Aungmyothu Lwin

Aungmyothu Lwin
Facebook

Sunday, February 5, 2017

ခေါက်ဆွဲကြော်

နောက်ဆုံးစားခဲ့သော အမှတ်တရ ခေါက်ဆွဲကြော်ကို ဝေဇယန္တာမှာလို့ မှတ်မိသည်။ အဲဒီတုန်းက ကျွန်တော်ရယ် ဦးဇင်းကြည်သရာရယ် သူ့ကျောင်းသင်္ခမ်းရှေ့က တောဇာသရက်ပင်အိုကြီးအောက် ကွပ်ပျစ်မှာ ထိုင်လို့ ရေနွေးတစ်အိုးနှင့် မြန်မာစာပေအကြောင်း ဘုံစဉ်လှည့်နေတုန်းပေါ့။

"ဟေ့ သန်းမင်းလာစမ်းကွာ"

သူ့ကျောင်းသားကို လှမ်းခေါ်ရင်း စိတ်မြန်လက်မြန် ကြည်သရာက ကိုယ်တိုင်လည်း ထသွားပါသည်။ ခဏနေတော့ ကျောင်းသားဖြစ်သူ ဆိုင်ကယ်နှင့်ထွက်သွားပြီး အပြန်မှာ ကျွန်တော့်အတွက် ခေါက်ဆွဲကြော် ပါလာခြင်း ပင်တည်း။

"တို့ စကားကောင်းနေလိုက်တာ နှစ်ချက်တီးတောင် ကျော်ပေါ့။ တော်ကြာ မင်းဗိုက်ဆာလာရော့မယ်၊ ဒါမင်းဖို့ပဲ"

ရောက်ရောက်ချင်း တုန်းကလည်း ဆွမ်းကျန်ဟင်းကျန်နှင့် တစ်ခါလွေးပြီးပြီ ဆိုသော်ငြား ကျွန်တော်ဗိုက်တော့ အတန်ငယ်ဆာနေပြီ ဖြစ်သည်။ ပြီးတော့ သူ့ခေါက်ဆွဲကြော်ဟာ ကြွပ်ကြွပ်အိတ်နဲ့ထုတ်လို့ တော်တော် အထုပ်ကြီးကြီးခင်ဗျ။ ခပ်ငယ်ငယ်က မိသားစု တပျော်တပါး စားခဲ့ဖူးသော မတ္တရာက ဖိုးချင်းခေါက်ဆွဲကြော်ကို သတိရမိတာနဲ့အတူ၊ ကျွန်တော့်မှာ စားချင်လျက် ပါးစပ်တပြင်ပြင် ဖြစ်သွားရပါတော့တယ်။

ဧရာဝတီတံတား(ရတနာပုံ) ကနေ စစ်ကိုင်းဘက်ကို ကူးတဲ့အခါ ညာဘက် ကြောလေးအတိုင်း တံတားအောက်ကိုဆင်း၊ အဲဒီကမှ ညာဘက်သွားတဲ့ လမ်းအတိုင်းလိုက်ပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူဆေးရုံတို့ကိုကျော်လို့ အနည်းငယ်မောင်းသွားပြီးတဲ့အခါ ထပ်မံလို့ ညာကိုချိုး၊ ကျွန်တော်တို့ မန္တလေးအခေါ် သုံးပြလောက်မောင်းပြီးတဲ့အခါမတော့ လမ်းဘယ်ဘက်ဘေးမှာ ဝေဇယန္တာဆိုတဲ့ မုခ်ဦးလေးတွေ့တဲ့အခါ ဆိုင်ကယ်ကို ဂီယာနံပါတ်တစ်နဲ့နှစ် တစ်လှည့်စီပြောင်းလို့ ဘယ်ကွေ့ချည်း မောင်းတက်သွားရင် မတ္တရာချောင် ဆိုတာလေး စိတ်ချမ်းမြေ့ဖွယ်တွေ့ရပါမယ်။ အဲဒီကမှ ဂီယာနံပါတ်တစ်နဲ့ ခပ်ပြင်းပြင်းလေး ဆက်တက်လိုက်ရင်တော့ ကျွန်တော့်စာပေမိတ်ဆွေ ကဗျာဆရာ ကြည်သရာရဲ့ ဝေဇယန္တာဆိုတဲ့ ကျောင်းသင်္ခန်းလေးကို ရောက်ပေါ့။ ကျွန်တော်ဟာ စိတ်အေး လက်အေးရှိတဲ့အခါများမှာ ဝေဇယန္တာတက်ပြီး စာအကြောင်းပေအကြောင်းကို 'သောမနဿ သဟဂုတ်၊ လက်ဖက်နဲ့ ပဲကြော် နာနာတုပ်' လေ့ရှိပါတယ်။

အဲဒီနေ့က ကဗျာဆရာ ကြည်သရာရဲ့ အသားနိုင်းချင်းနဲ့ ခေါက်ဆွဲကြော်ထုပ်ကြီးကို အားပါးတရစားမြိန်ပြီးတဲ့နောက်တော့ ကျွန်တော်နဲ့ ခေါက်ဆွဲကြော်ဟာ အတန်ငယ် အဆက်အသွယ် ပြတ်သွားကြပြန်ပါတယ်။ ဝယ်မစားနိုင်လို့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း ခေါက်ဆွဲကြော်ဆိုတာတွေဟာ ဖော့ဘူးခပ်သေးသေးလေးနဲ့ အနည်းငယ်သာပါပြီး၊ ကျွန်တော့်တစ်ကိုယ်သော်မှ ဗိုက်ဆာနေသော် ကောင်းကောင်းမဝချင်။ ဈေးကကျ ထောင့်ရှစ်ရာ နှစ်ထောင်ဝန်းကျင်မှ ရသည်မို့ သက်သက်ဝယ်စားရမှာ ကိုယ့်ကိုယ်ကိုပင် သိပ်မသထာချင်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကများ မတ္တရာက ဖိုးချင်းခေါက်ဆွဲကြော်ဆိုတာ တစ်ထုပ်ဝယ်လျှင် မိသားစုတောင် မျှတစားလို့ လောက်ငှတာကလား။ ရံခါများ အဖေဖဲနိုင်လို့ ခေါက်ဆွဲကြော်ဝယ်လာလျှင် ကျွန်တော်ရယ် နှမလေးရယ်၊ အမေနဲ့ အဖေရယ် ဒီလိုပဲမျှတ ခွဲခြမ်းပြီး ပျော်ပျော်ပါးပါး စားသောက်ကြတာပဲ။ ကျွန်တော်က ကျွန်တော့်ဝေစုကို ပလုတ်ပလောင်းတုပ်ပစ်လိုက်တဲ့အခါ မကုန်သေးတဲ့ အမေနဲ့အဖေက ကျွန်တော့်ထဲ ထပ်ထည့်ပေး။ အဲဒီအခါ အရသာခံပြီး တဖြည်းဖြည်းစားလျက်တန်းလန်း နှမငယ်က အငယ်ပီပီ ကျွန်တော့်ကို ပိုထည့်ပေးရပါမလားလို့ စိတ်တွေကောက်။ ဒီတော့ကျ အဖေနဲ့အမေက သူတို့ဝေစုထဲက နှမလေးအတွက်ပါဆိုပြီး ထပ်ထည့်ပေးရပြန်တာပါပဲ။ သို့ပေမယ့် ဝမ်းခေါင်းကျဉ်းတဲ့ နှမလေးက ထည့်ပေးသမျှ ကုန်အောင် ဘယ်တော့မှ မစားနိုင်ရှာပါဘူး။ နောက်ဆုံး သူကျန်တာကျလည်း ကျွန်တော်ပဲစားရတာမို့ အိမ်မှာခေါက်ဆွဲကြော်များ ဝယ်တဲ့နေ့ဆို အစားရဆုံးက ကျွန်တော်၊ ဒီလိုဆိုတော့ ငယ်ကျင့်နဲ့၊ ကျွန်တော်က ခေါက်ဆွဲကြော်ဆို တော်တော်လည်းကြိုက်ရဲ့။

ကျွန်တော်တို့ငယ်ငယ်က ခေါက်ဆွဲကြော်ဆိုတာ ကြည်သရာ့ရဲ့ စစ်ကိုင်းက ခေါက်ဆွဲကြော်လို အထုပ်ကြီးကြီးကို ကြွပ်ကြွပ်အိတ်နဲ့ နှစ်ထပ်ထုပ်လို့၊ အသားနိုင်းချင်းနဲ့ စားပါလေ့ သောက်ပါလေ့၊ ဆီတရွှဲရွှဲ။ လစဉ် အင်္ဂလိပ်လရဲ့ ဆယ့်ခြောက်ရက်နေ့နဲ့ လဆန်းတစ်ရက်နေ့တွေဆို

"ညနေချဲပေါက်ရင် ဖိုးချင်းက ခေါက်ဆွဲကြော် ဝယ်စားရမယ်ဟေ့" လို့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ပြောလေ့ရှိကြသည်။ ထိုစဉ်အခါကတော့ တကယ်လည်း ခေါက်ဆွဲကြော်ဆိုတာ သူဋ္ဌေးစာပါပဲ။ ရွာသားတွေကိုင်းပေါ်လို့ ပဲရောင်းမှ၊ မြို့သားတွေ ညနေညနေ ထိုင်းကထွက်တဲ့ ချဲပေါက်ပါမှ စားမယ်လို့ ကြိမ်းဝါးရတဲ့ အစာတစ်မျိုး။

အခုများတော့ ဘီယာယဉ်ကျေးမှု ထွန်းကားလာတာနဲ့အတူ စည်ဘီယာ နှင့်တွဲလျက် စားသောက်ဆိုင်လေးတွေ နေရာတကာမှာ ပေါလာတာမို့ ထိုဆိုင်ကလေးတွေ တိုင်းမှာ ခေါက်ဆွဲကြော်ကို အလွယ်တကူ ဝယ်စားလို့ရသည်။ သို့သော် စောစောက ပြောတာလို ကျွန်တော်တို့ငယ်ငယ်ကနှယ် ဖောချင်းသောချင်း မရတော့။ ဖော့ဘူးခပ်ငယ်ငယ်နှင့် အနည်းငယ်သာရသည်။ ဒီတော့လည်း တစ်နေ့စာ မိသားစုဈေးဖိုး သုံးထောင်သုံးလျှင် လောက်ငှသောအခြေမှာ အကြောင်းမဲ့ ကိုယ့်တစ်ကိုယ်စာ အတွက် ဒီငွေနှစ်ထောင်လောက် မကြာမကြာ သုံးပြီး ခေါက်ဆွဲကြော်စားဖို့ လက်တွန့်မိတာ အမှန်။

ညနေပိုင်းကတော့ ရုံးပိတ်ရက်ဖြစ်တာနဲ့အညီ အိမ်မှာ ဖေဖေ မေမေ မီးမီးဆုံတုန်း အခန်းထဲမှာ ရုပ်ရှင်ကြည့်၊ ဗိုက်ထဲလည်း နည်းနည်းဆာလာတာနဲ့ မီးဖိုးဆောင်ဘက်ကူးလို့ တစ်ခုခုစားဖို့ရှာတုန်း၊ ဖော့ဘူးလေးနဲ့ ခေါက်ဆွဲကြော် ပူပူလေးတစ်ထုပ်တွေ့ရတယ်။ အနံ့လေးက မွှေးလို့ စားချင်စရာ။ အနားကတိုင်မှာ ချိတ်ထားတဲ့ စွန်တန်ဟင်းရည်လေးကတော့ အေးလုလုဖြစ်နေတာနဲ့ သံဒယ်ပိုင်းကို ပလပ်ထိုးလို့ ပြန်နွှေးမယ်လုပ်နေတုန်း အမေဝင်လာတယ်။

"ခေါက်ဆွဲကြော်က အမေ့ဟာလား"

"အေးဟဲ့… စောစောက သန်းမင်းကျော်တို့ လင်မယား အိမ်လာရင်း ငါ့ဖို့ဝယ်လာတာတဲ့"

အမေက ကျောင်းဆရာမအဖြစ် အနှစ်သုံးဆယ်ကျော်လုပ်ခဲ့ပြီး အခုလည်း လုပ်နေဆဲမို့ တပည့်တပန်း တော်တော်ပေါသည်။ တချို့ သူ့တပည့်တွေဆို ကျွန်တော့်ထက်ပင် အသက်ကြီးကြသည်။ အခုလည်း သန်းမင်းကျော်ဆိုတာ သူ့တပည့်များစွာထဲက တစ်ယောက်ဖြစ်ပေမည်။ ဒီလိုပဲ ရံခါရံခါ သူ့တပည့်ဟောင်းတွေ သူတို့သားသမီး ပညာရေးကိစ္စအတွက်ဖြစ်စေ၊ အကြောင်းကြီးငယ် ကိစ္စအသွယ်သွယ် ရှိလို့ဖြစ်စေ အိမ်လာပြီး အမေနှင့် တိုင်ပင်နေကျ။ သူကမွေးသည့် သူ့သားကျွန်တော် ဘာကိုလို၍ ဘယ်လိုမေးမှန်း အမေက တန်းသိပါသည်။

"နင်စားချင်လို့လား၊ ငါ့တစ်ယောက်တည်းလည်း မကုန်ပါဘူးဟယ်၊ ရော့ နည်းနည်းယူစား"

အမေက သူ့ခေါက်ဆွဲကြော်ဘူး သေးသေးလေးထဲက ခေါက်ဆွဲကြော် အနည်းငယ်ကို ကျွန်တော့်အတွက်ဆိုပြီး ပန်းကန်ငယ်နှင့် ခွဲပေးပါသည်။ ကျွန်တော်က သံဒယ်ပိုင်းထဲမှ နွှေးလက်စ စွန်တန်ဟင်းရည်ကို သူ့အတွက် ခပ်ပေးပြီး ကျွန်တော်လည်း ဇွန်းနှင့်ခပ်ကာ တရွှတ်ရွှတ်သောက်သည်။

ထို့နောက် အမေခွဲထည့်ပေးသော ခေါက်ဆွဲကြော် ပန်းကန်ထဲမှ ခေါက်ဆွဲကြော်ကို တူနှင့်ယူပြီး တလုတ်အားပါးတရ ဝါးထည့်လိုက်သည်။ လျှာထဲစိမ့်ပြီး ကောင်းလိုက်တဲ့အဖြစ်။ ဒီလောက်ကောင်းတဲ့ ခေါက်ဆွဲကြော်ကို သူတို့ ဘယ်ဆိုင်ကများ ဝယ်ခဲ့ပါလိမ့်။ စားနေရင်းမှ ကျွန်တော်အတွေးတစ်ချက်ပေါက်ပြီး မီးဖိုဆောင်ထဲမှာ အမေ့ကိုထားခဲ့ကာ အိမ်မဘက်ကူး၍ ကျွန်တော့်အခန်းထဲ ဝင်ခဲ့ပါတော့သည်။

"သမီး ဘာလုပ်နေတုန်း"

ကျွန်တော်က ခပ်ပြုံးပြုံးလုပ်ကာ သမီးငယ်ကို လှမ်းမေးပါသည်။

"ပေပေ"

ကျွန်တော့်သမီးငယ်က မပီကလာ ပီကလာ ကျွန်တော့်ကိုခေါ်ပါသည်။ ဒီကောင်မလေးဟာ အခု အပေါ်အောက်အံသွားလေးတွေတောင် တစ်ချောင်းစီ ပေါက်နေပြီ။ ကျွန်တော့်ကို "ပေပေ" "ပေပေ" လို့ မပီကလာ ပီကလာ ခေါ်တတ်ပြီ။ ကျွန်တော်အလုပ်ကမှ ပြန်လာလျှင် ဆိုင်ကယ်ရှေ့မှ ပြေးကြိုတတ်ပြီ။ သူ့အသက်တောင် အခါလည်ကျော်လို့ ကိုးလစွန်းခဲ့ပါပကော။

"စားမလား သမီး"

"ဟုတ်"

သမီးက ခေါင်းညိတ်ပြရင်း ကျွန်တော့်လက်ထဲက ခေါက်ဆွဲပန်းကန်ကို လာဆွဲသည်။ ကျွန်တော်ရယ်သည်။

သားအဖနှစ်ယောက် ခေါက်ဆွဲပန်းကန်ကို လုကြရင်း၊ စားလိုက်ကြတာ တခိုးခိုးတခစ်ခစ်နှင့် သဘောတွေကိုကျလို့။ ကျွန်တော်က မစားပါဘူး။ စားချင်ဟန်ဆောင်ပြီး သမီးကို စနေတာလေ။ သမီးကလည်း ကျွန်တော့်သွေးပါလို့ထင့် ခေါက်ဆွဲကြော်ကို တော်တော်ကြိုက်သည်။ ကျွန်တော်က သူ့အတွက် အသားဖတ်လေးတွေရွေးပြီး တူနှင့်ညှပ်ခွံ့သည်။ သမီးသည် တူနှင့်ခွံ့တာကို တော်တော်သဘောကျဟန်ရှိပါသည်။ တူနှင့်မခွံ့လို့ လက်နှင့်ခွံ့သော် မစားဘူးတောင် လုပ်နေလိုက်သေးသည်။ သို့သော် ခေါက်ဆွဲမျှင်အရှည်ကြီးတွေကိုတော့ သမီးစားလို့အဆင်ပြေဖို့ ကျွန်တော်က လက်နှင့်ဖြတ်ပေးရပါသည်။ ဒါမှ သူ့အရွယ်နှင့် သေချာဝါးပြီး မျိုချနိုင်မှာလေ။

"ဟဲ့… ကော်ကော်တို့"

တီဗွီမှ ညနေပိုင်းလာသော ဇာတ်လမ်းတွဲကြည့်ဖို့ သူ့မြေးနာမည်ခေါ်ပြီး အမေအခန်းထဲ ဝင်လာပေပြီ။

သမီးကို ခေါက်ဆွဲခွံ့နေရင်းတန်းလန်း အမေ့ကိုကြည့်ပြီး ကျွန်တော် နည်းနည်းရှက်သွားပါသည်။ အမေကလည်း အဲဒါကို အတန်ငယ် အမြင်ကတ်ဟန်နှင့် ကျွန်တော့်ကို မသိမသာ မျက်စောင်းထိုးသည်။

သားဖြစ်သူက စားချင်လှ၍ သူ့ညစာခေါက်ဆွဲထုပ် သေးသေးလေးထဲက ခွဲပေးသော ခေါက်ဆွဲကြော်အနည်းငယ်ကို အမေသည် သူ့သားအားပဲ စားစေချင်သေးသလား ထင်ပါသည်။ ကျွန်တော်ကလည်း အားပါးတရ တစ်လုတ်တစ်ဇွန်းစားကြည့် အရသာခံပြီးကာမှ ကောင်းလွန်းလှ၍ သမီးငယ်ကို သတိရပြီး ကျွေးချင်လာသည်။ သမီးငယ် ခိုးခိုးခစ်ခစ်ရယ်ပြီး ခေါက်ဆွဲတွေ စားနေတာကြည့်ရတာ ကျွန်တော်ပျော်သည်။ ထို့အတူ အမေလည်း စောစောက မီးဖိုးဆောင်ထဲမှာ ကျွန်တော် သူ့ဘေးနားထိုင်ပြီး ခေါက်ဆွဲကြော်တွေ စားနေတာကို မြင်ချင်ခဲ့ရှာလေမလားပဲ။ ငယ်ငယ်တုန်းကလို ကျွန်တော်စားလို့ကုန်တော့ သူ့ထဲကျန်နေတာတွေ ထပ်ထည့်ပေးချင် ရှာလေဦးမလား။

အခုတော့ အမေ့သားကျွန်တော်က အမေ့နားမှာ စားမနေဘဲ အခန်းထဲဝင်ကာ၊ ကျွန်တော့်သွေး ကျွန်တော့်ကလေးကို သူပေးလိုက်သော ခေါက်ဆွဲတွေ ခွံကျွေးနေတာမြင်တော့၊ ပုထုဇဉ်မို့ တဒင်္ဂတော့ဖြင့် အမေက အမြင်ကတ်ဟန်ရှိပါသည်။ ထို့ကြောင့်ပင် အမေက ကျွန်တော့်ကို မျက်စောင်းလေး မသိမသာထိုးပါသည်။ ငယ်ဘဝကိုသတိရလာခြင်းနှင့်အတူ သမီးကို ခေါက်ဆွဲခွံ့နေရင်းက ကျွန်တော်နည်းနည်းတော့ ရှက်ပါသည်။

ကျွန်တော့်သမီးငယ်ကတော့ ကျွန်တော်တို့သားအမိကြားက စိတ်ခံစားမှု လေးများအကြောင်း နားလည်သိတတ်နိုင်သေးသော အရွယ်မရှိသေးတာမို့ သူ့ပါးစပ်ထဲအစားကုန်တော့ ကျွန်တော့်ဘေးမှာထိုင်နေရင်းက ကျွန်တော့်လက်ထဲက ပန်းကန်ကိုဆွဲပြီး ဆိုပါသည်။

"ပေပေ၊ ခွံ့… ခွံ့" တဲ့။

ဪ… ဒီကနေ့စားရတဲ့ ခေါက်ဆွဲကြော်လေး တစ်လုပ်ဟာ၊ ဟိုဝေဇယန္တာမှာ စားခဲ့ရသော ခေါက်ဆွဲကြော်ထက်ပင် အရသာစုံလှပါပကော။

အသားဖတ်လေးတွေ သေချာရွေးရှာပြီး သမီးပါးစပ်ထဲ ကျွန်တော် ခွံ့လိုက်ပြန်ပါတော့သည်။

အောင်မျိုးသူလွင်
၀၅၊၀၂၊၂၀၁၇
တနင်္ဂနွေ
ည ၁၀း၄၁

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...