Aungmyothu Lwin

Aungmyothu Lwin
Facebook

Thursday, October 15, 2015

ရုပ်သေး



"ချစ်စု နင် ဒီမုန့်စားလိုက်တော့၊ ရက်လည်း လွန်နေပြီ၊ လွင့်ပစ်ရမယ့် အတူတူ နင်ပဲစားလိုက်တော့နော်"

ဘေးလူကြားလို့တောင် မကောင်းတဲ့ စကားကို အခုလို ခပ်ကျယ် ကျယ်လေးပြောဖို့ ကေ ရန်ကုန်ကိုလာကတည်းက လမ်းမှာ ဒီမုန့်ထုပ်တွေကို တံဆိပ်တွေ ခွာပစ်ခဲ့ရတာလေ။ နောက်တော့ မုန့်လေးတွေ ကြေသွားအောင် နည်းနည်းဖိချေပြီး လူမြင်မတင့်အောင်လည်း လုပ်ခဲ့ရသေးတာပေါ့။ တကယ်လို့ ဒီလိုလုပ်တာသာ မေမေ သိရင် ကေ့ကို ဆူမှာဖြစ်ပြီး၊ အခု ကေပြောတဲ့ စကားကိုသာ သူစိမ်းတစ်ယောက်နားမှာ ကြားရင်တော့ ကေ့နှလုံးသားကို တံဆိပ်တွေ အမျိုးမျိုး ကပ်ကြမယ် ထင်ပါရဲ့။

ဒါပေမယ့် ကေကလေ၊ ဘေးအမြင်တွေလည်း မမှုပါဘူး။ မနက် မနက် ဈေးဝယ်ထွက်လို့ ဈေးဆိုင်တစ်ခုခုက ပစ္စည်းတစ်ခုခု ဘေးမှာ ကျနေတာ အမြင်မတော်ရင် ကေက ကောက်ယူပြီး တင်ပေးလိုက်တာပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ သူတို့ပစ္စည်းကို အမှတ်တမဲ့ ကောက်တာမြင်တဲ့ တချို့ဆိုင်ရှင်တွေက အကြည့်တစ်မျိုးနဲ့ ကြည့်တာလည်း ရှိတာပေါ့။ ကေ့ လုပ်ရပ်အတွက် ကျေးဇူးတင်တင်၊ အထင်လွဲလွဲ ကေကတော့ သူတို့ ပစ္စည်းကို ဘေးကျနေလို့ ကောက်ပေးတာပဲ မို့ လိပ်ပြာသန့်ပါတယ်။
တစ်ခါတလေဆို ကေ မစားချင်တဲ့ အသားဟင်းတွေ သုံးလေးဖတ် ကေ့ ထမင်းပန်းကန်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ဟင်းရည်နဲ့ နည်းနည်း နယ်ဖတ်၊ ဟန်ပြလေးစားပြီးတော့ "စားလို့လည်းမကောင်းဘူး ချစ်စု ရယ် သွန်ပစ်ရမယ့် အတူတူ နင်စားလိုက်တော့" ဆိုပြီး ကေကတော့ ချစ်စုကို ကျွေးပစ်မိ လိုက်တာပဲ။ ချစ်စုက ဒီအိမ်မှာ ပင်ပန်းတယ်လေ။ ဒါပေမယ့် မေမေဆိုတာလည်း ကေ့ကို မွေးထားတဲ့ မေမေပဲမို့ တစ်ခါက နှစ်ခါဆိုတော့ ရိပ်မိတာမျိုး ရှိတာပေါ့။ 

"ကောင်မလေး နင်စားမယ်ဆိုမှ အသားဟင်းကိုနင့် ပန်းကန်ထဲထည့်" တဲ့။

ကေ အသားမကြိုက်တာ မေမေသိတာကိုး။

ဒါတွေတွေးမိရင် ကေ ဝမ်းနည်းလိုက်တာ တကယ်ပဲ။ ဒီ အမေ၊ ဒီ မိသားစု၊ ဒီမောင်လေးတွေကြားမှာ ဒီစိတ်ဓါတ် ကြမ်းကြမ်းကြီးတွေ ဘယ်ကြောင့် ခိုအောင်းနေတာလဲလို့ ကေ ခဏခဏတွေးတယ်။ ဆယ့်လေး နှစ်လောက် ကလေးသာသာ ကောင်မလေးကို တစ်အိမ်လုံးက အလုပ်တွေ ခိုင်းရက်ကြတယ်။ တစ်ခုခု လုပ်တာမှားရင် သူ့ခမျာ အရိုက်ခံရသေးရဲ့။ ကေတို့ ထမင်းစားရင် သူ့ကို အတူတူ မကျွေးဘူး။ သူစားရတာက စားပွဲနဲ့ မဟုတ်၊ ကြမ်းပြင်ပေါ်မှာလေ။
"မမရယ် ချစ်စုကိုကလည်း အ ပါတယ်" တဲ့။

ချစ်စုက တစ်ခါ တခါ စိတ်လိုလက်ရ ရှိရင် ဒီလိုပြောတာ။ သူ ဒီလိုပြောရဲတာ ဆိုလို့လည်း တစ်အိမ်လုံးမှာ ကေ တစ်ယောက်ပဲ ရှိတာပါ။ ချစ်စု ရောက်ခါစ သုံးလေးလလောက် မေမေ ရိုက်တာ ခဏခဏ ခံရတယ်။ လျှပ်စစ် ထမင်းပေါင်းအိုးကို ဘယ်လို ချက်ရတယ်ဆိုတာ သုံးလလောက်သင်တာကို ချစ်စုက မတတ်ဘူးလေ။ ဆန်ကို ရေဘယ်လောက်ထည့်ပြီး ဘယ်အချိုးအစားနဲ့ ထည့်ပါဆိုတာ ချစ်စု ကို သင်လို့ရတယ်။ ဒါပေမယ့် ချစ်စုမမှတ်မိတာ ထမင်းပေါင်းအိုးရဲ့ အတွင်းအိုးဆံထဲကို ဆန်ထည့်ချက်ရမှာကို ဆန်ဆေးပြီးတိုင်း အိုးခွံထဲဒီအတိုင်း လောင်းလောင်းထည့်လိုက် မိတတ်တာပါပဲ။

တစ်ခါက နှစ်ခါ သင်တာ မတတ်တော့ မေမေက ဒီကောင်မလေး ငါ့ကို ရွဲ့တယ်ပေါ့။ မေမေ ဒီလိုထင်တိုင်း ချစ်စု ခမျာ အရိုက်ခံရရှာတယ်။ နောက်တော့ ကေက သေချာသင်ပေးပါတယ်။ ဒါတောင် သုံးလလောက် သင်ရတယ်ဆိုတော့ ချစ်စုကို အူတယ်လို့ တချို့က ဆိုမလားပဲ။ ချစ်စုကလည်း ထုံပေပေရယ်။
အဝတ်လျှော်ပြီးလို့ လှန်းထားတာ ရေစက်စက်တွေ့ရင် ရေပြောင်အောင် မညှစ်ဘူးဆိုပြီး မေမေက ဆူတယ်။ ပြောင်နေအောင် သူ့အားလေးနဲ့ တအားညှစ်နေတာကို မောင်လေးတွေတွေ့ရင် "နင်အဲလောက် ညှစ်နေမှတော့ ငါ့တို့ အင်္ကျီတွေ နာကုန်မှာပေါ့ဟဲ့၊ 'သူခိုး နွားကောင်းမသိ' လုပ်ရမလား" ဆိုပြီး အဆူခံရပြန်ရော။
တစ်ယောက်က အဝတ်ကို နေပူထဲလှန်းရင် အရောင်လွင့်မယ် ပြောချိန်မှာ၊ နောက်တစ်ယောက် ဝင်လာချိန်ကျ မခြောက်မှာ စိုးလို့ ဆူပြန်သတဲ့။ ဒီလိုပဲ အင်္ကျီလေးတစ်ခုကို အတွင်း အပြင် ပြောင်းပြန်လှန်းထားမိရင် အပျင်းသလိုက် လုပ်တယ်လို့ မောင်လေးတွေ ဆူချိန်မှာ၊ အတည့်အတိုင်းလှန်းရင် အရောင်လွင့်တယ်လို့ မေမေက ဆူပြန်ရော။ ဒီလိုကလေးမျိုးမှ မအူ၊ မထုံရင် ဘယ်ကလေး အူမလဲလေ နော်။

အူ တယ်၊ အ တယ်ဆိုတာ ချစ်စုမှ မဟုတ်ပါဘူး။ ကေ လည်းလေ တစ်ခါတလေကျ ခပ်အူအူပဲရယ်။ ကေ့ဘဝမှာ တစ်ခါဖူးမှ ကေ့စိတ် ကေ့သဘောနဲ့ ဆုံးဖြတ်ချက်ချ လုပ်ခဲ့ဖူးတာ ဘာမှ မရှိပါဘူး။ ကေ တစ်နေရာရာ သွားချင်ရင် အိမ်က ကားနဲ့လိုက်ပို့တယ်။ ကေလိုချင်တာရှိရင် မိဘတွေကို ပူဆာလိုက်တယ်။

စကားအလျှဉ်းသင့်လို့ ကေ သိပ်ပူဆာ တတ်တဲ့အကြောင်း ပြောရဦးမယ်။ ကေ အရုပ်လေး တစ်ခု လိုချင်တယ်ဆိုပါစို့။ မေမေ့ကို အဲဒါလေး ဝယ်ပေးလို့ ကေက မပြောသေးဘူး။ အိမ်ပြန်ရောက်ပြီဆိုမှ မျက်နှာထားကို ခပ်တည်တည်လေး ကေ နေလိုက်တယ်။ ကေ့ မျက်နှာ ညိုနေလို့ မေမေမေးပြီဆိုတော့မှ

"မေမေရယ် စောစောကလေ ဟိုဆိုင်က အရုပ်ကလေးတွေက ပြောတယ်၊ မမတို့ အိမ်ကသိပ် သာယာမှာပဲနော်တဲ့၊ သားတို့လေ မမတို့အိမ်ကို သိပ်လိုက်ချင်တာပဲ တဲ့၊ အဲဒါ ကေ ကလေ မမကတော့ ခေါ်ချင်ပါတယ်ကွယ်၊ ဒါပေမယ့် မမ မေမေက ခွင့်ပြုမှ ခေါ်လို့ရမှာကွဲ့၊ အဲဒါ မမ မေမေကို သွားပြောနော်ဆိုတော့ သူတို့က မေမေ့မျက်နှာကြီးကိုကြည့်ပြီး မပြောရဲလို့တဲ့ နေခဲ့ကြရှာတယ်" လို့ ကေက ချွဲချွဲနွဲ့နွဲ့ ပြောရင် ခပ်တည်တည် မေမေ့ မျက်နှာကြီး တဟားဟား ထရယ်ပြီး ကေ့ကို ပိုက်ဆံထုတ်ပေးတာပဲ။ ကေလိုချင်တာဆို ကေ က အဲလိုပူဆာတာ။

ဒါပေမယ့် မေမေက ကေ မလိုချင်တာတွေလည်း ကေ့ဘဝထဲကို ဇွတ် ထည့်ပေးတာပါပဲ။

ကေ အခုထိ ကိုသီဟ ကို ဘယ်လိုသဘောထားရမှန်းကို မသိဘူးရယ်။ သူဆိုးလားဆိုတော့ အိမ်မှာဆို ကေ့ကို အကုန်အလိုလိုက်တယ်။ ဒါပေမယ့် ကိုသီဟကြီးဟာလည်း မေမေတို့လိုပဲ။ ကေဘယ်သွားသွား သူမပါရင် အဖော်တစ်ယောက် ထည့်လွှတ်တယ်။ ကေ ဘာဝယ်ဝယ် သူက ဘေးကနေ ကေဝယ်သမျှတွေ အကုန် မနိုင်မနင်းဆွဲလို့။ ကြာတော့ ဘေးလူအမြင်မှာ ကေ ပဲ ယောင်္ကျားကို စီးပိုးနေတဲ့ လူလိုလိုကြီး။ ကေ စိတ်ညစ်တယ်။ မေမေဆို ကေ တက္ကသိုလ်စတက်တုန်းကတောင် ကားနဲ့ လိုက်ပို့သေးတာ။ ကြာတော့ ကေက ရှက်လွန်းမက ရှက်လို့ တော်ပါတော့ မေမေရယ်၊ မေမေပါရင် သမီး ကျောင်းမတက်တော့ဘူးဆိုမှ ကေ့ဖာသာ သွားတက်ခွင့်ရတယ်။

အိမ်ကလူတွေက ကေ့ကိုဆို အထင်လည်း မကြီးကြပါဘူး။ ကေလုပ်သမျှ တစ်ခုမှ အကောင်းမထင်သလို ကေထားသမျှ ရည်းစားလည်း တစ်ယောက်မှ ကောင်းတယ်မပြောဘူး။ ထားသမျှ ရည်းစားဆိုလို့ မှတ်မှတ်ရရ နှစ်ယောက်လားပဲ ကေထားဖူးပါတယ်။ ပထမတစ်ယောက်တော့ မေမေကြောင့် ပြတ်ကရော။ ဒုတိယ တစ်ယောက်နဲ့ ဖြစ်စမှာပဲ ကေ့ကို ကိုသီဟနဲ့ အိမ်ထောင်ချပေးလိုက်တယ်လေ။ ကေကတော့လေ မေမေတို့ စိတ်ချမ်းသာ ဖို့ဆို အကုန်လိုက်လျှောတာ အကျင့်လိုကို ဖြစ်နေပါပြီ။

အခုချိန်ထိ ကေ့ ဘဝမှာ အဝတ်အစားကိုတောင် ကေ့ဆုံးဖြတ်ချက်နဲ့ ကေ မဝတ်ရဘူးလေ။ ဟိုဟာ ဝတ်တော့ တိုပြန်တယ်၊ ဒီဟာဝတ်တော့ လည်ဟိုက်သတဲ့။ တစ်ခါတလေလည်း အခြားကောင်မလေးတွေ ဝတ်တော့ကျ ကြည့်ပြီး ကေ ဝတ်မှ ဘာလို့ လိုက်ပိတ်ပင်နေကြတာတုန်းလို့ ကေက ပြန်မေးချင်မိတယ်။

"နင်က ငတ်မှ မငတ်ဖူးတာကိုးဟဲ့၊ ငတ်တာကို ဘယ်နားလည်မတုန်း၊ ငါတို့က နင့်ကို မကောင်းတဲ့ လမ်းပို့တာမှ မဟုတ်တာ" တဲ့။ မေမေရယ်၊ ဖေဖေရှာထားတဲ့ ပိုက်ဆံတွေ ဒီလောက်များတာများ ကေ ငတ်စရာလားလို့ တစ်ခါတလေ ကေ မေးချင်တယ်။ ကေ တို့ ဆင်းရဲနေတာမှ မဟုတ်တာ၊ ဘာကြောင့် ကေမသိတဲ့ ဒီလူကြီးနဲ့ ကေ့ကို ပေးစားမှန်း ကေ မတွေးတတ်ဘူး။ သူက လူဆိုးမဟုတ်ပေမယ့်၊ မေမေတို့နဲ့ ဘာမှမထူးတဲ့ လူတစ်ယောက်ပဲလေ။ ကေ့ကို လှောင်ချိုင့်ထဲ သူ ထားချင်တယ်။ ဒါကြောင့်ပဲ ကို သီဟရဲ့ မန္တလေးအိမ် လှောင်ချိုင့်မှာ နေရတာရိုးလာတဲ့အခါ မေမေတို့ ရန်ကုန်အိမ် လှောင်ချိုင့်ကို မကြာခဏ အလည်လာတာပေါ့။ ကေ့ဘဝက လှောင်ချိုင့်နှစ်ခု ကူးလူးနေရတာလေ။

ချစ်စုက စာလည်း မတတ်ရှာပါဘူး။ အဲဒါ ကေက ချစ်စုကို ကေ မေမေတို့အိမ်မှာ ရှိနေဖြစ်တဲ့အခါ သူအားတုန်းလေး စာသင်ပေးတယ်။ အခုဆို ချစ်စုက ကေ့နာမည်ကိုတောင် နည်းနည်းရေးတတ်နေပြီလေ။ အဲလိုရေးပြတော့ ကေပျော်လိုက်တာ။ ဒါပေမယ့် ဘာလို့လဲတော့ မသိ၊ သူရေးတတ်တာ အဲဒီနာမည်တစ်ခုပဲ။ အခုဆို ချစ်စု နာရီလည်း ကြည့်တတ်ပြီ။ အဲဒါလည်း ကေသင်ပေးတာလေ။

မောင်လေးတွေ ဆိုးသမျှ၊ မေမေနှိမ်သမျှ ချစ်စုက ကေ့ကိုတော့ ချစ်ရှာတယ်။ ဒါကြောင့်လည်း တစ်ခါတခါ ချစ်စု အပြစ်လုပ်ရင် ကေမပြောဘူး။ စားပွဲပေါ် ပိုက်ဆံအလွယ်ထားရင် ချစ်စုက မသိအောင် ယူထားတတ်သလို၊ မုန့်တွေဘာတွေ အထူးအဆန်းလည်း သူက စားချင်ရှာတယ်ထင်ရဲ့၊ လွယ်လွယ်ထားရင် မသိအောင် ယူစားတယ်။ ကေ ကတော့ အကျင့်ပျက်တာ မကြိုက်ပေမယ့် ဘာမှ မပြောပါဘူး၊ ချစ်စု အဆူ၊ အရိုက်ခံရမှာ စိုးတယ်လေ။ 

"နင် အဲလို ကြပ်ကြပ်အလိုလိုက် ဟိုက ခေါင်းပေါ်တက်နင်းသွားမယ်" တဲ့။

မေမေ့ စိတ်တွေက သိပ်ကြမ်းတာပဲ။ မေမေ့ကို ကြည့်ပြီး တစ်ခါတလေ ကေ မျက်ရည်ကျတယ်။ အရာရာ သူ့စိတ် သူ့ဆန္ဒ၊ သူ့သဘောမှ မလိုက်နာရင် အကုန်ပွဲကြမ်းတာပဲ။ ခိုင်းတဲ့ အလုပ်တွေမပြီးရင် ချစ်စုကို ညစာ ထမင်းမကျွေးတာလည်း ရှိသေးရဲ့။ မေမေရယ် လူတစ်ယောက်ကို အဲလို မလုပ်ပါနဲ့လို့ ကေက ဒေါသထွက်ထွက်နဲ့ ဝင်ပြောတော့၊ မေမေရော မောင်လေးတွေရောက တက်ညီလက်ညီ ကေ့ကို အိမ်ပေါ်က မောင်းချကြတယ်လေ။ ကိုသီဟ ဆီပြန်ပေါ့။ ကေ့ဘဝက ဘယ်သွားသွား ဘာမှ မထူးပါဘူးလေ။ ဟိုလှောင်အိမ်၊ သည် လှောင်အိမ်၊ ဒီလိုပဲ ကြိတ်မှိတ် မျိုသိပ်ပေါ့။

အိမ်မှာ ပိုတဲ့ ဟင်းတောင် ဒီကလေးကို မကျွေးချင်လောက်အောင် ဘယ်စိတ်တွေကများ မေမေနဲ့ မောင်လေးတွေကို လွှမ်းမိုးထားလေသလဲ။ ကေ က အဲဒါကို မေးရင် "သူ့အိမ်မှာလည်း ဒါမျိုးစားရတာ မဟုတ်ဘူး၊ ဒါမစားရလို့ သူ့မှာ ဘာမှ မထူးဘူး" တဲ့လေ။

 ကေ လေ သူတို့ အစားဝမ်းနည်းလိုက်တာ။ ဒီစိတ်ကြီးကို မရှက်ကြ တော့ဘူးလား။ ဒါကြောင့် ကေ ချစ်စုကို တစ်ခုခု ကျွေးချင်ရင် လွှင့်ပစ်ရမယ့် အတူတူဆိုတဲ့ ပုံမျိုးဖြစ်အောင် အစားအသောက်ကို ရုပ်ဖျက်ရတာ။ ဒီအတွက် ကေကသာ စိတ်မကောင်း ဖြစ်နေတာ ချစ်စုကတော့ ဘယ်လို ရုပ်ဖျက်ထားထား ဂရုမထားပဲ အားပါးတရတော့ စားသား။
တစ်နေ့ကတော့ ကေ့မောင်လေးတစ်ယောက်က ရိုက်လိုက်လို့ ချစ်စု မျက်နှာဖူးယောင်လာတယ်။ ကေလေ စိတ်မကောင်းလိုက်တာ။ အဝေးက ဖေဖေ့ကို ကေလှမ်းတိုင်လည်း ဖေဖေမှ ဒီအိမ်မှာ အမြဲတမ်းလာမနေ နိုင်သေးတာ။ တစ်အိမ်လုံးနဲ့ တစ်ယောက် ကေ ရန်ဖြစ်ပစ်လိုက်မိတယ်။ မေမေက ထုံးစံအတိုင်း ကေ့ကို ကိုသီဟဆီပြန်ဖို့ အိမ်ပေါ်က မောင်းချတယ်။

ကေ ဘာတတ်နိုင်မလဲ။ ကေ့ဘဝက ငယ်ငယ်ကတည်းက ကြိုးဆွဲရာ ကရတဲ့ ဘဝမို့ လောင်အိမ်နှစ်ခုကြား စုန်ချည် ဆန်ချည်ခရီးပဲ ရှိတာလေ။ မခံစားနိုင်တဲ့ အဆုံး ကေက ချစ်စုကိုပြောရတယ်

"ချစ်စုရယ် နင်လည်း အိမ်အပေါ်ထပ် ငါ့အခန်းကို မလာပါနဲ့။ ငါလည်း နင်ရှိတဲ့ အောက်ထပ်ကို မဆင်းချင်ဘူး။ နင့်မျက်နှာမြင်ရတာ ငါစိတ်မချမ်းသာလို့ပါဟာ" လို့။

ချစ်စုကတော့ တုံဏိဘာဝေပဲ။ ချေစုံပစ်ရပ်ပြီး ဘာမှကို မပြောတာ။ ကေ့ စိတ်ထဲ ဒီကလေးကိုမြင်ပြီး ရင်ထဲ ဆို့လာတယ်။

"ချစ်စုရယ် နင်ဒီအိမ်မှာ မလုပ်ပါနဲ့တော့လား"

"အမေက ခြောက်လစာ တစ်ခါ ယူသွားပြန်ပြီ မမ၊ ခြောက်လပြည့် အောင် လုပ်ပေးရဦးမယ်"

"ဒါဆို အဲဒီ ခြောက်လစာ ငါစိုက်ပေးမယ်လေ၊ နင် ရွာပြန်ပါ တော့လား"

"ရွာပြန်လည်း အမေက ဒီလိုပဲ နောက်တစ်အိမ် ထပ်ပြန်ပို့ဦးမှာပဲ လေ…" တဲ့။

ချစ်စုရယ် ဆိုပြီး ကေ့မျက်ရည်တွေ ဆို့တက်အလာ၊ ချစ်စုက လေးလေးအေးအေး ဖျော့တော့တော့ အသံနဲ့ ကေ့ကို မော့်ကြည့်ပြီး နောက်ထပ် တိုးတိုးလေး မျက်ရည်အဝိုင်းသားနဲ့ ပြောလိုက်တာက

"ဒီ အိမ်ကမှ မမရှိသေးတယ်လေ" တဲ့။

သူ့မျက်ဝန်းက မျက်ရည်တွေမှာ ထွက်ပေါက်မဲ့ အဓိပ္ပါယ်တွေနဲ့။ ဒီအချိန် မှန်တစ်ချပ်ရှေ့ချထားရင် ကေ့မျက်ဝန်းကိုရော ကေ့ဟာကေ အဓိပ္ပါယ် ဖတ်ရဲပါ့မလား မသိ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်အတွက် မစွမ်းနိုင်တောင် ချစ်စုအတွက်တော့ ကေက ထွက်ပေါက်တစ်ခုလို ဖြစ်နေသေး တာပဲ ကျေနပ်မိသေး သလိုလို။

အောင်မျိုးသူလွင်
၁၅/၁၀/၂၀၁၅
ကြာသပတေး
ည ၀၈:၀၈

No comments:

Post a Comment

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...