Aungmyothu Lwin

Aungmyothu Lwin
Facebook

Thursday, May 3, 2018

ခံနိုင်ရည်အတွေးများ

ဂျိုးဖြူရေပိုက်လိုင်းတွင် အီးကိုလိုင်ခေါ် ပိုးတစ်မျိုးပါဝင်မှု သိပ်သည်းဆများနေမှုနှင့်ပတ်သက်ပြီး ဂယက်ထသွားစေသော သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရသည်။

ထိုသတင်းနှင့် ပတ်သက်၍ ယခင်ကျန်းမာရေးဌာနတွင် ရာထူးကြီးတာဝန်တစ်ခု ထမ်းဆောင်ခဲ့ဖူးပြီး ယခုလည်း လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေသူ မိတ်ဆွေတစ်ဦးက

"လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကထဲက JICA စီမံကိန်းက ဂျပန် ပါမောက္ခတစ်ယောက်၊ ရန်ကုန် မြို့တော်ခန်းမနဲ့ကပ်လျှက် ဟိုတယ်တစ်ခုက ရေပိုက်ခေါင်းထဲကရေကို Test Kit ခေါ်တဲ့ ဓာတ်ခွဲပစ္စည်းတစ်ခုနဲ့စမ်းတာ အီးကိုလိုင်ပိုး (E.coli) ပါဝင်မှုက တအားမြင့်နေလို့ အကြံပြုဖူးတာရှိတယ်"

"ဒါပေမယ့် ဂျိုးဖြူပိုက်လိုင်းက အိုမင်းပြီး အပေါက်အပြဲတွေရှိတယ်။ အဆက်တွေကမလုံ။ ပြီးတော့ ရေဖြန့်စနစ်က အဆက်မပြတ်ပေးတဲ့စနစ်မဟုတ်တော့ ပင်ရင်းမှာ ဘယ်ဆလောက်ပဲသန့်စင်ထားထား အဆုံးသတ် သုံးတဲ့သူတွေဆီမှာကျ အီးကိုလိုင်ပိုး (E.coli) များတာပဲ"

"နောက်တစ်ခုက ရန်ကုန်ကလူနေထူထပ်တော့ မိလ္လာကန်စနစ်နဲ့အလုပ်မဖြစ်ဘူး။ နောက် မိလ္လာကန် တော်တော်များများကလည်း ဆောက်လုပ်ပုံနည်းမမှန်တော့ အလုပ်လုပ်ပုံလည်း စနစ်မကျကြဘူး"

"တကယ်က မိလ္လာကန်က ထွက်လာတဲ့ ရေဆိုးတွေကို မိလ္လာပိုက်ကြီးတွေနဲ့ ရေဆိုးသန့်စင်စက်ရုံကို ပို့ပြီး ပြန်သန့်စင်၊ သန့်စင်ပြီးရေကို စွန့်ထုတ်၊ အညစ်အကြေးခဲကိုကျ မြေသြဇာလုပ်နိုင်မှ မစင်ကတဆင့် ကူးစက်နိုင်မယ့် ၀မ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် အသဲရောဂါ ဆင်ခြေထောက်ရောဂါတွေကို တားမြစ်နိုင်မယ်"

"ဒါပေမယ့် အခု လက်ရှိပါနေတဲ့ ပိုးပမာဏက ကျွန်တော်တို့နိုင်ငံသားတွေအတွက်တော့ သိပ်မှုလောက်စရာ မရှိဘူး ပြောရမှာပဲ။ ကျွန်တော်တို့မှာ ဒီလောက်အတွက် ခုခံနိုင်ရည်တွေ ရှိပြီးသားလေ။ ပြောရရင်တော့ ဒီပမာဏလောက်ရောဂါပိုးကို ခံနိုင်ရည် မြင့်နေတယ်ဆိုရမှာပေါ့ဗျာ။ အဲ… ဒါက ကောင်းကျိုးကို ရည်ပြီး ပြောတာ၊ ဒါနဲ့အတူတွဲပါလာတဲ့ ဆိုးပြစ်ကို ပြောရရင်ကျ လူမှာအဲဒီလို ရောဂါပိုးကို ခံနိုင်ရည် မြင့်လေလေ၊ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဆိုင်ရာတွေမှာ နိမ့်ပါးသွားလေလေပဲ"

မိတ်ဆွေရဲ့ နောက်ဆုံးစကားအဆုံးမှာ ကျွန်တော့်အတွက် အတွေးများစွာပွားရသည်။

ခံနိုင်ရည်စွမ်းမြင့်လေလေ၊ ဖွံ့ဖြိုးမှုဆိုင်ရာတွေမှာ နိမ့်ကျနည်းပါးလေလေတဲ့။ သူက ဒါကို ကျန်းမာရေးရှုထောင့်သက်သက်မှ ပြောခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်သည် ပြင်ပမှ ဝင်လာသော ရောဂါပိုးအမျိုးမျိုးကို ခံနိုင်ရည်မြင့်အောင် စွမ်းဆောင်ရလေလေ၊ ဖွံ့ဖြိုးကြီးထွားမှုနှင့် ဆိုင်ရာတွေမှာ ယုတ်လျှော့သွားလေလေဆိုသည့် သဘော။
ကြောက်စရာကောင်းသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း ငါသည် ငါတို့နိုင်ငံမှာ ဘယ်လောက်နေပူပူ၊ ဘယ်လောက်ဖုန်ထူထူ မကျန်းမမာမဖြစ်။ လမ်းဘေးရေအိုးစင်က ရေကိုသောက်သော်မှ ဘာမှမဖြစ်။ ငါတို့သည် တော်ရုံရောဂါပိုးကို ခံနိုင်ရည်ရှိသော သူများဖြစ်သည်ဟု ကိုယ့်ဟာကိုယ် တလွဲ ဂုဏ်ယူခဲ့ဖူးသည်။

သို့သော် တကယ့်အဖြစ်မှာက ဒီလိုမဟုတ်။ ဝင်လာသော (သို့မဟုတ်) ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေ ဖြစ်နေသော အမှောင့်ရောဂါပိုး၏ ဒဏ်ကို ခံရင်းခံရင်း ခံနိုင်ရည် မြင့်လာခြင်းနှင့်အတူ ကျွန်တော်တို့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို စတေးပေးလိုက်ရသည်။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေ တန့်သွား၊ တုံ့သွားရသည်။ မိတ်ဆွေက ဒီသဘောကို ရှင်းပြခြင်းဖြစ်သည်။

ဤမှာ အမှောင့်ရောဂါးပိုးဆိုတာနှင့် ခံနိုင်ရည်ဆိုသည်တို့ကို ဆက်လက်အတွေးပွားမိသည်။

အမှောင့်ဆိုသည် မလိုလားအပ်သော၊ ဖျက်ဆီးတတ်သော သဘောဖြစ်ပြီး၊ ခံနိုင်ရည်ဟူသည် ထို အမှောင့်တို့က ဝင်ရောက်နှောင့်ယှက်လာသည်ကိုမှ မမှု၊ မတုန်မလုပ် ခံနိုင်လာပြီး မတုံ့ပြန်တော့ခြင်းကို ဆိုလိုသည်။ ရောဂါပိုးအနေဖြင့် ဆိုရမည်ဆိုလျှင် ထိုရောဂါပိုးဝင်လာပါလျှက် မတုံ့ပြန်တော့ခြင်းသည် ခံနိုင်ရည် ရှိလာခြင်း (ဝါ) ထိုရောဂါပိုးကြောင့် မဖျားမနာတော့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်မှ ဆင့်ပွား၍ ကျွန်တော်တို့ တိုင်းပြည် နိုင်ငံအရေးကို မျှော်တွေးကြည့်လိုက်ကြပါဦးစို့။

ဥပမာ ရန်ကုန်မြို့တွင်း လိုင်းကားတွေ ကျပ်သော ကိစ္စတွင် ပုံမှန်ဖြစ်သင့်သည်မှာ လိုင်းကားဟူသည် (အခြားဖွံ့ဖြိုးပြီး နိုင်ငံများနည်းတူ) လျှောလျှောလျူလျူ ချောင်ချောင်ချိချိ ပုံမှန်လွယ်ကူစွာ သွားလာနိုင်ရမည့် အမျိုးဖြစ်သည်။ သို့သော် ကျွန်တော်တို့ လိုင်းကားများတွင် ရှိနေသော အမှောင့်ပယောဂကား ကားကျပ်ခြင်း၊ ယာဉ်နောက်လိုက်များ ရိုင်းပြခြင်း၊ လမ်းကြောများ ပိတ်ခြင်း စသည်တို့ဖြင့် စုံလှသည်။ အမှန်သော် ကျွန်တော်တို့သည် ထိုအမှောင့် ပယောဂများ၏ ဒဏ်ကို ခံစားတုံ့ပြန်ကြရပေမည်။ သို့သော် ကျွန်တော်တို့မှာ ထိုဒဏ်တွေကို ခံရင်းခံရင်း ခံနိုင်ရည်တွေ မြင့်လာသည်။ ကြာသောအခါ လှိုင်းကားကျပ်ခြင်းသည် အမှောင့်ပယောဂတစ်ခုဆိုတာထက် ပုံမှန်ဖြစ်နေကျ တစ်ခုလို မြင်လာသည်။ ထိုဖြစ်စဉ်ကို ခံနိုင်ရည်မြင့်လာခြင်းဟု ဆိုရပေမည်။

ထိုသို့ ခံနိုင်ရည် မြင့်လာခြင်းကြောင့် အခုနောက်ပိုင်း လှိုင်းကားကျပ်သည့် ကိစ္စကို တော်များများသော သူများက တရားဝင် ဖျားနာမပြတော့။ တစ်နည်းဆိုရသောာ် တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန် စောဒကမတက်တော့။ အကယ်၍ အများစုကသာ အချိန်အတော်ကြာ စောဒကတက်နေမည်ဆိုလျှင် တာဝန်ရှိသူတို့မှာ တစ်ခုခုကို ပြုကြရတော့မည်မှာ ဧကန်။ ရောဂါကြောင့် မိမိကိုယ်မှာ ဖျားနာမှုများလာသော လူသည် ဆေးရုံးဆေးခန်း ပြေးကြရမည့် သဘောပါပေ။

သို့သော် ကျွန်တော်တို့၏ လိုင်းကားနှင့် ပတ်သက်သော ခံနိုင်ရည်က သူတကာနိုင်ငံတွေထက် မြင့်သည်။ ဒီတော့လည်း လိုင်းကားကျပ်တာလောက်ကို ဘယ်သူမှ စကားထဲလုပ်ပြီး မပြောတော့ ။ အရေးအရာ မလုပ်တော့။ ခံနိုင်ရည်ရှိလာသည်။ ထိုအတွက် ဆိုးကျိုးကား ကျွန်တော်တို့တွေ သွားရေးလာရေးတွေခက်ပြီး၊ လိုင်းကားပေါ်မှာ အချိန်တွေကုန်သည်။ ထိုအတွက် ဆိုင်ရာနေရာတွေမှာ ဖွံ့ဖြိုးမှု နောက်ကျကုန်တော့သည်။

ထိုမှတစ်ဆင့်တက်၍ တိုင်းပြည်ကြီးတစ်ခုလုံးနှင့် အစိုးရလုပ်သူတို့ကို ကြည့်ကြပါဦးစို့။ နိုင်ငံ့ခေါင်းဆောင် ဆိုသူတို့ ပေါက်ကရလုပ်သည်။ ပေါက်ကရ ပြောကြသည်။

သူတို့အပြုအမူ၊ သူတို့စကားတွေကို ကျွန်တော်တို့သည် လူ့မှုကွန်ယက်တွေပေါ်မှာ၊ သတင်းစာ ဂျာနယ်တွေထဲမှာ မြင်ရတွေ့ရပြီး ဟာသအနေဖြင့်သာ သဘောထားဖတ်ရှုကြတာ တွေ့ရများပြီး မည်သူ့မျှ ပြင်းပြင်းထန်ထန် ကန့်ကွက်တာမျိုးမရှိ။ ဆိုင်ရာ အကြီးအကဲများကလည်း အရေးယူတာမျိုး မရှိ။ အားလုံးသည် မိမိတို့နိုင်ငံနှင့် ပတ်သက်ပြီး ပေါက်ကရလုပ်သော အပြုအမူ၊ ပေါက်ကရဆိုသော အပြောအဆိုတွေမှာ ခံနိုင်ရည်ခပ်မြင့်မြင့် ရှိထားကြသည်။ ထိုသည်ကို ခွင့်လွတ်စိတ်ဟု တလွဲခေါင်းစဉ်တပ်ကြသည်။ ခံနိုင်ရည်ရှိတာ ကောင်းပါသည်။ သို့သော် ထိုအတွက် တိုင်းပြည်မှာ တလွဲပြော တလွဲပြုခေါင်းဆောင်များ၏ အပြုအပြောတွေကြောင့် ဖွဲ့ဖြိုးတိုးတက်မှုမှာ ကျဆင်းလာရတော့သည်။ ပြည်သူများ ခံနိုင်ရည်မြင့်မားလာမှုအတွက် ပေးဆပ်လိုက်ရသော (တစ်နည်း) စတေးလိုက်ရသော ဖွဲ့ဖြိုးတိုးတက်မှုပါပေ။

ခံနိုင်ရည်ရှိခြင်းသည် မည်မျှကောင်းပါသနည်း။ ခံနိုင်ရည်ကြောင့် လူတွေမှာ စိတ်သက်သာသည်။ ရောဂါကို ခံနိုင်စွမ်းရှိလာခြင်းကြောင့် အတော်အသင့်ရောဂါမဖြစ်၍ ခန္ဓာကိုယ် သက်သာသည်။ နေ့စဉ် တွေ့လာရသမျှ ကြုံလာရသမျှ မဖြစ်သင့်မဖြစ်ထိုက်ရာရာ အမှောင့်ပယောဂ အစုံကို ခံနိုင်ရည်မြင့်လာခြင်းနှင့်အတူ အဆင်မပြေသော  လက်ရှိအနေအထားကြီးမှာ နေပျော်လာသည်။ သို့သော် ထိုခံနိုင်ရည်မြင့်မာလာမှုကြောင့်ပင် ကျွန်တော်တို့ ပေးဆပ်လိုက်ရသော ဖွံ့ဖြိုးတိုးတက်မှုတွေ မည်မျှ ရှိပါပြီနည်း။

ဂျိုးဖြူရေပိုက်ကပေးသော ခံနိုင်ရည်အတွေးကို နေ့စဉ်တွေ့ကြုံနေရသော ကိစ္စအများစုမှအစ တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်ထိ အတွေးပွားမိသောအခါ စိတ်မောစရာကောင်းတာတော့ အမှန်။
(မြန်မာ့ဥဒါန်းဂျာနယ်)

အောင်မျိုးသူလွင်

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...