အကြေကေးရီးယန်းကောင်မလေးက မနက်ခြောက်နာရီထိုးရင် ရေချိုးခန်းဝင်တယ်။ မိတ်ကပ်လိမ်းတယ်။ ဖြီးလိမ်းပြင်ဆင်ပြီး ခုနစ်နာရီခွဲဆို သူငှားနေတဲ့တိုက်ခန်းအောက် အကြိုထောက်မယ့် ဖယ်ရီကို ကြော့ကြော့လေး ဆင်းစောင့်တယ်။ ပြီးတော့ကျ ပရွက်ဆိတ်တန်းလို တစ်ညပ်နေတဲ့ သူတို့မြို့ကလမ်းတွေပေါ် တစ်နာရီကျော်ကြာအောင် အသက်ကြီးခံပြီးတဲ့နောက် လေအေးပေးစက်တပ်အခန်းထဲမှာ ကွန်ပျူတာဘေး ကြည့်မှန်အဝိုင်းလေးချပြီး အလုပ်လုပ်တော့တာပဲ။
တစ်ညလုံး ဖတ်ချင်တဲ့စာတွေဖတ်မယ်။ ဇာတ်ကားကောင်းကောင်းလေးများ တီဗွီကလာရင် မနက်ဖြန်ဖြေရမယ့် သင်ခန်းစာကို ဒီည အရကျက်ပစ်သလိုမျိုး သရဲမရဲစီးအောင် ကြည့်ပစ်တယ်။ မနက်ကျ နိုးချင်တဲ့အချိန်မှ နိုးပြီး ကုန်းရုံးထ၊ ဖုန်းကနာရီကိုကြည့်၊ ရေချိုးချိန်ရရင်ချိုး၊ ချိုးချိန်မရတော့ရင် တွေ့တဲ့အဝတ်ကောက်စွပ်ပြီး ဆိုက်ကယ်ပေါ်တက်ခွ၊ အလုပ်ပြေးတတ်ကြတာက အညာသရာကီတွေရဲ့အကျင့်။
ဖုန်းတွေပေါ်လာကတည်းက လက်အလေးခံပြီး အညာသရာကီတွေဟာ နာရီမပတ်ကြတော့ဘူး။
ဒါက အကြေကေးရီးယန်းကောင်မလေးနဲ့ အညာသရာကီတစ်ယောက်ရဲ့ နေ့စဉ်ဖြတ်သန်းမှု အကျဉ်းပြကွက်တွေ။ သူတို့နှစ်ယောက်ကြား မိုင်အားဖြင့် သုံးရာ့ရှစ်ဆယ်ကျော်ကျော်ဝေးတာကို မြေပုံမှာ လေးလက်မထက်မပိုဘူးလို့ 'အညာသရာကီ အောင်ဒရိုဂို' က ကိုယ်ထင် ကုတင်ရွှေနန်းနေတတ်တာမျိုး။ ဒီအထိက ဘာပြဿနာမှ မရှိသေးဘူး။ ပြဿနာက 'လင်နစ်စတာချော' ပဲ။
လင်နစ်စတာချောက နာမည်နဲ့လိုက်အောင် ချောတယ်။ ဦးတေဇနဲ့ ဘရွှေမြေးဖိုးလပြည့် နှစ်ယောက်ပေါင်းထက် လေးငါးခြောက်ဆ ချမ်းသာတယ်။ သူဘယ်လောက်ချမ်းသာမှန်း သူ့ဟာသူတောင် သိရဲ့လားလည်း မသိပါဘူး။ အပြင်းပြေ ကိုယ်ပိုင်ဘဏ်လုပ်ငန်းတစ်ခု ဖွင့်ထားတာရှိတယ်။ လူပုံက အကြည့်ခံသလို ဟန်ပန်ကလည်း ကဗျာဆန်သေးတယ်။ သူပိုင်တဲ့ နိုင်ငံတကာဘဏ်ကြီးကိုတောင် နာမည်ပေးထားပုံ နားထောင်ဦးလေ။ 'ယူကြွေပြီ' တဲ့။ ဘယ့်လောက် ကဗျာဆန်လိုက်သလဲဆိုတာ။
အကြေကေးရီးယန်းကောင်မလေးက လင်နစ်စတာချောပိုင်တဲ့ အပြည်ပြည်ဆိုင်ရာ 'ယူကြွေပြီဘဏ်' ကြီးမှာအလုပ်လုပ်တာ။ ဝါ ဝါ ဝါ။ မှားလို့။ မဟုတ်ဘူးဗျ။ ဆောရီး ဆောရီး။ လင်နစ်စတာချောရဲ့ လေသံနဲ့ပြောရင် ဝါ ဝါ လို့ 'ဘွာ' မခတ်ရဘူး။ ဆောရီးဆိုမှ အမှန်။ ပြောချင်တာက အပြည်ပြည်ဆိုင်ရာ ဆိုတာထက် 'အင်တာနေရှင်နယ်ယူကြွေပြီဘဏ်ကြီး' ပေါ့လေ။ လင်နစ်စတာချောက စကားပြောရင် အပြည်ပြည်ဆိုင်ရာ ဘာသာစကားနဲ့ပဲ စကားပြောတယ်။
လင်နစ်စတာချောရဲ့ ဆောင်ပုဒ်က
"လင်နစ်စတာတွေဟာ အကြွေးဆပ်ပက်စက်တယ်" ဆိုတာပဲ။
ဒါကိုတော့ အညာသရာကီတစ်ယောက်ဖြစ်တဲ့ 'အောင်ဒရိုဂို' က ယုံတယ်။ လင်နစ်စတာချော မန္တလေးလာတုန်းက လမ်းသုံးဆယ်က ကြယ်သုံးဆယ့်နှစ်ပွင့် ဟိုတယ်ကြီးမှာ တည်းတယ်။ သူ့ဂုဏ်နဲ့တန်အောင်လေဆိုပြီး အောင်ဒရိုဂိုတို့က 'ရက်ဖိုး' ကားကြီးစီးပြီး သွားတွေ့ရတယ်။ ကားက ငှားလာတာပါ။ အညာသရာကီတွေထဲမှာ ရက်ဖိုးစီးပြီး ဆီဖိုးအကြွေးတွေ လည်ပင်းခိုက်နေတဲ့ ကောင်တွေရှိတယ်။ ဒီတော့ ဒီလိုကောင်တွေနဲ့ ငွေရေးကြေးရေး အပေးအယူလုပ်ပြီး အချိန်ပိုင်းနဲ့ ငှားခဲ့တာပေါ့။ ပြောချင်တာက လင်နစ်စတာတွေ အကြွေးဆပ်ပက်စက်တဲ့ အကြောင်းပါ။
အဲဒီနေ့က လင်နစ်စတာချောကို သူတည်းတဲ့ ကြယ်သုံးဆယ့်နှစ်ပွင့်ဟိုတယ်ရှေ့က ကွမ်းယာဆိုင်လေးမှာ ဘာရပ်လုပ်နေတယ်ရယ်မသိဘူး။ ဒါနဲ့ အောင်ဒရိုဂိုတို့ အညာသရာကီ ဓလေ့ပေါ့လေ၊ စချင်နောက်ချင် ကျီစယ်ချင်စိတ်ပေါက်လာတာနဲ့ သူ့ဘေး ကားထိုးရပ်တဲ့ပြီး ပါလာတဲ့ သူငယ်ချင်းတစ်ယောက်ကို မေးခိုင်းလိုက်တယ်။
"အကို၊ အကို ဒီနားမှာ ကွန်ဒုံးဘယ်နားဝယ်ရလဲဗျာ၊ ကျွန်တော်တို့ အရေးကြီးနေလို့ပါ" လို့ ဆိုတော့ လင်နစ်စတာချော ပထမတော့ ရှက်သွားတယ်။ သူ့မျက်နှာ ရဲလို့။ဒုတိယ အားရပါးရဖြစ်လာတယ်။ သူ့မျက်နှာမှာ အဖော်ရသွားတဲ့ အရိပ်အယောင်မျိုး။
"မသိဘူး အစ်ကို။ ကျွန်တော်က အကြေကေးရီးယန်းက လာတာ။ ကွမ်းယာဆိုင်မှာများ ရမလားလို့ အခုပဲ ဝင်မေးတာ ဂြိဟ်ကြည့်အကြည့်ခံရတယ်ဗျ။ အကိုတို့ အခုလိုက်ရှာနေတာဆို ကျွန်တော့်လည်းခေါ်ဗျာ။ အတူသွားရှာရအောင်။ ဒီအညာသရာကီတွေနေတဲ့အရပ်မှာ ကွန်ဒုံးလေးမှ ရှာဖို့ခက်တယ်။ ခွီးပဲ"
နောက်တော့ ရိုးသားတဲ့ လင်နစ်စတာချောကို အောင်ဒရိုဂိုကပြေးပွေ့ဖက်တယ်။ လင်နစ်စတာချောလည်း ဝမ်းသာတယ်။ နောက်တော့ လင်နစ်စတာတွေသောက်တဲ့ အရက်မျိုးတွေ သောက်ကြတယ်ပေါ့။ ဒီအထိ အဆင်ပြေတယ်။
နောက် ကိုယ်ရန်ကုန်သွားတော့ကျ လင်နစ်စတာချောဟာ ကိုယ့်ကို ကန်တော်ကြီးဘေးနား ခေါ်ပြီး အကြွေးဆပ်ပက်စက် တော့တာပဲ။ ကိုယ်တို့ အညာသရာကီတွေက လင်နစ်စတာကဗျာတွေဆို သိပ်သဘောကျတာ။ လင်နစ်စတာကဗျာထဲက ဇာတ်ကောင်မလေးတွေဖြစ်တဲ့ မြဗိုလ်တို့၊ ရွှေရောင်တို့၊ ညီမလေး မမဝင့်တို့ဆို အသေကြွေပဲ။ အဲဒီမှာ
"ဘီယာသွားဝယ်ဦးမယ်ဗျာ ဟောဟိုနားက အုပ်စုထဲမှာ မြဗိုလ်နဲ့ ရွှေရောင် စောင့်နေတယ်။ ဆပ်ပရိုက်ဖြစ်အောင် ခင်ဗျားဖာသာခင်ဗျား သွားမိတ်ဆက်ထားနှင့်။ ညီမလေး မမဝင့်က ခဏနေလာလိမ့်မယ်" ဆိုပြီး မလိမ့်တပတ်နဲ့ ကိုယ့်ကို အခြောက်မအုပ်စုထဲ မောင်းသွင်း အကြွေးဆပ်တော့တာပဲ။ လင်နစ်စတာတွေဟာ ယောက်ျားချင်းဆို အဲလို အကြွေးဆပ်ပက်စက်တာ။
ထားပါတော့လေ။ ယောက်ျားချင်းကိုး။ ပြဿနာက ကိုယ့်အကြေကေးရီးယန်း ကောင်မလေးဟာ လင်နစ်စတာချောပိုင်တဲ့ အင်တာနေရှင်တယ် ယူကြွေပြီဘဏ်ကြီးမှာ အလုပ်လုပ်နေတာပဲ။ ယောက်ျားချင်းပေါ့လေ၊ အဲဒါ လက်ရုံးရည်ချင်းယှဉ်မလား မကြောက်ပါဘူး။ ကိုယ်တို့ အညာသရာကီတွေဆိုတာ မွေးကတည်းက ကျွဲနဲ့နွားနဲ့ဖက်ပြီး လယ်ထဲ ကိုင်းထဲ ရုန်းလာတာ။ မည်းမည်းသည်းသည်း မုန့်တစ်မျိုးကိုတောင် 'အညာသရာကီကျောကုန်း' လို့ ခေါ်လားခေါ်ရဲ့။ လင်နစ်စတာတွေလောက်တော့ အဟုတ်မကြောက်ပါဘူး။ ဒါဖြင့် နှလုံးရည်ချင်း ယှဉ်မလား။ ကိုယ်တို့အညာသရာကီတွေဆိုတာ အသည်းနှလုံးမှာ ကျွဲပုခုံးထလောက်အောင် ခံစားချက်ကို တနင့်တပိုး သယ်ထမ်းထားတတ်ကြတဲ့လူတွေမို့ လင်နစ်စတာတွေလောက်တော့ မကြောက်ပေါင်။ ဒါဖြင့် ဘာက ပြဿနာလဲဆို အဲဒါ အညာသရာကီတွေရဲ့ တွေးနိုင်တဲ့ နယ်ပယ်ရဲ့ ဟိုဘက်ကျော်သွားပြီ။ တကယ်တော့ အညာသရာကီတွေဟာ လက်ရုံးရည်တွေ နှလုံးရည်တွေဆိုတာတွေနဲ့ ခေတ်နောက်ကျကျန်ခဲ့ပြီး၊ နည်းပညာအကြောင်း ဘာမှသိတာမဟုတ်ဘူး။
အကြေကေးရီးယန်း ကောင်မလေးက ပြောတယ်။ အောင်ဒရိုဂို့အတွက် စွန်လေးတွေလုပ်ပြီး ဖန်ဘူးထဲ ထည့်သိမ်းထားတယ်တဲ့။ တကယ်လို့ တောင်လေလာတုန်း ဘူးဖွင့်ပေးလိုက်တဲ့အခါ ကိုကိုတို့ အညာသရာကီဒေသကို စွန်လေးတွေ ဝဲလာမှာပေါ့တဲ့။ အဲဒီတော့ကျ ကိုကိုက ဘာလုပ်မှာလဲဟင် ဆိုတော့ ဒီက အညာသရာကီကြီးမှာ ကြွေလိုက်တာ ကြွေလိုက်တာ ဆိုတာလေ၊ လူမှာ 'မျက်နှာဖုတ်လူး၊ နားရွက်ရွံ့ပေ' တွေကို ဖြစ်လို့ပါဆို။
တကယ်ကျ အဲဒါ အကြေကေးရီးယန်းကောင်မလေးဟာ လင်နစ်စတာချော သောကြာနေ့ညနေတွေမှာပဲ ထုတ်စီးလေ့ရှိတဲ့ ပေါ်ရှေးကားကြီးပေါ်မှာ၊ လင်နစ်စတာအရက်တွေသောက်ရင်း လင်နစ်စတာ ကဗျာတွေအစပ်ကျင့်နေတာတဲ့လေ။ အဲဒီလို လင်နစ်စတာချောက ပြောတာပဲ။ အောင်ဒရိုဂိုကတော့ အဲလိုမယုံပါဘူး။ ဒါပေမယ့် အသည်းတော့ကွဲတယ်။ တကယ်ဆို လင်နစ်စတာတွေဟာ အညာသရာကီတွေရဲ့ အသည်းကို ဓားတုံးတုံးနဲ့ ခွဲဖို့ မွေးဖွားလာသူတွေများလား။
လင်နစ်စတာတွေဟာ ပေါ်ရှေးစီးတယ်။ လူတစ်ကိုယ် မာစီးဒီတစ်စီးလို့ ပြောတဲ့နယ်ပိုင်ကို သောက်ဂရုမစိုက်တတ်တာလည်း လင်နစ်စတာ စရိုက်။ မိန်းခလေးတွေ သိပ်ခိုက်ဆိုပဲ။
ကိုယ့် အကြေကေးရီးယန်း ကောင်မလေးကတော့ အဲဒီထဲ ပါမယ်မထင်ပါဘူး။ ဒါနဲ့
"ကလေးရယ်၊ ကိုယ်တို့ အညာသရာကီတွေဆိုတာ သိပ်ချစ်တတ်သူတွေပါလို့ အကိုပြောတဲ့အခါ ထိုမှန်ကန်သော သစ္စာစကားကြောင့် ကလေးကို့အနားကို တစ်လှမ်းတိုးလာဖို့ အားဖြစ်ပါစေကွယ်" လို့ ခပ်ညည်းညည်းလေး လေပူထုတ်မိတယ်။
'ယပိစ္ဆံ န လဘတ္တိ၊ တမ္ပိ ဒုက္ခံ' လိုတာမရခြင်းသည်လည်း ဆင်းရဲ၏လို့ မြတ်စွာဘုရားကတောင် သူ့နာမည်ကျော် ဒုက္ခသစ္စာတရားမှာ ထည့်ဟောခဲ့မို့လား။ ဒါလေး အညာသရာကီလေနဲ့ ဒီလိုထုတ်ညည်းမိတော့ လင်နစ်စတာတွေက ရယ်သေးတယ်။
"အညာသရာကီတွေရဲ့စာဟာ လောကနိတိနဲ့ ခပ်ဆင်ဆင်ပဲ " တဲ့။ လှောင်တာ ။ လှောင်တာ။
ညနေညနေဆို ပေါ်ရှေးကားတဝီဝီနဲ့ လင်နစ်စတာတွေဟာ နည်းပညာအသာနဲ့ အကွာအဝေးကို ချုံ့ပစ်နိုင်တယ်တဲ့။ ပထဝီအနေအထားကမှ သူ့ဘက်မှာပါဆို လင်နစ်စတာတွေဟာ 'ပဲကရ နှမ်းကရ' ဆိုတာမျိုး။
ဒါနဲ့ တဖြည်းဖြည်း ကိုယ့်အကြေကေးရီးယန်းကောင်မလေးဟာ
"ထရော်မာလို ရောဂါမျိုး မကြာမကြာဖြစ်ချင်တယ်၊ ကော်ဖီဆိုင်ထဲမှာ ဆူးဆိုက်လုပ်တဲ့ ကဗျာဆရာဟာ သွေးပြန်ကြောကို မင်ရည်လုပ်ဖူးသတဲ့။ ကိုယ်ဒီည မအိပ်နိုင်တော့ဘူး" ဆိုတဲ့ ကဗျာမျိုးတွေ မကြာမကြာရေးလာတယ်။
အညာသရာကီကြီး စိတ်ပူလာတယ်။ အကြေကေးရီးယန်းမလေးကို ဆုံးရှုံးရမှာကိုလား။ မဟုတ်ပါဘူး။ မူလ ပေးထားချက်မှာကတည်း ဆုံးပြီးသားပဲလေ။
အဓိကက အညာသရာကီတွေဟာ လင်နစ်စတာကဗျာတွေကို နားမလည်ဘူး။ နားလည်သလို အဓိပ္ပါယ်ကောက်ကြည့်တော့ အညာသရာကီစိတ်နှလုံးမှာ အပူဖုံးလာတယ်။ အကြေကေးရီယန်းမလေး သူ့ကိုယ်သူ တစ်ခုခု လုပ်ပစ်လိုက်မှာလား။ နောက်တော့ အညာသရာကီတွေဟာ သမိုင်းထဲက အရိုင်းစိတ်တွေ ပြန်ဝင်လာတယ်။ အညာသရာကီတွေဟာ သမိုင်းမှာ ရိုင်းလည်ရိုင်းတယ်။ ကြမ်းလည်း ကြမ်းတယ်။ အခုလို မျက်စပ်ပိုးဝင် ဆံတစ်ပင်တင်း အခြေဆိုတော့ ဖျတ်ဖျတ်လူးပြီပေါ့လေ။ ဒါနဲ့ အညာသရာကီ အောင်ဒရိုဂိုတစ်ယောက် မခံနိုင်တဲ့ အဆုံး ကုန်းအော်ပစ်လိုက်တယ်။
"အကြေကေးရီးယန်း ကောင်မလေးတွေကို တိုက်ဖျက်ကြ"
ဒီတော့ကျ ပြုံးသဲ့သဲ့ဖြစ်သွားတဲ့ ကိုယ့်ရဲ့ အကြေကေးရီးယန်းကောင်မလေးက ဝင်ပြောတယ်။
"သူ့ဟာသူ ချေ့စရာကောင်းနေတဲ့ အကြေကေးရီးယန်းလေးတွေကို ချမ်းသာပေးလိုက်ပါလား ကိုငြိမ်းမောင်ကြီးရယ်" တဲ့။
ဘာမှန်းမသိ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကြွေဆင်းသွားရပြန်ရော။
ဒါကြောင့်မို့ အညာသရာကီတွေဟာ တစ်လတစ်ခါ အောင်ဘာလေထီတစ်စောင် မှန်မှန်ထိုးတယ်။ တစ်ညတစ်ခါ အကြေကေးရီယန်းကောင်မလေးဆီ ဖေ့ဘွတ်က စာမှန်မှန်ပို့တယ်။ သိန်းတစ်သောင်းထီပေါက်ရင် ပေါ်ရှေးကား ဝယ်စီးပြီး မိုင်းသုံးရာ့ရှစ်ဆယ်ကျော်ခရီးကို ချုံ့ပစ်မယ်။ ဒီကြားထဲ ပြန်စာလေးများရရင် လင်နစ်စတာအပေါ် တစ်သက်တာအနိုင်ရလိုက်တာပဲလေ။
အညာသရာကီတစ်ယောက်ဟာ ဒီစိတ်နဲ့ နေ့စဉ်အသက်ရှင်နေတော့တာပါပဲ။
အောင်မျိုးသူလွင်
၂၇၊၀၃၊၂၀၁၈
အင်္ဂါ
နေ့ ၀၁း၁၀