Aungmyothu Lwin

Aungmyothu Lwin
Facebook

Monday, January 27, 2014

အမွေခံထိုက်စေ


ရွှေသွေး စာစောင်လေးတွေကို မြင်တိုင်း ကျွန်တော် အဖေ့ကို သတိရပါသည်။ အဖေသည် ကျွန်တော်တို့ မောင်နှမကို ရွှေသွေးဖြင့် စာဖတ်တတ်စေခဲ့သည်။ အဖေ စာဖတ်ဝါသနာ ပါခဲ့ သလား ကျွန်တော်မမှတ်မိပါ။ သို့သော် အဖေက ကျွန်တော်တို့ မောင်နှမ၏ စာဖတ်ဝါသနာကို ပျိုးကျဲပေးခဲ့သူတော့ အမှန်ဖြစ်ပါသည်။ ရွာကို အဖေလာလို့ စက်ဘီးရှေ့မှာ ရွှေသွေးလေး ညှပ်လာလျှင် ကျွန်တော် အင်မတန်ပျော်ပါသည်။ အဖေက ကျွန်တော်တို့ကို ညှပ်စိ၊ တာတီး နဲ့ ပဲလှော်၊ ဘိုဘို၊ ဦးစိတ်တိုနဲ့ မျောက်ညို စသူ များနှင့် ရင်းနှီး အကျွမ်းဝင်စေခဲ့ပါသည်။

----- ----- x ----- ------ x ----- -----

ဟိုတုန်းကတော့ ကျွန်တော်သည် အဖေ့ရွာသို့ မသွားချင်ခဲ့ပါ။ အဖေ့ သူငယ်ချင်းတွေကိုတော့ တမင်တကာ မဟုတ်ပါဘဲလျက် မသိစိတ်က ရှောင်နေဖြစ်သည်။ 

အဖေ့အမျိုးတွေကိုလည်း ကျွန်တော် သိပ်မတွေ့ဖြစ်ပါ။ တမင်တကာပင် ကျွန်တော်သည် အဖေကျင်လည်ခဲ့ရာ နေရာများကို ရှောင်နေဖြစ်ခဲ့ သောကြောင့် ဖြစ်ပါသည်။ တချို့တွေ ပြောသလို အဖေ့ကို စိတ်နာ၍တော့ မဟုတ်ရပါ။ ထိုပတ်ဝန်းကျင်သို့ ရောက်လျှင် ကျွန်တော်မှာ အဖေ့ကို အပြစ်ပြော၍ ကျွန်တော့်ကို ချီးကျူးကြသော အဖေ့အမျိုးများကြောင့် စိတ်ညစ်ရပါသည်။

ထို့အတူ အဖေ့ ဆိုးဖော် တေဖက်များက ကျွန်တော့်အား " ဒီကောင် စန်းလွင်သားပေါ့ကွာ။ မင်းအဖေရှိတုန်းကတော့ ကွာ၊ မင်းအဖေကတော့ဟေ့ " စသဖြင့် ကျွန်တော့်အား မိတ်ဆက်ပေးသလိုလို၊ သူတို့ပဲသတိရ လာသလိုလို ကျွန်တော့်ကို ရှေ့ထားပြီး အဖေ့အကြောင်း ရှေးဟောင်း နှောင်းဖြစ်များကို ပြောကြသောအခါ အခြားသူများဆိုလျှင် ဤနေရာ၌ မည်သို့ ခံစားကြရမည် မသိသော်လည်း ကျွန်တော်အတွက်မှာမူ အဖေကို သတိရသောစိတ်က တိုး၍နှိပ်စက်သောကြောင့် စိတ်ကြေ ကိုယ်နွမ်း ရှိလှပါသည်။

ဤသည်ကို ကျွန်တော် မည်သူ့မျှပြောမပြဖြစ်ဘဲ ထိုပတ်ဝန်းကျင်ကို အမှတ်တမဲ့ ဖြစ်ဖြစ် မရောက်ဖြစ်အောင်သာ သတိထားဖြစ်သည်။ သို့သော် အမြဲတမ်းရှောင်ကွင်း၍ ဖြစ်နိုင်သည်ကား မဟုတ်ပါ။

နှစ်တွေ အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်ရောက်သွားတိုင်း သူတို့တွေ အဖေ့အကြောင်း များကို ပြောဖြစ်နေသည်မှာ တစ်ချိန်က အဖေသည် ဤရွာတစ်ကြောမှာ အင်မတန်သတင်းကြီးခဲ့သူ ဖြစ်သလို၊ ကျွန်တော့် ရုပ်ရည်ကလည်း ထိုသူများအား အဖေ့ကို တိုး၍ အမှတ်ရစေသောကြောင့် ဖြစ်ပါသည်။ အဖေနှင့် ပတ်သက်ဖူးသော ပတ်ဝန်းကျင်တွင် ကျွန်တော်သည် မိမိကိုယ်ကို မိတ်ဆက်စရာ မလိုပါဘဲလျှက် မည်သူ၏အမျိုးပါဟု တပ်အပ်စွဲနိုင်လောက်အောင် အဖေနှင့်တူပါသည်။

---- x ----- x ------

အမေကတော့ အဖေ့ကို အမှန်ပင်စိတ်နာလေသလား မသိ အိမ်မှာ အခု အဖေ့အကြောင်း သိပ်မပြောတော့ပါ။ အဖေ သေတာ ကြာပြီဖြစ်၍ အဖေ့အကြောင်း အိမ်မှာ သိပ်မကြားရတော့တာ သဘာဝတော့ကျပါသည်။ ကျွန်တော်ကသာ အဖေကို ချစ်သောစိတ်နှင့် လောဘထားမိခြင်း ဖြစ်သည်။ တကယ်တော့လည်း အဖေသည် အမေ့ အတွက် လွမ်းလောက်သော ခင်ပွန်းကောင်းတစ်ယောက်မဟုတ် ခဲ့တာတော့ ကျွန်တော်လည်းသိသည်ပင်။ ကျွန်တော်တို့ အတွက်စဉ်းစားလို့ပဲ ဆိုဆို အခုအရွယ်လွန်ချိန်ထိ နောက်အိမ်ထောင် မပြုခဲ့သော အမေ့ကို အဖေသည် သုံးဆယ့်တစ်ဘုံ၏ တစ်နေရာရာမှ မြင်ခွင့် ရှိခဲ့သော် ကျေနပ်စိတ်နှင့် ပြုံးနေမည်လား ကျွန်တော်တွေးမိသည်။

သူ့ခောတ်သူ့အခါက အင်မတန်လှပါသည်ဆိုသော အမေ့ကို အဖေက မိဘအားကိုးနှင့် လက်ထပ်ခဲ့သည်ဆိုသော်လည်း ကျွန်တော်သေချာတွေးကြည့်တော့ အဖေလည်း လူချောတစ်ယောက်မို့ အမေဘာလို့ အဖေ့ကို မချစ်ပါလိမ့်ဟု ကျွန်တော်ငယ်ငယ်က တွေးမိသည်။ "နင့်အဖေက ဆိုးတာကိုး ဟဲ့" ဟု အရီးတွေကတော့ တစ်ခါတစ်ခါ ပြောပါသည်။ 

ထိုစကားကို ကျွန်တော်မကြိုက်ပါ။

ရံခါ အိုးပစ်အိမ်ပစ် ဖဲရိုက်တတ်ပြီး၊ မိန်းမနှင့် ပတ်သက်၍ အသံအနည်းငယ်ထွက်သည်မှအပ အဖေ့တွင် ကြီးသည်ထင်သော အပြစ်ဟူ၍ တခါတလေ ရန်ဖြစ်တတ်သည်လောက်သာ ရှိပါသည်။ ကျွန်တော်သည် ရွှေဘကို သိမီလိုက်သူမဟုတ်ပါ။ သို့သော် ရွှေဘသည် အဖေ့လောက် လက်ရဲဇက်ရဲ နိုင်လိမ့်မည်ဟု ကျွန်တော်မထင်ပါ။ 

ကျွန်တော်ငယ်ငယ် ကျောင်းမနေမီ အရွယ်မှာပင် အဖေသည် ကျွန်တော့်ကို ဘေးမှာထားပြီး အပွဲပွဲ နွဲခဲ့သည်ကို ကျွန်တော်မှတ်မိသည်။ ထိုအခါမျိုးတွင် အမြင်မတော်သူ 

တစ်ယောက်ယောက်က ကျွန်တော်အား ပွေ့၍ လွတ်ရာသို့ခေါ်သွားသည်ပင်။ ပြီးတော့လည်း အဖေက ကျွန်တော့်ကို စက်ဘီးဘောင်တန်းပေါ်တင်ပြီး အိမ်ပြန်မြဲ။ ထိုရန်ပွဲများ၏ ဆုတံဆိပ်များအဖြစ် အဖေ့ကိုယ်ပေါ်တွင် အမာရွတ်ကြီးကြီးနှစ်ခုကို ရေချိုးတိုင်း ကျွန်တော်တို့ တွေ့ရသည်။

ကျွန်တော်မှတ်မိသမျှ အိမ်၏ စားဝတ်နေရေးကို အမေကသာ ကြောင့်ကြစိုက်ရသည်ကများပါသည်။ထိုအခါ လူမမယ်ကျွန်တော်တို့ မောင်နှမနှစ်ယောက်နှင့် အမေမှာ အကြွေးတွေ လည်ပင်းခိုက်ပါတော့သည်။ အဖေအိမ်ပြန်လာသောအခါ အမေက ဆူပူပါသည်။ အမျိုးတွေက အဖေ့အကြောင်း အမနာပ ပြောသည်ကို ကျွန်တော်သည် ငယ်ငယ်ကတည်းက နားကလောပါလျှက်နှင့် သည်းခံခဲ့ရသည်။အဖေအသုံးမကျ၍ ကျွန်တော်တို့ ဆင်းရဲသည်ဟု ပြောသောအခါ ကျွန်တော်သည် စိတ်ထဲက 'အဖေချဲဒိုင်ခံတုန်းက ကျွန်တော်တို့ ချမ်းသာခဲ့သားပဲ' ဟု မရဲတရဲ ချေပမိပါသည်။ အမှန်တော့ ချမ်းသာတာဘာလဲ ကျွန်တော်သိ၍ မဟုတ်ပါ။ အဖေကို အပြောမခံစေချင်သော စိတ်က နွေခေါင်ခေါင်တွင် ထန်းပင်ရိပ် ခဏခိုခဲ့ရသည်ကို ရွှေထီးဆောင်းခဲ့သလိုလို အမြင်ရောက်စေလျှက် အဖေ့ကို ပစ်သော မိုးကြိုးကို ကျွန်တော်က မနိုင့်တနိုင် ထန်းလက်နှင့် ဝင်ကာမိခြင်းမျှသာ ဖြစ်ပါသည်။

---- --- x ------- ------ x ----- ---

ကျွန်တော်အရွယ်ရောက်စက အဖေသည်ကျွန်တော့်ကို ရည်းစားရှိပြီလား ခေါ်မေးပါသည်။ ခပ်အမ်းအမ်းဖြင့် ကျွန်တော်သည် အဖေ့လို စွံသူမဟုတ်ကြောင်း ပြောမည်စကားစရှာနေစဉ် ရှက်ရွံ့ထူပူစွာပင် အဖေက ကွန်ဒုံ အကြောင်းမိတ်ဆက်ပေးသည်ကို နားထောင်လိုက်ရပါသည်။ ရှည်ရှည်ဝေးဝေး ပြောနေသည်မဟုတ်ပါ။ အခု သူငယ်ချင်း အချင်းချင်း 'မင်း ဦးထုပ်ဆောင်းနော်' ဟု ဘမ်းစကားဖြင့် သတိပေးကြသလိုမျိုးသာ ဖြစ်ပါသည်။ သို့သော် အဖေတစ်ယောက်က သားကို ပြောသော စကားမို့ ကျွန်တော့်စိတ်ထဲ အင်မတန်စွဲပါသည်။

နောက်တစ်ခု ကျွန်တော်မှတ်မိသည်မှာ အဖေပြောသော သံချောင်းပုံပြင် ဖြစ်ပါသည်။ အားလုံးလည်း ကြားဖူးကြပါလိမ့်မည်။ ကျွန်တော်မှာ ထိုပုံပြင်ကို သုံးသပ်ချက်နှင့်တကွ အဖေ့ထံမှ ကြားရသောအခါ မိမိကိုယ်ကို မာကြောသူတစ်ယောက် ဖြစ်ချင်မိပါသည်။ နောင် စာဖတ်များလာသောအခါ ထိုပုံပြင်ကို အခြားသူများ ပြောကြ၊ ရေးကြသည်များကို တွေ့ရသော်လည်း ကျွန်တော်၏ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် အဖေပြောသည်လောက် ရင်ထဲထိသည် မထင်ပါ။ သစ်သားထဲ သံရိုက်သောအခါ သံကသစ်သားထဲ ဝင်သွားပါသည်။ သံကပိုမာ၍ သစ်သားက ပျော့သောကြောင့် နေရာဖယ်ပေးလိုက်ရသည်။ သံကို ကျောက်တုံးထဲ ရိုက်သွင်းသောအခါ မဝင်ဘဲ သံချောင်းသာ ကွေးသွားပါသည်။ ကျောက်တုံးက ပိုမာသောကြောင့် ဖြစ်သည်။ ဤပုံပြင် လူတိုင်းကြားဖူးသည်ဖြစ်၍ ကျွန်တော်က သုံးသပ်ချက်ကို အကျယ်မပြလိုတော့ပါ။

အခုတော့ အဖေသည် ကျွန်တော့်ကို လောကနေနည်းကို အပြည့် အဝပေးသွားသူဖြစ်ကြောင်း သဘောပေါက်လာခဲ့ပါသည်။ မည်သည့်သားမျှ အဖေ့ထက်ကောင်းသော အဖေမျိုး ပိုင်ဆိုင်ခွင့် ရခဲ့လိမ့်မည် မထင်ပါဟု ကျွန်တော်ဆိုသော် ကိုယ်ငါးချဉ်မို့ ကိုယ်ချဉ်သည်မဟုတ်ရပါ။လောကအလယ်တွင် ပညာ၊ အလိမ္မာဘဏ်တိုက်ဖြစ်သော စာအုပ်စာပေနှင့် ရင်းနှီးအောင် အဖေက မျိုးစေ့ချပေးခဲ့သည်။ ကျွန်တော်သာ ယူတတ်လျှင် အကုန်ရနိုင်သည်ပင်။

လူမမယ်သားတစ်ယောက် အရွယ်ရောက်စ 'ဂရာဝါသ ကိစ္စများမြောင် လူတို့ဘောင်' တွင် ဆင်ကန်းတောတိုးဖြင့် အရာရာကို စူးစမ်းစဉ် အကယ်၍ မတော်တဆ ခလုတ်တိုက်မိခဲ့သော်မှ ဒဏ်ရာ သေရာမပါရအောင် အဖေက နည်းပေး လမ်းပြလုပ်ပေးခဲ့သည်။

ဖြတ်သန်းရဦးမည့် ကြမ်းမည် နုမည် မသိရသော ဘဝခရီးအတွက် သက်လုံကောင်းဖို့ သံချောင်းဥပမာဖြင့် အဖေက စိတ်ဓါတ်ခွန်အား ပေးခဲ့ပြီဖြစ်သည်။ လူ့လောကကို တစ်ယောက်တည်းလာ၍ တစ်ယောက်တည်း ပြန်ထွက်သွားရဦးမည့် ကျွန်တော့်အတွက် ထို့ထက်ပို၍ ဘာများလိုအပ်ပါဦးမည်နည်း။ ဒါသည်ပင် ကျွန်တော်ကို အဖေပေးခဲ့သော အကောင်းဆုံးအမွေများ ဖြစ်ပါသည်။

အခုတော့ အဖေ၏ လက်တွေ့ကျ၍ ခောတ်မီသော အမွေများနှင့် ကျွန်တော်သည် အမျိုးတွေကြားမှာ အဖေ့ အတွက် ဂုဏ်ယူတတ်လာခဲ့ပြီ ဖြစ်ပါသည်။ အဖေ့ကိုအပြစ်ဆို၍ ကျွန်တော့်ကို ချီးမွမ်းကြသူများကိုလည်း ကျွန်တော်သည် အဖေ့ကြောင့်သာ အခုလိုသားတစ်ယောက် ဖြစ်လာခဲ့ရကြောင်း ချက်ကျ လက်ကျ ပြန်ချေပတတ်ခဲ့ပြီဖြစ်သည်။ အမှန်လည်း အဖေ့ကြောင့်ပင် ကျွန်တော်မှာ လိမ္မာသည် အထင်ခံရသူဖြစ်ပါသည်။ ကျွန်တော်မည်မျှပင်တေခဲ့စေကာမူ အဖေ့ကိုတော့ မမီခဲ့ပါ။ 

ဒါသည်ပင် ကျွန်တော့်ကို သားလိမ္မာ အခေါ်ခံရစေပါသည်။

'လင်ဆိုးမယား တဖားဖား' ဖြစ်ခဲ့သော အမေကို ကျွန်တော်က 'သားဆိုးအမေ တတွေတွေ' ထပ်မဖြစ်စေရအောင် နေတတ်ဖို့ အဖေက ကျွန်တော့်ကို ပညာအမွေ ပေးခဲ့ပါသည်။

အဖေသည် ကျွန်တော့်ကို မှတ်သားစရာ နီတိတွေ အများကြီးဖြင့် ခေါင်းမရှုပ်စေခဲ့ပါ။ သို့သော် သူပြောခဲ့သော၊ သူပြခဲ့သော၊ နီတိ အနည်းငယ်ကပင် ကျွန်တော်၏စိတ်ရော ကိုယ်ကိုပါ လူလားမြောက်စေခဲ့ပါသည်။ အခုတော့ ကျွန်တော် အဖေပေးခဲ့သော အမွေကို မြင်တတ်ပြီး၊ တန်ဖိုးထား ဂုဏ်လည်း ယူတတ်နေပါပြီ။ သားသမီးဟူသည် မိဘကို ရွေးခြယ်ခွင့် ရှိသည်မဟုတ်သောကြောင့် မိဘနှင့် ပတ်သက်ပြီး ဂုဏ်ယူတတ်ဖို့ ဟူသည်မှာလည်း မိမိကိုယ်တိုင်၏ ခံယူချက်နှင့်သာ ဆိုင်သည်ထင်ပါသည်။

ကျွန်တော်သည် အဖေ့ကို ချစ်ခဲ့သလို၊ အခုလည်းချစ်နေဆဲ ဖြစ်ကြောင်း အဖေသည် ရောက်ရာဘဝမှ သိစေချင်ပါသည်။

အောင်မျိုးသူလွင်
၂၇.၁.၂၀၁၄
တနင်္လာ

Monday, January 20, 2014

လူလေးကြီးရင်ဘာလုပ်မယ်

(၁)

"သားသားကြီးရင် ဘာလုပ်မယ်၊ မေမေ မေးရင်ကွယ်" အစချီသည့် ကဗျာလေးကို ကျွန်တော်တို့တတွေ ကလေးဘဝက ဟစ်ဆိုခဲ့ကြဖူးသည်။ဘေးအိမ်က (၂)တန်းကျောင်းသားကို သူ့အမေက လူထူထူရှိလျှင် မေးပြ၏။ ငါ့သား ကြီးရင် ဘာလုပ်မယ်။ ဘယ်နံရောအခါမဆို ကလေးသည် ဆရာ ဝန်ကြီးလုပ်မယ် ဖြေ၏။ကောင်းပေစွ။ ရည်ရွယ်ချက် ပြတ်သား ပေစွ။

ဤသို့ဤနှယ် ယခုခောတ်တွင် ကလေးတို့သည် တချို့က ဆရာဝန်ကြီးလုပ်မယ်၊ တချို့က အင်ဂျင်နီယာကြီး လုပ်မယ် စသည်စသည် ဘဝ ရည်မှန်းချက်တွေ ထားတတ်လာကြသည်။

စက်ဘီးစီးခြင်းသည် ယခုအခါ မည်သူမဆို အလွယ်တကူ တတ်မြောက်နိုင်သော ကိစ္စဖြစ်သော်လည်း မြန်မာပြည် စက်ဘီးပေါ်စ မန္တလေး ၂၆ ဘီလမ်း၌စီးပြစဉ်က လူတို့သည် အံ့ဘွယ်ဘနန်းဖြင့် ထိုသူစုန်းတတ်သောကြောင့်သာ ဤ နှစ်ဘီးတပ် ကိုစီးနိုင်သည် ယိုးစွပ် ကြကုန်သည်ဟူသတတ်။

ဖြစ်နိုင်ပါသည် ခင်ဗျာ။ အခုခောတ် ကလေးတွေ သူတို့ကြီးရင် ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ် ပြောနေကြသောအခါ မိမိငယ်စဉ်ဘဝ၌မကြုံဖူး မကြားဖူးသော ကျွန်တော်က ဒီကောင်လေးတွေကို သူတို့အိမ်က များ သင်ပေးထားလေ သလား ယိုးစွပ်မိပါသည်။

ကျွန်တော်တို့ ငယ်စဉ်က အင်ဂျင်နီယာ ဆိုသဟာ ဘယ်လိုလူ ကိုခေါ်မှန်း ကျွန်တော်မသိ။ ကျေးရွာတွင် ယခုအပ်ပုန်းဟုခေါ်သော အိမ်တကာလှည့် ဆေးကုသည့် အင်္ဂလိပ်ဆေး ထိုးဆရာကို အဲဒါ ဆရာဝန်ဟု ကျွန်တော် တိုရွာက သမုတ်၏။သို့သော် သူ့အလုပ်ကလည်း ထီးဖြူ ဖိနပ်ပါး မို့ အထင်ကြီးစရာ နတ္တိဟု ကျွန်တော်တို့ကထင်သည်။

သို့ဆိုလျှင် ကျွန်တော်ကြီးလျှင် ဘာဖြစ်ချင်ခဲ့ပါသနည်း။ အမှန်ပြောရလျှင် ထိုစဉ်က ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်း တကယ်မသိပါ ခင်ဗျာ။
(၂)

ကျွန်တော့်အထင်ပြောရလျှင် အနာဂတ် ရည်မှန်ချက် ဟူသည် ပစ္စက္ခ အခြေအနေပေါ် ထင်ဟပ်၍သာ ပေါ်ထွန်းလာကြဟန် ရှိပါသည်။

အောဘရာဟမ် လင်ကွန်းသည် ထင်းခုတ်သမား၏သားဘဝ တောစပ်သစ်လုံးတဲ မှာနေရစဉ်ကတည်းက တနေ့ သမ္မတကြီးဖြစ်ရမည်ဟု ရည်မှန်းချက် ရှိခဲ့လိမ့်မည် ကျွန်တော်မထင်ပါ။ သို့သော် သမ္မတ ကတော် မေရီ လင်ကွန်း မှာမူ မြို့ငယ်လေးမှာ နေသည့်အလျောက် အမေရကန် နိုင်ငံ၏သမ္မတ ဖြစ်မည့်သူကို မှလက်ထပ်မည်ဟု ရည်မှန်းချက် ထားခဲ့သည် ဆို၏။

ယေဘုယျ သဘောပြောခြင်မျှသာဖြစ်၍ အလွန်ထူးသော ပါရမီရှင်များအတွက် ခြွင်းချက် ရှိနိုင်ပါသည်။

ကျွန်တော် ငယ်စဉ်က မောင်နှမ နှစ်ယောက်ကို အမေ ခွဲတမ်းကျပေးသော နံနက်စာ ကြက်ဥတစ်ခြမ်းနှင့် ကျောင်းထမင်းဗူး ထဲထည့်ပေးသော ကြက်ဥကြော် တစ်လုံးကို စိတ်ထဲ သိပ်အာသာမပြေ၍ ငါကြီးလာရင် ဘဲဥတွေ အများကြီးဝယ်ပြီး အဝစားပြစ်မယ်ဟု စိတ်ထဲ ကြိတ်တွေးခဲ့ဖူးပါသည်။

စနေ၊တနင်္ဂနွေ များတွင် အမေ ကျိုတိုက်လေ့ရှိသော ဆိတ်ရိုးစွပ်ပြုတ်သည် အသားနည်းလှ၍ ငါကြီးလာလို့ ဆိတ်စွပ်ပြုတ်ကို အသားတွေချည်း ကြိုသောက်ရသော် ဦးပုည ပြောသလို အာဂပါးစပ် လူဖြစ်ကြိုးနပ် မည် လောက်ထင်ခဲ့ဖူးပါသည်။

တစ်တန်းပြီး တစ်တန်းတက်ရအောင် စာတွေ ကုန်းကျက်ခဲ့ခြင်းမှာ လည်း ဆယ်တန်းအောင်ပြီးသော် ဆင်းရဲတွင်းမှ လွတ်မည်ဟု အမေပြောသော အတိတ်တဘောင်ကို ယုံမိသောကြောင့် ဖြစ်ပါသည်။

ဒီလိုနဲ့ပဲ ဆင်ကန်းတောတိုးပဲ ဆိုဆို ဘဝကို ရမ်းသမ်းဖြတ်ကျော်လာရင်း ဒီနေ့၊ဒီအချိန်၊ဒီစာကို ကျွန်တော်ရေးနေတော့ စိတ်ထဲမှာ လက်ရှိဘဝနဲ့ ငယ်ဘဝ ကို ချိန်ထိုးရင်း အတိုင်းအတာ တခုအထိတော့ ကျေနပ်မိသလို အမေ့ကိုလည်း ကျေးဇူးတော့ အတင်သား။

(၃)

အမေကတော့ ကျွန်တော်တို့ မောင်နှမကို "အတိဇာတ" သားတွေတဲ့။ သူ့ထက်သာအောင် ကြိုးစားနိုင်ကြတယ်တဲ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အမေ့ထက်သာတယ်လို့ တကယ်ကို မထင်မိပါဘူး။ ဘာလို့ဆို အမေကြုံခဲ့ရတဲ့ လောကဓံ မျိုးကို ကျွန်တော် တစ်ခါဖူးမှ ကြုံတွေ့ကျော်ဖြတ်ခဲ့ ဖူးခြင်း မရှိသေးလို့ပါ။ တကယ်လို့ ကြုံလာခဲ့ရင်ရော ကျွန်တော် အမေ့လောက် သက်လုံကောင်းပါမလား သံသယ ရှိပါသည်။

ဘာပဲပြောပြော ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာ ကျွန်တော်တို့မောင်နှမကို သူလူလားမြောက်စေခဲ့ပြီဆိုတဲ့စိတ်နဲ့ အခု အမေကတော့ ခပ်ပြုံးပြုံး ပါပဲ။ ဒါပေမယ့် အမေပြုံးသလို ကျွန်တော် မပြုံးနိုင်သေးပါ။ ရှေ့ဆက်ရမယ့် ခရီးကို ကြည့်ပြီး ကိုယ်စိတ်နှစ်ပါး ကို ခါးတောင်းကျိုက်ထားတုန်း။

ပြီး မုန့်ဆီကြော်ကသာ ဘယ်နေမှန်းမသိပေမယ့် နှုတ်ခမ်းနာနဲ့ တည့်ပါမလား တွေးပူမိတာ ကလည်း ရှိသေးတာကိုး ဗျ။ ကျွန်တော်ကဖြစ်လာမယ့် ကျွန်တော့်နောက် မျိုးဆက်ကျရင် အမေ့လိုမျိုး ကျွန်တော် လက်မထောင်နိုင်ပါမလား ဆိုတာပါ။ ကျွန်တော့် သားတွေကျရင်တော့ ကျွန်တော့်လို စမ်းတဝါးဝါး မဖြစ်စေချင်ပါ။

ဒီတော့လည်း "လူလေးကြီးရင် ဘာလုပ်မယ်" ဆိုတာကို သေချာ 'ဃဏ' နားလည်ပြီး ကြုံးဝါးတတ်အောင် ဒီကောင်တွေကို သင်ပေးရဦးမှာပေါ့။

"လူလေး ကြီးရင် ဘာလုပ်မယ်၊ ဖေဖေ မေးရင်ကွယ်"

အင်း ကျွန်တော်လည်း ပုလဲရတု ရှက်ပက် ဒီအသက်နဲ့ကျမှ စိတ်ကူးတော့ အယဉ်သားဗျ။

အောင်မျိုးသူလွင်
၂၀၊၀၁၊၂၀၁၄

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...