(၁)
တစ်နေ့ ရွာနောက်တောက မိုးနံခြုံကြီးထဲမှာ ဝတ်လစ်စလစ်
ကျောင်းအစ်မကြီးကို ခြေနှစ်ချောင်း မိုးပေါ်ထောင်လျှက်သား တွေ့ရသည်။
လေးလုံးခြောက်ဖက် ယောက်ျားကြီးနှစ်ယောက်သည် ကျောင်းအစ်မကြီး၏
ထောင်နေသောခြေထောက်နှစ်ခုကြားမှာလည်းကောင်း၊ ဘေးကိုအနည်းငယ်စောင်းကာ
ခပ်လှဲလှဲပြုလျက် လိုလိုချင်ချင်ညည်းညူသမှုပြုနေသော ဦးခေါင်းနဘေးနားမှာလည်းကောင်း
တစ်လှည့်စီ ဒူးထောက်နေကြသည့် အဖြစ်ကို မြင်ရသော တစ်ခဏ မောင်ကျောင်းသားတစ်ကိုယ်လုံး
အကြောအခြင်တွေ ရှိန်းဖိန်းကုန်ရသည်။ အမှတ်မထင် မြင်ခဲ့ရသော မြင်ကွင်းကို
စိတ်တေးမှတ်ပြီး ပွဲကျောင်းဆရာတော်ကို ပြန်တိုင်ဖို့ဟု စိုင်းပြင်းကာ
ရွာဘက်ခြေကုန်သုတ်ခဲ့တော့သည်။
ကျောင်းအစ်မကြီးသည် ဘယ်မျှဩဇာကြီးစေ ပွဲကျောင်းဆရာတော် မကြိုက်သော
အမှုကို ပြုခဲ့မိချေပြီ။ ဤအမှုမျိုးကို မောင်ကျောင်းသားလည်း မကြိုက်။
မောင်ကျောင်းသားတို့ တစ်ရွာလုံးကလည်း မကြိုက်။ မကြိုက်သောကြောင့်
မောင်ကျောင်းသားတို့ရွာကို ပွဲကျောင်းသာသနာ ရောက်လာပြီးကတည်းက ဒီအမှုတွေကို
အမြစ်ကမချန် တွန်းလှန်ပစ်ခဲ့ကြသည်။
ရွာထဲမှာ နေသမျှလူတွေအကုန် ပွဲကျောင်း သာသနာဝင်များဖြစ်ကြသည်။
တစ်နည်းအားဖြင့် ပွဲကျောင်းသာသနာဝင်မဟုတ်သူများကို ရွာက ကြဉ်သည်။
ပွဲကျောင်းသားတွေအကုန် ဓားခုတ် လှံထိုး မြင်းစီးကျွမ်းကျင်ကြသည်။
အခါရာသီအလိုက် ဆေးအစီအရင်လည်း ပြီးကြသည်။ 'လူလည်းမိုက်၊ ကြက်လည်းတိုက်၊
ခွေးလည်းကိုက်' သော ပွဲကျောင်းသားများပင်။ သို့သော် ပွဲကျောင်းသာသနာဝင် လူမှန်သမျှ
မခိုးရ၊ မလိမ်ရ၊ ကာမဂုဏ်လွန်ကျူးစွာ မခံစားရ။ ဒါသည် ပွဲကျောင်းစည်းကမ်း။
ဒီသံမဏိစည်းကမ်းသုံးချက်အတိုင်း နေနိုင်မှ ပွဲကျောင်းသားဖြစ်သည်။ ဆေးအစီအရင်လည်း
စွမ်းပြီး ဓားလည်းထက်သည်။ ပွဲကျောင်းဘုန်းကြီးတွေကျ ဒီထက်တစ်ဆင့်တိုးလို့ အိမ်ယာပါ
မထောင်ရ။ ဒီစည်းကမ်းအတိုင်းနေမှ ပွဲကျောင်းသာသနာမှာ မြဲသည်။
ယခု ပွဲကျောင်း အဆုံးအမနှင့် ပွဲကျောင်းဒကာမကြီးတို့၏ အပြုအမူများ
'နှာခေါင်းကျည်ပွေ့' တည့်တည့် တွေ့ကြလေပြီ။
(၂)
ပွဲကျောင်းဝင်းတစ်ခုလုံး ညံနေသည်။ ဒီအခါ ရာသီတပေါင်းမို့
ပွဲကျောင်းထဲမှာ ပဋ္ဌာန်းသံတွေ ညံနေသည်။ ပွဲကျောင်းသာသနာနှင့် လုံးလုံးမှမစပ်အပ်သော
ဗုဒ္ဓဘာသာ ပဋ္ဌာန်းပွဲမျိုးမဟုတ်ပါ။ ပွဲကျောင်းအတတ်၊ မန္တာန် အအုပ်အခံ၊
ဆေးအစီအရင်နှင့် ကျင့်စဉ်များကို အကြောင်းအကျိုးစပ် ရွတ်ဆိုကြသော ပဋ္ဌာန်းပွဲသာ
ဖြစ်ပေသည်။
ပဋ္ဌာန်းပွဲထဲမှာ ပွဲကျောင်းဆရာတော်ကို ရှာသည်။ မတွေ့။
ကျောင်းရှေ့မှာ ပွဲကျောင်းသားတွေ ဓားရေးလေ့ကျင့်နေကြသည်။ လာမည့်
တန်ဆောင်မုန်းဆိုလျင် သူတို့ထဲမှာ ကျင့်စဉ်အောင်သူတစ်ချို့ ပွဲကျောင်းဆေးတွေ
အပြီးသတ်ထိုးနှံကြတော့မည်။ လူစွမ်းကောင်းအဖြစ် လူရာဝင်ကြပေတော့မည်။ ပွဲကျောင်းကို
ဖက်ပြိုင်လာသူမှန်သမျှကို ခြေဖျက်မှုန်းပစ်ဖို့ အစွမ်းတွေလည်း ရကြပေရော့မည်။
"ကျား" ဟု သံရှည်စွဲပြီး ကျားထိုးတက်ကာ တိုင်ထိပ်ဆီမှ
စက်ကွင်းကို လှံနှင့်ခွင်းချလိုက်သော ပွဲကျောင်းသားမောင်ကြီးကိုကြည့်ကာ
မောင်ကျောင်းသားလေး အားကျလှသည်။ နှစ်ခြမ်းကွဲထွက်သွားသော စက်ပစ်ကွင်းကိုကြည့်ပြီး
တဖြောင်းဖြောင်း အားပေးကြသော ပရိတ်သတ်လက်ခုပ်သံအဆုံးမှာ ပွဲကျောင်းသားမောင်ကြီးက
တဖြောင်းဖြောင်း လက်ပန်းပေါက် ထခတ်သည်။ သူ့ပေါင်လုံးကြီးတွေမှာ ဆေးမင်ကြောင်တွေ
ပြည့်လို့။
ထိုဆေးမင်ကြောင်တို့ကို သေချာသတိထားကြည့်ပြီး မောင်ကျောင်းသားလေးစိတ်ထဲ
ဒုတိယအကြိမ် ကြောက်ရွံ့ ရှိန်းဖိန်းသွားရပြန်ပါတော့သည်။
(၃)
ပွဲကျောင်းစည်းကမ်းက ခပ်နည်းနည်းပေမင့် ခပ်တင်းတင်းဖြစ်သည်။
စည်းကမ်းမလိုက်နာနိုင်လျှင် ပွဲကျောင်းသာသနာ မဝင်နှင့်။
ပွဲကျောင်းသာသနာဝင်ဖြစ်လျက် စည်းကမ်းပျက်လျင် အသက်နှင့်စပ်ကာ ဒဏ်တပ်သည်။ အခု မောင်ကျောင်းသားလေးမြင်လိုက်ရတဲ့
ဆေးမင်ပိုင်ရှင် ပွဲကျောင်းသားကြီးတွေဆိုတာ ဒါမျိုး စည်းကမ်းပျက်သူတွေအပေါ်
ဓားရေးစမ်းခဲ့လှပေါ့။ လူအရှင်နဲ့ လူအမြင်မှာပဲ ဓားရေးပြကြတာလေ။ အဲဒါ
ပွဲကျောင်းအထာ။
ဆရာတော်ကြီးက တအောင်းဂူထဲမှာ တရားကျင့်နေတာ ဖြစ်ပေမည်။
တအောင်းဂူဆိုတာ ပွဲကျောင်းဆေးတွေ စီရင်ရာ၊ ပွဲကျောင်းတရားတွေ ကျင့်ကြံရာ
ပွဲကျောင်းဘုန်းကြီးတွေသာ ဝင်ခွင့်ရသည့် ဂူ။ ဒီဂူထဲ ဆရာတော်ကြီးရောက်နေပြီဆိုမှ
အပြင်က မထွက်မချင်းစောင့်နေရုံမှ အပ၊ အခြားမရှိပြီ။
မောင်ကျောင်းသား ပါးစပ်တွေ ယားလှပြီ။ မောင်ကျောင်းသား
မုသားမဆိုတတ်ပါ။ ထို့အတူ အမှန်တရားကို ထိမ်မထားတတ်ပေ။ အခု ပွဲကျောင်းတစ်ခုလုံး၏
ဝမ်းမီးကို စားစရာ အလှူပြုပေးကာ ငြိမ်းစေတတ်သော ကျောင်းအစ်မကြီးကို
ရမ္မက်အာသာမပြည့် ဆာလောင်နေသည့် အနေအထားဖြင့် မောင်ကျောင်းသား တွေ့ခဲ့ရသည်။
ပွဲကျောင်းတစ်ခုလုံး၏ အရှက်ကိုလုံစေဖို့ အဝတ်သင်္ကန်းထောက်ပံ့တတ်သော ကျောင်းအစ်မကြီးကို
အဝတ်မကပ်သော ကိုယ်ဖြင့်လည်း မြင်ခဲ့ရပြီ။ ဒါတွေ မောင်ကျောင်းသားရင်ထဲ
ဆို့နင့်နေသည်။ တစ်ယောက်ယောက်ကို ပြောပြချင်နေသည်။ အထူးသဖြင့် ပွဲကျောင်း
ဆရာတော်ကြီးကို ဦးတိုက်လျှောက်လိုက်ချင်သည်။ ယခုမူ ဆရာတော်ကြီးကိုယ်တိုင်က
တအောင်းဂူထဲ ဝင်နေတုန်းမို့ ကပ္ပိယကြီး ဦးလူနထံ ခဏဝင်ခဲ့တော့သည်။
"ပက်လက် ကားယားကြီးဗျာ"
"ဘာ…၊ ဘယ်လို၊ ဘယ်သူ"
ဘယ်လိုမှ မနေနိုင်သည့်အဆုံး ဦးလူနထံ အနည်းငယ် ဖွင့်ချပြီးမှ
အံ့ကြီးဩ မယုံနိုင်ဟန် တုံ့ပြန်လာသည့် ဦးလူနကိုကြည့်ပြီး မောင်ကျောင်းသား
တွေဝေသွားရသည်။ ထို့နောက် သူမြင်ခဲ့သော မြင်ကွင်းထဲမှ ပက်လက်နေသော
ကျောင်းအစ်မကြီးဘေး ဒူးထောက်နေသော လူနှစ်ယောက်အတွေးထဲ ပေါ်လာသည်။
ထိုလူနှစ်ယောက်ရဲ့ ပေါင်တံတွေမှာ ထိုးနှံထားသော ဆေးမင်ကြောင်တွေ။
စက်ပစ်ကွင်းကို ဟက်တက်ကွဲအောင် ခွဲပစ်လိုက်သော ပွဲကျောင်းသား
ကာကွယ်ရေးသမားကြီး၏ ဂုဏ်ယူသော မျက်နှာ။ တဖြောင်းဖြောင်း လက်ပန်းပေါက် ခတ်လိုက်သံ။
ပွဲကျောင်းသားကြီးပေါင်မှာလည်း အလားတူ ဆေးမင်ကြောင်တွေနဲ့။ အဲဒါ
ပွဲကျောင်းဆရာတော်ကြီးကိုယ်တိုင် ထိုးပေးထားတဲ့ ကာကွယ်ရေး ပွဲကျောင်းသားတပ်ရဲ့
ဆေးမင်တွေလေ။
"ဟေ့… မောင်ကျောင်းသား၊ မင်း မဟုတ်တာ မပြောရဘူး၊
တို့ပွဲကျောင်းက မလိမ်ရဘူး၊ မခိုးရဘူး၊ ကာမဂုဏ်မလွန်ကျူးရဘူး"
မောင်ကျောင်းသား တစ်ခဏတော့ ဆွံ့အသွားရသည်။ သူသည် အခုဆို
ဘေးကြပ်နံကြပ်အခြေထဲ ရောက်ပေပြီ။ မုသား၊ ခိုးတာနှင့် ကာမဂုဏ်သည်
ပွဲကျောင်းစည်းကမ်းပျက်တာ။ ပွဲကျောင်းစည်းကမ်းပျက်လျင် ပေးသည့်ဒဏ်က
အသက်ကိုရင်းသည်ဟု ပွဲကျောင်းဆရာတော် ဟောသော ပွဲကျောင်းတရားတွေ ဖန်တရာတေအောင်
နာခဲ့ဖူးသည်။
ပွဲကျောင်းထဲမှ ပွဲကျောင်းရွာသားတွေ စု၍ ရွတ်ဆိုကြသော
ပွဲကျောင်းပဋ္ဌာန်းသံ နားထဲမှာ စီစီညံနေသည်။ တပေါင်းနေနှင့်အတူ
မောင်ကျောင်းသားကိုယ်ထဲ ရေဓာတ်ခန်းခြောက်သလို မူးဝေဝေ ငြီးစီစီနှင့်။ ထိုစဉ်
ဆွဲဆွဲငင်ငင် အူထည့်လိုက်သော ပွဲကျောင်းခွေးတစ်အုပ်၏ အူသံကို ကြားရပြီး
မောင်ကျောင်းသားလေး ဝမ်းသာသွားသည်။ အနည်းဆုံးတော့ ခွေးတို့သက်သေ ရှိပေသေးသည်။
ပွဲကျောင်းခွေးတို့သည် ပွဲကျောင်းသီလပျက်သူ တစ်ယောက်တလေ ကျောင်းထဲ
ဝင်လာလျင် သိသတဲ့လေ။ အဲဒီအခါ အခုလိုမျိုး ဆွဲဆွဲငင်ငင် အူတာပဲတဲ့။ အခုလည်း ပွဲကျောင်းထဲက
ခွေးတွေ နေရာအနှံ့ ဆွဲဆွဲငင်ငင် အူပြန်လေပြီ။ ကာကွယ်ရေးပွဲကျောင်းသားတွေလည်း
ဓားတဝင့်ဝင့်နဲ့။
စောစောက မိုးနံခြုံထဲမှာ ပက်လက်ကြီးကားနေသော ကျောင်းအစ်မကြီးသည်
အမွှေးနံ့သာတွေဆင်ကာ ကျောင်းထဲ ဝင်လာပြီး ကာကွယ်ရေး ပွဲကျောင်းသားတွေရှေ့
လူလုံးပြလို့။ ဒါကိုပဲ မျက်လုံးကစားကာ အရသာခံနေကြသော ကာကွယ်ရေးပွဲကျောင်းတွေ
မျက်လုံးထဲမှာ အဖြေတစ်ခုကို မောင်ကျောင်းသားလေး ရေးရေးမြင်လိုက်ရသည်။
ထိတ်လန့်တုန်လှုပ်စွာ အားကိုးတကြီး ဆရာတော်ကြီး
မြန်မြန်ထွက်လာလေနိုးနိုး ကျောင်းအနောက်ချောင်ထဲက တအောင်းဂူဘက် သုတ်သုတ်ပြေးမိသည်။
မနှစ်ကမှ အပျိုဖော်ဝင်၍ ဆံပင်ကို အုပ်လုံးသိမ်းထားသော
မိဂျမ်းလေးကို ထဘီမှာ သွေးကွက်ကွက်ထလျက် တအောင်းဂူထဲမှ ယိုင်ချိချိ
ထွက်လာတာတွေ့ရသည်။ နီးစပ်ရာ အကွယ်အကာတစ်ခုမှာ သူ့တစ်ကိုယ်လုံး မြုပ်စေလျက်
လုံအောင်ပုန်းပြီးချိန် ဝမ်းသာအားရ ဖြစ်နေသော မိဂျမ်းလေး၏ မိဘနှစ်ပါးကို ဘွားခနဲ့
မြင်လိုက်ရသည်။
နောက်နားမှကပ်ပါလာသော ပွဲကျောင်းဆရာတော် မိန့်လိုက်တဲ့စကားက
"နောက်ကိုးလဆို ဘုရားလောင်းလေး မွေးတော့မယ်" တဲ့။
မောင်ကျောင်းသား စိတ်တွေ ပြာဝေသွားရသည်။
(၄)
တအောင်းဂူထဲမှ ထွက်လာသော ဆရာတော်သည် ခွေးအူသံတွေကြောင့်
တော်တော်စိတ် ငြိုငြင် ဒေါသထွက်နေသည်။
ကပ္ပိယကြီး ဦးလူနက ငယ်ငယ်ရွယ်ရွယ်နှင့် မဟုတ်တမ်းတရားပြောသော
မောင်ကျောင်းသားအပေါ် အတော်ရွံရှာလျက်ရှိပြီး၊ ကျောင်းအစ်မကြီးကို အားနာနေသည်။
ကျောင်းအစ်မကြီးကတော့ ချီးမွမ်းကဲ့ရဲ့နှစ်တန် လောကဓံကို
မမှုတော့လေဟန်ဖြင့် ဓားတဝင့်ဝင့် ကာကွယ်ရေးတပ်ရှေ့ လမ်းသလားလို့။
မောင်ကျောင်းသား နားထဲ ကျောင်းထဲမှ ပဋ္ဌာန်းသံ စီစီညံလာသည်။
"မင်း ပွဲကျောင်းသားဆို၊ ဘယ်မလဲ ပွဲကျောင်းသား သိက္ခာ"
"စောစောကတော့ ဆရာတော် တအောင်းဂူထဲရောက်နေလို့ဆို။ အခု
ဆရာတော်ကြီးကိုယ်တိုင် ထွက်လာပြီလေကွာ၊ မင်း ပွဲကျောင်းသား သိက္ခာတည်သေးရင် အခု
လူရှေ့ပြော။ ဘယ်ဟာအမှန်လဲ ငါကိုယ်တိုင် သိချင်တယ်။ သွေးနဲ့သက်သေတည်၊
မဟုတ်လို့ကတော့ မင်းကို ငယ်ရွယ်သေးပေမယ့် ငါရွံတယ်၊ ဒါပဲ"
ဦးလူနက သူ့ကို ရွံရှာသလို ပြောလာသော စကားသံတွေ ပွက်ပွက်လောသည်။
ကျောင်းလှေကားထစ်တွေပေါ် နင်းတက်သွားတဲ့ ကျောင်းအစ်မကြီးရဲ့
ကိုယ်နောက်ပိုင်းဟာ အိပက်ပက် လှုပ်လို့။
တပေါင်းနေသည် ခြစ်ခြစ်တောက်ပူ၏။ ထိုပူသော နေမင်းကို
မောင်ကျောင်းသားက မပူနဲ့ဟု တားဖို့ အာဏာမသက်နိုင်ပါ။
ကျောင်းထဲက ပဋ္ဌာန်းပွဲဟာ ပို၍ပို၍ ဆူလာသည်။ သို့သော် ပွဲကျောင်းရွာ
ဘာသာရေးမို့ ဒါကိုလည်း မောင်ကျောင်းသားက မတားပိုင်။
တအောင်းဂူဘက်မှာရော၊ ကျောင်းဝင်းထဲမှာပါ သီလပျက်တို့ အနံ့ရ၍
ခွေးတွေ အူကြသည်။ ဆရာတော်ကြီး စိတ်တော်ငြိုသည်။ ကျောင်းအစ်မကြီး မနောတော်နောက်သည်။
အခုလို ပဋ္ဌာန်းကဆူ၊ နေပူပူမှာ ကျောင်းခြေရင်း ခွေးကတက်က
ဝါးရင်းနှစ်တုတ်တစ်ချောင်း ဆွဲထုတ်ခဲ့ကာ အူသောခွေးများကို တစ်ကောင်မကျန်
ရိုက်သတ်ပစ်ခြင်းသည်သာ ပွဲကျောင်းရွာ၊ ပွဲကျောင်းသားတို့နှင့် အသင့်တော်ဆုံး
စိတ်ဖြေနည်း ဖြစ်လေမည်လား မောင်ကျောင်းသားလေး မတွေးတတ်တော့ပါ။
တကယ်တော့ ဟန်သာရှိပြီး အဆံမရှိသော ပွဲကျောင်းဝိနည်းနှင့်
ပွဲကျောင်းဘာသာရေးကြီးထဲမှာ ကျောင်းအစ်မကြီးတို့လို လူတွေ အာသာငမ်းငမ်း
မွေ့လျှော်ကြသလို၊အထာသိသော စားနေကျ ကာကွယ်ရေးပွဲကျောင်းသားတွေလည်း ပျော်ကြပါသည်။
ဆရာတော်ကြီး တရားအဟောကောင်းသလောက် ရွာသားတွေမှာ အရမ်းယုံတတ်ကြပြီး၊ ဦးလူနတို့
ကပ္ပိယတစ်သိုက်က သည်းသည်းလှုပ် ကိုးကွယ်ကြချိန်မှာ၊ မမြင်သင့်သည်ကို မြင်တတ်သော၊
မတွေ့သင့်သည်ကို တွေ့တတ်သော မောင်ကျောင်းသားအဖို့၊ မအူသင့်သည်ကို အူရန်ကောဟု
ပွဲကျောင်းခွေးတစ်အုပ်ကို ရိုက်သတ်ပစ်ရန်မှတစ်ပါး အခြားမရှိလေပြီ။
အောင်မျိုးသူလွင်
၁၆၊၀၃၊၂၀၁၈
တနင်္လာ
ညနေ ၀၅း၂၃
မြန်မာပြည်တစ်နံတစ်လျား
ReplyDeleteဒီလိုအမည်ခံသာသနာတွေကလည်း အများသား