Aungmyothu Lwin

Aungmyothu Lwin
Facebook

Friday, November 9, 2018

ကိုးထောင်တံတား၊ ခွက်ကွင်းသင်္ချိုင်း


ကျွန်တော့်အမေ ရုပ်မြင်သံကြားစက်ကို ကြိုက်တယ်ဆိုတာ သူ့အသွေးထဲ အသားထဲက စွဲကြိုက်တာမျိုး။ အရင်က ကျွန်တော်တို့တွေ ကြီးပြင်းခဲ့ရတဲ့ ဘဝနေထိုင်မှုတွေဟာ အခုလောက် ပုဂ္ဂလဓိဋ္ဌာန်ဖြစ်သေးတာမျိုးမဟုတ်ဘဲ  အများနဲ့အစုအဝေးနဲ့ နေရထိုင်ရ စားရသောက်ရတဲ့ ဘဝမျိုးတွေ။ ဆပ်ပြာခဲရဖို့၊ ဆန်ရဖို့ သမဆိုင်မှာ အတူတူသွားထုတ်ခဲ့ကြရတာကအစ၊ စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ဗမာ့အသံက နေ့ခင်းတစ်နာရီလောက်မှာ လွှင့်ပေးတဲ့ ဗမာကားကို ဗွီဒီယိုရုံမှာ တစ်ယောက်တစ်မတ်ပေး ကြည့်ခဲ့ရတာမျိုးအထိ စုစုရုံးရုံးဘဝတွေ။

          နောက်တော့ ခရစ် ၁၉၉၀ ခုနှစ် လောက်မှာ အဲဒီတုန်းက မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ကြောင့် ကျွန်တော်တို့ နံ့သာမြိုင်စခန်းကို ပြောင်းရတယ်။

“ဟိုးအရင် တို့အရှင် သီပေါဘုရင် ပါတော်မူပြီးတော့ တိုင်းတစ်ပါးသားတွေနဲ့အတူ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ရောက်လာကြပြီး၊ အဲဒီထဲကမှ ဖာသာဝါဟင်ဂါဆိုတဲ့ ကက်သလစ်ဘုန်းတော်ကြီးက အနာကြီးရောဂါသည်တွေ ပြုစုကုသဖို့ဆိုပြီး မန္တလေးမြို့မှာ မြေနေရာတောင်းတော့၊ အင်္ဂလိပ်အစိုးရက နာမ်နှိမ်တဲ့သဘောထင်ပါရဲ့ မင်းညီမင်းသားတွေ ဆော့ကစားလေ့ရှိတဲ့ မန္တလေးအရှေ့တောင်ဘက်က မနောရမ္မံဥယျာဉ်နေရာကို အနာကြီးဆေးရုံ တည်ဆောက်ဖို့ ပေးလိုက်တာတဲ့၊ တို့အဘိုး အဘတွေ ပြောတာ”

“အဲဒါ တို့အဘိုး အဘအများ အပြောတော့ ခရစ် ၁၈၉၁ ခုနှစ်လောက်ထင်ပါရဲ့၊ စိန့်ဂျွန်းအနာကြီးစခန်းဆိုတာ ဖြစ်လာရောတဲ့။ အဲဒီနောက် ခရစ်ယာန်မက်သဒစ်အသင်းဆိုတာက အပြိုင်အဆိုင် ၀က်စလေဆေးရုံဆိုပြီး ထပ်ဖွင့်တာကြောင့် နောက်တော့ ဆေးရုံနှစ်ရုံပေါင်းပြီး မနော်ရမ္မံဟာ အနာကြီးရောဂါ ဆေးရုံနဲ့ အနာကြီးရောဂါသည်တွေရဲ့ နေရာဖြစ်လာတော့တယ်”

“အဲဒီနောက် ၁၉၆၆ ခုလောက်မှာ ပြည်သူပိုင်တွေ သိမ်းကြတော့မှ အစိုးရအနာကြီး ရောဂါဆေးရုံတွေဖြစ်ပြီး နင်တို့အဖေက အဲဒီမှာ ဆေးရုံဝန်ထမ်းပေါ့။ နောက် အမေလည်း သူနဲ့အကြောင်းပါတော့ ဒီမှာပဲ ဝန်ထမ်းအဖြစ် ဝင်လုပ်ရင်းက ဒီကလူတွေနဲ့ အခုဆို မိသားစုလိုကိုဖြစ်နေပေါ့”

ဒါသည် အမေပြောပြသော ကျွန်တော်တို့ ဆေးရုံသမိုင်း။

ကျွန်တော် မှတ်မိသိရှိသမျှ မှတ်ဉာဏ်တွေမှာကျ မနော်ရမ္မံနေရာထက် နံ့သာမြိုင်စခန်းနှင့် ကျွန်တော်တို့နေထိုင်ကြရာ ရေနံ့သာအနာကြီးရောဂါကု ဆေးရုံကြီးထဲက ဝန်ထမ်းလိုင်းခန်းတွေ။ လူနာဆောင်တွေ။ နောက် အခုဆို ပင်စင်စားတွေဖြစ်နေကြပြီဖြစ်တဲ့ အဖေနဲ့ အမေရယ်၊ ကျွန်တော်ပြန်လာရင် ဆရာသိန်းတင်သား ဓာတ်ခွဲမှူးကြီးကိုမင်းလို့ ဝမ်းသာအားရ ဆီးကြိုတတ်ကြတဲ့ ရွာထဲက ကျွန်တော့်ထက်အကြီးတွေ။

ကျွန်တော် မှတ်မိပါသေးတယ် ပိုင်ဝှေ့တို့၊ အားကွေ့တို့၊ လွီပုနဲ့သောင်းချန်၊ ဝူကျင့်၊ လုရီတို့တရုတ်တွေ မြန်မာ့ရုပ်မြင်သံကြားလောကကို သိမ်းပိုက်ခဲ့ကြပြီးနောက်ပိုင်း၊ သူတို့ကိုတော်လှန်ပစ်မယ့် ကိုရီးယားတွေဝင်လာကာစ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ကာလ။ အွန်စောတို့ ဂျွန်စောတို့ ထယ်စောက်တို့ မြန်မာတွေအသည်းမှာ စတင်အခြေချစဉ်။ အဲဒီတုန်းက အမေဟာ လိုင်းခန်းတစ်ခုလုံး တစ်လုံးသာရှိတဲ့ ကျုတီဗွီကြီးရှေ့မှာ ဘာသာပြန်သမကြီးပေါ့။

“အဲဒီအကောင်က ခပ်ဆိုးဆိုးပါအေနှယ်၊ လူကြည့်ရတာလည်း တစောက်ကန်းထင်ပါရဲ့”

အဲဒီတုန်းက ဆေးရုံအလုပ်သမားတွေထဲ အမေတစ်ယောက်ပဲ စာတတ်တာလေ။ ဒီတော့ ကိုရီးယားကားမှာထိုးတဲ့ မြန်မာစာတန်းကို အမေကပဲ အသံထွက်ဖတ်ပြပြီး၊ ဘာသာပြန်ပေးရတယ်။ အခု စာဖတ်သူများလည်း “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” တော့ ကြည့်ဖူးကြမယ်ထင်ပါရဲ့။ သွေးကင်ဆာဖြစ်တဲ့ အွန်စောလေးဟာ သိပ်ချစ်စရာ၊ သနားစရာကကောင်း။ တစ်ခါတလေများ ကျွန်တော့်အမေက သူ့ဟာသူ ဇာတ်ကားကြည့်ရင်း ဈာန်ဝင်သွားရင် မျက်ရည်တွေ ဘာတွေကျတော့ ဘာသာတောင် ဆက်ပြန်မပြနိုင်ရှာဘူး၊ ကျုတီဗွီကြီးရှေ့ တရှုပ်ရှုပ်ငိုတော့တာကလား။ ဒီတော့အခါကျ အောက်က ပရိတ်သတ်က သူနဲ့အတူရောငိုကြရင်းက မချင့်မရဲ ဝိုင်းမေးကြတယ်

          “အမေကောက် ဘာပြောလိုက်တာလဲ ဟင်”

          “အမေကောက် ဖတ်ပြပါဦးဗျ၊ သူတို့ ဘာပြောလိုက်ကြတာလဲ ဟင်”

ဒီတော့ ညနေ ခုနစ်နာရီထိုးလို့ ဆောင်းဦးရွက်ကြွေချစ်သက်သေများ လာတဲ့ရက်ဆို လူတွေဟာ ကျွန်တော့်အမေမှာ ဆေးရုံထဲအလုပ်ဝင်ရမယ့် အလှည့်ဖြစ်ရင်တောင် လှည့်ပေးပြီး တီဗွီရှေ့အထိုင်ခိုင်းထားတတ်တာကလား။ အမေကောက်လို့ အများကခေါ်ကြတဲ့ ကျွန်တော့်အမေကလည်း အကြိုက်ပေါ့လေ။ မြင်ခြံစွန်းလွန်းစောင်းကောက် ဆေးလိပ်ကြီး ရဲခနဲ့ ရဲခနဲ့နေအောင်ဖွာရင်း ချွဲအွန်စောတို့ ဂျွန်စောတို့၊ ဟန်ထယ်စောက်တို့ကို အားပေးတာကလား။

နေ့ခင်းက ကျွန်တော့်အမေဖုန်းဆက်တယ်။

“ဟဲ့ ငမင်းရဲ့၊ ငါ့အိမ်က တီဗွီကြီး ကျွမ်းသွားပြီတဲ့၊ ကြည့်မရတော့ဘူး။ အဲဒါ နင်ငါ့ကို တီဗွီဝယ်ပေးလိုက်။ အခု ဒီနေ့ပဲ ဝယ်ပြီး ကားတင်ပေးလိုက်နော်၊ မမေ့နဲ့ ငါ ဒီနေ့ညကြည့်ရမှ ဖြစ်မှာ၊ ပိုက်ဆံဘယ်လောက်ကျကျ နင်ပြန်လာတော့ ပြန်ယူ” တဲ့။

စဉ်းစားကြည့်ပေါ့ခင်ဗျာ ဗမာ့အသံက နေ့ခင်းဗမာကားတစ်ကားပဲ လွှင့်တဲ့ခေတ်ကနေ၊ ပိုင်ဝှေ့တို့ အားကွေ့တို့ ခေတ်ကိုဖြတ်၊ အွန်စောတို့ ဂျွန်စောတို့ကိုကျော်ပြီး ယနေ့အထိ တီဗွီကြည့်နေဆဲ ကျွန်တော့်အမေရဲ့ တီဗွီကြိုက်တဲ့ စံချိန်ဟာ နှယ်နှယ်ရရတော့ မဟုတ်ဘူး။ ဒါနဲ့ ကျွန်တော်က အမေ့ကို ချစ်စနိုးနဲ့ စလိုက်တယ်။


“တီဗွီဖိုးကတော့ ကိုးထောင်တံတားလိုပဲနော် အမေ” လို့။

 ဒီတော့ကျ အမေက ရယ်ပြီးဆဲတယ်။

“မအေပေးလေး” တဲ့။

“အမေရယ်… အမေ့ဒီအရွယ်ကြီးရောက်မှ ဘယ်သူ့ပေးပေး ဘယ်သူကမှ မယူတော့ပါဘူး၊ ကျွန်တော်တို့သာ မပစ်ရက်လို့ ဆက်သည်းခံ အမေတော်နေကြရတာ” လို့ဆိုတော့ ရယ်ရယ်မောမောနဲ့ နောက်တစ်မျိုး ထပ်ဆဲဆိုပြီး ဖုန်းချသွားရော။ ကျွန်တော်တို့ ခေတ်တွေဟာ ပြောင်းခဲ့ပြီလေ။ အရင်က ဘာမဆို အများနဲ့ အတူလုပ်ရတဲ့ခေတ်။ အခုက အရာရာ ပုဂ္ဂလဓိဋ္ဌာန်ခေတ်။ ဖုန်းဆိုလည်း ကိုယ်ပိုင်ဖုန်း။ အရင်လို အများနဲ့ မသုံးကြတော့ဘူး။ တီဗွီဆိုလည်း အရင်လို အသံအတိုးအကျယ်တောင် အများနဲ့သဘောညီ ထားရတာမျိုး မဟုတ်တော့ဘဲ တစ်အိမ်တစ်လုံး။ တချို့များဆို တစ်အိမ်ထဲတောင် နှစ်လုံး သုံးလုံး။ တော်တော်များများဟာ တစ်ကိုယ်ရည်သုံးဘက်ကို ဦးလှည့်လာကြခြင်းနဲ့အတူ အမေလည်း အထီးကျန်ရှာတယ်ထင်ပါရဲ့ အိမ်ထဲမှာ တီဗွီမရှိရင်ကို မနေတတ်တော့တာမျိုး။

စောစောက အမေကျွန်တော့်ကို ဆဲတဲ့ ကိုးထောင်တံတား အကြောင်းလေးလည်း နည်းနည်းပြောပြဦးမယ်။

၁၉၉၀ ပြည့်နှစ် ကျွန်တော်တို့တွေ ဒီဘက်ပြောင်းလာရတော့ ကျွန်တော်တို့ဆေးရုံရယ်၊ ရောဂါသည်တွေနေတဲ့ နံ့သာမြိုင်စခန်းရယ်ကို ကမကထပြု အားစိုက်ထူထောင်ပေးသူတွေက အဲဒီတုန်းက မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်ရယ်၊ နောက် စာရေးဆရာချစ်စံဝင်းရယ်။ ဆေးရုံက အသစ်၊ စခန်းရွာကအသစ်ဆိုတော့ ပြုပြင်တည်ဆောက်စရာတွေ အများကြီးပေါ့။ ဒီမှာ ရွာနဲ့ ဆေးရုံကို ကူးတဲ့လမ်းမှာ မိုးအခါ တောင်ကျရေစမ်းလေးတွေရှိတော့ ရေထွက်ပေါက်မြောင်းလေးကို ကူးတဲ့တံတားတစ်စင်း ဆေးရုံပိုင်းက တာဝန်ယူပြီးဆောက်ကြတယ်။ ဒီအတိုင်းလည်း ခုန်ကျော်လိုက်ရင် ရနေတဲ့ ရေထုတ်မြောင်းလေးပါ။

ခေတ်က န.ဝ.တ ခေတ်ကြီးပေါ့။

ကျွန်တော်တို့ ဆေးရုံသမားတွေ တက်ညီလက်ညီနဲ့ အကျယ်ဆယ်ပေ၊ အရှည်သုံးပေလောက်ရှိမယ့် သစ်သားတံတားလေး ဆောက်လိုက်ကြတာ ငွေကိုးထောင်ကျပါကရော။ အဲဒီတုန်းက ကျွန်တော်တို့ဘက်မှာ ကျွန်းသစ်တစ်တန်ဈေးမှ ၃၅၀၀ ကျပ်လောက်ပဲရှိတာဆိုတော့၊ သစ်မာ တန်ဝက်တောင် မကုန်တဲ့ အဲဒီတံတားလေးပေါ် ဗိုလ်ချုပ်ထွန်းကြည်ဟာ တက်နင်းပြီး ပုဆိုးလေး တမမနဲ့ ခုန်စွ ခုန်စွ လုပ်ကြည့်ရှာတယ်။ ပြီးတော့ ပါးစပ်ကလည်း တဖွဖွရွတ်ရဲ့။

“ကိုးထောင်တံတားကွ၊ ဟောဒါ ငွေကိုးထောင်တောင် ကုန်တဲ့တံတားကြီးကွ” တဲ့။

ကျွန်တော်တို့တွေ အကုန်လုံး ပြုံးကြရတယ်။ အဲဒီကစ အဲဒီတံတားနေရာလေးဟာ အခုထိ ကိုးထောင်တံတား တွင်တာပဲ။

ဗိုလ်ချုပ်ထွန်းကြည်နဲ့ ဆရာချစ်စံဝင်းဟာ ဒီရွာကို တော်တော်ပဲ ချစ်ရှာတယ်။ ဗိုလ်ချုပ်ထွန်းကြည်က ဆုတောင်းစား ပပျောက်ရေးအတွက်ဆိုပြီး လုပ်စားကိုင်စားဖို့ စိုက်ပျိုးမြေတွေ၊ နေဖို့ထိုင်ဖို့ အိမ်နဲ့ဝင်းတွေ၊ လစဉ်ထောက်ပံ့ကြေးအပါအဝင်၊ ရွာပိုင် ဆေးပေါင်းရုံတွေ တည်ဆောက်ပေးခဲ့သလို၊ စာတတ်ဖို့အတွက် စာသင်ကျောင်းနဲ့ ရွာဘုံစာကြည့်တိုက်အတွက်လည်း ဆရာချစ်စံဝင်းက ကမကထပြု ဆောင်ရွက်ပေးသွားတယ်။ ဒါကြောင့် ကျွန်တော်တို့ရွာမှာ ဒီနှစ်ယောက်ဟာ အချစ်တော်ပေါ့။

အမေဟာ ဗိုလ်ချုပ်ထွန်းကြည်ခေတ်ကို ကောင်းကောင်းသိမီတယ်။

“ဟိုတုန်းကတော့ အစိုးရနဲ့ ပလဲနံ့ပသင့်တော့ တို့ဆေးရုံဟာ သာယာစိုပြည်လို့၊ အခုများတော့ အမိမဲ့သား ရေနည်းငါးဆိုတာလို၊ နေဖို့ထိုင်ဖို့လည်း သိပ်မကောင်းတော့ပါဘူး။ ရွာထဲက အရင်လူတွေလည်း ခွက်ကွင်း ရောက်ကုန်တော့၊ အခု သူတို့အဆက် သားသမီးတွေလည်း နေဖို့ခက်၊ လုပ်စားဖို့ ခက်တွေဖြစ်ကုန်ကြရော၊ ကံ၊ ကံ၏ အကျိုးပေါ့ ငါ့သားရယ်” တဲ့။

ဒါက အမေ့ရဲ့ မှတ်ချက်။

ကံဆိုတာလည်း မယုံလို့ မရဘူးဗျ။ ပြောရဦးမယ်။ ကျွန်တော်တို့တွေ ဒီနံ့သာမြိုင်ဘက်ပြောင်းလာတော့ ပထမဆုံးသေတဲ့ ရောဂါသည်ရဲ့နာမည်ဟာ ခွက်ကွင်းတဲ့။ သူ့ရဲ့ အနွတ္ထအမည်ပေါ့။ နာမည်အရင်းတော့ လူတိုင်းမေ့ပြီ။ အရင် မနောရမ္မံမှာနေတုန်းက သူ့အလုပ်ဟာ အများနည်းတူ တောင်းစားတာ။ အခြား ဆုတောင်းစားတွေနဲ့ ရောတောင်းတိုင်း သူဟာ ဘယ်တော့မှ ပိုက်ဆံမရဘူး။ အများနဲ့အတူခွက်တွေ တန်းစီချထား သူ့ခွက်ကို ထည့်တဲ့လူတွေက ကွင်းကွင်းသွားတယ်။ သူဟာ ဘယ်တော့မှ ပိုက်ဆံမရတတ်ဘူး။ ဒါကြောင့် သူ့အနွတ္ထအမည်ဟာ ခွက်ကွင်း။ ဘုရားဟောတွေထဲက ကံဖယ်တယ်ဆိုတာ အဟုတ်ဗျ။ အဲဒီ ခွက်ကွင်းဟာ ဗိုလ်ချုပ်ထွန်းကြည်ကျေးဇူးနဲ့ အခုနံ့သာမြိုင်ကို ပြောင်းရ၊ လုပ်စားမြေတွေ၊ ထောက်ပံ့ကြေးတွေရတဲ့ကာလကျ ရောက်ရောက်ချင်း သေပါရောလား။ သူသေတော့ နံ့သာမြိုင်စခန်းမှာ လူသေရင် မြှုပ်ဖို့တောင် နေရာမသတ်မှတ်ရသေးဘူး။ ဒါနဲ့ ပထမဆုံး မသာဖြစ်တဲ့ ခွက်ကွင်းကိုမြှုပ်လိုက်တဲ့နေရာကိုပဲ သင်္ချိုင်းအဖြစ် သတ်မှတ်ပြီး အခုထိ နံ့သာမြိုင်မှာ ခွက်ကွင်းသင်္ချိုင်းတွင်တော့တာ။

အမေပြောတဲ့ အရင်လူတွေလည်း ခွက်ကွင်းရောက်ကုန်ပြီဆိုတာ သေကုန်ပြီပြောတာ။ ဒုက္ခရောက်ကုန်ပြီဆိုတာကျ နံ့သာမြိုင်ဟာ ဗိုလ်ချုပ်ထွန်းကြည်တို့ မျိုးစေ့ချခဲ့တုန်းက အနာကြီးရောဂါသည်စခန်းအဖြစ် လုပ်ခဲ့ကြတာဆိုတော့ အဲဒီတုန်းက စာရင်းဝင်ခဲ့သူ ရောဂါသည်တွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့သဘော ဖြစ်နေရော။ ဒီတော့ မူလ ရောဂါသည်တွေ ခွက်ကွင်း ရောက်ကုန်ချိန်ကျ၊ သူတို့သားသမီး နောက်ပါလူတွေမှာ မြေနေရာပျောက်ရမလိုလို ဖြစ်ကရော။ ဒီသဘောကို ထောက်ပြပြီး အမေက နံ့သာမြိုင်ကြီးခြောက်ကပ်လာပြီ၊ အရင်လို နေပျော်စရာ မဟုတ်တော့ဘူး ပြောတာ။

ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။

ခေတ်ကြီးက ပြောင်းလာတာ။ ပြောင်းလာတာမှ အထီးကျန်တဲ့ဘက်ကို ပြောင်းလာတော့တာလို့ ထင်တာပဲ။ အခုဆို လူတိုင်းမှာ သူတို့တစ်ကိုယ်ရေသုံး ပစ္စည်းတွေနဲ့ ပြည့်ပြည့်စုံစုံ။ အရင်လို စုပေါင်းသုံးကြဖို့ မလိုအောင် ခေတ်ကြီးကဖြစ်လာတယ်။ အခုဆို နံ့သာမြိုင်ကလူတွေဟာ တစ်ကိုယ်ရေသုံး ဖျော်ဖြေရေးပစ္စည်းတွေထဲ ခေါင်းနှစ်လို့၊ အရင်လို စုဝေးမှုတွေ မရှိတော့ဘူး။ ဒါဟာ အနယ်နယ်အနှံ့နှံ့ကလူတွေ အကုန်ကူးစက်ခံစားနေကြရတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကြားမှာ အဆင့်မြင့်မြင့် အထီးကျန်နေရခြင်း ရောဂါ။

ကျွန်တော်ဆိုလည်း အခု မန္တလေးမြို့ကြီးပေါ်မှာ တစ်ကိုယ်ရေသုံးတဲ့ ဖုန်း၊ တစ်ကိုယ်ရေကြည့်တဲ့ ရုပ်မြင်သံကြားစက်၊ တစ်ကိုယ်ရေတွေနေရတဲ့ ပျားအုံအကန့်လို အခန်းလေးတွေအများကြီးထဲက တစ်ခုမှာ တစ်ကိုယ်ရေအထီးကျန်ခြင်းရောဂါရဲ့ အငွေ့တွေ နေ့စဉ် ရှုရှိုက်နေရတာပါပဲ။ တစ်ခါတလေတော့လည်း ကျွန်တော်တွေးပါတယ်။ ငယ်ဘဝမှာ တီဗွီစက်တစ်ခုရှေ့ လူတွေအများကြီးနဲ့ အတူကြည့်ခဲ့ဖူးတာ၊ ရွာဘုံကမ်းရိုးတန်းဖုန်းရှေ့ ညနေတိုင်း တန်းစီခဲ့ဖူးတဲ့ ခံစားချက်ဟာ တော်တော်လည်း ချိုမြိန်သိုက်ဝန်းတာပဲလို့။ ပုခက်အတွင်းကနေ ခွက်ကွင်းသွားတဲ့လမ်းမှာ လူမှာဖြစ်တတ်တဲ့ ကြောက်စရာအကောင်းဆုံး ရောဂါကို ပြပါဆို ကျွန်တော်ဟာ အထီးကျန်ခြင်းကို လက်ညှိုးထိုးမယ်။

ညနေကျရင်တော့ ၈၃ လမ်းက ကုလားတွေရောင်းတဲ့ဆိုင်မှာ တီဗွီအပြားလေးတစ်လုံးဝယ်ပြီး အမေ့ထံကားတင်ပေးရပေဦးမည်။

ဒီတစ်ပတ် စနေ တနင်္ဂနွေ  နားရက်ရောက်ရင်တော့ ရွာဘက်ပြန်ပြီး ကိုးထောင်တံတားနှင့် ခွက်ကွင်းသင်္ချိုင်းကိုလည်း အလွမ်းပြေသွားကြည့်ရဦးမည်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ ကျွန်တော်ဟာ မြို့ကြီးပြကြီးက လူအများကြီးကြားမှာ အတော့်ကို အထီးကျန်နေခဲ့ပြီ။

အောင်မျိုးသူလွင်
၂၅၊၁၀၊၂၀၁၈
နေ့ ၀၁း၃၁
ကြာသပတေး

အောင်မြေသာစံ သံခိပ်

(၁)

“ဟဲ့… နင်က နိုးနိုးချင်း အရက်သောက်တယ်ဆိုမှတော့ ဘယ်အချိန် ဆေးက သောက်သတုန်းဟဲ့”

“နင်တို့နဲ့တော့ ငါ သေသာ သေချင်တော့တာပဲ၊ ဆေးကို အဲလိုသောက်တော့ နင် ဒုက္ခရောက်မှာပေါ့ဟဲ့၊ နင့်အိမ်ကဟာတွေကရော နင့်ကို ဘာမှ မပြောဘူးလား”

ဤသို့ အစရှိသော ဆူသံပူသံ သောသောညံကို မနက်ခင်းတိုင်း ပြုနေသူကား အောင်မြေသာစံ ဒေသန္တရကျန်းမာရေးရုံး၊ တီဘီဌာနမှ သူနာပြုဆရာမကြီး ဒေါ်ကြည်တင် ဖြစ်ပေသည်။ ဒေါ်ကြည်တင့်လေသံကား ကိုယ့်တူကိုယ့်သား ကိုယ်အမျိုးအရင်းကို ပြောနေသလို စီးစီးပိုင်ပိုင် ရှိလှသည်။ သို့သော် သူ့အပြောခံရသော တစ်ဖက်လူ၏ ပြန်ပြောသံမှာ မူကား လျှော့တိလျှော့ရဲ နိုင်လှပေသည်။

“အိမ်က ရှိတော့ဘူးလေ ဆရာမ၊ ဟိုတစ်လောက ဂေါ်နဲ့ထိုးပစ်တဲ့ အထဲ ပါသွားပြီ”

“ငါ့ ကို မဟုတ်က ဟုတ်ကတွေ လျှောက်မပြောစမ်းပါနဲ့ဟယ်၊ နင်အခုတောင် ဒီလောက်နံဟောင်နေတာ၊ မူးနေပြန်ပြီ မို့လား၊ မူးမူးနဲ့ လျှောက်ပြော မနေစမ်းနဲ့”

မပြောနဲ့ ဆိုတော့လည်း တစ်ဖက်က အရက်သမား၏ အသံကို နည်းနည်းမှ မကြားရတော့ပါ။ မကြားဆို အရက်သမားဟာ လူနာထိုင် ခွေးခြေခုံပေါ် ငုတ်တုတ်ကြီး စောင်းနေမှကိုး။ ဒီလူ့ခမျာ မနေ့ညက အရှိန်ကို ဖြေရင်း များလေသလား။ တီဘီဆေးရဲ့ ဒဏ်ကို ခံနိုင်လောက်တဲ့အထိ သူ့အားမရှိလေ သလား။ ကမ်းနားလမ်းက ကျူးတွေဖျက်တဲ့အထဲ သူ့အိမ်ပါသွားတယ်ဆိုမှ အိမ်ယာနေရာ အခက်အခဲကြောင့် ဥတု ချွတ်ယွင်းလေရော့သလား။ သတ္တဝါတစ်ခု ကံတစ်ခုမို့ ရှိစေတော့၊ ဤစာရေးသူ ဓာတ်ခွဲမှူးကိုယ်တိုင်သော်မှ ဝန်ထမ်းလိုင်းခန်းမရ၍ နေ့စဉ် အသွားအပြန် မိုင်လေးဆယ်ကျော် ဆိုင်ကယ်မောင်းပြီး ရုံးတက်နေရသူ ဖြစ်ရာ၊ ဒီလူ နေစရာမရှိတာကို ဘယ့်နှယ့်မှ မကယ်နိုင်ပါ။

(၂)

“ဟဲ့… ငါ့သားလေးရဲ့၊ မင့်နှယ့်ကွယ် အိမ်ပြန်ပါလား။ ဆရာမတို့က  လွှဲစာရေးပေးလိုက်မယ်၊ ရန်ကုန်ကိုပြန်နော်။ ပြီးတော့ အမေ့ဆီ ပြန်နေ ငါ့သားရဲ့။ ဆရာမက ဆေးကုမပေးချင်လို့ မဟုတ်ဘူး။ မင်း ဒီဆေးသောက်ရင် အလုပ်က နားရမှာ။ အခန့်မသင့်လို့ ဆေးနဲ့မတည့်ရင် အိမ်ရာထဲ တစ်လ ကိုးသတင်း လှဲနေရနိုင်တယ်။ ဆေးသောက်ရမှာကလည်း တစ်ပတ်နှစ်ပတ် မဟုတ်ဘူး လ(၂၀) တောင် သားရဲ့၊ ကိုယ့်အမေ ရင်ခွင်လောက် ဘယ်ဟာမှ မကောင်းဘူး”

ထုံးစံအတိုင်း ဆရာမကြီး ဒေါ်ကြည်တင်၏ နံနက်ချိန်ခါ တေးသံသာပင် ဖြစ်ပါသည်။ နို့… ဒီတေးသံသားက ပျော့လှချေလား။ ပျော့ဆို ဒေါ်ကြည်တင် အခုပြောနေရသူ ကောင်ကလေးကား အသက် (၂၀) စွန်းစွန်းအရွယ် ဖြူဖြူဖျော့ဖျော့လေး။ သူတို့ ပြောနေကြသော စကားတို့ကို ဤမှာဘက် သုံးထပ်သားလေးသာ ခြားသောဓာတ်ခွဲခန်းထဲမှ အတိုင်းသားကြားနေရ၍ ဓာတ်ခွဲမှူးက နားလည်လိုက်သည်မှာ ဒီကောင်လေးဟာ သူ့ပါတနာခေါ် အမျိုးသားအဖော်နဲ့ နေတာ။ သူဟာ သူ့ချစ်သူ အဲဒီ ကောင်လေးအတွက် သူ့ဆွေသူ့မျိုး သူ့မိဘတွေကိုတောင် စွန့်ပြီး ထွက်လာခဲ့တာတဲ့။ သူတို့နှစ်ယောက်ဟာ အခု မန္တလေး၊ အောင်မြေသာစံမြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ အိမ်ငှားနေကြတာတဲ့။ အခု ကောင်လေးက ဆေးကုမ္ပဏီကြီးတစ်ခုမှာ အရောင်းမြှင့်တင်ရေး လုပ်တယ်။ နောက် သူ့လက်တွဲဖော် ကောင်လေးကတော့ တက္ကသိုလ်တစ်ခုမှာ စာသင်တယ်ဆိုလားပဲ။ ဒါသည် ဒီဘက်ခန်းက ဓာတ်ခွဲမှူး သိကြား နာလည်လိုက်သမျှ သူ့တို့အကြောင်း။

“အိမ်ပြန်ပါ သားလေးရယ်” ဆိုတဲ့ ဒေါ်ကြည်တင်၏ ချော့မော့ပြောဆိုသံနှင့်

“ရတယ် ဆရာမ၊ ကျွန်တော် ဒီမှာပဲ နေပြီး ဆေးကုမယ်၊ ကျွန်တော် အမေ့အိမ်မပြန်ချင်ဘူး၊ ကျွန်တော့်ချစ်သူနဲ့ပဲ ဒီမှာနေမယ်။ ကျွန်တော်တို့နှစ်ယောက် ဆိုးအတူကောင်းအဖက် နေကြမယ်လို့ သန္နိဋ္ဌာန်ချထားပြီးသား၊ ကျွန်တော်တို့မှာ ရှေ့ဆက်ရမယ့် ရည်မှန်းချက်တွေ ရှိသေးတယ်” ဟူသည့် ကောင်ကလေး၏ ငြင်းဆိုတောင်းပန်သံတို့ကား သူတို့ရဲ့ တစ်နာရီကျော်ကြာ ဆွေးနွေးသံတွေထဲမှာ တဝဲလည်လည် ထပ်နေကြသည်။ ဒေါ်ကြည်တင်ကား အကြမ်းရော အနုပါရသည့် စွယ်စုံတီဘီမင်းသမီးကြီးပါတည်း။ သို့သော် စွယ်စုံကြီးမှာလည်း သူ့အပူနှင့်သူ။

သူကြမ်းရသည်မှာ သူ့လူနာတွေ ခြောက်လဆေး မှန်မှန်သောက်ဖို့။

သူနုရသည်ကား လ (၂၀) ကုရမည့် သူ့လူနာလေး ဆေးပတ်အပြည့် သက်သက်သာသာ ကုသမှုခံနိုင်ဖို့။

အောင်မြေသာစံမြို့နယ်ဆိုသည်မှာကား မန္တလေးမြို့ကြီးကို ၂၆ ဘီလမ်းမှ ထက်ခြမ်းခြမ်းချလိုက်သောအခါ မြောက်ဘက်တလွှား အကုန်ပါသည်မို့ - ကဲ မန္တလေးအကြောင်းသိသူများက ဆက်စဉ်းစားကြည့်ကြစမ်းပါ ခင်ဗျာ၊ အင်မတန် နာမည်ကြီးသည့် ကျွဲစွန်းတို့ ညောင်ကွဲတို့၊ အိုးဘိုထောင်ကြီးရှိသည့် အိုးဘိုးဘက်အခြမ်းတို့၊ နတ်စင်လေးများ စီချထားသလို လူနေအိမ်လေးတွေ ပြွတ်သိပ်ကျပ်ညပ်နေသည့် မတ္တရာ-မန္တလေး မီးရထားလမ်းဘေး ရပ်ကွက်တွေရယ်၊ ဘီယာချက်စက်ရုံအပိုင်းက ပျံကျရပ်ကွက်လေးများရယ်ကြောင့် ပီဘိကျက်သရေ မင်္ဂလာရှိလှပါပေသည်။

တရံရောအခါ တီဘီဆေးသောက် လူနာတစ်ယောက် ချက်ချင်းမတ်တပ် ပျောက်သွားသော ဟူ၏။ ပျောက်တော့လည်း ဆေးဆက်မသောက်၊ လူမတွေ့ပေါ့လေ။ အဲဒီလို စာရင်းထဲ ထည့်လိုက်ရတယ်။ သို့သော် နောက် လအနည်းငယ်အကြာ ထိုလူပြန်ပေါ်လာပြန်ရော ဟူ၏။ ဒေါ်ကြည်တင် နည်းနည်းတော့ တင်းသွားလေပြီ။

“ဟဲ့… နင်က ဘယ်သွားနေလို့ ဆေးကို ဆက်မသောက်ရတာတုန်း၊ သွားမယ်ဆိုလည်း ပြောသွားပေါ့။ နင်ရောက်တဲ့အရပ်နဲ့ အနီးဆုံး ဌာနမှာဆေးထုတ်လို့ရအောင် လုပ်ပေးမှာပေါ့။ အခုကျ နင်က ငါတို့ကို မခန့်လေးစားနဲ့။ အဲ… အေးအေး ကျုပ်တို့ကို မခန့်လို တော့မှာ ဘာမှ မဖြစ်ဘူးတော်၊ တီဘီဆေးကို မခန့်လေးစား လုပ်ရင်တော့ တော့ အဲဒါ ဆေးယဉ်သွားလိမ့်မယ်။ အဲဒီကျမှ အကုန် ဒုက္ခများကုန်မှာ”

“ကျွန်တော် ထောင်ကျသွားတာ ဆရာမ”

ဒေါ်ကြည်တင် စိတ်ဆိုးနေရာမှ သက်ပြင်းချလိုက်ရသည်။

“နင်က ဘာလုပ်လို့ ထောင်ကျသတုန်း”

“ဆိုင်ကယ်ရိုက်လုလို့”

“ဟဲ့… နင်ဟယ် သူများကို အဲဒီလို ဘာလို့လုပ်ရတာလဲ၊ နင်လည်း မကောင်းပါဘူး၊ သူများလည်း အနာတရ ဖြစ်အောင်”

ဒါသည် ဒေါ်ကြည်တင့်စတိုင်ဖြစ်သည်။ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်သူ့ကို ဖြစ်ဖြစ် သူ့စိတ်နှလုံးဖြူဖြူကြီးနှင့် ချင့်နှိုင်းပြီး တွေးခေါ်ဆုံးမတတ်သည်။

“မိန်းမက ပိုက်ဆံလိုတယ်ဆိုလို့ ဆရာမ”

“ဟဲ့… အဲဒီတော့ နင်အဲလို ဆိုင်ကယ်ရိုက်လုလိုက်တော့ အဆင်ပြေသွားရောလား၊ နို့ နေပါဦး နင်အဲဒီ ဆိုင်ကယ် ပြန်ရောင်းတော့ ပိုက်ဆံက ဘယ်လောက်ရသတုန်းဟဲ့ ကောင်လေး”

“ခြောက်သောင်းရတယ် ဆရာမ”

“အဲဒါ နင့်မိန်းမကို ပေးလိုက်ရောလား”

“ပေးတာပေါ့”

“ပြီးတော့ နင်ထောင်ကျရောပေါ့”

“အထဲမှာ ခဏပဲနေခဲ့ရတာ ဆရာမ”

“အေးပါ အေးပါ အခု လွတ်လာပြီဆိုတော့ သလိပ်ပြန်စစ်နော်။ ဆေးမှန်မှန်သောက်၊ အခု ဘယ်မှာနေသလဲ။ မိန်းမအိမ်မှာပဲလား၊ အပိုင်ဆရာမ (ရပ်ကွက်အလိုက် တာဝန်ယူရသော သူနာပြုဆရာမ) ကို ပြောထားပေးမယ်၊ ဆေးသေချာသောက်၊ ကြားလား”

“မိန်းမက ကျွန်တော် အထဲရောက်နေတုန်း နောက်လင်ယူသွားပြီ၊ အခု နေစရာမရှိသေးဘူးဆရာမ၊ ဆေးပတ်ပြည့်တော့ ကျွန်တော်ပဲ လာလာထုတ်မယ် ဆရာမ”

ဒေါ်ကြည်တင် ခေါင်းကုတ်သွားရသည်။ အဘယ့်ကြောင့်နည်း။ ဒီလူဟာ အိမ်ခြေယာခြေမှ မရှိတာ၊ ဒီဆေးကို မှန်မှန်လာထုတ်ပါမယ် မပြောနိုင်။ အခု စိတ်ပါလို့ လာထုတ်သည်။ တော်ကြာနေ သူစိတ်မပါတော့လို့ သို့မဟုတ် အကြောင်းတစ်ခုခု ရှိလို့ လာမထုတ်တော့ဘူးဆို ဘယ့်နှယ့်လုပ်ရမှာပါလိမ့်။ နို့… ဒီလို ဆေးကို စွတ်ကယ်စွတ်ကယ် သောက်နေမှဖြင့် တီဘီပိုးက ဆေးကိုယဉ်သွားရင် မခက်ပါလား။ ဒါကြောင့်ပြောပါတယ်။ စွယ်စုံတီဘီမင်းသမီးကြီးမှာလည်း နေ့စဉ် အပူတွေနဲ့ပါဆို။

(၃)

အောင်မြေသာစံ ဓာတ်ခွဲမှူးအောင်မျိုးကတော့ ဒီနံနက်ချိန်ခါ တေးသံသာတို့၊ နေ့လယ်နေ့ခင်း ဆူကြမယ် အော်ကြမယ်တို့ဆိုတဲ့ အစီအစဉ်တွေကို ရိုးဟိုးဟိုး နေပါပြီ။ တစ်ခါတလေများ သူ့လူနာတွေက ဆေးမှန်မှန်မထုတ်တာတို့၊ သလိပ်မှန်မှန်လာမစစ်တာတို့ ပြောမရဆိုမရ လက်ပေါက်ကတ်တာတို့ကြုံရရင် သက်သက် ကုလားမနိုင် ရခိုင်မဲပြီး

“ဟဲ့… အောင်မျိုးသူလွင်ရဲ့ နင့်ဓာတ်ခွဲခန်း အဖြေတွေက နောက်ကျလှချည်လား၊ ဒီမှာ လူနာတွေက တန်းစီနေပြီဟဲ့” ဆိုတာမျိုး ဒီဘက်က လူကို လာလာမဲသေးတာရယ်။

သို့သော် ကိုယ့်အစ်မကြီးရဲ့ စေတနာကိုနားလည်တဲ့ ဓာတ်ခွဲမှူးလေးကတော့ ပီယဝါစာ ချစ်ဖွယ်သော စကားနဲ့ပဲ အမြဲတမ်းတုန့်ပြန်တတ်တာပါ။

“အစ်မကြီး၊ ကျုပ်ကလူဗျ၊ ကုလားဘုရားမဟုတ်ဘူး။ လက်က နှစ်ဖက်ပဲ ပါတယ်”

ဒီတော့ကျလည်း အစ်မကြီးဒေါ်ကြည်တင်ဟာ ချစ်စရာတော့ကောင်းသား။

“အေးပါ ခွေးကောင်လေးရယ်၊ ငါသိပါတယ်” ဆိုပြီး သူ့လူနာတွေကို သူဆက်ဟောပြောနေပါရော။

အစ်မကြီး ဒေါ်ကြည်တင် ဘယ်လောက်ဟောဟော အရေးမစိုက်သူတစ်ဦးကတော့ ရှိပါသည်။

သူကား အိုးဘိုကဆရာဝန်ကလေး ဒေါက်တာအောင်ကိုကို။

ဆရာဝန်မို့ သူနာပြုကြီးစကား နာမထောင်လိုဟု အယူမမှားကြပါနှင့်။ တကယ်သော် ဆရာဝန်ကလေး ဒေါက်တာအောင်ကိုကိုမှာ ဆေးယဉ်ပါးတီဘီလူနာဖြစ်ပြီး၊ ထိုးဆေးများနှင့် ကုသမှု ခံယူထားရရာ ထိုလူနာမျိုးတို့၏ ဖြစ်နေကျအတိုင်း အကြားအာရုံထိခိုက်ကာ နားကောင်းကောင်း မကြားတော့ပါ။ အမှန်အတိုင်း ပြောရသော် နားကြားကိရိယာကို ဖြုတ်ထားလျှင် သူဘာမှ မကြားရတတ်ပေ။

အို… ဆရာဝန်လည်း ဆိုသေးရဲ့၊ တီဘီဖြစ်သလား။

ဒေါက်တာအောင်ကိုကိုမှာ ဆေးကျောင်းပြီးလို့ သူ့ကိုယ်ပိုင် ဆေးခန်းလေးဖွင့်ထားရင်း သူကုသသော လူနာတစ်ဦးဦးထံမှ တီဘီရောဂါ အကူးခံလိုက်ရခြင်း ဖြစ်ပေသည်။ တီဘီဆိုတာ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးတဲ့ရောဂါ မဟုတ်လား။ ဒေါက်တာအောင်ကိုကိုတို့လို ဆေးခန်းသေးသေးလေးထဲ လူနာပေါင်းစုံနှင့် ဆက်ဆံရသော ဆရာဝန်လေးမျိုးအဖို့ သူလည်းလေ လူသားအစစ်ကြီးမို့ ဘယ်မှာ မကူးဘဲ ရှိနိုင်ပါမလဲ။ ကူးတာပေါ့။

ဒါကတော့ ဟုတ်ပါပြီရဲ့၊ ဘာကြောင့် ဆေးယဉ်ပါးတီဘီအဆင့်ထိ ရောက်ရသလဲလို့လည်း မေးချင်ကြမယ်ထင်ရဲ့။ ဟုတ်တယ်လေ။ ဆရာဝန်။ ဆေးအကြောင်းသိတယ်။ အစက ဖြစ်ကတည်းက ဆေးခြောက်လ မှန်မှန်သောက်မယ် ထင်စရာမို့လား။ သို့သော် ဒေါက်တာအောင်ကိုကို့အား ကူးစက်ခဲ့သော တီဘီရောဂါပိုးမှာ ဆေးယဉ်ပါးတီဘီ ဖြစ်နေသူ လူနာထံမှ တိုက်ရိုက်ကူးထည့်လိုက်သည့် ဆေးယဉ်ပါးတီဘီပိုးများ။ ထိုသောအခါ ဒေါက်တာ အောင်ကိုကိုမှာ ချက်ချက်မတ်တပ် လူကောင်းကြီးမှ ဆေးယဉ်ပါးတီဘီ လူနာ ဖြစ်ရရှာတော့သည်။ သူများကို ကုပေးနေသည့် ဆရာဝန်လေးဘဝမှ ချက်ချင်းကြီး နာတာရှည်လူနာ ဖြစ်ရရှာတော့သည်။

အောင်မြေသာစံမြို့နယ်မှာ လစဉ် တီဘီလူနာ အသစ် ၄၅ ဦးမှ ၅၀ ဦးအကြား တိုးတက်လျက်ရှိသည်။ အဲဒီ လူတွေထဲမှာ ဆေးယဉ်ပါးတီဘီလူနာတွေလည်း ပါရဲ့။ ကဲ… ဒီလူနာတွေဟာ ဘယ်ကလာသလဲ။ ရိုးရိုးလေးဖြေကြည့်ရင် သူတို့အိမ်၊ သူတို့ရပ်ကွက်၊ သူတို့အလုပ်တွေက လာတာပေါ့။ တီဘီဟာ မျိုးရိုးလိုက်သော ရောဂါမဟုတ်လို့ မွေးရာပါတော့ မဟုတ်ပေ။ သို့သော် အခန့်မသင့်လျှင် သေရာတော့ ပါတတ်ပေသည်။

ဆရာဝန်လေး ဒေါက်တာအောင်ကိုကိုအား တစ်ယောက်ယောက်မှ တီဘီကူးလိုက်ခြင်းဖြစ်သည်။ ဒေါက်တာ အောင်ကိုကိုဟာ ဆေးခန်းကျဉ်းကျဉ်းလေးထဲ အနေများခဲ့သူ မဟုတ်လား။ ထို့အတူ ယခုစာ အထက်ပိုင်းတွင်ရေးပြခဲ့သည့် သူ့ချစ်သူနှင့် မခွဲနိုင်၍ ဆေးယဉ်ပါးတီဘီရောဂါကို သူ့ချစ်သူနှင့်အတူ ရင်းစီးခံပါတော့မည် ဆိုသည့် ကောင်ကလေးအားလည်း တစ်နေရာရာမှ တစ်ယောက်ယောက်က မရည်ရွယ်သော်လည်း အမှတ်တမဲ့ လက်ဆောင်ပေးလိုက်မိခြင်း ဖြစ်ရပေမည်။ ဒီကောင်လေးဟာ ဆေးကုမ္ပဏီဝန်ထမ်းမို့ လေအေးပေးစက်တပ်အခန်းထဲ အနေများခဲ့မှာပေါ့။ ပြီးတော့ အရောင်းမြှင့်တင်ရေးဆိုတော့ လေအေးပေးစက်တပ် အခန်းတွေထဲမှာ လူအတော်များများနှင့် ပြောဆိုဆက်ဆံခဲ့ဖူးပေလိမ့်မည်။ တီဘီပိုးဟာ လေအေးပေးစက်တပ် အခန်းတွေထဲမှာဆို တော်တော်ကြာကြာကြီးကို အသက်ရှင်နေထိုင် ကူးစက်နိုင်တာကလား။

ဆရာမကြီး ဒေါ်ကြည်တင်ကတော့ ဘယ်သူ့မှာ တီဘီရောဂါဖြစ်ဖြစ်

“ဆေးကုလို့ မပြီးမချင်း နင်အလုပ်က ခဏနားလိုက်နော်” လို့ စေတနာဖြင့် ပြောလေ့ရှိပါသည်။

အကြောင်းရင်းကား

သူတို့မှ တဆင့် အခြားလူတွေကို ပြန်လည် မကူးစက်စေဖို့လည်း ပါပေ၏။

သို့သော် ဒေါ်ကြည်တင်ကား သူနာပြုဆရာမကြီး တစ်ဦးသာလျှင်ဖြစ်ပြီး အာဏာပိုင်တစ်ယောက်တော့ မဟုတ်ပါ။

ထိုအခါ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော လက်ဖက်ရည်အဖျော်သမား တီးဆရာလေးကို မောင်မောင်စိုးက သူ့တီဘီရောဂါကို အကုသခံနေတုန်းကာလ အလုပ်မှ မနားလိုပေ။ ကွမ်းယာသည်လေး စိုးထွန်းကလည်း တီဘီကုလက်စနှင့် ကွမ်းယာ ဆက်ရောင်းသည်။ ထို့အတူ စူပါမာ့ကက်ကြီးတစ်ခုမှ အရောင်းစာရေးမလေးကလည်း အလုပ်မနားလိုပေ။

ကျောင်းမုန့်ဈေးတန်းမှာ အသုတ်ရောင်းသည့် ဒေါ်တိုး။ ရုပ်ရှင်ရုံကြီးတစ်ခုမှာအ လုပ်လုပ်သည့် ကိုမျိုးမင်း။ နာမည်ကြီးထမင်းဆိုင်ကြီးက စားပွဲထိုးမလေး မမဇော်။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုမင်းသူ။ ဘဏ်ဝန်ထမ်းလေး ကိုကိုနိုင်။ အစိုးရဌာနဆိုင်ရာ ရုံးကြီးတစ်ခုမှ ဦးမြင့်နိုင်။

အကြောင်းကြောင်းကြောင့် သူတို့ တီဘီရှိ၍ ကုနေရင်းတန်းလန်း အလုပ်မနားခဲ့ကြပါ။

တီဘီသည် လေမှတဆင့် ကူးသောရောဂါဖြစ်သည်။ တီဘီလူနာ စကားပြောစဉ်၊ ချောင်းဆိုး နှာချေစဉ် တီဘီပိုးများသည် ဆိုင်ရာအပေါက်မှ ထွက်လာပြီး လေထဲပျံ့နှံ့ ကူးစက်တတ်ခြင်းဖြစ်ရာ သူတို့ကိုလည်း ထိုသို့ အကူးခံခဲ့ရခြင်းဖြစ်ပါသည်။

အောင်မြေသာစံ ဒေသန္တရာကျန်းမာရေးဌာနမှာတော့ လစဉ်လူနာဦးရေးက တစ်စတစ်စ တိုးလျှက်ရှိပေသည်။

“လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။ လူထူထူကို မသွားပါနဲ့” ဟူသည့် ဆရာမကြီး ဒေါ်ကြည်တင်၏ တီဘီတရားဟောသံကို နေ့စဉ်နေ့တိုင်း သုံးထပ်သားလေးသာခြားသည့် ဓာတ်ခွဲခန်းထဲမှ ဓာတ်ခွဲမှူးက ကြားမိပြီး ပြုံးပါ၏။ 

ဓာတ်ခွဲမှူးသည် သူနာပြု ဆရာမကြီးကို လှောင်လို၍ မဟုတ်ပါ။

ထိုအသံများသည် ဟိုမှာဘက် ပြတင်းနှစ်ပေါက်သာရှိသော ပုအိုက်အိုက်အခန်းလေးထဲမှ ဒေါ်ကြည်တင်သည် လူနာပေါင်းများစွာနှင့် စကားပြောနေစဉ် ထွက်လာခြင်းဖြစ်ပြီး၊ ထိုအသံများကို ဒီမှာဘက် ပြတင်းပေါက် တစ်ပေါက်သာရှိသည့် ရှည်ကျဉ်းကျဉ်း ဓာတ်ခွဲခန်းထဲတွင် လူနာတို့ကို သလိပ်ပိုးစစ်ပေးနေရသည့် ဓာတ်ခွဲမှူးက နားတော်ခံလိုက်ရသည် ဖြစ်သောကြောင့်သာ။

မေတ္တာဖြင့်-
အောင်မျိုးသူလွင်
၀၂၊၁၀၊၁၈
အင်္ဂါ
ည ၀၈း၀၉

လျှပ်စစ်

၂၀၁၈၊ မသစ်တသစ်ဖြစ်လာပြီဖြစ်သော အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်က လျှပ်စစ်နှင့်ပတ်သက်ပြီး မိန့်ခွန်းတစ်ခုမှာ ဤသို့ထည့်ပြော၏။

“ကျွန်တော်တို့ အစိုးရရဲ့ နှစ်နှစ်တာကာလအတွင်းမှာ ကျေးရွာပေါင်း မြောက်မြားစွာကို မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်” တဲ့။

အခု မအေးတို့ ထနောင်းဖူးရွာကြီး လျှပ်စစ်မီးလင်းလာပြီ။ ရွာနီးချုပ်စပ်တွေလည်း လျှပ်စစ်မီးတွေ ဝင်းလို့။ မအေးက ဒါကို ကောင်းသည်၊ ဆိုး၏ မဝေဖန်အားပါ။ မနက်ဖြန် မအေးရဲ့လင်၊ ထနောင်းဖူးကျေးရွာအုပ်စုရဲ့ မီးလင်းရေးကော်မတီခေါင်းဆောင် ကိုစိုးညွန့်ကြီး မြို့တက်ရဦးမှာမို့ နေ့ခင်းစာအတွက် ထုတ်ပိုးပေးလိုက်ဖို့ ပြင်ဆင်ချက်ပြုတ် နေရတာလေ။

ထနောင်းဖူး၊ ထနောင်းတိုင်၊ ဝက်လွတ်၊ ရှားတောနှင့် ထန်းပင်ကုန်းဆိုတဲ့ ရွာလေးတွေအစုကို ထနောင်းဖူး ကျေးရွာအုပ်စုခေါ်သည်။ ဒီထနောင်းဖူး အုပ်စုကို လျှပ်စစ်ရောဂါ ငန်းဖျားနာတက်အောင် စသယ်လာတာက မအေး လင်တော်မောင် ကိုစိုးညွန့်။

“မှတ်မှတ်ရရ အဲဒါ သမ္မတကြီး ဦးသိန်းစိန်လက်ထက်က ပေါ့တော်” ဟု မအေးက မကြာမကြာ ခပ်ဆောင့်ဆောင့်လေသံဖြင့် ဆိုတတ်သည်။

မအေးသည် နိုင်ငံရေး နားမလည်ပါ။ သို့သော် လူကြီးတွေရဲ့ စေတနာကိုတော့ ယုံကြည်၏။ သူတို့ရဲ့ စေတနာကို လင်တော်မောင် ကိုစိုးညွန့်ပါးစပ်က ပြောလို့ ပြန်ကြားရသည်မှာ

မင်းတို့ကျေးရွာတွေ မီးလင်းဖို့ မင်းတို့ကိုယ်တိုင်ပဲ ကိုယ်ထူကိုယ်ထ စိုက်ထုတ်လုပ်ကြဟေ့၊ ငါတို့ကလိုအပ်တဲ့ ခွင့်ပြုမိန့်အပိုင်းတွေ၊ ဥပဒေပိုင်းတွေနဲ့ တာဝန်ယူမတဲ့။

ဒါနဲ့ အရပ်ရပ်အနယ်နယ်ပါပဲ။ အို... ပြောရရင် မအေးတို့ တိုင်းဒေသကြီး တစ်ခုလုံးပဲဆိုကြပါစို့ရဲ့။ ဒါပေမယ့် မအေးသေချာသိတာ ကိုယ့်လင်ကိုယ်တိုင် ပါဝင်ပြီး တက်တက်ကြွကြွဆောင်ရွက်နေတဲ့ ဒီထနောင်းဖူး ကျေးရွာအုပ်စု မီးလင်းရေးဆောင်ရွက်ချက်တွေ ပါပဲ။

ကျေးရွာတစ်ခု မီးလင်းဖို့ဆိုတာ လွယ်မှတ်လို့။ လျှပ်စစ်မီးရှိတဲ့ မြို့ကနေ သွယ်ရမယ့် ရွာအရောက်၊ မီးတိုင်တွေစိုက်ရတယ်။ ဓာတ်အားကြိုးတွေ သွယ်ရတယ်။ နောက်တော့ ၃၃ ကေဗွီ၊ ၁၁ ကေဗွီအစရှိတဲ့ ဓာတ်အားခွဲရုံလေးတွေ ဆောက်ရတယ်။ ဒါအတွက် အစစ ကုန်ကျစရိတ်ကို မီးလင်းချင်တဲ့ ရွာထဲက အိမ်ထောင်စုတွေ အချိုးကျ မျှခံပေါ့။ ငွေအားနှင့်တွန်းမှ ရွေ့မည့် အရွေ့မို့ အိမ်ထောင်စုအလိုက် ခွဲတမ်းကျ မျှခံကြရသည်။ လူအများနှင့်လုပ်ရသည့် အလုပ်မို့ လွယ်တော့ မလွယ်လှပါ။ တချို့လည်း ငွေကြေးမတတ်နိုင်၍၊ တချို့ကလည်း ကတ်ဖိုးကတ်ဖဲ့လုပ်သည့်သဘော ငွေကြေးမထည့်ဝင်ကြတာမျိုး ရှိ၏။ သို့သော် ရပ်ရွာမီးလင်းရေး အင်မတန်စိတ်အားထက်သန်နေကြသည့် ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့သားများက ဒါတွေကို ဂရုစိုက်မနေအားပါ။ မီးလင်းချင်သည့် အိမ်တွေက ငွေကိုကောက်သည်။ တစ်အိမ်လျှင် ငွေကျပ်သုံးသိန်းခွဲနှုန်း။

ကော်မတီက ယုံကြည်သည်မှာ အခုနေ မထည့်ဘဲ နေကြသည့် အိမ်ထောင်စုတွေဟာရော ကျေးရွာမီးလင်းလာတော့၊ သူများအိမ်လျှပ်စစ်ရ ရချင်လာကြမှာပဲလေ။ ဒီတော့ကျ သူတို့လည်း သုံးသိန်းခွဲငွေကို မမြင်တော့ဘဲ ထည့်ချင်လာကြတော့မှာပေါ့။ အခုနေတုန်းတော့ လျှပ်စစ်မီတာ တပ်ချင်သည့် အိမ်ထောင်စုတွေက ငွေကျပ်သုံးသိန်းခွဲကို အလီလီ အရစ်ကျခွဲကာထည့်ဝင်ကြသည်။ ကိုစိုးညွန့်တို့က ကောက်ခံရပြီးသမျှ ငွေကလေးဖြင့် တနိုင်တပိုင် မီးတိုင်စိုက်တာတွေ၊ ဓာတ်အားခွဲရုံဆောက်တာတွေ လုပ်ကြရသည်။ နောက်ဆို ဒီထနောင်းဖူးအုပ်စုမှာ မီးလင်းတော့မှာကိုး။

အဆင်များပြေချင်တော့ ဓာတ်အားခွဲရုံအတွက် လျှပ်စစ်ပစ္စည်းတွေ၊ ဓာတ်အားပေးစက်တွေကို အကြွေးစနစ်ဖြင့်ရတာ ရှိသည်။ အရစ်ကျပေါ့။ စိုးညွန့်တို့ အိမ်ထောင်စုတွေထံက ငွေကြေးခွဲတမ်းကောက်ခံရရှိတာကလည်း အရစ်ကျဆိုတော့ အဆင်ပြေလှပေါ့။ မြို့ကနေ ရွာအရောက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းစရိတ်ဟာ အင်မတန်ကြီးသော်လည်း တကယ်လို့ရွာမှာ လျှပ်စစ်မီးရလာသော် အခုနေ ကတ်သတ်ပြီး ငွေမထည့်သည့် ရွာတွေကလည်း သူများရွာ မီးလင်း၊ လင်းချင်လာမည့် စိတ်ကြောင့် ငွေကြေးထည့်ဝင်လာကြမည်။ အခုနေ ငွေမထည့်သည့် အိမ်ထောင်စုတွေလည်း ထည့်ဝင်လာကြတော့မည်။ ထိုအခါ မိုးပေါက်များသော် အင်းအိုင်တွေတောင် ပြည့်သေးတာ၊ ဒီလျှပ်စစ်ပစ္စည်းတွေ ဈေးကြီးတာလောက်တော့ ဒီတောင်ကို စိုးညွန့်တို့ကော်မတီ ဖြိုပါ့မယ်၊ မြင့်မိုရ်မို့လားပေါ့။ ‘နည်းရောင်း၊ များရောင်းတောင်းပြည့်’ သဘော။ အလီလီအရစ်ရစ် ငွေထည့်ပြီးလုပ်လာလိုက်တာ အခုဆို စိုးညွန့်တို့ရွာကြီး မီးလင်းတဲ့အခြေဆိုက်ပါပြီ။

ဒီမှာ ပြောစရာက ရှိလာသည်။ စိုးညွန့်တို့ ဒီ ကျေးရွာမီးလင်းရေး လျှပ်စစ်စီမံကိန်းကို စလုပ်ခဲ့တာ ခရစ်နှစ် ၂၀၁၄ ခုနှစ်။ ကျေးရွာအုပ်စုတစ်ခု မီးလင်းဖို့အရေး အလုပ်လုပ်ရပုံတို့ကို အထက်မှာ ဆိုခဲ့ပြီ။ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ အတန်းအစားအလွှာလွှာ ရှိကြ၊ နေထိုင်ကြသော ဒီကျေးရွာအုပ်စုတွေမှာ မီးလင်းရေးလုပ်ကြသော စိုးညွန့်တို့လို လူတွေအတွက် ထိုစဉ်ကာလ အစိုးရက ဥပဒေဖြင့် ကာကွယ်အကူအညီ ပေးထားတာရှိသည်။ ထိုဥပဒေကား “၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” ပင်တည်း။ ထို ဥပဒေအရ “ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်၊ သဘောတူညီမှုမရပဲ မည်သူမျှ မီးချိတ်ဆက်သွယ်တန်းခွင့်မရှိ” ဟု ပြဋ္ဌာန်းထားတာကြောင့် အကယ်၍ စိုးညွန့်တို့ကျေးရွာအုပ်စုမှာ မီးလင်းလာခဲ့သော် ဒီဓာတ်အားလိုင်းတလျှောက် စိုးညွန့်တို့ မီးလင်းရေးကော်မတီ၏ သဘောတူညီမှုဖြင့်သာ မီးသွယ်ယူခွင့်ရမှာဖြစ်ပါတယ်။ ဒီအကာအကွယ်ကြောင့်သာ စိုးညွန့်တို့မှာ ဒီလောက်အထိ ခရီးပေါက်ခဲ့တာ။

တကယ်လို့ ကျေးရွာတွေမှာ မီးလင်းလာခဲ့ရင် အခြားလင်းချင်သော ကျေးရွာများမှ၊ တစ်နည်းဆိုရသော် ငွေကြေးကောက်ခံစဉ်က ဝိုင်းဝန်းထည့်ဝင်ကြခြင်း မပြုသည့် ကျေးရွာများမှ လျှပ်စစ်မီးသွယ်တန်းလိုသော်၊ စိုးညွန့်တို့ မူလဆောင်ရွက်ခဲ့ကြသူ ကျေးရွာမီးလင်းရေး ကော်မတီထံမှာ ခွင့်ပြုချက်တောင်းရမည်။ ထိုအခါ စိုးညွန့်တို့ ကော်မတီက အချိုးကျငွေကို ထည့်ဝင်စေမည်။ ထိုအခါ စာချုပ်စာတမ်းဖြင့် အကြွေးယူထားသည့် ဓာတ်အားခွဲရုံဆောက်လုပ်ရေးမှ စက်ပစ္စည်းအကြွေးတွေ၊ ဓာတ်အားလိုင်းကြိုးအကြွေးတွေလည်း ကျေပြီဖြစ်သည်။ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂ကား ထိုကဲ့သို့ ကိုယ်ထူကိုယ်ထသမား ကျေးရွာမီးလင်းရေး ကော်မတီများကို အကူအညီ အကာအကွယ်ပေးထားလေ၏။ ထို့ကြောင့် စိုးညွန့်တို့လူတစ်စုလည်း ဥပဒေအကာအကွယ်အောက်မှာ လုပ်ရဲကိုင်ရဲ၊ ကျေးရွာမီးလင်းရေး ရဲရင့်ခဲ့ကြလေသည်။ ထိုရဲရင့်မှုဖြင့် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ စိတ်ဓာတ်ဖြင့် ကြိုးစားလာခဲ့ကြရာ ၂၀၁၄ မှာစခဲ့သည့် လျှပ်စစ်မျှော်လင့်ချက်၊ ၂၀၁၈ နှစ်အဝင်မှာ လူလားမြောက်လေရာ၊ ကော်မတီခေါင်းဆောင် စိုးညွန့်ကြီးလည်း လျှပ်စစ်မီးလင်းရေး ကော်မတီလူကြီးအဖြစ် တရားရုံးရောက်ရလေတော့သည်။

အသို့နည်း။ ထို ၂၀၁၄ မှ အခု ၂၀၁၈ ခုနှစ်အတွင်း မင်းပြောင်းမင်းလွဲ ဖြစ်သည်။ ဟိုတုန်းက အတိုက်အခံသည် အခု အစိုးရဖြစ်လာသည်။ အစိုးရ၏ ကြွေးကြော်သံကား “ပြောင်းလဲချိန်တန်ပြီ” ဖြစ်၏။ အခု အစိုးရသည်လည်း အရင်အစိုးရနည်းတူ ပြည်သူတွေကို စေတနာရှိပါသည်။ ထို့ကြောင့် ကျေးရွာတွေ မီးလင်းစေချင်တာလည်း အစိုးရဆန္ဒပေါ့။

စိုးညွှန့်တို့ရွာကြီး မီးတွေလင်းတော့ ယခင် ကတ်သပ်ပြီး ပိုက်ဆံမထည့်ခဲ့သည့် ရွာနီးချုပ်စပ် တစ်ရွာနှစ်ရွာဟာ စိုးညွန့်တို့မီးလင်းရေး ကော်မတီထံ မျှော်လင့်သလို ရောက်မလာကြပါ။ သူတို့သည် အစိုးရသစ်ထံ သွားကပ်ကြ၏။ စိုးညွန့်တို့နိုင်ငံတော် အစိုးရသည် ၂၀၁၄ ခုနှစ် စိုးညွန့်တို့ မီးလင်းရေးစလုပ်ကြတုန်းက အတိုက်အခံဘဝသာ ရှိသေးသည်။ ထိုအတိုက်အခံသည် ထိုစဉ်က အစိုးရအပေါ် အတိုက်အခံတို့၏ သဘော၊ အမြင်မကြည်ပါ။ ဒီသဘောကို စောကြောမိသော တောသား လူလည်တစ်စုက အစိုးရသစ်ထံ သွားကပ်ပြီး အစိုးရဟောင်းနှင့် လုပ်ထားသည့် မီးလင်းရေးလုပ်ငန်းစဉ်ထဲမှ လျှပ်စစ်မီးကို သွယ်ခွင့်တောင်းသည်။ ထိုအခါ အစိုးရသစ်ကလည်း “၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” အား၊ အမိန့်ညွှန်ကြားချက်ဖြင့် ပယ်ဖျက်ကာ၊ ပိုက်ဆံမထည့်သော ကျေးရွာများလည်း မီးသွယ်ခွင့်ပေးလိုက်လေရာ၊ စိုးညွန့်တို့ တစ်သိုက် ပြဿနာတက်ရရှာလေတော့သည်။

ကဲ…ဘယ်မလဲ လျှပ်စစ်ပစ္စည်းကြွေး ဆပ်ရမယ့်ငွေ။ ယခင် ငွေစိုက်ထားပြီး အရစ်ကျပေးနေကြသူတွေကလည်း သူများ တစ်ပြားမှ မပေးတဲ့ရွာတွေတောင် ရနေတာ၊ ငါတို့က ဘယ့်နှာကြောင့် ငွေဆက်ပေးနေကြမလဲဟု တွေးကြသည်။ အတွေးအတိုင်း တကယ်လည်း မပေးကြတော့။ ဒီမှာ လစဉ်အလီလီဆပ်နေရသော စာချုပ်နှင့်လက်မှတ်ထိုးယူထားသည့် ပစ္စည်းဖိုးငွေတွေ မဆပ်နိုင်၍ တရားစွဲခံရသည်။ ထိုအတွက် “၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” ကိုအားကိုးကာ၊ မီးအလကားသွယ်ထားသော ရွာတွေထံ မီးဆက်မသွယ်ဖို့ သွားတားမြစ်ကြသည်။ လျှပ်စစ်သွယ်ထားတာ လာတားရကောင်းလားဟု ဟိုဘက်ရွာတွေက တရားပြန်စွဲတာ ခံရပြန်သည်။

အစိုးရသစ်၏ သဘောကား အရင်လူတွေ ဘယ်လိုခက်အောင်လုပ်ထားစေ ကျေးရွာမီးလင်းရေးသာ ပဓာနဟူသော စေတနာတည်း။

ထိုစေတနာကြောင့် “ကျေးလက်မီးလင်းရေးမူဝါဒများတွင် ကျေးလက်ဒေသများရှိ ဓာတ်အားဖြန့်ဖြူးရေးစနစ်များ အားလုံးသည် နိုင်ငံတော်ဓာတ်အားဖြန့်ဖြူးရေးနှင့် ပက်သက်၍ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိစေရန်” ဟုဆိုကာ

“ကျေးရွာမီးလင်းရေးကော်မတီ၊ ပုဂ္ဂလိကများက တည်ဆောက်ပြီးသော ၃၃ကေဗွီ၊ ၁၁ကေဗွီဓာတ်အားလိုင်းများကို ဓာတ်အားပို့လွှတ်သည့်အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးရမည်ဖြစ်ပြီး”

“ ယင်းဓာတ်အားလိုင်းမှ ထပ်ဆင့်ဓာတ်အားချိတ်ဆက်ရယူခြင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နည်းပညာအရ စိစစ်၍ ခွင့်ပြုပေးနိုင်ကြောင်း” ဟု အမိန့်ညွှန်ကြားချက် မူအသစ်ပြန်လည် ချမှတ်လိုက်လေသည်။

“၂၀၁၄ ပြည်ထောင်စုလျှပ်စစ်ဥပဒေ ပုဒ်မ ၅၂” ကို ပြင်ဆင်ပယ်ဖျက်လိုက်သည့် ထို အမိန့်ညွှန်ကြားလွှာကြောင့် ယခင်အစက ငွေကြေးထည့်ဝင်ခြင်း မပြုခဲ့၊ မပြုနိုင်သည့် ရွာတွေ အစိုးရတန်ခိုးဖြင့် မီးထိန်ထိန်လင်းကြလေသတည်း။

ယခင် ငွေးကြေးထည့်ဝင်ထားကြသည့် ကိုယ်ထူကိုယ်ထသမား ရွာသားတွေကလည်း “ငွေမထည့်တဲ့လူတွေတောင် မီးရနေမှ ငါတို့ငွေတွေ ပြန်ထုတ်ပေး” ဟုဆိုကာ မီးလင်းရေးကော်မတီထံ အရေးဆိုပြန်တောင်းလေ၏။ သို့သော် မီးလင်းရေး ကော်မတီမှာ ထုတ်ပေးစရာ ငွေဟူ၍ ခြူးတစ်ပြား မရှိပါ။ ပေးစရာ အကြွေးတွေသာ ပတ်လည်ဝိုင်း၍နေလေည်။

ထိုသောအခါ…

၂၀၁၈ ခုနှစ်မှာ မသစ်တသစ်ဖြစ်လာပြီဖြစ်သော အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်က လျှပ်စစ်နှင့်ပတ်သက်ပြီး မိန့်ခွန်းတစ်ခုမှာ ဤသို့ထည့်ပြော၏။

“ကျွန်တော်တို့ အစိုးရရဲ့ နှစ်နှစ်တာကာလအတွင်းမှာ ကျေးရွာပေါင်း မြောက်မြားစွာကို မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်” တဲ့။

အခု မအေးတို့ ထနောင်းဖူးရွာကြီး လျှပ်စစ်မီးလင်းလာပြီ။ ရွာနီးချုပ်စပ်တွေလည်း လျှပ်စစ်မီးတွေ ဝင်းလို့။ မအေးက ဒါကို ကောင်းသည်၊ ဆိုး၏ မဝေဖန်အားပါ။ မနက်ဖြန် အကြွေးမဆပ်နိုင်၍၊ သူများရွာမီးသွယ်တာ တားမိ၍ ပုဒ်မပေါင်းများစွာဖြင့် တရားစွဲခံထားရသော မအေးရဲ့လင်၊ ထနောင်းဖူးရွာအုပ်စုရဲ့ မီးလင်းရေးကော်မတီခေါင်းဆောင် ကိုစိုးညွန့်ကြီးတို့အုပ်စု မြို့နယ်တရားရုံးမှာ “ရုံးချိန်း” ရှိတယ်ကိုး။

အောင်မျိုးသူလွင်
၀၈၊၀၇၊၂၀၁၈
တနင်္ဂနွေ
နံနက် ၀၉း၁၂

လျှပ်စစ်နှင့် ဘောလုံးမှသည်…

အင်္ဂလန်ဘောလုံးဒိုင်လူကြီးတွေကို အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပါဝင်ကိုင်တွယ်ခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြေငြာလိုက်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ မျက်နှာသိတွေဖြစ်တဲ့ မိုက်ကယ်အိုလီဗာတို့၊ မာတင် အက်ကင်ဆန်တို့၊ အန်သိုနီ တောလာတို့ကို ရုရှမှာ မမြင်ရတော့ဘူးပေါ့နော်။ ဒီနှစ် ကမ္ဘာ့ဖလားဟာ ရုရှနိုင်ငံမှာ ကျင်းပမှာလေ။

***
အခုရက်ပိုင်း မိုးလေးတအေးအေးဆိုတော့ မိတ်ဆွေများရော အခုစာရေးသူကျွန်တော်ပါ အားလုံးလက်ငင်းခံစားကြရတာက လျှပ်စစ်မီး ခဏခဏ ပျက်တဲ့ ပြဿနာပါ။ ဒီလျှပ်စစ်မီး ပြဿနာဟာ အခုမှ ဖြစ်တာတော့ မဟုတ်ပါဘူး။ တော်တော်ကြာကြာ ကာလတွေကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာပေါ့။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက် မန္တလေးမှာ မီးတွေပျက်လို့ ဖယောင်းတိုင်ထွန်း ဆန္ဒပြကြတော့ လျှပ်စစ်ပိုင်းက တာဝန်ရှိသူတစ်ယောက် ပြောခဲ့တဲ့စကားက “မီးလာဖို့ မိုးနတ်မင်းကြီးထံမှာသာ ဆုတောင်းပါ” ဆိုလား။ ဒါနဲ့ အဲဒီကာလ ကာတွန်းတွေကရော၊ လူမှုကွန်ယက်တွေမှာပါ ဒီစကားအတွက် လှောင်ပြောင်တာတွေ၊ မကျေမချမ်းပြောသံတွေ ညံသွားခဲ့ဖူးတာ အခုမှတ်မိပါတယ်။

ထိုစဉ်အချိန်ဟာ ရွေးကောက်ပွဲအကြိုကာလတွေလည်း ဖြစ်တော့ ဒီအတွက် မဆီမဆိုင် နိုင်ငံရေးအမြတ်ထုတ်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေလည်း ရှိခဲ့တာပေါ့။ တကယ်တော့ မြန်မာ့လျှပ်စစ်မီးဟာ မြန်မာ့နိုင်ငံရေးအသုံးချခံ ထိုးလုံးတစ်ခုအဖြစ် ရှိနေခဲ့တာ ကြာပါပြီ။ “ဒီမိုကရေစီရရင် မီးက အလိုလိုရလာမှာပါ” တို့၊ နိုင်ငံရေးဟောပြောဖို့လုပ်နေတုန်း မီးပျက်သွားချိန် “လျှပ်စစ်မီးမှန်အောင်လုပ်ရမယ်” ဆိုပြီး လူထုကိုစာရေးပြကာ နိုင်ငံရေးလက်ခုပ်သံ ချူတာတို့ဟာ ကျန်ခဲ့တဲ့ အတိတ်ထဲက လျှပ်စစ်မီးနဲ့ ပတ်သက်လို့ သတိရစရာတွေပါ။ ဘာလို့ သတိရစရာ ဖြစ်လဲဆို အဲဒီလို ပြောခဲ့သူတွေ အခု အစိုးရဖြစ်ချိန် ပစ္စက္ခကာလမှာကို လျှပ်စစ်မီးက “မိုးညိုပျက်” ဖြစ်နေသေးတာကိုး။ ဒါက လျှပ်စစ်မီး ကဏ္ဍ။ စာရေးသူက ကောင်းသည်ဆိုးသည် မပြောလိုပါ။

တစ်နေ့က မိတ်ဆွေဆောက်လုပ်ရေးသမားတစ်ယောက် ပြောတာ သတိထားမိသည်။

“အခု အစိုးရပိုင်းက လူတွေဟာ စီးပွားရေးသမားဆို ခရိုနီဆိုပြီး အပြစ်မြင်တတ်တဲ့ အငုံ့စိတ်ခံ ရှိကြတယ်ဗျ၊ ကျွန်တော်တို့ ဒီအလုပ်ကို လုပ်တာ ကြာလှနေပြီ။ တင်ဒါခေတ်ဦးကာလကတည်းက လုပ်ခဲ့တာ။ ကျွန်တော်တို့ နိုင်ငံရဲ့ ဆောက်လုပ်ရေး တင်ဒါ ကဏ္ဍက ဘာမှ စနစ်တကျရှိသေးတာ မဟုတ်ဘူး။ တက်လာတဲ့ လူကြီးရဲ့ အာဘော်နဲ့ လုပ်ရတာပဲ”

“ကျွန်တော်တို့ကို ခိုးတယ် ခိုးတယ်ပြောကြတယ်။ ကျွန်တော်တို့ဟာ ပရဟိတလာလုပ်တာမှ မဟုတ်တာပဲဗျာ၊ စီးပွားရေးပဲ ကိုယ်တွက် အမြတ်ကျန်အောင် လုပ်ရတာပေါ့”

ထို့နောက်တော့ သူက ဆောက်လုပ်ရေးတင်ဒါ ကဏ္ဍ၏ စနစ်မကျသေးသည့် အကောက်အခွန်ပုံစံတွေ၊ ကြိုတင်ငွေပေးသွင်းရသည့် ပုံစံတွေနှင့် အလုပ်တစ်ခုရဖို့ ဘယ်သို့ဘယ်ပုံ လိုက်ကြရပုံတွေ ကုန်ကျစရိတ်တွေအကြောင်း လုပ်ငန်းနှင့် ဆက်ဆိုင်ရာ အဖြာဖြာကို ဆောက်လုပ်ရေးသမားရှုထောင့်မှ ရှင်းပြပါသည်။ သူပြောတော့လည်း ဟုတ်သလိုလိုပင်။ ဟုတ်သလိုလိုဆိုရတာက အခုစာရေးသူဟာ ဆောက်လုပ်ရေးပိုင်း နားလည်သူ မဟုတ်၍ အနေကံသဘောဆိုရခြင်းသာ။

ဒီတော့လည်း မြန်မာပြည်ရဲ့ အစိုးရဆိုင်ရာ ဆောက်လုပ်ရေးကဏ္ဍတွေဟာ ဖရိုဖရဲပေါ့။ အရည်အသွေးကလည်း ရွက်ကြမ်းရည်ကြိုပေါ့။ ယခုစာရေးသူက ကောင်းသည်ဆိုးသည် မပြောလိုပါ။

သူတို့တွေ ဒီလိုပြော၊ ဒီလိုတွေ ညည်းကြတော့ လွှတ်တော်ထဲမှာရော အမတ်တွေဟာ ဘယ်လိုနေကြပါမလဲလို့ တွေးရင်း သူငယ်ချင်း အမတ်တစ်ယောက်ကို သတိရလာမိပြန်ပါတယ်။ သူက အရင် ပြည်သူ့ကျန်းမာရေးမှာ လုပ်နေတဲ့ ဆရာဝန်ပေါက်စ။ စေတနာလေးကောင်းတယ်။ လူငယ်ပီပီ အမှန်တရားအတွက် တိုက်လိုခိုက်လိုစိတ်ရှိတယ်။ ကျောင်းကျန်းမာရေး စစ်ဆေးရေးတွေဘာတွေ သူသွားတော့ ကျောင်းဈေးတန်းက တရုတ်မုန့်တွေနဲ့ ပတ်သက်ပြီး သူ့ထံက ဆူညံဆူညံအသံတွေ စကြားလာရတယ်။ နောက်တော့ နိုင်ငံရေးမျိုးရိုးအခံလေးလည်း ရှိတော့ ဒါကို အကြောင်းပြုလို့ အစိုးရကို ပြစ်တင်မောင်းမဲရင်း ရွေးကောက်ပွဲကာလမှာ အလုပ်ကထွက်၊ နိုင်ငံရေးဘက်ခုန်ကူးရင်း လွှတ်တော်ထဲရောက်သွားတော့တာပေါ့။ အခုထိတော့ ကျွန်တော့်သူငယ်ချင်း တရုတ်မုန့်အမတ်လေးထံက ဘာအဆိုတွေတင်သွင်းပြီးလို့၊ သူ့ရဲ့ဘယ်စွမ်းဆောင်ချက်နဲ့ ကျောင်းက ကလေးတွေ ကျန်းမာရေးအတွက် အကျိုးပြုပြီးပြီ မကြားမိသလို၊ ကျောင်းဈေးတန်းတွေမှာလည်း သူအရင်က မကြိုက်ခဲ့တဲ့ တရုတ်မုန့်တွေကို ဖောချင်းသောချင်း ရောင်းချနေကြဆဲပါပဲ။ ဒီမှာ ကျွန်တော်က ကရုဏာဒေါသောနဲ့တွေးမိတာ ကျန်းမာရေးဌာနအတွက် ဆရာဝန်ကောင်းတစ်ယောက် နစ်နာသွားသလို၊ လွှတ်တော်ထဲမှာ အမတ်ကောင်းတစ်နေရာစာ နစ်နာသွားတယ်လို့။

သို့သော် ဒီနိုင်ငံရေး ဖြစ်စဉ်ကြီးနဲ့ ခေတ်အဆက်ဆက် နားရည်ဝအောင် အသွင်းခံထားရတဲ့ မဟုတ်တမ်းတရား နိုင်ငံရေး သဘောတရားကြီးကို ကျွန်တော်က ဘာပြောပိုင်ပါမည်နည်း။ သူတို့မှာလည်း သူတို့အကြောင်းပြချက်နဲ့ သူတို့ ရှိပေမပေါ့။

တစ်နေ့က မီးခဏခဏပျက်သော လျှပ်စစ်ဌာနမှာ ဖြေရှင်းသံသဲ့သဲ့ကြားရသည်။

“မီးကိုလုံးဝမဖြတ်ချင်ပါ ၊ Generation ကျ frequency ကျ လာလို့ system stability ပျက်ပြီး တစ်ပြည်လုံးမှောင်ကျမသွားအောင် ဖြတ်ခိုင်းရတာပါ “ တဲ့။

“တချို့ လူတွေက The nature of power grid ကို သဘောမပေါက်တော့ မီးပြတ်ရင် LDC (Load Dispatching Center)ကိုပဲ အပြစ်တင်တာတွေ အကြိမ်များစွာ ကြုံခဲ့ရပါတယ် ၊ တကယ်မလွယ်တဲ့အလုပ်ဆိုတာ ကိုယ်တိုင်လုပ်ကြည့် မှ သိနိုင်ပါတယ်” တဲ့။

“NCC ( National Control Center ) က ဝန်ထမ်းတွေမှာ  မြို့တော်ကြီးတွေမှာ နေရတယ်ဆိုပေမဲ့ ရုံးနဲ့အိမ် အိမ်နဲ့ ရုံး ကလွဲလို့ ဘယ်မှ မသွားနိုင်ပါ ၊သင်္ကြန်တောင် သူများတွေလိုလွတ်လွတ်လပ်လပ် မပျော်နိုင်ကြပါ ၊ တခါတလေ Break down recovery ပြန်မဖြစ်တာကြောင့် ရုံးမှာအိပ်လိုက်ရတာတွေလဲ ရှိပါတယ်” တဲ့။

စာရေးသူလည်း ဝန်ထမ်းဖြစ်ပါသည်။ သူတို့ဘက်က ဒီစကားကြားတော့ ကိုယ်ချင်းစာမိသလိုလိုပါ။ မြန်မာပြည်ဝန်ထမ်းဘဝ တယ်လည်း ခက်တာကိုး။

ဒီလိုပဲ ဆက်တွေးကြည့်တော့ တစ်မင်းတက် တစ်စနစ်ပြောင်း၊ တစ်လူကြီးအာဘော်၊ ဟိုကွေ့ဟိုတက်နဲ့ လှော်၊ ဒီကွေ့ဒီတက်နဲ့ခတ် နေရရှာသော ဆောက်လုပ်ရေးတင်ဒါသမားတွေကိုလည်း ကိုယ်ချင်းစာမိသည်။ သူတို့ဟာ ဒီလိုခေတ် ဒီလိုစနစ်ကြီးထဲမှာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်အောင် အဆောက်အဦးကို အရည်အသွေးလေး နှိမ့်မိပေမပေါ့။ ကျွန်တော် ရွဲ့ပြောခြင်း မဟုတ်ပါ။ အမှန်ပင် ကိုယ်ချင်းစာပါသည်။ တကယ့်မြေပြင်အခြေအနေဆိုတာ အလုပ်လုပ်ဖူးသူချင်းမှ နားလည်တာမျိုး။

ဒီလိုဆို လွှတ်တော်ထဲက ကိုယ့်သူငယ်ချင်း တရုတ်မုန့်အမတ်နှင့်အတူ သူတို့တူရာတူရာ တစ်သိုက်ကိုရော။ ကိုယ်ချင်းစာပါသည်ခင်ဗျာ။ သူတို့တွေမှာ အခုမှ လုပ်သက်နုနုဖြစ်တဲ့အပြင်၊ တကယ့်မိုးကျရွှေကိုယ်အစစ်တွေမို့ အရင်ဒါမျိုးမှ မလုပ်ဖူးတော့ စစချင်းအစိုးရတစ်သက် လုပ်ရခက်ချင်ခက်နေမှာပေါ့။ ပြီးတော့ ကျွန်တော်မမြင်မသိနိုင်တဲ့ အခြားအခက်အခဲတွေလည်း ရှိချင်ရှိနေဦးမှာပေါ့။ ဒါကြောင့် မှန်းဆပြီး ကိုယ်ချင်းစာပါသည်။

ကဲဒီလိုဖြင့် အခြားကဏ္ဍများကိုလည်း ချဲ့တွေးကြပါဦးစို့။

ဥပမာ ကျန်းမာရေးကဏ္ဍ။ ကျွန်တော်တို့ ဘယ်အခြေရှိပါသနည်း။ နောက် ပညာရေး၊ ပြည်ထဲရေး စသည်၊ စသည်။ အားလုံးကို ကိုယ်ချင်းစာပါသည်ခင်ဗျာ။

***

ဘောလုံးဝါသနာအိုးများအားလုံးက ဒီဘက်နှစ် အင်္ဂလိပ်ဒိုင်လူကြီးများ၏ အငြင်းပွားဆွယ် ဆုံးဖြတ်ချက်အမှားများအကြောင်း သိကြပါသည်။ သို့သော် ဘောလုံးဆိုတာ တစ်ဖက် ၁၁ ယောက်နှင့် ၂၂ ယောက်ကစကားသည့် ပွဲ။ ပြီးတော့ ကမ္ဘာ့အဆင့်ပွဲတွေမှာ အင်မတန်မာယာများသော ကစားသမားတွေရဲ့ လှည့်ကွက်တွေကို မိအောင် မြင်အောင် ကြည့်ဖို့ဆိုတာ မလွယ်။ ဒီတော့လည်း ဒိုင်လူကြီးတွေဟာ မှားတဲ့အခါ မှားပေမပေါ့။ ဒိုင်လူကြီးတွေနေရာက ဝင်ကြည့်ပြီး ကိုယ်ချင်းစာလိုက စာနိုင်ပါသည်။ အကယ်၍ ဘောလုံးပွဲတစ်ပွဲမှာ ဒိုင်လူကြီးသာ မပါလျှင် ဘာဖြစ်သွားပါမည်နည်း။ ပြီးတော့ ဒိုင်လူကြီးတွေရဲ့ တစ်ပွဲလုံးစာ ဆုံးဖြတ်ချက်တွေမှာ အမှားနှင့်အမှန် အမှန်ကသာ များကြောင်း အားလုံးသိမည်ပင်။

သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီးကတော့ ဘောလုံးလောက တိုးတက်ဖို့ ဒီလိုမမြင်ပါဘူးတဲ့။ ဒိုင်လူကြီးတွေ စည်းကမ်းအမှန်တွေအတိုင်း ဆုံးဖြတ်ပေးတာ တာဝန်ပါတဲ့။ တကယ်လို့ တစ်ခုခုမှားပြီး ဆုံးဖြတ်တယ်ဆိုရင်တော့ အဲဒါ တာဝန်လစ်ဟင်းတာပါပဲတဲ့။ ဒါကြောင့် အမှားများတဲ့ အင်္ဂလန်ဒိုင်တွေကို ဒီနှစ့်ကမ္ဘာ့ဖလားမှာ တာဝန်မပေးတော့ဘူးတဲ့။ ဘာလို့ဆို ဘောလုံးလောကကြီး တိုးတက်ဖို့ပါတဲ့။

ဪ… သူတို့လောကမှာ ကျေးဇူးခံကျေးဇူးစားဆိုတဲ့သဘောတွေထက် တာဝန်နဲ့လုပ်ဆောင်နိုင်မှုသဘောတွေက ကဲပေသကိုး။

အောင်မျိုးသူလွင်
၃၀၊၀၅၊၂၀၁၈
ဗုဒ္ဓဟူး
၀၄း၄၃

စစ်သားများနဲ့ တစ်ရက်တာ

မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော်နဲ့ ကစ်တီ ပြတ်ကာစ။ ကစ်တီက ကျွန်တော့်ကို ထားသွားသည်။ ကျွန်တော်က ကစ်တီကိုချစ်သည်။ ဒီတော့လည်း လူမှာ ဒီအသက်ဒီအရွယ်ကြီး ကျကာမှ အသည်းကွဲတာပေါ့လေ။ အသက်ကြီးမှ အသည်းကွဲရတာဟာ အရွယ်လင့်မှ အံဆုံးထွက်တဲ့ ကိစ္စလိုပဲဗျ၊ ပြောပြရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်သလို၊ ခံစားရတဲ့ ဒုက္ခကြောင့်လည်း လူမှာ ဒေါသက အလိုလိုထွက်နေတတ်တာကလား။

ဒါနဲ့ ဇာတ်လမ်းကို တိုအောင်ပြောရရင် စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ ကစ်တီပြီး ကစ်တီဖြစ်နေလိုက်တာ၊ ဆိုင်ကယ်မောင်းရင်း ကစ်တီ့အကြောင်းတွေးမိတော့ လမ်းလေးခွဆုံမှာ တစ်ဖက်က ဆိုင်ကယ်နဲ့ တိုက်မိကြပါရော။ ဘယ်လိုက ဘယ်လိုဖြစ်တယ်မသိပါဘူး။ “အုန်း” ခနဲ့၊ “ဂွမ်း” ခနဲ့ကြားလိုက်ရပြီး နှစ်စင်းလုံး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ဒါနဲ့ ကိုယ့်ဆိုင်ကယ်ကိုယ် ကုန်းရုန်းဆွဲထူနေတုန်း အသံကြားလိုက်ရတယ်။

“မင့်မေရိုးတဲ့မှ…”

နားစွန်နားဖြားပေမယ့် ဒေါသက ထောင်းခနဲ့ထွက်သွားတယ်။ ကိုယ်နဲ့တိုက်မိတဲ့ ကောင်က ဆဲနေတာ။ သူ့ကြည့်ရတာ ဒေါသလည်း အတော်ထွက်နေပုံ။ နောက်ကပါလာတဲ့ သူ့မိန်းမက သူ့လင်ကို ဆွဲနေတယ်။ အောင်မယ် အေဘေးမျိုးဟာ ဆွဲလေ ကဲလေဗျ။ ကျွန်တော့်ကို ထိုးပါမယ် ကြိတ်ပါမယ်တကဲကဲ။ လူက ကျွန်တော့်ထက် နည်းနည်း အသက်ကြီးမယ်။ ဗလတောင့်တောင့်၊ တက်တူးမည်းမည်းနဲ့ မိန်းမရှေ့မို့ ခပ်ကဲကဲ။ ကျွန်တော်လည်း သူ့ကြည့်ပြီး ဘာမှမတွေးနိုင်တော့ဘဲ လွတ်ထွက်သွားတယ်။ အဲဒါ ပါလာတဲ့ ဆိုင်ကယ်ဦးထုပ်ကြိုးတင်းနေအောင်ကိုင်တဲ့ပြီး အဲဒီကောင်ကို ပိတ်ရိုက်ပစ်မိတော့တာပဲ။ သတိဝင်တော့ အေဘေးမျိုးဟာ ဆိုင်ကယ်ဘေးမှာ လဲနေပြီ။ သူ့မိန်းမဆိုတာလည်း အော်ဟစ်နေတာ ကမ္ဘာပျက်လို့။ နောက်တော့ ရပ်ကွက်ထဲကလူတွေထွက်လာ၊ ရဲစခန်းရောက်ပေါ့။ ဒီထုံးစံတွေရိုးခဲ့မို့ စိုးလှမရှိပါဘူး။

စခန်းရောက်တော့ တကယ်လို့ အမှုဖွင့်ခဲ့ရင် ဘယ်လိုတွေဖြစ်လာနိုင်တယ်ဆိုတာနဲ့၊ တရားရုံးရောက်ရင် ဘယ်လိုဆိုတဲ့အကြောင်းကို စခန်းထဲက ရဲတွေရှင်းပြအပြီးမှာ တစ်ဖက်ကလည်း တော်တော်စိတ်ညစ်သွားပုံပါ။ သူ့မိန်းမက အကျယ်အကျယ် မဖြစ်ရအောင် အမှုကိုမဖွင့်ချင်တော့ဘူးတဲ့။ ဟိုအေဘေးမျိုးကတော့ သူ့ထုံးစံ မိန်းမကြောင့်ပဲ လျှော့ရသလိုလို တအင်အင်။ ကျွန်တော်က ဒေါသထွက်နေသေးတာ။ ဘာလို့ဆို စောစောကသာ ဒေါသနဲ့မို့ ကိုယ်ကချည်း လုပ်ရတယ်ထင်တာ၊ တကယ့်တကယ် သွေးအေးလာတော့မှ နှုတ်ခမ်းက ငံငြိငြိစိုစွတ်စွတ်ခံစားမှုနဲ့ မျက်နှာတစ်နေရာက နာကျင်မှုတွေခံစားလာရချိန် ဒီကောင့်အပေါ် ဒေါသက ပြန်ထွက်လာသေးတာ။

ကိစ္စဝိစ္စတွေပြီးတော့ ဗိုလ်ကြီးစည်သူဝင်းဆီဖုန်းဆက်မိတယ်။

“ကျုပ်ရန်ဖြစ်လို့ ဘဲကြီး”

သူက ပြာပြာသလဲ ပြန်မေးတယ်။

“ဟာ… ဘယ်မှာလဲ၊ အခု လာခဲ့ရမလား”

“မလာနဲ့တော့၊ သောက်နေကျဆိုင်က စောင့်နေဗျာ၊ ကျွန်တော်အခုလာခဲ့မယ်”

ဒီလိုနဲ့ သူနဲ့ နေ့ခင်းကြီး သောက်ဖြစ်ကြသေးတယ်။ နောက်တော့ ရန်ဖြစ်ခဲ့တာတွေမေ့ပြီး ကျွန်တော်က ကစ်တီ့အကြောင်းတွေပြောရင်း သတိရ ဝမ်းနည်းလာမိတယ်။ အခုနေပြန်တွေးကြည့်တော့ ကိုယ်ကသာ အဲဒီတုန်းက စွတ်စက်ခံစားပြနေမိတာ၊ မျက်နှာချင်းဆိုင်က မျက်နှာတည်နဲ့ထိုင်နေတဲ့ဘဲဟာ နားရောလည်လား မသိပါဘူးဗျာ။ ကျွန်တော်ပိုမပြောကြောင်း နောက်ပိုင်း ဆက်ရေးပြမယ့် အကြောင်းအရာတွေက သက်သေခံကြပါလိမ့်မယ်။

ခဏနေတော့ သူနဲ့တစ်ပတ်စဉ်ထဲ ကိုရဲရင့်ပါ ရောက်လာပါရော။ ကျွန်တော်က သူ့ရှေ့မှာတင် ကစ်တီ့အကြောင်း ခံစားပြနေတာကို မျက်နှာသေကြီးနဲ့ ခပ်တည်တည်ကြီး နားထောင်နေရင်းက ဘယ်လိုကဘယ်လို သင်းတို့ချင်း ‘ချိန်း’ လိုက်ကြတယ် မသိပါဘူး။ ပြောရဦးမယ်ဗျ။ စစ်သားတွေအကြောင်း။

ကိုစည်သူဝင်းက အိမ်ထောင်သည်။ ကလေးတစ်ယောက်အဖေ။ သူက အပြင်ထွက်ရင် ဘယ်တော့မှ မိန်းမကိုမခေါ်ဘူး။ အကြောင်းအမျိုးမျိုးပြပြီး အိမ်ထားခဲ့တာပဲ။ အဲ… ညနေ ညနေဆိုရင်တော့ တောင်ဘက်ကျုံး ၇၃ လမ်းပေါက်က ကစားကွင်းမှာ သူ့ကလေးကိုလက်ဆွဲပြီး လမ်းလျှောက်နေတာဖြစ်ဖြစ်၊ ကလေးကို မပင်ပန်း ပင်ပန်းရအောင် ကစားခိုင်းနေတာဖြစ်ဖြစ် တွေ့ရမယ်။ ကလေးကို ချစ်လှချည်ရဲ့ မထင်ပါနဲ့ခင်ဗျာ။ စစ်သားမို့ သားလေး ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ပေးတယ်လည်း အထင်မမှားပါနဲ့ခင်ဗျာ။ အဲဒါ… ညညကျ ဒီကောင်လေး စောစောအိပ်အောင် ကြံဆောင်တာတဲ့ခင်ဗျာ။ သူ့ပါးစပ်ကပြောလို့ ကျွန်တော်သိရတာ။

“ကိုအောင်မျိုး၊ အဲဒါ ကျွန်တော်တို့ စစ်တပ်နည်း” တဲ့။ ညပိုင်းတော့ မိန်းမကို သိပ်ချစ်။ ကလေးစောစောအိပ်အောင် လုပ်ပြီးကို အချိန်ပေးတာ။ အို… ဘယ့်နှာကြီးပါလိမ့်။

ကိုရဲရင့်ကျ တစ်မျိုး။ သူက လူပျို။ ရှားရှားပါးပါး မိန်းမလှလှလေးတစ်ယောက် ချစ်သူရထားတယ်။ ဒီတော့ သင်းစတိုင်ကကျ တကယ့် “သူခိုးရွေရ တပြပြ” သွားလေရာခေါ်တယ်။ ယုတ်စွအဆုံး ညည အရက်ဆိုင်ထိုင်ရင်တောင် သူ့ကောင်မလေးပုံ ဝေါပေပါ တင်ထားတဲ့ ဖုန်းကို စခရင်ပိတ်မသွားအောင် ဆက်တင်ချိန်ပြီး စားပွဲပေါ်ချထားကာ ကြွားတတ်တဲ့အမျိုး။ ဒါကျ သူတို့စစ်တပ်က လူပျိုစစ်သား အထာတဲ့ဗျာ။ ဘယ့်နှာ့ လူတွေမြန်းကို မသိပါဘူး။

အခုလည်း နေ့ခင်းကြီး ကျွန်တော်တို့သောက်တဲ့ဆိုင် သူရောက်လာတော့ သူ့ကောင်မလေးပါ ပါတာပ။

“ညီလေးတို့ ငါတို့နဲ့ လိုက်ခဲ့ကြ။ အခုမှ နေ့ခင်းကြီးရှိသေးတာ၊ မသောက်ကြနဲ့။ မင်းအစ်မက ငါ့ကိုအခု ဖိနပ်လိုက်ဝယ်ပေးမလို့တဲ့။ အဲဒါ အပြန်ကျရင် မင်းတို့စားချင်တာ ကျွေးမယ်လည်း ပြောတယ်”

တကယ်ဆို ကိုရဲရင့်ဆိုတာ ကျွန်တော်နဲ့ ရွယ်တူဖြစ်ပြီး၊ သူ့ကောင်မလေးဟာ အခုရှိလှမှ အသက် ၂၃၊ ၂၄ အာဏာကုန်ပေါ့။ ဒါကို သူကပဲ ကိုယ့်ထက်ကြီးသလိုလို၊ အဲဒီလို ကြီးတာကြောင့်ပဲ အလိုလို ဟိုသူနဲ့တွဲနေတဲ့ ၂၃၊ ၂၄ နှစ်လောက် ကလေးမဟာ ကိုယ့်အစ်မအရွယ် ဖြစ်သွားသလိုလို ပြောတတ်တာလည်း သူတို့ စစ်သားအထာပဲဗျ။ အိုဗျာ၊ တကယ့်ကို ဘယ်နှာ့လူတွေမြန်း မသိပါဘူးဆိုမှ။

သူက အစ်မဆိုတော့လည်း အစ်မပေါ့လေ။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ သူ့ကားပေါ်တက်ပြီး၊ သူခေါ်ရာပါခဲ့ကြတယ်။

ကျွန်တော်အမှတ်မလွဲရင် ၂၇ လမ်း၊ ဈေးချိုအရှေ့လောက်ဗျ။ ကိုယ်တော်နဲ့ မမဟာ လမ်းဘေးကားရပ်ပြီး ကော့ပက်ကော့ပက်နဲ့ ဖိနပ်အဝယ်ထွက်ကြတယ်။ ကျွန်တော်နဲ့ ဟိုလူပဲ ကားထဲကျန်ခဲ့တော့ ပူကပူ၊ အိုက်ကအိုက်သနဲ့မို့ ကားထဲကထွက်ပြီး ခပ်လှမ်းလှမ်းက ကွမ်းယာဆိုင်ဘေး ကွမ်းလေးမြုံ့ရင် ဟိုအတွဲပြန်အလာ စောင့်ရတယ်။

“ပွမ်”

“ပွမ်”

“ပွမ်”

တပွမ်ပွမ်နဲ့ နားဆူလှပါတယ် အောက်မေ့တာ၊ စောစောက ကျွန်တော်တို့ကားရပ်ထားခဲ့တဲ့ နေရာက ဖြစ်နေတာကိုး။ ကိုယ်တော်ချောက ကားကို သူများအိမ်အဝင်ပေါက် ပိတ်ရပ်ထားခဲ့တာ။ အဲဒါ အိမ့်ရှင်ပြန်လာတော့ သူ့ကားဝင်မရလို့ ဒေါသဖြစ်နေပါကော။ ဒါနဲ့ ဟွန်းတွေလှိမ့်တီးပြီး သူ့ဒေါသကို ပြနေတာကလား။ ဒါနဲ့ ကျွန်တော်က သွားပြောရတယ်။

“ကားသမားက ဈေးသွားဝယ်တယ်ဗျ၊ ကျုပ်လည်း ကားမမောင်းတတ်ဘူး။ အဲဒါ ရွှေ့ချင်ရင်တော့ သော့တန်းလန်းရှိတယ်၊ ကိုယ့်ဟာကိုယ်ရွှေ့လိုက်”

ဘိုးတော်ဟာ တရုတ်ဗျ။ ဒီတော့ တရုတ်လို “ညိ ရှောက်ပင်တက်၊ ငါသံရာပင်တက်မယ်” တွေ လုပ်ပါရော။ နားမလည်ပေမယ့် ဆဲတယ်ထင်လို့ ဒေါသတော့ နည်းနည်းထွက်တယ်။ ဒါတင်ဘယ်ကမတုန်း။ ဘိုးတော်ဟာ ကားကိုလွတ်ရာရွှေ့ပြီးချိန် ကားတံခါးကို သိသိသာသာ စောင့်ပိတ်တယ်ဗျ။

“မအေရိုးကြီး မရိုင်းနဲ့ ရီးပဲ….” ကစပြီး ကျွန်တော်နဲ့ ရန်ဖြစ်တော့တာပဲ။

ပြောရဦးမယ်ဗျ စစ်သားတွေအကြောင်း။ အခုက ရန်ဖြစ်တာထက် အတူပါ စစ်ဗိုလ်ကြီးတွေအကြောင်း ပြောချင်တာရယ်။

ကျွန်တော်က အစတော့ ကားတံခါးစောင့်ပိတ်ပြီး တရုတ်လိုဆဲတဲ့ အေပေးကြီးကို ဆော်မလို့ပဲ။ မနက်က ရန်ဖြစ်ထားတဲ့ အခံလေးကလည်းရှိ၊ အရည်လေးလည်း ဝင်ထားတော့ စိတ်က လုပ်ချင်နေတာရယ်။ လက်ထဲပါလာတဲ့ ဖုန်းစောင်းနဲ့ သူ့ထုပစ်မလို့ သူ့အနားကပ်တော့ အေပေးကြီးက အိမ်ထဲဇွတ်ဝင်ပြေးတယ်။ သူပြေးမှသေချာကြည့်မိ သိလိုက်ရတာ၊ အဲဒီဘဲကြီးက တော်တော်အိုနေပါပြီ။ တော်ပါကွာဆိုပြီး ရန်ဖြစ်ဖို့ စိတ်မပါတော့ဘဲ လှည့်ထွက်လာချိန် သူ့မိန်းမ တရုတ်မက သတ္တိကောင်းကောင်းနဲ့ ထွက်လာပါရော။

ဘယ့်လောက် ကံဆိုးတဲ့ ကျွန်တော်ပါလဲခင်ဗျာ။ အဖိုးကြီးဝင်သွားလို့ တပ်ကူထွက်လာတာ မိန်းမတဲ့။

အခု စာနဲ့ရေးပြတော့ နည်းနည်းစာကြမ်းသလိုဖြစ်ပါမည်။ သို့သော် အပြင်မှာရန်ဖြစ်နေသောအချိန် အဆဲစကားတို့မှာ မဆန်းလှပါ။ ကျွန်တော်သည် ကျွန်တော့်ကို ရိုက်မည်ပြေးလာသော တရုတ်မိန်းမကို ငြိမ်ငြိမ်နေဖို့ အဆဲလေးနဲ့ပြောပြီး တွန်းထုတ်လိုက်ပါသည်။ သို့သော် ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာပြီတည်း။ သူတို့သား တရုတ်လေး ဆယ်တန်းသာသာအရွယ်၊ တက္ကသိုလ်ကျောင်းသားပေါက်စလောက်ကပါ တုတ်ကလေးကိုင်လို့ ထွက်လာပြန်ရဲ့။ ကဲ… ဘယ်မျှကံဆိုးသော ကျွန်တော်ပါနည်း။ နံပါတ်တစ်က အဖိုးကြီး၊ နံပါတ်နှစ်က မိန်းမ၊ နံပါတ်သုံးက လူပျိုပေါက်ကောင်လေး။ သင်းတို့လိုဟာမျိုးတွေနဲ့ အဘယ်သူသည် ရန်ဖြစ်ချင်ပါမည်နည်း။ ကိုယ်ကလုပ်လိုက်ရသော် ပတ်ဝန်းကျင်မှ သောက်ကျိုးနည်း ဝိုင်းအပြစ်တင်ကြမည်ဖြစ်သလို၊ ကိုယ်ခံရပါကလည်း ဘယ်နှယ့်မှ မျက်နှာမလှသော ကိစ္စကြီး။

မိန်းမတို့သည် အဆဲသန်သလောက် မိုက်ရူးရဲဆန်ကြ၏။ လူပျိုးပေါက်ကလေးကလည်းကလည်း သူ့ကိုယ်သူ နိုင်ချင်ကြက်အမှတ်နဲ့ ခွပ်ပါမယ် တကဲကဲ။ ဒါထဲ အဖိုးကြီးက သူ့မိတ်ဆွေဖြစ်ဟန်ရှိသော သူ့ဘေးအိမ်ထဲ စစ်ကူခေါ်သလိုတကြည့်ကြည့်။ ကျွန်တော်စိတ်တိုလာပြီး

“မအေရိုးကြီး လာထွက်ခဲ့ကွာ” ဆိုကာ ကလော်ထုတ်မိတော့သည်။

သတိထားမိတော့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ကျွန်တော့်ကို ဝိုင်းကြည့်လှပြီ။ ဟိုအိမ်သည်အိမ် အိမ်နီးချင်းတွေက ကိုယ့်ကို လူဆိုးကြီးလိုလို မျက်စိစပါးမွေးစူးကြသော အထာတွေနှင့်။ သို့သော် တကယ့်လူဆိုးကြီးမဟုတ်သော ရည်းစားပူမိဆိုးဆိုးသည့် ကျွန်တော်က သူတို့ရပ်ကွက် လူအင်အားကို သတိထားမိချိန် နည်းနည်းတော့ ဖြုံလာပါသည်။ ဒီတော့ အတူပါသူ ကိုယ့်ဗိုလ်ကြီးကို သတိရမိသပေါ့။ သူဆိုတာ ဗိုလ်ကြီး။ တိုက်နည်းခိုက်နည်းတွေ သိမှာပေါ့။ အဲဒါနဲ့ လှည့်ကြည့်မိတာ ကိုယ့်လူဟာ ကိုယ့်ကို ‘ဖုတ်လေတဲ့ငပိ ရှိတယ်လို့မှ မထင်’ သူ့ဖုန်းသူကြည့်ရင်း ကွမ်းယာဆိုင်ရှေ့ ထိုင်လို့။ အဲဒီ အချိန် ကျွန်တော့်ကို လှည့်မကြည့်တာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။

တကယ့်ကို ကိုင်ဇာရဲ့ “အို့… နေနိုင်သူကြီး နေနိုင်သူကြီး နေနိုင်သူကြီးရယ်” လို့ အော်ဆိုရမယ့်အပေါက်။

သူတင်ပဲလားဆိုတော့ ကိုရဲရင့်ကိုလည်း ကြည့်ပါဦးဗျာ။ အဲဒီလို ကျွန်တော်တို့ ဖြစ်နေကြရင်း မတ်တပ်၊ တစ်ယောက်ကပုခုံး၊ နောက်တစ်ယောက်ကခါး ကနွဲ့ကလျ ဖတ်ထားကြတဲ့ ဖိနပ်ဝယ်စုံတွဲ ပြန်လာပါရော။

“ကဲ… လာလာ ညီလေးတို့ တက်ကြ၊ သွားမယ်” တဲ့။ ဒါပဲ ပြောတယ်။

ဟိုတရုတ်မိသားစု ဆဲနေတာလည်း သူမသိဘူး။ ရပ်ကွက်က ကိုယ့်ကိုဆော်မယ်လုပ်နေတာလဲ သူမသိဘူး။ သူသိတာ သူ့ဘေးက ကောင်မလေးနှုတ်ခမ်းစူနေတာပဲ တဲ့။ အဲဒါ တကယ်ပြောတာ။ ကားပေါ်ရောက်တော့

“မင်းတို့အစ်မဟာကွာ၊ ဒီလောက်လေး လမ်းလျှောက်ရတာကို နေပူတော်မူလို့တဲ့၊ စိတ်ကောက်နေသေးတယ်” တဲ့။ ပြောပုံက။ (အဲဒီနေ့က သူတို့စုံတွဲ ဖိနပ်ဝယ်ထွက်တာ၊ အနည်းဆုံးတစ်နာရီခွဲလောက်ကြာမယ်။ ဖိနပ်တော့ စိတ်ကြိုက်မတွေ့လို့ မဝယ်ခဲ့ဖူးတဲ့ဗျာ။ ယောက်ျားစီးကတ္တီပါဖိနပ်ကို အဲဒီလောက် ရွေးရမှန်း ကျွန်တော့်တစ်သက်နဲ့တစ်ကိုယ် သူတို့နဲ့မှပဲ အဲဒီတစ်ခါ ကြားဖူးတယ်။)

ကျွန်တော်က မနေနိုင်တော့ဘူး။ ကိုစည်သူဝင်းကြီး စိတ်တိုတာနဲ့ ပြောမိတယ်။

“ခင်ဗျားဗျာ အတော်နေနိုင်တဲ့လူ။ ဒီလောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာတောင် ထလာဖော် မရဘူး၊ ကျုပ်က ခင်ဗျားအားကိုးနဲ့ ကျဲနေတာ” ဆိုတော့

“ကျုပ်ဒီမှာ ကန်ဒီခရပ်(Candy Crush) ဂိမ်းဆော့နေတာ လယ်ဘယ် ၁၄၅ အောင်ခါနီးနေပြီဗျ၊ ခင်ဗျား ရန်ဖြစ်တာက ခင်ဗျားလိုဒေါသမျိုးနဲ့လူ ဘယ်သူမှ ထွက်မလုပ်ရဲတာ ကျုပ်သိနေသား” တဲ့။

ဒီလူနှစ်ယောက်ကိုကြည့်ပြီး ကျွန်တော့်မှာ အဲဒီနေ့က ဒေါသတွေလည်း ပြေကရော။ အသည်းကွဲတာလည်း ပျောက်ကရော။ အဲဒါ ဥတုဘောဇနကျမ်းရဲ့ အာဘော်နဲ့ ပြောရရင်

“အို… အမျိုးသားတို့၊ အသည်းကွဲသော် မခက်လား၊ ဗိုလ်ကြီးများနဲ့ ပေါင်းသော် မပျောက်လား” ဟု ဆိုရမည်ပင်။ တိုင်းပြည်ကြီးပျက်နေတာပင် တယောထိုးမပျက်သလို သူစော်လေး နေပူမှာစိုးသော ဗိုလ်ကြီးရယ်၊ ပေါင်မုန့်မရှိလို့ ဆူပူမနေဘဲ ကိတ်မုန့်စားပေါ့ဟု အပြစ်တင်ရက်သူ ကန်ဒီခရပ်ဂိမ်းလယ်ဘယ် မပျက်ချင်သော ဗိုလ်ကြီးရယ်၊ ဪ… ကျွန်တော်ချစ်ရသော စစ်သားသူငယ်ချင်းများအကြောင်း ပြောပါတယ်။

အောင်မျိုးသူလွင်
၁၆၊၀၆၊၂၀၁၈
စနေ
ညနေ ၀၃း၀၈

တီဟီတီ တူနှစ်ချက်

မနေ့က ၇၇ လမ်း ကေအမ်ဒီကွန်ပျူတာဆိုင်နားမှာ နုနုနှင့်တွေ့သည်။ ပထမနှစ်တုန်းက ကျွန်တော့်ရဲ့ တီဟီတီကျွန်းသူလေး။ သူ့လက်မှာ ကလေးလေးတစ်ယောက်ဆွဲလို့။ ကျွန်တော့်ကိုတွေ့တော့ သူက အတော်အံ့ကြီးဩဟန်နှင့် သူ့အကျင့်အတိုင်း ဝမ်းပန်းတသာနှုတ်ဆက်ပါသည်။ နုနုဟာ အခုထိ အလတ်ကြီးရှိသေးတာ။ ငယ်ငယ်တုန်းက တစ်မျိုးလှသလို အခု သုံးဆယ်ကျော်အရွယ်မှာလည်း တစ်မျိုးလှတာပဲ။ သူဟာ အခု ဘယ်နှသားများမွေးပြီးလို့ ဘယ်နှသွေးလောက်များ လှပစ်လိုက်တာပါလိမ့်၊ ဝါစိုစိုဝင်းလို့။

"နင်ရော အိမ်ထောင်ကျပြီလား ကိုမျိုး" တဲ့။

ကျွန်တော့်အားနည်းချက်ကလည်း နာမည်ကို အပြည့်အစုံမခေါ်ဘဲ ကိုမျိုးလို့ခေါ်ရင်ကို သိပ်ကြိုက်တတ်တာ။

"ငါမင်္ဂလာတော့ ဆောင်ဖြစ်လိုက်သေးတယ်"

လူတွေကို သိပ်ဖွင့်ဟမပြောချင်တဲ့ အိမ်ထောင်ရေးပတ်သက်မှုတစ်ခုခုပဲ ကြုံခဲ့တာလိုလို နိမိတ်ပုံဆောင်ပြီး ဖြေလိုက်သည်။ တကယ်တော့ အဲဒါ နုနုကိုမြင်ပြီးမှ လိမ်လိုက်မိတာ။ အတိအကျပြောရရင် နုနုသိပ်လှနေသေးတာလည်းပါမယ်။ ကျွန်တော်က ငါးပါးသီလမှာ မုသာဝါဒသိက္ခာပုဒ်ကို ခါးဝတ်ပုဆိုးလို မကြာခဏ ရေလျှော်လိုက်၊ မီးပူတိုက်ပြီး ခေါက်သိမ်းလိုက်၊ ထုတ်ဝတ်လိုက်လုပ်တတ်ပါတယ်။

"နင်ကြုံတဲ့အခါ ငါ့ဆိုင်လည်းလာအားပေးဦးလေ၊ ငါစာရေးကိရိယာဆိုင်လေးဖွင့်ထားတယ်" ဆိုကာ နုနုက သူ့ကားပေါ်တက်ခါနီး ဖုန်းနံပါတ်ပါတဲ့ ကဒ်လေးတစ်ခုပေးသွားရဲ့။ သူ့ကားပုပုလေး တံခါးဖွင့်ပြီး စွေ့ခနဲ့ဝင်ထိုင်လိုက်တဲ့ နုနုရဲ့နောက်ပိုင်းအလှကို အမှတ်တမဲ့ကြည့်မိရင်းက ကျွန်တော်ဟာ ခေါင်းကိုတူနဲ့နှက်တာ ခံလိုက်ရတယ်။ အဲဒါက ပထမ တူတစ်ချက်။

***

ကျွန်တော့်မှတ်ပုံတင်က မှားနေတယ်။ ပထမမှားတာ မွေးသက္ကရာဇ်။ ကျွန်တော်တို့အရွယ်တန်းတွေ ဖြစ်လေ့ရှိကြတဲ့ ပြဿနာအတိုင်း ကျောင်းအပ်တော့ အသက်ကတစ်မျိုး၊ တကယ့်လူသက်ကတစ်မျိုး။ ဒီတော့ မှတ်ပုံတင်မှာ မှားနေတယ်။ ဒုတိယအမှားက နာမည်။ ဒါလည်း အိမ်ထောင်စုဇယားမှာပါတဲ့နာမည်နဲ့ ကျောင်းအပ်တော့ပေးတဲ့နာမည်မတူတော့ မှတ်ပုံတင်မှာလွဲတော့တာပဲ။ အခု ဒီအသက်အရွယ်ကျမှ အဲဒါကြီးပြင်ရမယ်ဆိုတော့ အိမ်က ဘီဒိုထဲ အမေ့မှတ်ပုံတင်အဟောင်းတွေ၊ အိမ်ထောင်စုဇယား အဟောင်းတွေ လှန်လှောရှာရတယ်။ အဲဒီမှာ စာအဟောင်းဘီဒိုထဲက ဓာတ်ပုံအဟောင်းလေးတစ်ခု အမှတ်တမဲ့ ခုန်ထွက်လာပါရော။ ဓာတ်ပုံက ဟိုတုန်းခါဓာတ်ပုံဆိုင်မှာ ကိုယ့်ရည်းစားကိုယ်ပေးဖို့ အလှရိုက်ထားတဲ့ ပုံမျိုးလေးပါ။ ပုံနောက်ကျောမှာ စာလေးတောင် ပါသေးဗျာ။

"မောင့်  အတွက်
ချစ်တဲ့...မ" တဲ့။

ဒီစာကိုဖတ်ပြီး ဒီပုံကြီးမြင်တော့ ကျွန်တော် တော်တော်ရယ်ချင်ပက်ကျိဖြစ်သွားတယ်ခင်ဗျ။ ပုံထဲမှာ တော်တော့်ကို ရုပ်ဆိုးတဲ့ မိန်းမတစ်ယောက်ရှိတယ်။ မလှလှအောင်ရိုက်ထားတဲ့ ပုံထဲမှာတောင် သူ့ရုပ်က တော်တော့်ကို ပြေပြေပြစ်ပြစ် မရှိတာကလား။ သက္ကရာဇ်တွေကို တွက်စစ်တော့ အခု ကျွန်တော်မြင်နေတဲ့ ဓာတ်ပုံရှင်ဟာ အဲဒီတုန်းက အသက်အစိတ်ကျော်ကျော်အရွယ်လောက် ဖြစ်မယ်ပေါ့။

"မောင့်အတွက်" တဲ့။

"မ" တဲ့။

အနားမှာ တူတစ်ချောင်းချောင်းရှိမနေခဲ့ဘူး။

***

တီဟီတီကျွန်းလေးအကြောင်း ဖတ်ဖူးကြလား။ နောက် ၁၉၅၇ ခုနှစ်လောက်ဆီက မြဝတီမဂ္ဂဇင်းပါ 'တီဟီတီလမ်းကြား' ဆိုတဲ့ ဝတ္ထုတိုလေးကိုရော။

***

ရည်းစားဦးနဲ့အချစ်ဦးဟာ များသောအားဖြင့် မတူတတ်ဘူးခင်ဗျ။ တချို့ကံကောင်းတယ်ပြောရမလား၊ ကံဆိုးတယ်ပြောရမလား၊ ကံမဆိုးမကောင်းလို့ ပြောရမလားပေါ့လေ... အဲဒီ တချို့တချို့တော့ ရည်းစားဦးနဲ့ အချစ်ဦးဟာ ထပ်တူကျမယ်ထင်တယ်။ ရည်းစားဦးမြေးဦးရတောင် မမေ့ဘူးဆိုတာ အဲဒီလိုမျိုးလူတွေအတွက်ပဲ ဖြစ်မယ်။ အခု ကျွန်တော့်ရည်းစားဦးနာမည်ကို ဖော်မရတော့ဘူး။ ပထမနှစ် သူနဲ့ဖြစ်တုန်းက ကျွန်တော်က 'မိန်း' လို့ အများခေါ်တဲ့ မန်းတက္ကသိုလ်ဝင်းထဲနေတာ။ လက်ရှိ ၇၃ လမ်းပေါက်ကနေ ဝင်သွားပြီးတဲ့အခါ ဘောလုံးကွင်းရှိတဲ့ညာဘက်ကိုချိုး၊ နောက်ထပ်ဘယ်ပြန်ချိုးရင် လောလောဆယ်တော့ ဈေးဆိုင်တန်းတွေတွေ့ရမယ်။ အရင် ကျွန်တော်တို့နေတုန်းက အဲဒါ ထရံကာသွပ်မိုး လိုင်းခန်းပုပုလေးတွေ။ ကိုယ့်လိုင်းခန်းရှေ့ကိုယ် ကြံရည်ဆိုင်လေး၊ လက်ဖက်ရည်နဲ့အသုပ်ဆိုင်သဘောမျိုးလေးတွေ ဖွင့်ကြတာမျိုးရှိပေမယ့် အဓိကက လူနေတာများတယ်။ ထရံကာ သွပ်မိုး မြေစိုက် နေကျော်ဆောင်တွဲကြီး။ တစ်ခန်းနဲ့တစ်ခန်းက ဝါးထရံလေးတစ်ချပ်ပဲ ခြားတယ်။ ကျွန်တော်တို့ ပထမနှစ်တုန်းက အဲဒီအထဲက အခန်းတစ်ခန်းမှာ ငှားနေကြတာ။

'တီဟီတီလမ်းကြား' ဝတ္ထုတိုပါ မေတ္တာရွှေရည်လမ်းထဲက ဆယ်ပေပတ်လည် အိပ်ခန်းလေးတွေလိုပေါ့။ တီဟီတီကျွန်းသားတွေနေတဲ့ မြေစိုက်တဲဝိုင်းလေးတွေနဲ့ တူမလားပဲ။

ကျွန်တော်တို့နေတဲ့ တစ်ဖက်ခန်းမှာ နုနုကနေတာ။ သူနဲ့ အဲဒီဘက်အခန်းက လင်မယားဟာ အမျိုးတစ်ခုခု တော်တယ်ထင်ရဲ့။ ငှားနေတာ မဟုတ်ဘူးလို့တော့ မှတ်မိတယ်။ ဘယ်လိုတော်လဲ မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကျွန်တော့်မှာ ရည်းစားဦးနဲ့။ ပြောခဲ့ဖူးတာလို အခု အမည်မမှတ်မိတော့တဲ့ အမျိုးသမီးလေး တစ်ယောက်ပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် သမီးရည်းစားဖြစ်နေကြခြင်းမှာ အချစ်ဆိုတဲ့သဘော ပါချင်မှ ပါတာဖြစ်သလို၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေခဲ့ကြပါလျှက် သမီးရည်းစားအဖြစ်ကို မရလိုက်ကြတာတွေလည်း အများရှိပါတယ်။ ဒီနှစ်မျိုးမှာ ပထမတစ်မျိုးအတွက် ဆင်ခြေပေးတာမဟုတ်ပေမယ့် ရည်းစားဦးတိုင်း အချစ်ဦးဖြစ်မလာကြဘူးဆိုတာ ရင့်မှည့်ချိန် မတူလို့ပါ။ သမီးရည်းစား ဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအပေးအယူမျှတဲ့ သည်းခံမှုမျိုးနဲ့နေကြမယ်ဆိုတာမျိုးကို သိတဲ့ နှလုံးသားရင့်မှည့်ချိန်ဟာ လူတစ်ဦးနဲ့တစ်ဦး မတူတတ်ကြပါဘူး။ မချစ်မိလိုက်ဘူးဆိုတာ သူက ကျွန်တော့်ကို ဘယ်လိုရယ်မသိပေမယ့်၊ ကျွန်တော့်အတွက် အဲဒီအချိန် ရည်းစားဦးဆိုတာ ချဉ်ချဉ်စူးစူး မူးပြီးရော အနေမျိုး။ ဒီလိုနဲ့ တစ်ချိန်မှာ တစ်ယောက်ယောက်ရဲ့ မိန်းမကောင်းလေးဖြစ်လာမယ့် ဒီကောင်မလေးကို အဲဒီတုန်းက ကျွန်တော် မချစ်ဘဲ ရည်းစားလုပ်ခဲ့မိတယ်။ ဒီလိုပဲ နောင်တစ်ချိန်ကျွန်တော့်အချစ်ဦးဖြစ်လာပြီး၊ အခုထိလည်း မတိုက်ဆိုင်ရင်တောင် အနာဟောင်းတုတ်နဲ့ဆွဆွ လွမ်းနေရသေးတဲ့ ကောင်မလေးဟာရော၊ သူ့ငယ်ရွယ်သေးစဉ် တစ်ချိန်ချိန်တုန်းက တစ်ယောက်ယောက်ရဲ့ ချဉ်ချဉ်စူးစူးမူးပြီးရော ဖြစ်ချင်ဖြစ်ခဲ့ဖူးမှာပေါ့။ အဲဒါဟာ ရင့်မှည့်ချိန်ရဲ့ သဘောပါပဲ။

နုနုရည်းစားက အဲဒီတုန်းကတည်းက ကားစီးနိုင်တယ်။ မနက်မနက် ကျူရှင်တက်ဖို့ နုနုဆီကို သူပဲ လာကြိုပေးတာ။ ကောင်လေးဟာ အဲဒီတုန်းက ကျွန်တော်တို့အရွယ်နဲ့တောင် ကောင်လေးလို့ခေါ်ချင်စရာကောင်းလောက်အောင် အသက်ရော ဝါရော ခပ်ငယ်ငယ်ပဲ။ ခေတ်ကလည်း အနဂ္ဂတို့၊ သားစိုးတို့ရဲ့ခေတ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ 'ဝမ်းနည်းမှတ်တမ်း' ခေတ်။ ဒီတော့ ဒီကောင်လေးရဲ့ ဝတ်ပုံစားပုံဟာ "အင်္ကျီပွပွ၊ ဘောင်းဘီဂွကျ၊ ဘဝ.. ဘဝ" ပေါ့ခင်ဗျာ။ ကိုယ်တွေထက်တော့ အများကြီးသာပါတယ်။

ဒါပေမယ့် ကျွန်တော်တို့နေကြတာ တီဟီတီလိုင်းခန်းထဲမှာလေ။ ကျွန်တော်တို့အခန်းက သူငယ်ချင်းငါးယောက်စပ်ပြီး ငှားနေတာ။ ညညဆို ခေါင်းရင်းခန်းက လင်မယားစကားပြောရင် ဝါးထရံလေးပဲခြားတော့ အတိုင်းသားကြားနေရတယ်။ ဒီလိုပဲ ခြေရင်းဘက်နုနုတို့အခန်းဆီက နုနုအမျိုးလင်မယား ရန်ဖြစ်တဲ့အခါလည်း အတိုင်းသားကြားရတာပဲ။ ဒါပေမယ့် လင်မယားတွေဆိုတာ ညည စကားပြောတာနဲ့ ရန်ဖြစ်တာ နှစ်ခုတည်း လုပ်တတ်တာ မဟုတ်ဘူးလေ။ အဲဒီအခါလည်း ကျွန်တော်တို့ဟာ မကြားလိုနားချိုလျှက်သား ကြားကြရတာပဲခင်ဗျ။ နုနုအမျိုး အဲဒီမိန်းမဆိုတာကလည်း အမူ၊ အရူ၊ ရှူသံ၊ ရှိုက်သံတွေက များလွန်းပါတယ်။ ညသံဆိုတာ တစ်အိမ်က လေလည်သံကိုတောင် အခြားက အိမ်က ကြားရဲ့ ဆိုသမို့လား။ အဲဒါ တီဟီတီလိုင်းခန်းက နေ့စဉ်ဘဝပဲ။

အခု ဒီတီဟီတီလိုင်းခန်းအကြောင်းပြောနေရင်း နောက်ထပ် တီဟီတီတိုက်ခန်းတစ်ခုအကြောင်း ဆက်ပြောရပါဦးမယ်။ အဲဒီတိုက်ခန်းလေးရဲ့ နာမည်က 'စီဖိုက်' တဲ့။ အင်္ဂလိပ်အက္ခရာ 'စီ' နဲ့ အင်္ဂလိပ်ဂဏန်း 'ဖိုက်'။ ဆိုတော့ကာ တိုက်ခန်းတို့သဘောကို နားလည်သူများက ဒီအခန်းရဲ့ တည်နေရာကို ဆဝါးမိလောက်ပါပြီ။ မြေညီထပ်ဟာအေ၊ ပထမထပ်ကို ဘီ စသဖြင့် အမည်ပေးလေ့ရှိတော့ 'စီဖိုက်' ဆိုတာ ဒုတိယအလွှာမှာရှိတဲ့ အခန်းနံပါတ် (၅) ပေါ့ခင်ဗျာ။

တစ်ရက်သား ကျွန်တော့်ရည်းစား မမကြီးရှိတဲ့ အဲဒီတိုက်ခန်းဆီ ညကြီးမိုးချုပ် သွားလည်ဖြစ်ပါရော။ သူကတော့ ခဏခဏခေါ်ပေမယ့် ကျွန်တော်က အဲဒီတုန်းက အဲဒီအရွယ်နဲ့ဆိုတော့ သူ့အဖေနဲ့ အစ်မများကို ကြောက်လို့ သွားမလည်ဖြစ်ပါဘူး။ သူက အဲဒီ 'စီဖိုက်'မှာ သူ့အဖေရယ်၊ သူ့အစ်မ လင်မယားရယ်နဲ့နေတယ်။ သူ့အဖေက ခရီးသွားရတဲ့ဝန်ထမ်းတစ်မျိုးမို့ အိမ်မှာ သိပ်ကပ်လှတယ်မရှိတော့ အရွယ်သိပ်မကွာတဲ့ သူ့အစ်မသည်သာ သူ့အုပ်ထိန်းသူပေါ့။ အဲဒီနေ့ညတော့ သူ့အစ်မလင်မယားလည်း 'စီဖိုက်' မှာ ရှိမှာမဟုတ်ဘူးဆိုတဲ့ ရေလာမြောင်းပေးစကားတစ်ခုကြောင့် အကြံကောင်းကြီးနဲ့ ကျွန်တော်ရောက်သွားတာ။ အရင်လည်း သူကျွန်တော့်ကို ဒါမျိုးခေါ်ဖူးပေမယ့် လာမယ်ပြောပြောပြီးမှ တစ်ခုခုဆို ပြေးပေါက်မရှိတဲ့ တိုက်ခန်းဆိုတဲ့အသိကြောင့် သတ္တိကောင်းလှတဲ့ ကျွန်တော်က မသွားဖြစ်ခဲ့ဖူး။ အရသာတစ်ခုကို အရူးအမူးကြိုက်နှစ်သက်သည်ဆိုရာမယ် စားဖူးတဲ့လူလောက် မစားဖူးတဲ့လူက မက်လေ့မရှိတော့၊ အကြိုက်ထက် အကြောက်က ပိုတယ်ပေါ့ခင်ဗျာ။ ကျွန်တော်က အဲဒီတုန်းအခါ မစားဖူးသေးဘူးလေ။ သူပြောနေကျ ပုံပြင်တွေအရ သူတို့တိုက်ခန်းသားတွေဟာ လက်သံပြောင်တယ်လည်း နာမည်ကြီးတာကိုး။

'တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်' ဆိုတာလို ကျွန်တော် သူတို့တိုက်ခန်းအောက် အရောက်မှာ မီးက ပျက်သွားသေးဗျား။ ဒါနဲ့ တိုအောင်ပြောရရင် ကျွန်တော်လည်း ဝမ်းသားအားရ သူတို့တိုက်ခန်းပေါ်တက်၊ သူရှိရာအခန်းကိုသွားတော့ အခန်းတံခါးဟာ ပိတ်မထားပါဘူး။ အထဲမှာ အဝင်စ ဧည့်ခန်းထဲ မီးကြွေတိုက်လက်စ သူ့ကို မှိန်ပြပြမီးအလင်းမှာ မြင်ရပါတယ်။ ကျွန်တော်က သူ့နာမည်ကိုခေါ်တော့

"ကိုမျိုး လာတယ်လား" တဲ့။

ကျွန်တော်က သူ့စကားလေသံကို ကြားရတာ နည်းနည်းတော့ တစ်မျိုးကြီးပေါ့။ 
"ထမင်းစားချင် မီးဖိုးခန်းထဲမှာ ရှိသေးတယ်"

ကျွန်တော်ကသာ ရင်တွေတအားဖိုနေတာ၊ သူ့ဘက်က အေးစက်လှချီရဲ့။ နောက်တော့ သူက မီးပျက်သွားပေမယ့် ပူနေသေးဟန်ရှိတဲ့ မီးပူနဲ့ အဝတ်တွေ အေးအေးဆေးဆေး ဆက်ဖိနေသေးတယ်။ ဒီလိုနေတုန်း 'ဝင်း' ခနဲ့ မီးပြန်လာပါရော။ ဒီတော့ကျ ကျွန်တော်နဲ့သူ မီးရောင်ထဲ ဘွားခနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ကြချိန်

"ဟယ်တော်... ကိုမျိုး"

သူက အံ့ဩပြန်တယ်။ ဝင်လာတုန်းက မအံ့ဩဘဲ မီးလာမှတကယ်အံ့ဩတဲ့သူ့ကို ကျွန်တော်တကယ်ပဲ ပြန်အံ့ဩရပါတယ်။ အဲဒီညက ကျွန်တော့် အကြံကောင်းကြီး အထမမြောက်ခဲ့ပါဘူး။ သူက ကျွန်တော့်ကို ပျားရည်နဲ့ဝမ်းချ တယ်ခေါ်မလား၊ အချိုလေးနည်းနည်းပါးပါးသပ်ပြီး လေဘာတီမမြရင်ရဲ့ "မတော်ဘူးမောင်ရယ်၊ ငရဲကြီးလိမ့်မယ်ရှင့်" ဆိုတဲ့ အထာနဲ့ ပြန်လွှတ်တာပေါ့ခင်ဗျာ။ ကျွန်တော် ပြန်ခဲ့ရပါတယ်။

ပြောရဦးမယ်ခင်ဗျ။ သူနဲ့ ပတ်သက်ပြီး ပြောချင်တာက အခုမှလာတာ။

ပထမနှစ်ပြီးတော့ ကျွန်တော့်ရည်းစားဦးနဲ့ ပြတ်ကရော။ အဲဒီမှာ ရည်းစားနဲ့ပြတ်ရင် အသည်းကွဲရမယ်ဆိုတဲ့ ပုံသေနည်းကို သိထားတဲ့ကျွန်တော်ဟာ ဟုတ်တာ မဟုတ်တာ အသာထားပြီး အသည်းတွေကွဲပါတယ်။ အသည်းကွဲတာကြောင့် ကိုယ့်မေဂျာမှာ ကျောင်းမတက်ဘဲ၊ သူငယ်ချင်းတွေရှိရာ မေဂျာတွေဘက် စိတ်ပြေလက်ပျောက်ဆိုပြီး သွားသွားတက်တယ်လေ။ အဲဒီမှာ သူနဲ့တွေ့တာပဲ။ သူက ကျွန်တော့်ထက် အသက်ကြီးတယ်။ နောက် သူက ကျွန်တော့်ကို စနောက်ချင်လို့လား၊ အတည်လားမသိဘူး ရည်းစားစာပေးတယ်။ ဒါပေမယ့် သူကံဆိုးတာက ရည်းစားနဲ့ကွဲလို့ မနေတတ်မထိုင်တတ်ဖြစ်နေတဲ့ ဒီကငနဲဟာ သူ့ကို အဟုတ်ကိုလိုချင်သွားရော။ သူကလည်း အစတော့ ကြည်ကြည်ဖြူဖြူပါ။ နောက်တော့မှ ဟိုကဖျက်၊ သည်ကဖျက်နဲ့ သူ့သူငယ်ချင်းမမတွေက ဖျက်လို့ "သူငယ်ချင်းလိုပဲ ဆက်၍ခင်မည်မောင်" ဖြစ်လာပါရော။

ကျွန်တော်က အဲဒီတုန်းက အခုလိုစာတွေ မရေးတတ်သေးဘူး။ ဒါပေမယ့် ရည်စားစာတော့ တော်တော်ရေးတတ်တယ်။ အဲဒါ မမကြီးက ဖြတ်လိုက်ရပါ့မလားဆိုပြီး ရေးလိုက်တဲ့ရည်းစားစာကို အခုထိမှတ်မိသေးတယ်။ ဘာလို့ဆို အဲဒါ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းစာသား

"လူကြောင့်လား၊ ငွေကြောင့်လား၊ မသိနိုင်ဘူးချစ်သူရာ၊ မှောင်ရီဝေတဲ့ ဆောင်းတွင်းညမှာ လမ်းခွဲရတာ၊ မော်ဒန်အချစ်ဇာတ်လမ်းတွေထဲ၊ ပိုက်ဆံဆိုတာ အသည်းခွဲတဲ့ လူကြမ်းကြီးပါပဲ" တဲ့။ ဒါလေးအပါအဝင် သုံးမျက်နှာကျော်ကျော်ရှိတဲ့ စကားနာထိုးစာရှည်ကြီး ရေးဆက်လိုက်တာ မမကြီးဟာ မနက်လင်းလင်းချင်း ကျွန်တော့်အဆောင်ရှေ့ 'ဖုတ်' ခနဲ့ ကြွေဆင်းလာပါရော။ အဲဒီနောက် သူ့ရည်းစားဖြစ်တော့တာပဲ။

ဒါပေမယ့် သူနဲ့ လူမြင်ကွင်းမတွဲရဘူး။ သူ့သူငယ်ချင်းတွေရှေ့ နှုတ်မဆက်ရဘူး။ သူချိန်းတဲ့အချိန်မှ သွားတွေ့ရတယ်။ သူ့တို့မေဂျာကိုလည်း အရင်လို လက်လွတ်စပယ်လာလို့ မရတော့ဘူး။ စသဖြင့်ပေါ့ဗျာ စည်းကမ်းတွေ စည်းကမ်းတွေ။ အခုခေတ် အသုံးတွင်လာတဲ့ စကားတစ်ခု 'ဆိုင်းလင့်တွဲတယ်' ဆိုတာကို ကျွန်တော်က နှစ်ထောင်ခုနှစ်ကျော်စ ကာလတွေကတည်း ခံဖူးတာ။

သို့သော် ကိုယ့်မှာ အခြားရည်းစားသနာလည်း တွဲစရာမရှိတော့ ကြိုက်မရှက်မဟုတ်တောင် ငတ်လို့မရှက်ပါဘူး။

သူငယ်ချင်းတွေကဆို ညည သူနဲ့သွားချိန်းတွေ့ပြီးပြန်လာတိုင်း စတယ်။

"တို့ကောင်ကြီးတော့ သက်ကြီးပူဇော်ပွဲက ပြန်လာပဟေ့" တဲ့။

သိပ်ကိုခင်မင်ရတဲ့ အပေါင်းအသင်းတစ်ယောက်ကဆို မျက်နှာပူပူနဲ့ အမုန်းခံပြောတာ မှတ်မိသေးတယ်။

"ကိုမျိုး... မင်းဘယ်လိုစိတ်ကူးနဲ့များ အဲဒီတစ်ယောက်နဲ့ကြိုက်ပစ်လိုက်တာလဲ" တဲ့။

ဒီလိုမေးတော့ကျ 'ငတ်လို့' လို့ ဖြေရမှာ ရှက်သေးဗျ။ ဒါနဲ့ ကျွန်တော့်မှာ ရှက်ရှက်ရှိ သွားဖြဲနေရတယ်။

သူ့အစ်မကတော့ ကျွန်တော့်အပေါ် အင်မတန်သဘောမနောကောင်းပါရဲ့။ နောက်ပိုင်း သူနဲ့ကျွန်တော် ဖြစ်နေတာသိတော့ အိမ်ကို ထမင်းခေါ်ဖိတ်ကျွေးတယ်။ ကျွန်တော်က မလိုက်ရဲတော့၊ အဆောင်ထိလာဖိတ်တယ်။ အင်မတန်ဖော်ရွေတယ်။ ဖော်ရွေလွန်းတာမှ ကျွန်တော်ကတောင် အားနာယူရတယ်။ "ဘယ်တော့ယူကြမတုန်း၊ ဘယ်တော့ယူကြမတုန်း" နဲ့ မေးတာလည်း အခါခါ။ ဒီကကောင်ကလည်း မမကြီးကိုထားလို့ မမကြီးရဲ့ အစ်မဆွယ်တာနဲ့ပဲ တော်တော့်ကို မိန်းမလိုချင်လာတယ်။
ကျွန်တော်ပထမနှစ်တုန်းက တီဟီတီလိုင်းခန်းထဲလည်း နေဖူးတာကိုး။

တီဟီတီကျွန်းသူကျွန်းသားတွေဟာ ဃရာဝါသလူ့ကိစ္စမှာ အလွန်ပဲပွင့်လင်းကြသတဲ့။ သူတို့ဟာသူတို့ရဲ့ မြေစိုက်တဲငယ်လေးတွေထဲမှာပဲ ယောက်ျားမိန်းမ အိမ်ထောင်းရေးအရ ဆက်ဆံနှီးနှောပြုတဲ့အခါ တစ်အိမ်လုံးက ဘယ်သူပဲ မြင်မြင် ရှက်စရာမထင်ကြဘူးတဲ့။ ဒါကြောင့်ပဲ တီဟီတီကျွန်းက ငယ်ရွယ်သူကလေးငယ်တွေဟာ အရွယ်မရောက်သေးတာတောင် လောကီလူ့ကိစ္စတွေမှာ အင်မတန်စိတ်ဝင်စားလျှက် ဖျတ်ဖျတ်လူးကြဆိုပဲ။

ဒီအကြောင်းအခြေခံကို ပြလို့... တစ်ဖက်အိမ်ခန်းက ကုလားလင်မယား ညည အတူနေကြတဲ့အခါ အခင်းကြမ်းတလှုပ်လှုပ်ကြောင့် စိတ်လှုပ်ရရှာသူလေး မပန်းအကြောင်း။ နောက်တော့တဖန် အခြားတစ်ဖက်ခန်းက ကားဒရိုင်ဘာ မောင်အုပ်မူးလားပြီး သူ့မိန်းမသူ ဟိုဟာပြုတဲ့အခါ ကျူထရံလေးသားခြားပြီး ဒီဘက်က အတိုင်းသားကြားနေရလောက်အောင် နုံခြာတဲ့လူနေမှုဘဝမှာ တဖြည်းဖြည်း ကာမရောဂါ ကိုယ်တွင်းနာကပ်ပြီး စုန်းပူးရှာသူ အပျိုကြီးမနန်းအကြောင်း။ တစ်ဆောင်တည်း တစ်ခန်းတည်းနေတာမို့ သက်ကြားအိုကြီးဦးတုတ်ပေါမှာတောင် ပုတီးလက်ကလွှတ်ပြီး သူ့မယားအမယ်ကြီးနဲ့ ငယ်မူပြန်မိသေးတဲ့အကြောင်း။ ဒီအကြောင်းတွေကို အနုပညာရသပါပါ ခြယ်မှုန်းပြထားတဲ့ ဝတ္ထုတိုလေးလေးနာမည်ဟာ 'တီဟီတီလမ်းကြား' တဲ့။ ကျွန်တော်ဟာ အဲဒီလို တီဟီတီလမ်းကြားမျိုးလေးထဲ ပထမနှစ်မှာ နုနုနဲ့တစ်ခန်းလေးသာခြားပြီး နေခဲ့ဖူးတယ်။

တစ်ရက်တော့ နုနုက ကျွန်တော့်ကိုခေါ်တယ်။

"ကိုမျိုး" တဲ့။

အဲဒါ သူ ကျွန်တော့်ကို ပထမဆုံးခေါ်တာ။ အဲဒီရှေ့မှာ သူနဲ့ကျွန်တော်ဟာ ချောင်းကြည့်ပြုံးပြန်ပဲ။ သူ့မှာ ကျွန်တော့်ထက် အပြန်တစ်ရာသာတဲ့ ရည်းစားမောင်ရှိတယ်။ ကျွန်တော့်မှာ ကောင်မလေးရှိတာလည်း သူသိတယ်။ သိတာမှ ကျွန်တော့်ကောင်မလေးနဲ့ကျွန်တော် အဆောင်ထဲ ချိန်းတွေ့တဲ့အခါ ကျန်တဲ့သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ပြေးကြရတာပါ သူသိတယ်။ ဒီတော့လည်း သူက ဘယ်လောက်မိုက်ပြီး ကိုယ်က ဘယ်လောက်ကြိုက်နေသော်မှ ချောင်းကြည့်ပြုံးပြန်ထက် ပိုမလှမ်းဝံ့ပါဘူး။

ဒါပေမယ့် အဲဒီညနေကတော့ သူကျွန်တော့်ကို အဲဒီလို မခေါ်စဖူးခေါ်ပြီး တစ်နေရာ လိုက်ပို့ခိုင်းတယ်။ ဘယ်နေရာလဲ ကျွန်တော်မမှတ်မိတော့ဘူး။ ကျွန်တော်က စက်ဘီးလေးနဲ့သူ့ကို တင်ပြီး လိုက်ပို့တယ်ပေါ့။ နောက်တော့ ရေရေရာရာမရှိဘဲ ဟိုရောက်ဒီရောက် ရောက်သွားကြတယ်။ သူကစိတ်ညစ်လို့ အိမ်မပြန်ချင်ဘူးတဲ့။

ဒီနေရာမှာ နိုင်ငံခြားဟာသလေး ကျွန်တော်က ညှပ်ပြောချင်လာတယ်။ တစ်ခါသား တစ်ဖက်အိမ်ခန်းက မိန်းမတစ်ယောက်ရဲ့ ညည်းညူသံကြောင့် ဘာကူညီရမလဲလို့ ယောက်ျားပျိုလေးက အိမ်ထဲအပြေးဝင်သွားသတဲ့။

"မောင်လေးရယ်၊ မမခေါင်းတွေကိုက်လိုက်တာ ခေါင်းလေး နှိပ်ပေးပါနော်"

"ဟုတ်ကဲ့မမ"

ကောင်လေးက အမျိုးသမီးကို ခေါင်းနှိပ်ပေးတယ်။

ခဏကြာတော့

"ခေါင်းကတော့သက်သာလာပါပြီ၊ အခု ဗိုက်တွေနာတယ်ကွယ်၊ ဗိုက်လေးနှိပ်ပေးပါဦး"

ဒီတော့လည်း လူငယ်လေးက ဗိုက်ကိုနှိပ်ပေးရသတဲ့။

သို့သော် ဗိုက်ကိုနှိပ်တာ ကြာလာတော့ ဟိုမမက အားမရတော့ဘူး။

"မောင်လေးရယ်၊ မမငယ်ငယ်က အူအတက်ခွဲဖူးတော့ အဲဒီနေရာကများ အခုနာလာသလား မပြောတတ်ပါဘူ။ မောင်လေး သေချာကြည့်စမ်းပါဦး"

ဒီတော့အခါ ကောင်ကလေး စိတ်ပူသွားပြီး

"အာ... ဒါတော့ ကျွန်တော် မလုပ်တတ်ဘူးဗျ။ ဆရာဝန်ခေါ်မှ ဖြစ်မယ်မမ" ဆိုတဲ့ပြီး တယ်လီဖုန်းဆီ လျှောက်အသွားမှာ၊ မမကြီးဟာ အင်မတန်စိတ်ဆိုးပြီး ဆဲလွှတ်လိုက်သတဲ့။

ကောင်လေးဟာ သူက စေတနာနဲ့ လုပ်ကိုင်ပေးတာတွေမှာ မမကြီး ဘာလို့စိတ်ဆိုးမှန်း စဉ်းစားလို့ကို မရဘူးတဲ့။

နောက်နောင် အသက်တွေကြီးလို့ အဲဒီကောင်လေး အိမ်ထောင်ကျချိန်၊ သားတွေသမီးတွေနဲ့ ဖြစ်လာမှ၊ သူ့အိမ်က ကုလားထိုင်တစ်လုံး ကျိုးပျက်သွားတာ ပြန်ပြင်ရင်း ဒီအကြောင်းကိုတွေး၊ တဖြည်းဖြည်း အဖြေကို ခပ်ရေးရေးမြင်လာတော့မှ

"ငါရိုးမသား၊ ဒီလောက် အ'ရသလားဟ" လို့ ကိုယ့်နဖူးကိုယ် တူနဲ့နှက်မိသတဲ့လေ။

မနေ့က ၇၇ လမ်း၊ ကေအမ်ဒီကွန်ပျူတာဆိုင်ရှေ့မှာ နုနုနဲ့ပြန်တွေ့တယ်။  ပထမနှစ်တုန်းက ကျွန်တော့်ရဲ့ တီဟီတီကျွန်းသူလေး။ သူ့လက်မှာ ကလေးလေးတစ်ယောက်ဆွဲလို့။ နုနုဟာ အခုထိ အလတ်ကြီးရှိသေးတာ။ ငယ်ငယ်တုန်းက တစ်မျိုးလှသလို အခု သုံးဆယ်ကျော်အရွယ်မှာလည်း တစ်မျိုးလှတာပဲ။ သူဟာ အခု ဘယ်နှသားများမွေးပြီးလို့ ဘယ်နှသွေးလောက်များ လှပစ်လိုက်တာပါလိမ့်၊ ဝါစိုစိုဝင်းလို့။

အဲဒီ နုနုဟာ ဟိုတစ်ချိန် မိန်းထဲကတီဟီတီလိုင်းခန်းမှာနေခဲ့ကြစဉ်ဘဝတုန်းက ကျွန်တော့်စက်ဘီးလေးနောက် ပါလာဖူးပြီး၊ အဲဒီတစ်ည သူစိတ်ညစ်လို့ အိမ်မပြန်ချင်ဘူးလို့လည်း ပြောဖူးရဲ့။ အဲဒါကို သောက်မသိတတ်စိတ်ကြီးတဲ့ ကျွန်တော်က ငါဟဲ့ယောက်ျားကောင်းဆိုတဲ့ သောက်တလွဲစိတ်နဲ့ ချော့မော့ပြီး အိမ်ပြန်ပို့ပေးခဲ့တယ်ခင်ဗျာ။ ကေအမ်ဒီကအပြန် လိပ်စာကဒ်လေးပေးပြီး သူ့ကားပုပုလေးပေါ် တက်သွားတဲ့ နုနုရဲ့ နောက်ပိုင်းအလှကိုကြည့်ပြီး ဟိုတုန်းက တော်တော်တုံးခဲ့ရပါ့မလားလို့ ကျွန်တော်ဟာ ကိုယ့်ခေါင်းကို တူနဲ့ထုချင်လာတယ်။ အဟုတ်လည်း တူနဲ့အထုခံရသလိုလို နာတယ်ခင်ဗျ။ တောက်။

သို့သော် တီဟီတီ တူနှစ်ချက်မှာ ဒုတိယအချက်က ကျွန်တော့်အတွက် အနာဆုံးပဲ။

အဲဒါ ဟိုမမကြီးကိစ္စပေါ့။ ပြောခဲ့ဖူးတာလို သူ့ကိုထားလို့ သူ့အစ်မရဲ့ ဆွယ်လုံးတွေကြောင့် ကျွန်တော်ဟာ မိန်းမလိုချင်စိတ် ငယ်ထိပ်တက်လာတယ် ဆိုရမယ်။ အဲဒါနဲ့ သူ့ညီမဖြစ်တဲ့ ကျွန်တော့်ရည်းစားမမကြီးဆီမှာ နွားသိုးလေးချိုယားလို့ အဝှေ့သင်သလို သွားသွားသွေးတိုးစမ်းရတာပေါ့။ ခေါင်းလေးဝင်ပါရစေ၊ ရှေ့လက်လေး သွင်းပါရစေဆိုတဲ့ ကန္တာရထဲက မိုးခိုကုလားအုပ်ရဲ့ အထာ။

လူပဲခင်ဗျာ။ သူရောကျွန်တော်ပါ အရှိန်တွေတက်တာပေါ့။ သို့သော် အဲဒီအသက်အရွယ်တုန်းက ကျွန်တော်ဟာ "ဟိုတယ်နဲ့ခရီးသွားလာရေး" ဘာသာရပ်ကို နည်းနည်းမှ မသိတတ်ဘူး။ ဒီတော့ ကြံလိုက်မှဖြင့် တဆုံး။ ကြက်ဥလိုချင် ကြက်မမွေးရမယ်ချည်း မှတ်တာပေါ့။ အဲဒါနဲ့ တစ်ရက်ညနေတော့ ချိန်းတွေ့ရင်း အရှိန်ကောင်းလွန်းသွားလို့ အဲဒါကြီးကျွန်တော်က ဆိုင်ကယ်ပေါ်တင်ပြေးဖို့လုပ်ပါရော။ ဆိုင်ကယ်က သူ့ဆိုင်ကယ်ပါ။ မောင်းတာက ကျွန်တော်။ သို့သော် ဒါလည်း အထမမြောက်လိုက်ပါဘူး။ ဟိုသူငယ်ချင်းအိမ်သွားရမှာလိုလို၊ ဒီသူငယ်ချင်းအိမ်သွားရနိုးနိုး ဘယ်သွားရမှန်းမသိ ယောင်တောင်တောင်ဖြစ်နေတုန်း ကျွန်တော်တို့ ဆိုင်ကယ်နောက် ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက်လိုက်လာတယ်။

"ဟယ်တော် ကိုမျိုး"

ဒီတစ်ခါ သူ တ' လိုက်တဲ့ ကိုမျိုးဆိုတာ ကျွန်တော် မဟုတ်ဘူးဗျ။ အဲဒီ နောက်ကလိုက်လာတဲ့လူကို တတာ။ ဟိုလူက ရှူးရှူးရှဲရှဲနဲ့ တကယ်စိတ်ဆိုးနေပုံမျိုး။ သူ့ဆိုင်ကယ်ထောက်ကို ဆောင့်ထောက်ပြီး ဆိုင်ကယ်ကာဘာတွေကို တဖုန်းဖုန်းကန်ခွဲနေတယ်။

"ကိုမျိုး မလုပ်ပါနဲ့၊ ကိုမျိုးမလုပ်ပါနဲ့"

ကျွန်တော့်နောက်က မမကလည်း ဒါကိုပဲ အသည်းအသန် တားနေတယ်။

"ကိုမျိုးက မ ခဲအိုလေ။ အစ်မယောက်ျား။ သူ စိတ်ဆိုးရင် ရတာမဟုတ်ဘူး"

သူက ကျွန်တော့်ဘက်လှည့်ပြီးလည်း သူ့ခဲအိုအကြောင်း မိတ်ဆက်ပြောသေးတာ။ နောက်တော့ စိတ်ပေါက်လို့ချက်ချင်းမတ်တပ်ခိုးပြေးမယ့် အစီအစဉ်လည်း အဲလိုတွေကြုံရအပြီး စိတ်နဲ့အတူ ပျက်ကရော။

နောက်တော်တော်ကြာတဲ့အထိ အဲဒီ (အခုကျွန်တော်နာမည်ဖော်မရေးလိုတော့တဲ့) မမနဲ့က အဆက်အသွယ်မပြတ်ပါဘူး။ သူ့ရဲ့ လူမသိသူမသိ ရည်းစားလေးပေါ့။ ချိန်းတော့သွားတွေ့၊ ပျားရည်နဲ့ဝမ်းချရင်လည်း ဝမ်းဝတဲ့အထာနဲ့ ပြန်ခဲ့ရတာပါပဲ။

သို့သော် လူဆိုတာ အသက်ကလေးရလာတော့ အထာလေးတွေနပ်လာတယ်။ ပေါင်းချိန်သင်းချိန်ကြာလာတော့ သတင်းလေးတွေ စပ်လာတယ်။ တကယ်တော့ သူနဲ့ သူ့ခဲအိုဟာ ဘာဂလိုတိုတိုဗျ။ ဘဲကြီးက အစ်မဖြစ်သူကိုသာယူထားတာ၊ ညီမနဲ့လည်း မလွတ်ဘူး။ ဒါကြောင့်သာ အစ်ကိုကြီးတော့ အဖရာ၊ ကျွန်တော်က သူ့ပစ္စည်းလေး ဆိုင်ကယ်တင်ပြေးမယ်လုပ်ချိန် အသည်းအသန် တားတာကိုး။

တကယ်လို့ ပထမနှစ်တုန်းကသာ ကျွန်တော်ဟာ တီဟီတီလိုင်းခန်းထဲ မနေခဲ့ဖူးရင် ဒီအဖြစ်ကို တော်တော်ကြီး အံ့ဩမိမှာ။ ဘာလို့ဆို တစ်အိမ်တည်းနေတဲ့ ကိုယ့်မိန်းမရဲ့ညီမဖြစ်သူနဲ့ ဇာတ်လမ်းဖြစ်နေတာဟာ နည်းနည်းတော့ အံ့ဩဖို့ကောင်းတယ်မို့လား။ သို့သော် တီဟီတီလမ်းကြားကို ရောက်ရင် လူဟာ ဒီလိုပဲ ဖြစ်တတ်တာပဲ။ သူတို့တိုက်ခန်းလေးက ခပ်ကျဉ်းကျဉ်းလေး။ ဒီအထဲမှာ သူ့အစ်မတို့လင်စုံမယားဖက် အိပ်တဲ့အိပ်ခန်းဟာ အထပ်သားနဲ့ အခန်းပြန်ဖွဲ့ယူထားတာမို့ တကယ်လို့ မကြာမကြာ ခရီးထွက်ရတဲ့ သူတို့အဖေကြီး မရှိချိန်၊ ကျွန်တော်တို့တွေ မိန်းထဲက လိုင်းခန်းမှာ ကြားခဲ့ရတဲ့ အသံမျိုးတွေ ကျွန်တော့်မမ ကြားတဲ့အခါ ဘာဖြစ်လာမတုန်း။ တီဟီတီလမ်းကြားဆိုတာ အဲဒါပါပဲ။

သူလည်းလေ လောကီသားပေမို့ ဘယ်ရှောင်နိုင်ရှာမလဲ။

ဒါကြောင့်ပဲ ညကြီးတစ်ခါ သူ့အိမ်သွားလည်တော့ အမှောင်ထဲမှာ ဝင်လာတဲ့ကျွန်တော့်ကို "ကိုမျိုး" ခေါ်တာ၊ သူ့ခဲအိုနာမည်ကိုး။ ဒီဘဲကြီးနဲ့ကျွန်တော်က အိမ်နာမည်တူတယ်။ ဒါကြောင့်ပဲ မီးလာလို့ ကျွန်တော့်မျက်ခွက်ကြီးတွေ့တော့ မမဟာ အံ့ဩသကိုး။

ဒီအဖြစ်တွေကို သိရှိရိပ်မိနေလို့လည်း မမရဲ့ အစ်မတော်၊ ဟိုခဲအိုတော် ကိုကိုမျိုးရဲ့ မိန်းမဟာ ကျွန်တော့်ကို သူ့ညီမနဲ့ အလွန်အင်မတန်သဘောတူပြီး၊ ဘယ်တော့ယူမတုန်း၊ ဘယ်တော့ ယူမတုန်း၊ တအုန်းအုန်း လောနေတော့တာကိုး။

အောင်မယ်လေးခင်ဗျာ။ နွားမုန်းခြံထုတ်။

အဲဒါ တစ်ရက်ကတော့ ကျွန်တော့်မှတ်ပုံတင်လေး ပြင်ဖို့ကိစ္စနဲ့ အိမ်က စာဗီဒိုကို မွှေတော့မှ မမပုံက ထွက်ကျလာတယ်။ အဲဒီမှာ ကျွန်တော်ဟာ ဒီအကြောင်းတွေ ပြန်တွေးပြီး ကိုယ်နဖူးကိုယ် တုနဲ့ထုပစ်ချင်လာတော့တာပါပဲခင်ဗျာ။ ဒီတစ်ခါ တူတစ်ချက်က ပိုပြီးလည်း ပြင်းထန်သလို အခံရလည်း ပိုလို့ခက်ပါတယ်။

စဉ်းစားကြည့်ပါခင်ဗျာ။ မမကြီးရဲ့ ရုပ်ရည်ကို ကျွန်တော်ရေးပြခဲ့ပြီ။ သူနဲ့ပတ်သက်ပြီး အများတကာရဲ့ ဝေဖန်ချက်တို့လည်း ထည့်ဆိုခဲ့ပြီ။ ကျွန်တော် ဤမျှ ရေးပြတာ မလုံလောက်သော်မှ စာရှုသူက ကြိုက်သလောက်ထည့်တွေး၊ မလွန်စေရသော ရုပ်ရည်မျိုးကို အခု ကျွန်တော့်မျက်မြင်ဓာတ်ပုံကြီးက သက်သေခံနေပါသည်။ အဲဒါကြီးကိုခင်ဗျာ၊ ကျွန်တော်ဟာ မရမနေပါဆိုပြီး သူကခွာတာတောင်မှ ရည်းစားစာသုံးမျက်နှာလောက်ရေးပြီး စိုင်းစိုင်းခမ်းလှိုင်သီချင်းစာသားပါ ကူးထည့်လို့ ကြူခဲ့၊ ပိုးခဲ့တယ်။ နောက်တော့ သူက ကိုယ့်ကို လူမြင်ရာ မတွဲဘူးဆိုတော့လည်း လက်ခံတာပဲ။ တကယ်ကျ သူကိုယ်တိုင်သော်မှ တစ်ယောက်ယောက်ရဲ့ လူအမြင်မခံဘဝ။ ဒါကို ကျွန်တော်က လက်ဝေခံယူပြီး တွဲလိုက်သေးတာ။

ဟိုတစ်ချိန် ဖွန်စိတ်တွေမွှန်ပြီး၊ ဖွန်ခိုးတွေဝေနေတုန်းကတော့ သူငယ်ချင်းတွေ ဝိုင်းလှောင်ကြတာတောင် မနာနိုင်ခဲ့။

ဟော... အခု ကာလကြာလို့ မေ့လုလုရှိတော့မှ သူ့ဓာတ်ပုံပြန်တွေ့ပြီး ကိုယ်လုပ်ခဲ့တာတွေ ပြန်တွေးမိချိန်...

ကဲ... ဘယ့်ကလောက် တူနဲ့ထုပစ်ချင်စရာကောင်းသော ကျွန်တော်ပါနည်း။

အောင်မျိုးသူလွင်
၁၁၊၀၅၊၂၀၁၈
သောကြာ
နေ့ ၀၂း၂၂

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...