Aungmyothu Lwin

Aungmyothu Lwin
Facebook

Wednesday, September 23, 2015

အနီရဲရဲ ကိုက်ခဲမှုများ

ဘဝမှာ မိန်းမတစ်ယောက်ကို နှလုံးသွေးတွေ ဆူပွက်လောက်အောင် တပ်မက်ခဲ့ဖူးတယ်ဆို အဲဒါ မစု ပါပဲ။ မစု ကတော့ အဲဒီတုန်းက သိပ်သွေးအေးတာလေ။ ကျွန်တော်ချစ်တာ သိရဲ့လားလို့ ညည ကန္တာရထနောင်းပင်အောက်က ကျိုးကြား ပျောက်ပျောက် လရောင်အောက်မှာ ဘေးလူတွေ မသိအောင် ခပ်ကွယ်ကွယ် တိုးလျှိုးလေးမေးတော့ ကျွန်တော့် ပေါင်အရှေ့ခြမ်းသားကို မနာအောင်လိမ်ဆွဲကာ ပြုံးရင်း မစုက ဟန့်တတ်တယ်လေ။ မစုများပြုံးတဲ့အခါ သူ့မျက်နက်သားလေးတွေ ဖျတ်ခနဲ့ ဖျတ်ခနဲ့ လက်လက်ထလို့။ အဲဒီလို ခပ်ဝင့်ဝင့် ကြည့်တဲ့ အကြည့်လေးတွေကြောင့် ဖြစ်တဲ့ ရူပါရုံရယ်၊ အဲဒီလိမ်လိမ်ဆွဲတတ်တဲ့ လက်ကလေးရဲ့ ဖောဋ္ဌဗ္ဗာရုံရယ်ကြောင့် ခေါင်းထောင်ထလာတဲ့ ပုရိသ ဘာဝ စိတ်ကို ညညလူခြေဆိတ်တိုင်း အရက်နဲ့ လောင်းလောင်းသတ်ရတာလည်း ဒုက္ခတစ်မျိုးပေါ့။ 

ပြောရရင်တော့ မစုရဲ့ အနံ့ကလည်း ကျွန်တော့်အတွက် စွဲမက်စရာပါပဲ။ ခရေ၊ စပယ်တွေ သူကြိုက်လို့ မဟုတ်ပေမယ့် ကျောင်းသားလေးတွေ ပေးသမျှ သူကပန်တယ်လေ။ ညညကျ ပန်းလေးတွေ ပန်တော်ကျပေမယ့် သူ့ဆံကြားမှာ အနံ့ကိုချန်ခဲ့သေးတော့ သူ့ဆံပင်လေးတွေက မွှေး၊ အမှတ်တမဲ့ ခါးကုန်းလိုက်လို့ ကျောင်းအင်္ကျီ ရင်ဖုံးလေးအဟိုက်မှာ လေရှိုက်လို့ ထွက်လာတဲ့ သူ့ကိုယ်နံ့ ဖျော့ဖျဖျလေးကလည်း ကျွန်တော့် ဂန္ဓာရုံတခါးဝကို လာကလိကြပြီဆို မစုရယ် ရင်ခွင်ထဲ လာနေပါလို့ ပြောချင်စိတ်ကို မနည်းကြီး ထိန်းထားရတယ်။ ဘေးမှာလည်း လူတွေနဲ့ကိုး။

စနေ၊ တနင်္ဂနွေမဟုတ်တဲ့ ညတွေဆို ကျောင်းမှာလည်း လူစုံစုံရှိတာမို့ အခြားဆရာမတွေရယ်၊ မစုရယ်၊ ကျွန်တော်ရယ်ပေါ့၊ ကျောင်းဝင်းထဲက ကန္တာရထနောင်းပင်အောက်မှာ ထိုင်ပြီး၊ စကားတွေပြောကြတယ်။ ကန္တာရထနောင်းတွေ ညညအိပ်ပြီဆို သေးစစ သူ့အရွက်ဖျားတွေ အကုန်ပူးကပ် ထပ်ထားတော့ လရောင်က သံဇကာကွက်ကြားက ဖြတ်လာသလို ခပ်ပျောက်ပျောက် ခပ်ဖျဖျ။ မစုကိုယ်နံ့လေးကလည်း သင်းလျလျ။ အဲလို ညမျိုးတွေဆို ကျွန်တော့်စိတ်မှာ ဖြစ်လာတဲ့ တပ်မက်မှု တဏှာကို ပယ်သတ်ဖို့ သူရာမေရယ ကံကို အင်းတိုက်အားတိုက် ချိုးမိတော့တာပါပဲ။

ကျွန်တော်က စိတ်ပါလို့ နှစ်ယောက်တည်း ချိန်းတွေ့ရအောင် မစုရယ်ဆိုတော့၊ တော်ပါကောင်လေးရယ် နင့်အကြံငါသိတာပေါ့ တဲ့။ မစု ဒီလိုပြုံးတော့လည်း ကျွန်တော်ရှက်တယ်ဗျ။ ကျွန်တော်ကလေ မစုကို ချစ်တာတွေဘာတွေ မသိပါဘူး၊ မစုအနားမှာ နေချင်တယ်၊ မစုစိုက်ကြည့်တာ ရင်ခုန်တယ်။ သိပ်သဒ္ဓါတရား ကောင်းတဲ့အခါမျိုးမှာ ကျွန်တော့်ပေါင်ပေါ် လာတင်တတ်တဲ့ မစုလက်လေးကို သာယာတယ်။ မစုကတော့ ပြောပါတယ်။ ကောင်လေးရယ် နင် စိတ်ကူး တအားမယဉ်ပါနဲ့တဲ့။ ဒါပေမယ့် ခဏခဏ ယင်းထသလို တောင့်တတတ်တဲ့ စိတ်က မစုဆီက အာရုံတစ်ပါးပါးကို ဓာတ်စာကျတတ်တာတော့ ကျွန်တော့် အကုသိုလ်အကျိုးပေးလို့ ဆိုရမှာပဲလေ။ 

တနင်္ဂနွေညနေ တစ်ခုမှာ အခြားသူတွေ မပါဘဲ မစုတစ်ယောက်တည်း ကျောင်းကို စောပြန်ရောက်လာတော့၊ ကျွန်တော့်ကို မစုကရေသွယ်ပြီ အထင်ရှိမိတာမို့ ညပိုင်းမှာ သူနဲ့စကားပြောရင်း ကျွန်တော့်အချစ်ဆည်ကြီးကို ချိုးချလိုက်မိတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဒူးခေါက်ကွေးကြောတွေထဲမှာ လေပွေတွေ ဖြတ်သွားကြတယ်။ ကျွန်တော်တို့ ခန္ဓာတွေက ကမ္ဘာ့ဆွဲငင်အားကို မသိတော့ဘူး။ အဲဒီအချိန်မှာကျွန်တော်တို့ ဆိုတာလည်း မရှိတော့ပါဘူး။ ဝိညဉ်နှစ်ခုပူးပြီး တစ်သားတည်းဖြစ်သွားတဲ့ ခဏ၊ ခါးရိုးထဲမှာ သွေးတွေစီးနေသလို ပူလို့။ နွေးလို့။ သာယာမှုတောင်ထိပ်မှာ ရောက်ရှိအလံလေး အတူတူ စိုက်ကြပြီး မောမောနဲ့ ထိုင်အချ၊ အသာအယာ ပြုံးပြရင်း မစုက ကျွန်တော့်ကို 'မောင်ရယ်' တဲ့။ အဲဒီတုန်းက အဲဒီအသုံးလေးနဲ့ စခေါ်တာပဲ။ 

နောက်တော့ စနေ၊ တနင်္ဂနွေတွေကို ကျွန်တော်ချစ်တတ်လာတယ်လေ။ မစုလည်း အခြားသူတွေလို သီတင်းပါတ်တစ်ခုဆုံးတိုင်း အိမ်ကို သိပ်မပြန်ဖြစ်တော့သလို၊ ညညဆို အပေါ်ထပ်ကျွန်တော်နေတဲ့ အခန်းမှာ ကျွန်တော်လည်း အရက် သိပ်မသောက်ဖြစ်တော့ဘူး။ မစုက သူလာတဲ့အချိန် ပုလင်းတွေမြင်ရတာ မကြိုက်ဘူးတဲ့လေ။

မစုကလေ မျက်နှာ သိပ်များတယ်တဲ့။ အခြား သူတွေပြောကြတာ။ တကယ်က မစုကို ကြိုက်သူပေါတာပါ။ မစုနဲ့ သုံးလေးခါ စကားပြောဖူးရဲ့နဲ့ မစုကို စိတ်မဝင်စားဘူးဆိုတဲ့လူဟာ အခြောက်မဟုတ်ရင်၊ မချိန်ရဲလို့သာ ဖြစ်ရမယ်လို့ အဲဒီတုန်းက ကျွန်တော် တစ်ထစ်ချတွေးမိတဲ့အထိ ကိုယ်ငါးချဉ်မို့ ကိုယ်တိုင်လည်း သိပ်မင်သလို၊ ထင်လည်း အတော်ထင်ရလောက်အောင် မစုက မက်စရာကောင်းတာပါ။ တကယ်လည်း မစုကို လိုချင်သူတွေက များမှများကိုး။ အေးအေးသက်သာ ရှိတဲ့ညတွေဆို ကျွန်တော့်လက်မောင်းပေါ် သူ့ဆံနွယ်ခွေ ပြေနေချိန်ကျ ဟိုလိုလို ဒီလိုလို မစုကို ပိုးတဲ့အကောင်တွေအကြောင်း တွေးရင်း ပြုံးရတာ သိပ်အရသာရှိတာပဲ။

မစု တစ်ကိုယ်လုံး သိမ်းကျုံးဖက်ပြီး သူ့ငယ်ထိပ်ဆံစလေးတွေကို ကျွန်တော့်မေ့စေ့နဲ့ မနာအောင်ဖွဖွကြိတ်ရင်း မစုရယ် မောင်နဲ့ အခုလို အကြာကြီး မနေချင်ဘူးလား ဆိုတော့ "နေချင်တာပေါ့ မောင်ရယ်" တဲ့။ "တစ်သက်လုံးရော" လို့ ကျွန်တော်နှပ်ကြောင်းပေး မေးတဲ့ အခါကျ ရင်ခွင်ကြားက အသာထွက်ရင်း သူ ကျွန်တော့်ကို ပြုံးကြည့်တယ်။ မစုအဲဒီလို ကြည့်တဲ့အခါ အရူးအမဲသား ကျွေးမိပြီဆိုတဲ့ အဓိပ္ပါယ်မျိုးလို့ ကိုယ့်ဟာကိုယ် စိတ်မလုံစွာ အဓိပ္ပါယ်ကောက်မိတာကြောင့် နောက်နောင် ကျွန်တော် သိပ်မမေးဖြစ်တော့ဘူး။ ကျွန်တော်က ရူးသော်မှ သွပ်နေပစေ၊ ကိုယ့်ကိုအဲလို ကြည့်ရင်တော့ မခံချင်ဘူးရယ်လေ။ 

"မောင်ရယ် နင်နဲ့ ကျောင်းဆရာအလုပ်က မလိုက်ပါဘူး" တဲ့။ ကျွန်တော်အလုပ်ထွက်မယ် ဆိုတုန်းက အရင်ဆုံး အားပေးခဲ့တာ မစုပေါ့။ ကျွန်တော်က ကောင်မလေးတွေထဲမှာ မစုကို အကြိုက်ဆုံးပဲ။ အခြားကောင်မလေးတွေ လှတယ်ဆိုတာကို မစု အကြည့်တစ်ချက်လောက် တကယ် မတပ်မက်ခဲ့ဖူးဘူး။ ဘယ်တစ်ယောက်ကမှလည်း ကျွန်တော့်ကို သူ့အနားနေချင်အောင် မစုလောက် မဆွဲဆောင်နိုင်ခဲ့သလို တကယ်လို့ ဘဝကြောင့်သာ မဟုတ်ရင် အဲဒီတုန်းက ကျွန်တော်မစုနဲ့ တကယ်လည်း မခွဲချင်ရက်ခဲ့ဘူး။ "ကောင်လေးရယ် နင်အားတဲ့အခါ ငါ့ဆီလာပေါ့" တဲ့။ ခွဲခါနီးတော့ မစုက ကျွန်တော့်ကို မောင်လို့တောင် အခေါ်ကျဲလာသလိုလို။

အဲဒီတုန်းက ကျွန်တော့်အသက် နှစ်ဆယ့်နှစ်။ တရစ်ရစ်နဲ့ ခံစားမှုတွေ တက်နေတုန်း မစု ကိုပစ်ခဲ့ရမှာ ဆိုတော့ ဘယ်ပျော်နိုင်မတုန်း။ ဒါပေမယ့် ဘဝပေးက ကိုယ့်မချိ၊ အမိသော်လည်း သားတော်ခဲရမယ့် အခြေဖြစ်သလို၊ ဒီလို တောက ကျောင်းဆရာလေးဘဝနဲ့တော့ ဘယ်တော့မှ လူမွေးလူတောင် မပြောင်နိုင်ဘူးဆိုတဲ့ အယူလည်း ကျွန်တော့်မှာ ကြာလေစွဲလေ၊ စွဲလာခဲ့ပြီကိုး။

တစ်ခါတုန်းကတော့ တည်ငြိမ်မှုတစ်ခုခုကို ရနိုး အားထုတ်ခဲ့ဖူးစဉ် ရာဂစရိုက်ရှိသူရဲ့ နှလုံးသွေးဟာ နီရဲသော အဆင်းရှိတယ်လို့ ကမ္မဋ္ဌာန်းဆရာက ပြောဖူးတာ မှတ်မိသည်။ ဒီလိုဆို အချစ်ဆိုတာ အနီရဲရဲ ကိုက်ခဲမှုတစ်မျိုး ဖြစ်မယ်ထင်ပါရဲ့။ မစုနဲ့ ခွဲရတော့ ကျွန်တော့်ကို အနှိပ်စက်ဆုံးက အဲဒီကိုက်ခဲမှုပါပဲ။ ကျွန်တော်က အရက်နာကျတာကို မနက်စာတစ်ခွက်နဲ့ ဖြေသလို၊ အချစ်တွေ မုန်ယိုတိုင်း မစုရဲ့ ဆံတံခွန်အရိပ်အောက် ချွေးသိပ်ရင်းဖြေမယ်လို့ သူနဲ့နေချင်တာ အဲဒီလို ပြင်းပြမှုလေ။ ဒါပေမယ့် ခေါင်မိုးက မိုးယိုလာရင် အချစ်တွေ လန့်ဖျတ်ပြေးမယ် အယူရှိတဲ့ မစုကတော့ ကျွန်တော့်ကို အလုပ်တစ်ခုခု ပြောင်းစေချင်တယ်လည်း ထင်မိပါရဲ့။ ဒီလိုနဲ့ ကျွန်တော် အလုပ်ထွက်ပြီး မြို့ကိုပြောင်းတော့ ကျွန်တော့်မှာ မစုနဲ့ အဝေးကြီးမို့ မနေတတ်ဘူး။ အနီရဲရဲ ကိုက်ခဲမှုတွေနဲ့ အတူ မစုကို ကျွန်တော်လွမ်းတယ်။

ကျွန်တော်လေ မစုမသိအောင် ရည်းစားလေး တစ်ယောက်တလေ ထားမိတယ်။ ကိုယ့်ကိုယ်ကို မလုံတဲ့ လိပ်ပြာကို ကြင်သူကို ကြင်ခွင့်မရှိလို့ ကြင်ခွင့်ရှိသူကို ခဏတာ မင်စိတ်နဲ့ ကြင်မိပါတယ်လို့ ဆင်ခြေတွေနဲ့ ဆွဲဖုံးနေတုန်း မစုက လက်ထပ်တော့မယ်တဲ့။

ကိုယ့်ရည်းစား မင်္ဂလာဆောင်တဲ့ သတင်းထက် အခံရဆိုးတာ ကို ကျွန်တော်မကြုံဖူးပါဘူး။ ဟိုအရင် ကျွန်တော့်လက်မောင်းပေါ် သူခေါင်းအုံးအိပ်နေတုန်းက အဲဒီလို မစုကို ကြိုက်ပါတယ်ဆိုတဲ့ ကောင်တွေအကြောင်းတွေးရင်း ကျွန်တော် ကောက်ကျစ်စွာ ပြုံးနေခဲ့ဖူးတဲ့အထဲ အခု သတို့သားဆိုသူလည်း ပါတာပေါ့။ အခုကျ သူတို့တွေ မင်္ဂလာဦးည သောက်စားနေမယ့်အချိန် ကျွန်တော့်မှာ ပုလင်းကြီးရှေ့ချ အထီးကျန်လိုက်တဲ့ ဘဝ။ ကျွန်တော် ရည်းစားတွေ ဘယ်လောက်ထားထား မီးစာမကုန်ခင် ဆီခမ်းလို့ လောင်ကျွမ်းမှုတိတ်၊ မငြိမ်းချင်ဘဲ မှိတ်သွားခဲ့ရတဲ့ ကျွန်တော်တို့ အချစ်တွေကို အခုနေ ပြန်ပင်မရနိုင်သော်ငြား တောင့်တနေမိတယ်လို့ ပြောရင် မစုက ကျွန်တော့်ကို ရယ်မနေပါစေနဲ့လို့ ကျွန်တော် ဆုတောင်းတယ်။ 

တချို့တွေက ပြောကြတယ်။ အချစ်ဆိုတာ ကိုယ့်ချစ်သူကို အပိုင်ယူလိုက်တာတဲ့။ ဒါပေမယ့် အချစ်ကမှ ကိုယ့်ကို မယူဝံ့တဲ့ အခြေအနေမှာ ကျွန်တော်က ဘာကို သိမ်းပိုက်ရမှာ တုန်းဗျာ။ တချို့က ပြောကြပြန်တယ်။ အချစ်ဆိုတာ သစ္စာတရားတဲ့။ ကျွန်တော် မယုံပါဘူး။ အခု ညည မစုကိုယ်မှာ ပေနေမယ့်ချွေးဟာ ကျွန်တော်နဲ့ သက်ဆိုင်နိုင်ခြင်း အလျှဉ်းမရှိတော့သလို၊ အရင်လို တောင်ထိပ်မှာ အလံလေးစိုက်တော့ ကျေနပ်တဲ့ ခံစားမှုအနံ့အသက်မျိုးလည်း ကျွန်တော်မရနိုင်တော့ဘူးလေ။ တကယ်လို့ ကျွန်တော့် ဆံတံခွန်လေးကို တပါးသူနမ်းမယ်ဆိုတာသာ အဲဒီတုန်းက ကြိုသိခဲ့ရင် အဲဒါကို ကာကွယ်ဖို့ ဘယ်တစ်ခုခုကိုမဆို ကျွန်တော် ပြုဝံ့ခဲ့ပါရဲ့။

အနီရဲရဲ ကိုက်ခဲမှုတွေမပါဘဲ အချစ်ဟာ အချိန်တစ်ခုခုအထိ အသက်ရှင်နေနိုင်မယ်ဆို ချစ်လေရာဘဝမှာ အဲဒီ အချိန် အကန့်အသတ်မျိုးကို သိနိုင်မြင်နိုင်သူဟာ ကျွန်တော်ပဲ ဖြစ်ချင်ပါတယ်။ ဘာလို့ဆို ကိုယ့်ချစ်သူ မင်္ဂလာဦးညမှာ သောက်ရတဲ့ အရက်ရဲ့ ခါးသက် အထီးကျန်လွန်းမှုကို ကျွန်တော်ကောင်းကောင်း သဘောပေါက်လို့ပါ။

အောင်မျိုးသူလွင်
၂၃/၀၉/၂၀၁၅
ဗုဒ္ဓဟူး
ညနေ ၀၅:၁၆

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...