Aungmyothu Lwin

Aungmyothu Lwin
Facebook

Sunday, May 19, 2019

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။
@ @ @
မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှာ မိဖုရား တစ်ပါးခွဲသာ ရှိပါသည်။ တစ်ပါးခွဲဟု ဆိုရခြင်းမှာ ဘုရင်သီပေါနန်းတက်တော့ ဆင်ဖြူမရှင်(သီပေါ၏ဖခင်၊ မင်းတုန်းဘုရင်၏ မိဖုရားကြီး)နှင့် ဝန်ကြီးများ၊ မှူးမတ်ကြီးများက ပေးစားသည့် ဘိသိက်ခံဖက် အဂ္ဂမဟေသီမှာ ဆင်ဖြူမရှင်၏သမီးကြီး စုဖုရားကြီးသာဖြစ်သည်။ သို့သော် စုဖုရားကြီး၏ ညီမ စုဖုရားလတ်နှင့် လူငယ်ချင်းရည်ငံရင်းလည်းရှိ၊ မရခင်ကတည်းက ရည်းစားကြောက်ရရှာသော ဘုရင်သီပေါမှာ စုဖုရားကြီးနှင့် မင်္ဂလာဘိသိက်သွန်းပွဲတွင် စုဖုရားလတ်က သူတို့နှစ်ယောက်ကြား ဇွတ်ဝင်ထိုင်တာ ခံလိုက်ရပြီး၊ စကတည်းက သောက်ရှက်တော်လှလှကွဲကာ ညီအစ်မ နှစ်ပါးစုံနှင့် နန်းသိမ်းပွဲခံရရှာလေသည်။
သို့သော် ဘုရင်သီပေါမှာ မူလရည်ရွယ်ရင်း တောင်ညာစံမိဖုရား စုဖုရားကြီးကို မိဖုရားရယ်လို့ မဆက်ဆံလိုက်ရ။ စုဖုရားလတ်က ခွင့်မပြု။ နောင်သော် စုဖုရားလတ်ပေးသော ထိုစိတ်ဒဏ်ရာဖြင့်ပင် အစ်မအရင်းဖြစ်သူ စုဖုရားကြီးမှာ ဥပုသ်ရက်ရှည်စောင့်သည်ဆိုကာ တစ်စတစ်စ တိမ်မြုပ်သွားရင်းက နောင်တွင် မင်းကွန်းဘက်၌ သီလရှင်ဘဝဖြင့် ကံကုန်ရရှာလေသည်။
သီပေါဘုရင်မှာ လူကသာ စုဖုရားကြားက မထွက်နိုင်သော်လည်း ဘုရင်မို့ ဘုရင့်အရသာလေးတော့ ခံဖူးချင်ရှာသည်။ ထို့ကြောင့် မကြာမီ အပျိုတော်တစ်ယောက်နှင့် ညိစွန်းမိကြသည် ဟူသတတ်။ ထိုကိစ္စ စုဖုရားလတ်သိသွားသောအခါ ယမ်းပုံမီးကျ ဖြစ်ပြီး အပျိုတော်လေးကို သေဒဏ်ပေးလေ၏။ ဘုရားစူးမိုးကြိုးပစ် ဘုရင်ကြီးက အပျိုတော်လေးကို ချမ်းသာပေးပါမည့်အရေး မိဖုရားထံ အယူခံဝင်ရရှာလေသည်။ တောင်းပန်လွန်းမက တောင်းပန်လွန်းပါမှ "ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်" ဆိုကာ၊ ထိုအပျိုတော်လေးအား လူပုံအလယ် ထုထောင်း အရှက်ခွဲစေပြီးမှ မြိုင်ရပ်သို့နှင်လေသည်။
မြန်မာဘုရင် အဆက်ဆက်တို့၏နန်းဓလေ့အစဉ်အလာအရမူ ဘုရင်သည် အပျိုတော်များထဲ မိမိနှစ်သက်သူကို ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ကာ ပျော်ပါးခံစားပိုင်ခွင့်ရှိကာ၊ ထိုအတွက်လည်း အပျိုတော်များဘက်မှ မြှောက်စားသည်ဟု အယူရှိပျော်ရွှင်ကြလေသည်။ သီပေါမှာမူ အာဂဘုရင်မို့ ထိုထုံးစံကိုလွန်ကာ မယားငယ်သာတိတ်တိတ် ထားရရှာလေသည်။ ဒါကိုပင် မိဖုရားသိတော့ သူ့မှာ အပျိုတော်လေးအသက်အတွက် အသနားခံရသေးသတဲ့။ ထိုမျှသာလော။ မဟုတ်သေးပါ။ ဤစာနောက်ပိုင်းမှ သီပေါအကြောင်း ဆက်ပါဉီးမည်။
ယခု ထိုသီပေါမိဖုရား စုဖုရားလတ်ဘက်လှည့်ကြပါဦးစို့။
ယခု စာရေးသူသုံးလိုက်သော မြန်မာစာသတ်ပုံ 'မိဖုရား' ဟူသောအသုံးကို စုဖုရားလတ်က မကြိုက်လှပါ။ သူသည် သူ့အား မိဖုရားဟုရေးသည်ကို မကြိုက်၊ ဘုရင်၏မယားမို့ ဘုရားနှင့် တစ်ဂုဏ်းတည်း ထားပြီး မိဘုရားဟု ရေးသင့်ပါလျှက်ကယ်နှင့် အဘယ်ကြောင့် မိဖုရားဟု ဖဦးထုပ်နှင့် ရေးရပါမည်နည်းဆိုကာ ရွှေဒေါတော်ကန်ပြီး၊ ရွှေနန်းတော် တောင်ဥယျာဉ်၌ ကျင်းပနေသော မြန်မာသတ်ပုံအစည်းအဝေးသို့ ကိုယ်တိုင်သွားကာ
"နင်တို့ ဖဦးထုပ်ကို "ဖင်" နှင့် "ဖာ" ကလွဲလျှင် ကျန်တာအကုန် ဘကုန်းကို သုံး" ဟု အမိန့်တော် မြွက်လေသည်။ ထိုအကြောင်းကို ဖတ်ရသောအခါ ကျွန်တော်သည် အလွန်ပင်စိုးရိမ်သွားမိပါသည်။ ထို့ကြောင့်ပင် လက်ရှိမြန်မာအဘိဓာန်ကို အမြန်ပင် ကောက်လှန်လိုက်ရာ မိဖုရားမှာ ယခုအခါတွင်တော့ ဖဦးထုပ်အုပ်စုထဲမှာပင် ပြန်ရှိနေသေး၍ တော်ပါသေးရဲ့ဟု 'ဟင်'ကျမိရပါသည်။ မဟုတ်သော် စုဖုရားကျေးဇူးဖြင့် မြန်မာအက္ခရာတွင် ဖဦးထုပ်လေးခမျာ တော်တော်အောက်တန်းကျ၍ မျက်နှာငယ်ရ ရှာချေမည်။ (ဤကား စကားချပ်။)
ထိုစုဖုရားကား တော်ရုံစုဖုရားမဟုတ်၊ ထက်မြက်သော စုဖုရားဖြစ်ပေသည်။ အဘယ်မျှအထိ ထက်မြက်ပါသနည်း ဆိုသော် သီပေါဘုရင်ကိုပင် သူ့မယားငယ်လေးရှေ့၊ ထို့ထက်ပို၍ ဘုရင်ကို အသက်ပေး၍ အမှုတော်ထမ်းသော အင်မတန်ဓားထက်သည့်ကျွန်ယုံတော် မောင်မောင်တုတ်ရှေ့
"သယ် သီလရှင်လူထွက်သားကများ၊ ဘယ်သူတင်လို့ ဒီပလ္လင်ပေါ်ရောက်ရတယ်များ မှတ်သတုန်း" ဆိုကာ အရှက်ခွဲတွန်းလှဲခဲ့ဖူးလေသည် ဟူသတတ်။ ထို့ကြောင့်ပင် စုဖုရားလတ်ဟု ခေါ်လေသည်။ သူကား မြန်မာ့နန်းတွင်း အစဉ်အလာများစွာကို ဖျက်ခဲ့သူ။ ဘုရင်တို့မည်သည် မိဖုရားဆောင်တွင် ခဏသာ စံမြန်းပြီး အလိုပြီးသောအခါ မူလဆောင်ကို ပြန်အိပ်ရမြဲ။ သို့သော် စုဖုရားကမူ သူ့ဘုရင်ကို သူ့အဆောင်မှာသာ အိပ်စေလေရာ ကင်းဝန်မင်းကြီးတို့က "ဒါထုံးစံမဟုတ်ဘူး သမီးရဲ့" ဆိုသည်ကို
"ထုံးစံဆိုတာ လုပ်ရင်ဖြစ်တာပါပဲ ဘိုးဘိုးတို့ရယ်" ဟု ပြန်ပက်ကာ သီပေါအား သူ့မိန်းမခန်းမှာသာ ထားသည်ဆို၏။
စုဖုရားလတ်သည် မြန်မာပြည် တစ်လင်တစ်မယား စနစ်၏ မိခင်ကြီးဖြစ်ပေသည်။
၁၈၇၉ ခုနှစ် သူဘုရင့်မိဖုရား ဖြစ်သည်ကစ၊ ၁၈၈၅ ခုနှစ် အင်္ဂလိပ်ခေါ်၍ ပါတော်မူရသည်အထိ အာဏာလက်ဝယ်ရှိစဉ်အတွင်း တစိုက်မတ်မတ်လုပ်ခဲ့သောအလုပ်မှာ သူ့ယောက်ျား နောက်မိဖုရားမထားရေးနှင့်၊ မယားများများယူသော နန်းတွင်းသားများကို နှိပ်ကွပ်ရေးသာလျှင် အများဆုံးဖြစ်ပေသည်။ ထိုအတွက် စုဖုရားလတ်သည် လူများစွာ စတေးပစ်ခဲ့သည်။ ထိုအထဲ မန္တလေး တောင်ပြင်ရပ်က ဒိုင်းဝန်မင်း၏ မွေးစားသမီးလေး ခင်ခင်ကြီးအား ကိုယ်ဝန်အရင့်အမာနှင့် သတ်ပစ်ခဲ့ခြင်းက လူမဆန်ဆုံး လုပ်ရပ်ဖြစ်ပေသည်။
ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းဟု မြန်မာတို့ယုံကြည်ကြရာ မပြေးသော် ကန်ရာရှိ၊ ယုံကြည်မှုတို့သည် ဥပါဒါန်တစ်ခုဖြစ်ကာ အကောင်အထည်ဖြစ်တတ်သည်မှာ လူ့လောက ဓမ္မတာတစ်ခု ဖြစ်ပေသည်။ ထိုအတွက်
"သမီးရယ် ရှင်ဘုရင့်သွေး၊ ရှင်ဘုရင့်ကလေး ဗိုက်ထဲလွယ်ထားရတဲ့ မိန်းမကို သတ်ရင်၊ အဲဒီမင်းဆက် ပြတ်တတ်တယ်ကွဲ့" ဟုတိုင်းတားမင်းကြီး တားသည့်ကြား ဆယ်ကျော်သက်အရွယ် ဗိုက်ကြီးသည်လေးကို အချစ်ကိုဝေမစားနိုင်ဆိုကာ ညမှောင်မှောင်မှာ ရှားသားနှစ်တုတ်ဖြင့် ရိုက်သတ်ပစ်ခဲ့သည့်နောက် မကြာမီ ကုန်းဘောင်မင်းဆက်လည်း ပြတ်ရလေသည်ဟု တချို့က ယုံကြည်ကြလေသည်။ ယုံကြည်မှုတို့ကို အသာထား၍ ထိုဘုရင်၏ လော်မာမှုနှင့် ထိုမိဖုရား၏ လူမဆန်မှုတို့ကိုတော့ အတိုင်းသား မြင်နိုင်ပေသည်။
ထိုအကြောင်းတို့ကို အနှစ်ချုပ်မှ ပြန်ချုပ်ရန် ချန်ထားခဲ့ကာ ယခု သူတို့ ကျွန်ယုံတော် မောင်မောင်တုတ်ဘက် လှည့်ကြပါဉီးစို့။
တစ်လင်တစ်မယားသမကြီးစုဖုရားလတ် မည်သို့မျှမတတ်နိုင်ဘဲ လွှတ်ထားရသူကား သူ့နို့ထိန်းသည်၏သား(နောင် သီပေါဘုရင်၏ အရင်းနှီးဆုံး ကျွန်ယုံတော်) မောင်မောင်တုတ်ပင်တည်း။ မောင်မောင်တုတ်ကား မယားများစွာ ယူ၏။ ယူသည်မှ သူ့မယားပါမရှောင်။ တစ်ခါသော် တောင်တွင်းလယ်တော်အုပ်၏ ဇနီး၊ ကလေးနှစ်ယောက်အမေ မမျှင်ဆိုသော ကချေသည်လေးကို အတင်းကောက်ယူဖူးလေရာ ထိုမိသားစု ဘဝပျက်ရရှာလေသည်။
မောင်မောင်တုတ်သည် မမျှင်ကို အိမ်ခေါ်ပြီး အကခိုင်းကာ တစ်ခါတည်း မယားလုပ်ပစ်သည်။ မမျှင်ခမျာ လင်နှင့်သားနှင့် တန်းလန်းကြီးမို့ တောင်တွင်းကြီးပြန်ကာ သူ့လင်ကို ကွာပါရစေဉီးဆိုသည်ကိုပင်၊ မြန်မြန်ကွာ မြန်မြန် ကိစ္စဖြတ်ခဲ့ဆိုကာ- အချိန်တန်၍ မမျှင်ပြန်မလာသောအခါ ဆင်နှင့်တင်၍ အခေါ်ခိုင်းသည် ဟူသတတ်။ နောင်သော် လယ်တော်အုပ်မှာ မယားသည်၏အဖြစ်ကြောင့် စိတ်နောက်ကာ လုံးပါးပါးရှာလေသည်။
ဤကား ထင်ရှားသော ဥပမာတစ်ခုသာ။ မောင်မောင်တုတ် လုပ်ခဲ့သော မိန်းမကိစ္စတွေက နည်းသည်မဟုတ်။ သူယူခဲ့သော လင်ရှိ လင်မရှိမိန်းမတို့ကား သူ့အိမ်ကြီးနှင့်အပြည့်၊ အဆောင်ဆောင် အခန်းခန်းနှင့်ဟူ၏။
မည်မျှများလေသနည်းဆိုသော် သီပေါဘုရင်သည် ဘုရင်ဆိုးတို့ ထုံးစံ ထီကိုတိုး၍ဖွင့်လေသည်။ မောင်မောင်တုတ်မှာလည်း ဘုရင့်နားကလူမို့ ထီရုံတွေရှိသည်ဖြစ်ရာ သူ့ထီရုံက ပေါက်ခဲ့သည်ရှိသော် မောင်မောင်တုတ်က သူ့မယားတစ်ယောက်ပါ ဆုအဖြစ် အဆစ်ထည့်ပေးတတ်သည် ဟူသတတ်။ ပဒေသရာဇ်ခေတ်မှာ ဘုရင့်အပါးကလူမို့ တရားလည်းဖက်၊ ဓားလည်းထက်ပေရာ ဘယ်သူမှ မောင်မောင်တုတ်ကို မော်လို့မှ မကြည့်ဝံ့။ မည်မျှစက်ဆုပ်ဖွယ် အဖြစ်ကြီးပါတည်း။
ထိုမောင်မောင်တုတ်ကား သီပေါဘုရင်၏ အပါးတော်မြဲ ကျွန်တော်ယုံကြီးဖြစ်ပေသည်။ စုဖုရားလတ်၊ မောင်မောင်တုတ်၊ နောင်အခါ တောင်သမန်လယ်စား ဖြစ်လာသူမောင်ဖေငယ်နှင့် သီပေါမင်းအလောင်းအလျှာတို့မှာ ငယ်ကတည်းက ရင်းသူများဖြစ်ကြသည်။ မောင်မောင်တုတ်အမေမှာ စုဖုရားလတ်၏နို့ထိန်းဖြစ်သလို၊ မောင်ဖေငယ်မှာ သီပေါမင်းသားနှင့် ကျောင်းနေဖက်။ သီပေါနှင့် စုဖုရားတို့ အချင်းချင်းလူငယ်သဘာဝ စက္ခုရူပေန သံဝါသကြတုန်းက မောင်ဖေငယ်မှာ မေတ္တာစာတွေ ကြားကရေးပေးခဲ့ရသူ။
သီပေါကို မင်းဖြစ်စေမည့် ဆင်ဖြူမရှင်တို့အစီအစဉ်အတွင်း၊ မန္တလေးနန်းတွင်း၏နာမည်ကျော် သွေးချောင်းစီးလူသတ်ပွဲကြီးမတိုင်မီ သီပေါဘုရင်ကို မြေတိုက်ထောင်ထဲမှ ထမ်းထုတ်ပြေးခဲ့သူမှာ ထိုမောင်မောင်တုတ်ပင်။ ထိုအခါသမယ မြေတိုက်ထောင်အတွင်း ငူငူကြီးထိုင်ကာ သေမလား ရှင်မလားအခြေကြီးကို စောင့်နေခဲ့ရသူ သီပေါဘုရင်က၊ သူ့အား ထမ်းထုတ်သယ်ပြေးသူ မောင်မောင်တုတ်အား အကျိုးအကြောင်းမေးရာ
"အရှင့်သား မကြာခင်ဘုရင်ဖြစ်တော့မယ်ဘုရား၊ ကျွန်တော်မျိုးကို ကတိတစ်ခု အခုပေးတော်မူပါ၊ ကျွန်တော်မျိုးက အရှင့်သား၏ အမှုတော်ကို အသက်နှင့်လဲ ထမ်းရွက်ပါမည်။ အမှုတော်ထမ်းရာတွင် မှန်သည်လည်းရှိ မှားသည်လည်း ရှိမည်ဖြစ်ရာ ဒီတစ်သက် အရှင့်သားလက်နက်ဖြင့်တော့ မသေစေရဟူသော ကတိကို အခုပင်ပေးတော်မူပါ" ဆိုရာ သီပေါလည်းပေးလေသည်။
နောင်သော် အားလုံးသိသည့်အတိုင်း သီပေါဘုရင်ဖြစ်သည်။ အရှင်မြင့်တော့ ကျွန်တင့်လေရာ မောင်မောင်တုတ်တို့ကောင်းစားသည်။ တောင်သမန်လယ်စား မောင်ဖေငယ်လည်း ကောင်းစားသည်။ ထိုအထိကား သူတို့အတွက် သာယာနာပျော်ဖွယ်ဖြစ်ပေသည်။ သို့သော် ကျွန်တော့် ယခုစာအစမှာ သီပေါဘုရင်ဟာ မြန်မာ့သမိုင်းမှာ မိန်းမဇာတ်ထုပ်အရှုပ်ဆုံး ဘုရင်တစ်ပါးမဆိုပါလား။
ဆိုသည့်အတိုင်းလည်း သီပေါသည် စုဖုရားကို ကျော်၍ အပျိုတော်တစ်ယောက်နှင့် ရည်ငံမိသည်။ ထိုအပျိုတော် နယ်နှင်ခံရသည်။(အထက်တွင် ရေးခဲ့ပြီ။)
သီပေါကား ကောင်းမှန်းသိ သာအိတစိုစိုတည်း။ မယားငယ်လေးထားဖူးတော့ နုနုစိုစိုမြင်တိုင်း ထပ်ထားချင်သည်။ ထိုမှာ ကြမ္မာငင်ရှာသူကား တောင်ပြင်ရပ်က ဒိုင်းဝန်ကြီးမွေးစားသမီး ခင်ခင်ကြီးပင်တည်း။ ဒိုင်းဝန်ကြီးက ခင်ခင်ကြီးအရင် (တောင်သမန်လယ်စား) မောင်ဖေငယ်ကိုလည်း မွေးစားဖူးသည်ဖြစ်ရာ မောင်ဖေငယ်နှင့် ခင်ခင်ကြီးမှာ မွေးစားမောင်နှမတော်ပေသည်။ ထိုကြောင့်လားမသိ သီပေါမင်းက ခင်ခင်ကြီးကို ကြိုက်ပါသည်ဆိုသောအခါ မောင်ဖေငယ်က ကြားက မေတ္တာစာရေးဆက်ပေးရသည်။ သူ့အရှင်ကို သူ့လိုပင် လူ့လောကအရသာ၊ ထို့ထက်ပို၍ ဘုရင်အရသာကို ခံစားစေလိုသော မောင်မောင်တုတ်က ခင်ခင်ကြီးကို ယောက်ျားလိုဝတ်စေ၍ နန်းတော်ထဲ ခိုးသွင်းပေးသည်။ ခင်ခင်ကြီးလေးမှာလည်း ဆယ်ကျောက်သက်အရွယ်မို့ "အပျိုဖော် အရွယ်မစေ့ခင်က၊ ငယ်ဓလေ့ဂေါရီ၊ ဘယ်အတွေ့လောကီကိုမှ ဇောမသီဖူးသည်" ဖြစ်ရာ သီပေါဘုရင်ကို မိန်းမသားငယ်တို့ဘာဝ အစွဲကြီးစွဲရှာသည်။
သီပေါကလည်း နန်းတွေဘာတွေဆောက်ပြီး မိဖုရားမြှောက်မယ်ပြောခဲ့သည်။ သူသည် တကယ်လည်း စိတ်ကူးခဲ့ပေသည်။ သို့သော် သူကား စုဖုရားကို လွန်ဝံ့သူ မဟုတ်။
ဤ၌ မောင်မောင်တုတ်အကြောင်းကို ကြားဖြတ်ပြောဖို့ လိုလာသည်။ မောင်မောင်တုတ်ကား မိန်းမကိစ္စတော်တော် လိုက်စားသူ။ မိန်းမဆို လှဆိုသမျှ အချိန်မဆိုင်းဘဲ ရအောင်ယူတတ်သူ။ သို့သော် သူသည် သူငယ်ချင်းဖြစ်သူ မောင်ဖေငယ်နှင့် သီပေါဘုရင်အပေါ်တော့ တော်တော်လေး သစ္စာထားသူဖြစ်သည်။ လူမှာ မှောင်သည့်အခြမ်းရှိသလို လင်းသည့်အခြမ်းလည်းရှိပေရာ၊ မောင်မောင်တုတ်မှာ ဘုရင် သီပေါနှင့် သူငယ်ချင်းမောင်ဖေငယ်ကို အလင်းထဲမှာ အမြဲထားခဲ့သူ ဖြစ်ပေသည်။ သူသည် ခင်ခင်ကြီးကို သီပေါအရင် မြင်ဖူးလေသည်။ သို့သော် သူငယ်ချင်း မောင်ဖေငယ်၏ မွေးစားမောင်နှမချင်းဖြစ်သလို၊ မောင်ဖေငယ်တိတ်တိတ်ရည်ရွယ်ထားသူမှန်းလည်းသိ၍ မည်သို့မျှ မပြစ်မှားခဲ့။ နောင်သော် သီပေါဘုရင်က လိုချင်သည် ဆိုတော့လည်း မောင်ဖေငယ်နှင့် တိုင်ပင်ကာ နန်းတော်ထဲ အရောက်သွင်းပေးခဲ့သူ။ မောင်မောင်တုတ်သည် သီပေါဘုရင်ထက် ၁၄ နှစ်တိတိကြီးပြီး လက်ရုံးရည်ကောင်း ဓားလည်းထက်သူဖြစ်ရာ သီပေါဘုရင် အင်မတန်အားထားရသူ။ ထို့အတူ မောင်မောင်တုတ်ကလည်း "အရှင့်သားလက်နက်ဖြင့် ဒီတစ်သက်မသေစေရ" ကတိကို ကနဉီးကတည်းက ရရှိထားခဲ့သူမို့ သူ့အရှင်အပေါ် အသက်ပေးယုံမှတ် အမှုတော်ရွက်သူ။
ထိုသူမှာ သီပေါ၏ အမှုတော်ကိုထမ်းရင်းက သီပေါမင်းကြောင်တောင်တောင်လုပ်၍ သေရရှာလေသည်။
ခင်ခင်ကြီးနှင့်ကိစ္စ စုဖုရားလတ်သိသွားသောအခါ ဒုတိယအကြိမ်ယမ်းပုံမီးကျလေရာ၊ ခင်ခင်ကြီးနှင့် သီပေါအိပ်နေသော အိပ်ဆောင်ထဲထိသွားပြီး စုဖုရားလတ်က ပွဲကြမ်းလေသည်။ ထို့ကြောင့်ပင် စုဖုရားလတ်အား သီပေါဘုရင်ကိုပင် သူ့မယားငယ်လေးရှေ့၊ ထို့ထက်ပို၍ ဘုရင်ကို အသက်ပေး၍ အမှုတော်ထမ်းသော အင်မတန်ဓားထက်သည့်ကျွန်ယုံတော် မောင်မောင်တုတ်ရှေ့
"သယ် သီလရှင်လူထွက်သားကများ၊ ဘယ်သူတင်လို့ ဒီပလ္လင်ပေါ်ရောက်ရတယ်များ မှတ်သတုန်း" ဆိုကာ အရှက်ခွဲတွန်းလှဲခဲ့ဖူးသည်ဟု အထက်မှာ ကျွန်တော်ရေးခဲ့သည်။ ထိုအဖြစ်မှာ သီပေါဘုရင်သည် ရှက်လှ၍ လှံကိုဆွဲပြီး စုဖုရားလတ်နောက် လိုက်လေရာ နန်းတွင်းမှာ ရုန်းရင်ဆန်ခတ်ဖြစ်ရလေသည်။
ရာဇဣနြေ္ဒ၊ မင်းတို့ထုံးတမ်းကို နားလည်သော မောင်မောင်တုတ်က ထိုသို့ ပြုတော်မမူပါနှင့် လူမြင်မတော်ပါ၊ ဘုရင်ပီပီ အမိန့်ပေးပြီး အပြစ်ချတော်မူပါဟု ဆိုသည်ကိုပင်မရ သတ်မည်ဖြတ်မည် တကဲကဲ လိုက်လေရာ၊ စုဖုရားလတ်က ဆင်ဖြူမရှင်အဆောင်ထဲထိ ဝင်ပြေးမှ လွှတ်ပေးတော့သတဲ့။ သို့သော် ထိုအဖြစ်အပျက်တို့ အပြီး တကယ်သေခဲ့ရသူမှာ "ငါ့လက်နက်ဖြင့် မင်းဒီတစ်သက်မသေစေရ" ဆိုသော ဘုရင့်စကားကို ယုံစားခဲ့သူ မောင်မောင်တုတ်ပါတည်း။
ဘုရင်နှင့် မိဖုရားက လင်မယားမို့ အိပ်ယာထဲရောက်သော် အဆင်ပြေသွားကြပါသည်။ မယားငယ်နေတာ ပေါ်သွားပြီဆိုမှ သီပေါဘုရင်မှာ အခြားအိပ်စရာမိန်းမလည်း မရှိ။ ထိုသောအခါ သူတို့လင်မယားချင်း ပြန်ချစ်ကြသည့်အဆုံး ကျန်လူများ သေခြင်းဆိုးနှင့် သေဖို့ ဖြစ်လာကြပါတော့သည်။ အတိုချုပ်ဆိုရသော်
ခင်ခင်ကြီး၏ မွေးစားမိခင်ဖခင် ဒိုင်းဝန်လင်မယားအပါ တစ်အိမ်သားလုံး သေရသည်။ မင်းတို့ ပရိယာယ်ဖြင့် နိုင်ငံတော်ပုံကန်မှုကို ကူညီသည် ခေါင်းစဉ်တပ်၏။ ပုန်ကန်သူကို မောင်မောင်တုတ်ဟုဆို၏။ ဘုရင်ကလည်း မယားစကားကို ယုံ၏။ ယုံလောက်အောင်လည်း စုဖုရားလတ်က သက်သေတို့ကို ပြုယူ၏။ မောင်မောင်တုတ်အိမ်ပေါ်မှ ဘုရင်တို့သာ အိပ်သော အိပ်ယာကုတင်တွေ့ပြီး၊ ဒိုင်းဝန်မင်းအိမ်အောက်မှ သေနတ်များမြှုပ်ထားသည်ကို တွေ့သည်ဆို၏။ အကုန်သေရ၏။ မောင်မောင်တုတ်ကိုမူ ဘုရင်မှာ အစ်ကိုကြီးလို သံယောဇဉ်လည်းရှိလှသလို၊ လူလည်း လူယုံမို့ သူ့ကိုပုန်စားသည်ဟု ချက်ချင်းမယုံနိုင်သေး။ စစ်မေးချင်သေးသည်ဆိုရာ စုဖုရားလတ်က ခဏချုပ်ထားပြီး စစ်မေးတာပေါ့ဟု ပရိယာယ်ဖြင့်ဆိုတော့ သကောင့်သား သီပေါက ခေါင်းညိတ်တော်မူလေသည်။ နောင်သော် အူကြောင်ကြောင်ဘုရင်ကို ညီအစ်ကိုလိုခင်မိသော မောင်မောင်တုတ်မှာ ထောင်ထဲတွင် ခွေးသေသေရရှာလေတော့သည်။
ခင်ခင်ကြီးလည်း ထိုဘုရင်ကို ယုံမိ၍ သီပေါ၏ ကိုယ်ဝန်ကြီးလွယ်ထားလျှက် စုဖုရားလတ်၏ ပါးကွက်သားတို့က ရှားသားနှစ်ဖြင့် ရိုက်သတ်တာ ခံရလေသည်။ မောင်မောင်တုတ်သေရသည့်အဖြစ်ကို သီပေါဘုရင် နောင်မှသိရသည် ဆိုသော်လည်း ခင်ခင်ကြီးအဖြစ်ကိုမူ သိလျှက်နှင့် စုဖုရားကိုကြောက်၍ မျက်နှာလွှဲခဲ့ခြင်းဖြစ်ပေသည်။ သူတို့ချစ်ခရီးတွင် စာချွန်လွှာတွေ ရေးဆက်ပေးခဲ့သူ မောင်ဖေငယ်ကိုလည်း မိုးကောင်းထောင်၊ ထိုမှတဆင့် ဗန်းမော်ပို့ပြီး အဆုံးစီရင်ပစ်ခဲ့ကြသည်။ သီပေါသည် သူ့အမှုတော်ထမ်းတို့ အသတ်ခံနေရသည့်အဖြစ်အား ဘုရင်ပီပီ တစ်ခွန်းမှ မဟ။ ဒီအတိုင်း စိတ်မကောင်းသော မျက်နှာနှင့် ငုတ်တုတ်ထိုင်ကြည့်နေတော်မူသည်။ အင်မတန် ဥပေက္ခာတရားပြည့်သူ ဘုရင်ကြီးပါတည်း။
နန်းစံသက် ခြောက်နှစ်ကျော်ကျော်အတွင်း သီပေါဘုရင် လုပ်ခဲ့သည်တို့ကား ထိုမိန်းမကိစ္စများတည်း။ ထို့ကြောင့် သီပေါဘုရင်ကို မြန်မာ့ရာဇဝင်တွင် မိန်းမဇာတ်ထုပ်အရှုပ်ဆုံး ဘုရင်ဆိုသင့်၏။ တခြားဘုရင်များ မိန်မရာချီယူခဲ့သော်လည်း သူ့လောက် ဇာတ်ရှုပ်ကြသည်မရှိ။
သီပေါနန်းတက်သောအခါ မင်းညီမင်းသားတို့ သွေးချောင်းစီးအသတ်ခံရသည်။ ထို အနိဋ္ဌာရုံများကို ပယ်ဖျက်ရန်ဟု ဘုရင်နှင့်မိဖုရား အလှူကြီးများ လုပ်ကြသည်။ နိုင်ငံတော် ဘဏ္ဍာငွေများ ကုန်သောအခါပြည်သူကို ထီများတိုးဖွင့်ရောင်းကာ ပိုက်ဆံရှာသည်။ မင်းနှင့် မိဖုရားပျော်ပါးကြသည်။
ဘုရင်က တစ်ခါလော်မာသောအခါ အပျိုတစ်ယောက် အရှက်တကွဲမြိုင်ရပ်အနှင်ခံရသည်။ နောက်တစ်ကြိမ်လော်မာသောအခါ အပျိုလေးအပါ ဆွေမျိုးစုလိုက် အသတ်ခံရသည်။
ထိုဘုရင်နှင် မိဖုရားတို့ကို ပြည်သူက မည်သို့သဘောထားသည် ထင်ပါသနည်း။
သီပေါကိုအစ်ကိုအရင်းလို ကျွန်တစ်ယောက်လို စောင့်ရှောက်ခဲ့သော ရနောင်မောင်မောင်တုတ် သေသောအခါ သူ့မယားတွေ ဒုက္ခရောက်ကြလေသည်။ ထိုအထဲ မောင်မောင်တုတ်အသည်းစွဲ တောင်တွင်းကြီးက လယ်တော်အုပ်ကတော်လေး မယ်မျှင်ပါလေသည်။
မယ်မျှင်ကို မောင်မောင်တုတ်အား သတ်ခဲ့သူ ရွှေလှံဗိုလ်ကခေါ်လာပြီး နဂိုခံအဆိုအကကောင်းသူမို့ စုဖုရားလတ်ထံ အပ်လေရာ၊ စုဖုရားလတ်နှင့် ဘုရင်က အင်မတန်သဘောကျသည်ဟူသတတ်။ မောင်မောင်တုတ်က ဆင်ဖြင့်တင်၍ ခိုးခဲ့သူမို့
"ဆင်ခိုး" ဟု စုဖုရားလတ်ကခေါ်သည်။
ကွယ်လွန်ရှာသူ သူ့ပထမယောက်ျား လယ်တော်အုပ်က "မကလေး" ဟု ချစ်စနိုးခေါ်ခဲ့ဖူးသည်နှင့်ပေါင်း၍ နောင်သော် မြန်မာ့သဘင်လောကတွင် "ဆင်ခိုးမကလေး" ဟု ကျော်ကြားသော သဘင်ပညာသည်ဖြစ်လာခဲ့တော့သည်။
သီပေါနှင့်စုဖုရား ပါတော်မူသောအခါ ဆင်ခိုးမကလေးသည် ရတနာဂီရိအထိ လိုက်၍ဖျော်ဖြေခဲ့ဖူးသည်။ စိန်ဗေဒါ၏ဆိုင်းနှင့် ဒေဝဣန္ဒာ၏စောင်းနှင့် "ကိုယ့်အရှင်နှစ်ပါးကို ဖျော်ဖြေခွင့်ရပေသည်" ဆိုကာ ပြန်လာသည့်တိုင် မျက်ရည်မဆည်နိုင် အရှင်နှစ်ပါးအတွက် ကြည်နူး ဝမ်းနည်း ငိုကြွေးသော ဟူ၏။
သူ့ဘဝကို ဖျက်ခဲ့သော ပဒေသရာဇ်ကို သူမြင်ပုံကား တော်တော်ဆန်းကြယ်သည် ဆိုရမည်။ သို့မဟုတ် မဆန်းကြယ်ဟုလည်း တစ်ဖက်က ဆိုနိုင်ပြန်သေးသည်။ ဆင်ခိုးမလေးကဲ့သို့ နန်းတွင်းထဲမှာ အကြာကြီးနေခဲ့၍ နန်းတွင်းအကြောင်း နောဧကနောသည့် မောင်မောင်တုတ်၏ မယားသော်မှ ထိုဘုရင်နှင့်မိဖုရားနှစ်ပါးအပေါ် ထိုသဘောမျိုး ထားသေးသော် သာမန်ပြည်သူတို့က မည်သို့ သဘောထားမည် ထင်ပါသနည်း။
၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တက်၍ သီပေါဘုရင်ကို နန်းတော်အနောက်တံခါးမှ ထုတ်ကာ ဘီဒိုလှည်းဖြင့်တင်ခေါ်လေသောအခါ တိုင်းသူပြည်သား လူအများတို့သည် တို့အရှင်နှစ်ပါး ပါတော်မူပြီဟုဆိုကာ ရင်ဘတ်စည်တီး ငိုညည်းကြလေသည့်အဖြစ်ကို စာရှုသူလည်း သိမည်ပင်။
@ @ @
လူတို့၏ သဘောကား အင်မတန်ထူးဆန်းပေသည်။
ထိုသို့ မြန်မာ့နန်းတွင်းအချင်းချင်း သတ်ကြဖြတ်ကြအကြောင်းများနှင့် ဆက်စပ်၍ နောင်သော် သတင်းစာဆရာကြီး ဉီးညိုမြက သူ၏ "ကုန်းဘောင်ရှာပုံတော်" တွင်-
"မဒရပ်ပါမင်းမှာ ပါတော်မူပြီးနောက် မဒရပ်မှ ရတနာဂီရိသို့ ပို့ခံရပြီး မကျန်းမာ၍ ရိုးရိုးကွယ်လွန်ရသည်။ တရုတ်ပြေးမင်းနှင့် ဟံသာဝတီမင်းတို့ ကဲ့သို့ သေခြင်းဆိုးနှင့် မသေရခြင်းမှာ အင်္ဂလိပ်မင်းကျေးဇူးပေတည်း" ဟု ပုဂံဝန်ထောက်မင်း ဉီးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း ဒုတိယတွဲကို ကိုးကား ထောက်ဖော်ပြခဲ့ပေသည်။
ကျွန်တော်တို့ ထိုအမြင်မျိုး မြင်နိုင်ဖို့ တော်တော်အချိန်ယူခဲ့ရပေသည်။ လူတို့၏ သဘောကား တစ်သက်လုံးက ခေါင်းဆောင်ဘုရင်အမှတ်နှင့် ယုံမှတ်ကိုးကွယ်လာသူ လူတစ်စုအား မည်မျှပင်ဆိုးစေ မကောင်းမြင်ဖို့ရန် ခက်တတ်ပေသည်။
အောင်မျိုးသူလွင်
၁၉၊၀၅၊၂၀၁၉
တနင်္ဂနွေ

စာကိုး - (၁) ကုန်းဘောင်ရှာပုံတော် (ညိုမြ)
(၂) ဆင်ခိုးမကလေး (ဉီးသော်ဇင်)
(၃) ဒိုင်းခင်ခင် (စိမ့်- ပညာရေး)
(၄) မြန်မာဝေါဟာရအသွင်နှင့် စာပေအမြင် (မြကေတု)

No comments:

Post a Comment

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...