လူဆိုတာ နိုင်ငံရေး သတ္တဝါတဲ့။ ကျွန်တော်က နိုင်ငံရေးကို ခွေးအိုမှ လက်ပေးသင်သလို လေ့လာထားသူပါ။ ကိုယ့်အိမ် မီးဖိုချောင်ထဲက အရေးဟာလည်း နိုင်ငံရေးပါပဲတဲ့။ အဲဒါဆိုရင်တော့ ကျွန်တော်ဟာ နိုင်ငံရေးကို သူများတွေထက် စောစောကြိုသိခဲ့သူ ဆိုနိုင်ပါတယ်။ အိမ်မှာ သားကြီးဖြစ်တဲ့ ကျွန်တော်ဟာ ငယ်ငယ်လေးကတည်းက ဆွဲခြင်းတစ်လုံးနဲ့ ပိုက်ဆံအနည်းငယ် လက်မှာကိုင်ပြီး တစ်နေ့စာအတွက် မျှချေချပြီး ဈေးဝယ်တတ်ခဲ့ပါတယ်။ ဒါတွေက သူများပြောတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပါယ်တွေအပေါ်မှာ ကျွန်တော့်ဘဝ နဲ့ နှိုင်းယှဉ်ပြီး ရေးပြတာပါ။ တကယ်တော့ ကျွန်တော်က နိုင်ငံရေးသမား တစ်ယောက်အဖြစ် စိတ်သန်သူမဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ ဦးနှောက်အသားပေး အလုပ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့် ဘဝမှာ တော်တော်များများကို နှလုံးသားခံစားချက်နဲ့ပဲ ဆုံးဖြတ်ခဲ့တာပါ။ ထိုအကျင့်ကို ကောင်းသည်ဟု ဆိုလိုသည်မဟုတ်ဘဲ ကျွန်တော်ခံစား ဆုံးဖြတ်ပုံကို သိစေလိုရင်းသာ ဖြစ်ပါတယ်။
ကျွန်တော် ငယ်ငယ် ကျွန်တော့်အဖေရှိစဉ်က ကျွန်တော်တို့အိမ်မှာ နိုင်ငံရေးသမားတွေ မကြာ မကြာ လာကျက်စားတတ်ပါတယ်။ အဲသည်တုန်းက နိုင်ငံရေးသမားဆိုတာ NLD ကပဲရှိတာပါ။ သူတို့ကို ခမောက်တွေလို့ ကျွန်တော်တို့က ခေါ်ပါတယ်။ ကျွန်တော်တို့ မတ္တရာမြို့ကို အရင်က အညိုရောင်နယ်မြေလို့ အစိုးရက သတ်မှတ်တာပါ။ ဘာလို့ဆို NLD အမာခံတွေ ပေါလို့ပါ။ အခုဆုံးသွားပြီ ဖြစ်တဲ့ ဒေါက်တာ အောင်ငွေဆိုရင် NLD ကလူဟောင်းတွေ သိကြမှာပါ။ နောက်ထပ် ကျွန်တော်နာမည် မမှတ်မိတော့တဲ့ နာမည်ကျော် လူတွေလည်း ရှိပါသေးတယ်။ သူတို့ထဲက တချို့လည်း ထောင်ကျပါတယ်။ ပြန်လွတ်လာတော့လည်း ဒါကို ဆက်လုပ်တာပါပဲ။ အဲသည်တုန်းက NLD ကို အစိုးရက တော်တော်လေး နှိပ်ကွပ်ပါတယ်။ ကျွန်တော့်အဖေက NLD ကမဟုတ်ပါဘူး။ နိုင်ငံရေးလည်း စိတ်ဝင်စားမယ် မထင်ပါဘူး။ ဒါပေမယ့် သူတို့နဲ့ အဖေက တော်တော် အဖွဲ့ကျပါတယ်။ အဲသည်တော့ ကျွန်တော်က သူတို့အကြောင်း တော်တော်သိပါတယ်။ တချို့ဆို ထောင်ကျမယ်မှန်းသိသိကြီးနဲ့ လုပ်တယ်ရယ်လို့ လေးစားမိသလို ရှိမိပေမယ့် သူတို့ထဲမှာ အဲသည်အချိန်ကတည်းက ကျွန်တော် လေးစားလို့ မရတဲ့လူတွေပါပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး နေအိမ်အကျယ်ချုပ် မကျမီ နယ်လှည့်ဟောပြောပွဲတွေလုပ်တော့ ကျွန်တော်တို့ မတ္တရာကို မလာမီ နိုင်ငံရေးပါတီတွေ တရုံးရုံးဖြစ်နေပါတယ်။ ပါတီတွေဆိုတာက NLD နဲ့ ပြည်ခိုင်ဖြိုးပါ။ ပြည်ခိုင်ဖြိုး ကလည်း လူတွေငှား၊ ကားတွေငှားပြီး လော်တွေနဲ့ အလိုမရှိဆိုင်းဘုတ်တွေ ထောင်ပြီး ဆန္ဒပြ၊ ဒေါ်စု ထောက်ခံသူတွေကလည်း တရုံးရုံးပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောသွားတာက ကျွန်တော်အိမ်ရဲ့ အရှေ့ဘက်ကပ်လျှက်က တိုက်ပေါ်က နေဟောတာပါ။ ကန့်ကွက်သူများ ကလည်း လော်ကြီးနဲ့ ကားနဲ့လှည့်ပြီး အော်တာပေါ့။ အဲသည်အော်တဲ့ ကားပေါ်က မိန်းမနဲ့ ထောက်ခံသူ ဘုန်းကြီးတစ်ပါး ပြဿနာတက်ပြီး မြေကြီးပေါ်မှာ လုံးသတ်ကြပါတယ်။ ဘုန်းကြီးက အဖေ့သူငယ်ချင်းပါ။ ဒေါ်အောင်ဆန်းစုကြည် လာကာနီးနှစ်ရက်လောက် အလိုကမှ ရည်ရွယ်ချက်နဲ့ ဘုန်းကြီးဝတ်ထားတာပါ။ မိန်းမက ပြည်ခိုင်ဖြိုးကပါ။ သူ့ကို ဘုန်းကြီးက လက်သီးနဲ့ နှစ်ချက်ထိုးပါတယ်။ ဒီအဖြစ်အပျက်ကို ကျွန်တော်က မျက်ဝါးထင်ထင် တွေ့တာမို့ နှစ်ယောက်လုံးဟာ ရန်လိုနေတာကြောင့် ဖြစ်တယ်ဆိုတာ သိပါတယ်။
နောက်နေ့ အဲသည်ဘုန်းကြီး အဖမ်းခံရပြီး နောက်တော့ ထောင်ကျပါတယ်။ မိန်းမကတော့ ခံရသူမို့ အရေးယူမခံရပါဘူး။ အဲသည်အဖြစ်တွေကို ရေဒီယိုကနေ ကြေငြာတဲ့ နိုင်ငံခြားသတင်းတွေမှာ တမျိုး၊ အစိုးရ လက်အောက်ခံ သတင်းတွေမှာ တစ်ဖုံ လိုရာစွဲပြီး ပိုပိုသာသာ ကြေငြာကြပါတယ်။ အဲသည်မှာ ကျွန်တော်က နိုင်ငံရေးနဲ့ပတ်သက်ရင် တော်ရုံ သိပ်မယုံတတ်တော့ပါဘူး။ နှစ်ဘက်လုံးမှာ အမှန်သိပ်မရှိဘဲ ဉာဏ်ကစား နေတတ်တာမျိုးပါ။
ဟိုစဉ် အင်မတန် ကြပ်ကြပ် တည်းတည်းဆောင်ရွက်ရတဲ့ အချိန်တုန်းကတောင် NLD လိုပါတီမျိုးက လူတွေအပေါ် အကုန်မယုံတတ်ခဲ့တဲ့ ကျွန်တော်ဟာ ယခု ဦးသိန်းစိန် အစိုးရလက်ထက်ကျမှ ခါတော်မီ ပေါ်လာတဲ့ မိုးကျရွှေကိုယ် ဒီမိုသမား အများစုကို သိပ်အထင်မကြီး တတ်ခဲ့ပါဘူး။ အစိုးရ၊ အတိုက်အခံ နှစ်ဘက်လုံးမှာ ကျွန်တော့်ပုဂ္ဂလဓိဋ္ဌာန် အမြင်အားဖြင့် သဘောမကျနိုင်တာတွေ အများကြီးပါ။ ကျွန်တော်က တစ်ဖက်တည်းမှာနေပြီး တစ်ဖက်သတ် ကြည့်မြင်ရတာမျိုးထက် နှစ်ဖက်လုံးကို တတိယလူအဖြစ် ကြည့်နေရတာကိုသာ နှစ်သက်သူပါ။ နောက်ပြီး ကျွန်တော်က နိုင်ငံရေးဆိုသဟာနဲ့ မိတ်ဆွေလောက်သာ ဖြစ်လိုပါတယ်။ ဆွေမျိုးမတော်ချင်ပါဘူး။
ဒါပေမယ့် သည်စာအစမှာ ကျွန်တော်ရေးထားသလိုပါပဲ။ လူဆိုတာ နိုင်ငံရေး သတ္တဝါ ဆိုတဲ့ အဆိုဟာ တကယ်ပင်မှန်လေသလား မသိ။ အခုလောလောဆယ် နိုင်ငံရေးက ကျွန်တော့်ကို ပင့်လက်သီးတစ်လုံးဖြင့် အရှိုက်ကို ထိုးလိုက်ပါသည်။ ကျွန်တော်တော်တာ် ဖြုံပါသည်။ ကျွန်တော်သည် ခြေင်္သေ့မဟုတ်ပါ။ ကျွန်တော်သည် ဒေါင်း မဟုတ်ပါ။ ကျွန်တော်သည် တတိယအမြင်ဖြင့် စာရေးလိုသူသာ ဖြစ်ပါသည်။
သို့သော် အများစုလက်ခံထားသည်က နိုင်ငံရေးမှာ ကြားနေမရှိဆိုသည်ပင်။ ပြည်သူဆိုသော ပုဒ်ကို မိမိလိုရာဆွဲ အဓိပ္ပါယ်ဖွင့်ရင်း ကိုယ်နှင့် သဘောမတူသူကို တိုက်ခိုက်ကြသည်။ တစ်ယောက်က တစ်ယောက်ကို၊ တစ်ဖွဲ့က တစ်ဖွဲ့ကို ပုတ်ခတ်ကြသည်။ ကျွန်တော်တို့သည် မည်သည့်ပုံစံဖြင့် ရှေ့ဆက်ကြမည်နည်း။ ပြစ်တင်မောင်းမဲခြင်းဖြင့် ဖွဲ့တည်အပ်သော လောကသည် ဒီမိုကရေစီ တံဆပ်ကပ်သော်လည်း နေပျော်သောအဖြစ်ကို ရလိမ့်မည် မဟုတ်ပါ။
အစိုးရ၊ အတိုက်အခံ နှစ်ဖက်လုံးတွင် ပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံရေးကို တတိယအမြင်ဖြင့် လေ့လာနေသူများသည်လည်း ပြည်သူများပင် ဖြစ်ကြပါသည်။ ထိုသူများကို
ရန်သူအဖြစ် သတ်မှတ်ပုတ်ခတ်နေခြင်းသည် သဘောကြီးရာမကျပါပေ။ မိမိနှင့် အမြင်မတူသည်ကို လက်ခံပေးနိုင်ခြင်းသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရ တစ်ခုဖြစ်ပါသည်။ အစိုးရမဟုတ်၊ အတိုက်အခံလည်းမဟုတ်သော တတိယလူ ပြည်သူများ၏ ခံစားချက်ကို ပုတ်ခတ်ခြင်းမရှိဘဲ နားလည်စာနာပေးခြင်းသည်ပင် မြန်မာ့ ဒီမိုကရေစီလမ်းစဉ်ကို ပိုမို ရုပ်လုံးပေါ်အောင် ဆောင်ရွက်ခြင်းမည်ပါပေသည်။
အောင်မျိုးသူလွင်
(၂၂ ဒီဇင်ဘာ ၂၀၁၄ ထုတ် မြန်မာခေတ်ဂျာနယ်)
No comments:
Post a Comment