ကိုယ့်ကိုအဲလို ကြည့်ရင်တော့ မခံချင်ဘူးရယ်လေ။ 

"မောင်ရယ် နင်နဲ့ ကျောင်းဆရာအလုပ်က မလိုက်ပါဘူး" တဲ့။ ကျွန်တော်အလုပ်ထွက်မယ် ဆိုတုန်းက အရင်ဆုံး အားပေးခဲ့တာ မစုပေါ့။ ကျွန်တော်က ကောင်မလေးတွေထဲမှာ မစုကို အကြိုက်ဆုံးပဲ။ အခြားကောင်မလေးတွေ လှတယ်ဆိုတာကို မစု အကြည့်တစ်ချက်လောက် တကယ် မတပ်မက်ခဲ့ဖူးဘူး။ ဘယ်တစ်ယောက်ကမှလည်း ကျွန်တော့်ကို သူ့အနားနေချင်အောင် မစုလောက် မဆွဲဆောင်နိုင်ခဲ့သလို တကယ်လို့ ဘဝကြောင့်သာ မဟုတ်ရင် အဲဒီတုန်းက ကျွန်တော်မစုနဲ့ တကယ်လည်း မခွဲချင်ရက်ခဲ့ဘူး။ "ကောင်လေးရယ် နင်အားတဲ့အခါ ငါ့ဆီလာပေါ့" တဲ့။ ခွဲခါနီးတော့ မစုက ကျွန်တော့်ကို မောင်လို့တောင် အခေါ်ကျဲလာသလိုလို။

အဲဒီတုန်းက ကျွန်တော့်အသက် နှစ်ဆယ့်နှစ်။ တရစ်ရစ်နဲ့ ခံစားမှုတွေ တက်နေတုန်း မစု ကိုပစ်ခဲ့ရမှာ ဆိုတော့ ဘယ်ပျော်နိုင်မတုန်း။ ဒါပေမယ့် ဘဝပေးက ကိုယ့်မချိ၊ အမိသော်လည်း သားတော်ခဲရမယ့် အခြေဖြစ်သလို၊ ဒီလို တောက ကျောင်းဆရာလေးဘဝနဲ့တော့ ဘယ်တော့မှ လူမွေးလူတောင် မပြောင်နိုင်ဘူးဆိုတဲ့ အယူလည်း ကျွန်တော့်မှာ ကြာလေစွဲလေ၊ စွဲလာခဲ့ပြီကိုး။

တစ်ခါတုန်းကတော့ တည်ငြိမ်မှုတစ်ခုခုကို ရနိုး အားထုတ်ခဲ့ဖူးစဉ် ရာဂစရိုက်ရှိသူရဲ့ နှလုံးသွေးဟာ နီရဲသော အဆင်းရှိတယ်လို့ ကမ္မဋ္ဌာန်းဆရာက ပြောဖူးတာ မှတ်မိသည်။ ဒီလိုဆို အချစ်ဆိုတာ အနီရဲရဲ ကိုက်ခဲမှုတစ်မျိုး ဖြစ်မယ်ထင်ပါရဲ့။ မစုနဲ့ ခွဲရတော့ ကျွန်တော့်ကို အနှိပ်စက်ဆုံးက အဲဒီကိုက်ခဲမှုပါပဲ။ ကျွန်တော်က အရက်နာကျတာကို မနက်စာတစ်ခွက်နဲ့ ဖြေသလို၊ အချစ်တွေ မုန်ယိုတိုင်း မစုရဲ့ ဆံတံခွန်အရိပ်အောက် ချွေးသိပ်ရင်းဖြေမယ်လို့ သူနဲ့နေချင်တာ အဲဒီလို ပြင်းပြမှုလေ။ ဒါပေမယ့် ခေါင်မိုးက မိုးယိုလာရင် အချစ်တွေ လန့်ဖျတ်ပြေးမယ် အယူရှိတဲ့ မစုကတော့ ကျွန်တော့်ကို အလုပ်တစ်ခုခု ပြောင်းစေချင်တယ်လည်း ထင်မိပါရဲ့။ ဒီလိုနဲ့ ကျွန်တော် အလုပ်ထွက်ပြီး မြို့ကိုပြောင်းတော့ ကျွန်တော့်မှာ မစုနဲ့ အဝေးကြီးမို့ မနေတတ်ဘူး။ အနီရဲရဲ ကိုက်ခဲမှုတွေနဲ့ အတူ မစုကို ကျွန်တော်လွမ်းတယ်။

ကျွန်တော်လေ မစုမသိအောင် ရည်းစားလေး တစ်ယောက်တလေ ထားမိတယ်။ ကိုယ့်ကိုယ်ကို မလုံတဲ့ လိပ်ပြာကို ကြင်သူကို ကြင်ခွင့်မရှိလို့ ကြင်ခွင့်ရှိသူကို ခဏတာ မင်စိတ်နဲ့ ကြင်မိပါတယ်လို့ ဆင်ခြေတွေနဲ့ ဆွဲဖုံးနေတုန်း မစုက လက်ထပ်တော့မယ်တဲ့။

ကိုယ့်ရည်းစား မင်္ဂလာဆောင်တဲ့ သတင်းထက် အခံရဆိုးတာ ကို ကျွန်တော်မကြုံဖူးပါဘူး။ ဟိုအရင် ကျွန်တော့်လက်မောင်းပေါ် သူခေါင်းအုံးအိပ်နေတုန်းက အဲဒီလို မစုကို ကြိုက်ပါတယ်ဆိုတဲ့ ကောင်တွေအကြောင်းတွေးရင်း ကျွန်တော် ကောက်ကျစ်စွာ ပြုံးနေခဲ့ဖူးတဲ့အထဲ အခု သတို့သားဆိုသူလည်း ပါတာပေါ့။ အခုကျ သူတို့တွေ မင်္ဂလာဦးည သောက်စားနေမယ့်အချိန် ကျွန်တော့်မှာ ပုလင်းကြီးရှေ့ချ အထီးကျန်လိုက်တဲ့ ဘဝ။ ကျွန်တော် ရည်းစားတွေ ဘယ်လောက်ထားထား မီးစာမကုန်ခင် ဆီခမ်းလို့ လောင်ကျွမ်းမှုတိတ်၊ မငြိမ်းချင်ဘဲ မှိတ်သွားခဲ့ရတဲ့ ကျွန်တော်တို့ အချစ်တွေကို အခုနေ ပြန်ပင်မရနိုင်သော်ငြား တောင့်တနေမိတယ်လို့ ပြောရင် မစုက ကျွန်တော့်ကို ရယ်မနေပါစေနဲ့လို့ ကျွန်တော် ဆုတောင်းတယ်။ 

တချို့တွေက ပြောကြတယ်။ အချစ်ဆိုတာ ကိုယ့်ချစ်သူကို အပိုင်ယူလိုက်တာတဲ့။ ဒါပေမယ့် အချစ်ကမှ ကိုယ့်ကို မယူဝံ့တဲ့ အခြေအနေမှာ ကျွန်တော်က ဘာကို သိမ်းပိုက်ရမှာ တုန်းဗျာ။ တချို့က ပြောကြပြန်တယ်။ အချစ်ဆိုတာ သစ္စာတရားတဲ့။ ကျွန်တော် မယုံပါဘူး။ အခု ညည မစုကိုယ်မှာ ပေနေမယ့်ချွေးဟာ ကျွန်တော်နဲ့ သက်ဆိုင်နိုင်ခြင်း အလျှဉ်းမရှိတော့သလို၊ အရင်လို တောင်ထိပ်မှာ အလံလေးစိုက်တော့ ကျေနပ်တဲ့ ခံစားမှုအနံ့အသက်မျိုးလည်း ကျွန်တော်မရနိုင်တော့ဘူးလေ။ တကယ်လို့ ကျွန်တော့် ဆံတံခွန်လေးကို တပါးသူနမ်းမယ်ဆိုတာသာ အဲဒီတုန်းက ကြိုသိခဲ့ရင် အဲဒါကို ကာကွယ်ဖို့ ဘယ်တစ်ခုခုကိုမဆို ကျွန်တော် ပြုဝံ့ခဲ့ပါရဲ့။

အနီရဲရဲ ကိုက်ခဲမှုတွေမပါဘဲ အချစ်ဟာ အချိန်တစ်ခုခုအထိ အသက်ရှင်နေနိုင်မယ်ဆို ချစ်လေရာဘဝမှာ အဲဒီ အချိန် အကန့်အသတ်မျိုးကို သိနိုင်မြင်နိုင်သူဟာ ကျွန်တော်ပဲ ဖြစ်ချင်ပါတယ်။ ဘာလို့ဆို ကိုယ့်ချစ်သူ မင်္ဂလာဦးညမှာ သောက်ရတဲ့ အရက်ရဲ့ ခါးသက် အထီးကျန်လွန်းမှုကို ကျွန်တော်ကောင်းကောင်း သဘောပေါက်လို့ပါ။

အောင်မျိုးသူလွင်
၂၃/၀၉/၂၀၁၅
ဗုဒ္ဓဟူး
ညနေ ၀၅:၁၆

Wednesday, July 22, 2015

ဂျေဆန်စတေသမ်နှင့် သော်တာဆွေ

မနက်အစောက ကျွန်တော် အိပ်ပျော်နေစဉ် အခန်းထဲသို့ မိန်းမတစ်ယောက်ရောက်လာသည်။ သူ့ကို ကျွန်တော်မသိ။ သူ့အနံ့ကား တော်တော်မွှေးသည်။ သူအဝတ်က တော်တော်ပါးသည်။ သူ့ကိုယ်က တော်တော်ဖွံ့သည်။ လျော့ရဲရဲ ဖြစ်နေသော ပုဆိုးကို အသာဆွဲတင်ပြီး အခုရက်ပိုင်း ငါပိုက်ဆံပြတ်နေတယ်ဟု ဝမ်းနည်းစွာပြောလိုက်မိပါသည်။ သူက လက်ညိုးကို မိုးပေါ်ထောင်ပြီး မဟာမြိုင်က လွှတ်လိုက်တာဟုဆိုသည်။ ပုဏ္ဏကုန်းဘက်က မဟာမြိုင်လားဟု မေးတော့ သူက စိတ်မရှည်စွာ၊ အထက်ကဟု ပြောပြန်သည်။


ထို့နောက် သူ့အသားစိုင်တွေကို ကြည့်နေရင်း၊ သူ့စကားတွေ ကျွန်တော်မသဲကွဲတော့။ ဘိုးဘိုးပြောင်ဆိုတာပါသည်။ အောင်ရဲခေါင်ဆိုတာပါသည်။ အိမ်ထောင်သည် ယောင်္ကျားတွေအတွက် စိတ်ပူတာပါသည်။ လူသားအကျိုးပြုဆိုသည့် စကားလုံးကို ခဏခဏ ရွတ်သည်။ စကားအဆုံးမှာ သူက ကျွန်တော့်အပေါ် ဝမ်းလျှားမှောက်ချလိုက်သည်။ ကျွန်တော် မိန်းမူးသွားသည်။ အိစက်သွားသည်။ သာယာသွားသည်။

ကျွန်တော် သတိရချိန်မှာ ကျွန်တော့်စာကြည့်စားပွဲပေါ်က ကွန်ပျူတာရှေ့မှာ ထိုင်လျှက်သားနှင့် အောက်ပါစာစုကို ရေးပြီးသား ဖြစ်နေပါတော့သည်။ မည်သူရေးမှန်မသိသော ထိုစာကို ဖတ်ကြည့်ပြီးသောအခါ ဖတ်ပျော်သော အရေးအသားတစ်ခုလည်းဖြစ်၊ အမျိုးသားထုအတွက်လည်း အကျိုးရှိနိုင်မည် ယုံကြည်မိသောကြောင့် စာရှုသူအတွက် အတွေးတစ်ခုရလို ရငြား စာမျက်နှာပေါ် တင်ပေးလိုက်ရပါတော့သည်။


x x x x – x x x x


အခုရက်ပိုင်း ဆရာသော်တာဆွေ့ စာအုပ်တွေ ပြန်ဖတ်ဖြစ်သည်။ မန်ကျည်း ကုက္ကို ညောင်ထိုထို မိန်းမဟူသမျှ ဆိုပြီး ရေးသွားသော အရေးသားများကို ဖတ်ပြီး စိတ်ထဲမှာ တင်းနေတာလေးတွေ ရှင်းထွက်သွားသည်။။ ဒါက စာဖတ်ပြီးရင် ရတဲ့ အကျိုးတွေထဲ တစ်ခုပေါ့။ မကျေနပ်ချက်တွေအတွက် ထွက်ပေါက်တစ်မျိုးရတာပေါ့။ ဟိုစာရေးဆရာမတွေရဲ့ လင်ခရူဇာပေါ်က မဆင်းတဲ့ ဝတ္တုတွေ လူအဖတ်များတာကို ကျွန်တော်ကတော့ အပြစ်မတင်ပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ နိုင်ငံမှာက ဆင်းရဲတဲ့လူပေါတော့ လင်ခရူဇာစီးတဲ့ ဝတ္တုဖတ်၊ ဇာတ်လိုက်နေရာမှာ ကိုယ်ဝင်ပြီး လင်ခရူဇာကြီးစီးလို့ စိတ်ထဲ ကျေနပ်စရာလေ။ ဒါလည်းကောင်းတဲ့ စိတ်ထွက်ပေါက်ပေးခြင်း နည်းတစ်မျိုးပါ။ ကျွန်တော်ဆို အပြင်မှာစိတ်မကျေနပ်လို့ စိတ်မကြည်ရင် ဂျေဆန်စတေသမ် ရဲ့ အက်ရှင်ကားတွေကြည့်တယ်။ မိုက်တယ်ဗျာ။ ထိုးကြိတ်ပစ်တာ။ စိတ်ထဲကို ရှင်းသွားတာပဲ။ အိမ်မှာ အဆင်မပြေရင်တော့ ဆရာသော်တာဆွေ့ စာတွေဖတ်တယ်ဗျာ။ ပထမ မိန်းမ နော်မာနဲ့ ယောက္ခမ ဒေါ်ဘီအကြောင်း ရေးထားတာများ ဖတ်ရတာ အရသာကို ရှိလို့။


ဟိုးထား။ ဟိုထား။ ခင်ဗျားတွေးလိုက်တာ ကျွန်တော်သိပါတယ်ဗျာ။ ဒီအကောင်ဟာ နောက်မိန်းမလိုချင်လို့ လက်ရှိမိန်းမ မကောင်းကြောင်း ရေးတော့မယ်လို့ သမားရိုးကျကြီး အထင်မလွဲလိုက်ပါနဲ့။ ခေတ်ကြီးက ပွေချင်ရင် နောက်မိန်းမယူတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာလေး သတိချပ်ပါနော်။ ကျွန်တော်က မိန်းမကို ဂရုစိုက်ပါတယ်ဗျာ။ ယောက္ခမကိုလည်း ရိုသေခဲ့ပါတယ်။ ဒါပေမယ့်ဗျာ အိမ်ထောင်ကျကတည်းက ဂရုစိုက်လာတော့ သင်းကလေးဟာ သူ့ကိုပဲ ဂရုစိုက်တာ ခံချင်တော့တယ်ဗျ။ ယောင်္ကျားဆိုတာ မိန်းမကို ဂရုစိုက်ရမယ့် အကောင်လို့ အတွေးရောက်လာသလား မသိပေါင်ဗျာ။


ဒီတော့ အိမ်ထောင်ပြုမယ်ဆို ခင်ဗျား ဟိုနာမည်ကြီး မိန်းမဝါဒီ စာရေးဆရာမ ဝတ္တုထဲက ချစ်စရာကောင်းတဲ့ ထမင်းချက်တဲ့ ဖွတ်ကျားဇာတ်ကောင်တွေကိုများ အားမကျမိစေနဲ့။ မိန်းမတစ်ယောက်လိုချင်တာ အချစ်ရယ်၊ နွေးထွေးလုံခြုံမှုရယ်၊ သစ္စာရှိတာရယ် ဆိုပြီး စကားလုံးလှလို့လည်း လိုက်မလုပ်မိစေနဲ့။ စဉ်းစားကြည့်လေ လုံးခြုံမှုပေးပြီး သစ္စာရှိရမယ်ဆိုတော့ ကိုယ်က ဘယ်အကောင်ဖြစ်သွားမတုန်းဆိုတာ။ ထားပါလေ။ ထားပါ။ အခုနေတော့ အိမ်ထောင်မပြုရသေးခင် ခင်ဗျားအနေနဲ့ ကျွန်တော့်စကားကို နှာခေါင်းရှုံ့ကောင်း ရှုံ့မယ်။ ဒီတော့ ချစ်တာရော၊ လုံခြုံတာရော၊ သစ္စာရှိတာရော ပေးချင်သပဆိုလည်း ပေးဖို့စိတ်ကူးထား။ ဒါဖြင့် သူ့ဘက်ကကိုယ် ဘာပြန်ရမတုန်းတော့ စဉ်းစားဗျို့။


အိမ်ပြန်ရောက်လို့ ထမင်းဟင်းလေးမှ ဖွယ်ဖွယ်ရာရာ မချက်ထားရင်၊ အပြင်သွားကာနီး အင်္ကျီလေးမှ မီးကြွေတိုက်ပြီးသားမရှိရင် ကိုယ်ခံနိုင်မလားပေါ့။ ဒါလေးလည်း တွေးဗျ။ အပြောအဆိုကတော့ မရခင် သူ့အမေသာကြည့်ဗျာ။ အဲ နှစ်ပေါင်းများစွာ ရိုက်အသွင်းခံထားရတဲ့ သူ့အမေရဲ့ ဝါဒတွေ ကိုယ့်လက်ထဲရောက်မှ အစွဲချွတ်ဖို့တော့ ခက်မယ်ဗျို့။ ဒီတော့ စောစောက ဆရာသော်တာဆွေ့စကား ငှားသုံးရရင် မန်ကျည်း ကုက္ကို ညောင်ထိုထို ယောက္ခမဟူသမျှ ဘယ်ဟာမှ မကောင်းဘူးသာမှတ်ဗျ။ ဆရာသော်တာဆွေကတော့ နာနာကျည်းကျည်း ဟာသလေးဖက်ပြီး ရေးဖူးတယ်။ သမီးတွေ အိမ်ထောင်ကျရင် ယောက္ခမဟာ သူအလိုလို အနိစ္စသဘောရောက်သွားရင် ကောင်းမယ်တဲ့။


အာ ကျွန်တော် ဒီလောက်မရိုင်းပါဘူးဗျာ။ ကိုယ့်ဝင်ဝင်ပြီး ကုလားဖန်မထိုးရင် ကျေနပ်ပါပြီ။ အရင်ကတော့ဗျာ ဘာရယ်ညာရယ်မဟုတ်ပါဘူး၊ အန်တီရယ် အန်တီ့သမီးက ကျွန်တော့်ကို ထမင်းလေးမှ ချက်မကျွေးဘူး လို့ တိုင်ပြောလေးပြောဖူးတော့၊ အရင်ကတည်းက ထမင်းချက်တတ်တဲ့ မိန်းမရှာယူပါလာကွဲ့တဲ့။ ငိန်။ သေဟဲ့ နန္ဒိယ။ ဒါဖြင့် နှစ်ယောက်ထဲရှိတဲ့ အိမ်၊ သူက မချက်တော့ ဘယ်နွားက ချက်မတုန်း။ အဲ ဒီလိုပြောတော့ ကိုယ့်နှာခေါင်းကိုယ် ကြိုးရှိလား ပြန်စမ်းမိတယ်။ ဘွာဘွာ။ ခံသာတဲ့ စကားလုံးလေး ပြန်ပြောင်း သုံးမယ်။ ဘယ်အကောင်က ချက်မတုန်းဟဲ့။


ရံခါများ သူအလည်လာလို့၊ ကလေးမက အဝတ်တွေဘာတွေ လျှော်နေတာတွေ့ရင် အအေးပတ်မှာစိုးသတဲ့။ ဟ ငါ့ကျ အအေးပတ်ရုံမက တုပ်ကွေးမိလို့သေသေပေါ့။ လင်ရယ် မယားရယ်လို့ ကြည်ဖြူတုန်း အလုပ်ပင်ပန်းတယ်ကွာဆိုပြီး အိမ်တွင်းမာဆက်လေးဝင်မိတာ သူသိရင်၊ လင်ကို သိပ်ပစားပေးတဲ့ဟာမ၊ မိဘကျ ဒါမျိုးမဟုတ်ဘူးဆိုပြီး ကြိတ်ဆူသေးတာ။ သူ့တို့ဝါဒက လင်သေရင် အစားရသတဲ့လေ။ မိဘဆိုတာ အစားမရဘူးတဲ့။ ဘယ် ပညာရှိကများ ဘုရားနဲ့ တစ်ဂုဏ်းထဲထားခဲ့တာပါလိမ့်။


အောင်မယ် ယောက္ခမတိုင်း ဒီလိုမဆိုးပါဘူးလို့ ပြောမလို့လား။ အေး ဒီလိုဆိုးတတ်သူတိုင်းကတော့ ယောက္ခမပဲဗျ။ ကိုယ့် မိန်းမ ပါမှ ဖြစ်တာလို့လည်း အတွန့်မတက်လေနဲ့။ မွေးထားတဲ့ အမေစကား နားမယောင်တဲ့ မိန်းမများ ရှိရင်ပြစမ်းပါ။ ဒီတော့ သင်းလေးကလည်း မိဘအားကိုးနဲ့ တစ်ခါတစ်ခါ မောက်မာချင်တယ်။ အင်း ကိုယ်တွေ ယောင်္ကျားဆိုတဲ့ အမျိုးကလည်း ကိုကိုရယ်၊ မောင်မောင်ရယ်ဆိုပြီး မျက်ရည်လေးနဲ့ ထုလိုက်ရင် အုခနဲ့ ကြွေပြီး ခဏချင်း ဝပ်ဆင်းရင် ဆင်းသွားမယ်၊ တစ်ပွဲတစ်လမ်းရယ်လို့ အကဲစမ်းတယ်ထင်ရင်၊ ကွဲခါမှ ကွဲရော့လဟဲ့၊ ငါဟဲ့ယောင်္ကျားဆိုပြီး ဝင်ပြီးသား နဖားကြိုး အနာခံပြီး ပြန်ထုတ်ချင်တတ်တာကလား။


အဲဒီတော့ ဘာဖြစ်တုန်းဆိုတော့ နင်က ငါ့သမီးကို တကယ်မေတ္တာစစ်နဲ့ ချစ်ထာမှ မဟုတ်တာဟဲ့ ဆိုပြီး စကားနာက အထိုးခံရသေးဗျာ။ ရော် ဒါဖြင့် အခု ကလေးတောင်ရပြီဗျာ၊ ဒီလောက် ကာလအရှည်ကြီး စောင့်ရှောက်ခဲ့တာ လခရလို့လားလို့ ပြန်မေးရင် ကိုယ်ပဲ အဆိုးဖြစ်ဦးမယ်။ အဲ တကယ့် အခရာက သင်းကလေးဗျ။ အားအားရှိ တစ်ခုခုဆို အမေကို သွားသွား သံတော်ဦးတင်တယ်လေ။ ဒီတော့လည်း ရံခါဝုန်းဒိုင်းကျဲပစ်ပြီးမှ ငါ့ဟာငါ ဗောဒိသာရဆေးများ မှားထိုးမိထားသလားလို့ တွေးမိတယ်။ ကမ္ဘာကြီးကို အမှုန့်ချေပစ်ချင်လောက်တဲ့ ဒေါသမျိုးများ မဖြစ်ဖူးရင် အိမ်ထောင်သာပြုလိုက်ပါဗျာ။ ခန္ဓာသိနဲ့ သိသွားစေဖို့ အာမခံတယ်ရယ်။


လုပ်ပြန်ပြီ။ ခင်ဗျား ပြုံးတာ ကျွန်တော်သိပါတယ် အရပ်ကတို့ရယ်။ ဒီအိမ်ထောင်ကြီး ကွာချင်မှတော့ အရှက်နည်းနည်းနဲ့ ကိုယ်နွားကျခဲ့တာတွေ ပြန်ပြောနေမလားဗျ။ ပြင်လို ပြင်ငြားပေါ့ဗျာ။ သမ္မတလင်ကွန်း ပြောဖူးတဲ့ ခြသေ့င်္ပုံပြင်လေး သိတယ်မို့လား။ ခြသေ့င်္က လယ်သမားသမီးကို ကြိုက်လို့သွားတောင်းတော့ ဟိုက မင်းအစွယ်တွေကြောင့် ကြောက်တယ်ကွယ်၊ အစွယ်ဖြတ်ခဲ့ပါ၊ မင်းလက်သည်းတွေ ကြောက်စရာကွယ်၊ လက်သည်းတွေလည်းတိခဲ့ပါ ဆိုတော့၊ တကယ်မှတ်လို့ အကုန်ဖြတ်သွားတာ ဟိုရောက်တော့ ရိုက်သတ်ပြီး အမဲပေါ်တာခံလိုက်ရပါရောလား။ ဒီတော့ အစွယ်လေးလည်း ချန်ထားဗျ။ လက်သည်းလည်း မတိလေနဲ့။ ဆေးမရခင် ဆန်ကို နို့ဆီဗူး တစ်လုံးချင်းပေး။ ဟို မိန်းမဝါဒီ စာရေးဆရာမတွေ စိတ်ကူးယဉ်ပြီး စကားလုံးလှလှနဲ့ရေးတဲ့ နွားကျကျဇာတ်ကောင်တွေကို အားမကျလေနဲ့။ ငြိမ်းချမ်းရေးအစစ်ဆိုတာ တစ်ခါတလေ သေနတ်ပြောင်းမှာ ရှာမှရတာ။


ဘယ်မိဘကမှ ကိုယ့်သားသမီးကို အိမ်ထောင်မကွဲစေချင်မှန်းတော့ သိတာပေါ့ဗျာ။ ဒါပေမယ့် အတ္တဆိုတာ ဘယ်ခန္ဓာမှာ ကိန်ကိန်း ဒီသဘောပဲဗျ။ ကိုယ့်သားသမီးကို အသာစီးလည်း ရစေချင်တယ် ထင်ပါရဲ့။ အဲ သူ့ကြောင့် ညည ရန်သတ်ရရင်တော့ ဒီအကောင် အဆိုးဖြစ်တာပေါ့။ ဒီတော့ မိန်းမယူမယ်ဆို အမေကို အရင်ကြည့်ဗျ။ သူ ဆယ့်ငါးနှစ်လောက် ရိုက်သွင်းထားတာကို ခင်ဗျားက ခဏနဲ့ ချေဖျက်ပစ်နိုင်မယ်လည်း ကိုယ့်ကိုယ်ကို အထင်မကြီးလေနဲ့။ ပြီးတော့ မိန်းမဆိုတာ ဘေးစကားကို ဘုရားဟောလောက် နီးနီးမှတ်တတ်တာ ကလား။


အင်းလေ။ မင်းက အဆင်မပြေတာပဲ ပြောတာကိုး၊ အဆင်ပြေတဲ့ လူတွေလည်း ရှိမှာပါဆိုပြီး တိုးမိုက်ချင်လည်း ယောင်္ကျားဆိုတာ ပိုးဖလံမျိုးမို့ ဘာမှမပြောလိုပါဘူး။ အနည်းဆုံး ယောက္ခမနဲ့ ကမောက်ကမ ဖြစ်တဲ့အခါ ကြည့်ဖို့ ဂျေဆန်စတေသမ် အက်ရှင်ကားတွေနဲ့ မိန်းမကိုစိတ်ဆိုးရင် ဖတ်ဖို့ သော်တာဆွေစာအုပ်တွေတော့ ကြိုဝယ်ထားစေချင်တယ်။ မဟုတ်ရင် ခင်ဗျား ဂျေးထဲအောင်းရကိန်းရှိတယ်လို့ ကျွန်တော်က ကြိုတင်ဟောကိန်း ထုတ်ပါရစေ။


အောင်မျိုးသူလွင်

၂၂၊၀၇၊၂၀၁၅
ဗုဒ္ဓဟူး

Monday, July 13, 2015

အလွမ်းဖြေတဲ့စာ

အခု ရက်ပိုင်း မိုးလေးအေးတော့ သမီးက နေတယ်တဲ့။ ဒီအဖေ၊ ဒီအမေက ဒီနေရာဒေသမှာ မွေးထားတာဖြစ်ပါလျှက် သမီးက တော်တော်အအေးကြိုက်သည်။ မွေးတုန်းက ဆေးရုံမှာအအေးခန်းထဲ နေခဲ့တာကို အကျင့်ဖြစ်သွားသလားမသိ အိမ်ပြန်ရောက်တော့ ခဏခဏအော်သည်။ သမီးအော်ရင် ကျွန်တော်မှာ နေမထိ၊ ထိုင်မသာ။ ဖခင် မေတ္တာတွေ ဘာတွေမပြောပါဘူးဗျာ၊ မပြောတတ်မဆိုတတ်နဲ့ ဒီအရွယ်လေးက တအားအော်တော့ ရင်ထဲမကောင်းဘူးပေါ့။ ဒါနဲ့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ အခန်လေးလုပ်၊ သမီးမေမေတို့ ကုမ္ပဏီကနေ လေအေးစက်ကို အရစ်ကျနှင့်ဝယ်တပ်လိုက်ရသည်။ ဪ သူဋ္ဌေးမလေးက အဲဒီတော့မှ သဘောတော်ကျပြီး သိပ်မအော်တော့။ ဒါတောင် နေ့နှင့်ည မှားပြီး တစ်လလုံးလုံး လူကြီးတွေအိပ်ချိန်ဆို သူက ထထအော်လို့ နှစ်ယောက်လုံးအိပ်ပျက်ရသေးသည်။ ဒီလိုနဲ့ မနက်လင်းတော့ အိပ်ရေးပျက် နီတာရဲမျက်လုံးတွေနဲ့ ကျွန်တော်ကအလုပ်သွား၊ အလုပ်ကလူတွေ ကလေးအဖေလို့ ဝိုင်းစနောက်ကြတာတွေကို စိတ်ထဲကြိတ်သဘောကျရင်း သမီးကို သတိရပေါ့။ ဒါပေမယ့် ညနေအိမ်ပြန်ရောက်ရောက်ချင်းတော့ ကိုယ့်အလုပ်သဘောအရ သမီးလေးကို တန်းပြီး ပြေးချီပွေ့လို့မရဘူး။ ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းလုပ်သားဆိုတော့ ကိုယ်အဝတ် အင်္ကျီကနေ သမီးလေးကို ကူးမှာစိုးစိတ်နဲ့ ညကြီးမင်းကြီးမှ အိပ်ပြန်ရောက်လည်း ရေတွေချိုး၊ ခေါင်းတွေလျှော်တော့ ကျွန်တော့်အမေက သေပန်းပွင့်နေဦးမယ် ဟဲ့ကောင်လေး လို့ ထောပနာပြုသည်။

ဒီကလေးဟာ စိတ်ကြီးရင် အော်ဟစ်ပစ်တတ်တာတော့ ကျွန်တော့်ကို တူတယ်ဗျ။ ငိုလည်းမငိုဘူး။ သူကအော်တာ။ ချေးသေးစိုလို့ အလိုမကျရင် စွတ်အော်ပြီး၊ အနှီးဝတ်လေးလဲပေးလိုက်ပြီဆို ငြိမ်သွားပါရော။ ဒါပေမယ့် သူက ဒီလိုပဲ အလိုမကျတိုင်းအော်တယ်ဗျာ။ တစ်ခါတလေလည်း အလုပ်ပင်ပန်းလွန်းရင် စိတ်မရှည်လို့ ဟိုဘက်ကုတင်၊ ဒီဘက်ကုတင်အိပ်ရင်း နင်တို့သားအမိ နားငြီးတယ်ဟေ့လို့ ကျွန်တော်က ထထပြန်အော်လို့ သူ့အမေနဲ့ကျွန်တော်နဲ့ ပြဿနာ တက်ရတာက ရှိသေး။ သူ့အမေက ကျွန်တော့်ကိုပြောတယ်။ ကိုကြီးက အဖေစိတ်ကို မရှိဘူးတဲ့။

အေးဗျာ။ သူပြောတာလည်း ကျွန်တော် မနာပါဘူး။ သမီးလေး လာတော့မယ်လို့ တံခါးလာခေါက်စက ရုပ်ရှင်တွေထဲကလို နေမထိထိုင်မသာ ပျော်သွားတာမျိုး ကျွန်တော် မဖြစ်ဘူးဗျ။ ကလေးတစ်ယောက်တာဝန်ကို ဘယ်လိုရယ်လို့တွေးရင်း ခေါင်းတွေပူလာတာပါပဲဗျာ။ ကိုယ့်အတွေးနဲ့ ကိုယ်ငြိမ်သွားတဲ့ ကျွန်တော့်ကို သမီးမေမေက စိတ်ကောက်တယ်လေ။ ဟင် ဘာလို့ကောက်တာတုန်းဟ ဆိုတော့ တော်တော်နဲ့မဖြေဘူး။ မိန်းမတွေဟာ သိပ်ခက်တယ်ဗျာ။ နောက်တော့မှ ဒီမင်္ဂလာသတင်းကို ကျွန်တော်က ပျော်ဟန်မပြလို့တဲ့။ အေးဟာ ငါလည်း တစ်ခါမှ ကလေးမရဖူးတော့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ်လို့ ကိုယ်က တောင်းပန်လိုက်မှ သူနဲ့ကိုယ်ထသတ်ရမတတ် စကားတွေများရပြန်ပါပေါ့လား။ ဒီဒုက္ခတွေ မိန်းမ မယူဖူးတဲ့ကောင် ဘယ်သိလိမ့်မတုန်း။

အဲဒီတုန်းက သမီးက သူ့မေမေဗိုက်ထဲက ထွက်လာဖို့ လပိုင်းအလို။ သမီးမေမေကို ဆိုင်ကယ်နောက်မှာတင်ပြီး အိမ်ကိုပြန်တော့ ၊ ဟိုရှေ့နားမှာ ယဉ်ထိန်းတွေ လိုင်စင်စစ်နေလို့ ရပ်ဖို့အရှိန်လေးလျော့နေတုန်း၊ ဗြုန်းဆို ကိုယ့်ရှေ့ကနေ ရုတ်တရက် ပြန်လှည့်ပြေးတဲ့ ငနဲတစ်ကောင်ရဲ့ ဆိုင်ကယ်က ကျွန်တော်တို့ဆိုင်ကယ်ကို ခါးလည်က ဖြတ်တိုက်လိုက်ပါရောလား။ သမီးမေမေက နောက်ကနေ ကြောက်ကြောက်နဲ့ တအားအော်တယ်။ ရင်ထဲလည်း ပူသွားတာနဲ့အတူ ဆိုင်ကယ်ကို လဲမသွားအောင်ထိန်းနေတုန်း၊ ငနဲက သူ့ဆိုင်ကယ်သူ ဟန်ချက်ပြန်ထိန်းပြီး မောင်းပြေးမယ်လုပ်ပါရော။ ကံဆိုးကံကောင်းပေါ့။ အဲဒီနားလမ်းထောင့်က တက်စီသမားတွေက ဒီကောင့်ဆိုင်ကယ်ကို ဖြတ်ဖမ်းဆွဲထားတယ်။ ကျွန်တော်လေ စိတ်တိုလွန်းလို့ အဲဒီအကောင်ကို အင်္ကျီလည်ကုပ်ကကိုင်ပြီး ဆွဲလာမိတာပဲ။ သမီးမေမေနားရောက်မှ ဘာဖြစ်သွားသေးတုန်းမေးတော့ မခိုက်မိဘူးတဲ့။ ဆိုင်ကယ်ခြေနင်းခုံကို တိုက်မိသွားတာဆိုတော့ ခြေနင်းခုံကောက်ကွေးသွားတယ်။ ကံကောင်းတာက သမီးနဲ့ သမီးမေမေဘာမှ မဖြစ်လို့ ကျွန်တော်တို့ ကံကောင်းသလို၊ ဒီကောင်လည်းကံကောင်းပါတယ်။ နို့မိုဆို ကျွန်တော် ဘာလုပ်မိမလဲ ကျွန်တော်လည်း တွေးမရဘူး။ ဘဝမှာ အဲဒီလောက် သတိလက်လွတ် စိတ်တိုသွားဖူးတာ အကြိမ်ရေ နည်းနည်းပဲရှိတယ်။

သမီးနဲ့က အိမ်မှာလည်း သိပ်အားရအောင် မတွေ့ရပါဘူး။ နေ့ခင်း ကျွန်တော်ထမင်းစားအားချိန်ဆို သမီးကအိပ်နေတာ များတယ်။ တာဝန်နားတဲ့ ရက်တွေလောက်ပဲ တစ်နေကုန်တွေ့ရတာ။ အလိုလိုနေရင်းမှ အားမရပါဘူးဆို သမီးမေမေက ရုတ်တရက် သွေးနုသားနုနဲ့ မတက်မဖြစ် သင်တန်းတစ်ခုတက်ရဖို့ ဖန်လာပါရောလား။ ဒီတော့ သမီးလေးခမြာလည်း ဖေဖေကိုထားပြီး မေမေနဲ့ မန္တလေးမှာ အိမ်လေးတစ်လုံးငှားပြီး သင်တန်းတက်နေရ ရှာတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အလုပ်ရှိရာ ကျွန်တော့်မြို့လေးမှာပေါ့။ အခါတိုင်းလို အလုပ်အားရင် ဘီယာဆိုင်တွေဘာတွေ မသွားချင်ဘူးဗျာ။ သမီးလေးဆီ ပြေးသွားချင်တယ်။ ဒီကလေးမဟာ အိပ်မှာရှိတော့သာ ညညနားငြီးအောင်အော်တာ၊ မရှိတော့ လွမ်းသားဗျ။ သူနဲ့ကိုယ်တွေ့တာဖြင့် နှစ်လတောင်မပြည့်သေး။

သမီးမေမေနဲ့ ကိုယ်နဲ့ကတော့ လူချင်းသာဝေးနေတာ အခါတိုင်းလို တဂွမ်ဂွမ်၊ တဂျိန်းဂျိန်းပါပဲ။ တစ်ခါတလေများ လက်ကိုင်ဖုန်းကို ပေါက်ခွဲပစ်ချင်မိသည်။ ငယ်ငယ်က အဖေနဲ့အမေရန်ဖြစ်ရင် စိတ်ညစ်ခဲ့ဖူးတာ သတိရပြီး၊ သမီးရှေ့မှာတော့ ဆင်ခြင်ရမယ်လို့လည်း တွေးမိသည်။ သမီးလေးကျောင်းနေရင် ကိုယ့်တုန်းကလို မချို့ငဲ့အောင်လည်း စိတ်ကတွေးပြီး ပိုက်ဆံကို ပိုရှာဖို့စိတ်တင်းရသည်။ အခါတိုင်းလို မထင်ရင် မထင်သလို ပြောတတ်သော ကျွန်တော့်အကျင့်ကိုလည်း သမီးလေးကိုငဲ့ပြီး ပြင်ရဦးမည်။ သမီးက သူ့ဖေဖေကို ချစ်ချစ်မချစ်ချစ် သူ့ဖေဖေကြောင့်တော့ အမျိုးတွေကြား မျက်နှာမငယ်စေလို။ ကျွန်တော့် ကိုယ်တွေ့တော့ ဖခင်မေတ္တာဆိုတာ မြင့်မိုရ်တောင်တွေဘာတွေ မဟုတ်ပါဘူး၊ အဲဒီလောက်လေး ပါပဲ။ အခုတော့ လက်တွေ့အားဖြင့် သမီးလေးစာဖတ်တတ်လာရင် လက်လှမ်းမီရာမှာ မသိမသာထားပြီး မြှူဆွယ်ဖို့ ကျွန်တော့်စာအုပ်တွေနဲ့ စာအုပ်စင် ခပ်လတ်လတ်တစ်ခု အိမ်မှာပြင်ထားသည်။ ဒါလည်း သူလမ်းလျှောက်တတ်လို့ မျောက်ရှုံးနေအောင် ဆော့ရင် ကျွန်တော့်စာအုပ်တွေ ဖြဲပစ်မှာ စိုးတာလည်း ပါတာပေါ့။

သူစာဖတ်တတ်လျှင်တော့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းနဲ့ ကာလပေါ် ကလေးဖတ်စာပေတွေ ဝယ်ပေးရမည်။ ဖတ်လိုလျှင်လည်း ဖတ်စေပေါ့။ အတင်းအကြပ်တော့ မဖတ်စေပါဘူး။ ကျွန်တော်က သမီးကို ကိုယ်တိုင်က ဘာဖြစ်ချင်ပြီး၊ ဘာဝါသနာပါသည်ကို သိပြီး၊ ထိုအတိုင်းရဲရဲလျောက်တတ်ဖို့သာ လမ်းပြပါမည်။ ထို့ထက်ပို၍ ကျွန်တော်တတ်နိုင်သည်လည်း မထင်ပါ။ သို့သော် အခုတော့ တအဲအဲအော်တတ်သော ကျွန်တော့်သမီးကို လွမ်း၍ ဤစာကိုရေးပါသည်။ သမီးကတော့ အဖေဆိုတာလည်း နားလည်ဦးမည်မဟုတ်၍ လွမ်းတတ်သေးမည်လည်း မဟုတ်ပါ။ ဒီတစ်ခါ အားရက်မှာတော့ သမီးဆီလိုက်သွားပြီး ပေါင်ပေါ်တင်ပွေ့ကာ ချော့မြှူရင်း၊ နွေးခနဲ့ခံစားလိုက်ရသော စိုစွတ်မှုမှာ၊ ကိုယ့်အပေါ်သူ ရှူရှူပေါက်ချပြီဟု အော်ဟစ်ပြောရင်း တဟားဟားရယ်ရပေဦးမည်။ ကျွန်တော် သမီးကို ချစ်ပါသည်။

အောင်မျိုးသူလွင်
၁၃/၀၇/၂၀၁၅
တနင်္လာ
ညနေ ၀၅:၀၁

Monday, May 25, 2015

အောင်စာရင်း

ဟိုတုန်းကတော့ ကျောင်းဆရာ၊ ဆရာမဆို သိပ်မျက်နှာငယ်သည်။ အခုတော့ လူအုပ်ကြီးကို ကြည့်ပြီး ကျွန်တော် ဖြုံသွားပါသည်။ စဉ်းစားကြည့်ဗျာ အမှတ် ၁၆ ကျောင်းရှေ့က ကွင်းကြီးတစ်ခုလုံး အပြည့်အလျှံ။ အဲဒါ အခု ဘွဲ့ရတွေကိုခေါ်တဲ့ ကျောင်းဆရာမဝင်ခွင့် ရေးဖြေအောင်စာရင်း ထွက်တာတဲ့။ မြန်မာပြည်ရဲ့ အထင်ကရ ပညာရေးဋ္ဌာနကြီးက လုပ်တာဆိုတော့လည်း သိပ်စနစ်ကျသည်။ ယနေ့ထွက်မည့်အောင်စာရင်းကို မနေ့ကညဦးပိုင်းကမှ အတွင်းလူတစ်ယောက် လှမ်းပြော၍ သိရသည်။ တစ်ရက်ထဲမှာ ယခုပင်အောင်စာရင်းထွက်မည်၊ အောင်လျှင် ခဏနေ ဆယ်နာရီမှာ နှုတ်ဖြေတဲ့။ ဝရုန်းသုန်းကား မီရာကားနဲ့လိုက်လာတဲ့ အနယ်နယ်အရပ်ရပ်က လူတွေဆိုတာ နည်းတာမဟုတ်။

အနှီလူအုပ်ထဲ ကျွန်တော်ရောက်နေတာက အိမ်ကမိန်းမကြောင့်လေ။ သူက ကုမ္ပဏီတစ်ခုမှာ စာရင်းစစ်။ ကံဆိုးပြီး ကျွန်တော်နဲ့ညားတော့ ဂုတ်ဝဲနောက် ဘိုကေပါရိုး ထုံးစံမရှိသလို၊ သူ့လိုအလုပ် ကျွန်တော်မလုပ်တတ်တော့၊ ကျွန်တော်နဲ့တူရာ အစိုးရဘက်ကို ပြောင်းကွာဆိုပြီး မိန်းမကို ဆရာမ လျှောက်ခိုင်းလိုက်မိတော့၊ အခု ဝရုန်းသုန်းကား လူစုထဲမှာ ယောင်ပေပေနဲ့ ကျွန်တော်ရောက်နေရတာပါပဲ။ မြင်းခြံ၊ ပြင်ဦးလွင်၊ ကျောက်ဆယ်၊ မန္တလေး က လျှောက်သမျှလူ အကုန်ဒီနေရာမှာပဲ စုပြုံကြည့်ဆိုပြီး၊ အောင်စာရင်းသင်ပုန်းလေး နှစ်ခုပဲ ချထားပေးတော့ ဘယ်ကလောက် ပြုံနေမတုန်းဆိုတာ စဉ်းစားသာကြည့်ဗျာ။ နောက်ပြီးအောင်ရင် ချက်ချင်းပဲ ဆယ်နာရီမှာ နှုတ်ဖြေဆိုတော့ ကြော်ငြာသင်ပုန်းရှေ့က လူအုပ်ကြီးကို ကြည့်ပြီး ကျွန်တော် ဘယ်လောက်ဖြုံသွားမယ်ဆိုတာ စဉ်းစားသာကြည့်ပေတော့။

ဘယ်ရမတုန်း တကယ်လိုအပ်လာပြီဆိုတော့ ဂျင်းတဲမန်း မျက်နှာဖုံးကို ခဏခွာချတဲ့ပြီး ကိုယ်တွေလည်း လူအုပ်ထဲ ပိတ်ကန်တိုးရတော့တာပေါ့။ ပျော့တဲ့လူ နေရာဖယ်ပေးစတမ်းလေ။ ငရဲပွက်တယ် ဆိုတာ အဲသည်မှာတကယ်ဗျ။ စစချင်းတော့ ချွေးလေးနည်းနည်းစို့လာတယ်။ တဖြည်းဖြည်း တပြိုက်ပြိုက်ကျပါရော။ အဲနောက်တော့ အသက်ရှုပါကြပ်လာတယ်။ ကျွန်တော့် အရပ် ငါးပေခွန်တောင် အသက်ရှုကြပ်မှတော့ ဆရာမအလောင်းအလျှာလေးတွေ ဆိုတာ လူထဲမှာ ခေါင်းလေးတွေမော့လို့၊ ဟပ်ပဲ့ ဟပ်ပဲ့၊ အသက်ရှူနေရရှာတာလေ။ ခမြာလေးတွေလည်း ဇွဲတော့အကောင်းသားဗျ၊ အောင်မျိုးတို့လို မိန်းမခိုင်းလို့၊ ကောင်မလေးအတွက်၊ ကိုယ်တိုင်အတွက် အမျိုးမျိုးသောအကြောင်းတွေနဲ့ ဇွတ်တိုးနေတဲ့ သူကောင်းသားတွေကြားမှာ အားသွန်ခွန်စိုက်ကို တိုးရှာတာ။ အချိန်က နီးပြီးကိုး။ ပါရင် နှုတ်ဖြေဆက်ရမှာလေ။

"ဦးလေးကြီး၊ သမီးရှေ့ကို ဘာမှ မမြင်ရတော့ဘူး၊ ဦးလေးခါးကိုကိုင်ထားမယ်နော်"

ကောင်မလေး ပုပုလေးတစ်ယောက်က ချွေးသီးချွေးပေါက်တွေ ကြားမှ ခပ်ယဲ့ယဲ့လေး အကူအညီတောင်းရှာသည်။ ကျွန်တော်လည်း ကြော်ငြာသင်ပုန်းနားရောက်ရေးသာ အားကုန်စိုက်နေတာမို့ "အေးအေး" လို့ သူ့ကို ပြောရုံသာပြောနိုင်ပြီး ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်၊ ကိုယ်ကို ဒေါင်လိုက်ချလိုက်၊ ပြားလိုက်ချလိုက်ဖြင့် အဟုတ်ပင် ဇွတ်တိုးရနေရတော့သည်။

ကောင်မလေးကလည်း ကျွန်တော့်ကို ခွင့်တောင်းတယ်သာဆိုသည်၊ သူ့ခမြာလည်း မွန်းမသေအောင် အနိုင်နိုင်လူအုပ်ကြား ခေါင်းကိုအပေါ်မော့ထားရတာမို့ ကျွန်တော့် အေးအေး ဆိုသော ခွင့်ပြုစကားကိုမှ ဆုံးအောင်မစောင့်နိုင်၊ ခါးပုံစအထုံးကို မြဲမြဲကိုင်ထားရှာသည်။

လူအုပ်များပြီဆိုတော့ ထုံးစံအတိုင်း ဟေးလား ဝါးလား တွေပါလာသည်။ ညာသံပေးပြီး လှုပ်ကြသည်။ ရံခါ ကျွန်တော်ပင် ခြေထောက်နှင့် မြေကြီးထိတယ်မထင်တော့။ စွေ့ခနဲ့ တစ်ချက်ယိမ်းအထိုးမှာ ဝေ့ခနဲ့ လူအုပ်ကြီးအလှုပ်၊ ကျွန်တော့်ခါးပုံစကို ကိုင်ထားသော ကောင်မလေးလက်လွတ်ထွက် သွားသည်နှင့်အတူ ကျွန်တော့်ပုဆိုးလည်း ပြေကျသွားသည်ကို ခံစားလိုက်ရသည်။ ပြေကျသွားသော ပုဆိုးကို ဘယ်လက်နဲ့အသာထိန်းကိုင်ရင်း၊ ကလေးမကို ကြည့်လိုက်တော့ ကျွန်တော်နောက် မမီမကမ်းလေးမှာ ပြုံးပြရှာသည်။ ပါးစပ်ကလည်း

"မတလ- ( ၅၄၅ )ပါရင်ကြည့်ပေးကြပါရှင်" ဆိုပြီး စိုးရိမ်စွာ တစာစာအော်ရှာသည်။

ဆယ်နာရီက ထိုးတော့မည်။ ကျွန်တော့်ရှေ့မှာ လူနှစ်တန်းစာလောက် ပိတ်နေသေးသည်။ အောင်စာရင်းစာရွက်ကို သေချာမမြင်ရ။

ကျွန်တော်ရှေ့သို့ အားစိုက်တိုးလိုက်ပြန်သည်။ လူအုပ်ကြီးကလည်း ဟေးဆို ဟိုတွန်းဒီတိုက် ယိမ်းလိုက်ကြ၏။ ထိုအခိုက် ကျွန်တော့် ခန္ဓာကိုယ်အောက်ပိုင်းကို တစ်ခုခုက ဖျစ်ဆွဲလိုက်သလို ခံစားလိုက်ရပြီး ကျွန်တော့်မျက်လုံးတွေ ပြူးထွက်သွားရသည်။ နောက်ပြန် ငုံ့ကြည့်လိုက်တော့ စောစောက ကလေးမ။ ကျွန်တော့်ကို ပြုံးပြရှာသည်။

"အဟီး ဦးလေးကြီး"

ကျွန်တော်သူ့ကို နောက်ပြန်ကြည့်ရင်း နာကျင်မှုကြားမှ စကားတစ်လုံးချင်းစီကို ကြိုးစားပြီးပြောချလိုက်ရ ပါသည်။

"သမီးရယ် သမီးအခု တအား ကိုင်ထားတာ ဦးရဲ့ ခါးပုံစထုံးမဟုတ်ဘူးကွဲ့"

ထိုအခိုက် လူအုပ်ကြီးက "ဟေး" ဆို ယိမ်းလိုက်ပြန်ပါသည်။

"အောင်မလေး သေပါပြီဗျာ"

မဖြစ်၊ ဒီလိုတော့ ဘယ်နည်းနဲ့မှ မဖြစ်။ ကိုယ့်ဟာ(ပုဆိုးစ)လေးကိုယ် အနိုင်နိုင်ကျွတ်ပါမသွားအောင် ကိုင်ရင်း နာရီကို ကြည့်လိုက်မိသည်။ ဆယ်နာရီ ထိုးကာနီးပြီ။ ကျွန်တော့်ရှေ့မှာ ခပ်တောင့်တောင့် အမျိုးသမီးနှစ်ယောက်။ သူတို့ကို ဘော်ဒီတိုက်ဖို့ကတော့ ဘယ်လိုမှ ကျွန်တော်နိုင်ကိန်းမရှိ။ ဒီတော့ ကျွန်တော်လည်း တော်တာ၊ မတော်တာ၊ ရှက်တာတွေ အသာထားပြီး၊ သူတို့နှစ်ယောက်ကြား ခေါင်းတစ်ဝင်စာ နေရာလပ်ဖြစ်နေသော ရင်ဘတ်အောက်နား ခါးနေရာလေးက လူနှစ်ကိုယ်ကြား အပေါက်လေးကို မှန်းပြီး ခေါင်းတိုးဝင်ပစ်လိုက်သည်။ မမများကလည်း အရှေ့ကို မဲနေတာဆိုတော့ ဒီလောက်တစ်ကြပ်နေသည့် လူအုပ်ကြားမှာ ကျွန်တော့်လုပ်ရပ်ကို သတိထားမိဟန်မရှိ။ သူတို့လည်း အောင်စာရင်းအတွက် ရင်မောနေကြမှာလေ။ သူတို့ရှေ့မှာလည်း လူက တစ်တန်းစာလောက် ရှိသေးတာကိုး။

ကျွန်တော့်လုပ်ရပ် အဆင်ပြေပါသည်။ လူတစ်ပိုင်းတော့ တန်းကျော်တက်သွားသည်။ သို့သော် ခက်တာက သူတို့နှစ်ယောက်ကြား ညပ်မိနေသော ကျွန်တော့်မှာ ထလို့မရ။ ဒီတော့ လူအုပ်ကြားမှာ မွန်းမွန်းနှင့် ရှေ့လူရဲ့ ပုခုံးရှိရာလောက်ကို မှန်းပြီး သူ့ပုခုံးကို အားယူဆွဲလိုက်သည်။ ထိုလူ့ပုခုံးကြီး အိခနဲ့ ကျွန်တော့်လက်ထဲ ပါလာသည်နှင့်အတူ ကျွန်တော်လည်း လူအုပ်ကြားမှာ အသက်ရှုဖို့ ခေါင်းပြူလို့ ရသွားသည်။

"အား ရှင်ဒါဘာလုပ်တာလဲ"

"ဟင် ခင်ဗျားကလည်း ဘာလို့ အောင်စာရင်းကြည့်တာ၊ ဟိုဘက်လှည့်မနေဘဲ၊ ဒီဘက်ပြန်လှည့်နေတာတုန်း"

"ကျမက ကြည့်ပြီးလို့ ပြန်ထွက်လာတာလေ၊ ရှင်ကဘာလို့ လူကိုဟိုနေရာ ဆွဲရတာတုန်း"

"မဟုတ်ရပါဘူးဗျာ၊ ဘုရားပေးပေး ကျမ်းပေးပေး၊ ကျွန်တော် အောက်မှာ အသက်ရှူကြပ်လွန်းလို့ ရှေ့ကလူပုခုံးဆိုပြီး ဆွဲမိဆွဲရာ ဆွဲလိုက်တာမှာ၊ ခင်ဗျားက ဒီဘက်လှည့်နေတော့"

လူအုပ်ကြီးက "ဟေး" ဆို ညာသံပေး ယိမ်းလိုက်ကြပြန်ပါသည်။ ဗြုန်းဆိုဟန်ချက်ပျက်ပြီး ကျွန်တော့် အင်္ကျီအိတ်ကပ်ထဲမှ ဖုန်းလေးလွတ်ကျသွားသည်။ ကွဲရချေသေးရဲ့လို့ စိတ်ကတွေးမိသွားသည်နှင့်အတူ အကျင့်ပါနေသော လက်က ဖုန်းလမ်းကြောင်းကို မှန်းပြီး အောက်ထဲဆတ်ခနဲ့ နှိုက်ဖမ်းလိုက်သည်။

"အား အင့်ဟယ်၊ အင့်ဟယ် အပေါ်ရော အောက်ရောကတော့ လွန်တယ်"

လူကြားထဲမှာ အိနြေ္ဒမပျက်အောင် စီးထားသော ဖိနပ်ခွာနှင့် ခြေချောင်းလေးတွေကို ပွတ်ခြေနင်းသွားသော အကြင်သဘောကောင်းရှာသူ အမျိုးသမီးကို ကျွန်တော်က ကျေးဇူးတင်လိုက်ရပါသေးသည်။

ထိုနေ့က အနယ်နယ်အရပ်ရပ်မှ ဆရာမဖြစ်ချင်ရှာသူ အလောင်းအလျှာမလေးများ၏ ဂစ်တာရှိတ်တွေကြား ကုန်းကုန်းကွကွနှင့် ဖုန်းပျောက်ရှာမိသော ကျွန်တော့်ကို တလွဲထင်မိသူများရှိပါက ဤစာဖတ်ပြီး အမျက်တော်ပြေကြဖို့ ပြောချင်ပါသည်။ တကယ်တော့ ဤမျှ ပူလောင်အိုက်စပ်ပြီး ငရဲတမျှပွက်လှသော လူအုပ်ကြား ကျွန်တော့်မှာ ဟိုစိတ်သည်စိတ်တွေလည်း မထားနိုင်ပါခင်ဗျာ။

အောင်စာရင်းကြည့်ပြီး ဒဏ်ရာများဖြင့် ကွတ ကွတ၊ ထော့ကျိုး ထော့ကျိုးပြန်လာသော ကျွန်တော့်ကိုယ်မှာ နှုတ်ခမ်းနီရာတွေ တွေ့သည်ဆိုကာ အရိပ်ထဲမှာ ရပ်စောင့်နေသော မိန်းမက "ရှင်ဒီရောဂါကို မပျောက်ပါဘူး" ဆိုပြီး ပေါင်တွင်းကြော ဆွဲလိမ်ပါသည်။ လောလောလတ်လတ် နဂိုဒဏ်ရာအခံလေး ရှိတော့ နာလိုက်တဲ့ ဖြစ်ခြင်းဗျာ။ ခါးပုံစအမှတ်ဖြင့် ဆွဲမိ ဆွဲရာ ဆွဲရှာသော ကလေးမကိုလည်း ယခုစာဖတ်မိ၍ တာဝန်ရှိသည်ဟု ယူဆလျှင် ကျွန်တော့်အနာအတွက် ဆေးဖိုးဝါးခလေး ပေးစေချင်ပါသည်။

ကျွန်တော့်မှာ ယခုစာကိုပင် ခေါင်းအုံးဖင်ခုထိုင်ပြီး ကြွတ ကြွတ ဖြင့်ရေးလိုက်ရခြင်းဖြစ်ပါသည်။ ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မည့် ပညာရေးဋ္ဌာနကြီး၏ လူသစ်ရေးဖြေစာမေးပွဲတွင် အချိန်းအချက်မရှိ ဗြန်းစားကြီး အောင်စာရင်းကပ်သည့် စနစ်ကြောင့် မသိလိုက်၍ လူတွေ့မဖြေလိုက်ရသူများ အသည်းတွေကွဲနေနိုင်သလို မဆီမဆိုင် မောင်ငမျိုးတို့လည်း ဟိုသင်းတွေကွဲမတတ် နာကျင်ခံစား ခဲ့ရကြောင်းပါခင်ဗျာ။

အောင်မျိုးသူလွင်
၂၅/၀၅/၂၀၁၅
တနင်္လာ
ည ၁၀:၀၀

Saturday, May 23, 2015

တစ်ပွဲတစ်လမ်း

မနေ့ညနေပိုင်းက တောင်ခြေမှာ မိတ်ဆွေတစ်ယောက်အလာကို ဆိုင်ကယ်ပေါ်ကဆင်းပြီး မတ်တပ်ရပ်စောင့်နေတုန်း ကျွန်တော့်ရှေ့လမ်းပေါ်ကနေ ကောင်လေးတစ်စု ဆိုင်ကယ်ဖြတ်မောင်းသွားပါတယ်။ မန္တလေးမှာက ဒီလို လမ်းသရဲဆန်ဆန် ဆိုင်ကယ်အုပ်စုလေးတွေ အခုနောက်ပိုင်း များများလာပါတယ်။ ဒီကောင်လေးတွေအုပ်စုဟာ လူလေး ငါး ဆယ်ယောက်၊ ဆိုင်ကယ်ကိုယ်စီ၊ ဆံပင်ဖြူနီကြောင်ကြား၊ ထူးထူးဆန်းဆန်းအပြင်အဆင်နဲ့ အခု ကောင်မလေးပေါက်စတွေ အလန်းလို့ ပြောကြမယ့် စတိုင်တွေနဲ့ပေါ့။ ကျွန်တော် သူတို့ကို ရပ်ကြည့်နေတုန်း၊ အရှေ့တော်တော်လွန်သွားကာမှ သူတို့ အုပ်စုထဲက ဆိုင်ကယ်တစ်စီးက ဗြုန်းဆို ကျွန်တော်ရှိရာဘက်ကို ပြန်ကွေ့လာပါရော။ သူကွေ့လာတော့ အခြားဆိုင်ကယ်တွေပါ ကွေ့လိုက်လာတော့တာပေါ့။

"ဘဲကြီး ခင်ဗျား စောစောက ခင်ဗျား ဘာကြည့်တာတုန်း"

ဗုဒ္ဓေါ။ ကျွန်တော် သိလိုက်ပါပြီ ဒီကောင်လေးတွေ ကျွန်တော့်ကို ပြဿနာရှာပြီဆိုတာ။ ဒီကောင်တွေမျက်စောင်းက အကြောင်းသုံးပါး ရွေးတာမဟုတ်။ လက်ရဲဇက်ရဲ သူတို့ အကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် သူတို့ကတော့ ကျွန်တော့်အကြောင်း ဘာမှ သိရှာကြပုံ မရပါဘူး။

တစ်ချိန်က ဝါးရင်းတုတ်ဖိုးကေဆိုတာကို ကြားဖူးရင်၊ သူ့နည်းပြ ကိုဝင်းထွန်း(လယ်/ဆည်)ဆိုတာ ကျွန်တော်နဲ့ အိမ်ချင်းကပ်နေသွားဖူးတာမို့ ကျွန်တော်က မြန်မာ့လက်ဝှေ့ကို အနည်းအကျဉ်းသင်ဖူးပါတယ်။ အပြင်မှာ ရန်မဖြစ်ပါဘူးလို့ ပဋိညာဉ်ခံပြီးမှ သင်ရတာပါ။ ငယ်ငယ်က အဖေသင်ပေးခဲ့တဲ့ သိုင်းပြောင်းပြန်လည်း ကျွန်တော်က မဆိုစလောက်တတ်ပါသေးတယ်။ သိုင်းပြောင်းပြန်ဆိုတာ အခြားကိုယ်ခံပညာတွေလို တိုက်ခိုက်နည်းကို သင်ရတာ မဟုတ်ဘဲ၊ သတ်ဖြတ်နည်းကို သင်ရတာမျိုးပါ။ ကျွန်တော့်အဖေဆိုရင်တော့ လက်နက်မပါတာတောင် တုတ်ကိုင်လူ လေးငါးယောက်ကို အသာလေး တစ်ခဏအတွင်း ဖြိုပစ်နိုင်တဲ့ အထိစွမ်းပါတယ်။

ကျွန်တော့်ကို ဘာကြည့်တာတုန်းမေးတဲ့ ခပ်စွာစွာကောင်လေးကို ကြည့်ပြီး ကျွန်တော်ပြောလိုက်ပါတယ်။

"မင်းမဟုတ်ဘူး၊ ဟိုဘက်ကကောင်"

ကျွန်တော်ညွှန်ပြတဲ့ကောင်လေးက ယခုကောင်လေးထက် ကိုယ်လုံးကိုယ်ပေါက် ပိုတောင့်ပြီး၊ သူ့ကြွက်သားတွေ ပေါ်အောင်လည်း တီရှပ်လက်ပြတ်ခပ်ကြပ်ကြပ်ကို ဝတ်ထားပါတယ်။

"အေး ကျုပ်ဆိုတော့ ခင်ဗျားကြီးက ဘာပြောချင်တာတုန်း"

ကောင်လေးက အတင့်ရဲစွာ ရှေ့တိုးလာပါတယ်။

ကျွန်တော်က သူ့တို့အဖွဲ့ကို အလျှဉ်းဂရုပြုဟန်မပြဘဲ တိုးလာတဲ့ကောင်လေးကိုပဲ ရဲရဲကြီးတစ်ခွန်းထဲ ပြောချလိုက်ပါတယ်။

"မင်းလက်မောင်းက တက်တူးမိုက်တယ်ကွ"

ကျွန်တော့်ရဲ့ ပြတ်သားတဲ့စကားကို ကြားတော့ ကောင်လေးကိုယ်ရှိန်တန့်ပြီး ကြောင်သွားပါတယ်။

"ဒီမှာကြည့်ကွ၊ ငါ့လက်မောင်းကို"

တစ်ဆက်တည်း ကျွန်တော်က ကျွန်တော့်အင်္ကျီလက်မောင်းကို ပင့်တင်လိုက်ပါတယ်။

"ဟင် ဘာတက်တူးမှလည်း မရှိဘူး"

"တက်တူးတင်မရှိတာမဟုတ်ဘူးကွ၊ သေချာကြည့် ငယ်ငယ်က ကျောက်ဆေးထိုးထားတဲ့ အမာရွတ်ပါမရှိတာမောင်"

"အဲဒီတော့"

"ငါက နာမှာကြောက်တယ်လေကွ၊ ငယ်ငယ်ကဆို ကျောင်းမှာ ကျောက်ဆေးလာထိုးတိုင်း နာမှာကြောက်လို့ ကျောင်းလစ်ပြီး ပုန်းနေခဲ့တော့ အခုထိ လက်မောင်းမှာ အမာရွတ်နဲ့တူတာဆိုလို့ ခြင်ကိုက်ဖုတောင် မရှိတာသာကြည့်"

"ဒါပေမယ့် မင်းတို့လို တက်တူးလေးတွေတော့ ငါကြိုက်သကွ၊ နို့ပေတဲ့ အနာခံပြီး မင်းတို့လိုမထိုးရဲတော့၊ အဲဒါ အခုလို လှတပတ ထိုးထားတဲ့ လူတွေ့ရင် မလွတ်တမ်းကြည့်မိတာပဲဟေ့၊ ဒါနဲ့ မင်းတို့ကအခု ဘာလို့ ပြန်လှည့်လာတာလဲ၊ ငါ့ကို သိလို့လား"

"ဘဲကြီး ခင်ဗျား သောက်ဆန်းကြီးတွေ သိပ်ပြောတတ်တယ်။ ကြိုက်သွားပြီ၊ အခုကျုပ်တို့ အဖွဲ့နဲ့ လိုက်ခဲ့မလား၊ ရေကူးကန်ဘက်သွားမလို့"

ကျွန်တော်လိုက်မသွားတော့ပါ။ ကျွန်တော် မတောက်တခေါက် တတ်ထားသော မြန်မာ့လက်ဝှေ့ပညာနှင့် သိုင်းပြောင်းပြန်တိုက်ကွက်များကို ထုတ်မသုံးလိုက်ရသည်ကိုပင် ဒီကောင်လေးတွေ ကံကောင်းရန်ကောဟု ကြံဖန်ကျေးဇူးတင်လိုက်ရပါသည်။

ကျောင်းသား ဘဝတစ်လျှောက် ရန်ပွဲပေါင်းများစွာတွင် ထိုမတောက်တခေါက် ပညာများကို အသုံးပြုခဲ့သည်မှာ သင်္ကြန်တွင်း ဒုလ္လဘဝတ်တိုင်း လူမြင်ကွင်းထွက်လာလေ့ရှိသော ကျွန်တော့်ခေါင်းမှ အမာရွတ်များက သက်သေပင်ဖြစ်သည်။ အကယ်တိ ကောင်လေးများသည် ကျွန်တော့်စကားကို နားမထောင်ဘဲ ရှေ့ဆက်တိုးလာခဲ့သည် ရှိသော် ယခုနေ ထိုကောင်လေးများသည် ဆေးရုံတွင် လူနာမေးရသော ဒုက္ခတစ်ခုကို မှန်မှန်ကြီးရက်ဆက် ပြုနေရပေတော့မည်။ သူ့မိဘများလည်း ကျွန်တော့်အတွက် ဆေးဖိုးမကုန်ကြ၍ ကံကောင်းသွားကြရှာပါသည်။

ကျွန်တော့်ကိုလည်း သူတို့က ၄င်းတို့ထိုင်နေကျ ဘီယာဆိုင်နှင့်အချိန်ကို ပြောပြ ဖိတ်မဏ္ဍက ပြုသွားကြသောကြောင့် လမ်းကြုံလျှင် ဖရီးဝင်ကစ်နိုင်သော အခွင့်တစ်ခုတိုးလာပြီ ဖြစ်၍ ကျွန်တော်လည်း ကံကောင်းပါသည်။ လောကသည် သာယာပေစွတကား။

အောင်မျိုးသူလွင်
၂၃/၀၅/၂၀၁၅
စနေ
ည ၁၀:၀၈

Wednesday, May 6, 2015

မျက်ကန်းတစ်ယောက်ရဲ့ဒိုင်ယာရီ

"မောင် မနဲ့ မင်းကောင်မလေး ဘယ်သူ့ကို ပိုချစ်တုန်း ပြော"

စိတ်လိုလက်ရရှိသည့်အခါ မ က ကျွန်တော့်ကို မောင်ဟု တစ်လုံးတည်းခေါ်တတ်သည်။ အထူးသဖြင့် နှစ်ယောက်တည်းရှိသည့်အခါ ယခုလို ကြာမူပါပါ မကြာမကြာ မေးတတ်သည်။ မ ၏ အမေးမှာ မရေရာမှုမပါ။ အားငယ်မှု နတ္ထိ။ ယုံကြည်မှု အပြည့်ရှိသည့် ပုံမျိုး။

ကျွန်တော်က မ အမေးကို နှုတ်ဖြင့်ဖြေလေ့မရှိပါ။ ဤမေးခွန်းမျိုးကို မည်သို့ဖြေအပ်သည်ကို ကျွန်တော် ကောင်းစွာသိပါသည်။ မ ကကျွန်တော့်အတွက် အရာရာဖြစ်သည်။ မ သည် ကျွန်တော့်ကို လောင်မြိုက်မှုပေးသော စွမ်းအင်ဖြစ်သလို၊ မ သည် ကျွန်တော့်အား အေးချမ်းမှုပေးသော အငြိမ်းဓါတ်လည်းဖြစ်သည်။ ရေစက်စက်ကိုယ်ကို အမွေးပွ တဘက်ဖြင့် ခပ်ဖွဖွပတ်ရင်း ရေချိုးခန်းထဲမှ ဟန်ပါပါ ထွက်လာတတ်သော မသည် ကျွန်တော့်အတွက် စွမ်းအင်တစ်မျိုးဖြစ်သလို၊ အိပ်ရာတစ်ခုကို အတူမျှသုံးရင်း အချစ်လှိုင်းတံပိုးတွေကြား တက်ကုန်ဖွင့်၊ ခြေပစ်လက်ပစ်ကျသော ညများမှာ အတူတူ သောင်ကမ်းရောက်တော့ ယဲ့ယဲ့လေးပြုံးပြသော မ မျက်နှာက ကျွန်တော့်ကို အငြိမ်းဓါတ်ပေးပြီးကြောင်း သင်္ကေတဖြစ်သည်။

မ နှင့် ပတ်သက်မိပြီးကတည်းက အီစီကလီ၊ အတည်အကြည် မည့်သည့်ရည်းစားကိုမှ ကျွန်တော် သွားမတွေ့ဖြစ်တော့ပါ။ ထို့အတွက် ကျွန်တော့်ကို သစ္စာရှိသူဟု ဆိုအပ်သည်လည်း မထင်မိ။ သိဝိမင်းသည် ဥမ္မဒန္တီကို မြင်ပြီးရူးသကဲ့သို့၊ နတ်သုဒ္ဓါစားမိသော မင်းသား လူ့ပြည်က အစာတွေကို ခံတွင်းမလှိုက်တော့ သလိုမျိုး၊ ကျွန်တော်သည် မ မှလွှဲ၍ အခြားကို မနှစ်သက်နိုင် သောကြောင့်သာ ဖြစ်သည်။ မသည် ကျွန်တော့်အတွက် ခန္ဓာဗေဒ လိုအပ်ချက်တစ်ခုဖြစ်သလို၊ မ သည် ကျွန်တော့် ဆန္ဒလှိုင်းကြမ်းများ ကွန်းခိုရာ သောင်ကမ်းတစ်ခု။ မ မှာ နှစ်သိမ့်တတ်သော နူးညံ့မှုတစ်ခု ရှိသည်။

-------

ကျွန်တော်နဲ့ ပြန်တွေ့တော့ အနှင်းပြောတာ သိပ်ပျော်တာပဲတဲ့။ အဲဒီတုန်းက စစ်ကိုင်းတံတား အနောက်ဘက်ခြမ်းက လေညှင်းခံနေရာလေးမှာ။ အကို့ အရင်ရည်းစားနဲ့ ပြတ်သွားပြီလားဆိုတော့ ကျွန်တော် ခေါင်းညိတ်မိသည်။ အနှင်းကို ဘာလို့လာတွေ့တာတုန်းဆိုတော့ သတိရလို့ပေါ့ ဟုပြန်ဖြေမိသည်။ ဧရာဝတီမြစ်ပြင်ကို ဖြတ်တိုက်လာသော လေသည် ကျွန်တော်တို့ နှစ်ယောက်ကြားမှ ခပ်သုတ်သုတ်လေးဖြတ်တိုးသည်။ အနှင်းက ထိုလေကို မရှုစိမ့်လေဟန်ဖြင့် ကျွန်တော့်ဘက်ကို တိုးကပ်လိုက်တော့ ကျွန်တော့်လက်က သူ့ခါးပေါ်ရောက်ပြီး၊ သူ့ဆံပင်လေး ကျွန်တော် ငုံ့နမ်းမိတာ သတိရသည်။ ကျွန်တော်တို့ နှစ်ယောက် ရည်းစားဖြစ်ဖို့ ချစ်တယ်ဆိုသော သမားရိုးကျ စကားမလိုပါ။ အရင်ရည်းစားနှင့် ပြတ်သွားပြီဟူသော ကျွန်တော့် စကားက အနှင်းအတွက် သိက္ခာ ဖြစ်သည်။ သို့သော် လက်ရှိ မ နှင့် တွဲနေပါသည်ဟူသော အဖြစ်ကမူ မမျှော်လင့်ဘဲ ကျွန်တော်၏ ဝှက်ဖဲတစ်ခု ဖြစ်နေခဲ့သည်။ ကျွန်တော့်ဘက်က သစ္စာတရားအဖြစ် ယခုလို လိမ်ကွယ်ပြောရန် တမင် မရည်ရွယ်ကြောင်းနှင့် ထိုအချိန် အနှင်းဆံပင်နှင့် ကိုယ်နံ့သင်းသင်းလေး၏ ဖျားယောင်းမှုကို တပ်မက်ခဲ့မိကြောင်း ဘယ်အချိန်မဆို ဝန်ခံရန် အသင့်ရှိပါသည်။

အနှင်းက "အကို့ကို တစ်သက်လုံး ဒီလိုပဲ ဖက်ထားချင်တယ်" တဲ့။ အနှင်းကို သိပ်ချစ်တာပဲ ဆိုတော့၊ အကို့ ကိုလည်း ချစ်နေတာ ကြာပေါ့တဲ့။ သူလိမ်မပြောကြောင်း ကျွန်တော်ယုံပါသည်။ ကျွန်တော်နဲ့ အနှင်းတွေ့ကြတိုင်း တောင်ပေါ်ဘုရားမှာ တရုတ်စကားနံ့လေးတွေ သင်းလို့။

--------

မ က ကျွန်တော့်ကို "မောင်က အိပ်ရာထဲမှာ ကျားပဲ" တဲ့။ "ဂါး" ဆို ကျွန်တော်က လူသားစားလိုဟန် အမူအယာလုပ်တော့၊ အဟုတ်ပဲ ကိုက်လိုက်တော့မှာ ကြောက်ဟန်ပြုပြီး မ က ကျွန်တော့်ကို တွန်းလွှတ်သည်။ ငြိမ့်ငြိမ့်လေး မျောမလား၊ ကြမ်းကြမ်းလေး စီးမလား အချစ်အာဏဝါကြောမှာ လေအေးစက်နံ့လေး သင်းလို့။

မ နဲ့ ကျွန်တော့်ကြားမှာ ခြားထားအပ်သောအရာမရှိ၊ ပကတိနားလည်မှုတွေရှိခဲ့သည်။ ကျွန်တော်နဲ့ အနှင်းအကြောင်း မ ကိုဖွင့်ပြောပြီးနောက်ပိုင်း မ ကအခုလို ခဏခဏ မေးတတ်သည်။

"မောင် မနဲ့ မင်းကောင်မလေး ဘယ်သူ့ကို ပိုချစ်တုန်း ပြောစမ်း" တဲ့။

တစ်ခါတလေတော့ ကျွန်တော့်စိတ်ထဲ သိပ်ခံစားရသည်။ မ က ကျွန်တော်အချစ်ကို မယုံဘူးလား။

"မ မျက်လုံးတစ်ဖက် မှိတ်ထားပေး"

"ဘာလို့တုန်းမောင်ရဲ့"

"မှိတ်ပါဆို"

"အင်း"

"မောင့်ကို မြင်ရလား"

"ဒီဘက် မျက်လုံးက ဖွင့်ထားတာပဲဟာ မြင်တာပေါ့မောင်ရဲ့"

"အဲဒါဆို အဲဒီဘက် မျက်လုံးမှိတ်၊ ဟိုဘက်မျက်လုံး ပြန်ဖွင့်၊ မြင်ရလား မောင့်ကို ပြော"

"မြင်ရတာပဲလေ မောင်ရဲ့"

"ဒါဆို မ ကို မောင်မေးမယ်"

"အင်း"

"မ ဘယ်ဘက်မျက်လုံးနဲ့ ညာဘက်မျက်လုံး မှာ ဘယ်ဘက်က ပိုကြည့်ကောင်းပြီး၊ ဘယ်ဘက်က ပိုသန်တုန်း"

"အို့ မောင်ကလည်း မျက်လုံးပါဆို၊ လက်လို ဘယ်သန်ညာသန် ဘယ်ရှိမတုန်း၊ နှစ်ဘက်လုံး အတူတူ မြင်တာပေါ့လို့"

"မ ရော အနှင်းပါ ကျွန်တော့်အတွက်တော့ မျက်လုံးတွေလိုပဲ မရဲ့။ မျက်လုံးမှာ ဘယ်သန်၊ ညာသန် မရှိသလို၊ ကျွန်တော့်မှာ ဘယ်သူ့ကို ပိုချစ်တယ်ဆိုတာ မရှိဘူး၊ ဘယ်တစ်ယောက်ကို အဆုံးရှုံးခံနိုင်တုန်းလို့ မေးရင်လည်း ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်မျက်လုံးကို အလိုမရှိဘူးတုန်းလို့ မေးတာကို ဖြေရမလိုပဲ၊ အဲဒါကြောင့် မောင့်ကို ချစ်ရင် အဲဒါမျိုး မမေးပါနဲ့လား၊ တစ်ယောက်ယောက်မရှိတဲ့ဘဝမှာ မောင်ဟာ တစ်ဖက်လပ်ကြီးလို ဖြစ်နေမှာပဲ၊ မောင်က မကို ချစ်ပါတယ်၊ မ က မောင့်မျက်လုံးလေ၊ မ မရှိရင် မောင့်ဘဝ မပြည့်စုံနိုင်ဘူးပေါ့"

"ကျားပေါက်ကလေးဟာ စကားလည်း သိပ်တတ်တာပဲ" တဲ့။ မ က ကျွန်တော့်ကို တင်းတင်းဖက်ရင်း ပြောတာလေ။

--------

ခံစားချက်ရှိတော့ စကားဆိုတာ အလိုလိုထွက်လာတာပါပဲ မရယ်။ ဒါပေမယ့် အနှင်းကတော့ ငယ်တယ်လေ။ ငယ်တာမှ ကျွန်တော့်ကို ချစ်တာကလွဲရင် ဘာမှ နားမလည်လောက်အောင် ငယ်တာကလား။ ကလေးလေးကို တစ်ခုခု ဖုံးကွယ်ထားရတာ ကျွန်တော် စိတ်မလုံခဲ့ဘူးပေါ့။ မ လောက့် အနှင်းမှာ ရင့်ကျက်မှုမရှိသလို၊ တကယ်လို့ အခြေအနေကို အရင်းအတိုင်း အနှင်းသိသွားတဲ့အခါ မ လောက် တည်တည်ငြိမ်ငြိမ် လက်ခံတတ်ပါမလား၊ လောဘကြီးတယ်ပဲ ဆိုဆို စိုးရိမ်စွာ ကျွန်တော်တွေးမိသည်။

အနှင်းရယ်၊ ကျွန်တော် ရယ်၊ မ ရယ် သုံးယောက်တွေ့ကြမယ့်နေ့က မ ရဲ့ နားလည်နိုင်မှုကို ကျွန်တော့် နှလုံးသားမှာ အခုထိ သတိရနေတုန်း။ အနှင်းက ကျွန်တော့်ဆီ ဆိုင်ကယ်နှင့်လာသည်။ မ ကတော့ သူစီးနေကျ ကားနဲ့ပေါ့။ တစ်နေရာရာကို သွားဖို့ဆို အနှင်းကတော့ မ ကားပေါ် ဘယ်နည်းနဲ့မှ တက်လိုက်မှာ မဟုတ်ဘူးလေ။ ဒါဆို….။

"မောင် ဆိုင်ကယ်မောင်းပေးခဲ့လေ၊ လမ်းမှာ ကားရှုပ်တယ်"

မလို မိန်းမမျိုးနှင့် ချစ်ခဲ့မိသော ကျွန်တော်ဟာ တစ်ချိန်က ကံအကောင်းဆုံး လူသားတစ်ယောက် ဖြစ်ခဲ့ဖူးပါသည်။

"အကို့ကို သိပ်ချစ်ခဲ့တာပဲ၊ လက်ထပ်မယ်ဆို ဘာဖြစ်ဖြစ် အနှင်းက ချက်ချင်းအကို့ဆီ လိုက်လာမယ်တောင် စိတ်ကူးခဲ့တာ"

"အနှင်းမှားတာပါ၊ အနှင်းက အကို့အကြောင်းကို သေချာမှ မမေးဘဲနဲ့ ….."

အနှင်းစကားတွေကို လက်ခံဆွေးနွေးဖို့ ကျွန်တော့်မှာ စကားလုံးမရှိပါ။ အနှင်းကို လက်ခံလာအောင်လည်း ကျွန်တော် ပြောမပြတတ်ပါ။ အနှင်းမျက်ရည်ကျလျှင် ကျွန်တော့်စကားတွေ ဆွံ့သွားတတ်သည်။ ကျွန်တော်က အနှင်းကိုပျော်အောင်ပဲ ထားချင်တာလေ။ အနှင်းကို ကျွန်တော် သိပ်ချစ်တာပေါ့။

တစ်ရက်တော့ အနှင်းက ကျွန်တော့်ကို မချစ်တော့ဘူးတဲ့။ သူပြောတာကို ကျွန်တော်မယုံပေမယ့် အနှင်းက ကျွန်တော့်ကို အတွေ့မခံတော့ပါ။

မ က ကျွန်တော့်ကို ဒီည နောက်ဆုံးလို့ မှတ်ရအောင် မောင်ရယ်တဲ့။ ကလေးမလေးက မောင့်ကို သိပ်ချစ်တာဆိုပဲ။ ကျွန်တော်က မ ကို တစ်ခါဖူးမှ မချော့ဖူးတော့ အဲသည်အချိန် မ ကျေနပ်အောင် ဘာပြောရမှန်းမသိ။ ဒါဆို မ ကလည်း ကျွန်တော့်ကို မချစ်တော့ဘူးလား ဆိုတော့ မျက်ရည်တွေကြားမှာ မ က ပြုံးလို့။

ကျွန်တော်ဟာ အခုဆို အချစ်နဲ့ ပတ်သက်တဲ့ မျက်စိတွေ စုံးလုံးကန်းသွားပေါ့။ မ နဲ့ အနှင်းမှ မဟုတ်တဲ့ ပတ်သက်မှုမျိုးတွေမှာ ကျွန်တော်စိတ်တွေ ကောင်းကောင်းပျော်ဝင်လို့ မရ။

တစ်ခါတလေ သိပ်လှတဲ့ ကောင်မလေးတွေ တွေ့တဲ့အခါ ချစ်ကြည့်ဖို့ ကျွန်တော် ကြိုးစားကြည့်တယ်။ ဒါပေမယ့် သူတို့က ဘာလို့ အနှင်းလောက်မလှတာတုန်း။

စိတ်ထဲ လှိုင်းတံပိုးတွေ ထတဲ့အခါ မလို ဆီးပြီးနှစ်သိမ့်ပေးမည့် သဲသောင်နုနုမျိုးကို ကျွန်တော်အခုထိ ရှာလို့မတွေ့တော့။ ကျွန်တော့်မှာ အချစ်နဲ့ ပတ်သတ်လို့ အမြင်တွေ ကွယ်နေပြီကိုး။

လောကဆိုတာ အကျယ်ကြီးတဲ့။ မနုဿတ္တဘာဝ ဒုလ္လဘဆိုပေမယ့် ဒွိယံဒွိယံ တွဲစရာ ဆန့်ကျင်ဘက် လိင်တွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများသား။ သူတို့ကို ကျွန်တော် ဘာလို့ အနှင်းလောက် လှတယ် မထင်မိတာလဲ။ ဘာလို့ မ လောက် နှစ်သိမ့်တတ်လိမ့်မယ် တွေးလို့မရတာလဲ။

---

တပည့်က ဆရာ့ကိုမေးတယ်။ ဟောဟို သစ်ပင်နဲ့ ရေပြင် ဘယ်ဟာက လှုပ်နေတာတုန်းတဲ့။ ဆရာက ပြန်ဖြေတယ်။ သစ်ပင်က လှုပ်တာလည်း မဟုတ်၊ ရေပြင်က လှုပ်တာလည်း မဟုတ်၊ မင်းစိတ်က လှုပ်နေတာတဲ့။ ဒါဆို အနှင်းလောက်မလှတာလည်း မဖြစ်နိုင်၊ မ လောက် နှစ်သိမ့်မှုမပေးတတ်တာလည်း မဖြစ်နိုင်။ ကျွန်တော့် အချစ်နဲ့ပတ်သတ်တဲ့ အမြင်က ဝါးနေတာပဲ ဖြစ်ပေမည်။

ကျွန်တော် အနှင်းကို နှစ်သက်စွာ ချစ်ခဲ့သလို၊ ကျွန်တော် မ ကို တပ်မက်စွာ ချစ်ခဲ့ပါသည်။ အချစ်သည် ကျွန်တော့်နှလုံးသားကို ခပ်ပြင်းပြင်းလှုပ်စေခဲ့သည်။ ကျွန်တော့်မှာ ရည်းစားနှစ်ယောက် ရှိခဲ့ဖူးပါသည်။

သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ပိုချစ်လဲလို့သိချင်တဲ့အခါ ခင်ဗျား ဘယ်မျက်လုံးနဲ့ ညာမျက်လုံး ဘယ်တစ်ခုက ပိုသန်တုန်းစဉ်းစားပြီးမှ ကျွန်တော့်ဆီလာပါ။ ဘယ်သူ့ကို အဆုံးရှုံးခံနိုင်တုန်းလို့ မေးချင်တဲ့အခါ ခင်ဗျားကိုယ်က မလိုချင်တော့တဲ့ မျက်လုံးတစ်လုံးနဲ့အတူ ကျွန်တော့်ကို လာမေးပါ။ အခု ကျွန်တော်ဟာ အချစ်မျက်မမြင်တစ်ယောက်ပါ။

အောင်မျိုးသူလွင်
၀၆/၀၅/၂၀၁၅
ဗုဒ္ဓဟူး

Friday, April 10, 2015

အတန်းအစား

"မိန်းမရေ၊ ငါသည်နေ့ ရွှေဘဲမှာ နေ့လည်စာ စားခဲ့တာဟေ့"

ခပ်ကြွားကြွားလေး ကျွန်တော်ဆိုလိုက်တော့ မော်လေးက ကျွန်တော့်ကို မော့်ကြည့်ပါသည်။

"ဘဲကင်ရယ်၊ ဆိတ်သားရယ်၊ ငါးကိုအကောင်လိုက် ထည့်ပြုတ်ထားတဲ့ဟင်းချိုကို မီးဖိုကြီးလိုက်ချပေးတာရယ်ကွာ၊ နောက် ဂဏန်းကိုလုံးကြော်ထားတာလား ဘာလားမသိတဲ့ဟာတစ်ခုရယ်ကွ"

မော်လေးက ဆိတ်ဆိတ်သာ နားထောင်နေပါသည်။

"ပိုက်ဆံရှင်းတော့ တစ်သောင်းတန်တွေကို ဖွေးခနဲ့ပဲကွာ၊ ငါတို့လင်မယား လဝက်စာ အသုံးလောက်တော့ အသာလေးရှိမယ်ကွ"

သူသည် စိတ်ဝင်စားဟန်ဖြင့် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါသည်။

"ခင်ရာမင်ကြောင်း မိတ်ဆွေလေးတွေ မန္တလေးကို လာတုန်း၊ သူတို့က ကျွေးသွားတာပါကွ"

"သိပါတယ်၊ ရွှေဘဲဆိုကတည်းက ကိုကြီးပိုက်ဆံနဲ့ မစားနိုင်မှန်း"

"ဟာ မင်းကလည်းကွာ၊ ငါအခုပြောမှာ အဲသည်အကြောင်းပဲကွ၊ တို့မြန်မာနိုင်ငံမှာ လူတန်းစားကွာဟမှုကို သုံးသပ်ပြမလို့"

ကြားနေကျပုံပြင်တစ်ပုဒ်ကို ကြားရတော့မည်ကဲ့သို့ သူ့ထံမှ ထူးခြားသော စိတ်ဝင်စားမှုကို ကျွန်တော်မရပါ။ ထိုအတွက် ကျွန်တော်က သူ့ကို စာဖတ်သက်နုသည်ဟု အရှက်ပြေ တံဆိပ်ကပ်ထားပြီးသားမို့ ကိုယ့်စကားကို သူစိတ်မဝင်စားခြင်းအတွက် ထူးပြီးလည်း ရှက်မနေတော့ပါ။ ကျွန်တော်ပြောသော စကားများသည် သူ့အတွက် နည်းနည်း မြင့်ကောင်းမြင့်နေပါလိမ့်မည်ဟု တွေးယူပါသည်။ တကယ်လည်း မော်လေးက စာဖတ်သက်နုပါသည်။

"ဒီလိုကွာ မင်းစဉ်းစားကြည့်၊ ငါတို့စားခဲ့တဲ့ဟင်းတွေမှာ ငါးပြားတစ်ကောင်ငါးဆယ်သားလောက်ကို မင်းဈေးမှာဝယ်ရင် ဘယ်လောက်ပေးရမတုန်း၊ အလွန်ပေးရလှ ခြောက်ထောင်ပေါ့"

"ဆိတ်သားက တစ်ဆယ်သားလောက်ကိုထောင့်နှစ်ရာလောက်ပေါ့ကွာ"

"ဘဲက လွန်ရောကျွံရော တစ်ကောင်ကိုသုံးထောင်"

"ဂဏန်းကလည်း သုံးထောင်လောက်ထား၊ ထမင်းရောပေါင်းမှ ငါတို့အကုန်လုံးစားတာ အရင်း တစ်သောင်းခွဲ၊ နှစ်သောင်းထက်မပိုဘူးရယ်"

"အခု သူတို့ ပိုက်ဆံရှင်းတော့ ငါကြည့်လိုက် တာမှာ တစ်သောင်းတန် ငါးချပ်ထက် မအောက်ဘူးရယ် သေချာတယ်"

"အဲဒါဘာဖြစ်တုန်း"

"ဟ မင်းစဉ်းစားကြည့်လေကွာ၊ ဒီလောက်စားစရာကို ဒီလောက်ဈေးတင်ထားတာဟာ တော်ရုံလူမစားနိုင်အောင်လုပ် ထားတာပေါ့ကွ"

"မင်းနဲ့ငါ အလုပ်ပြန်တိုင်း ရွှေဘဲရှေ့က နေ့တိုင်းဖြတ်နေတာ ဘယ်မှာဝယ်စားနိုင်လို့တုန်း၊ အခုငါတောင် သူများကောင်းမှုနဲ့ စားရတာ"

"တကယ်က အဲဒါ လူတန်းစားကို သက်သက်ခွဲပစ်လိုက်တာပဲကွ၊ ငွေနဲ့လေ ငွေနဲ့"

"နားမလည်ပါဘူးကိုကြီးရယ်"

"ဒီလိုကွာ မင်းနားလည်အောင်ပြောရရင်၊ အခုမင်းမှာ ဖုန်းရှိတယ်၊ ငါ့မှာလည်းရှိတယ်မို့လား"

"အင်းလေ"

"အရင်ကဆို ငါတို့ ဘယ်မှာ ဖုန်းကိုင်နိုင်လို့တုန်း"

"ဒါကတော့ အရင်က ဈေးကြီးတာကိုး ကိုကြီးရဲ့"

"အေး အဲဒါ လူတန်းစားခွဲထားတာပဲကွ၊ မင်းမြင်အောင်ကြည့်၊ ဖုန်းဈေး တက်တယ် ကျတယ်ဆိုတာ သူ့တို့ ပါးစပ်ထဲမှာရှိတာ၊ ဖုန်းဈေးကို မတန်တဆလုပ်ပြီး ခါးမှာဖုန်းချိတ်ထားတာနဲ့ ဒီကောင်ဘာကောင်ဆိုပြီး တန်းသိအောင်လုပ်တာဟာ ဒါလူတန်းစားခွဲပစ်လိုက်တာ၊ မင်းအဲသည်လောက်အထိ မြင်အောင်ကြည့်ဖို့လိုတယ်ရယ်"

"လူတစ်စုပဲ သုံးဆောင်ခံစားနိုင်အောင်လုပ်ထား တာဟာ၊ လူတန်းစားခွဲတာပေါ့နော်"

"ဟ ဒါပေါ့ကွ၊ အဲဒါမျိုးကိုခွဲတယ်မခေါ်ရင် ဘယ်ဟာကို ခေါ်မတုန်းကွ"

မော်လေးသည် တွေတွေလေး ဖြစ်သွားပါသည်။ အသိဉာဏ်နုရှာလေသူ မယားအလှကို အားရအောင် ဆုံးမပြီးသည်နောက် ကျွန်တော်သည် အာခြောက်ရန်ကောဟု ရေသောက်ကာအမောဖြေမည်ဟု ရေဗူးကိုဖွင့်ပါသည်။ သို့သော် မိုက်မဲရှာသူ မော်လေးသည် ကျွန်တော့်တရားကို နားမျှမတင်၊ နည်းနည်းမှ နားဝင်ပီယံမဖြစ်လေဟန်ဖြင့် အတွန့်တက်ပါလေတော့သည်။

"ဒါဖြင့် ကိုကြီးတို့ စာပေသမား ဆိုတဲ့သူတွေရော ဘာလုပ်နေတုန်း၊ ထူးမခြားနားပဲဟာကို"

"ဘာလိုကွ၊ မင်းပြောတာ ငါနားမရှင်းဘူး၊ သေချာပြောစမ်း၊ ငါတို့ စာပေနဲ့ စာနယ်ဇင်းလောက က လူတွေဟာ မြန်မာပြည်မှာ အခုလို လူတန်းစားကွာဟချက် ကြီးမားလာတာတွေကို လျှော့ကျသွားဖို့ ငါတို့ပိုင်တဲ့ ကလောင်ကိုယ်စီနဲ့ လူတန်းစားတိုက်ပွဲလုပ်နေတာလေကွ၊ မင်းဒါလေးတောင် ရိပ်ဖမ်းသံဖမ်း မသိဘူးလား"

ကျွန်တော်သည် မိမိကိုယ်ကို စာပေသမားဟု ကိုယ့်ဟာကိုယ်သတ်မှတ်ထားသူမို့ စာပေသမားကို ထိတော့ မခံချိလေဟန် ဆတ်ဆတ်ခါနာပြသည့် စာပေမာန်လေးလုပ်ကာ သူ့ကို ဟောက်မေးမေးလိုက်ပါသည်။

မော်လေးကတော့ ကျွန်တော့်ကို ထူးပြီးကြောက်မပြပါ။ သူသည် ကျွန်တော့်စာအုပ်စင်ကို လျှောက်သွားကာစာအုပ်နှစ်အုပ် သုံးအုပ်ကို ရွေးထုတ်ယူလာပြပါတော့သည်။

"ကဲပါ ကိုကြီး လက်ဆောင်ရထားတဲ့ ဟောဒီစာအုပ်ထဲက စာတွေကို မော်လေးနားလည်အောင် ရှင်းပြစမ်းပါ၊ ဒါတွေက ပညာရှင်ဆောင်းပါးတွေ မဟုတ်ဘူးနော်၊ နိုင်ငံရပ်ခြား စာပေတွေလည်း မဟုတ်ဘူး၊ လူထုအတွက်ဆိုတဲ့ ရသစာပေလို့ တန်းဝင်တယ်လို့ ကိုကြီးပြောတဲ့ စာပေတွေပါပဲ"

"မြေခွေးဟာ ဘဏ်ထဲကထွက်လာပြီး လမ်းဖြတ်ကူးနေတုန်း၊ ၃၆ ဘတ်စကားပေါ်က သူငယ်မဟာ မူးဝေစွာ အံချလိုက်တယ်ဆိုတာ ဘာ အဓိပ္ပါယ်တုန်းပြော"

"ဟ ဒါတော့ မင်းနားမလည်တိုင်း မကောင်းဘူးလို့ စွတ်ရွတ်မပြောနဲ့လေကွ၊ ဒါခေတ်သစ်စာပေဟန်ကွ၊ တော်ရုံလူနားမလည်ဘူး၊ ဒါက စာဖတ်သက်နဲ့ဆိုင်တယ်"

"အဲဒါဆို ကိုကြီးနားလည်လား"

ကျွန်တော် အဖြေရခက်လှပါသည်။ အကယ်တိ ကျွန်တော်က နားလည်ပါသည်ဟုရမ်းပြောလိုက်ပါလျှင် မော်လေးသည် သေချာပေါက် ထိုစာတစ်အုပ်လုံးကို ကျွန်တော့်အား အဓိပ္ပါယ်ဖွင့်စေပါတော့မည်။ ထိုအခါ ကျွန်တော့်မှာ ဒုက္ခလှလှတွေ့ရပါတော့မည်။

"ဒီလိုရှိတယ်ကွ၊ တစ်ချို့စာပေ အယူအဆတွေဟာ နောင်နှစ်တွေ အများကြီးကြာမှ လူတွေလက်ခံလာတတ်တာမျိုး။ ဒါမျိုးကိုနားလည်ဖို့ဟာက ပါရမီခံလည်းရှိပါမှ၊ ပြီးတော့ မင်းတို့လို ပါချီပါချက် စာဖတ်သက်မျိုးနဲ့ သွားမဖတ်နဲ့၊ ငွေတစ်မတ်နဲ့ ကြက်သားတက်ကိုင်သလိုဖြစ်နေမယ်"

"အဲဒါပြောတာပေါ့၊ ကိုကြီးတို့စာပေသမားဆိုသူတွေမှာလည်း လူတန်းစားခွဲတဲ့စိတ်ရှိတယ်ဆိုတာ"

"ဘယ်လိုကွ"

"ဟုတ်တယ်လေ စောစောက ကိုကြီးပဲ ပြောတယ်မို့လား၊ ရွှေဘဲမှာ သာမာန်လူတွေမစားနိုင်အောင် ဈေးမြှင့်ထားတယ်ဆိုတာရယ်၊ မိုဘိုင်းဖုန်းကို ကိုင်နိုင်တာကို ကြည့်ပြီး ဒီလူဘာကောင်တုန်း ခွဲလို့ရအောင်လုပ်တယ်ဆိုတာရယ်၊ …. ဟော အခု ကိုကြီးတို့လည်း ဘာထူးတုန်း၊ စာတွေကို မော်လေးတို့လို သာမာန်စာဖတ်သူတွေ နားမလည်အောင်ရေးတယ်၊ ဒါကိုဘဲ ရေးဖော်ရေးဘက် ကိုယ့်အချင်းချင်းပဲ နားလည်တာရယ်လို့ စာပေကို လူတစ်စုစာ ခံစားနိုင်အောင်သာ လစ်မစ်လုပ်ပြီး၊ ကိုယ့်ဟာကိုယ် စာပေ ဉာဏ်ရင့်သူ လူတန်းစားတစ်ရပ်လိုလို အထင်ရောက် ဂုဏ်ယူနေကြတာလေ"

"ဟေ့ ဒါကတော့ Arts for no sake တဲ့ကွ၊ စာပေဆိုတာ စာပေပဲ၊ ဘယ်သူ့အတွက်မှ ဖြစ်စရာမလိုဘူးရယ်၊ မင်းတို့လို စာတစ်ပုဒ်စ နှစ်ပုဒ်စ ဖတ်ပြီး၊ အခုလိုလိုက်ဝေဖန်နေသူတွေကြောင့်သာ မြန်မာစာပေလောကအတွက် အတိုက်အခံတစ်ခုဖြစ်နေတာ"

"အမယ်လေး ကိုကြီးရယ်၊ ဒီကလည်း ကိုယ့်အတွက်မဟုတ်တဲ့ စာပေကို အချိန်ကုန်၊ ပိုက်ဆံအကုန်ခံပြီး မဖတ်ပါဘူး၊ အဲသည်တော့လည်း ကိုကြီးတို့က မြန်မာစာဖတ်သူလူတန်းစားက နိမ့်နေလို့သာ ကိုကြီးတို့စာအုပ်တွေ မရောင်းရတာဆိုပြီး ပရိတ်သတ်ကို အပြစ်တင်ကြသေးတာ"

"ဒါတော့ ဒီလို စာကြီးပေကြီးတွေက မင်းတို့လို စာဖတ်သူတွေနဲ့ မကိုက်သေးလို့ပါကွာ"

"မော်လေးကတော့လေ အဲလိုစာတွေထက်စာရင် ဟောဟို လမ်းထိပ်က အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်ထဲက စာကမှ အသိတစ်ခုခုပေးနိုင်သေးတယ်လို့ ထင်မိတာပါပဲ"

မော်လေးသည် သာမာန်စာဖတ်သက်သာ ရှိသော၊ သူသူငါငါ လူတကာလို စာဖတ်သူတစ်ယောက်သာ ဖြစ်ပါသည်။ ကျွန်တော်က သူ့ကို ယခုထက်ပို၍ ဖိပြီးဆိုရန် မသင့်တော့ပါ။ ထို့အတူ သူနားမလည်သော စာပေအမျိုးအစားကို သူ့အားနားလည်အောင် ရှင်းပြရန်အထိ ကျွန်တော်ကလည်း မစွမ်းနိုင်ပါ။ ထို့အပြင် ထိုစာပေမျိုးကို နားမလည်ဟု ပွင့်ပွင့် ဆိုမိလျှင် အပေါင်းအသင်း စာပေသမားများမှ ကျွန်တော့်ကို အထင်သေးကြမည် စိုး၍ နားလည်ဟန်ပြု၍သာ နေရပါဦးမည်။ သို့သော် ကျွန်တော်သည် စာပေသမားဟု ကိုယ့်ဟာကိုယ်ထင်နေသူတစ်ယောက်မို့ စာဖတ်သက်နုသူများအပေါ် စာပေအယူအဆနှင့် ပတ်သက်၍ အမြဲတဆေ အထက်စီးမှ ပြောနိုင်အောင်တော့ အချိန်အားတိုင်း စကားလုံးရှာထားပါသည်။ စာပေသည် ကျွန်တော့်အတွက် တစ်ခုတည်းသော သိလောက သဘောဖြစ်လေသည်မဟုတ်ပါလား။

အောင်မျိုးသူလွင်
၁၀/၀၄/၂၀၁၅
သောကြာ
ညနေ ၀၅:၁၁

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...