ငယ်နာမည်မှာ မောင်မောင်(ခေါ်)လှမောင်၊ မောင်လှဆွေ၊ လှမောင်သွင်ဖြစ်ပြီး အမည်ရင်းမှာ ဦးဘဆွေဖြစ်သည်။ ကလောင်အမည်ခွဲများမှာ လှမောင်၊ သတိုးဆွေ၊ ၀ါးခယ်မလှမောင်၊ ဘဆွေတို့ ဖြစ်သည်။ အဖ လယ်သမားဦးကြာဖြူ၊ အမိ ဒေါ်သေးသေးတို့က ၁၉၁၆ ခုနှစ်၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ရေပူဝရွာ၌ မွေးဖွားသည်။ မွေးချင်းနှစ် ယောက်တွင် အငယ်ဆုံးဖြစ်သည်။
ကျောင်းမနေခဲ့သော်လည်း အစ်ကိုဖြစ်သူက စာသင်ပေးသည်။ စိတ်မ၀င်စားသဖြင့် အရုပ်ဆွဲ ကပင် ထူးချွန်နေသည်။ ပဋိကတ်ကျမ်းစာများကိုလည်း သင်အံလေ့လာခဲ့သည်။ ထို့အပြင် ဂျုံအိတ်များ တွင် တံဆိပ်ရိုက်သည့်သံပြားဖောက်ပန်းချီမှအစ၊ ကုန်ကြော်ငြာဒီဇိုင်း၊ ရုပ်ရှင်ဆလိုက်၊ ကြော်ငြာ ပြက္ခဒိန်၊ အထည်ဒီဇိုင်းစသည့် ပညာများလည်း တတ်မြောက်သည်။ စာရေးခြင်းအတတ်ကို လည်း မပြတ်မလတ် ဆည်းပူးသည်။
သင်တန်းများမှာ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ပန်းချီပညာသင်ကျောင်း၊ အကပညာသင် ကျောင်းများတွင် ပညာသင်ကြားခဲ့သည်။
ထို့နောက် ဂျုံအိတ်များတွင် တံဆိပ်ရိုက်သည့်သံပြားဖောက်ပန်းချီမှအစ၊ ကုန်ကြော်ငြာဒီဇိုင်း၊ ရုပ်ရှင်ဆလိုက်၊ ကြော်ငြာပြက်္ခဒိန်၊ အထည်ဒီဇိုင်းစသည်တို့ကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၃-၃၄ ခုနှစ်ခန့်တွင် သက်စောင့်မဂ်္ဂဇင်းသို့ “၀ါးကမယ်လှမောင်”အမည်ဖြင့် ၀တ္ထုစရေးသည်။ မဂ္ဂဇင်း တွင် “လှမောင်”ဟုသာ ဖော်ပြခံရသည်။ စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ လူငယ်ကြီးပွား ရေးအသင်း စာစီစာကုံးပြိုင်ပွဲ ပထမဆုရသူ “သတိုးဆွေ”ဟူသော ကလောင်အမည်ကို ပြောင်းလဲ ခံယူသည်။ ၁၉၃၅ ခုနှစ်တွင် “လွန်းရတနာ”စာအုပ်ကုမ္ပဏီ၏ စပါယ်ရှယ်မဂ္ဂဇင်းတွင် တိုက်ထိုင် စာရေးအဖြစ်လည်းကောင်း၊ လိုသမျှစာနှင့် အတွင်းပုံများကို ရေးဆွဲပေးသည်။ ရွှင်ပျော်ပျော်စာအုပ် တိုက်အတွက် ကလောင်အမည်မခံဘဲ ၀တ္ထုနှစ်အုပ် ရေးခဲ့သည်။
၁၉၃၆-၃၉ ခုနှစ်တွင် ပုဇွန်တောင် ဆင်းဂါးကျောင်း၌ ပန်းရေးအလုပ်ကိုလည်းကောင်း၊ “တက်ခေတ်” စာစောင်၌ နိုင်ငံရေးဆောင်းပါး၊ ၀တ္ထုများကိုလည်းကောင်း၊ နဂါးနီဂျာနယ်တွင် ပထမပိုင်း ၌ “၀ါးခယ်မလှမောင်” အမည်နှင့်ရေးသည်။ နောက်ပိုင်းတွင် “ဘဆွေ”အမည်ပြောင်းကာ ရေးသည်။ စာရေးဆရာဘဆွေ နှစ်ယောက်ဖြစ်နေသဖြင့် နဂါးနီစာတည်းချုပ် ဦးထွန်းရွှေက တက္ကသိုလ်ဘဆွေ ကို “ထားဝယ်ဘဆွေ”၊ သူ့ကို ရန်ကုန်ဘဆွေဟု ခွဲခြားပေးလိုက်ရာမှ “ရန်ကုန်ဘဆွေ” အမည်တွင် လာသည်။
၁၉၃၉-၄၁ ခုနှစ်တွင် နဂါးနီဂျာနယ် အယ်ဒီတာအဖွဲ့ဝင်ဖြစ်လည်းကောင်း၊ ဂျပန်တော်လှန်ရေး ကာလတွင် ဖျာပုံခရိုင်မြေအောက် တော်လှန်ရေးခေါင်အဖြစ်လည်းကောင်း၊ ဆိုရှယ်လစ်ပါတီတည် ထောင်သောအခါ ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ယူခဲ့သည်။ ထို့နောက်နိုင်ငံရေးကို စွန့်လွှတ် ကာ ပန်းချီဆွဲ၏။ သွေသောက်ဂျာနယ်တွင် ရံဖန်ရံခါ စာရေးသည်။ ၁၉၄၆ ခုနှစ်တွင် “စစ်ပြန်”နှင့် “စံထူး”ပြဇာတ်များကို နေသူရိန်ရုံ၌ တင်ဆက်သည်။ ရန်ကုန်အစိုးရဖြစ်ချိန်တွင် စစ်ရဲ(၄)၏ အရန် တပ်ရင်းဖွဲ့၍ ထားဝယ်မြို့သိမ်းတိုက်ပွဲ၊ အင်းစိန်တိုက်ပွဲ၊ သာယ၀တီခရိုင်တိုက်ပွဲတို့တွင် ပါဝင်ဆင်နွှဲခဲ့ သည်။ တစ်ဖန် စာပေနှင့်အနုပညာလောကတွင် အခြေချပြန်သည်။ ထို့နောက် ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်တို့ကို သံတောင်နယ် ဘောဂလိကြီးရွာမှ ကယ်ထုတ်ရေးတပ် ဖွဲ့ကို ဦးဆောင်ခဲ့သည်။ ဗိုလ်ချုပ် မောင်မောင်တို့ လွတ်မြောက်ပြီးသည်နှင့် ယူနီဖောင်းချွတ်ကာ စာပေနှင့် အနုပညာလောက တွင် ပြန်လည်လှုပ်ရှားသည်။
၁၉၅၃ ခုနှစ်တွင် ဂျာနယ်ပြာကိုထုတ်ဝေသည်။ ၁၉၅၅ ခုနှစ်တွင် “မာန်”ရုပ်ရှင်ကိုရိုက်ကူး သည်။ ၁၉၅၆-၅၇ ခုနှစ်တွင် နာဂတောင်တန်း လေ့လာရေးခရီးသွားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဒီးဒုတ် ဂျာနယ်ကို ပြန်လည်ထုတ်ဝေခဲ့သည်။ တည်မြဲ-သန့်ရှင်းကွဲချိန်တွင် မီးဒုတ်သတင်းစာကို ဦးစီးထုတ် ဝေပြီး တည်မြဲဘက်မှ ရပ်ခဲ့သည်။ မြ၀တီမဂ်္ဂဇင်းတွင် “မင်းသားကိုကြီးကောင်း” ပြဇာတ်ရေး၍ ဦးနုကို သရော်ခဲ့သည်။ ၁၉၅၀-၆၀ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းအမှုဆောင်အဖြစ်လည်းကောင်း၊ ၁၉၆၀-၆၃ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၆၃-၆၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံစာရေးအသင်းဥက္ကဋ္ဌတာဝန်များကို ယူခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ရရှိသည်။ စာပေတွင်သာမက ပန်းချီနှင်ြ့ပဇာတ်တွင် ထင်ရှားသည်။ ပါတိတ်ပန်းချီရေး နည်းကို လက်ဆင့်ကမ်းပေး ခဲ့သည်။
ရေးသားခဲ့သည့်စာအုပ်များမှာ တိုက်ပွဲဟူသည် (၁၉၆၀)၊ ချီလေသော်လည်း(၁၉၆၃)၊ တိုက်ယူရသောမျက်ရည်တစ်ပေါက်(၁၉၆၃)ကဲ့သို့သော မှတ်တမ်းဝတ္ထုများ၊ သေသော်မှတည့် သြော် ကောင်း၏(၁၉၆၄)၊ မြန်မာပြည်သား(၁၉၆၆)၊ စံပယ်တို့ခေတ်(၁၉၇၁-၇၂)စသည့် သမိုင်းနောက်ခံဝတ္ထု များ၊ သည်မိုးသည်လေ(၁၉၆၄)၊ ခေတ်၏သားကောင်(၁၉၆၄) အစရှိသည့် ခေတ်သရုပ်ပြ၀တ္ထုများ၊ နန်းဟာဗီး(၁၉၆၄)ကဲ့သို့သော တိုင်းရင်းသား ချစ်ကြည်ရေးဝတ္ထု၊ န၀ဒေးတစ်ခန်းရပ်ဇာတ်(၁၉၅၈)၊ မင်းသားကိုကြီးကောင်း(၁၉၅၉)ကဲ့သို့သော ပြဇာတ်များ၊ ချစ်ဇနီးသို့ (၁၉၆၃)ကဲ့သို့သော အိမ်ထောင် ရေးကျမ်း၊ စကားနက်(၁၉၆၆)၊ ပန်းသွင်သီကုံး ရေးနည်းထုံးကား (၁၉၆၆)၊ သီကုံးပန်းသွင်ရေးဖွဲ့ ချင်သော်(၁၉၆၆)၊ စာရေးခြင်းအတတ်(၁၉၆၈)ကဲ့သို့သော စာပေရေးသားမှုဆိုင်ရာကျမ်းများ၊ တော ပန်းတစ်ပွင့်၏ ဇာတ်သိမ်းနှင့်ဝတ္ထုတိုများ(၁၉၆၀)၊ အောင့်နိုင်ဘူးတော့နှင့်ဝတ္ထုတိုများ(၁၉၆၁)၊ မဒ္ဒီနှင့် အခြားဝတ္ထုတိုများ(၁၉၆၅)၊ မယားနှစ်ယောက်ဒဏ်နှင့် အခြားဝတ္ထုတိုများ(၁၉၆၆)ကဲ့သို့သော ၀တ္ထုတို ပေါင်းချုပ်၊ ဦးသော်ဇင်နှင့်တွဲဖက်၍ မိုးတိမ်တမန် မေဃဒူတ(ဘာသာပြန်)၊ ရန်ကုန်ဘဆွေမှ ဦးသိန်းဖေမြင့်သို့အိတ်ဖွင့်ပေးစာ(၁၉၆၃)စသည်တို့ဖြစ်သည်။
စာပေနယ်တွင် “သေသော်မှတည့် သြော် ကောင်း၏” စာအုပ်မှာ စာရေးသူ၏အတတ်ပညာ ပိုင်းကို အံ့မခန်းဖြစ်ပြီး ပညာပိုင်းမှာလွန်ကဲ သည်ဟုထင်ရလောက်အောင်ဖြစ်သည်ဟု မှတ်ချက်ပေး ခြင်းခံရသည်။ စာရေးဆရာ၊ ရုပ်ရှင်ပြဇာတ်ဒါရိုက်တာ၊ ပန်းချီဆရာ၊ တော်လှန်ရေးသမားနှင့် မျိုးချစ် ပုဂ္ဂိုလ်ကြီး တစ်ဦးလည်းဖြစ်သည်။
ရန်ကုန်ဘဆွေသည် ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့၌ကွယ်လွန်သည်။
Saturday, November 3, 2018
တရားခံ
ရေတွေ တိုးလာပြီ။ အနောက်ရွာ တကြောကလူတွေ ကုန်းခေါင်ခေါင်ကို ပြောင်းလာကြတော့၏။
ရေတိုးတယ်ဆိုတာ ဘယ်လိုနည်း။ ဒီ ဒေသရဲ့သဘောကို 'နောဧက နော' သော ဤစာရေးသူက ကူ၍ ပြောပြပါမည်။
မိုးခါဆို လှိုင်းတဖွေးဖွေး၊ နွေခါဆို ဖုန်တထောင်းထောင်း မြစ်ကြောင်းတွေ
ခဏခဏပြောင်းစီးတဲ့ ဧရာဝတီ ရေဝင်ရပ်။ နုန်းတင်မြေနု လွင်ပြင်ကြီးတွေလည်း တမျှော်တခေါ်ရှိရဲ့။
အခုလိုရေတွေတက်လာပြီး ပြန်ကျသွားချိန်ကျ နုန်းလို့ခေါ်တဲ့ မြေဆီမြေလွှာ အနည်အနှစ်တွေ
တင်ကျန်ရစ်တာပေါ့။ ဒါတွေပေါ် ထွန်ယက်ပြီး မြေပဲ၊ ပြောင်း ဘာညာ စိုက်ကြတာလေ။ အဲဒီတော့
ဆောင်းတွင်းဆို ထွန်ယက်စိုက်ပျိုး၊ နွေခေါင်ခေါင်လို သင်္ကြန်တွင်းပတ်လည်လောက်မှာ နှုတ်ဟယ်၊
ရိတ်ဟယ်၊ အိတ်သွင်းလို့ မန္တလေးပွဲရုံတွေဆီပို့ကာ ငွေပေါ်တဲ့ရက်ပေါ့။
နောက်တော့ နွေရက်တွေ ပူပူဖြတ်ပြီး လှည်းလမ်းကြောင်းမှာ ဖုန်တထောင်းထောင်းနဲ့
ပွဲလမ်းတွေလည်း ပေါကြရဲ့။ အဲဒီအချိန် တစ်ဆောင်းလုံး စိုက်ပျိုးထားတဲ့ မြေနုလွင်ပြင်ကြီးဟာ
ခြောက်သယောင်းလို့။ ပွဲခံရင် ကွင်းအကျယ်ကြီး။ ဘုန်းကြီးပျံဘာညာရှိလည်း ဒီရက်မှာ ဒီကွင်းပြင်ကြီးမျိုးထဲ
လုပ်ကြတာပဲ။
ဟော… အဲဒီကနောက် ရေဦးပေါက်ပါပြီတဲ့။ မြစ်ကြောင်းအတိုင်း အထက်အညာဆီက
ရေတွေစီးလာတယ်။ မြစ်ထဲမှာ ရေတွေတိုးပြီပေါ့။ နောက်တော့ ကမ်းပေါ်ပါ ရေတွေလျှံလို့ တစ်ကွင်းလုံးပြည့်တော့မယ်။
အဲဒီမှာ ရေတိုးပုံကို ပြောချင်တာ ကလား။
ဆိုကြပါစို့ရဲ့ ရေဟာ တစ်နေ့ကို တစ်ထွာတိုးတယ်ပေါ့။ မြစ်ထဲမှာ ရှိတုန်းကတိုးတဲ့
တစ်ထွာနဲ့ လွင်ပြင်ပေါ်ရောက်လို့ တိုးလာတဲ့ တစ်ထွာ သက်ရောက်ပုံခြင်း မတူဘူးရယ်။ မြစ်ဆိုတာ
သူ့ကမ်းကို နံရံပြုပြီး စီးနေတာမို့လား။ ဒီတော့ မြစ်ထဲရှိတုန်း တစ်နေ့နေလို့ ရေတစ်ထွာတိုးတဲ့အခါ
ရေအမြင့်လေး နည်းနည်း တက်လာပဟဲ့လို့သာ သတိပြုမိမယ်။ အဲဒီကနေ မြစ်ရေတွေလျှံလို့ လွင်တီးခေါင်ပေါ်မှာ
ရေတစ်ထွာတိုးတယ်ဆိုပါစို့၊ နေ့ချင်း ညချင်း မြင်နေရင်းကို ရေတွေ တရိပ်ရိပ် လွှမ်းသွားတာခင်ဗျား။
ဖန်ခွက်ထဲက ရေလက်နှစ်သစ်နဲ့ လင်ပန်းထဲက ရေလက်နှစ်သစ် ကွာသလိုပင်။
အခု အနောက်ရွာတစ်ကြောမှာ ရေတွေတိုးပြီဆိုတော့ ကိုကြီးဘမောင်ကို
ကျွန်တော်မြင်ရသည်။ ကိုကြီးဘမောင်နှင့် ကျွန်တော် တွေ့ဆုံခြင်းမှာ အကယ်တိ ကိုကြီးဘမောင်ရဲ့အိမ်ဂေဟာရှိရာ
ရေလယ်ကျွန်းရွာမှာ ဆိုရင်တော့ ပီဘိ ကျက်သရေ မင်္ဂလာရှိလှပေမည်။ သို့သော် ယခုကား ကျွန်တော့်အလုပ်ခွင်ဖြစ်ရာ
ဆေးရုံမှာ။ ကျွန်တော့်ဆေးရုံသည် နောင်သော် ကိုကြီးဘမောင် စံမြန်းရမည့် အချုပ်ခန်းရှိရာ
ရဲစခန်းနှင့် လမ်းလေးသာခြားသော မျက်နှာချင်းဆိုင် အဆောက်အအုံ ဖြစ်ပေသည်။
ဆေးရုံ၊ ဆေးခန်းသည် အနိဋ္ဌာရုံ၏ ပြယုဂ်ဖြစ်သည်။ ရဲစခန်းတို့မည်သည်
သာမန်လူများအတွက် ကျက်သရေတုံးသည် သာတည်း။ ကိုကြီးဘမောင်သည် အခုရေတွေတိုးတော့ သူ့ရွာကို
မခွဲချင်ဘဲခွာ၍ ကျက်သရေတုံးရာ အရပ်ကို သွားမည်ဟု အနိဋ္ဌာရုံတွေ စုရာ ဆေးရုံမှာ ခဏ မနေချင်ဘဲ
နေနေရရှာသည်။ ကိုကြီးဘမောင်ကို မြင်ရတွေ့ရတာ ဝမ်းနည်းစရာ ကောင်းဘိတောင်း။
အခု နောက်ပိုင်း ကိုကြီးဘမောင် ပဲတွေနှမ်းတွေ ဈေးမရလို့ စီးပွားရေး
ကျပ်ရှာတယ် ဆိုရဲ့။ သူမွေးထားတဲ့ နွားအုပ်လည်း ပွဲရုံကြွေးဆပ်ဖို့ တဖြည်းဖြည်း ဖဲ့ရောင်းရင်း
ကုန်လုပြီဆိုရဲ့။ ခိုင်းနွားလောက်ပဲ အိပ်မှာကပ်တော့တယ် ဆိုပဲ။
ကျွန်တော်နဲ့ အခုတစ်ခါ တွေ့တော့ သူဟာ တရားခံလေ။
ကျွန်တော့်ကို တွေ့တော့ အခါတိုင်းလို "ဟ… ငမျိုးကြီး"
လို့ အားပါးတရ မခေါ်ဘူး။ ကျွန်တော်ကလည်း "ကိုကြီး ဘမောင်" လို့ ဝမ်းသာအားရ
နှုတ်မဆက်နိုင်ဘူး။ ကျွန်တော်တို့တွေ့ကြတာက အနိဋ္ဌာရုံတွေစုရာ ဆေးရုံမှာလေ။ သူအခုလာခဲ့တာ
ဒီအနိဋ္ဌာရုံတွေ စုရာ ဆေးရုံမှာ ဆေးကုခံပြီးတဲ့နောက် ဟိုဘက်က ကျက်သရေမဲ့ရာ ရဲစခန်းအချုပ်မှာတည်းပြီး၊
လူတကာတွေ ဒုက္ခများရာ တရားရုံးမှာ အမှုရင်ဆိုင်ဖို့လေ။ ရွာမှာလည်း ရေတွေတိုးလို့ လူတွေ
ဒုက္ခများနေချိန်ကြီးပေါ့။
တိုးရေတွေ များတဲ့အခါ လူသူအိုးအိမ်တွေ အပါအဝင်၊ ကျွဲနွားတွေပါ ဒုက္ခရောက်တော့တာပဲ။
အခုတစ်ခါ တိုးရေကတော့ ကိုကြီးဘမောင်ရဲ့ မိသားစုလေးကိုပါ အမြစ်ကကျွတ်ထွက် ပြိုပျက်စေခဲ့ပြီ။
ကိုကြီးဘမောင်ဟာ အခုဆို ဆေးရုံကုတင်ပေါ်မှာ သံကြိုးနဲ့တွဲလျက် လက်ထိပ်တန်းလန်းနဲ့။ သူ့ခါးက
ခါးဆစ်ရိုးတစ်ဆစ် အက်သွားတာကြောင့်အိပ်ယာပေါ်မှာ သံထောက်ခါးပတ်ကြီး ပတ်လို့။
အရင်တုန်းက အခြေအနေမျိုးနဲ့သာဆို
"ကိုကြီး ဘုရားပွဲတုန်းက လက်ဝှေ့တက်ထိုးလို့ နိုင်လာတာလားဗျ"
လို့ ကျွန်တော် နောက်မိမှာ။ အဲဒီအခါ ကိုကြီးက
"အေဘေးမျိုး၊ နင့်မေလင်ခါးက အရိုးအက်သွားလို့တဲ့ဟ" လို့
ပြုံးဖြဲဖြဲ ပြန်ပြောမှာ။
အခုကျ ကျွန်တော်ဟာ ကိုကြီးကို သွေးစစ်ရမတဲ့။
ဒီလိုပါပဲ နယ်ဆေးရုံလေးမှာ အမှုအခင်းနဲ့ဆိုင်ရာ တရားခံတွေကို ဆီး၊
သွေး၊ သုက်ပိုးစစ်ဖို့ ဓာတ်ခွဲမှူးဟာ မကြာမကြာ ပါရတယ်။ အရက်သေစာ သောက်စားခြင်း ရှိ၊
မရှိတို့။ အစာအိမ်ထဲမှာ အဆိပ်တွေ့မတွေ့တို့၊ မုဒိမ်းမှုတွေမှာဆို မိန်းမကိုယ်မှာ သုက်ပိုးတွေ့မတွေ့တို့
ဆိုတာမျိုး။ ဒါတွေကို ဆိုင်ရာနေရာမှာ နမူနာယူလို့ ချိတ်ပိတ်ကာ ရန်ကုန်နဲ့ မန္တလေးက ဆိုင်ရာဓာတ်ခွဲခန်းကြီးတွေဆီ
စာတိုက်ကလှမ်းပို့။ ဒါမျိုးတွေမှာ ဓာတ်ခွဲမှူးပါရတယ်။ နောက်တော့ အချုပ်သားတွေ သူတို့ကိုယ်သူတို့
ရောဂါတစ်ခုခု ဖြစ်နေပါတယ် တင်ပြလာတဲ့အခါ ရဲက ခေါ်လာပြီး တကယ်ဟုတ်မဟုတ် သွေးစစ်ပေးရတာမျိုးပေါ့။
ကိုကြီးဘမောင်ဘေးမှာ ခင်ရာမင်ကြောင်း ရွာသားအနည်းငယ်ပဲ ပါတယ်။ ကိုကြီးမှာ
အမျိုးရယ်လို့ ဟုတ်တိပတ်တိ ရှိတာမဟုတ်။ သူ့မိန်းမနဲ့ သူ့သမီးလေးတွေသာ သူ့မှာ အမျိုးအရင်းရယ်လို့
ခင်တွယ်ရာ ရှိပြီး၊ သူဟာ ဒီသမီးလေးတွေကို တုန်နေအောင် ချစ်ရှာသည်။ မိန်းမအပေါ်လည်း သားမှတ်မှတ်
မယားမှတ်မှတ်နှင့် အင်မတန် ကြင်နာရှာသည်။
သဘောသကန် ကောင်းကာ မည်သူ့ကိုမဆို ကူညီဖို့ ဖင်ပေါ့တတ်တဲ့လူရိုးကြီး
ကိုဘမောင်ကို တစ်ရွာလုံးက ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းမို့ ချစ်ကြတယ် ကလား။
"ကိုဘမောင် မနက်ဖြန် တောင်ခြေသွားဦးမလား"
"နေ့ခင်းလောက်တော့ သွားမယ်ဆရာမ၊ ဆရာမတို့ မန္တလေးပြန်မလို့လား"
"ဟုတ်တယ် ကိုဘမောင်၊ အခု ကျွန်မအမျိုးသားပါ ရောက်နေတာလေ၊ သူက
ကလေးကို ဒီမှာ ရေတွေနဲ့ စိတ်မချလို့ အဲဒါ ခွင့်တစ်ပတ်လောက်ယူပြီး အိမ်ပြန်နေစေချင်တာ၊
မနက်ဖြန် ခဏပြန်လိုက်သွားဦးမယ် ကိုဘမောင်ရေ၊ အဲဒါ…"
"မနက်ဖြန် နေ့ခင်းကျွန်တော်သွားတော့ လိုက်ခဲ့လေ ဆရာမ"
"နေ့ခင်းမလုပ်ပါနဲ့ ကိုဘမောင်ရယ်၊ မနက်စောစောလောက် သွားပေးပါလား၊
အစောကား မီချင်လို့ပါ၊ ဟိုဘက်ကျ မန္တလေးကားပါ ပြောင်းစီးရဦးမှာမို့လေ နော်"
ကိုကြီးဘမောင်သည် ဘယ်သူ့မှ နှစ်ခါ သုံးခါ ငြင်းပယ် ရိုးမရှိပါ။
အင်မတန် အားနာတတ်သလို၊ သူကိုယ်တိုင်ကလည်း မပျင်းတတ်သော ညာဉ်လေးမှာ ကူညီတတ်သော အကျင့်လေး
စွက်နေသည်။ ယခုသော် ရွာကျောင်းမှာ သူ့သမီးတွေကို စာသင်ပေးနေသော ဆရာမဆိုတော့ တစ်ခါပင်
မငြင်းတော့ဘဲ
"မနက်ကျ မနီတို့ ဈေးသွားတော့ လိုက်ခဲ့ပေါ့၊ အစက သူတို့သားအမိတွေချည်းဆိုတော့
နေ့ခင်းလောက်မှ သွားမယ်လုပ်ထားတာ"
တိုးရေတွေက တသွင်သွင်စီးပါသည်။ ဧရာဝတီမြစ်ကြီးဟာ အနယ်တွေနဲ့ နောက်ကျိလို့။
ဒိုက်အမှိုက်တွေ ထင်းစတွေ ရေထဲမျောလာတာ ဝေလီဝေလင်း အရုဏ်ဦးအလင်းပြပြမှာ မြင်ရသည်။ ထို
ဒိုက်မျောတွေ လှေနားရောက်လာသော် ကလေးတွေ လက်ဆော့ပြီး မကိုင်မိဖို့ပြောရသည်။ ဒီဒိုက်ပုံတွေထဲ
ရေတက်လို့ပါလာတဲ့ မြွေတွေ ခွေလျက်သား ပါလာတတ်တယ်မို့လား။ မနက်စောစောမို့ တိုးရေထဲမှာ
ထင်းဆယ်သော ရှော်တယ်လေးတွေ တစ်စီးစ နှစ်စီးစ တွေ့ရပါသည်။
အခု ဓာတ်ဆီထည့် တရုတ်စက်လေးတွေ ပေါလာသော ခေတ်မှာ၊ လှေလှော်ရွက်တိုက်
အတော်သက်သာသွားသည်။ အကုန်လုံး စက်ပန်ကာတပ် လှေလေးတွေနှင့်။ အဲဒါကို ရှော်တယ်ခေါ်သည်။
နည်းနည်းကြီးတဲ့ တရုတ်နီဒီဇယ်စက်သုံး မော်တော်လေးတွေကိုတော့ ဘုတ်ချပ်ခေါ်သည်။
မြစ်ကိုဖြတ်လို့ ရှေ့ချောင်းစွတ်အဝရောက်တော့ ရေစီးပိုကြမ်းလာသည်။
တိုးရေတို့သဘာဝ ရေစီးကြမ်းတတ်သည်။ နောက်တော့ ချောင်းရိုးအတိုင်း အတော်လေး မောင်းတက်ပြီးချိန်
နွားခြံကုန်း ရွာထိပ်တံတားကို မြင်ရသည်။ တံတားသည် ဂုံးတံတားပုံမျိုးလေး ဖြစ်ပြီး၊ တံတားကိုယ်ထည်
ထီးထီးသာ ရေမှာပေါ်နေသည်။ အတက်နဲ့ အဆင်း လှေကားတွေ ရေမှာမြုပ်လို့။ ရေကျခါကျ ဒီချောင်းရိုးလေးကို
ကူးဖို့ လူကူးတံတားလေးလေ။ အခုလို ရေကြီးခါကျ တံတားအောက်က ချောင်းရိုးလေးအတိုင်း လှေတွေသွားလို့ရတာပေါ့။
ရွာလက်သမား ရွာပန်းရံနဲ့ဆောက်ထားတာ ခိုင်ခိုင်ခန့်ခန့်ပါ။ တောင်ခြေကိုရောက်ဖို့ ချောင်းရိုးလေးအတိုင်း
ဒီတံတားအောက်က ဖြတ်မောင်းရမယ်လေ။
ကိုကြီးဘမောင် မောင်းလာသော လှေသည် တံတားအောက်မှ ဖြတ်မောင်းကျော်တက်လာမိရုံရှိသေး
"ဒုံး" ခနဲ့မြည်သံနှင့်အတူတွန့်ခနဲ့ လူးပြီးမှောက်သွားသည်။ ရေအတက်မှာ ဘယ်ကဘယ်မျောလာမှန်းမသိသော
အိမ်တိုင်ဟောင်း ခပ်ကြီးကြီးကို ဝင်တိုက်လိုက် မိခြင်းဖြစ်သည်။
လှေသည် မှောက်ကာ တံတားတိုင်နှစ်ခုကြား ရေစီးမှာ ကန့်လန့်ခံနေသည်။
ကျောင်းဆရာမလေးနှင့် သူ့ကလေး လူချင်းကွဲပြီး ရေထဲမျောသွားသည်။ ဆရာမယောက်ျားသည် ချောင်းဘက်သို့
ထိုးထွက်နေသော ဆူးခြုံကို ဆွဲမိဆွဲရာ ဖမ်းဆွဲထား၏။ သူတို့သည် တစ်ယောက်မှ ရေမကူးတတ်ပါ။
ရေးကူးတတ်သော ကိုဘမောင် မိန်းမ မနီလည်း ရုတ်တရက်သော် ဘယ်မျောပါသွားမှန်းမသိ။ သမီးအကြီးမသည်
တံတားတိုင်မှာ အတင်းဖက်ထားရင်း အော်နေရှာသည်။ ကယ်ပါ ယူပါ တစာစာနှင့် နွားခြံကုန်းရွာ
တံတားနားက မနက်ခင်းမှာခေတ္တ ငရဲပွက်သွားသည်။
ကိုဘမောင်သည် ကျွမ်းထိုးမှောက်ခုံ ရေထဲပြုတ်ကျအပြီး အရင်ဆုံးတွေ့ရာ
တံတားတိုင်က သမီးကို ပြေးကူးကယ်သည်။ ရွာထဲမှ လှေတွေထွက်လာကြသည်။ သို့သော် သူတို့ရောက်ချိန်မှာ
အင်မတန်သန်သော ရေစီးထဲ လူတစ်ချို့ ပျောက်သွားပေပြီ။ ကိုဘမောင်သည် တံတားတိုင်က သမီးကို
ကယ်လှေရှိရာ ပို့အပြီး ခါးထဲက မျက်ခနဲ့နာကာ သူကိုယ်တိုင် ရေအောက်ဆွဲချခြင်း ခံလိုက်ရသလို
ကိုယ်အောက်ပိုင်း ရုတ်တရက် လှုပ်မရတော့ဘဲမြုပ်သွားလေတော့သည်။
ကျောင်းဆရာမ ယောက်ျားသည် သူ့ဇနီးနှင့် ကလေး ရေစီးထဲမျောပါသွားသည်
ကိုကြည့်ရင်း ရုတ်တရက်သော် ဆူးခြုံကိုလွှတ်ကို သွားကယ်မည်ဟု ကူးလိုက်သည်။ သို့သော် သူမေ့သွားသည်ကား
သူသည် ရေကောင်းကောင်း မကူးတတ်ရှာပေ။
အောက်နားဆီမှ လှေတစ်စင်းသည် ရေပြင်ထက် စွက်ခနဲ့ခဏ ပေါ်လာသော လက်တစ်ဖက်ကို
အတင်းဆွဲတင်လိုက်ရာ ခါးကျိုးနေသော ကိုဘမောင်ကိုယ်ကြီး ပါလာသည်။
နောက်ထပ် နေ့တွေ ကြာသောအခါ အလောင်းတစ်ချို့ကို ချောင်းအောက်နားက
ဆူးခြုံတောတွေထဲ ပြန်တွေ့ပါသည်။
ကိုကြီးဘမောင် မသေပါ။ သူ့သမီးလေး တစ်ယောက် အသက်ရှင်သည်။ ကျန်လူများကိုမူ
ရက်တစ်ချို့ကြာမှ အလောင်းသာ ရတော့၏။
ခါးရိုးအက်သွားသော ကိုကြီးဘမောင်ဟာ အခု ကျွန်တော်ရှိရာ ဆေးရုံမှာ၊
တရားခံတဲ့။ ဆေးကုနေရရှာသည်။
ပုဒ်မ(၂၈၀) ရေယာဉ်ကို အရမ်းဦးစီးသွားလာစေမှုတဲ့။ ပုဒ်မ (၃၀၄-က)
ပေါ့လျော့ခြင်းဖြင့် လူသေစေမှု တဲ့။ ဒီမှာ ကိုကြီးဘမောင်ဟာ တရားခံပေါ့။ ကျွန်တော်က တရားခံဖြစ်သူဟာ
အခင်းဖြစ်စဉ် အရက်သေစာ သောက်စားထားခြင်း ရှိမရှိ ဆီးသွေးစစ်ဖို့ လုပ်ဆောင်ပေးရမယ့်
သူပေါ့။
သွေးဖောက်မည်ဟု ကျွန်တော်ဝင်သွားသောအခါ ကိုကြီးဘမောင်သည် လန့်ဖျတ်စွာ
ထထိုင်လိုက်ရှာသည်။ သူသည် ကျွန်တော့်ကိုထက် ကျွန်တော့်နောက်မှာ ကပ်ပါလာသော ရဲဝတ်စုံဝတ်
ရဲသားတို့ကို မြင်ပေမည်။ ဆေးရုံဆေးခန်း၏ အနံ့သည် အရောက်စိမ်းသူကို ထိတ်လန့်စိတ်တစ်မျိုး
ဖြစ်စေတတ်ရာ၊ ကိုကြီးဘမောင်အပါ ရွာသားတစ်ချို့မှာ ဆေးရုံမှာလည်း ဖြစ်ပြန်၊ နေနေရတာကလည်း
တရားခံနှင့် တရားခံလူနာ၏ အစောင့်များဆိုတော့ သူတို့ ထိတ်ကြသည်မှာ လွန်သည်မဆိုသာပါပေ။
"ကိုကြီး ကျွန်တော် သွေးလေးဖောက်ချင်လို့ပါ"
ကိုကြီးဘမောင်သည် ထိုအခါမှ လန့်နိုးသူလို ကျွန်တော့်မျက်နှာကို
တွေတွေကြည့်ပြီး
"ကိုမျိုး"
သူသည် ကျွန်တော့်ကို အရင်လို "ငမျိုးကြီး" လို့ အာလုတ်သံဖြင့်
မခေါ်ဘဲ ကိုမျိုးဟု ခပ်ဆဆခေါ်သည်ကို ကြားရသောအခါ သူ့စိတ်မှာ ဘယ်မျှငယ်နေသည်ကို တွေးသိမိသော
စိတ်က ကျွန်တော်ကို သာ၍ စိတ်မကောင်းဖြစ်စေလေသည်။
"ညီလေး လာထိုင်"
သူသည် ကယောင်ကတန်းနှင့် သံကုတင်ခပ်ကျဉ်းကျဉ်းလေးမှာ ကျွန်တော်ထိုင်ရန်ဟု
နေရာပေးသည့်သဘော ဟိုဘက်ကို တိုးပေးမည်ပြုသည်။ ထိုအကြံသည် 'ခါကျဉ်ကောင်မာန်ကြီးပြီး
တောင်ကြီးကို ဖြိုမည်ကြံ' သည့်အကြံမဟုတ်သော်လည်း ယခု ကိုကြီးဘမောင်မှာ အမှန်ပင် ခါးက
မသန်ရှာသောကြောင့် လက်ကိုအားပြုပြီး ခန္ဓာကိုယ်ကို ရွေ့စေမည်ဟု စောစောက ခေါင်းအထက်နားမှာရှိသော
လက်ကို အောက်ဖက်ရွှေ့လိုက်ရာ တဂျွင်ဂျွင် လက်ထိပ်မြည်သံနှင့်အတူ သံကုတင်ခေါင်းရင်းတန်းနှင့်
တွဲခတ်ထားသော သံကြိုးရှည်လေးမှာ တတောက်တောက် လျောကျလာလေသည်။ ခါးကျိုးနေလို့ ကောင်းကောင်းပင်
မလှုပ်နိုင်ရှာသော ကိုကြီးဘမောင်မှာ ရာဇဝတ်မှုတရားခံမို့ ပြေးမည်စိုးထင့်၊ သံကြိုးတွေနဲ့
ခတ်ထားတယ်ကိုး။
ကိုကြီးဘမောင်သည် သူ့အဖြစ်သူ ရှက်ရှက် အားငယ်ဖြစ်ရှာသည့်ထင့် မျက်နှာနီလာကာ
မျက်တောင်ကို မြန်မြန်ခတ်၍ ခေါင်းကို အောက်စိုက်လိုက်တာ မြင်ရသည်။
အတူပါလာသော သူနာပြုဆရာမလေးလည်း မျက်နှာမကောင်းပါ။ ကျွန်တော်မှာမူ
အားငယ်သူကို ဖေးကူဖို့ထက် ကိုယ်တိုင်ပါရော ငိုမချမိအောင် စိတ်ကို တင်း၍သာ နေရပါသည်။
ဆေးရုံဝန်ထမ်းမို့ ဆေးရုံနံ့သည် မစိမ်းသော်လည်း အခုလို မိမိချစ်ခင်သူတစ်ယောက်ကို လက်ထိပ်ခတ်လျက်
အနေအထားဖြင့် ရှိသည်အား မိမိက အာဏာပိုင်များနှင့်အတူ သွေးဖောက်ပေးရသော အဖြစ်ကား ကျွန်တော့်အတွက်
စိမ်းလှသည်။
ထို့နောက် ဘေးနားမှာ ခပ်ငူငူရပ်နေသော ငါးတန်းကျောင်းသူ သူ့သမီးအကြီးမ
မိနန်းကိုကြည့်ပြီး
"ညီလေးရာ မင်းအမ မနီနဲ့ အငယ်မ၊ ငါ့သမီးလေး သင်းသင်းတော့ သေရှာပြီကွ"
တဲ့။
ထို့နောက် သားအဖနှစ်ယောက် ရောပြီး မထိန်းနိုင် မသိမ်းနိုင် ငိုပွဲဆင်ကြလေသည်။
သူနာပြုဆရာမလေးရဲ့ မျက်နှာမှာ မျက်ရည်တွေနှင့်။ ကျွန်တော်မှာ ကျွန်တော့်ကိုယ်
ကျွန်တော် ငိုနေသလား၊ ဘာလုပ်နေသလဲ သတိထားမိခြင်းပင် ကင်းနေရပါသည်။ သင်းသင်းဟာ ဒီနှစ်မှ
သုံးတန်းတက်တဲ့ သုံးတန်းကျောင်းသူလေး။ စကားသွက်သွက်နှင့် သူ့အမေ မနီဈေးလာဝယ်လို့ ပါလာလျှင်
ကိုကြီးအောင်မျိုး၊ ကိုကြီးအောင်မျိုးနှင့် ကျွန်တော့်ကို တော်တော်ခင်ရှာသည်။
ကျွန်တော်သည် သူ့ခါးက ခါးပတ်ကြီးကိုကြည့်လိုက်၊ သူ့လက်က လက်ထိပ်သံကြိုးကွင်းကို
မြင်လိုက်နှင့် အင်မတန် ကာယဗလပြည့်ခဲ့သော လေးလုံးခြောက်ဖက် ခန္ဓာကိုယ်ကြီးကို ရက်ပိုင်းအတွင်း
ချုံးချုံးကျသွားအောင် ဆွဲမွှေ့ပစ်နိုင်အားသော ကံကိုသာ ပြစ်ပြစ်နစ်နစ် ဆဲမိသည်။ ဆီကင်းသော
ဆံပင်ဘုတ်သိုက်နှင့် ခေါင်းငိုက်စိုက်ကျကာ ကြောင်စီစီဖြစ်နေသော သူ့ကိုကြည့်ပြီး ရွာရောက်လို့
တွေ့တိုင်း "အေဘေးမျိုး ရွာတော့ တစ်နှစ်တစ်ခါ လာအုံးဟ" လို့ စပ်ဖြဲဖြဲ ပြောတတ်သည့်
ကိုကြီးဘမောင်ဟာ ဒါမှ ဟုတ်ပါလေစလို့ ရင်ထဲ ဆို့ပြီး ဝမ်းနည်းမှုတွေ လှိုက်တက်လာသည်။
"အခု ငါ့ကို ဖမ်းထားတယ်တဲ့ကွာ၊ ဒီဆေးရုံကဆင်းရလို့ ငါထောင်ကျရင်
ဒီကလေး ဘယ်သူနဲ့ နေလိမ့်မလဲ"
သူ့ကိုယ်သူ ဘာမှန်းမသိသော အပြစ်နှင့်ထောင်ကျရမည်ထက် သူထောင်ကျစဉ်
အသက်ရှင်ကျန်ရစ်သော ငါးတန်းကျောင်းသူ သူ့သမီးငယ်လေးမှာ ဘယ်သူနဲ့ နေရရှာပါလိမ့်မလဲလို့
လက်ထိပ်တန်းလန်းနှင့် ခါးကျိုးတရားခံကြီးက ရင်ထဲလှိုက်ဖို ဆိုလေသောအခါ ကြားရသူအပေါင်းမှာ
မျက်ရည်စမ်းစမ်းနှင့်သာ တစ်ဖက်လှည့် ငိုကြတော့သည်။ တစ်ချို့စိတ်မခိုင်သူ ရွာသူများက
ဆေးရုံ လူနာဆောင်အပြင်ဖက် ထွက်ကာ အစ်၍အစ်၍ အသံမထွက်အောင် ကြိတ်ကြိတ်ငိုကြရှာလေသည်။
ကျွန်တော်သည် ပြုစရာရှိသည်တို့ကို ခပ်မြန်မြန်ပြုကာ အပြင်ပြန်ထွက်မည်အလုပ်
တစ်ဖက်ကုတင်ပေါ်မှာ ခပ်ခွေခွေလှဲနေသော လူနာတစ်ဦးကို အမှတ်မထင် မြင်လိုက်မိသည်။
“ဆရာမ အဲဒီကောင် ဘာဖြစ်လို့ ဆေးရုံရောက်လာတာလဲ”
ဒီကောင့်ကို ကျွန်တော်သိပါသည်။ သိတာမှ ကောင်းကောင်းကို သိတာပါ။
ကောင်းကောင်းသိရသည့် အကြောင်းဟာ ဘာမှ ကြာသေးတာမဟုတ်။ လွန်ခဲ့သော လဆန်းပိုင်းက ဝန်ထမ်းတွေစုပြီး
ရိုက်ကြသည့် ဖဲဝိုင်း။ ဝိုင်းကောင်းနေတုန်း မွေးထားသည့် ခွေးက စူးစူးဝါးဝါးဟောင်လို့
ထကြည့်မိတာ၊ အခု ကုတင်မှာ ခပ်ခွေခွေလှဲနေသည့် မအေပေးမျိုးလေးဟာ ဆိုင်ကယ်ဝင်ခိုးတာကိုး။
ဒီလိုနဲ့ ဝိုင်းဖမ်းပြီး ရဲစခန်းအပ်လိုက်ကြသည်။ ဒီကောင့်နာမည်ဟာ ဆွတ်ကြိုင်တဲ့။ “အလုပ်သစ်”
တွေ မကြာမကြာ ရှာတတ်သည့် အလစ်သုတ် သမား။
ထိုအဖြစ်အပျက်တို့ ဖြစ်ပျက်ပြီး နောက်သုံးရက်လောက် ကြာသောအခါ ဆွတ်ကြိုင်ကို
ဘူတာနားက ဆိတ်ရုံဘေးမှာ ပက်ပင်းတွေ့ပါသည်။ တကယ်ဆို ဒီကောင် အချုပ်ထဲမှာ ရှိရမှာ မဟုတ်လား။
“ခင်ဗျားတို့က ဖမ်းပြီး အပ်ရုံပဲ လာအပ်သွားတာလေ၊ ဒီကောင်မျိုး ဘယ်သူက
အချုပ်ထဲ ထမင်းလာပို့မလဲ၊ ဒီတော့ မနေနိုင်တဲ့ ကျုပ်တို့က ကျွေးရတာပဲ။ နောက် ခင်ဗျားတို့က
အမှုလည်း ဖွင့်မသွားဘူး။ ဒီတော့ ဘယ်သူက တရားလိုလုပ်မလဲ။ တရားရုံးအတွက် ရုံးထုတ်ပါပြီတဲ့၊
ခင်ဗျားပဲ စဉ်းစားကြည့်၊ အချုပ်က ထုတ်ဟယ်၊ တရားရုံးပို့ဦးဟယ်နဲ့ ရှုပ်လိုက်မယ့် သောက်လုပ်၊
ပြီးတော့ ခင်ဗျားတို့ ဆိုင်ကယ်လည်း ပြန်ရနေမှဟာ…”
ဆေးရုံးထဲကို လာနေကျ ရဲဝန်ထမ်းတစ်ယောက်က ဒီလိုပဲ ရယ်ကျဲကျဲ စိတ်ရှုပ်စွာ
ပြန်ပြောတာ ကြားရသည်။
ဒီလိုနှင့် တရားလိုမရှိလို့ ဆွတ်ကြိုင်ဟာ အချုပ်ထဲမှာ ရက်မကြာခဲ့ဘူးပေါ့။
အခုကျ ဒီကောင်ဟာ ဘယ့်နှာကြောင့် ဆေးရုံရောက်လာရသလဲ။ သူနာပြု ဆရာမလေးကို မေးကြည့်တော့…
“ရန်ဖြစ်တာလား၊ ဘယ်သူက လုပ်ခဲ့မှန်းမသိဘူးတဲ့။ မနက်က ခေါင်းမှာသွေးတွေနဲ့
လမ်းဘေးလဲနေတော့ ပရဟိတအဖွဲ့တစ်ခုက တွေ့လို့ ကားပေါ်တင်ခေါ်လာပြီး ဒီအတိုင်း ဆေးရုံလာပို့သွားတာပဲ”
အင်း… ခေါင်းကွဲနဲ့ ခါးကျိုးဆိုတော့လည်း လူနာဆောင် အတူတူပေါ့။ သို့သော်
ကိုကြီးဘမောင်လို လူကို ဒီကောင်မျိုး ဘေးမှာ တရားခံအဖြစ် လက်ထိပ်ကွင်းကြီးစွပ်လျက်မြင်ရတာ
ရင်ထဲ နည်းနည်းတော့ နာပါသည်။
ဥပဒေကို မသိဟု ဆိုကာမျှနှင့် ဥပဒေကြောင့် ဖြစ်သောအပြစ်မှ လွတ်ကင်းမှုမရနိုင်ဟု
စာတစ်ခုမှာ ဖတ်ဖူးမှတ်မိ ရှိပါသည်။
ပုဒ်မ(၂၈၀) ရေယာဉ်ကို အရမ်းဦးစီးသွားလာစေမှုတဲ့။ ပုဒ်မ (၃၀၄-က)
ပေါ့လျော့ခြင်းဖြင့် လူသေစေမှု တဲ့။
ဥပဒေနှင့် ဥပဒေ၏ သဘောသဘာဝတို့ကို ဒီတောသားကြီး ဘမောင်က နားမလည်ရှာပါ။
ထို့အတူ တောသားတစ်ပိုင်း ဓာတ်ခွဲမှူးကျွန်တော်လည်း နားမလည်နိုင်ပါ။ လူတစ်ယောက်က ခိုးမှုကို
သက်သေနှင့် ခိုးထုပ်ခိုးထည်နှင့်တကွ ပက်ပင်းမိတာမှာ တရားလိုမရှိ၍ လွတ်တတ်သော လောကတွင်၊
သူ့လယ် သူ့ချောင်းသူ ကုန်းရုန်းလုပ်ရင်း ကံမကောင်းအကြောင်းမလှ၍ ဇနီးနဲ့ သမီးလေးလည်းသေ၊
မိသားစုဘဝလည်း ပျက်ကြေသွားရရှာသော တောသားလူရိုးကြီးမှာကျ လူနာကုတင်ပေါ် လက်ထိပ်တန်းလန်းနှင့်။
ဤအမှုအတွက် သေဆုံးသူဆရာမတို့ မိသားစုဘက်မှ တရားလိုပြု တရားလည်း မစွဲကြပါ။ အဖြစ်အပျက်အတွင်း
မြင်ရကြားရသူတိုင်း ရွှေရင်ဆို့ရသော ဤအမှုအတွက် ဘယ်ရွာသူရွာသားကမှလည်း တရားလိုပြုသည်
မရှိကြပါ။ သို့ဆိုလျှင် အဘယ်သူက တရားလို ပြုလေသနည်း။
ဆေးရုံကြမ်းခင်းက ပိုးသတ်ဆေးနံ့သည် လေအဝေ့မှာ မသတီစရာ ပြင်းပြပြ
တိုးလာသည်။
ဟိုဘက် ရဲစခန်း အချုပ်ခန်းထဲမှာ ဘယ်လို အနံ့များ ရှိမှာပါလိမ့်။
တရားရုံးက တရားခံဝက်ခြံလေးဟာရော ဘယ်လိုအနံ့များ ရှိမှာပါလိမ့်။
ထို့အတူ အိုဘိုထောင်ကြီးထဲက ရနံ့ဟာရော…
ရွာမှာ ရေတွေ တော်တော်ကျသွားပြီတဲ့။ ဒီနယ်တစ်ကြောက ချောင်းရိုးမြောင်းစွတ်တွေမှာ
ရှော်တယ်လေးတွေ တဘုတ်ဘုတ်မောင်းလို့။
အောင်မျိုးသူလွင်
Thursday, May 3, 2018
ခံနိုင်ရည်အတွေးများ
ဂျိုးဖြူရေပိုက်လိုင်းတွင် အီးကိုလိုင်ခေါ် ပိုးတစ်မျိုးပါဝင်မှု သိပ်သည်းဆများနေမှုနှင့်ပတ်သက်ပြီး ဂယက်ထသွားစေသော သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရသည်။
ထိုသတင်းနှင့် ပတ်သက်၍ ယခင်ကျန်းမာရေးဌာနတွင် ရာထူးကြီးတာဝန်တစ်ခု ထမ်းဆောင်ခဲ့ဖူးပြီး ယခုလည်း လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေသူ မိတ်ဆွေတစ်ဦးက
"လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကထဲက JICA စီမံကိန်းက ဂျပန် ပါမောက္ခတစ်ယောက်၊ ရန်ကုန် မြို့တော်ခန်းမနဲ့ကပ်လျှက် ဟိုတယ်တစ်ခုက ရေပိုက်ခေါင်းထဲကရေကို Test Kit ခေါ်တဲ့ ဓာတ်ခွဲပစ္စည်းတစ်ခုနဲ့စမ်းတာ အီးကိုလိုင်ပိုး (E.coli) ပါဝင်မှုက တအားမြင့်နေလို့ အကြံပြုဖူးတာရှိတယ်"
"ဒါပေမယ့် ဂျိုးဖြူပိုက်လိုင်းက အိုမင်းပြီး အပေါက်အပြဲတွေရှိတယ်။ အဆက်တွေကမလုံ။ ပြီးတော့ ရေဖြန့်စနစ်က အဆက်မပြတ်ပေးတဲ့စနစ်မဟုတ်တော့ ပင်ရင်းမှာ ဘယ်ဆလောက်ပဲသန့်စင်ထားထား အဆုံးသတ် သုံးတဲ့သူတွေဆီမှာကျ အီးကိုလိုင်ပိုး (E.coli) များတာပဲ"
"နောက်တစ်ခုက ရန်ကုန်ကလူနေထူထပ်တော့ မိလ္လာကန်စနစ်နဲ့အလုပ်မဖြစ်ဘူး။ နောက် မိလ္လာကန် တော်တော်များများကလည်း ဆောက်လုပ်ပုံနည်းမမှန်တော့ အလုပ်လုပ်ပုံလည်း စနစ်မကျကြဘူး"
"တကယ်က မိလ္လာကန်က ထွက်လာတဲ့ ရေဆိုးတွေကို မိလ္လာပိုက်ကြီးတွေနဲ့ ရေဆိုးသန့်စင်စက်ရုံကို ပို့ပြီး ပြန်သန့်စင်၊ သန့်စင်ပြီးရေကို စွန့်ထုတ်၊ အညစ်အကြေးခဲကိုကျ မြေသြဇာလုပ်နိုင်မှ မစင်ကတဆင့် ကူးစက်နိုင်မယ့် ၀မ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် အသဲရောဂါ ဆင်ခြေထောက်ရောဂါတွေကို တားမြစ်နိုင်မယ်"
"ဒါပေမယ့် အခု လက်ရှိပါနေတဲ့ ပိုးပမာဏက ကျွန်တော်တို့နိုင်ငံသားတွေအတွက်တော့ သိပ်မှုလောက်စရာ မရှိဘူး ပြောရမှာပဲ။ ကျွန်တော်တို့မှာ ဒီလောက်အတွက် ခုခံနိုင်ရည်တွေ ရှိပြီးသားလေ။ ပြောရရင်တော့ ဒီပမာဏလောက်ရောဂါပိုးကို ခံနိုင်ရည် မြင့်နေတယ်ဆိုရမှာပေါ့ဗျာ။ အဲ… ဒါက ကောင်းကျိုးကို ရည်ပြီး ပြောတာ၊ ဒါနဲ့အတူတွဲပါလာတဲ့ ဆိုးပြစ်ကို ပြောရရင်ကျ လူမှာအဲဒီလို ရောဂါပိုးကို ခံနိုင်ရည် မြင့်လေလေ၊ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဆိုင်ရာတွေမှာ နိမ့်ပါးသွားလေလေပဲ"
မိတ်ဆွေရဲ့ နောက်ဆုံးစကားအဆုံးမှာ ကျွန်တော့်အတွက် အတွေးများစွာပွားရသည်။
ခံနိုင်ရည်စွမ်းမြင့်လေလေ၊ ဖွံ့ဖြိုးမှုဆိုင်ရာတွေမှာ နိမ့်ကျနည်းပါးလေလေတဲ့။ သူက ဒါကို ကျန်းမာရေးရှုထောင့်သက်သက်မှ ပြောခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်သည် ပြင်ပမှ ဝင်လာသော ရောဂါပိုးအမျိုးမျိုးကို ခံနိုင်ရည်မြင့်အောင် စွမ်းဆောင်ရလေလေ၊ ဖွံ့ဖြိုးကြီးထွားမှုနှင့် ဆိုင်ရာတွေမှာ ယုတ်လျှော့သွားလေလေဆိုသည့် သဘော။
ကြောက်စရာကောင်းသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။
ကျွန်တော်ကိုယ်တိုင်လည်း ငါသည် ငါတို့နိုင်ငံမှာ ဘယ်လောက်နေပူပူ၊ ဘယ်လောက်ဖုန်ထူထူ မကျန်းမမာမဖြစ်။ လမ်းဘေးရေအိုးစင်က ရေကိုသောက်သော်မှ ဘာမှမဖြစ်။ ငါတို့သည် တော်ရုံရောဂါပိုးကို ခံနိုင်ရည်ရှိသော သူများဖြစ်သည်ဟု ကိုယ့်ဟာကိုယ် တလွဲ ဂုဏ်ယူခဲ့ဖူးသည်။
သို့သော် တကယ့်အဖြစ်မှာက ဒီလိုမဟုတ်။ ဝင်လာသော (သို့မဟုတ်) ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေ ဖြစ်နေသော အမှောင့်ရောဂါပိုး၏ ဒဏ်ကို ခံရင်းခံရင်း ခံနိုင်ရည် မြင့်လာခြင်းနှင့်အတူ ကျွန်တော်တို့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို စတေးပေးလိုက်ရသည်။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေ တန့်သွား၊ တုံ့သွားရသည်။ မိတ်ဆွေက ဒီသဘောကို ရှင်းပြခြင်းဖြစ်သည်။
ဤမှာ အမှောင့်ရောဂါးပိုးဆိုတာနှင့် ခံနိုင်ရည်ဆိုသည်တို့ကို ဆက်လက်အတွေးပွားမိသည်။
အမှောင့်ဆိုသည် မလိုလားအပ်သော၊ ဖျက်ဆီးတတ်သော သဘောဖြစ်ပြီး၊ ခံနိုင်ရည်ဟူသည် ထို အမှောင့်တို့က ဝင်ရောက်နှောင့်ယှက်လာသည်ကိုမှ မမှု၊ မတုန်မလုပ် ခံနိုင်လာပြီး မတုံ့ပြန်တော့ခြင်းကို ဆိုလိုသည်။ ရောဂါပိုးအနေဖြင့် ဆိုရမည်ဆိုလျှင် ထိုရောဂါပိုးဝင်လာပါလျှက် မတုံ့ပြန်တော့ခြင်းသည် ခံနိုင်ရည် ရှိလာခြင်း (ဝါ) ထိုရောဂါပိုးကြောင့် မဖျားမနာတော့ခြင်းဖြစ်သည်။
ဤဖြစ်စဉ်မှ ဆင့်ပွား၍ ကျွန်တော်တို့ တိုင်းပြည် နိုင်ငံအရေးကို မျှော်တွေးကြည့်လိုက်ကြပါဦးစို့။
ဥပမာ ရန်ကုန်မြို့တွင်း လိုင်းကားတွေ ကျပ်သော ကိစ္စတွင် ပုံမှန်ဖြစ်သင့်သည်မှာ လိုင်းကားဟူသည် (အခြားဖွံ့ဖြိုးပြီး နိုင်ငံများနည်းတူ) လျှောလျှောလျူလျူ ချောင်ချောင်ချိချိ ပုံမှန်လွယ်ကူစွာ သွားလာနိုင်ရမည့် အမျိုးဖြစ်သည်။ သို့သော် ကျွန်တော်တို့ လိုင်းကားများတွင် ရှိနေသော အမှောင့်ပယောဂကား ကားကျပ်ခြင်း၊ ယာဉ်နောက်လိုက်များ ရိုင်းပြခြင်း၊ လမ်းကြောများ ပိတ်ခြင်း စသည်တို့ဖြင့် စုံလှသည်။ အမှန်သော် ကျွန်တော်တို့သည် ထိုအမှောင့် ပယောဂများ၏ ဒဏ်ကို ခံစားတုံ့ပြန်ကြရပေမည်။ သို့သော် ကျွန်တော်တို့မှာ ထိုဒဏ်တွေကို ခံရင်းခံရင်း ခံနိုင်ရည်တွေ မြင့်လာသည်။ ကြာသောအခါ လှိုင်းကားကျပ်ခြင်းသည် အမှောင့်ပယောဂတစ်ခုဆိုတာထက် ပုံမှန်ဖြစ်နေကျ တစ်ခုလို မြင်လာသည်။ ထိုဖြစ်စဉ်ကို ခံနိုင်ရည်မြင့်လာခြင်းဟု ဆိုရပေမည်။
ထိုသို့ ခံနိုင်ရည် မြင့်လာခြင်းကြောင့် အခုနောက်ပိုင်း လှိုင်းကားကျပ်သည့် ကိစ္စကို တော်များများသော သူများက တရားဝင် ဖျားနာမပြတော့။ တစ်နည်းဆိုရသောာ် တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန် စောဒကမတက်တော့။ အကယ်၍ အများစုကသာ အချိန်အတော်ကြာ စောဒကတက်နေမည်ဆိုလျှင် တာဝန်ရှိသူတို့မှာ တစ်ခုခုကို ပြုကြရတော့မည်မှာ ဧကန်။ ရောဂါကြောင့် မိမိကိုယ်မှာ ဖျားနာမှုများလာသော လူသည် ဆေးရုံးဆေးခန်း ပြေးကြရမည့် သဘောပါပေ။
သို့သော် ကျွန်တော်တို့၏ လိုင်းကားနှင့် ပတ်သက်သော ခံနိုင်ရည်က သူတကာနိုင်ငံတွေထက် မြင့်သည်။ ဒီတော့လည်း လိုင်းကားကျပ်တာလောက်ကို ဘယ်သူမှ စကားထဲလုပ်ပြီး မပြောတော့ ။ အရေးအရာ မလုပ်တော့။ ခံနိုင်ရည်ရှိလာသည်။ ထိုအတွက် ဆိုးကျိုးကား ကျွန်တော်တို့တွေ သွားရေးလာရေးတွေခက်ပြီး၊ လိုင်းကားပေါ်မှာ အချိန်တွေကုန်သည်။ ထိုအတွက် ဆိုင်ရာနေရာတွေမှာ ဖွံ့ဖြိုးမှု နောက်ကျကုန်တော့သည်။
ထိုမှတစ်ဆင့်တက်၍ တိုင်းပြည်ကြီးတစ်ခုလုံးနှင့် အစိုးရလုပ်သူတို့ကို ကြည့်ကြပါဦးစို့။ နိုင်ငံ့ခေါင်းဆောင် ဆိုသူတို့ ပေါက်ကရလုပ်သည်။ ပေါက်ကရ ပြောကြသည်။
သူတို့အပြုအမူ၊ သူတို့စကားတွေကို ကျွန်တော်တို့သည် လူ့မှုကွန်ယက်တွေပေါ်မှာ၊ သတင်းစာ ဂျာနယ်တွေထဲမှာ မြင်ရတွေ့ရပြီး ဟာသအနေဖြင့်သာ သဘောထားဖတ်ရှုကြတာ တွေ့ရများပြီး မည်သူ့မျှ ပြင်းပြင်းထန်ထန် ကန့်ကွက်တာမျိုးမရှိ။ ဆိုင်ရာ အကြီးအကဲများကလည်း အရေးယူတာမျိုး မရှိ။ အားလုံးသည် မိမိတို့နိုင်ငံနှင့် ပတ်သက်ပြီး ပေါက်ကရလုပ်သော အပြုအမူ၊ ပေါက်ကရဆိုသော အပြောအဆိုတွေမှာ ခံနိုင်ရည်ခပ်မြင့်မြင့် ရှိထားကြသည်။ ထိုသည်ကို ခွင့်လွတ်စိတ်ဟု တလွဲခေါင်းစဉ်တပ်ကြသည်။ ခံနိုင်ရည်ရှိတာ ကောင်းပါသည်။ သို့သော် ထိုအတွက် တိုင်းပြည်မှာ တလွဲပြော တလွဲပြုခေါင်းဆောင်များ၏ အပြုအပြောတွေကြောင့် ဖွဲ့ဖြိုးတိုးတက်မှုမှာ ကျဆင်းလာရတော့သည်။ ပြည်သူများ ခံနိုင်ရည်မြင့်မားလာမှုအတွက် ပေးဆပ်လိုက်ရသော (တစ်နည်း) စတေးလိုက်ရသော ဖွဲ့ဖြိုးတိုးတက်မှုပါပေ။
ခံနိုင်ရည်ရှိခြင်းသည် မည်မျှကောင်းပါသနည်း။ ခံနိုင်ရည်ကြောင့် လူတွေမှာ စိတ်သက်သာသည်။ ရောဂါကို ခံနိုင်စွမ်းရှိလာခြင်းကြောင့် အတော်အသင့်ရောဂါမဖြစ်၍ ခန္ဓာကိုယ် သက်သာသည်။ နေ့စဉ် တွေ့လာရသမျှ ကြုံလာရသမျှ မဖြစ်သင့်မဖြစ်ထိုက်ရာရာ အမှောင့်ပယောဂ အစုံကို ခံနိုင်ရည်မြင့်လာခြင်းနှင့်အတူ အဆင်မပြေသော လက်ရှိအနေအထားကြီးမှာ နေပျော်လာသည်။ သို့သော် ထိုခံနိုင်ရည်မြင့်မာလာမှုကြောင့်ပင် ကျွန်တော်တို့ ပေးဆပ်လိုက်ရသော ဖွံ့ဖြိုးတိုးတက်မှုတွေ မည်မျှ ရှိပါပြီနည်း။
ဂျိုးဖြူရေပိုက်ကပေးသော ခံနိုင်ရည်အတွေးကို နေ့စဉ်တွေ့ကြုံနေရသော ကိစ္စအများစုမှအစ တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်ထိ အတွေးပွားမိသောအခါ စိတ်မောစရာကောင်းတာတော့ အမှန်။
(မြန်မာ့ဥဒါန်းဂျာနယ်)
အောင်မျိုးသူလွင်
Tuesday, March 27, 2018
အကြေကေးရီးယန်းနဲ့ အညာသရာကီ
အကြေကေးရီးယန်းကောင်မလေးက မနက်ခြောက်နာရီထိုးရင် ရေချိုးခန်းဝင်တယ်။ မိတ်ကပ်လိမ်းတယ်။ ဖြီးလိမ်းပြင်ဆင်ပြီး ခုနစ်နာရီခွဲဆို သူငှားနေတဲ့တိုက်ခန်းအောက် အကြိုထောက်မယ့် ဖယ်ရီကို ကြော့ကြော့လေး ဆင်းစောင့်တယ်။ ပြီးတော့ကျ ပရွက်ဆိတ်တန်းလို တစ်ညပ်နေတဲ့ သူတို့မြို့ကလမ်းတွေပေါ် တစ်နာရီကျော်ကြာအောင် အသက်ကြီးခံပြီးတဲ့နောက် လေအေးပေးစက်တပ်အခန်းထဲမှာ ကွန်ပျူတာဘေး ကြည့်မှန်အဝိုင်းလေးချပြီး အလုပ်လုပ်တော့တာပဲ။
တစ်ညလုံး ဖတ်ချင်တဲ့စာတွေဖတ်မယ်။ ဇာတ်ကားကောင်းကောင်းလေးများ တီဗွီကလာရင် မနက်ဖြန်ဖြေရမယ့် သင်ခန်းစာကို ဒီည အရကျက်ပစ်သလိုမျိုး သရဲမရဲစီးအောင် ကြည့်ပစ်တယ်။ မနက်ကျ နိုးချင်တဲ့အချိန်မှ နိုးပြီး ကုန်းရုံးထ၊ ဖုန်းကနာရီကိုကြည့်၊ ရေချိုးချိန်ရရင်ချိုး၊ ချိုးချိန်မရတော့ရင် တွေ့တဲ့အဝတ်ကောက်စွပ်ပြီး ဆိုက်ကယ်ပေါ်တက်ခွ၊ အလုပ်ပြေးတတ်ကြတာက အညာသရာကီတွေရဲ့အကျင့်။
ဖုန်းတွေပေါ်လာကတည်းက လက်အလေးခံပြီး အညာသရာကီတွေဟာ နာရီမပတ်ကြတော့ဘူး။
ဒါက အကြေကေးရီးယန်းကောင်မလေးနဲ့ အညာသရာကီတစ်ယောက်ရဲ့ နေ့စဉ်ဖြတ်သန်းမှု အကျဉ်းပြကွက်တွေ။ သူတို့နှစ်ယောက်ကြား မိုင်အားဖြင့် သုံးရာ့ရှစ်ဆယ်ကျော်ကျော်ဝေးတာကို မြေပုံမှာ လေးလက်မထက်မပိုဘူးလို့ 'အညာသရာကီ အောင်ဒရိုဂို' က ကိုယ်ထင် ကုတင်ရွှေနန်းနေတတ်တာမျိုး။ ဒီအထိက ဘာပြဿနာမှ မရှိသေးဘူး။ ပြဿနာက 'လင်နစ်စတာချော' ပဲ။
လင်နစ်စတာချောက နာမည်နဲ့လိုက်အောင် ချောတယ်။ ဦးတေဇနဲ့ ဘရွှေမြေးဖိုးလပြည့် နှစ်ယောက်ပေါင်းထက် လေးငါးခြောက်ဆ ချမ်းသာတယ်။ သူဘယ်လောက်ချမ်းသာမှန်း သူ့ဟာသူတောင် သိရဲ့လားလည်း မသိပါဘူး။ အပြင်းပြေ ကိုယ်ပိုင်ဘဏ်လုပ်ငန်းတစ်ခု ဖွင့်ထားတာရှိတယ်။ လူပုံက အကြည့်ခံသလို ဟန်ပန်ကလည်း ကဗျာဆန်သေးတယ်။ သူပိုင်တဲ့ နိုင်ငံတကာဘဏ်ကြီးကိုတောင် နာမည်ပေးထားပုံ နားထောင်ဦးလေ။ 'ယူကြွေပြီ' တဲ့။ ဘယ့်လောက် ကဗျာဆန်လိုက်သလဲဆိုတာ။
အကြေကေးရီးယန်းကောင်မလေးက လင်နစ်စတာချောပိုင်တဲ့ အပြည်ပြည်ဆိုင်ရာ 'ယူကြွေပြီဘဏ်' ကြီးမှာအလုပ်လုပ်တာ။ ဝါ ဝါ ဝါ။ မှားလို့။ မဟုတ်ဘူးဗျ။ ဆောရီး ဆောရီး။ လင်နစ်စတာချောရဲ့ လေသံနဲ့ပြောရင် ဝါ ဝါ လို့ 'ဘွာ' မခတ်ရဘူး။ ဆောရီးဆိုမှ အမှန်။ ပြောချင်တာက အပြည်ပြည်ဆိုင်ရာ ဆိုတာထက် 'အင်တာနေရှင်နယ်ယူကြွေပြီဘဏ်ကြီး' ပေါ့လေ။ လင်နစ်စတာချောက စကားပြောရင် အပြည်ပြည်ဆိုင်ရာ ဘာသာစကားနဲ့ပဲ စကားပြောတယ်။
လင်နစ်စတာချောရဲ့ ဆောင်ပုဒ်က
"လင်နစ်စတာတွေဟာ အကြွေးဆပ်ပက်စက်တယ်" ဆိုတာပဲ။
ဒါကိုတော့ အညာသရာကီတစ်ယောက်ဖြစ်တဲ့ 'အောင်ဒရိုဂို' က ယုံတယ်။ လင်နစ်စတာချော မန္တလေးလာတုန်းက လမ်းသုံးဆယ်က ကြယ်သုံးဆယ့်နှစ်ပွင့် ဟိုတယ်ကြီးမှာ တည်းတယ်။ သူ့ဂုဏ်နဲ့တန်အောင်လေဆိုပြီး အောင်ဒရိုဂိုတို့က 'ရက်ဖိုး' ကားကြီးစီးပြီး သွားတွေ့ရတယ်။ ကားက ငှားလာတာပါ။ အညာသရာကီတွေထဲမှာ ရက်ဖိုးစီးပြီး ဆီဖိုးအကြွေးတွေ လည်ပင်းခိုက်နေတဲ့ ကောင်တွေရှိတယ်။ ဒီတော့ ဒီလိုကောင်တွေနဲ့ ငွေရေးကြေးရေး အပေးအယူလုပ်ပြီး အချိန်ပိုင်းနဲ့ ငှားခဲ့တာပေါ့။ ပြောချင်တာက လင်နစ်စတာတွေ အကြွေးဆပ်ပက်စက်တဲ့ အကြောင်းပါ။
အဲဒီနေ့က လင်နစ်စတာချောကို သူတည်းတဲ့ ကြယ်သုံးဆယ့်နှစ်ပွင့်ဟိုတယ်ရှေ့က ကွမ်းယာဆိုင်လေးမှာ ဘာရပ်လုပ်နေတယ်ရယ်မသိဘူး။ ဒါနဲ့ အောင်ဒရိုဂိုတို့ အညာသရာကီ ဓလေ့ပေါ့လေ၊ စချင်နောက်ချင် ကျီစယ်ချင်စိတ်ပေါက်လာတာနဲ့ သူ့ဘေး ကားထိုးရပ်တဲ့ပြီး ပါလာတဲ့ သူငယ်ချင်းတစ်ယောက်ကို မေးခိုင်းလိုက်တယ်။
"အကို၊ အကို ဒီနားမှာ ကွန်ဒုံးဘယ်နားဝယ်ရလဲဗျာ၊ ကျွန်တော်တို့ အရေးကြီးနေလို့ပါ" လို့ ဆိုတော့ လင်နစ်စတာချော ပထမတော့ ရှက်သွားတယ်။ သူ့မျက်နှာ ရဲလို့။ဒုတိယ အားရပါးရဖြစ်လာတယ်။ သူ့မျက်နှာမှာ အဖော်ရသွားတဲ့ အရိပ်အယောင်မျိုး။
"မသိဘူး အစ်ကို။ ကျွန်တော်က အကြေကေးရီးယန်းက လာတာ။ ကွမ်းယာဆိုင်မှာများ ရမလားလို့ အခုပဲ ဝင်မေးတာ ဂြိဟ်ကြည့်အကြည့်ခံရတယ်ဗျ။ အကိုတို့ အခုလိုက်ရှာနေတာဆို ကျွန်တော့်လည်းခေါ်ဗျာ။ အတူသွားရှာရအောင်။ ဒီအညာသရာကီတွေနေတဲ့အရပ်မှာ ကွန်ဒုံးလေးမှ ရှာဖို့ခက်တယ်။ ခွီးပဲ"
နောက်တော့ ရိုးသားတဲ့ လင်နစ်စတာချောကို အောင်ဒရိုဂိုကပြေးပွေ့ဖက်တယ်။ လင်နစ်စတာချောလည်း ဝမ်းသာတယ်။ နောက်တော့ လင်နစ်စတာတွေသောက်တဲ့ အရက်မျိုးတွေ သောက်ကြတယ်ပေါ့။ ဒီအထိ အဆင်ပြေတယ်။
နောက် ကိုယ်ရန်ကုန်သွားတော့ကျ လင်နစ်စတာချောဟာ ကိုယ့်ကို ကန်တော်ကြီးဘေးနား ခေါ်ပြီး အကြွေးဆပ်ပက်စက် တော့တာပဲ။ ကိုယ်တို့ အညာသရာကီတွေက လင်နစ်စတာကဗျာတွေဆို သိပ်သဘောကျတာ။ လင်နစ်စတာကဗျာထဲက ဇာတ်ကောင်မလေးတွေဖြစ်တဲ့ မြဗိုလ်တို့၊ ရွှေရောင်တို့၊ ညီမလေး မမဝင့်တို့ဆို အသေကြွေပဲ။ အဲဒီမှာ
"ဘီယာသွားဝယ်ဦးမယ်ဗျာ ဟောဟိုနားက အုပ်စုထဲမှာ မြဗိုလ်နဲ့ ရွှေရောင် စောင့်နေတယ်။ ဆပ်ပရိုက်ဖြစ်အောင် ခင်ဗျားဖာသာခင်ဗျား သွားမိတ်ဆက်ထားနှင့်။ ညီမလေး မမဝင့်က ခဏနေလာလိမ့်မယ်" ဆိုပြီး မလိမ့်တပတ်နဲ့ ကိုယ့်ကို အခြောက်မအုပ်စုထဲ မောင်းသွင်း အကြွေးဆပ်တော့တာပဲ။ လင်နစ်စတာတွေဟာ ယောက်ျားချင်းဆို အဲလို အကြွေးဆပ်ပက်စက်တာ။
ထားပါတော့လေ။ ယောက်ျားချင်းကိုး။ ပြဿနာက ကိုယ့်အကြေကေးရီးယန်း ကောင်မလေးဟာ လင်နစ်စတာချောပိုင်တဲ့ အင်တာနေရှင်တယ် ယူကြွေပြီဘဏ်ကြီးမှာ အလုပ်လုပ်နေတာပဲ။ ယောက်ျားချင်းပေါ့လေ၊ အဲဒါ လက်ရုံးရည်ချင်းယှဉ်မလား မကြောက်ပါဘူး။ ကိုယ်တို့ အညာသရာကီတွေဆိုတာ မွေးကတည်းက ကျွဲနဲ့နွားနဲ့ဖက်ပြီး လယ်ထဲ ကိုင်းထဲ ရုန်းလာတာ။ မည်းမည်းသည်းသည်း မုန့်တစ်မျိုးကိုတောင် 'အညာသရာကီကျောကုန်း' လို့ ခေါ်လားခေါ်ရဲ့။ လင်နစ်စတာတွေလောက်တော့ အဟုတ်မကြောက်ပါဘူး။ ဒါဖြင့် နှလုံးရည်ချင်း ယှဉ်မလား။ ကိုယ်တို့အညာသရာကီတွေဆိုတာ အသည်းနှလုံးမှာ ကျွဲပုခုံးထလောက်အောင် ခံစားချက်ကို တနင့်တပိုး သယ်ထမ်းထားတတ်ကြတဲ့လူတွေမို့ လင်နစ်စတာတွေလောက်တော့ မကြောက်ပေါင်။ ဒါဖြင့် ဘာက ပြဿနာလဲဆို အဲဒါ အညာသရာကီတွေရဲ့ တွေးနိုင်တဲ့ နယ်ပယ်ရဲ့ ဟိုဘက်ကျော်သွားပြီ။ တကယ်တော့ အညာသရာကီတွေဟာ လက်ရုံးရည်တွေ နှလုံးရည်တွေဆိုတာတွေနဲ့ ခေတ်နောက်ကျကျန်ခဲ့ပြီး၊ နည်းပညာအကြောင်း ဘာမှသိတာမဟုတ်ဘူး။
အကြေကေးရီးယန်း ကောင်မလေးက ပြောတယ်။ အောင်ဒရိုဂို့အတွက် စွန်လေးတွေလုပ်ပြီး ဖန်ဘူးထဲ ထည့်သိမ်းထားတယ်တဲ့။ တကယ်လို့ တောင်လေလာတုန်း ဘူးဖွင့်ပေးလိုက်တဲ့အခါ ကိုကိုတို့ အညာသရာကီဒေသကို စွန်လေးတွေ ဝဲလာမှာပေါ့တဲ့။ အဲဒီတော့ကျ ကိုကိုက ဘာလုပ်မှာလဲဟင် ဆိုတော့ ဒီက အညာသရာကီကြီးမှာ ကြွေလိုက်တာ ကြွေလိုက်တာ ဆိုတာလေ၊ လူမှာ 'မျက်နှာဖုတ်လူး၊ နားရွက်ရွံ့ပေ' တွေကို ဖြစ်လို့ပါဆို။
တကယ်ကျ အဲဒါ အကြေကေးရီးယန်းကောင်မလေးဟာ လင်နစ်စတာချော သောကြာနေ့ညနေတွေမှာပဲ ထုတ်စီးလေ့ရှိတဲ့ ပေါ်ရှေးကားကြီးပေါ်မှာ၊ လင်နစ်စတာအရက်တွေသောက်ရင်း လင်နစ်စတာ ကဗျာတွေအစပ်ကျင့်နေတာတဲ့လေ။ အဲဒီလို လင်နစ်စတာချောက ပြောတာပဲ။ အောင်ဒရိုဂိုကတော့ အဲလိုမယုံပါဘူး။ ဒါပေမယ့် အသည်းတော့ကွဲတယ်။ တကယ်ဆို လင်နစ်စတာတွေဟာ အညာသရာကီတွေရဲ့ အသည်းကို ဓားတုံးတုံးနဲ့ ခွဲဖို့ မွေးဖွားလာသူတွေများလား။
လင်နစ်စတာတွေဟာ ပေါ်ရှေးစီးတယ်။ လူတစ်ကိုယ် မာစီးဒီတစ်စီးလို့ ပြောတဲ့နယ်ပိုင်ကို သောက်ဂရုမစိုက်တတ်တာလည်း လင်နစ်စတာ စရိုက်။ မိန်းခလေးတွေ သိပ်ခိုက်ဆိုပဲ။
ကိုယ့် အကြေကေးရီးယန်း ကောင်မလေးကတော့ အဲဒီထဲ ပါမယ်မထင်ပါဘူး။ ဒါနဲ့
"ကလေးရယ်၊ ကိုယ်တို့ အညာသရာကီတွေဆိုတာ သိပ်ချစ်တတ်သူတွေပါလို့ အကိုပြောတဲ့အခါ ထိုမှန်ကန်သော သစ္စာစကားကြောင့် ကလေးကို့အနားကို တစ်လှမ်းတိုးလာဖို့ အားဖြစ်ပါစေကွယ်" လို့ ခပ်ညည်းညည်းလေး လေပူထုတ်မိတယ်။
'ယပိစ္ဆံ န လဘတ္တိ၊ တမ္ပိ ဒုက္ခံ' လိုတာမရခြင်းသည်လည်း ဆင်းရဲ၏လို့ မြတ်စွာဘုရားကတောင် သူ့နာမည်ကျော် ဒုက္ခသစ္စာတရားမှာ ထည့်ဟောခဲ့မို့လား။ ဒါလေး အညာသရာကီလေနဲ့ ဒီလိုထုတ်ညည်းမိတော့ လင်နစ်စတာတွေက ရယ်သေးတယ်။
"အညာသရာကီတွေရဲ့စာဟာ လောကနိတိနဲ့ ခပ်ဆင်ဆင်ပဲ " တဲ့။ လှောင်တာ ။ လှောင်တာ။
ညနေညနေဆို ပေါ်ရှေးကားတဝီဝီနဲ့ လင်နစ်စတာတွေဟာ နည်းပညာအသာနဲ့ အကွာအဝေးကို ချုံ့ပစ်နိုင်တယ်တဲ့။ ပထဝီအနေအထားကမှ သူ့ဘက်မှာပါဆို လင်နစ်စတာတွေဟာ 'ပဲကရ နှမ်းကရ' ဆိုတာမျိုး။
ဒါနဲ့ တဖြည်းဖြည်း ကိုယ့်အကြေကေးရီးယန်းကောင်မလေးဟာ
"ထရော်မာလို ရောဂါမျိုး မကြာမကြာဖြစ်ချင်တယ်၊ ကော်ဖီဆိုင်ထဲမှာ ဆူးဆိုက်လုပ်တဲ့ ကဗျာဆရာဟာ သွေးပြန်ကြောကို မင်ရည်လုပ်ဖူးသတဲ့။ ကိုယ်ဒီည မအိပ်နိုင်တော့ဘူး" ဆိုတဲ့ ကဗျာမျိုးတွေ မကြာမကြာရေးလာတယ်။
အညာသရာကီကြီး စိတ်ပူလာတယ်။ အကြေကေးရီးယန်းမလေးကို ဆုံးရှုံးရမှာကိုလား။ မဟုတ်ပါဘူး။ မူလ ပေးထားချက်မှာကတည်း ဆုံးပြီးသားပဲလေ။
အဓိကက အညာသရာကီတွေဟာ လင်နစ်စတာကဗျာတွေကို နားမလည်ဘူး။ နားလည်သလို အဓိပ္ပါယ်ကောက်ကြည့်တော့ အညာသရာကီစိတ်နှလုံးမှာ အပူဖုံးလာတယ်။ အကြေကေးရီယန်းမလေး သူ့ကိုယ်သူ တစ်ခုခု လုပ်ပစ်လိုက်မှာလား။ နောက်တော့ အညာသရာကီတွေဟာ သမိုင်းထဲက အရိုင်းစိတ်တွေ ပြန်ဝင်လာတယ်။ အညာသရာကီတွေဟာ သမိုင်းမှာ ရိုင်းလည်ရိုင်းတယ်။ ကြမ်းလည်း ကြမ်းတယ်။ အခုလို မျက်စပ်ပိုးဝင် ဆံတစ်ပင်တင်း အခြေဆိုတော့ ဖျတ်ဖျတ်လူးပြီပေါ့လေ။ ဒါနဲ့ အညာသရာကီ အောင်ဒရိုဂိုတစ်ယောက် မခံနိုင်တဲ့ အဆုံး ကုန်းအော်ပစ်လိုက်တယ်။
"အကြေကေးရီးယန်း ကောင်မလေးတွေကို တိုက်ဖျက်ကြ"
ဒီတော့ကျ ပြုံးသဲ့သဲ့ဖြစ်သွားတဲ့ ကိုယ့်ရဲ့ အကြေကေးရီးယန်းကောင်မလေးက ဝင်ပြောတယ်။
"သူ့ဟာသူ ချေ့စရာကောင်းနေတဲ့ အကြေကေးရီးယန်းလေးတွေကို ချမ်းသာပေးလိုက်ပါလား ကိုငြိမ်းမောင်ကြီးရယ်" တဲ့။
ဘာမှန်းမသိ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကြွေဆင်းသွားရပြန်ရော။
ဒါကြောင့်မို့ အညာသရာကီတွေဟာ တစ်လတစ်ခါ အောင်ဘာလေထီတစ်စောင် မှန်မှန်ထိုးတယ်။ တစ်ညတစ်ခါ အကြေကေးရီယန်းကောင်မလေးဆီ ဖေ့ဘွတ်က စာမှန်မှန်ပို့တယ်။ သိန်းတစ်သောင်းထီပေါက်ရင် ပေါ်ရှေးကား ဝယ်စီးပြီး မိုင်းသုံးရာ့ရှစ်ဆယ်ကျော်ခရီးကို ချုံ့ပစ်မယ်။ ဒီကြားထဲ ပြန်စာလေးများရရင် လင်နစ်စတာအပေါ် တစ်သက်တာအနိုင်ရလိုက်တာပဲလေ။
အညာသရာကီတစ်ယောက်ဟာ ဒီစိတ်နဲ့ နေ့စဉ်အသက်ရှင်နေတော့တာပါပဲ။
အောင်မျိုးသူလွင်
၂၇၊၀၃၊၂၀၁၈
အင်္ဂါ
နေ့ ၀၁း၁၀
Friday, March 16, 2018
ပွဲကျောင်း
(၁)
တစ်နေ့ ရွာနောက်တောက မိုးနံခြုံကြီးထဲမှာ ဝတ်လစ်စလစ်
ကျောင်းအစ်မကြီးကို ခြေနှစ်ချောင်း မိုးပေါ်ထောင်လျှက်သား တွေ့ရသည်။
လေးလုံးခြောက်ဖက် ယောက်ျားကြီးနှစ်ယောက်သည် ကျောင်းအစ်မကြီး၏
ထောင်နေသောခြေထောက်နှစ်ခုကြားမှာလည်းကောင်း၊ ဘေးကိုအနည်းငယ်စောင်းကာ
ခပ်လှဲလှဲပြုလျက် လိုလိုချင်ချင်ညည်းညူသမှုပြုနေသော ဦးခေါင်းနဘေးနားမှာလည်းကောင်း
တစ်လှည့်စီ ဒူးထောက်နေကြသည့် အဖြစ်ကို မြင်ရသော တစ်ခဏ မောင်ကျောင်းသားတစ်ကိုယ်လုံး
အကြောအခြင်တွေ ရှိန်းဖိန်းကုန်ရသည်။ အမှတ်မထင် မြင်ခဲ့ရသော မြင်ကွင်းကို
စိတ်တေးမှတ်ပြီး ပွဲကျောင်းဆရာတော်ကို ပြန်တိုင်ဖို့ဟု စိုင်းပြင်းကာ
ရွာဘက်ခြေကုန်သုတ်ခဲ့တော့သည်။
ကျောင်းအစ်မကြီးသည် ဘယ်မျှဩဇာကြီးစေ ပွဲကျောင်းဆရာတော် မကြိုက်သော
အမှုကို ပြုခဲ့မိချေပြီ။ ဤအမှုမျိုးကို မောင်ကျောင်းသားလည်း မကြိုက်။
မောင်ကျောင်းသားတို့ တစ်ရွာလုံးကလည်း မကြိုက်။ မကြိုက်သောကြောင့်
မောင်ကျောင်းသားတို့ရွာကို ပွဲကျောင်းသာသနာ ရောက်လာပြီးကတည်းက ဒီအမှုတွေကို
အမြစ်ကမချန် တွန်းလှန်ပစ်ခဲ့ကြသည်။
ရွာထဲမှာ နေသမျှလူတွေအကုန် ပွဲကျောင်း သာသနာဝင်များဖြစ်ကြသည်။
တစ်နည်းအားဖြင့် ပွဲကျောင်းသာသနာဝင်မဟုတ်သူများကို ရွာက ကြဉ်သည်။
ပွဲကျောင်းသားတွေအကုန် ဓားခုတ် လှံထိုး မြင်းစီးကျွမ်းကျင်ကြသည်။
အခါရာသီအလိုက် ဆေးအစီအရင်လည်း ပြီးကြသည်။ 'လူလည်းမိုက်၊ ကြက်လည်းတိုက်၊
ခွေးလည်းကိုက်' သော ပွဲကျောင်းသားများပင်။ သို့သော် ပွဲကျောင်းသာသနာဝင် လူမှန်သမျှ
မခိုးရ၊ မလိမ်ရ၊ ကာမဂုဏ်လွန်ကျူးစွာ မခံစားရ။ ဒါသည် ပွဲကျောင်းစည်းကမ်း။
ဒီသံမဏိစည်းကမ်းသုံးချက်အတိုင်း နေနိုင်မှ ပွဲကျောင်းသားဖြစ်သည်။ ဆေးအစီအရင်လည်း
စွမ်းပြီး ဓားလည်းထက်သည်။ ပွဲကျောင်းဘုန်းကြီးတွေကျ ဒီထက်တစ်ဆင့်တိုးလို့ အိမ်ယာပါ
မထောင်ရ။ ဒီစည်းကမ်းအတိုင်းနေမှ ပွဲကျောင်းသာသနာမှာ မြဲသည်။
ယခု ပွဲကျောင်း အဆုံးအမနှင့် ပွဲကျောင်းဒကာမကြီးတို့၏ အပြုအမူများ
'နှာခေါင်းကျည်ပွေ့' တည့်တည့် တွေ့ကြလေပြီ။
(၂)
ပွဲကျောင်းဝင်းတစ်ခုလုံး ညံနေသည်။ ဒီအခါ ရာသီတပေါင်းမို့
ပွဲကျောင်းထဲမှာ ပဋ္ဌာန်းသံတွေ ညံနေသည်။ ပွဲကျောင်းသာသနာနှင့် လုံးလုံးမှမစပ်အပ်သော
ဗုဒ္ဓဘာသာ ပဋ္ဌာန်းပွဲမျိုးမဟုတ်ပါ။ ပွဲကျောင်းအတတ်၊ မန္တာန် အအုပ်အခံ၊
ဆေးအစီအရင်နှင့် ကျင့်စဉ်များကို အကြောင်းအကျိုးစပ် ရွတ်ဆိုကြသော ပဋ္ဌာန်းပွဲသာ
ဖြစ်ပေသည်။
ပဋ္ဌာန်းပွဲထဲမှာ ပွဲကျောင်းဆရာတော်ကို ရှာသည်။ မတွေ့။
ကျောင်းရှေ့မှာ ပွဲကျောင်းသားတွေ ဓားရေးလေ့ကျင့်နေကြသည်။ လာမည့်
တန်ဆောင်မုန်းဆိုလျင် သူတို့ထဲမှာ ကျင့်စဉ်အောင်သူတစ်ချို့ ပွဲကျောင်းဆေးတွေ
အပြီးသတ်ထိုးနှံကြတော့မည်။ လူစွမ်းကောင်းအဖြစ် လူရာဝင်ကြပေတော့မည်။ ပွဲကျောင်းကို
ဖက်ပြိုင်လာသူမှန်သမျှကို ခြေဖျက်မှုန်းပစ်ဖို့ အစွမ်းတွေလည်း ရကြပေရော့မည်။
"ကျား" ဟု သံရှည်စွဲပြီး ကျားထိုးတက်ကာ တိုင်ထိပ်ဆီမှ
စက်ကွင်းကို လှံနှင့်ခွင်းချလိုက်သော ပွဲကျောင်းသားမောင်ကြီးကိုကြည့်ကာ
မောင်ကျောင်းသားလေး အားကျလှသည်။ နှစ်ခြမ်းကွဲထွက်သွားသော စက်ပစ်ကွင်းကိုကြည့်ပြီး
တဖြောင်းဖြောင်း အားပေးကြသော ပရိတ်သတ်လက်ခုပ်သံအဆုံးမှာ ပွဲကျောင်းသားမောင်ကြီးက
တဖြောင်းဖြောင်း လက်ပန်းပေါက် ထခတ်သည်။ သူ့ပေါင်လုံးကြီးတွေမှာ ဆေးမင်ကြောင်တွေ
ပြည့်လို့။
ထိုဆေးမင်ကြောင်တို့ကို သေချာသတိထားကြည့်ပြီး မောင်ကျောင်းသားလေးစိတ်ထဲ
ဒုတိယအကြိမ် ကြောက်ရွံ့ ရှိန်းဖိန်းသွားရပြန်ပါတော့သည်။
(၃)
ပွဲကျောင်းစည်းကမ်းက ခပ်နည်းနည်းပေမင့် ခပ်တင်းတင်းဖြစ်သည်။
စည်းကမ်းမလိုက်နာနိုင်လျှင် ပွဲကျောင်းသာသနာ မဝင်နှင့်။
ပွဲကျောင်းသာသနာဝင်ဖြစ်လျက် စည်းကမ်းပျက်လျင် အသက်နှင့်စပ်ကာ ဒဏ်တပ်သည်။ အခု မောင်ကျောင်းသားလေးမြင်လိုက်ရတဲ့
ဆေးမင်ပိုင်ရှင် ပွဲကျောင်းသားကြီးတွေဆိုတာ ဒါမျိုး စည်းကမ်းပျက်သူတွေအပေါ်
ဓားရေးစမ်းခဲ့လှပေါ့။ လူအရှင်နဲ့ လူအမြင်မှာပဲ ဓားရေးပြကြတာလေ။ အဲဒါ
ပွဲကျောင်းအထာ။
ဆရာတော်ကြီးက တအောင်းဂူထဲမှာ တရားကျင့်နေတာ ဖြစ်ပေမည်။
တအောင်းဂူဆိုတာ ပွဲကျောင်းဆေးတွေ စီရင်ရာ၊ ပွဲကျောင်းတရားတွေ ကျင့်ကြံရာ
ပွဲကျောင်းဘုန်းကြီးတွေသာ ဝင်ခွင့်ရသည့် ဂူ။ ဒီဂူထဲ ဆရာတော်ကြီးရောက်နေပြီဆိုမှ
အပြင်က မထွက်မချင်းစောင့်နေရုံမှ အပ၊ အခြားမရှိပြီ။
မောင်ကျောင်းသား ပါးစပ်တွေ ယားလှပြီ။ မောင်ကျောင်းသား
မုသားမဆိုတတ်ပါ။ ထို့အတူ အမှန်တရားကို ထိမ်မထားတတ်ပေ။ အခု ပွဲကျောင်းတစ်ခုလုံး၏
ဝမ်းမီးကို စားစရာ အလှူပြုပေးကာ ငြိမ်းစေတတ်သော ကျောင်းအစ်မကြီးကို
ရမ္မက်အာသာမပြည့် ဆာလောင်နေသည့် အနေအထားဖြင့် မောင်ကျောင်းသား တွေ့ခဲ့ရသည်။
ပွဲကျောင်းတစ်ခုလုံး၏ အရှက်ကိုလုံစေဖို့ အဝတ်သင်္ကန်းထောက်ပံ့တတ်သော ကျောင်းအစ်မကြီးကို
အဝတ်မကပ်သော ကိုယ်ဖြင့်လည်း မြင်ခဲ့ရပြီ။ ဒါတွေ မောင်ကျောင်းသားရင်ထဲ
ဆို့နင့်နေသည်။ တစ်ယောက်ယောက်ကို ပြောပြချင်နေသည်။ အထူးသဖြင့် ပွဲကျောင်း
ဆရာတော်ကြီးကို ဦးတိုက်လျှောက်လိုက်ချင်သည်။ ယခုမူ ဆရာတော်ကြီးကိုယ်တိုင်က
တအောင်းဂူထဲ ဝင်နေတုန်းမို့ ကပ္ပိယကြီး ဦးလူနထံ ခဏဝင်ခဲ့တော့သည်။
"ပက်လက် ကားယားကြီးဗျာ"
"ဘာ…၊ ဘယ်လို၊ ဘယ်သူ"
ဘယ်လိုမှ မနေနိုင်သည့်အဆုံး ဦးလူနထံ အနည်းငယ် ဖွင့်ချပြီးမှ
အံ့ကြီးဩ မယုံနိုင်ဟန် တုံ့ပြန်လာသည့် ဦးလူနကိုကြည့်ပြီး မောင်ကျောင်းသား
တွေဝေသွားရသည်။ ထို့နောက် သူမြင်ခဲ့သော မြင်ကွင်းထဲမှ ပက်လက်နေသော
ကျောင်းအစ်မကြီးဘေး ဒူးထောက်နေသော လူနှစ်ယောက်အတွေးထဲ ပေါ်လာသည်။
ထိုလူနှစ်ယောက်ရဲ့ ပေါင်တံတွေမှာ ထိုးနှံထားသော ဆေးမင်ကြောင်တွေ။
စက်ပစ်ကွင်းကို ဟက်တက်ကွဲအောင် ခွဲပစ်လိုက်သော ပွဲကျောင်းသား
ကာကွယ်ရေးသမားကြီး၏ ဂုဏ်ယူသော မျက်နှာ။ တဖြောင်းဖြောင်း လက်ပန်းပေါက် ခတ်လိုက်သံ။
ပွဲကျောင်းသားကြီးပေါင်မှာလည်း အလားတူ ဆေးမင်ကြောင်တွေနဲ့။ အဲဒါ
ပွဲကျောင်းဆရာတော်ကြီးကိုယ်တိုင် ထိုးပေးထားတဲ့ ကာကွယ်ရေး ပွဲကျောင်းသားတပ်ရဲ့
ဆေးမင်တွေလေ။
"ဟေ့… မောင်ကျောင်းသား၊ မင်း မဟုတ်တာ မပြောရဘူး၊
တို့ပွဲကျောင်းက မလိမ်ရဘူး၊ မခိုးရဘူး၊ ကာမဂုဏ်မလွန်ကျူးရဘူး"
မောင်ကျောင်းသား တစ်ခဏတော့ ဆွံ့အသွားရသည်။ သူသည် အခုဆို
ဘေးကြပ်နံကြပ်အခြေထဲ ရောက်ပေပြီ။ မုသား၊ ခိုးတာနှင့် ကာမဂုဏ်သည်
ပွဲကျောင်းစည်းကမ်းပျက်တာ။ ပွဲကျောင်းစည်းကမ်းပျက်လျင် ပေးသည့်ဒဏ်က
အသက်ကိုရင်းသည်ဟု ပွဲကျောင်းဆရာတော် ဟောသော ပွဲကျောင်းတရားတွေ ဖန်တရာတေအောင်
နာခဲ့ဖူးသည်။
ပွဲကျောင်းထဲမှ ပွဲကျောင်းရွာသားတွေ စု၍ ရွတ်ဆိုကြသော
ပွဲကျောင်းပဋ္ဌာန်းသံ နားထဲမှာ စီစီညံနေသည်။ တပေါင်းနေနှင့်အတူ
မောင်ကျောင်းသားကိုယ်ထဲ ရေဓာတ်ခန်းခြောက်သလို မူးဝေဝေ ငြီးစီစီနှင့်။ ထိုစဉ်
ဆွဲဆွဲငင်ငင် အူထည့်လိုက်သော ပွဲကျောင်းခွေးတစ်အုပ်၏ အူသံကို ကြားရပြီး
မောင်ကျောင်းသားလေး ဝမ်းသာသွားသည်။ အနည်းဆုံးတော့ ခွေးတို့သက်သေ ရှိပေသေးသည်။
ပွဲကျောင်းခွေးတို့သည် ပွဲကျောင်းသီလပျက်သူ တစ်ယောက်တလေ ကျောင်းထဲ
ဝင်လာလျင် သိသတဲ့လေ။ အဲဒီအခါ အခုလိုမျိုး ဆွဲဆွဲငင်ငင် အူတာပဲတဲ့။ အခုလည်း ပွဲကျောင်းထဲက
ခွေးတွေ နေရာအနှံ့ ဆွဲဆွဲငင်ငင် အူပြန်လေပြီ။ ကာကွယ်ရေးပွဲကျောင်းသားတွေလည်း
ဓားတဝင့်ဝင့်နဲ့။
စောစောက မိုးနံခြုံထဲမှာ ပက်လက်ကြီးကားနေသော ကျောင်းအစ်မကြီးသည်
အမွှေးနံ့သာတွေဆင်ကာ ကျောင်းထဲ ဝင်လာပြီး ကာကွယ်ရေး ပွဲကျောင်းသားတွေရှေ့
လူလုံးပြလို့။ ဒါကိုပဲ မျက်လုံးကစားကာ အရသာခံနေကြသော ကာကွယ်ရေးပွဲကျောင်းတွေ
မျက်လုံးထဲမှာ အဖြေတစ်ခုကို မောင်ကျောင်းသားလေး ရေးရေးမြင်လိုက်ရသည်။
ထိတ်လန့်တုန်လှုပ်စွာ အားကိုးတကြီး ဆရာတော်ကြီး
မြန်မြန်ထွက်လာလေနိုးနိုး ကျောင်းအနောက်ချောင်ထဲက တအောင်းဂူဘက် သုတ်သုတ်ပြေးမိသည်။
မနှစ်ကမှ အပျိုဖော်ဝင်၍ ဆံပင်ကို အုပ်လုံးသိမ်းထားသော
မိဂျမ်းလေးကို ထဘီမှာ သွေးကွက်ကွက်ထလျက် တအောင်းဂူထဲမှ ယိုင်ချိချိ
ထွက်လာတာတွေ့ရသည်။ နီးစပ်ရာ အကွယ်အကာတစ်ခုမှာ သူ့တစ်ကိုယ်လုံး မြုပ်စေလျက်
လုံအောင်ပုန်းပြီးချိန် ဝမ်းသာအားရ ဖြစ်နေသော မိဂျမ်းလေး၏ မိဘနှစ်ပါးကို ဘွားခနဲ့
မြင်လိုက်ရသည်။
နောက်နားမှကပ်ပါလာသော ပွဲကျောင်းဆရာတော် မိန့်လိုက်တဲ့စကားက
"နောက်ကိုးလဆို ဘုရားလောင်းလေး မွေးတော့မယ်" တဲ့။
မောင်ကျောင်းသား စိတ်တွေ ပြာဝေသွားရသည်။
(၄)
တအောင်းဂူထဲမှ ထွက်လာသော ဆရာတော်သည် ခွေးအူသံတွေကြောင့်
တော်တော်စိတ် ငြိုငြင် ဒေါသထွက်နေသည်။
ကပ္ပိယကြီး ဦးလူနက ငယ်ငယ်ရွယ်ရွယ်နှင့် မဟုတ်တမ်းတရားပြောသော
မောင်ကျောင်းသားအပေါ် အတော်ရွံရှာလျက်ရှိပြီး၊ ကျောင်းအစ်မကြီးကို အားနာနေသည်။
ကျောင်းအစ်မကြီးကတော့ ချီးမွမ်းကဲ့ရဲ့နှစ်တန် လောကဓံကို
မမှုတော့လေဟန်ဖြင့် ဓားတဝင့်ဝင့် ကာကွယ်ရေးတပ်ရှေ့ လမ်းသလားလို့။
မောင်ကျောင်းသား နားထဲ ကျောင်းထဲမှ ပဋ္ဌာန်းသံ စီစီညံလာသည်။
"မင်း ပွဲကျောင်းသားဆို၊ ဘယ်မလဲ ပွဲကျောင်းသား သိက္ခာ"
"စောစောကတော့ ဆရာတော် တအောင်းဂူထဲရောက်နေလို့ဆို။ အခု
ဆရာတော်ကြီးကိုယ်တိုင် ထွက်လာပြီလေကွာ၊ မင်း ပွဲကျောင်းသား သိက္ခာတည်သေးရင် အခု
လူရှေ့ပြော။ ဘယ်ဟာအမှန်လဲ ငါကိုယ်တိုင် သိချင်တယ်။ သွေးနဲ့သက်သေတည်၊
မဟုတ်လို့ကတော့ မင်းကို ငယ်ရွယ်သေးပေမယ့် ငါရွံတယ်၊ ဒါပဲ"
ဦးလူနက သူ့ကို ရွံရှာသလို ပြောလာသော စကားသံတွေ ပွက်ပွက်လောသည်။
ကျောင်းလှေကားထစ်တွေပေါ် နင်းတက်သွားတဲ့ ကျောင်းအစ်မကြီးရဲ့
ကိုယ်နောက်ပိုင်းဟာ အိပက်ပက် လှုပ်လို့။
တပေါင်းနေသည် ခြစ်ခြစ်တောက်ပူ၏။ ထိုပူသော နေမင်းကို
မောင်ကျောင်းသားက မပူနဲ့ဟု တားဖို့ အာဏာမသက်နိုင်ပါ။
ကျောင်းထဲက ပဋ္ဌာန်းပွဲဟာ ပို၍ပို၍ ဆူလာသည်။ သို့သော် ပွဲကျောင်းရွာ
ဘာသာရေးမို့ ဒါကိုလည်း မောင်ကျောင်းသားက မတားပိုင်။
တအောင်းဂူဘက်မှာရော၊ ကျောင်းဝင်းထဲမှာပါ သီလပျက်တို့ အနံ့ရ၍
ခွေးတွေ အူကြသည်။ ဆရာတော်ကြီး စိတ်တော်ငြိုသည်။ ကျောင်းအစ်မကြီး မနောတော်နောက်သည်။
အခုလို ပဋ္ဌာန်းကဆူ၊ နေပူပူမှာ ကျောင်းခြေရင်း ခွေးကတက်က
ဝါးရင်းနှစ်တုတ်တစ်ချောင်း ဆွဲထုတ်ခဲ့ကာ အူသောခွေးများကို တစ်ကောင်မကျန်
ရိုက်သတ်ပစ်ခြင်းသည်သာ ပွဲကျောင်းရွာ၊ ပွဲကျောင်းသားတို့နှင့် အသင့်တော်ဆုံး
စိတ်ဖြေနည်း ဖြစ်လေမည်လား မောင်ကျောင်းသားလေး မတွေးတတ်တော့ပါ။
တကယ်တော့ ဟန်သာရှိပြီး အဆံမရှိသော ပွဲကျောင်းဝိနည်းနှင့်
ပွဲကျောင်းဘာသာရေးကြီးထဲမှာ ကျောင်းအစ်မကြီးတို့လို လူတွေ အာသာငမ်းငမ်း
မွေ့လျှော်ကြသလို၊အထာသိသော စားနေကျ ကာကွယ်ရေးပွဲကျောင်းသားတွေလည်း ပျော်ကြပါသည်။
ဆရာတော်ကြီး တရားအဟောကောင်းသလောက် ရွာသားတွေမှာ အရမ်းယုံတတ်ကြပြီး၊ ဦးလူနတို့
ကပ္ပိယတစ်သိုက်က သည်းသည်းလှုပ် ကိုးကွယ်ကြချိန်မှာ၊ မမြင်သင့်သည်ကို မြင်တတ်သော၊
မတွေ့သင့်သည်ကို တွေ့တတ်သော မောင်ကျောင်းသားအဖို့၊ မအူသင့်သည်ကို အူရန်ကောဟု
ပွဲကျောင်းခွေးတစ်အုပ်ကို ရိုက်သတ်ပစ်ရန်မှတစ်ပါး အခြားမရှိလေပြီ။
အောင်မျိုးသူလွင်
၁၆၊၀၃၊၂၀၁၈
တနင်္လာ
ညနေ ၀၅း၂၃
Thursday, January 4, 2018
ပြည့်တန်ဆာ
ယောက်ျားတကာတို့အား မက်စက် တိမ်းမူး ညွှတ်နူးစေလောက်အောင် အတွေ့ကောင်းပါသည် ဆိုသော 'ပဉ္စပါပီ' အကြောင်းကို ငယ်စဉ်က လူကြီးတွေပြောသာ ပုံပြင်အဖြစ် ကြားခဲ့သိခဲ့ဖူးပြီး၊ သရက်တောထဲက သရက်ပင်ရင်းမှာ သံသေဒဇသူအဖြစ် မွေးဖွားလာခဲ့ကာ အရွယ်ရချိန်၌ ယောက်ျားတကာ၏ ရာဂဒေါသလေးများကို အေးစေငြိမ်းစေတတ်သည်ဟု တိုင်းပြည်၏ အဆင်တန်ဆာအဖြစ် တင်စားဆိုကြသော 'အမ္ဗပါလီ' အကြောင်းလည်း စာပေမှာ သေသေချာချာ ရင်းနှီးခဲ့ဖူးပါသည်။ အေးသီသည် "ရှိုက်ဖိုကြီးငယ်၊ အသွယ်သွယ်မူ၊ တင့်တယ်စေမှု၊ သိကြားထုသို့" ဟု စာဆိုတော် ဦးရွှန်း ဖွဲ့ဆိုခြယ်မှုန်းခဲ့သော ဥမ္မာဒန္တီ၏ အလှနှင့် လားလားမှ မနှိုင်းအပ်ပါချေ။ သို့သော် သူ့အတွေ့ကိုသိသော ယောကျာ်းတကာကို ရူးသွပ်စေခြင်းမှာမူ ပဉ္စပါပီနှင့် ခပ်ဆင်ဆင်လေး တူပေမည်။
အေးသီသည် ဖြူ၏။ ပြေပြေပြစ်ပြစ် ရှိ၏။ ထွားထွားညက်ညက် စို၏။ နှာတံစင်းစင်း၊ နှုတ်ခမ်းထူထူရှိ၏။ အမှတ်တမဲ့ကြည့်ရုံမျှဖြင့် သူ့မျက်နှာခံမှာ ကြာလေးဆင်းနေတာ ဖျတ်ခနဲ့တွေ့ရမည်ဖြစ်သလို ကြာကြာကြည့်မိလျှင်မူ ထိုကြာပါသော မျက်နှာခံလေးမှ မျက်နက်ကိုထောင့်ကပ် ကြည့်တတ်သည့် အေးသီ၏ စပါးကြည့်မှာ တိမ်းမူးသာယာ သွားတတ်ပေသည်။ သို့သော် ကျွန်တော် ကံကောင်းသည်လား ကံဆိုးသည်လား မပြောတတ်သော အကြောင်းတစ်ခုကား အေးသီဟာ ကျွန်တော့် အလုပ်ခွင်ထဲက ပန်းရံအလုပ်သမမို့ အလုပ်ရှင်နှင့် အလုပ်သမား စည်းတစ်ထပ် ခိုင်ခိုင်လေး ခြားသည်။ ထို့အပြင် အေးသီပေါင်းနေသော သူ့လက်ရှိလင် ထွန်းတင်ဟာ အားအကိုးရဆုံး ပန်းရံခေါင်းမို့ နောက်ထပ်စည်းတစ်ထပ် ခပ်သန်သန်လေး ခြားပြန်သည်။ မည်သို့ပင်ဆိုစေ ကျွန်တော့်မှာလည်း အိမ်ထောင်နှင့်ဆိုသော အသိက အရံစည်းလေးအဖြစ် အပြင်ဆုံး တစ်လွှာက ခနော်နီခနော်နဲ့ ခြားနေစေ ပြန်ပါတော့သည်။
အလုပ်ခွင်တွင် သံဒိုင်းနှင့် ပန်းရံဟု အလုပ်သမား နှစ်စားရှိရာ အဆောက်အဦး ကိုယ်ထည်ပိုင်းအခံကို သံဖြင့်သွန်းကြသော သံဒိုင်းသမားတွေမှာ အထိန်းရ အခက်ဆုံးဖြစ်သည်။ သူတို့သည် နယ်စုံမှဖြစ်ပြီး စရိုက်လည်းစုံကာ အချင်းချင်းလည်း မကြာခဏ ခိုက်ရန်ဖြစ်တတ်သည်။ ပန်းရံအလုပ်သမားတွေမှာ သူတို့ခေါင်းဆောင် ကိုထွန်းတင်အပေါ် အင်မတန်ကြောက်ကြပုံမျိုးနှင့် ရှေ့တွင်မှာ ငြိမ်ဝပ်ပိပြားသည့် လက္ခဏာရှိသေးသော်လည်း၊ သံဒိုင်းတွေမှာ သူတို့အလုပ်ခေါင်းမို့လည်း အတူတူလုပ်နေကြရင်း မျက်နှာတစ်ဖက်လွှဲစဉ် မသိအောင် ပြောင်တတ်လှောင်တတ် ကြသေး၏။ သူတို့မှာ လေးစားမှုမရှိ။ သို့သော် လေးစားမှု ရှိပါသည်ဆိုသော ပန်းရံလေးတွေမှာပင် ညနေညနေ အလုပ်သိမ်းတော့ ဘိလပ်မြေကို သူတို့ ထမင်းထည့်ယူလာသည် စတီးချိုင့်လေးတွေနှင့် အိမ်ပြန်သယ်တတ်သည့် ညာဉ်က ရှိတတ်ပေသေးသည်။
တစ်ခါသော် ပန်းရံနှင့် သံဒိုင်းတို့ ရန်ဖြစ်ကြရာ ပန်းရံသမားက ငြမ်းပေါ်မှာ ဂဟေဆော်နေသော သံဒိုင်းကို လုပ်မည်ဟု သားလှီးဓားကို ပါးစပ်မှာ ကိုက်ပြီး တွယ်တက်စဉ်၊ အပေါ်ကလူမှ ဓားရိုးကို ဆီးကာဆွဲထုတ်လိုက်၍ လှီးလိုက်သလိုဖြစ်ကာ ပါးစောင်ဟက်တက်ကွဲလေသည်။ မခံချင်သော အောက်လူတစ်ယောက်မှ အုတ်ခဲကျိုးဖြင့် လှမ်းပစ်သောအခါ ဂဟေသမားမှာ ဂျိုစောင်း ဟက်တက် သွေးပြက်ပြက်ကျလေရာ "ဟာ ဟိုကောင်တော့ ကွမ်းစားကုန်ပဟေ့" ဟု ဘေးလူတွေက ဝိုင်းလှောင်နေကြသေး၏။ သို့သော် ဘယ်တော့မဆို ရုံးရောက်ဂတ်ရောက်တော့ ဖြစ်ခဲပါသည်။ အလုပ်ခွင်မှာ ဖြစ်သော ပြဿနာ အလုပ်ခွင်မှာပဲ ပြီးကြသည်က များပြီး ဤလိုသေးသေးဖွဲဖွဲအစုံသာ ရုံးဂတ်ရောက်ရသော် လုပ်ငန်းလည်း ပြီးဖို့မရှိပြီ။
ဤ မတစ်ရာသားတို့ စုံကြသော အလုပ်ခွင်မျိုးထဲက ပန်းရံအဖွဲ့တစ်ခုမှာ အေးသီရဲ့ ဘဝ သံသေဒဇ ပဋိသန္ဓေကပ်ခဲ့လေသလား မသိပါ။ ကျွန်တော်သည် အေးသီရဲ့ ဇာတိဇစ်မြစ်ကို စုံစမ်းလို့ မသိရ။ ကျွန်တော့် ယခင် ပန်ရံခေါင်းနှင့် အဆင်မပြေ၍ လမ်းခွဲလွှတ်လိုက်ပြီး ယခု ကိုထွန်းတင်ကို ခေါ်ယူလက်တွဲစဉ်မှာ အလုပ်ခွင်ထဲ အေးသီပါ ပါလာသည်။ ကျွန်တော်သည် ကိုထွန်းတင်ကို အလုပ်သဘောအရသာ သိသည်။ အလုပ်သဘောအရသာ ခပ်တန်းတန်း ပြောဆို ဆက်ဆံသည်။ ရိုးရိုးသားသား ပြောရလျှင် ယခင်လူဟောင်း ကျွန်တော်အပေါ် ပြုလုပ်ခဲ့သမျှ သံသယဒါဏ်ကို ကိုထွန်းတင်အပေါ် ပိုပိုသာသာလေး တင်ပေးမိတာလည်း ပါပေမည်။ ကျွန်တော် ဒီအကြောင်း သေချာမတွေးဖြစ်ပါ။
*****
ရင်သားအစုံ အထက်နားမှာ သွေးခြည်ကွက်တစ်ချို့ နက်နက်ညိုလို့။ ထဘီကို လျှော့ရဲစွာ ရင်ရှားထားစဉ် သူ့ပုခုံးသားနှင့် လည်တိုင်တစ်လျှောက်မှာလည်း ချွေးဥလေးတွေ သီးလို့။ လည်ပင်းညှပ်ရိုးအခွက်နားမှာလည်း ချွေးစလေးတွေ စီးလို့။ ပြေပြစ်ထွားစိုသော သူ့ကိုယ်က ကြက်သီးစတစ်ချို့ကိုပင် နေ့ခင်းအလင်းရောင်မှာ ကောင်းစွာမြင်နေရပါသေးသည်။ ကိုထွန်းတင်၏ ချစ်ခင်မှုကို အမြဲလစ်လျှူရှုတတ်သော အေးသီသည် ယခု ရေချိုးပြီးစ အခန်းထဲမှ ထလာတာဟု ကျွန်တော် မထင်တတ်ပါ။
"ဟောတော့ ဆရာ့"
အေးသီက အံ့ပဲဩသွားတာလိုလို ထင်မှတ်ပဲမထားတာလိုလို အကြောက်တရားကင်းသော မျက်နှာပေးနှင့် ကျွန်တော့်ကို ဆီးကြိုနှုတ်ဆက်ပါသည်။
သူလှေကားက ဆင်းလာတော့ မြို့သစ်က ရေဝင်မြေကွက်ပေါ် ဖြစ်သလို ကျင်တွယ်ခုံခံပြီးဆောက်ထားသော သုံးပင်နှစ်ခန်း သစ်သားအိမ်သေးသေးလေးဟာ သူ့ကိုယ်နဲ့အတူ လမ်းလျှောက်ရှိန်ကြောင့် ညိမ့်ညိမ့်ခါလို့။ သူ့ရင်သားအစုံဟာလည်း ရင်ရှားထားသည့် လုံချည်အောက်မှာ အခုအခံကင်းစွာ ယဲ့ယဲ့တွဲ့တွဲ့ လှုပ်လို့။ ရုံထားသော လုံချည်ပါးကတော့ ချွေးစိုစိုနှင့် လှုပ်ရှားမှုကြောင့် သူ့ကိုယ်အသားမှ ကပ်တုံ ခွာတုံ။
လှေကားရင်းမှာ ယောက်ျားစီးဖိနပ်တစ်ရံ အပိုရှိနေလေမလား မျက်စိကစားစဉ် အေးသီက ကျွန်တော့်ကို နှစ်လိုစွာ ပြုံးပြပါသည်။
"ဆရာ ဘာပစ္စည်းလာရှာတာလဲဟင်၊ ဦးထွန်းတင်ကြီးတော့ မနက်ကတည်းက ဆိုဒ်ထဲတဲ့ ထွက်သွားတာပဲ၊ ကျမက နေမကောင်းလို့ ဒီနေ့မလိုက်တော့တာ"
အေးသီက သူ့ယောက်ျားကို ဦးထွန်းတင်လို့ ဦးတပ်ခေါ်သည်။ ဦးတပ်ခေါ်လောက်အောင်လည်း ကိုထွန်းတင်က အေးသီထက် တော်တော်ကြီး ကြီးပေမည်။
လှေကားရင်းမှာ ယောက်ျားစီးဖိနပ်ကို မတွေ့။ သို့သော် လှေကားခုံ အင်္ဂတေသားနှင့် လှေကားထစ်တွေမှာတော့ သေချာကြည့်စဉ် စိုလက်စ ခြောက်တစ်ဝက် ရွံ့ရည်စက်စက် ယောက်ျားစီး ဖိနပ်ရာတက်သွားတာ မြင်ရသည်။ နေမကောင်းသူက ရေချိုးမယ်လို့ ထဘီကို ရင်ရှားကာ အိမ်ပေါ်က ဆင်းလာလေသတဲ့လား။ ပါးလွှာသော လုံချည်သည် သူ့ကိုယ်မှာချွေးနှင့် ခပ်ကပ်ကပ်ဖြစ်နေခြင်းမှာ တော်သလင်းနေနှင့် အမိုးသွပ်၏ အပူစေစားမှုကို ပြလေသလား၊ အခြုံခံ မိန်းမပျို၏ လတ်တလော ကိုယ်ကာယ လှုပ်ရှားပြင်းပြ ခဲ့ခြင်းကို အနက်ဟောပြနေလေသလား စိတ်ညစ်ညူးစွာ မစေ့ငုလိုတော့သော်လည်း လှေကားမှ ဆင်းအလာ သူ ကျွန်တော့်ကို ပြုံးပြစဉ် သူ့ခါးတစ်ဝိုက် အကြည့်စိုက်ခဲ့မိခြင်းကို ဝန်ခံရပါမည်။ အေးသီသည် ထိုအကြိမ်ကတည်းက ကျွန်တော့်ကို ပထမဆုံး သက်မပြင်းပြင်း တစ်ချက် ချစေခဲ့ဖူးသည်။
ထိုနေ့က သူတို့လင်မယား နေဖို့ပေးထားသော ကျွန်တော့်ပစ္စည်းဂိုဒေါင်နှင့် တွဲလျှက် အသားအိမ်လေးပေါ် ကျောက်သွေးမွှေစက် တက်မယူဖြစ်ခဲ့ခြင်းကို တစ်ယောက်ယောက်က ကျေးဇူးတတင် သက်ပြင်းမှုတ်နေ လိမ့်မည်ဖြစ်ကြောင်း နောင်ဖြစ်ရပ်တွေက သက်သေခံကြသည်။ အေးသီကတော့ ကပိုကယို သူဒီလိုထွက်လာပြီးသည့်နောက် ကျွန်တော် အိမ်ပေါ် မတက်တော့တာ သေချာသိပြီးပုံမျိုးနှင့် ပိုင်နိုင်စွာ အကြောက်တရားလည်း ကင်းသော မျက်နှာပေးမျိုး။
အဲဒီအချိန် သူ့မျက်နှာပေးက ရှင်မဟာ ရဋ္ဌသာရရေး ဝဏ္ဏပဘာ၏ ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့။ သူ့ကိုယ်နေဟန်က ထဘီအထက်ဆင် ပြေလျော့လျော့အောက်မှာ ရွှေရင် ဖုံးတုံ့မဖုံးတုံ့။ မိန်းမတစ်ယောက်ရဲ့ အဲဒီအချိန် ချွေးစို့စို့နဲ့ အလှဟာ ကျွန်တော့် ပုရိသစိတ်တစ်ချို့ကို မီးလောင်ရာ လေလည်းပင့်ပါသည်။
ကျွန်တော် သူ့ကို နှုတ်ဆက်ပြီး အိမ်ဝင်းထဲက ပြန်ထွက်ခဲ့တော့ ကိုထွန်းတင်အတွက် စိတ်မကောင်းဖြစ်ကာ ရင်တွေ တလှပ်လှပ် တုန်နေသေး၏။ သို့သော် ထိုစိတ်မကောင်းခြင်းဟူသည် အကြောင်းပြချက် သက်သက်သာ မဟုတ်ကြောင်း ကိုယ့်ဟာကိုယ်ယုံဖို့တော့ နောက်ပိုင်းမှာ တော်တော်ကြိုးစားလိုက်ရသေးသည်။
*****
အလုပ်သမားတွေ အကုန်လုံးက နေ့စားတွေဖြစ်သည်။
မင်းတို့ ဒီအလုပ်မှာ သေချာလုပ်ရင် နောက်အလုပ်မှာလည်း ဆက်ခေါ်မယ် ဆိုတာမျိုး သူတို့ကို အနာဂတ်နှင့် လောကွတ်လုပ်ပြီး ထိန်းလို့မရ။ သူတို့သည် အနာဂတ်လောကွတ်တွေကို အယုံအကြည်ရှိကြောင်း မပြတတ်ပေ။
သူတို့အပြစ်ကြောင့် ဂဟေစက်ပျက်လျှင် သံဒိုင်းသမားတွေ နေ့တွက်ထဲက ဖြတ်သည်။ အုတ်ရိုးကို ဒီလိုစီပါပြောထားသည်အား ဟိုလိုစီထား၍ ဖျက်ပြီး အသစ်လုပ်ရသော် ကျကြေးကို နေ့တွက်ထဲ ဖြတ်သည်။ ဒါသည် သူတို့ကို အလုပ်ကောင်းကောင်း လုပ်ဖို့ တွန်းအား။
လောကသဘောကား တွန်းအားချည်းနှင့်လည်း အလုပ်မဖြစ်တတ်။
ထိုအခါ သူတို့တွေ အလုပ်နားချိန် သောက်တာစားတာ ခွင့်ပြုပေးရသည်။ ဖဲဝိုင်းဘာညာ လုပ်သည့်အခါ မျက်စိမှိတ်နေပေးရသည်။ ဒီအလုပ်ထဲမှာ သူတို့တွေ ပျော်နေဖို့ ပျော်စရာ အလုပ်ခွင်တစ်ခု ဖန်တီးပေးရသေး၏။ ဒါမှ သူတို့ပျော်သည်။ သူတို့သည် ပျော်မှ အလုပ်ခွင်မှာ မြဲတတ်၏။
သူတို့နေ့လည်စာ စားသောအခါ ကျွန်တော်က ကြုံလျှင် တစ်လုတ်တစ်ဇွန်း ဝင်စားတတ်သည်။ သူတို့ ထမင်းချိုင့်ထဲက ဟင်းရည်ဟင်းဖတ်လည်း တစ်ဖတ်တစ်ဇွန်း မြည်းလိုက်သေးသည်။ ထိုသည့်အခါ သူတို့တွေ အလွန်သဘောကျတတ်ပြီး ကျွန်တော့်ကို ခင်သည်။
ကျွန်တော့် တပည့်ကျော် မောင်မောင်သိုက်ကတော့ ဒီလို နေတာကို သိပ်သဘောမတွေ့ပုံမျိုး ခဏခဏ သတိပေးသလို ဆိုဖူးသည်။ သို့သော် ဒီလိုလုပ်တာ အလုပ်သမားတွေနှင့် ကျွန်တော် ရင်းနှီးစေသည်ဟု ယုံကြည်ပြီး၊ ဒါသည် ကျွန်တော့်အထာ။
တစ်ခါသားတော့ အလုပ်တွေပူနေတုန်းကာလ တစ်ဖက်က တရုတ်အလုပ်ခွင်တစ်ခုမှ ကိုယ့်အလုပ်သမားတစ်စုကို နေ့စားခ ပိုပေးပြီး ခေါ်သွားတာ ခံရသည်။ မတတ်နိုင်ပြီ။ ရေရှည်အလုပ်မို့ သူတို့ကိုတားဖို့ဟု ကိုယ့်ဈေးကိုယ်ဖျက်ပြီး သူတို့နှင့် အပြိုင်ငွေပိုပေးပြီး ခေါ်ဖို့မဖြစ်တော့ လက်လွှတ်လိုက်ရသည်။ တစ်လ မကြာပါချေ။ ကျွန်တော့်အလုပ်သမားတွေ ပြန်ရောက်လာသည်။ ထိုသည့်အခါ ကိုယ်နှင့် အလုပ်တူ မိတ်ဆွေက
"ခင်ဗျားက အလုပ်သမားထိန်းတာ တော်တော် တော်တာပဲ" ဟု ချီးမွမ်းစဉ် ကိုယ့်ကိုယ်ကို ဂုဏ်မြောက်သလိုလိုတောင် ခြေဖျားထောက်ချင်မိခဲ့ဖူးသည်။
တစ်ဖက်က ငွေဆွဲအားသည် သူတို့တွေ အလုပ်ခွင်မှာ မပျော်သောအခါ ကြိုးပြတ်ပြီး မူလနေရာ ကျွန်တော့်ထံ ပြန်ရောက်လာကြသည့် သဘော။ ကျွန်တော်က ခင်မင်မှုကို အကြောင်းပြုပြီး အလုပ်ပူနေတုန်းလေး ပြန်လာလုပ်ပေးကြဖို့ လူလွှတ်ခေါ်တာလည်း ပါမှာပေါ့။ သို့သော် မည်သို့ပင် ဆိုစေ သူတို့ရောက်လာကြပါပေသည်။
ဤကား ဆွဲအား၏ သဘောတည်း။ ဤသို့လျှင် ကောက်ချက်ဆွဲပြီး ကိုယ့်ကိုယ်ကို ဂုဏ်မြောက်ကာ ခြေဖြားထောက်လုလု အခြေမှာ ကျွန်တော်ဒေါက်ပြုတ်ရပါတော့သည်။
*****
"ဆရာ ဒီနေ့နေ့ခင်း ကျွန်တော်နန်းရှေ့ဘက် ခဏသွားချင်လို့"
သံဒိုင်းဆရာ ကိုသန်းမင်းက ခွင့်တောင်းသလို ဆိုလာသည်။ သူ့စကားမှာ တောင်းပန်တိုးလျှိုးသံ တစ်ဝက်စွက်နေသလိုလို။
"ဒီနေ့ည အမိုးကိုင်းတင်ဖို့လည်း အားလုံး စီစဉ်ပြီးပါပြီ၊ ကောင်လေးတွေကိုလည်း သိပ်မနားခိုင်းဘဲ မောင်းထားတယ်၊ နောက်တစ်ပတ်အတွင်း သံဒိုင်းကိစ္စ အကုန်ပြီးပါတယ်ဆရာ စိတ်ချပါ"
သူ့ပြောဟန်က အလုပ်အတွက် ကျွန်တော်အားတက်စိတ်ချစေဖို့ကို အင်မတန်ညွှန်းနေ သယောင်ယောင်။ ထို့အတူ နောက်တစ်ပတ်အတွင်း သံဒိုင်းကိစ္စ အကုန်ပြီးပါတယ်လို့ သေချာဆိုနေပုံက သူ့ကို ဒီနေ့ ခွင့်မပေးဘဲ အခြားအလုပ်တစ်ခုခု ခိုင်းလိုက်မှာကို စိုးနေသနည်းနည်း။ သူသည် ကျွန်တော်နှင့် လက်တွဲလာတာ ကြာပြီမို့ အလုပ်နှင့် ပတ်သက်လျှင် ပြတ်သားတတ်သော ကျွန်တော့်အကျင့်ကို သိသည်။ အလုပ်အထာကိုလည်း ကောင်းကောင်း ကျက်မိသည်။ ဒါကြောင့် သူက ကျွန်တော်စိတ်မကွက်စေဘဲ အဆင်ပြေပြေ လျှောလျှောလျှူလျှူ သွားချင်ပုံပါ။
တစ်ခါမှ ဒီလောက် ယဉ်ယဉ်ကျေးကျေး အောက်ကျို့မပြောဖူးသော သူ့ကိစ္စသည် တော်တော်အရေးကြီးတာမျိုး ဖြစ်ပေမည်။
နေ့ခင်းချိန်သူထွက်သွားတော့ ကျွန်တော် အလုပ်ခွင်ထဲမှာပဲ အလုပ်မဲမဲရင်း နေဖြစ်သည်။
"ငါရိုးမ မအေရိုးလေးတွေ၊ မင်းတို့ ဒါလောက်မှ မလုပ်တတ်ရင် နောက်နေ့ အလုပ်မဆင်းနဲ့၊…"
တစ်ဖက် ခပ်လှမ်းလှမ်းမှ ပန်းရံခေါင်း ကိုထွန်းတင်ရဲ့ ဆဲဆိုအော်ဟစ်နေသံကို ကြားရသည်။ ဒီအလုပ်ခွင်မျိုးထဲမှာ ဒီလိုဆဲသံမျိုးကို နားမစိမ်းတော့ပါ။ သို့သော် ကိုထွန်းတင်ဆဲသံကြားမှ ကျွန်တော့်စိတ်ထဲ အေးသီကို သတိရလာသည်။
ဒီနေ့ အေးသီ နေမကောင်းဟု အလုပ်မဆင်း။
ထင့်ခနဲ့ သံသယအတွေးတစ်ခု ပေါက်လာကာ မောင်မောင်သိုက်ကိုပင် မခေါ်တော့ဘဲ ကားထုတ်ပြီး မြို့သစ်က အလုပ်ပစ္စည်းဂိုဒေါင်ဘက် မောင်းထွက်ခဲ့သည်။
သန်းမင်းစီးသွားသော ဆိုင်ကယ်ကို ဂိုဒေါင်လမ်းထိပ်က ကွမ်းယာဆိုင်မှာ ရပ်ထားတာ တွေ့သည်။ ဂိုဒေါင်နှင့်တွဲလျှက်ဆောက်ထားသော ခနော်နီခနော်နဲ့ သုံးပင်နှစ်ခန်း အလုပ်သမား အိမ်လေးဟာ တညိမ့်ညိမ့် နွဲ့နွဲ့လေးလှုပ်နေတာ သေချာကြည့်လျှင် သတိထားမိမည်။ အခုချိန် ဒီအိမ်လေးထဲမှာ နေ့လည်နေ့ခင်း အေးသီတစ်ယောက်တည်း ရှိပေမည်။ တကယ်လို့ အမှတ်တမဲ့ ကျွန်တော်ဝင်သွားတဲ့အခါ အရင်တစ်ခါလို အေးသီဟာ ထဘီရင်လျားနှင့် ထွက်နှုတ်ဆက်လေ ဦးမလား။
နောက်တော့ သံဒိုင်းအဖွဲ့ထဲက ကောင်လေးတွေ တစ်ယောက်စ နှစ်ယောက်စ နေ့ခြား နေ့ခြား အလုပ်အလာပျက်သည်။ အေးသီနာမည်လည်း အလုပ်ခွင်ထဲမှာ တစ်စတစ်စ တော်တော်ထွက်လာသည်။
နေ့စားအလုပ်သမားတွေ အလုပ်ပျက်တာကို ကျွန်တော်က ဘယ်လိုတားပါမည်နည်း။
မောင်မောင်သိုက်ကတော့ ခပ်ပြုံးပြုံးရယ်ပါ။
သူတို့ဘက်ကလည်း ဒါသည် သည်းခြေကြိုက်ဖြစ်သည့်အပြင် ဈေးတွက်တွက်သော်မှ သူတို့တစ်နေ့တွက်သည် ဇိမ်ခန်းတစ်ခါသွားစာ မရှိ။ ထိုသောအခါ လူ့သဘောကား ဥစ္စာကံပေး မရသေး၍ နှောင့်နှေးကြန့်ကြာ နေသာတတ်သေးကြသော်လည်း၊ သွေးသားတောင်းရာသို့ အပြေးအလွှားဂျောင်းဖို့မှာကား ဘယ်သိက္ခာမျိုးနှင့် မဆို ထိန်းဖို့ခက်တတ်သည် မဟုတ်ပါလား။
သို့သော် အေးသီကား အမ္ဗပါလီ မဟုတ်ပါချေ။ အေးသီသည် ဘယ်သူ့ထံကမှ အခကြေးငွေယူသည် မကြားမိဖူး။ သူကား စိတ်စေရာ လွင့်မျောလွန့်လူးနေတတ်သူ။ သူနာမည်ပျက်မှာ၊ သူ့ကို တစ်ယောက်ယောက်က ငြိုငြင်ကွက်မှာတွေကို တွေးမိဖို့လေးမှ သူလွန့်လူးနေရာ အိပ်ယာထက်မှ ခေါင်းထောင်ထ မကြည့်တတ်။
ထို့အတူ သူနှင့် အတွေ့ရှိဖူးသူတို့ အဖို့လည်း 'ကောင်းမှန်းသိ သာအိတစိုစို' ပင်၊ ရုန်းထွက်နိုင်ခဲလှ၏။ ဒီလိုနှင့် မကြုံဖူးသူတွေကလည်း သူပြောလူပြောနှင့် အေးသီ သတင်းတွေ နားထောင်ရင်း 'ဆေးစာဖတ်ရာ နားထောင်ပါ ရောဂါပျောက်နိုးနိုး' သဘော သူတို့၏ တပ်မက်စိတ် ကိုယ်တွင်းနာကို အေးသီဟူသည့် ဆေးမီးမှာ ဘယ်အချိန် ကင်ခွင့်ကြုံနိုးနိုး မျှော်ကိုးကာ ဒီပတ်ဝန်းကျင်မှာပဲ တဝဲလည်လည်။
ဒီတော့ကျ ကျွန်တော့်အလုပ်ခွင်မှာ အလုပ်သမားတွေ တော်တော် ပျော်ကြတယ်ကိုး။
*****
"အတွေ့တော့ တော်တော်ကောင်းတယ်ဆရာ"
"မင်းနဲ့လည်း မလွတ်ဘူးလား မောင်မောင်သိုက်ရ"
"ဘယ်လွတ်လိမ့်မတုန်း ဆရာ"
မောင်မောင်သိုက်က ရယ်ကျဲကျဲ အမူအရာနှင့် ပြန်ပြောသည်။ ကျွန်တော့်စိတ်ထဲ မောင်မောင်သိုက်ကို အပြစ်တင်ချင်မိသလိုလို။ ထို့အတူ ကိုထွန်းတင်သည် ဤမျှ အလုပ်ခွင်တစ်ခုလုံး အလုပ်သမားတွေကြား တိုးတိုးသားအဖြစ် ဟုန်းဟုန်းကြားနေသော ဒီကိစ္စကို နားလေလေးမှမဟပ်၊ သတိမချပ်မိလေရော့သလား။
ကျွန်တော် အံ့ဩနေစဉ်မှာပင် တစ်ညနေ သူတို့နှင့်အတူ ဝိုင်းဖွဲ့စားသောက်နေကြရင်း စားပွဲခုံအောက်မှ ကျွန်တော့်ခြေထောက်ကို အေးသီက ခြေချောင်းလေးများဖြင့် မသိမသာ တို့ထိကစားတာ ခံရလိုက်ရသည်။
သူ့နဘေးမှာ သူ့လင် ကိုထွန်းတင်နှင့်။ ကျွန်တော့်နဘေးမှာ သူနဲ့ ဇာတ်လမ်းရှိနေသူ မောင်မောင်သိုက်နှင့်။ အေးသီဟာ တဆိတ်ကလေးတော့ ရဲလွန်းပါသည်။ သို့သော် ကျွန်တော်သည် ဒီစကားကို အခုမှသာ သူတော်ကောင်းလုပ်ကာ ပြောခြင်းဖြစ်ပြီး ထိုစဉ်ကမူ သူတကာတို့ ကစားမြူးတူး ပျော်ရွင်ခံစားဖူးရာ ထိုဥယျာဉ်မြေအခြာမှာ ကိုယ်စိတ်မြင်းရိုင်းကို လွှတ်ဖို့ တစ်ခုခုသော လုံ့လကို မပြုမိစေရန် စိတ်ကို အတန်ကြီး ထိန်းခဲ့ရသည်။
အလုပ်ရှင်နှင့် အလုပ်သမားတို့စည်း။ သူ့မယားဟူသောစည်း။ တကယ်ကြုံလို့ ထိန်းရပြီဆိုတော့ အဲဒီစည်းတွေကိုတောင် မုန်းမိလုလု။
နောက်တော့ အေးသီကို ကျွန်တော်အတတ်နိုင်ဆုံး ရှောင်ဖြစ်သည်။ ကြာလေယိုင်လေဖြစ်လာသော ကျွန်တော့်စိတ် တာရိုး ကျိုးမကျိုးကို ကျွန်တော့်မှာ ကိုယ့်ကိုယ်ကို အယုံအကြည် ကင်းလာမိသည်။ သူတကာတို့ ဒီလောက်စွဲကြသော မိန်းမကို နာမ်သဘောသာရှိသော စိတ်စည်းလေးဖြင့် ထိန်းလို့ရှောင်ရတာ ယောက်ျားတစ်ယောက်အတွက် အင်မတန်ခက်ပါသည်။
"ကြုံရင် စမ်းကြည့်ဆရာ၊ ဆေးထက်ကောင်းတယ်ရယ်"
"ဘယ်လို ဘယ်လိုကွ"
"အရင်တစ်လ အလုပ်တွေပူလို့ ဆရာကျွန်တော့်ကို ဆူတုန်းကလေဆရာ၊ ကျွန်တော့်မှာ ဆိုက်ထဲနဲ့ အလုပ်သမားတွေအိမ် ဂျင်ခြေကိုလည်နေရောပဲ၊ ဆရာမှတ်မိမှာပေါ့၊ နေ့မအိပ်ရ ညမနားရ ကာလ"
"အင်း… အဲဒီတုန်းက မင်းနဲ့ အေးသီဖြစ်သွားတာလား"
"ဘယ် ဖြစ်နိုင်မယ်ထားလို့ အိမ်က မိန်းမတောင် လင်ခန်းမယားခန်း မမြောက်နိုင်ဘူးဆရာ၊ လူမှာ စိတ်အပူမိတော့၊ ပန်းပါ ညှိုးတယ်"
"ဒါဆို…"
"အဲဒါပဲ ဆရာ၊ ဆရာအေးသီကို သေချာကြည့်ဖူးလား၊ သူ့မှာ 'ညှို့' ပါတယ်။ သူ့အနား နည်းနည်းကပ်မိတာနဲ့ ဆွဲခေါ်နေသလိုပဲဗျ"
ဒီတရားကို မောင်မောင်သိုက်မဟောလည်း ကျွန်တော် ခန္ဓာသိဖြင့် သိပါသည်။ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။ ရွှေရင် ဖုံးတုံ့ မဖုံးတုံ့။
"နောက်တော့ ကျွန်တော်လည်း သူခေါ်ရာပါပြီး သူနဲ့ကြုံတော့တာပဲဆရာ၊ သူနဲ့ကြုံလိုက်တဲ့နောက် ကျွန်တော်လည်း ယောက်ျားပြန်ပီသ သွားတော့တာပဲ။ သာယာတယ်ဆရာ၊ ကြုံရင် မငြင်းဘဲ စမ်းကြည့်"
"ဟာ မသင့်ပါဘူးမောင်ရာ၊ သူ့မယားကြီး"
"ဘယ်သူက သူ့မယားလဲ"
"အေးသီက ထွန်းတင်မိန်းမလေကွာ"
"ထွန်းတင်က အေးသီကို ဘယ်တုန်းက ယူထားမှန်း ဆရာသိလို့လား"
"မသိဘူးလေကွာ၊ သူတို့ အတူတူနေတာပဲ"
"အစကတော့ ကျွန်တော်တို့လည်း အဲလိုထင်မိတာပဲဆရာ၊ တကယ်က ထွန်းတင်နဲ့ အေးသီက ယူထားတာ မဟုတ်ဘူး။ ဒီလိုပဲ အေးသီကို ထွန်းတင်က အရင်တစ်ယောက်ဆီက မ လာတာ။ နောက် သူ ဆရာ့အလုပ်ကိုရောက်တော့ သူ့မယားပါဆိုပြီး၊ ဆရာဆီမှာ လင်ကိုယ်မယားနှစ်ယောက်ပုံစံမျိုး နေစရာတောင်းပြီး နေတယ်မဟုတ်လား၊ ဒါ ဒီကောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်တာ ဆရာ၊ နေစရာလည်းသတ်သတ်ရ၊ သူ့ပစ္စည်းသူလည်း ကာကွယ်ထားပြီးသားဖြစ် သဘော"
"ဒါကို သိစကတော့ ဆရာ့ကို ပြန်ပြောမလို့၊ ဒါပေမယ့် ဆရာသိလို့ သူတို့နှစ်ယောက်ကို နှင်လိုက်ရင် အေးသီနေစရာ မဲ့သွားမှာရယ်၊ ဒီအကောင်ထွန်းတင်က ကောင်မလေးကို တစ်နေရာ ပြန်မသွားမှာ စိုးတာရယ်ကြောင့်၊ ဆရာ့ မှာလည်း ဘာမှ မနစ်နာလောက်တာနဲ့ ဒီအတိုင်း နေမိတာပဲ"
"တကယ်က အေးသီဟာ ဒီလိုပဲ လျှောက်လွှင့်နေတာ၊ သူ့ကို ဘယ်သူမှ ပိုင်တယ်လည်း မရှိဘူး၊ မပိုင်လို့ဘဲ ဟိုကောင်ထွန်းတင်မှာ သိသိလျှက်နဲ့ ငြိမ်နေရတာပေါ့။ သူ အေးသီကို အကြမ်းမကိုင်ဝံ့ဘူးလေ။ အကြမ်းကိုင်ရင် အေးသီက တစ်နေရာ ထပ်လွင့်ဦးမှာပဲ၊ ဒီလောက် ကောင်းတဲ့ဟာလေး ဒီကောင် ဘယ်ပစ်နိုင်မလဲ ဆရာရယ်၊ အပြောမဟုတ်ဘူးဆရာ၊ ဒီတစ်ခါကြုံရင် ဆရာ မငြင်းနဲ့ တစ်ခါလောက် စမ်းကြည့်လိုက်၊ ကြိုက်သွားရစေ့မယ်"
"ဒီကောင်မလေးမျိုးဟာ ဘယ်ယောက်ျားရဲ့ ဒေါသကိုမဆို အေးဆေးငြိမ်သိပ် စေနိုင်စွမ်းတဲ့ ဟာလေးမျိုးဗျ၊ ကြုံရခဲတယ်"
*****
အလုပ်ခွင်ထဲမှာ ကိုထွန်းတင်ရဲ့ ဒေါသကို ခဏခဏတွေ့နေရသည်။ သူသည် အခုနောက်ပိုင်း ဘာမဟုတ်ဘဲ ဒေါသကြီးနေတတ်သည်။
အေးသီကတော့ အလုပ်ခွင်မှာ ပေါ်ချည်ပျောက်ချည်ပါ။ သူဟာ သိပ်နေမကောင်းဘူးလို့ ကိုထွန်းတင်က သိထားတယ်။
သန်းမင်းကြီးကတော့ လစ်ရင်လစ်သလို အလုပ်ခွင်က ပျောက်ပျောက်သွားတတ်ရဲ့။
အလုပ်က နေ့စားကောင်လေးတွေလည်း မကြာမကြာ ရက်ပျက်များသည်။
မောင်မောင်သိုက် ပြောပြပြီးကတည်းက ကျွန်တော် အေးသီနေရာ ဂိုဒေါင်ဘက် ခြေဦးလှည့်ရမှာ ရှက်နေသလိုလိုပါ။ တကယ်ဆို ကိုယ့်စိတ်က ကိုယ့်ဟာကိုယ် မလုံဘူးမဟုတ်လား။
"အေးသီ သံဒိုင်းဆရာ သန်းမင်းနောက် လိုက်သွားပတဲ့"
အလုပ်တွေ အပြီးမသတ်ရသေးပါ။ သံဒိုင်းလုပ်ငန်းခွင် နောက်ထပ်လက်ခံထားတာတွေ တန်းစီနေသည်။ ဒီအလုပ်ဟာ ရာသီစာမဟုတ်လား။ အချိန်မီဆောက်ပြီး အချိန်မီ မအပ်နိုင်လျှင် ဒုက္ခရောက်တတ်ပေသည်။
ကျွန်တော်သည် သံဒိုင်းသန်းမင်းကို ပျစ်ပျစ်ညစ်ညစ် ဆဲနေမိသည်။
အလုပ်ပူမိတာ တော်တော်ဆိုးသည်။
လူလည်း ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်လို့။ ဒေါသတွေလည်း ဖြစ်လိုက်တာ။
မောင်မောင်သိုက်ကတောင် တစ်နေ့ကပြောရဲ့။
"ဆရာ အခုတစ်လော ဒေါသတွေ အရမ်းကြီးတတ်လာတာပဲ" တဲ့။
အောင်မျိုးသူလွင်
၀၄၊၀၁၊၂၀၁၈
ကြာသပတေး
ညနေ ၀၅း၃၇
Subscribe to:
Posts (Atom)
Featured Post
အောင်မျိုးရှေးစကား
လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...
-
ယောက်ျားတကာတို့အား မက်စက် တိမ်းမူး ညွှတ်နူးစေလောက်အောင် အတွေ့ကောင်းပါသည် ဆိုသော 'ပဉ္စပါပီ' အကြောင်းကို ငယ်စဉ်က လူကြီးတွေပြောသာ ပုံပြင...
-
ရေတွေ တိုးလာပြီ။ အနောက်ရွာ တကြောကလူတွေ ကုန်းခေါင်ခေါင်ကို ပြောင်းလာကြတော့၏။ ရေတိုးတယ်ဆိုတာ ဘယ်လိုနည်း။ ဒီ ဒေသရဲ့သဘောကို 'နောဧက နော...
-
(၁) တစ်နေ့ ရွာနောက်တောက မိုးနံခြုံကြီးထဲမှာ ဝတ်လစ်စလစ် ကျောင်းအစ်မကြီးကို ခြေနှစ်ချောင်း မိုးပေါ်ထောင်လျှက်သား တွေ့ရသည်။ လေးလုံးခြောက်...
