Aungmyothu Lwin

Aungmyothu Lwin
Facebook

Wednesday, July 22, 2015

ဂျေဆန်စတေသမ်နှင့် သော်တာဆွေ

မနက်အစောက ကျွန်တော် အိပ်ပျော်နေစဉ် အခန်းထဲသို့ မိန်းမတစ်ယောက်ရောက်လာသည်။ သူ့ကို ကျွန်တော်မသိ။ သူ့အနံ့ကား တော်တော်မွှေးသည်။ သူအဝတ်က တော်တော်ပါးသည်။ သူ့ကိုယ်က တော်တော်ဖွံ့သည်။ လျော့ရဲရဲ ဖြစ်နေသော ပုဆိုးကို အသာဆွဲတင်ပြီး အခုရက်ပိုင်း ငါပိုက်ဆံပြတ်နေတယ်ဟု ဝမ်းနည်းစွာပြောလိုက်မိပါသည်။ သူက လက်ညိုးကို မိုးပေါ်ထောင်ပြီး မဟာမြိုင်က လွှတ်လိုက်တာဟုဆိုသည်။ ပုဏ္ဏကုန်းဘက်က မဟာမြိုင်လားဟု မေးတော့ သူက စိတ်မရှည်စွာ၊ အထက်ကဟု ပြောပြန်သည်။


ထို့နောက် သူ့အသားစိုင်တွေကို ကြည့်နေရင်း၊ သူ့စကားတွေ ကျွန်တော်မသဲကွဲတော့။ ဘိုးဘိုးပြောင်ဆိုတာပါသည်။ အောင်ရဲခေါင်ဆိုတာပါသည်။ အိမ်ထောင်သည် ယောင်္ကျားတွေအတွက် စိတ်ပူတာပါသည်။ လူသားအကျိုးပြုဆိုသည့် စကားလုံးကို ခဏခဏ ရွတ်သည်။ စကားအဆုံးမှာ သူက ကျွန်တော့်အပေါ် ဝမ်းလျှားမှောက်ချလိုက်သည်။ ကျွန်တော် မိန်းမူးသွားသည်။ အိစက်သွားသည်။ သာယာသွားသည်။

ကျွန်တော် သတိရချိန်မှာ ကျွန်တော့်စာကြည့်စားပွဲပေါ်က ကွန်ပျူတာရှေ့မှာ ထိုင်လျှက်သားနှင့် အောက်ပါစာစုကို ရေးပြီးသား ဖြစ်နေပါတော့သည်။ မည်သူရေးမှန်မသိသော ထိုစာကို ဖတ်ကြည့်ပြီးသောအခါ ဖတ်ပျော်သော အရေးအသားတစ်ခုလည်းဖြစ်၊ အမျိုးသားထုအတွက်လည်း အကျိုးရှိနိုင်မည် ယုံကြည်မိသောကြောင့် စာရှုသူအတွက် အတွေးတစ်ခုရလို ရငြား စာမျက်နှာပေါ် တင်ပေးလိုက်ရပါတော့သည်။


x x x x – x x x x


အခုရက်ပိုင်း ဆရာသော်တာဆွေ့ စာအုပ်တွေ ပြန်ဖတ်ဖြစ်သည်။ မန်ကျည်း ကုက္ကို ညောင်ထိုထို မိန်းမဟူသမျှ ဆိုပြီး ရေးသွားသော အရေးသားများကို ဖတ်ပြီး စိတ်ထဲမှာ တင်းနေတာလေးတွေ ရှင်းထွက်သွားသည်။။ ဒါက စာဖတ်ပြီးရင် ရတဲ့ အကျိုးတွေထဲ တစ်ခုပေါ့။ မကျေနပ်ချက်တွေအတွက် ထွက်ပေါက်တစ်မျိုးရတာပေါ့။ ဟိုစာရေးဆရာမတွေရဲ့ လင်ခရူဇာပေါ်က မဆင်းတဲ့ ဝတ္တုတွေ လူအဖတ်များတာကို ကျွန်တော်ကတော့ အပြစ်မတင်ပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ နိုင်ငံမှာက ဆင်းရဲတဲ့လူပေါတော့ လင်ခရူဇာစီးတဲ့ ဝတ္တုဖတ်၊ ဇာတ်လိုက်နေရာမှာ ကိုယ်ဝင်ပြီး လင်ခရူဇာကြီးစီးလို့ စိတ်ထဲ ကျေနပ်စရာလေ။ ဒါလည်းကောင်းတဲ့ စိတ်ထွက်ပေါက်ပေးခြင်း နည်းတစ်မျိုးပါ။ ကျွန်တော်ဆို အပြင်မှာစိတ်မကျေနပ်လို့ စိတ်မကြည်ရင် ဂျေဆန်စတေသမ် ရဲ့ အက်ရှင်ကားတွေကြည့်တယ်။ မိုက်တယ်ဗျာ။ ထိုးကြိတ်ပစ်တာ။ စိတ်ထဲကို ရှင်းသွားတာပဲ။ အိမ်မှာ အဆင်မပြေရင်တော့ ဆရာသော်တာဆွေ့ စာတွေဖတ်တယ်ဗျာ။ ပထမ မိန်းမ နော်မာနဲ့ ယောက္ခမ ဒေါ်ဘီအကြောင်း ရေးထားတာများ ဖတ်ရတာ အရသာကို ရှိလို့။


ဟိုးထား။ ဟိုထား။ ခင်ဗျားတွေးလိုက်တာ ကျွန်တော်သိပါတယ်ဗျာ။ ဒီအကောင်ဟာ နောက်မိန်းမလိုချင်လို့ လက်ရှိမိန်းမ မကောင်းကြောင်း ရေးတော့မယ်လို့ သမားရိုးကျကြီး အထင်မလွဲလိုက်ပါနဲ့။ ခေတ်ကြီးက ပွေချင်ရင် နောက်မိန်းမယူတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာလေး သတိချပ်ပါနော်။ ကျွန်တော်က မိန်းမကို ဂရုစိုက်ပါတယ်ဗျာ။ ယောက္ခမကိုလည်း ရိုသေခဲ့ပါတယ်။ ဒါပေမယ့်ဗျာ အိမ်ထောင်ကျကတည်းက ဂရုစိုက်လာတော့ သင်းကလေးဟာ သူ့ကိုပဲ ဂရုစိုက်တာ ခံချင်တော့တယ်ဗျ။ ယောင်္ကျားဆိုတာ မိန်းမကို ဂရုစိုက်ရမယ့် အကောင်လို့ အတွေးရောက်လာသလား မသိပေါင်ဗျာ။


ဒီတော့ အိမ်ထောင်ပြုမယ်ဆို ခင်ဗျား ဟိုနာမည်ကြီး မိန်းမဝါဒီ စာရေးဆရာမ ဝတ္တုထဲက ချစ်စရာကောင်းတဲ့ ထမင်းချက်တဲ့ ဖွတ်ကျားဇာတ်ကောင်တွေကိုများ အားမကျမိစေနဲ့။ မိန်းမတစ်ယောက်လိုချင်တာ အချစ်ရယ်၊ နွေးထွေးလုံခြုံမှုရယ်၊ သစ္စာရှိတာရယ် ဆိုပြီး စကားလုံးလှလို့လည်း လိုက်မလုပ်မိစေနဲ့။ စဉ်းစားကြည့်လေ လုံးခြုံမှုပေးပြီး သစ္စာရှိရမယ်ဆိုတော့ ကိုယ်က ဘယ်အကောင်ဖြစ်သွားမတုန်းဆိုတာ။ ထားပါလေ။ ထားပါ။ အခုနေတော့ အိမ်ထောင်မပြုရသေးခင် ခင်ဗျားအနေနဲ့ ကျွန်တော့်စကားကို နှာခေါင်းရှုံ့ကောင်း ရှုံ့မယ်။ ဒီတော့ ချစ်တာရော၊ လုံခြုံတာရော၊ သစ္စာရှိတာရော ပေးချင်သပဆိုလည်း ပေးဖို့စိတ်ကူးထား။ ဒါဖြင့် သူ့ဘက်ကကိုယ် ဘာပြန်ရမတုန်းတော့ စဉ်းစားဗျို့။


အိမ်ပြန်ရောက်လို့ ထမင်းဟင်းလေးမှ ဖွယ်ဖွယ်ရာရာ မချက်ထားရင်၊ အပြင်သွားကာနီး အင်္ကျီလေးမှ မီးကြွေတိုက်ပြီးသားမရှိရင် ကိုယ်ခံနိုင်မလားပေါ့။ ဒါလေးလည်း တွေးဗျ။ အပြောအဆိုကတော့ မရခင် သူ့အမေသာကြည့်ဗျာ။ အဲ နှစ်ပေါင်းများစွာ ရိုက်အသွင်းခံထားရတဲ့ သူ့အမေရဲ့ ဝါဒတွေ ကိုယ့်လက်ထဲရောက်မှ အစွဲချွတ်ဖို့တော့ ခက်မယ်ဗျို့။ ဒီတော့ စောစောက ဆရာသော်တာဆွေ့စကား ငှားသုံးရရင် မန်ကျည်း ကုက္ကို ညောင်ထိုထို ယောက္ခမဟူသမျှ ဘယ်ဟာမှ မကောင်းဘူးသာမှတ်ဗျ။ ဆရာသော်တာဆွေကတော့ နာနာကျည်းကျည်း ဟာသလေးဖက်ပြီး ရေးဖူးတယ်။ သမီးတွေ အိမ်ထောင်ကျရင် ယောက္ခမဟာ သူအလိုလို အနိစ္စသဘောရောက်သွားရင် ကောင်းမယ်တဲ့။


အာ ကျွန်တော် ဒီလောက်မရိုင်းပါဘူးဗျာ။ ကိုယ့်ဝင်ဝင်ပြီး ကုလားဖန်မထိုးရင် ကျေနပ်ပါပြီ။ အရင်ကတော့ဗျာ ဘာရယ်ညာရယ်မဟုတ်ပါဘူး၊ အန်တီရယ် အန်တီ့သမီးက ကျွန်တော့်ကို ထမင်းလေးမှ ချက်မကျွေးဘူး လို့ တိုင်ပြောလေးပြောဖူးတော့၊ အရင်ကတည်းက ထမင်းချက်တတ်တဲ့ မိန်းမရှာယူပါလာကွဲ့တဲ့။ ငိန်။ သေဟဲ့ နန္ဒိယ။ ဒါဖြင့် နှစ်ယောက်ထဲရှိတဲ့ အိမ်၊ သူက မချက်တော့ ဘယ်နွားက ချက်မတုန်း။ အဲ ဒီလိုပြောတော့ ကိုယ့်နှာခေါင်းကိုယ် ကြိုးရှိလား ပြန်စမ်းမိတယ်။ ဘွာဘွာ။ ခံသာတဲ့ စကားလုံးလေး ပြန်ပြောင်း သုံးမယ်။ ဘယ်အကောင်က ချက်မတုန်းဟဲ့။


ရံခါများ သူအလည်လာလို့၊ ကလေးမက အဝတ်တွေဘာတွေ လျှော်နေတာတွေ့ရင် အအေးပတ်မှာစိုးသတဲ့။ ဟ ငါ့ကျ အအေးပတ်ရုံမက တုပ်ကွေးမိလို့သေသေပေါ့။ လင်ရယ် မယားရယ်လို့ ကြည်ဖြူတုန်း အလုပ်ပင်ပန်းတယ်ကွာဆိုပြီး အိမ်တွင်းမာဆက်လေးဝင်မိတာ သူသိရင်၊ လင်ကို သိပ်ပစားပေးတဲ့ဟာမ၊ မိဘကျ ဒါမျိုးမဟုတ်ဘူးဆိုပြီး ကြိတ်ဆူသေးတာ။ သူ့တို့ဝါဒက လင်သေရင် အစားရသတဲ့လေ။ မိဘဆိုတာ အစားမရဘူးတဲ့။ ဘယ် ပညာရှိကများ ဘုရားနဲ့ တစ်ဂုဏ်းထဲထားခဲ့တာပါလိမ့်။


အောင်မယ် ယောက္ခမတိုင်း ဒီလိုမဆိုးပါဘူးလို့ ပြောမလို့လား။ အေး ဒီလိုဆိုးတတ်သူတိုင်းကတော့ ယောက္ခမပဲဗျ။ ကိုယ့် မိန်းမ ပါမှ ဖြစ်တာလို့လည်း အတွန့်မတက်လေနဲ့။ မွေးထားတဲ့ အမေစကား နားမယောင်တဲ့ မိန်းမများ ရှိရင်ပြစမ်းပါ။ ဒီတော့ သင်းလေးကလည်း မိဘအားကိုးနဲ့ တစ်ခါတစ်ခါ မောက်မာချင်တယ်။ အင်း ကိုယ်တွေ ယောင်္ကျားဆိုတဲ့ အမျိုးကလည်း ကိုကိုရယ်၊ မောင်မောင်ရယ်ဆိုပြီး မျက်ရည်လေးနဲ့ ထုလိုက်ရင် အုခနဲ့ ကြွေပြီး ခဏချင်း ဝပ်ဆင်းရင် ဆင်းသွားမယ်၊ တစ်ပွဲတစ်လမ်းရယ်လို့ အကဲစမ်းတယ်ထင်ရင်၊ ကွဲခါမှ ကွဲရော့လဟဲ့၊ ငါဟဲ့ယောင်္ကျားဆိုပြီး ဝင်ပြီးသား နဖားကြိုး အနာခံပြီး ပြန်ထုတ်ချင်တတ်တာကလား။


အဲဒီတော့ ဘာဖြစ်တုန်းဆိုတော့ နင်က ငါ့သမီးကို တကယ်မေတ္တာစစ်နဲ့ ချစ်ထာမှ မဟုတ်တာဟဲ့ ဆိုပြီး စကားနာက အထိုးခံရသေးဗျာ။ ရော် ဒါဖြင့် အခု ကလေးတောင်ရပြီဗျာ၊ ဒီလောက် ကာလအရှည်ကြီး စောင့်ရှောက်ခဲ့တာ လခရလို့လားလို့ ပြန်မေးရင် ကိုယ်ပဲ အဆိုးဖြစ်ဦးမယ်။ အဲ တကယ့် အခရာက သင်းကလေးဗျ။ အားအားရှိ တစ်ခုခုဆို အမေကို သွားသွား သံတော်ဦးတင်တယ်လေ။ ဒီတော့လည်း ရံခါဝုန်းဒိုင်းကျဲပစ်ပြီးမှ ငါ့ဟာငါ ဗောဒိသာရဆေးများ မှားထိုးမိထားသလားလို့ တွေးမိတယ်။ ကမ္ဘာကြီးကို အမှုန့်ချေပစ်ချင်လောက်တဲ့ ဒေါသမျိုးများ မဖြစ်ဖူးရင် အိမ်ထောင်သာပြုလိုက်ပါဗျာ။ ခန္ဓာသိနဲ့ သိသွားစေဖို့ အာမခံတယ်ရယ်။


လုပ်ပြန်ပြီ။ ခင်ဗျား ပြုံးတာ ကျွန်တော်သိပါတယ် အရပ်ကတို့ရယ်။ ဒီအိမ်ထောင်ကြီး ကွာချင်မှတော့ အရှက်နည်းနည်းနဲ့ ကိုယ်နွားကျခဲ့တာတွေ ပြန်ပြောနေမလားဗျ။ ပြင်လို ပြင်ငြားပေါ့ဗျာ။ သမ္မတလင်ကွန်း ပြောဖူးတဲ့ ခြသေ့င်္ပုံပြင်လေး သိတယ်မို့လား။ ခြသေ့င်္က လယ်သမားသမီးကို ကြိုက်လို့သွားတောင်းတော့ ဟိုက မင်းအစွယ်တွေကြောင့် ကြောက်တယ်ကွယ်၊ အစွယ်ဖြတ်ခဲ့ပါ၊ မင်းလက်သည်းတွေ ကြောက်စရာကွယ်၊ လက်သည်းတွေလည်းတိခဲ့ပါ ဆိုတော့၊ တကယ်မှတ်လို့ အကုန်ဖြတ်သွားတာ ဟိုရောက်တော့ ရိုက်သတ်ပြီး အမဲပေါ်တာခံလိုက်ရပါရောလား။ ဒီတော့ အစွယ်လေးလည်း ချန်ထားဗျ။ လက်သည်းလည်း မတိလေနဲ့။ ဆေးမရခင် ဆန်ကို နို့ဆီဗူး တစ်လုံးချင်းပေး။ ဟို မိန်းမဝါဒီ စာရေးဆရာမတွေ စိတ်ကူးယဉ်ပြီး စကားလုံးလှလှနဲ့ရေးတဲ့ နွားကျကျဇာတ်ကောင်တွေကို အားမကျလေနဲ့။ ငြိမ်းချမ်းရေးအစစ်ဆိုတာ တစ်ခါတလေ သေနတ်ပြောင်းမှာ ရှာမှရတာ။


ဘယ်မိဘကမှ ကိုယ့်သားသမီးကို အိမ်ထောင်မကွဲစေချင်မှန်းတော့ သိတာပေါ့ဗျာ။ ဒါပေမယ့် အတ္တဆိုတာ ဘယ်ခန္ဓာမှာ ကိန်ကိန်း ဒီသဘောပဲဗျ။ ကိုယ့်သားသမီးကို အသာစီးလည်း ရစေချင်တယ် ထင်ပါရဲ့။ အဲ သူ့ကြောင့် ညည ရန်သတ်ရရင်တော့ ဒီအကောင် အဆိုးဖြစ်တာပေါ့။ ဒီတော့ မိန်းမယူမယ်ဆို အမေကို အရင်ကြည့်ဗျ။ သူ ဆယ့်ငါးနှစ်လောက် ရိုက်သွင်းထားတာကို ခင်ဗျားက ခဏနဲ့ ချေဖျက်ပစ်နိုင်မယ်လည်း ကိုယ့်ကိုယ်ကို အထင်မကြီးလေနဲ့။ ပြီးတော့ မိန်းမဆိုတာ ဘေးစကားကို ဘုရားဟောလောက် နီးနီးမှတ်တတ်တာ ကလား။


အင်းလေ။ မင်းက အဆင်မပြေတာပဲ ပြောတာကိုး၊ အဆင်ပြေတဲ့ လူတွေလည်း ရှိမှာပါဆိုပြီး တိုးမိုက်ချင်လည်း ယောင်္ကျားဆိုတာ ပိုးဖလံမျိုးမို့ ဘာမှမပြောလိုပါဘူး။ အနည်းဆုံး ယောက္ခမနဲ့ ကမောက်ကမ ဖြစ်တဲ့အခါ ကြည့်ဖို့ ဂျေဆန်စတေသမ် အက်ရှင်ကားတွေနဲ့ မိန်းမကိုစိတ်ဆိုးရင် ဖတ်ဖို့ သော်တာဆွေစာအုပ်တွေတော့ ကြိုဝယ်ထားစေချင်တယ်။ မဟုတ်ရင် ခင်ဗျား ဂျေးထဲအောင်းရကိန်းရှိတယ်လို့ ကျွန်တော်က ကြိုတင်ဟောကိန်း ထုတ်ပါရစေ။


အောင်မျိုးသူလွင်

၂၂၊၀၇၊၂၀၁၅
ဗုဒ္ဓဟူး

Monday, July 13, 2015

အလွမ်းဖြေတဲ့စာ

အခု ရက်ပိုင်း မိုးလေးအေးတော့ သမီးက နေတယ်တဲ့။ ဒီအဖေ၊ ဒီအမေက ဒီနေရာဒေသမှာ မွေးထားတာဖြစ်ပါလျှက် သမီးက တော်တော်အအေးကြိုက်သည်။ မွေးတုန်းက ဆေးရုံမှာအအေးခန်းထဲ နေခဲ့တာကို အကျင့်ဖြစ်သွားသလားမသိ အိမ်ပြန်ရောက်တော့ ခဏခဏအော်သည်။ သမီးအော်ရင် ကျွန်တော်မှာ နေမထိ၊ ထိုင်မသာ။ ဖခင် မေတ္တာတွေ ဘာတွေမပြောပါဘူးဗျာ၊ မပြောတတ်မဆိုတတ်နဲ့ ဒီအရွယ်လေးက တအားအော်တော့ ရင်ထဲမကောင်းဘူးပေါ့။ ဒါနဲ့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ အခန်လေးလုပ်၊ သမီးမေမေတို့ ကုမ္ပဏီကနေ လေအေးစက်ကို အရစ်ကျနှင့်ဝယ်တပ်လိုက်ရသည်။ ဪ သူဋ္ဌေးမလေးက အဲဒီတော့မှ သဘောတော်ကျပြီး သိပ်မအော်တော့။ ဒါတောင် နေ့နှင့်ည မှားပြီး တစ်လလုံးလုံး လူကြီးတွေအိပ်ချိန်ဆို သူက ထထအော်လို့ နှစ်ယောက်လုံးအိပ်ပျက်ရသေးသည်။ ဒီလိုနဲ့ မနက်လင်းတော့ အိပ်ရေးပျက် နီတာရဲမျက်လုံးတွေနဲ့ ကျွန်တော်ကအလုပ်သွား၊ အလုပ်ကလူတွေ ကလေးအဖေလို့ ဝိုင်းစနောက်ကြတာတွေကို စိတ်ထဲကြိတ်သဘောကျရင်း သမီးကို သတိရပေါ့။ ဒါပေမယ့် ညနေအိမ်ပြန်ရောက်ရောက်ချင်းတော့ ကိုယ့်အလုပ်သဘောအရ သမီးလေးကို တန်းပြီး ပြေးချီပွေ့လို့မရဘူး။ ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းလုပ်သားဆိုတော့ ကိုယ်အဝတ် အင်္ကျီကနေ သမီးလေးကို ကူးမှာစိုးစိတ်နဲ့ ညကြီးမင်းကြီးမှ အိပ်ပြန်ရောက်လည်း ရေတွေချိုး၊ ခေါင်းတွေလျှော်တော့ ကျွန်တော့်အမေက သေပန်းပွင့်နေဦးမယ် ဟဲ့ကောင်လေး လို့ ထောပနာပြုသည်။

ဒီကလေးဟာ စိတ်ကြီးရင် အော်ဟစ်ပစ်တတ်တာတော့ ကျွန်တော့်ကို တူတယ်ဗျ။ ငိုလည်းမငိုဘူး။ သူကအော်တာ။ ချေးသေးစိုလို့ အလိုမကျရင် စွတ်အော်ပြီး၊ အနှီးဝတ်လေးလဲပေးလိုက်ပြီဆို ငြိမ်သွားပါရော။ ဒါပေမယ့် သူက ဒီလိုပဲ အလိုမကျတိုင်းအော်တယ်ဗျာ။ တစ်ခါတလေလည်း အလုပ်ပင်ပန်းလွန်းရင် စိတ်မရှည်လို့ ဟိုဘက်ကုတင်၊ ဒီဘက်ကုတင်အိပ်ရင်း နင်တို့သားအမိ နားငြီးတယ်ဟေ့လို့ ကျွန်တော်က ထထပြန်အော်လို့ သူ့အမေနဲ့ကျွန်တော်နဲ့ ပြဿနာ တက်ရတာက ရှိသေး။ သူ့အမေက ကျွန်တော့်ကိုပြောတယ်။ ကိုကြီးက အဖေစိတ်ကို မရှိဘူးတဲ့။

အေးဗျာ။ သူပြောတာလည်း ကျွန်တော် မနာပါဘူး။ သမီးလေး လာတော့မယ်လို့ တံခါးလာခေါက်စက ရုပ်ရှင်တွေထဲကလို နေမထိထိုင်မသာ ပျော်သွားတာမျိုး ကျွန်တော် မဖြစ်ဘူးဗျ။ ကလေးတစ်ယောက်တာဝန်ကို ဘယ်လိုရယ်လို့တွေးရင်း ခေါင်းတွေပူလာတာပါပဲဗျာ။ ကိုယ့်အတွေးနဲ့ ကိုယ်ငြိမ်သွားတဲ့ ကျွန်တော့်ကို သမီးမေမေက စိတ်ကောက်တယ်လေ။ ဟင် ဘာလို့ကောက်တာတုန်းဟ ဆိုတော့ တော်တော်နဲ့မဖြေဘူး။ မိန်းမတွေဟာ သိပ်ခက်တယ်ဗျာ။ နောက်တော့မှ ဒီမင်္ဂလာသတင်းကို ကျွန်တော်က ပျော်ဟန်မပြလို့တဲ့။ အေးဟာ ငါလည်း တစ်ခါမှ ကလေးမရဖူးတော့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ်လို့ ကိုယ်က တောင်းပန်လိုက်မှ သူနဲ့ကိုယ်ထသတ်ရမတတ် စကားတွေများရပြန်ပါပေါ့လား။ ဒီဒုက္ခတွေ မိန်းမ မယူဖူးတဲ့ကောင် ဘယ်သိလိမ့်မတုန်း။

အဲဒီတုန်းက သမီးက သူ့မေမေဗိုက်ထဲက ထွက်လာဖို့ လပိုင်းအလို။ သမီးမေမေကို ဆိုင်ကယ်နောက်မှာတင်ပြီး အိမ်ကိုပြန်တော့ ၊ ဟိုရှေ့နားမှာ ယဉ်ထိန်းတွေ လိုင်စင်စစ်နေလို့ ရပ်ဖို့အရှိန်လေးလျော့နေတုန်း၊ ဗြုန်းဆို ကိုယ့်ရှေ့ကနေ ရုတ်တရက် ပြန်လှည့်ပြေးတဲ့ ငနဲတစ်ကောင်ရဲ့ ဆိုင်ကယ်က ကျွန်တော်တို့ဆိုင်ကယ်ကို ခါးလည်က ဖြတ်တိုက်လိုက်ပါရောလား။ သမီးမေမေက နောက်ကနေ ကြောက်ကြောက်နဲ့ တအားအော်တယ်။ ရင်ထဲလည်း ပူသွားတာနဲ့အတူ ဆိုင်ကယ်ကို လဲမသွားအောင်ထိန်းနေတုန်း၊ ငနဲက သူ့ဆိုင်ကယ်သူ ဟန်ချက်ပြန်ထိန်းပြီး မောင်းပြေးမယ်လုပ်ပါရော။ ကံဆိုးကံကောင်းပေါ့။ အဲဒီနားလမ်းထောင့်က တက်စီသမားတွေက ဒီကောင့်ဆိုင်ကယ်ကို ဖြတ်ဖမ်းဆွဲထားတယ်။ ကျွန်တော်လေ စိတ်တိုလွန်းလို့ အဲဒီအကောင်ကို အင်္ကျီလည်ကုပ်ကကိုင်ပြီး ဆွဲလာမိတာပဲ။ သမီးမေမေနားရောက်မှ ဘာဖြစ်သွားသေးတုန်းမေးတော့ မခိုက်မိဘူးတဲ့။ ဆိုင်ကယ်ခြေနင်းခုံကို တိုက်မိသွားတာဆိုတော့ ခြေနင်းခုံကောက်ကွေးသွားတယ်။ ကံကောင်းတာက သမီးနဲ့ သမီးမေမေဘာမှ မဖြစ်လို့ ကျွန်တော်တို့ ကံကောင်းသလို၊ ဒီကောင်လည်းကံကောင်းပါတယ်။ နို့မိုဆို ကျွန်တော် ဘာလုပ်မိမလဲ ကျွန်တော်လည်း တွေးမရဘူး။ ဘဝမှာ အဲဒီလောက် သတိလက်လွတ် စိတ်တိုသွားဖူးတာ အကြိမ်ရေ နည်းနည်းပဲရှိတယ်။

သမီးနဲ့က အိမ်မှာလည်း သိပ်အားရအောင် မတွေ့ရပါဘူး။ နေ့ခင်း ကျွန်တော်ထမင်းစားအားချိန်ဆို သမီးကအိပ်နေတာ များတယ်။ တာဝန်နားတဲ့ ရက်တွေလောက်ပဲ တစ်နေကုန်တွေ့ရတာ။ အလိုလိုနေရင်းမှ အားမရပါဘူးဆို သမီးမေမေက ရုတ်တရက် သွေးနုသားနုနဲ့ မတက်မဖြစ် သင်တန်းတစ်ခုတက်ရဖို့ ဖန်လာပါရောလား။ ဒီတော့ သမီးလေးခမြာလည်း ဖေဖေကိုထားပြီး မေမေနဲ့ မန္တလေးမှာ အိမ်လေးတစ်လုံးငှားပြီး သင်တန်းတက်နေရ ရှာတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အလုပ်ရှိရာ ကျွန်တော့်မြို့လေးမှာပေါ့။ အခါတိုင်းလို အလုပ်အားရင် ဘီယာဆိုင်တွေဘာတွေ မသွားချင်ဘူးဗျာ။ သမီးလေးဆီ ပြေးသွားချင်တယ်။ ဒီကလေးမဟာ အိပ်မှာရှိတော့သာ ညညနားငြီးအောင်အော်တာ၊ မရှိတော့ လွမ်းသားဗျ။ သူနဲ့ကိုယ်တွေ့တာဖြင့် နှစ်လတောင်မပြည့်သေး။

သမီးမေမေနဲ့ ကိုယ်နဲ့ကတော့ လူချင်းသာဝေးနေတာ အခါတိုင်းလို တဂွမ်ဂွမ်၊ တဂျိန်းဂျိန်းပါပဲ။ တစ်ခါတလေများ လက်ကိုင်ဖုန်းကို ပေါက်ခွဲပစ်ချင်မိသည်။ ငယ်ငယ်က အဖေနဲ့အမေရန်ဖြစ်ရင် စိတ်ညစ်ခဲ့ဖူးတာ သတိရပြီး၊ သမီးရှေ့မှာတော့ ဆင်ခြင်ရမယ်လို့လည်း တွေးမိသည်။ သမီးလေးကျောင်းနေရင် ကိုယ့်တုန်းကလို မချို့ငဲ့အောင်လည်း စိတ်ကတွေးပြီး ပိုက်ဆံကို ပိုရှာဖို့စိတ်တင်းရသည်။ အခါတိုင်းလို မထင်ရင် မထင်သလို ပြောတတ်သော ကျွန်တော့်အကျင့်ကိုလည်း သမီးလေးကိုငဲ့ပြီး ပြင်ရဦးမည်။ သမီးက သူ့ဖေဖေကို ချစ်ချစ်မချစ်ချစ် သူ့ဖေဖေကြောင့်တော့ အမျိုးတွေကြား မျက်နှာမငယ်စေလို။ ကျွန်တော့် ကိုယ်တွေ့တော့ ဖခင်မေတ္တာဆိုတာ မြင့်မိုရ်တောင်တွေဘာတွေ မဟုတ်ပါဘူး၊ အဲဒီလောက်လေး ပါပဲ။ အခုတော့ လက်တွေ့အားဖြင့် သမီးလေးစာဖတ်တတ်လာရင် လက်လှမ်းမီရာမှာ မသိမသာထားပြီး မြှူဆွယ်ဖို့ ကျွန်တော့်စာအုပ်တွေနဲ့ စာအုပ်စင် ခပ်လတ်လတ်တစ်ခု အိမ်မှာပြင်ထားသည်။ ဒါလည်း သူလမ်းလျှောက်တတ်လို့ မျောက်ရှုံးနေအောင် ဆော့ရင် ကျွန်တော့်စာအုပ်တွေ ဖြဲပစ်မှာ စိုးတာလည်း ပါတာပေါ့။

သူစာဖတ်တတ်လျှင်တော့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းနဲ့ ကာလပေါ် ကလေးဖတ်စာပေတွေ ဝယ်ပေးရမည်။ ဖတ်လိုလျှင်လည်း ဖတ်စေပေါ့။ အတင်းအကြပ်တော့ မဖတ်စေပါဘူး။ ကျွန်တော်က သမီးကို ကိုယ်တိုင်က ဘာဖြစ်ချင်ပြီး၊ ဘာဝါသနာပါသည်ကို သိပြီး၊ ထိုအတိုင်းရဲရဲလျောက်တတ်ဖို့သာ လမ်းပြပါမည်။ ထို့ထက်ပို၍ ကျွန်တော်တတ်နိုင်သည်လည်း မထင်ပါ။ သို့သော် အခုတော့ တအဲအဲအော်တတ်သော ကျွန်တော့်သမီးကို လွမ်း၍ ဤစာကိုရေးပါသည်။ သမီးကတော့ အဖေဆိုတာလည်း နားလည်ဦးမည်မဟုတ်၍ လွမ်းတတ်သေးမည်လည်း မဟုတ်ပါ။ ဒီတစ်ခါ အားရက်မှာတော့ သမီးဆီလိုက်သွားပြီး ပေါင်ပေါ်တင်ပွေ့ကာ ချော့မြှူရင်း၊ နွေးခနဲ့ခံစားလိုက်ရသော စိုစွတ်မှုမှာ၊ ကိုယ့်အပေါ်သူ ရှူရှူပေါက်ချပြီဟု အော်ဟစ်ပြောရင်း တဟားဟားရယ်ရပေဦးမည်။ ကျွန်တော် သမီးကို ချစ်ပါသည်။

အောင်မျိုးသူလွင်
၁၃/၀၇/၂၀၁၅
တနင်္လာ
ညနေ ၀၅:၀၁

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...