(၁)
"သားသားကြီးရင် ဘာလုပ်မယ်၊ မေမေ မေးရင်ကွယ်" အစချီသည့် ကဗျာလေးကို ကျွန်တော်တို့တတွေ ကလေးဘဝက ဟစ်ဆိုခဲ့ကြဖူးသည်။ဘေးအိမ်က (၂)တန်းကျောင်းသားကို သူ့အမေက လူထူထူရှိလျှင် မေးပြ၏။ ငါ့သား ကြီးရင် ဘာလုပ်မယ်။ ဘယ်နံရောအခါမဆို ကလေးသည် ဆရာ ဝန်ကြီးလုပ်မယ် ဖြေ၏။ကောင်းပေစွ။ ရည်ရွယ်ချက် ပြတ်သား ပေစွ။
ဤသို့ဤနှယ် ယခုခောတ်တွင် ကလေးတို့သည် တချို့က ဆရာဝန်ကြီးလုပ်မယ်၊ တချို့က အင်ဂျင်နီယာကြီး လုပ်မယ် စသည်စသည် ဘဝ ရည်မှန်းချက်တွေ ထားတတ်လာကြသည်။
စက်ဘီးစီးခြင်းသည် ယခုအခါ မည်သူမဆို အလွယ်တကူ တတ်မြောက်နိုင်သော ကိစ္စဖြစ်သော်လည်း မြန်မာပြည် စက်ဘီးပေါ်စ မန္တလေး ၂၆ ဘီလမ်း၌စီးပြစဉ်က လူတို့သည် အံ့ဘွယ်ဘနန်းဖြင့် ထိုသူစုန်းတတ်သောကြောင့်သာ ဤ နှစ်ဘီးတပ် ကိုစီးနိုင်သည် ယိုးစွပ် ကြကုန်သည်ဟူသတတ်။
ဖြစ်နိုင်ပါသည် ခင်ဗျာ။ အခုခောတ် ကလေးတွေ သူတို့ကြီးရင် ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ် ပြောနေကြသောအခါ မိမိငယ်စဉ်ဘဝ၌မကြုံဖူး မကြားဖူးသော ကျွန်တော်က ဒီကောင်လေးတွေကို သူတို့အိမ်က များ သင်ပေးထားလေ သလား ယိုးစွပ်မိပါသည်။
ကျွန်တော်တို့ ငယ်စဉ်က အင်ဂျင်နီယာ ဆိုသဟာ ဘယ်လိုလူ ကိုခေါ်မှန်း ကျွန်တော်မသိ။ ကျေးရွာတွင် ယခုအပ်ပုန်းဟုခေါ်သော အိမ်တကာလှည့် ဆေးကုသည့် အင်္ဂလိပ်ဆေး ထိုးဆရာကို အဲဒါ ဆရာဝန်ဟု ကျွန်တော် တိုရွာက သမုတ်၏။သို့သော် သူ့အလုပ်ကလည်း ထီးဖြူ ဖိနပ်ပါး မို့ အထင်ကြီးစရာ နတ္တိဟု ကျွန်တော်တို့ကထင်သည်။
သို့ဆိုလျှင် ကျွန်တော်ကြီးလျှင် ဘာဖြစ်ချင်ခဲ့ပါသနည်း။ အမှန်ပြောရလျှင် ထိုစဉ်က ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်း တကယ်မသိပါ ခင်ဗျာ။
(၂)
ကျွန်တော့်အထင်ပြောရလျှင် အနာဂတ် ရည်မှန်ချက် ဟူသည် ပစ္စက္ခ အခြေအနေပေါ် ထင်ဟပ်၍သာ ပေါ်ထွန်းလာကြဟန် ရှိပါသည်။
အောဘရာဟမ် လင်ကွန်းသည် ထင်းခုတ်သမား၏သားဘဝ တောစပ်သစ်လုံးတဲ မှာနေရစဉ်ကတည်းက တနေ့ သမ္မတကြီးဖြစ်ရမည်ဟု ရည်မှန်းချက် ရှိခဲ့လိမ့်မည် ကျွန်တော်မထင်ပါ။ သို့သော် သမ္မတ ကတော် မေရီ လင်ကွန်း မှာမူ မြို့ငယ်လေးမှာ နေသည့်အလျောက် အမေရကန် နိုင်ငံ၏သမ္မတ ဖြစ်မည့်သူကို မှလက်ထပ်မည်ဟု ရည်မှန်းချက် ထားခဲ့သည် ဆို၏။
ယေဘုယျ သဘောပြောခြင်မျှသာဖြစ်၍ အလွန်ထူးသော ပါရမီရှင်များအတွက် ခြွင်းချက် ရှိနိုင်ပါသည်။
ကျွန်တော် ငယ်စဉ်က မောင်နှမ နှစ်ယောက်ကို အမေ ခွဲတမ်းကျပေးသော နံနက်စာ ကြက်ဥတစ်ခြမ်းနှင့် ကျောင်းထမင်းဗူး ထဲထည့်ပေးသော ကြက်ဥကြော် တစ်လုံးကို စိတ်ထဲ သိပ်အာသာမပြေ၍ ငါကြီးလာရင် ဘဲဥတွေ အများကြီးဝယ်ပြီး အဝစားပြစ်မယ်ဟု စိတ်ထဲ ကြိတ်တွေးခဲ့ဖူးပါသည်။
စနေ၊တနင်္ဂနွေ များတွင် အမေ ကျိုတိုက်လေ့ရှိသော ဆိတ်ရိုးစွပ်ပြုတ်သည် အသားနည်းလှ၍ ငါကြီးလာလို့ ဆိတ်စွပ်ပြုတ်ကို အသားတွေချည်း ကြိုသောက်ရသော် ဦးပုည ပြောသလို အာဂပါးစပ် လူဖြစ်ကြိုးနပ် မည် လောက်ထင်ခဲ့ဖူးပါသည်။
တစ်တန်းပြီး တစ်တန်းတက်ရအောင် စာတွေ ကုန်းကျက်ခဲ့ခြင်းမှာ လည်း ဆယ်တန်းအောင်ပြီးသော် ဆင်းရဲတွင်းမှ လွတ်မည်ဟု အမေပြောသော အတိတ်တဘောင်ကို ယုံမိသောကြောင့် ဖြစ်ပါသည်။
ဒီလိုနဲ့ပဲ ဆင်ကန်းတောတိုးပဲ ဆိုဆို ဘဝကို ရမ်းသမ်းဖြတ်ကျော်လာရင်း ဒီနေ့၊ဒီအချိန်၊ဒီစာကို ကျွန်တော်ရေးနေတော့ စိတ်ထဲမှာ လက်ရှိဘဝနဲ့ ငယ်ဘဝ ကို ချိန်ထိုးရင်း အတိုင်းအတာ တခုအထိတော့ ကျေနပ်မိသလို အမေ့ကိုလည်း ကျေးဇူးတော့ အတင်သား။
(၃)
အမေကတော့ ကျွန်တော်တို့ မောင်နှမကို "အတိဇာတ" သားတွေတဲ့။ သူ့ထက်သာအောင် ကြိုးစားနိုင်ကြတယ်တဲ့။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အမေ့ထက်သာတယ်လို့ တကယ်ကို မထင်မိပါဘူး။ ဘာလို့ဆို အမေကြုံခဲ့ရတဲ့ လောကဓံ မျိုးကို ကျွန်တော် တစ်ခါဖူးမှ ကြုံတွေ့ကျော်ဖြတ်ခဲ့ ဖူးခြင်း မရှိသေးလို့ပါ။ တကယ်လို့ ကြုံလာခဲ့ရင်ရော ကျွန်တော် အမေ့လောက် သက်လုံကောင်းပါမလား သံသယ ရှိပါသည်။
ဘာပဲပြောပြော ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာ ကျွန်တော်တို့မောင်နှမကို သူလူလားမြောက်စေခဲ့ပြီဆိုတဲ့စိတ်နဲ့ အခု အမေကတော့ ခပ်ပြုံးပြုံး ပါပဲ။ ဒါပေမယ့် အမေပြုံးသလို ကျွန်တော် မပြုံးနိုင်သေးပါ။ ရှေ့ဆက်ရမယ့် ခရီးကို ကြည့်ပြီး ကိုယ်စိတ်နှစ်ပါး ကို ခါးတောင်းကျိုက်ထားတုန်း။
ပြီး မုန့်ဆီကြော်ကသာ ဘယ်နေမှန်းမသိပေမယ့် နှုတ်ခမ်းနာနဲ့ တည့်ပါမလား တွေးပူမိတာ ကလည်း ရှိသေးတာကိုး ဗျ။ ကျွန်တော်ကဖြစ်လာမယ့် ကျွန်တော့်နောက် မျိုးဆက်ကျရင် အမေ့လိုမျိုး ကျွန်တော် လက်မထောင်နိုင်ပါမလား ဆိုတာပါ။ ကျွန်တော့် သားတွေကျရင်တော့ ကျွန်တော့်လို စမ်းတဝါးဝါး မဖြစ်စေချင်ပါ။
ဒီတော့လည်း "လူလေးကြီးရင် ဘာလုပ်မယ်" ဆိုတာကို သေချာ 'ဃဏ' နားလည်ပြီး ကြုံးဝါးတတ်အောင် ဒီကောင်တွေကို သင်ပေးရဦးမှာပေါ့။
"လူလေး ကြီးရင် ဘာလုပ်မယ်၊ ဖေဖေ မေးရင်ကွယ်"
အင်း ကျွန်တော်လည်း ပုလဲရတု ရှက်ပက် ဒီအသက်နဲ့ကျမှ စိတ်ကူးတော့ အယဉ်သားဗျ။
အောင်မျိုးသူလွင်
၂၀၊၀၁၊၂၀၁၄
No comments:
Post a Comment