ဖိုးသမားတစ်၊ နှစ်လုံးလက်ခွဲရောင်းသူ မိန်းမတစ်၊ လူမမယ်ကျောင်းသူတစ် တို့ မန္တလေးမြို့သစ်က ဘယ်သူပိုင်မှန်းမသိသော မြေကွက်တစ်ခုရှေ့တွင် ကွမ်းယာဆိုင်လေးတစ်ဆိုင် ကျူးဖွင့်ပြီး ဂေဟာပြုနေကြသောအခါ မိသားစုလေး ဖြစ်လာသည်။ သူတို့မိသားစုသည် အခြား ဘယ်သူ့ကိုမှ ထူးထူးခြားခြား ဒုက္ခမပေးသလို၊ ထူးထူးခြားခြား ဘယ်သူ့ကိုမှလည်း အကျိုးပြုသည် မရှိသော သာမန်မိသားစုလေး တစ်ခုသာ။
အိမ်ထောင့်ဝန်စီးဖြစ်သူ ကိုရွှေဖိုးသမားကို ကျွန်တော့်အဒေါ်တို့ လက်ဖက်ရည်ဆိုင်လေးထဲမှာ စတင်သိကျွမ်းခဲ့ရသည်။ သူ့ကို အိမ်ထောင့်ဝန်စီးလို့ ကျွန်တော်ခေါ်ရသည်ကား သူ့ဝန်သူ့တာမှ သူမထမ်းနိုင်၊ သူ့အကြောထဲထိုးဖို့ ဆေးဖိုးမှ သူ့ဟာသူ မရှာနိုင်၍ မယားဖြစ်သူ မရွှေကျော့က ကွမ်းယာရောင်းပြီး ရှာပေးရသည်။
သူတို့ ကွမ်းယာဆိုင်လေးကား မြောင်းဘေးမှာ ခနော်နီခနော်နဲ့ပါ။ အဲဒါလေးကို နောက်ဖေး မြောင်းဖုံးပေါ် အဖီချပြီး ညညကျ သူတို့မိသားစု အိပ်သည်။ ကွမ်းယာဆိုင်ဝင်ငွေမျှဖြင့် စားဝတ်နေရေး မလောက်ငှသောအခါ မရွှေကျော့က နှစ်လုံးထီ ဒိုင်ကြီးတစ်ခုမှ လက်ခွဲယူရောင်းသည်။ ထိုအခါ သူတို့အထွာနှင့် သူတို့ လောက်ငှအဆင်ပြေလာပုံနှင့် ဒီလိုပဲ အဆင်ပြေပြေ နေနေကြသည်။
သူတို့ သမီးငယ်လေးကား ကျွန်တော့် မျက်ထင် သုံးလေးတန်း ကျောင်းသူမျှ ဖြစ်ပေမည်။ အစာ အာဟာရ မပြည့်ဝ၍ ကလေးညှက်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပေမည်ဖြစ်ရာ အလွန်ဆုံး ငါးတန်းကျောင်းသူဟု ခန့်မှန်းသော်ရပေမည်။ ကျွန်တော် တစ်ခါဖူးမျှ မေးကြည့်ဖူးသည် မရှိသလို၊ ဒီမိသားစုမှာ ကျွန်တော်နဲ့ အပတ်သက် အဆက်ဆံရဆုံးနှင့် ကျွန်တော်အခင်ဆုံးကား ထိုအိမ်ထောင့် ဝန်စီး ဖိုးသမားပင်တည်း။
သူကလည်း ဒီဆိုင်ကို မကြာမကြာလာ၊ ကျွန်တော်ကလည်း အဒေါ်ရှိရာ ခဏခဏသွားနှင့် သူ့ကို ကျွန်တော်က နည်းနည်း မျက်မှန်းတန်းမိလာတော့ သူက ကျွန်တော့်ကို စာရေးဆရာလို့ခေါ်၍ ကျွန်တော်က သူ့ကို 'ဝန်စီး' လို့ခေါ်သည်။ ဒီလိုခေါ်၍ သူမနာပါ။ သူ့ကို အရေးအရာလုပ် စကားပြောသူဟူ၍လည်း ထိုလက်ဖက်ရည်ဆိုင်ထဲမှာတော့ ကျွန်တော့်တစ်ယောက် လောက်သာ ရှိပေမည်။ သူဆေးဖိုးမရှိသည့်အခါ ကျွန်တော့်ထံ တောင်းဖို့လည်း မရှက်ပါ။ ထို့အတွက် အတုံ့အလှည့် ဟိုနားဒီနား တစ်ခုခု ဝယ်လို၍ သူ့ကို ပိုက်ဆံပေးခိုင်းမိသော် အပြည့်အဝ ဝယ်ခဲ့လိမ့်မည် မထင်ပါနှင့်။
"စာရေးဆရာရာ မင်းဂျုံအိတ်က မရောက်သေးလို့တဲ့ အဲဒါစောင့်နေရတာ၊ ငါရိုးကွာ မင့်တရုတ်ကလည်း ဒါလေးပေးမယ့်အရေးကို၊ ငါ့မှာ ထိုင်စောင့်နေရတာ အကြာကြီး"
စသဖြင့် ပြန်လာသောအခါ သူ့ပါးစပ်လုပ်ဇာတ်တွေ နားထောင်ပေရော့။ သို့သော် မှာလိုက်သော ပစ္စည်းကား အစုံအလင် ပါမည် မဟုတ်ပေ။ သူ့ စပါးရောဖွဲရော လုပ်ဇာတ်တွေထဲမှာ ကိုယ်မှာလိုက်သော ဈေးဖိုးငွေတစ်ချို့ သူ့ဆေးဖိုး ဖြစ်ရလေသည်။ ထိုအတွက် သူ့ကို ဘယ်သူက ဘယ်မျှပင် ပြောဆိုစေ သူမနာတတ်ပေ။ ဆေးဖိုးရမည်ဆိုလျှင် ဘယ်လို လိမ်ရလှည့်ရ သိက္ခာမဲ့ရလို့မှ သူမရှက်တတ်တော့သလို ဆေးသမားတို့၏ ပကတိ သဘောကား ထိုသို့သာတည်း။
"ငထွန်းရယ် နင်ကိုက ဒီအကောင် ဒီအချိုးဆိုတာ သိသိကြီးနဲ့ ခိုင်းတာပါ၊ နင်သွားမဝယ်ချင်လည်း ကိုစိုးကို ခိုင်းမှာပေါ့…"
အဒေါ်လုပ်သူကတော့ ဝန်စီးကို မကြည်သူပီပီ ကျွန်တော့်ကိုသာ မဲပြီး မြည်တွန် တောက်တီး ပါတော့သည်။
တကယ်တမ်းလည်း ဝန်စီးက ကြည်ဖြူချင်စရာ တစ်စက်မှ မရှိပါ။
ကျွန်တော့် အဒေါ်၏ လက်ဖက်ရည်ဆိုင်လေးမှာ မြို့သစ်မှာ တွေ့နေကျ လက်ဖက်ရည်ဆိုင်လေးမျိုး ဆိုင်ခပ်လတ်လတ်၊ အလုပ်သမား အားပြုဆိုင်လေး။ ညညဆို ဘောလုံးပွဲ၊ မြန်မာကား စသဖြင့်ပြပြီး ဈေးရောင်းသည်။ အဲဒီ လက်ဖက်ရည်ဆိုင်ရဲ့ မျက်စောင်းထိုး လမ်းဟိုဘက်မှာ ဝန်စီးတို့ မိသားစုနေသည့် ကွမ်းယာဆိုင်လေး။
ထိုထို လက်ဖက်ရည်ဆိုင်လေးတို့ မည်သည် အလုပ်သမား စရိတ်ကို ဆေးလိပ်ဖိုးနှင့် ထိန်းရသည်။ ထို့ထက်ပို၍ ကျန်လိုသော် ကွမ်းယာဆိုင်လေးပါ တွဲဖွင့်။ ဒီသဘော ရှင်သန်ကြရသည်။ အဒေါ်တို့ ဆိုင်လေးကား စည်စည်ကားကား နေရာမှာ မဟုတ်ပါ။ ဆိုခဲ့ပြီးသလို ညနေညနေ အလုပ်သမားလူတန်းစားကို အားပြုရောင်းရသော ဆိုင်လေးမျိုး။
သို့သော် အဒေါ်သည် ဆိုင်စရိတ်ပိုကာမိဖို့ဟု သူ့လက်ဖက်ရည်ဆိုင်နှင့် တွဲကာ ကွမ်းယာဆိုင် မထွက်ပါ။ ဝန်စီးမိန်းမ မရွှေကျော့ကို သနားလို့ဟု ဆိုသည်။ မရွှေကျော့သမီးငယ် သုံးလေးတန်းအရွယ် ကျောင်းသူလေးကိုလည်း သနားသည် ဆို၏။
"မိန်းမလည်း လူရုပ်ကို မပေါက်တော့ပါဘူးအေ၊ အရင် ဒီကောင် ဆေးမစွဲခင်က မိန်းမက ခပ်ချောချောအေ့၊ အခု ဒီအကောင့်ဆေးဖိုးရှာပေးရတာနဲ့ ကလေးကျောင်းစရိတ်နဲ့ ကောင်မမှာ လုံးချာကိုလိုက်လို့"
"အခု ကွမ်းယာဆိုင်ထွက်တာတောင် မလောက်လို့၊ နှစ်လုံးထီပါ ရောင်းနေရရှာတာ"
မရွှေကျော့ကား အာဂမိန်းမပင်။ သူ့လင် ဝန်စီးကို ဘယ်နံရောအခါမှ အပြစ်တစ်စက် မဆိုရှာဘူးတဲ့။ သူ့သမီးလေးကိုလည်း မရှိ ရှိတဲ့ထဲက ခြစ်ကုတ်ပြီး ကျောင်းထားပေးသတဲ့။ မရွှေကျော့ မှာ ဆယ်တောင့်စားလို့ တစ်တောင့်မစပ်လှသော အမျိုးအနည်းငယ်တော့ အောက်ပြည်ဘက်မှာ ရှိသေးသတဲ့။ သို့သော် မရွှေကျော့အပြော သူ့အမျိုးတွေဟာ စရိုက်ခပ်ပျက်ပျက်မို့ သူတော့ မဆက်ဆံချင်ဘူးတဲ့။ အဆင်ပြေ သောင်သာလာတဲ့ ရက်များဆို မရွှေကျော့ဟာ သူ့လင်အားရှိအောင် စားဖို့တဲ့ အမဲသား တစ်ဆယ်သားမျိုး အစိတ်သားမျိုး ပြုတ်တိုက်သေးတာ ဆိုပဲ။
ကျွန်တော့် မျက်မြင် ဝန်စီးကတော့ တစ်စက်မှ မေတ္တာရှိစရာ မကောင်းပါလေ။ ဘာအလုပ်မှ ဟုတ်တိပတ်တိ မလုပ်။ အားအားနေ လက်ဖက်ရည်ဆိုင်ထဲ လာထိုင်သည်။ သူ့မိန်းမ အဆင်မပြေလို့ သူဆေးဖိုးပြတ်လျှင် မျက်လုံးချင်းဆုံရာ လူထံမှ ပိုက်ဆံတောင်းသည်။ သူမို့ အိမ်သာဘက် ထွက်သွားပြီဆို အဒေါ်အပါအဝင် ဆိုင်ကလူတွေမှာ သတိထားနေရ၏။ အိမ်သာထဲများ ပိုက်တန်းလန်းနဲ့ သေနေလေမလားပေါ့။
ဒီတော့အခါကျ သူအိမ်သာသွားလို့ သုံးလေးမိနစ်ကြာတာနဲ့ ဆိုင်ရှိလူတွေမှာ အပေါ့မသွားချင်ဘဲ အပေါ့သွားဟန်ပြုလို့ အိမ်သာတံခါးကို ထုရသည်။ သူ့ကို မျက်ခြေအပြတ်မခံ မသိမသာ ကြည့်၍သာ နေရတော့သည်။
အဲ… သူ့မိန်းမ မရွှေကျော့ သောင်သာလို့ ဆေးဖိုးလေးများ လှိုင်လှိုင်ပြည့်တဲ့နေဆိုရင်တော့ ဘယ်သူ့မှ သူက ကောင်းကောင်း အဖက်လုပ် စကားမပြောချင်တော့ သလိုလိုပါ။ အခါတိုင်း ထောင့်ငါးရာမျိုး နှစ်ထောင်မျိုး ပေးတတ်လေ့ရှိသော ကျွန်တော့်ကိုပင်
"ငါရိုးမ စာရေးဆရာရ" ဆိုပြီး အဆဲလေးနှင့် စကာပြောတတ်သည်။
ဒီလိုဖြင့် အဲဒီ ဖိုးသမားကို ဆိုင်အလာမခံဘဲ မောင်းထုတ်လိုက်ပါတော့လားဟု ဆိုရန်ရှိ၏။ တစ်ရပ်ကွက်ထဲနေ ဖိုးသမားကို ဤလိုတော့ဖြင့် ကျွန်တော့်အဒေါ်တို့က မပြုဝံ့ပါချေ။ အကယ်၍ သူဆေးကြောင်တဲ့အချိန် ဆိုင်ကို မီးရေးထင်းရေး ဒုက္ခပေးသော် မခက်လား။ ဤကား ဝန်စီး ကျွန်တော့်အဒေါ် လက်ဖက်ရည်ဆိုင်ရှင်အပေါ် ပေးသော စိတ်ဒုက္ခပါပေ။ ကျွန်တော်ကတော့ သိပ်ကြီး သံယောဇဉ် ရှိလှသည် မဟုတ်သော်ငြား ခရီးသွားဟန်လွဲ သူ့ကို ခင်သည်။ တောင်စဉ်ရေမရ သူ့စကားတွေကို နားထောင်ရတာ တစ်ခါတစ်ခါတော့ စိတ်အပန်းပြေသလိုလိုပါ။
"ဒီအကောင်ကို မြန်မြန်လည်းသေပါမှ ရွှေကျော့လည်း အေးမှာပါအေ"
ဒီလိုနဲ့ပဲ အဒေါ်ဟာ ဝန်စီးကို မုန်းမုန်းနှင့်ပင် မရွှေကျော့ကို မိန်းမချင်း သနားကရုဏာ ပိုမိသောဟူ၏။ မရွှေကျော့ သမီးလေးကို ချစ်ခြင်းမေတ္တာထားမိသော ဟူ၏။ ဝန်စီးတို့ မိသားစုနှင့် ကျွန်တော့်အဒေါ်တို့ မိသားစုကြားမှာ ဒီလိုလေး ခပ်နွေးနွေး ဆက်ဆံရေးမျိုး ရှိတာပေါ့။ သူတို့ ရပ်ကွက်နီးသားချင်း ဘယ်သို့ဆက်ဆံရေး ရှိသည်ဖြစ်စေ ကျွန်တော့်အတွက် သိပ်ဂရုထားစရာ ဖြစ်သည် မရှိလှပါ။ ကိုယ့် မြန်မာ့ဓလေ့ ရပ်ကွက်လူနေမှု စနစ်ဆိုတာ ဒီလိုပဲ မတည့်အတူနေ တစ်အိမ့်တစ်အိမ် ကြည့်ရှုစောင်မတတ်ကြတာ မျိုးပဲ မဟုတ်လား။
"ဒေါ်လေး ဘာလို့ငိုနေတာလဲ ကိုစိုး"
မရောက်တာကြာ၍ သက်သက်အလည်သွားမိသော တစ်ရက်မှာ အဒေါ်ငိုနေ၍ သူ့ယောက်ျား ကိုစိုးကို အကျိုးအကြောင်း မေးကြည့်မိသည်။
"မင့်ကောင် ဝန်စီး သေလို့တဲ့ ဟေ့၊ မနေ့ကပဲ သူ့ကွမ်းယာဆိုင် နောက်ထဲ ပိုက်တန်းလန်းနဲ့ သေနေတာ တွေ့ကြတာပဲ"
လူတစ်ယောက်သေတာ ဝမ်းနည်းဖို့ကောင်းသည် မှန်သော်လည်း ကျွန်တော့်လူ ဝန်စီးလို လမ်းဆုံးဖိုးသမားတစ်ယောက် အဖို့မှာမူ ကျွန်တော်သည် ထိုအဖြစ်မျိုးကို တင်ကြို တွက်ဆ စိတ်ကူးထားပြီးသားမို့ ရင်ထဲ အင်မတိအင်မတန် ထိခိုက်လှသည် မရှိပါပေ။ ဒါကြောင့်ပင် ချက်ချင်း ဣနြေ္ဒကိုဆယ်ပြီး ကိုစိုးနဲ့ အဒေါ့်အကြောင်း ဆက်ပြောနိုင်ပါသည်။
"အောင်မယ် ကြားသားမိုးကြိုးဗျာ၊ ဝန်စီးသေတာ ဒေါ်လေးက ဘာလို့ ဒီလောက်ကြာကြာ ငိုနေဖို့ရှိသတုန်း"
"ဝန်စီးဘာလို့ သေတယ်ထင်လဲကွ"
"ဒီလောက် နံပါတ်ဖိုးထိုးနေမှဗျာ၊ ဆေးရှော့ဖြစ်တာ ဖြစ်မှာပေါ့၊ သူ့လည်း ကြည့်ဦး၊ လူပုံမှ ခပ်နဲ့နဲ့ကျန်တော့တာဟာ ကိုစိုးရ"
"အရင် သူ့မိန်းမ ရွှေကျော့ရှိတုန်းကတော့ ရွှေကျော့ဟာ သူ့လင်ကို ချစ်ရှာတယ်ဟ၊ ထမင်းချိန်ထမင်း မှန်ရအောင် ဂရုစိုက်ကျွေးရှာတယ်။ သူ့လင် အားနည်းတယ်ထင်ရင် အမဲသားပြုတ်ရည်တွေဘာတွေ ပြုတ်တိုက်လို့၊ ဒါနဲ့ ဒီကောင် အသက်ဆက်နေရတာဟ"
"အခု မရွှေကျော့က ဘယ်ရောက်သွားလို့တုန်း"
"နှစ်လုံးထီရောင်းလို့တဲ့ ပြီးခဲ့တဲ့ အပတ်က ရဲဖမ်းသွားတယ်လေ၊ အခု အမှုက ခြေလွန်လက်လွန်ဖြစ်ကုန်ပြီ၊ တရားရုံးရောက်ပြီး နှုတ်မရတော့ဘူး"
"ဗျာ…။ အဲဒါဆို သူတို့သမီး ကျောင်းသူလေးရော"
"မင်းအဒေါ်ငိုနေတာ အဲဒါပဲလေ ငထွန်းရ"
ကျွန်တော့်မှာ ပြောစရာ စကားတို့ ထိုခဏမှာ ဆွံအသွားရသည်။ အတွေးတို့ဖြင့် ဗလုံးဗထွေး နပန်းသတ်ရင်း ဘယ်သူ့ကို မကျေမနပ်ဖြစ်ရနိုးနိုး ထုတ်လည်း မပြောချင်တော့ပါ။
ဒီမိသားစုလေးသည် ကျွန်တော့်စာအစမှာ ဖော်ပြခဲ့သလို ဘယ်သူ့ကိုမှ ထူးထူးခြားခြား ကောင်းကျိုးပြုသည် မရှိသလို၊ ဘယ်သူ့ကိုမှလည်း ထူးထူးခြားခြား ဒုက္ခမပေးသော သာမန်မိသားစုလေးပင်။ ဒီမိသားစုလေးမှာ မရွှေကျော့က သူ့လင်နဲ့ သူ့သမီးလေးကို ချစ်တာ သိပ်သိသာသည်။ ဘဝအမော အဆိုးလောကဓံ လေးတန် ရိုက်ခတ်တာ မှန်သမျှ မိန်းမမာန်နှင့် သူ့မိသားစုအတွက်သူ ဗေဒါပျံအံကိုခဲ ဖြတ်ကျော်နေတာ လေးစားဖို့ကောင်းသည်။
ဒါကြောင့်ပဲ အရပ်ထဲမှာ သူ့လင် ဝန်စီး တတိတိ စိတ်ငြိုငြင်မှုပေးလေသမျှ အရပ်က သည်းခံပြီး နေခဲ့ကြသည်။ ဒီမိသားစုလေးသည် ကျူးမိသားစုလေး ဖြစ်ပါသည်။ သူတို့သည် ရပ်ကွက်လမ်းနဘေးမှာ ကျူးပြီးနေသည်။ ရပ်ကွက်သားတွေက လူသားအချင်းချင်း စောင့်ရှောက်အပ်သော စိတ်စေတနာဖြင့် ထိုအတွက် မျက်စိမှိတ် နေပေးခဲ့ကြသည်။
ဝန်စီး ဖိုးသမားဆိုတာ ဒီတစ်ရပ်ကွက်လုံး သိသည်ပင်။ ဝန်စီးသည် သူ့တစ်ကိုယ်စာ သာယာမှုတည်း ဟူသောအကြောင်းဖြင့် ဥပဒေကိုကျူးသည်။ သို့သော် မရွှေကျော့ကို မျက်နှာနာသလို တကယ်လည်း တိတိပပ ဘယ်သူ့မှ ဝန်စီးက ဒုက္ခပေးဖူးသည် မရှိ၍ ဒီမိသားစု အသိုက်အမြုံလေး မပျက်ဖို့ အရပ်က မျက်စိမှိတ် နေပေးခဲ့ကြသည်ပင်။
သူ့လင်နဲ့ သူ့သမီး စားဖို့ဝတ်ဖို့အတွက်ဟု အစိုးရက တားထားသော ဥပဒေကို မရွှေကျော့က ကျူးကာ နှစ်လုံးထီရောင်းရ ရှာသည်။ ဓားပြတိုက်တာမဟုတ်သလို၊ သူ့ဥစ္စာခိုးတာလည်း မဟုတ်၍ လာစမ်းဟဲ့ ငါးရာဖိုး တစ်ထောင်ဖိုးဟု တစ်ကွက်တလေပင် အရပ်က ဝိုင်းအားပေးကြရာ ကျွန်တော်ပင် လောင်းကစား ဝါသနာမပါသော်ငြား တစ်ခါတလေ ပါမိပါသေးသည်။
ဒီမိသားစုလေးကို ရပ်သူရပ်သားတို့က မေတ္တာ စေတနာဖြင့် မျက်စိမှိတ်နေပေးခဲ့သလို ဥပဒေနှင့် ဆိုင်ရာ လူတစ်ချို့ မျက်စိမှိတ် မပေးနိုင်ကြသောအခါ…
မရွှေကျော့ အချုပ်ထဲမှ တရားဆိုင်ရသည်။
တရားဆိုင်ရင်း ရက်တွေကြာလာသောအခါ အရင်လို ထမင်းရက်ချန်၊ ရေရက်မှန် ချက်ပြုတ်ကျွေးမွေးမည့် မယားမရှိရကား လင်ဖြစ်သူ ဝန်စီးကို သူတို့ကွမ်းယာဆိုင်နောက်ဖေးမှာ အပ်တန်းလန်းနှင့် သေနေတာ တွေ့သည်။
ထိုအခါ မရွှေကျော့ သိပ်ချစ်ရှာသော သုံးလေးတန်းကျောင်းသူအရွယ် သမီးငယ်လေး၏ ဘဝသည်…။
ရပ်ကွက်ထဲက ကျူးမိသားစုလေး၏ ဘဝနောင်ရေးသည်….။
တစ်ခါတလေ လူသားတွေကောင်းဖို့ဟု မိုးကြီးရွာစဉ် ပုရွက်ဆိတ်လေးတွေ တွင်းပိတ်သေရတတ်သော အဖြစ်သည် ရှိ၏။ သို့သော် မိုးကား ရွာရမည်ပင်။
သို့သော် ကျွန်တော့်မိတ်ဆွေကြီး ဝန်စီးတို့ မိသားစုလေးမှာမူကား မိုးကြီးလေကြီးမှ မလာသေးမီ ဘာမဟုတ်သော ကွက်ကြားမိုးပြေးလေး အဝေ့မှာ သူတို့ မိသားစုဂေဟာလေး ရေထဲမျောရ ရှာလေတော့သည်။
အောင်မျိုးသူလွင်
၀၇၊၁၁၊၂၀၁၇
အင်္ဂါ
ည ၀၆း၄၂
No comments:
Post a Comment