Aungmyothu Lwin

Aungmyothu Lwin
Facebook

Wednesday, April 12, 2017

ဧဝံမေသုတံ


အေးမြတဲ့ ဆောင်းနံနက်ခင်းတွေမှာ အကြောင်းကိစ္စကြီးငယ် ရှိလို့ဖြစ်စေ၊ ကျန်းမာရေးအတွက် လမ်းလျှောက်ဖြစ်တဲ့အခါဖြစ်စေ သင်္ကန်းကိုသေချာရုံလို့ သံဃာတော်တွေ ဆွမ်းခံကြွတာကို မြင်းဖူးကြပါလိမ့်မယ်။ ဘုရားမှာ စိန်၊ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ် ဆိုတဲ့ ပိဏ္ဍပါတ်ဆွမ်း ခေါ် သလုံးမြင်းခေါင်းကို အကြောင်းပြုပြီး ရတဲ့ ခံဆွမ်းအတွက် တစ်နေ့စာဝမ်းရေး မျှော်တွေးပြီး ဆွမ်းခံကြွလာကြသူ ရဟန်းသံဃာတော်များပါ။

အထူးသဖြင့် စာဖတ်သူဟာ မန္တလေးမှာ နေဖူးသူဆိုရင်တော့ ဒီမြင်ကွင်းကို မလွဲမုချ မြင်ဖူး ကြည်ညို ဖြစ်ခဲ့ဖူးမှာပါ။ မန္တလေးမြို့ကြီးဆိုတာ သံဃာတော်များ သီတင်းသုံးရာ ဘုန်းကြီးကျောင်းတွေနဲ့ ဝန်းရံပတ်လည် တည်ထားတဲ့ မြို့လေ။ သံဃာတော်တွေကများ၊ သာသနာတော်ကြီးကို ပစ္စည်းလေးပါးနဲ့ ကြည်ညိုထောက်ပံ့ချင်သူတွေက များပါဘိသနဲ့ နှစ်ထောင်းအားရဖွယ်ပါ။

မြတ်စွာဘုရား သာသနာတော်မှာ ရဟန်းတော်များအတွက် ဂန္ထဓူရနဲ့ ဝိပဿနာဓူရဆိုပြီး ဓူရနှစ်ဖြာရှိပါရဲ့။ ဂန္ထဓူရဆိုတာ ဘုရားဟောကြားတော်မူခဲ့တဲ့ နှုတ်ခပတ်တော် တရားများကို တူရာစုလို့ သီကုံးထားခဲ့ရာ ပိဋကတ်တော်များကို သင်ကြားရတဲ့ အလုပ်ဖြစ်ပြီး၊ ဝိပဿနာဓူရဆိုတာကတော့ သံသရာက ထွက်လမ်းကို ကျင့်ကြံအားထုတ်ရတဲ့ အလုပ်ပါ။

ဒီအလုပ်နှစ်ခု တစ်ခုခုကို ပြုနေသူတွေကို ရဟန်းခေါ်တာပေါ့။

တကယ်တော့ ရဟန်းသံဃာ၊ သာမဏေများဟာ ဒီနိုင်ငံကြီးမှာ သာသနာကြီး အဓွန့်ရှည်ဖို့ အပင်ပန်း အငြိုငြင်ခံ ကြိုးပမ်းနေကြသူများ ဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ ငယ်ငယ် ကျောင်းသားအရွယ်ဘဝ မနက်စောစောထလို့ မိုင်ဝက်လောက်ဝေးတဲ့ ကျူရှင်ရှိရာကို နေ့စဉ်ပြေးရစဉ် ဆွမ်းခံကြွလာကြတဲ့ သံဃာတွေဟာ မတွေ့ချင်မှ အဆုံး တရုံးရုံးပေါ့။ ဒီတုန်းအခါ ကျွန်တော်သတိတရ စာနာမိတဲ့ အဖြစ်တစ်ခုက သူတို့တွေ ဆွမ်းခံကြွကြစဉ် ဖိနပ်မဝတ်ကြတဲ့ အဖြစ်ပါပဲ။

စောစောစီးစီး ကျူရှင်အမီ အမြန်လျှောက်သွားရင်း ခြေထောက်က တစ်ခုခုကို ခလုတ်တိုက်မိစဉ် ဆောင်းတွင်းမို့ အသည်းခိုက်အောင် နာတတ်တဲ့ ကိုယ့်ခြေဖျားလေးတွေ ကျဉ်အသွားမှာ သူတို့မှာ ဖိနပ်မှ မပါဘဲ မြို့ထဲလမ်းတစ်လျောက် လမ်းလျှောက်နေရတာပါလားဆိုတာ သတိချပ်မိချိန်၊ အဲဒီတုန်းကတော့ ငယ်သေးတဲ့စိတ်နဲ့ ကိုယ်ချင်းစာတာလောက်သာ ဖြစ်မိသည်။

အသက်အရွယ်လေးရလို့ ဗုဒ္ဓစာပေတွေ ဖတ်မိတဲ့အခါ၊ သာသနာ့ သမိုင်းကို လေ့လာမိတဲ့အခါမှ သံဃာ့သမိုင်းကို အနည်းငယ် တီးမိခေါက်မိ ရှိလာချိန်ကျ ဒီသံဃာတွေဟာ ပရိယတ်၊ ပဋိပတ် နှစ်ဖြာအတွက် ဒီမျှ အပင်ပန်းခံနေကြတာကို ကြည်ညိုလို့ မဆုံးမိတော့ဘူး။

ပဋိယတ္တိစာပေရဲ့ အစဟာ အရှင် အာနန္ဒာကဆိုရင် မှားအံ့မထင်ပါ။

ရှင်အာနန္ဒာဟာ မြတ်စွာဘုရားရဲ့ ထံတော်ပါးမှာ အလုပ်အကြွေး ရဟန်းအဖြစ် တာဝန်ယူပါမယ်လို့ ဝန်ခံကတိမပေးမီ 'ပယ်လေးတန် ခံလေးပါး' လို့ နောင်အခါ သာသနာမှာ အမည်တွင်မယ့်၊ မြတ်စွာဘုရားအနေနဲ့ သူ့အပေါ် မလုပ်ရမှာတွေနဲ့ ခွင့်ပြုရမယ့် အကြောင်းလေးချက်စီကို တောင်းတော်မူခဲ့ပါတယ်။

(၁) မြတ်စွာဘုရား အလှူခံရရှိသည့် သင်္ကန်းကောင်းကောင်းများ သူ့ကိုမပေးရန်၊

(၂) ထို့အတူ မြတ်စွာဘုရားအား ပေးလှူလာကြသော ဆွမ်းအမွန်အမြတ်များကိုလည်း သူ့အားပြန်လည် မပေးပါရန်၊

(၃) မြတ်စွာဘုရားနှင့်အတူ ဂန္ဓကုဋီတိုက် တစ်ခန်းတည်းနေခွင့် မပြုပါရန်နှင့်

(၄) ဘုရားရှင်တစ်ပါးတည်းကိုသာ သီးခြားပင့်သော နေရာများသို့ သူ့အား ခေါ်မသွားစေလိုကြောင်း 'ပယ်လေးတန်' ကို တောင်းပန်တော်မူသည်။

ထို့ပြင်တစ်ဝ

(၁) မြတ်စွာဘုရားသည် မိမိလက်ခံထားသော ပင့်ဖိတ်ရာအရပ်သို့ လိုက်ပါ ကြွပေးတော်မူပါရန်၊

(၂) ရပ်ဝေး ဘုရားဖူးများအတွက် မိမိက လျှောက်ထားသောအခါ ဖူးတွေ့ခွင့် ပေးတော်မူပါရန်၊

(၃) တရားနှင့် ပတ်သက်၍ အကယ်၍ ယုံမှားသံသယ ဘုရားတပည့်တော်မှာ ဖြစ်လာခဲ့သော် အခါမလင့် မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့် ပြုတော်မူပါရန်နှင့်

(၄) မိမိမျက်ကွယ်တွင် ဟောသမျှတရား အားလုံးကို မိမိအား ပြန်လည်ဟောပြ ပေးတော်မူပါရန်ဟု၍ 'ခံလေးပါး' ကိုလည်း တောင်းခံတော်မူပါသည်။

ထိုကဲ့သို့ မြတ်စွာဘုရားကိုယ်တော်တိုင် အဓိမတ္တသတိ (အမှတ်လျင်ခြင်း)၊ အဓိမတ္တကတိမာ(အရွတ်လျင်ခြင်း)၊ အဓိမတ္တ ဓိတိမာ (အမှတ်မြဲခြင်း)၊ ဗဟုသုတ (အကြားအမြင်များခြင်း)၊ ဥပဋ္ဌက (အလုပ်အကျွေး သိမ့်မွေ့ခြင်း) ဟူသော ဧတဒင်္ဂငါးတန်ပေးတော်မူရသော ရဟန်းတော်၏ အမျော်အမြင်ကြီးသော လျှောက်ထားချက်ကြောင့်ပင် ပိဋကတ်သုံးပုံ၏ အဦးအစဆိုနိုင်မည့် ပထမသင်္ဂါယနာ အထမြောက်ခဲ့ရပေသည်။

မသီကုံးရသေးသော ပန်းများသဖွယ် ဖြစ်နေသည့် မြတ်စွာဘုရား တရားတော်များကို သီကုံးပြီး ပန်းများသဖွယ် တူရာစု၍ ခိုင်မြဲမှုကို ပြုနိုင်ခဲ့ကြသည်။ ထိုသို့ ပြုနိုင်ဖို့ရာတွင် မြတ်စွာဘုရားဟောသမျှကို 'ပယ်လေးတန်၊ ခံလေးပါး' အပါ "တပည့်တော် မျက်ကွယ်တွင် ဟောသမျှတရား အားလုံးကို တပည့်တော်အား ပြန်လည်ဟောပြ ပေးတော်မူပါရန်" ဟူသော အချက်အရ အဓိမတ္တသတိ ဧတဒဂ်ရသူပီပီ အကုန်အစင် ကြားဖူးနာဖူး မှတ်သားပြီး ရှိနေသော အရှင် အာနန္ဒာသည် 'အခရာ' အနေနှင့် ပထမ သင်္ဂါယနာတွင် အရေးကြီးသော သာသနာ့ ဝန်ကြီးကို ထမ်းရွက်တော်မူခဲ့သည်။

"ဧဝံမေသုတံ" ဟူသော "တပည့်တော် မြတ်စွာဘုရားရဲ့ ရှေ့တော်မှောက်မှာ အခုလိုပဲ အသေအချာ ကြားနာခဲ့ရပါတယ် ဘုရား" ဟု ပထမသင်္ဂါယနာတွင် အမေးဆရာတော်များက မေးသမျှ မဆုတ်မဆိုင်း ဖြေတော်မူနိုင်ခဲ့သော အရှင်အာနန္ဒာ၏ ကျေးဇူးတော်ကား သာသနာတော်မှာ အဖိုးမဖြတ်နိုင်အောင် ကြီးလှပါသည်။

ထို "ဧဝံမေသုတံ" ကျေးဇူးကြောင့် ကျွန်တော်တို့ ထေရဝါဒ သာသနာတွင် တရားတော်များ မူရင်း နှုတ်ခပတ်တော်အတိုင်း မပျက်မယွင်း ရှိနေခြင်းပင်။ ထို ပထမသင်္ဂါယနာနောက် နောက်ထပ်သင်္ဂါယနာ ငါးကြိမ်တင်ပြီးမှ ယနေ့အထိ ထို 'ဧဝံမေသုတံ' လျှင်အရင်းအစရှိသော ပရိယတ္တိ သာသနာတော်ကို ရဟန်းတော်များကသာ ဆင့်ကမ်း သယ်ဆောင်လာကြခြင်းပင်။ ထို့သည်ကို သံဃာ့ကျေးဇူးဟု ကျွန်တော်တို့ သိကြသည်။

သာသနာဝန်ထမ်း ရှင်ရဟန်းတို့ စာပေသင်ကြားကြရသည် ဆိုရာဝယ် ခပ်လွယ်လွယ်တော့ မဟုတ်ပါပေ။ တစ်နေ့စာ ဆွမ်းဝတ်အတွက် နေ့စဉ်ထွက်ရသော ဆွမ်းခံခြင်းကား ဤစာအစမှာ အမြွက်မျှ ဖော်ပြခဲ့သလိုပင် အခက်အခဲ တို့က စုံလှသည်။

"မနက်ခင်းလမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုလို့ ဆွမ်းခံကြွ မှန်အောင် ကြိုးစားပြီးသွားတယ်။ ဆွမ်းခံအိမ်ရောက်ဖို့က နာရီဝက်လောက် ခြေလျင်လျှောက်ရတယ်။ အသွားအပြန် တစ်နာရီခွဲသာသာ ကြာတာပေါ့"

"ကိုယ့် ဒကာ ဒကာမတွေကလည်း အလိုက်သိတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်ဟင်းတွေ လောင်းလှူ ကြတယ်။ ဆယ့်နှစ်ရာသီသီးတဲ့ ဟင်းကတော့ နေ့တိုင်းမပါမဖြစ်ပဲ။ ကြက်ဥကို ကြော်လိုက် ပြုတ်လိုက်အမျိုးမျိုးပဲလေ"

"တစ်ခါတလေ ရေဖြန်းထားတဲ့ လမ်းမပေါ် ဖြတ်လျှောက်လိုက်တာနဲ့ ကျင်ခနဲဖြစ်သွားတဲ့ အခိုက်အတန့်မျိုး၊ ခဲလေးပေါ် နင်းမိလို့ စိမ့်သွားတဲ့ အခိုက်အတန့်မျိုးဆိုတာ ခြေဗလာနဲ့ ဆောင်း မနက်ခင်းမှာ လျှောက်ဖူးသူမှ ခံစာဖူးမှာပါ။ လမ်းတိုင်းက ကတ္တရာခင်းထားတာ မဟုတ်လေတော့ ရှေ့ကိုကြည့် အောက်ကိုကြည့်ရင်းသွားမှ အဆင်ပြေတာလေ။ ဒီတော့လည်း သြက္ခိတ္တလည်း မစက္ခု နိုင်ပါဘူး။ ကား ဆိုင်ကယ် တွေနဲ့ ပုလင်းကွဲတွေနဲ့ ညားရင် မလွယ်ဘူးလေ"

"သလုံးမြင်းခေါင်းဖြင့် ရှာမှီး၍ရသောဆွမ်းတဲ့။ တစ်ခါတလေ ဆွမ်းခံအပြန် ကန်ပတ်လမ်းမှာ ကိုယ့်အတွေးတွေနဲ့ကိုယ် လျှောက်နေတုန်း 'ဦးဇင်း တပည့်တော်ကျောက်ဝိုင်းသွားမှာ လမ်းကြုံလိုက်ခဲ့ပါလားဘုရား' လို့ ခေါ်ရင် ကိုယ်က ခပ်တည်တည်ပေါ့ ' အကျင့်ပါမှာစိုးလို့ ခြေလျင်ပဲ သွားပါတော့မယ်' လို့ ပြောမလို့ဟာ၊ ဒါပေမယ့် ခြေက ဆိုင်ကယ်ခြေနင်းပေါ် ရောက်ပြီးသားဖြစ်နေပြီလေ။ နေ့စဉ်နေ့တိုင်းအဖို့ဆိုတော့လည်း တစ်ခါတစ်လေကြုံတဲ့ ဆိုင်ကယ်ကြုံ ဒကာကြီးမျိုးတွေ့တဲ့အခါ မငြင်း နိုင်တော့ဘူး။ အဲလိုနေ့တွေဟာ ဦးဇင်းတို့လို စာသင်သားအရွယ် ရဟန်းတွေအတွက် နေ့စဉ်လို ကြုံနေကျပါ" ဟု လက်ရှိ မန္တလေး မစိုးရိမ်တိုက်သစ်နေ စာသင်သား ရဟန်း အရှင်ထေရာနန္ဒက ပျော်ပျော်နေတတ်သူပီပီ ဟာသသံလေးစွက်လို့ ဆိုပါတယ်။

"တစ်ခါသားက အိမ်မှာ ဆွမ်းခံကြွတဲ့ ကိုယ်တော့် သပိတ်ထဲ ဆွမ်းလောင်းထည့်အပြီး၊ ကိုယ်တော်က ဆွမ်းဟင်းထည့်ဖို့ ဆွမ်းခွက်လေး ပြန်ပေးတယ်။ ဆွမ်းဟင်း ထည့်မလို့ဖွင့်လိုက်တော့ ကြက်လည်ပင်းနဲ့ ကြက်ခေါင်းလေး"

"ဘယ်အိမ်က လောင်းလိုက်တယ်တော့မသိဘူးပေါ့"

"ရင်ထဲ မကောင်းဘူး ဖြစ်သွားတယ်၊ သာသနာထမ်း ရှင်ရဟန်းကို လောင်းတဲ့ဆွမ်းဟင်းဟာ ကြက်လည်ပင်းနဲ့ ကြက်ခေါင်းတဲ့လားပေါ့။ ဒီလိုလည်း ကိုယ့်ရဟန်းအပေါ် ကြည်ညိုစိတ်နဲ့အတူ လောင်းတဲ့သူအပေါ် အပြစ်မြင်စိတ်နဲ့ တွေးမိသေးတယ်"

"ညနေကျ အိမ်က အမျိုးသား ပြန်လာတော့ ဒီအကြောင်းကို စိတ်မကောင်းဖြစ်ဖြစ်နဲ့ ပြန်ပြောပြမိတယ်"

"အဲဒီမှာ သူပြန်ပြောတဲ့စကားက ကိုယ့်ကို ပိုပြီး စိတ်မကောင်း ဖြစ်စေပြန် ပါရော"

"ဪ… မိန်းမရယ် တို့ နိုင်ငံသားတွေဟာ ရဟန်း သံဃာအပေါ် အဲဒီလိုတော့ မဟုတ်တန်ကောင်းပါဘူး၊ သံဃာကို ကြည်ညိုကြတယ်၊ ဆွမ်းဝတ်ဖြည့်ကြတယ်ဆိုရာမှာ လူအမျိုးမျိုး၊ ဆင်းရဲချမ်းသာ အဖုံဖုံမို့လား။ တကယ်ဆို သူတို့တွေ ကြက်ခြေထောက်နဲ့စားပြီး ဘုန်းဘုန်းကို ခေါင်းနဲ့လည်ပင်း လှူလိုက်တာရော မဖြစ်နိုင်ဘူးလား မိန်းမရယ် တဲ့"

"အန်တီ့မှာ အဲဒါကြားပြီး မျက်ရည်ဝဲရသေးတယ်" ဟု မန္တလေးမြို့က နေ့စဉ် ဆွမ်းလောင်းလှူသူ ဒေါ်ရင်ကြည်က ပြန်ပြောပြသည်ကို သဒ္ဓါယိုဖိတ်ဖွယ် ကြားခဲ့ဖူးပါသည်။

သာသနာတော်၏ အသက်ကို တရားကျင့်သုံးခြင်း၊ စာပေသင်ကြားခြင်းဟူသော အလုပ်နှစ်ခုဖြင့် သံဃာတော် အရှင်မြတ်များ ဆက်တော်မူကြသည်။ တရားအကျင့် နည်းမှန်လမ်းမှန်များကို ပရိယတ္တိဖြင့် သယ်ခဲ့ကြသည်။ ပရိယတ္တိ၏ အစကား အရှင်အာနန္ဒ၏ 'ဧဝံမေသုတံ' ပင်ဖြစ်ပေသည်။

ထို သာသနာ့အသက် 'ဧဝံမေသုတံ' က စသော ပိဋကတ်တော်များကို သင်ကြားနေကြသူ၊ ပိဋကတ်တော်လာ တရားများကို ကျင့်သုံးနေကြသူ ဘုရားတပည့်သား သံဃာတော်များ၏ အသက်ကို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို ပေးလှူထောက်ပံ့ခြင်းဟူသော အလုပ်ဖြင့် တပည့် ဒကာ၊ ဒကာမများက ဆက်ပေးကြသည်။

ဆရာ၊ တကာနှင့် သာသနာသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်ကြောင်းနှင့် ဤသာသနာတော်ကြီးအတွက် အရှင် အာနန္ဒာ၏ 'ဧဝံမေသုတံ' တစ်လုံးအတွက် အဆင်းရဲခံ ဖြည့်ပေးနေကြသော မစိုးရိမ်အရှင်ထေရာနန္ဒတို့လို စာသင်သားရဟန်းတွေ၊ သဒ္ဓါစိတ်ခံ လှူဒါန်းကြသူ ဆွမ်းအမကြီး ဒေါ်ရင်ကြည်တို့လို သာသနာကို ထောက်ပံ့ကြသူတွေ များနိုင်သမျှ များလာပါစေကြောင်း စေတနာကောင်းဖြင့် ဤစာကို တိုက်တွန်းရေးသားလိုက်ရ ပါသည်။

အောင်မျိုးသူလွင်𝅵

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...