ဆံပင်ညှပ်ဆိုင်လေးထဲသို့ လှမ်းဝင်လိုက်သောအခါ ပထမ လေးအေးပေးစက်ကြောင့် ဖြစ်သော အနံ့နှင့် အေးမြမှုကို ခံစားရသည်။ ထို့နောက် လုံချည်အနီကို မြင်ရသည်။ မလာစဖူး ကောင်မလေး နှစ်ယောက် အထဲရောက်နေပါရော့လား။
ဒီဆိုင်လေးဟာ ကျွန်တော် ဆံပင်ညှပ်နေကျ အမျိုးသား ဆံပင်ညှပ်ဆိုင်။ အရင်ကဆို ဒီလိုမဟုတ်သေးခင်က ဒီဆိုင်လေးမှာ နေ့ခင်းဆို တော်တော်ပူသည်။ သပ်သပ်ရပ်ရပ်လည်း သိပ်မရှိ။ ဒီလိုနှင့် ခင်မင်ရင်းရှိလာသူ ဆံပင်ညှပ်ဆရာကို ကျွန်တော်က တိုက်တွန်းရင်း တိုက်တွန်းရင်း ဒီဆိုင်လေးဟာ အခုဆို အလူမီနီယံလျှောတံခါးနှင့် အပြင်မှ အတွင်းကို မြင်နိုင်ခက်သော မှန်အမည်းနှင့် တစ်ကောင်ခွဲ လေးအေးပေးစက်လေးနှင့် ဖြစ်လာသည်။ ဆိုင်လေးဟာ သပ်သပ်ရပ်ရပ်ဖြစ်လာသလို နေ့ခင်းတွေမှာ အေးအေးလူလူ နေနိုင်လာခြင်းနှင့်အတူ ဆံပင်ညှပ်ခလည်း နှစ်ရာ တက်သွားပြီး ယခင်ရှစ်ရာမှ ယခု တစ်ထောင်ကျပ် ဖြစ်လေပြီ။
ကျန်းမာရေးဘက်မှ မဟုတ်သော အမျိုးသမီးငယ်တစ်ယောက်ကို သူနာပြုများ ဝတ်သော အရောင်မျိုး လုံချည်အနီဖြင့် မြင်ရတာ ကျွန်တော့်မှာ အတန်ငယ်တော့ မျက်စိကလောပါသည်။ ကျွန်တော်သည် လက်ရှိဒီမြို့လေးက အစိုးရဆေးရုံမှာ ကျန်းမာရေး ဝန်ထမ်း။ ဒီဆိုင်လေးရဲ့ ပိုင်ရှင် ကိုထူးခင်က မြို့နယ်သွေးလှူအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်။ ဒီလိုနဲ့ ကိုထူးခင်နဲ့ ကျွန်တော် ခင်မင်လာရင်းက ကျွန်တော်ဟာ ကိုထူးခင်တို့ဆိုင်ရဲ့ဖောက်သည်ဖြစ်လာသလို၊ ကျွန်တော့် တိုက်တွန်းချက်တွေကြောင့် ကိုထူးခင်ရဲ့ ဆံပင်ညှပ်ဆိုင်လေး ဒီလိုဖြစ်လာရသည်။ အခု ဒီဆိုင်လေးထဲမှာ ကောင်မလေး ခပ်ငယ်ငယ်ကို လုံချည်အနီဖြင့် မြင်ရသည်။ အမှတ်တမဲ့ သူ့မျက်နှာကို စေ့ငုကြည့်မိတော့ ငယ်ဂုဏ်လေးနှင့် တန်အောင် တော်တော်လှရှာပါပေသည်။ လှတာကို လှရှာသည်ဟု ယခု ကျွန်တော်ဆိုမိရတာက သူလေးဟာ မျက်စိကလောစရာ လုံချည်အနီအပြင် အဲဒါနဲ့တွဲစပ်လို့ အထက်မှာ ဝတ်ထားတာက အဝါရောင်ခပ်အိုအို ခါးတိုလက်ပြတ် အင်္ကျီနှင့်။ အနီရဲရဲအခံမှာ အဝါရောင် ခပ်အိုအိုနှင့်တွဲဖက်ထားသော အရောင်အစပ်အဟပ်ဟာ ကျွန်တော့်မျက်စိမှာ ဘယ်လိုမှ ပဏာမရ။ သို့သော် ယခု ကျွန်တော့်လိုရင်းကား ဒီမိန်းမပျိုလေးရဲ့ အဝတ်လုံချည်ကို ဝေဖန်နေဖို့ထက် နေ့ခင်းတာဝန်ချိန် အမီ ဆံပင်ညှပ်ပြီးဖို့ပင်။
သာမန်ဈေးနေ့တစ်နေ့၏ ညနေဘက်လုသော နေ့လယ်ခင်းအချိန်မို့ ဆယ့်ငါးပေ ပတ်လည်မျှသာ ရှိမည့် ဆိုင်လေးထဲမှာ လူသူ ပါးရှားသည်။
ကျွန်တော် ဝင်လာတော့ ကိုထူးခင်က ဆံပင်ညှပ်သူများ ထိုင်သည့် မှန်ရှေ့ခုံမှာ ထိုင်ရင်း သူ့ဖုန်းကိုပွတ်နေသည်။ သူ့တပည့် မောင်မောင်စိုးက အဆိုပါ ကောင်မလေး နှစ်ယောက်နှင့် စကားလက်ဆုံ ပျော်ဝင်နေသည်။ တစ်ယောက်မှာ ကျွန်တော်ဖော်ပြခဲ့သလို လုံချည်အနီဝတ်နှင့် လှလှလေးဖြစ်ပြီး နောက်တစ်ယောက်မှာ ရွက်ကြမ်းရည်ကြိုမျှ သာမန်မိန်းခလေး တစ်ယောက်သာ။
"ဆရာ ရောက်လာတာ အတော်ပဲ၊ နို့မို့ရင် ကျွန်တော် အခုပဲ ထွက်တော့မလို့၊ အုတ်စက်ဘက် မိန်းမကို သွားကြိုမလို့လေ"
"အင်း သိနေတယ်လေ၊ ဒါကြောင့်ပဲ အချိန်မီရောက်လာရတာပဲ"
ကျွန်တော်က ကိုထူးခင် ခရီးဦးကြိုပြုသည်ကို ခပ်ရွှတ်ရွှတ် တုံ့ပြန်ရင်း သူ့ဘေးက ဆံပင်ညှပ်ခုံမှာ ဝင်ထိုင်လိုက်ပါသည်။
ဒီဆိုင်မှာ ဆံပင်ညှပ်ခုံလေးခု၊ ဆံပင်ညှပ်သမားက ကိုထူးခင်နဲ့ အခု စကားပြောနေသော သူ့တပည့်မောင်မောင်စိုးအပါဝင် နောက်မိုးကျော်ဆိုသော ကောင်လေးပါဆို ပေါင်းသုံးယောက်။ ဒီနေ့ မိုးကျော်ကို ဆိုင်ထဲမှာမတွေ့ရ။ သို့သော် ကိစ္စမရှိပါ။ ကျွန်တော် ဆံပင်ညှပ်သည့်အခါ သူတို့ဆရာ ကိုထူးခင်နှင့်သာ ညှပ်သည်။
ကျွန်တော် ဝင်လာတော့ မောင်မောင်စိုးတို့ စကားဝိုင်းလေး စဉ်းငယ်မျှ ဆိတ်သွားသည်။ ကျွန်တော့်ရှေ့မှန်ထဲမှ သူ့တို့ကို မြင်နိုင်ပြီး ဆိုင်ခန်းကျဉ်းကျဉ်းလေးမို့ သူတို့ပြောသမျှ ကြားနိုင်နေ၍ ကောင်မလေးများက ကျွန်တော့်ကို ရှိန်နေကြတာ ဖြစ်မည်။ ထို့ပြင် တစ်မူ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရိုးရိုးသားသား စကားပြောနေကြတာ မဟုတ်မှန်းလည်း ယခုဆိုင်ထဲကို ရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ကျွန်တော်က ရိပ်စားမိပြီး ဖြစ်နေပါပြီ။
လုံချည်အနီနဲ့ အလှလေးဟာ မောင်မောင်စိုးနှင့် 'လျောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင်' ဖြစ်ရမည်။ နောက်တစ်ယောက်သည် သူတို့နှစ်ဦးကြားက အကျိုးတော်ဆောင် အောင်သွယ်ဖြစ်ရမည်။ အောင်သွယ်က ကျွန်တော့်ကျောနောက်တည့်တည့် မောင်မောင်စိုးထိုင်နေသော ခုံတန်းမှာကပ်ထိုင်ပြီး ကောင်မလေးနဲ့ မောင်မောင်စိုးကြား စကားတွေပြောပြောပေးသည်။
ကောင်မလေးက ကျွန်တော့်ညာဘက် အနောက်နားကျကျ ခုံမှ သူတို့နှင့် အနည်းငယ် ခွာထိုင်နေရင်းက စကား တစ်ခွန်းစ နှစ်ခွန်းစ ဝင်ဝင်ပြောသည်။ သူတို့ ပြောနေကြတာ ရုပ်ရှင်မြန်မာကား အကြောင်းဖြစ်သည်။ ရုပ်ရှင်အကြောင်း ဆိုသော်လည်း ဆယ်ကျော်သက်တွေ တစ်ယောက်နှင့်တစ်ယောက် ရှိုးတိုးရှန့်တန့် ရင်းနှီးဖို့ ကြိုးစားပြော ပြောကြသော ရုပ်ရှင်းအကြောင်းမို့ ဟိုရောက်ဒီရောက်။ သူတို့အထဲမှာ အသက်အကြီးဆုံးဖြစ်မည့် မောင်မောင်စိုးရဲ့အသက်ဟာ ဆယ့်ကိုးနှစ်လောက်ဖြစ်မည်။ အနီလေးရဲ့ အသက်ကိုတော့ မောင်မောင်စိုးထက် နည်းနည်းငယ်မည် ခန့်မှန်းရပြီး အောင်သွယ်ကတော့ သူတို့နှစ်ယောက်လုံးထက် အနည်းငယ် ကြီးနေနိုင်သည်။
ယခု သေသေချာချာ ကြည့်မိတော့မှပင် အနီလေးဟာ တော်တော်တော့ လှသောကောင်မလေးဖြစ်တာ သတိထားမိပြီး ဟိုအကောင် မောင်မောင်စိုးနှင့်ပင် မတန်ဟု ထင်လာသလိုလို။ ကြည့်ပါဦး ကိုယ်တို့လူ မောင်မောင်စိုးဟာ ရုပ်ရည်တော့ သနရုပ်ပ ရှိပါရဲ့။ အရပ်က ငါးပေကျော်လှ သုံးလက်မပေါ့။ အသားကလည်း အခု ကောင်မလေးလို ဖြူဖြူဖွေးဖွေးဝင်းဝင်းဝါဝါ ဖြစ်ဖို့ထားဦး နဂို အညာညိုညိုသော အသားမှာ ပွဲဈေးတန်းက တက်တူးမျိုးတွေ လျှောက်ထိုးထားလိုက်သေးသည်။ ဆံပင်ပုံစံကလည်း ဆံပင်ညှပ်ဆိုင်က ကောင်လေးတို့ ထုံးစံ လူမညှပ်သော 'ကေ' နှင့်။
ကောင်မလေး အရပ်ဟာ သေချာပေါက် မောင်မောင်စိုးထက် မြင့်ရမည်။ ဖြူဖြူနုနု ကိုယ်လုံးကိုယ်ဖန်မှာ ရှိရမည့် အဖိုအရှိုက်လေးတွေ ပေါ်လွင်စွာ ရှိနေတာမို့ ယခု သူဝတ်ထားသော ပုံပန်းမကျ အဆင်အတွဲအဖက် အဝတ်တွေကိုဖယ်၊ သူ့ငယ်ဂုဏ်လေးကို ဖော်ပေးမည့် အဆင်မျိုးနှင့်သာ ယဉ်လိုက်ရလျှင် ဒီကောင်မလေးမျိုးဟာ မြင်သူမငေးတော့ အဲဒီလူဟာ ရဟန္တာနှင့် နွားတစ်ခုခုဟု တပ်အပ်စွဲရုံပင်။
သူကလေးရဲ့ ဥပဓိလေးလည်း ကောင်းသည်။ တစ်ချက်တစ်ချက် စကားပြောလိုက်လျှင် အနည်းငယ် ကြီးကြီးကျဲကျဲ ရှိသော သူ့ရှေ့သွားနှစ်ချောင်းကို သတိထားမိသည်။ သို့သော် ကိစ္စမရှိ။ သူ့ရည်းစားဟာ ဒါလေးတွေကို မြင်တတ်ပြီး ပြင်လည်းပြင်ပေးနိုင်လျှင် ဒီကောင်မလေးဟာ အင်မတိအင်မတန် လှလှလေး ဖြစ်လာပေမည်။ အခုလို တောပုံတောလက် အလှလေးမျိုးထက် အများကြီး ပေါ်လွင်လာပေမည်။
အနည်းဆုံးတော့ ဒီလို လှတပတ ကောင်မလေးမျိုးကို ပိုင်ဆိုင်မည့်သူမှာ အရပ်ငါးပေခွန်လောက် ရှိသင့်သည်ဟု တွေးမိသည့် တစ်ခဏ ထိုတဒင်္ဂဝယ် ကျွန်တော်သည် ကိုယ့်အတွေးကိုယ် အနည်းငယ် ရိပ်စားမိလာဟန်နှင့် ခပ်ရှက်ရှက် ပြုံးချလိုက်မိပါလေတော့သည်။
တကယ်တော့ ကျွန်တော်ဟာ ကောင်မလေးအပေါ် စိတ်ကူးဖဲရိုက်ရင်း ကိုယ့်အိမ်ကိုယ် 'တစ်' တွေချည်း လှိမ့်ဝေနေမိတော့တာကိုး။
လူတို့၏ အတွင်းစိတ်ကို အရောင်များဖြင့် ဖော်ပြသော ပညာရပ်တစ်ခုအကြောင်း ကျွန်တော် ကြားဖူးပါသည်။ ယခုလည်း ဆံပင်ညှပ်ခုံပေါ်မှာ ထိုင်ရင်း မှန်ထဲမှ သူတို့လေးတွေပုံရိပ်ကို ဖမ်းကာ စိတ်ကူးဖဲရိုက်နေသော ကျွန်တော့်အတွင်းစိတ် အရောင်များ၏ အလင်းပြန်မှုကို ကောင်မလေးသည် ကောင်းစွာ သိရှိသတိထားမိပုံပါ။ သူ့မျက်နှာမှာ မကျေနပ်ရိပ်လေးတွေ သန်းလာပြီးနောက် တမင်များ ခပ်ရွဲ့ရွဲ့ပြုလေသလောမသိ၊ သူ့မူရင်း ထိုင်နေရာမှ ဆတ်ခနဲ့ ရွှေ့ကာ အောင်သွယ်နှင့် မောင်မောင်စိုးတို့ နှစ်ယောက်ကြား စွေ့ခနဲ့ ဝင်ထိုင်လိုက်ပါတော့သည်။
ထို့နောက်တော့ ကောင်မလေးက ဦးဆောင်ပြီး မောင်မောင်စိုးကို စကားတွေ တသောသော ပြောသည်။ သို့သော် ဘယ်မျှပင် ကျွန်တော့်ကိုရွဲ့လို့ စကားတို့ တသောသော ဆိုသည်ရှိဦး ဆယ်ကျော်သက် ဒီကောင်မလေးရဲ့ ရွဲ့လုံးလေးတွေဟာ သိသာစွာမရှိ၊ ချစ်စရာအတိ၊ တရိရိသာပင်။
သူသည် မောင်မောင်စိုးရဲ့ လက်ကိုကိုင်ယူကြည့်ပြီး တက်တူးတွေကို စိတ်ဝင်စားဟန်
"ဒါတွေ ထိုးတော့ နာလားဟင်" ဟု မေး၏။
"ဒီလိုပဲ အောင့်ခံရတာပေါ့"
ကျွန်တော်မှာ မောင်မောင်စိုးအဖြေကို ကြားပြီး ပြုံးရမလိုလို ဖြစ်မိသေးသည်။
နောက်တော့ မောင်မောင်စိုးက စာရေးသော ဘောပင်အနက်ယူပြီး
"လာ နင့်ကို ငါတက်တူးထိုးပေးမယ်" ဆိုပြီး ကောင်မလေးလက်မှာ အရုပ်ရေးပါတော့သည်။ ဒီတော့ခါကျလည်း ကောင်မလေးဟာ ကျွန်တော်သူ့ကို အမှတ်တမဲ့ကြည့်မိသော စိတ်ဝင်စားကြည့်ကို ခပ်ရွဲ့ရွဲ့လုပ်ရာမှ အရှိန်ပါလေသလားမသိ၊ ခေါင်းညိတ်ကာ ကြည်ကြည်ဖြူဖြူ လက်ထိုးပေးပါ လေတော့သည်။
ရှေးသရောအခါက စစ်ကိုင်း ကောင်းမှုတော် ဘုရားကြီးပေါ်တွင် ဆီမီးကပ်လှူသူတို့အတွက် ဆီမီးဆီရောင်းသော ဆီသည်တစ်ယောက်သည် မတော်တဆ ဘုရားရင်ပြင်ပေါ် ချော်လဲပြီး ဆီအိုးကြီးကျကွဲလေရာ ယူကျုံးမရတော့သော သူ့ဆီများကို တစိမ့်စိမ့် ကြည့်ရင်းက ဘုရားကိုလက်အုပ်ချီကာ "အရှင်ဘုရား ဒီကနေ့ ဘုရားတပည့်တော်ထံက ဆီတွေအကုန်လုံး အရှင်ဘုရားထံ ပေးလှူပါတယ် ဘုရား" ဟု ယတိပြတ် လှူလိုက်ဖူးသည် ဆိုရာ ယခု ကျွန်တော်မှာလည်း ကိုယ့်ကျေးဇူးကြောင့် ကောင်မလေးနှင့် မောင်မောင်စိုး အဆင်ပြေသွားကြခြင်းအပေါ် ထိုဆီသည်မ၏ စိတ်မျိုးဖြင့် မုဒိတာ ဖြစ်မိရပါသေးသည်။
သူတို့သည် တစ်ယောက်လက်ပေါ် တစ်ယောက် ပုံလေးတွေဆွဲကြရင်း ငယ်ရွယ်သူတို့ဘာဝ အတွေ့အထိကို မထိတရိ သာယာခံစားရင်း အသံလေးများပင် ထွက်အောင်ကြည်နူးနေကြသည်။ ကျွန်တော်က အမှတ်တမဲ့ မနေနိုင်မထိုင်နိုင် ကောင်မလေးကို မှန်ထဲမှ ခိုးခိုးငေးမိသောအခါ မောင်မောင်စိုးလေးမှာ သူ့အာရုံနှင့်သူ ဘယ်လိုပင် သတိမထားမိသော်လည်း မကြာမကြာ မျက်လွှာလှန်ကြည့်တတ်သော ကလေးမနှင့် မျက်လုံးချင်းဆုံတိုင်း မျက်စောင်းလေးခဲတာကို ခံရပါသေးသည်။ ဪ… သူလေးတို့အရွယ်ဟာ ကိုယ့်အရွယ်ယောက်ျားကို စိတ်ဝင်စားဖို့ ဘယ်စဉ်းစားဦးမလဲလေ။ ရွယ်တူတွေချင်းသာ ပလဲနဲ့ နံပ ဖြစ်ကြပေမပေါ့။ ဤသည်မှာလည်း စောစောက ဆီသည်မ၏ စိတ်မျိုးဖြင့် တွေးသော အတွေးဖြစ်ကြောင်း ကျွန်တော်က ရှက်ရှက်နှင့် ဝန်ခံဖို့ အသင့်ရှိပါသည်။
"ကိုကြီးထူး"
ခေါ်သံနှင့်အတူ အပေါက်ဝမှန် လျောတံခါးပွင့်လာပြီး ဂျင်းဘောင်းဘီနှင့် တီရှပ်ကို ပုံပန်းကျကျ ဝတ်ထားသော အသက်အစိတ်ခန့် ကောင်လေးတစ်ယောက် ဝင်လာသည်။
"ဘယ်နှဂေါင်း ကျန်သေးတုန်းဗျ"
အို… ဘယ်နှယ့်ကောင်ပါလိမ့်။ ငါဆံပင်ညှပ်နေတာ မြင်သားနဲ့ ဘယ်နှခေါင်းကျန်သေးတုန်းဆိုတော့ကာ ဒီကောင်လေးစကားဟာ တကယ့် မထော်မနမ်းပါ။
ဒီလိုအတွေးဝင်လာခြင်းနဲ့ အတူ သူ့ကို မကျေနပ်ကြည့်ကြည့်မိတော့ ဒီကလေးဟာ ဖော်ဖော်ရွေရွေပါ။ ကျွန်တော့်ကို ရင်းရင်းနှီးနှီး ပြုံးပြ နှုတ်ဆက်သည်။
ပြီးတော့အခါကျ ကျွန်တော်ဆံပင် ညှပ်လက်စခုံရဲ့ ညာဘက်ဘေးခုံမှာ ဝင်ထိုင်ပြီး ဘီးတစ်ချောင်းယူကာ သူ့ဆံပင်သူ 'သ' နေတော့သည်။ သူ 'သ' မည်ဆိုလည်း 'သ' လောက်စရာ သူရုပ်ရည်၊ သူ့ဟန်ပန် အမူအရာတွေက ရုပ်ရှင်မင်းသား များလို ဓာတ်ပုံစားမည့် ရုပ်ရည်မျိုးပင်။
နောက်တော့ ကောင်လေးသည် ကျွန်တော့်ကိုရော ကိုထူးခင်နှင့်ပါ စကားတွေ စစ စစ ပြောရင်း တစ်ဖက်ခုံမှာ ထိုင်နေတော့သည်။ ထိုကောင်လေး ဆိုင်ထဲဝင်လာသည်မှစ ယခုထိုင်နေကာ စကားပြောနေကြမိသော အချိန်အထိသည် ယခုစာကို ဖတ်နေရသလောက် မကြာပါ။
ကျွန်တော် အာရုံပြောင်းပြီး အနီမလေးကို ပြန်ကြည့်မိသောအခါ ကောင်မလေးဟာ အရင်လို ကြည်နူးသော ရှက်ဝဲဝဲ အမူအရာမျိုး မရှိတော့။ အခုကျ ဒီကလေးမဟာ သူ့လက်က မောင်မောင်စိုး ဆွဲပေးထားသော မှင်တက်တူးပုံမျာကို အဟုတ်ရှက်သလိုလို မသိမသာ ဖျက်ပစ်နေသည်။ ထို့နောက် ရေဆာသလိုလို ရေထသောက်ပြီးနောက် မောင်မောင်စိုးဘေးမှာ မထိုင်တော့ဘဲ အောင်သွယ်မလေး ဘေးမှာ ဝင်ထိုင်သည်။ အနေအထားက သူတို့နှစ်ယောက်ကြားမှာ အောင်သွယ်မလေးပြန်ရောက်သွားခြင်းပင်။
စောစောက သာယာကြည်နူး သံလေးတွေ တဖြည်းဖြည်းချင်း ဆိတ်လာသည်။ မောင်မောင်စိုး စတာကို အရင်လို ကောင်မလေးက လိုလိုလားလား မတုံ့ပြန်တော့ပါ။ ဒါကို ကြည်နူးမှု ရေချိန်လွန်နေသော မောင်မောင်စိုးက မရိပ်စားမိသော်လည်း ဒီအနီမလေးကို မကြာမကြာ အကြည့်ရောက်မိသော ကျွန်တော်က ကောင်းကောင်း သတိထားမိလာချိန်၊ ကောင်မလေးရဲ့ အရင်လို မျက်လုံးလှန်ကြည့်သော အကြည့်တွေဟာ ကျွန်တော့်ညာဘက် ခပ်ယွန်းယွန်းကိုတောင် လွှဲသွားပေါ့။ ကိုယ့်ဘေးက ကောင်လေးကတော့ ဒါကိုပင် တမင်သက်သက် သတိမထားမိသလိုလိုပါ။ ပြောလက်စ စကားတွေကိုတောင် ပိုအားပါးတရ ပြောလို့။ သို့သော် "သူခိုးချင်း ခြေသံကြားသည်" ဟု ဆိုကြသော လောကဝယ် ဤဆံပင်ညှပ်ဆိုင်အတွင်း (ကိုထူးခင်ကို ဖယ်၍) သုံးဦးသော ဖိုသတ္တဝါသူခိုးတို့ဝယ် ခိုးသက်အရင့်ဆုံး ဤသူခိုးကြီးက သူတို့ ခြေသံကို ကောင်းကောင်း နားကျက်မိပါသည်။
"မသွယ် ပြန်ကြစို့နော်၊ မမကြီးမျှော်နေရော့မယ်"
ကောင်မလေးက အောင်သွယ်ကို ပြန်ကြဖို့ပြောသည်။
"ပြန်တော့မှာလားအေ၊ ညည်းပဲ လာချင်တော့လည်း မရမက"
အောင်သွယ်က အလိုက်ကန်းဆိုးမသိ ထင်ရာမြင်ရာကို စွတ်ပို့သည်။
ဒီမှာ ပိုရှက်သွားသော အနီမလေးက
"ဆိုင်မှာ အပ်ထည်တွေလာရွေးဖို့ရှိတယ်လေ မသွယ်ကလဲ"
ဟု ပြောရင်း တစ်ဆက်တည်း
"ကိုကြီးထူးကို မမကြီးက ဆိုင်ဘက် အလည်မလာလို့တဲ့ ပြောနေတာ" ဟု ကိုထူးခင်ကိုပါ နှုတ်ဆက်ပြောပြော သွားလိုက်ပါသေးသည်။
အနီမလေး ပြောသွားသော စကားရဲ့ ပကတိအနက် ကျော်၍ လိုရင်းအနက်အထိ တွေးယူလိုက်သောအခါ သူသည် ဒီဈေးထဲက စက်ချုပ်ဆိုင်တစ်ခုမှာ အလုပ်လုပ်သည်။ ထိုစက်ချုပ်ဆိုင်ကို ကိုထူးခင်က ကောင်းကောင်းရင်းနှီးသည် ဟူ၍ ဖြစ်ပါသည်။ ဤကား ကျွန်တော်ကြားလိုက်သော "ခြေသံ" ဖြစ်သတည်း။
ကောင်မလေးသည် ထိုခြေသံကို မောင်မောင်စိုးအတွက် ပေးတာတော့ မဖြစ်နိုင်။ မောင်မောင်စိုးနဲ့ ကောင်မလေးဟာ အတွင်းသိ အစင်းသိ သိပြီးဖြစ်ရပေမည်။ အနို့ဆိုလျှင် ဒီကောင်မလေးပေးလိုက်သော ခြေသံကို သူကြားစေလိုသူ ကောင်ကလေးက ကြားပါရဲ့လား။ ကျွန်တော်ကတော့ ကြားလိုက်မိ သလိုလို သေချာပါသည်။
သူလေး ဆိုင်ထဲကထွက်သွားတော့ မှန်လျှောတံခါးကို ပြန်တွန်းအပိတ်မှာ ခါးတိုအင်္ကျီနှင့် လုံချည်အနီအစပ်က ခါးသားလေး ဝင်းခနဲ့လက်သွားလိုက်ခြင်းမှာ ဒီကောင်မလေး အင်္ကျီလုံချည်ကို ဒီထက် အရောင်အတွဲအစပ်မိမိ ဝတ်တတ်လျှင် ပိုလှမည်ဟု တွေးမိပြီး သူလေးကို စိတ်ကူးနှင့် အဝတ်အစားတွေ ဆင်နေမိပြန်သည်။ စိတ်တို့၏ သဘောကား လက်ဖျစ်တတွတ်အတွင်း ကုဋေတစ်သိန်းတောင် ဖြစ်တတ်ပျက်တတ်ရဲ့ ဆိုသမို့လား။
တစ်ဆက်တည်းပင် ကိုယ်ဝတ်ထားသော အင်္ကျီကို ပြန်ကြည့်မိရင်းက ကိုယ့်မှာ နေ့စဉ်နှင့်အမျှ အသင့်ချုပ်ပြီး အထည်တွေ ဝယ်ဝတ်ရတာ စိတ်ကုန်လာသလိုလိုပါ။
အောင်မျိုးသူလွင်
၁၉၊၁၁၊၂၀၁၇
တနင်္ဂနွေ
ည ၀၇း၂၂
No comments:
Post a Comment