လွန်ခဲ့သော ကိုးနှစ်ခန့်က တရားစခန်းဝင်ဖူးသည်။ တရားဌာနကား မြန်မာပြည်ဝယ် နာမည်သတင်းမွှေးသော နေရာတစ်ခု ဖြစ်ပါသည်။ ကျွန်တော့်ကို ထိုနေရာခေါ်လာသူကား ဂျီတီအိုင်ထွက် အရက်သမားကြီး ကိုချာ။ သူသည် အဘယ်မျှအရက် သောက်ပါသနည်းဆိုသော် သူ့မူရင်းနာမည်ပျောက်၍ ကိုချာဟု အနွတ္ထသညာတွင်ခြင်းကို ကြည့်က သိနိုင်ရာသည်။ ဒီတုန်းအခါ ကျွန်တော်ဟာလည်း အသက်လေး နှစ်ဆယ်စွန်းစွန်းပေမင့် အရက်ကလေးတမြမြ ခဏခဏချတတ်သော အကျင့်လေးစွဲခါစ။
ကိုချာသည် ထိုစဉ်က အသက်သုံးဆယ်ကို တော်တော်ကျော်ကျော်စွန်းစွန်း ဖြစ်ပေမည်။ ကျွန်တော်သေချာစွာ မစောကြောခဲ့မိပါ။
တရားစခန်းမှာ ကျွန်တော်တို့တစ်ခန်းထဲအတူ သီတင်းသုံးရသည့် ယောဂီများကား တပ်မတော်မှ တပ်ကြပ်ဘဝဖြင့်စုတေလာသူ တပ်ကြပ်ကြီးတစ်၊ တပ်မတော် အင်ဂျင်နီယာတပ်သားဟောင်းတစ်၊ အင်ဂျင်နီယာကျောင်းဆင်း အရက်သမားကြီးကိုချာတစ်၊ ကျောင်းဆရာတစ်ပိုင်း အရက်သမားလက်သင် ကျွန်တော်ပါဆိုလေး။ ထိုလေးဦးသတ္တဝါကား အစပိုင်းရက်များတွင် ကောင်းချီကောင်းရဲ့ တရားမှတ်မှတ်၊ ကျောင်းမှတ်မှတ် အလုပ်လုပ်ကြသေးသော်လည်း ရက်ကြာလာသော် လူချင်းတွေက ခင်လာသည်မှ သမာဓိ၏ရန်သူတော်ကြီးဖြစ်သော သမ္ဖပ္ပလာပဝါစာ (ဝါ) စကားတင်းပြောခြင်းအမှုကိုသာ လှိုင်လှိုင်ကြီးပြုမိကြတော့သည်။
"သောက်နေရင်းရန်ထဖြစ်ကြတာကွာ၊ တစ်ကောင်က နောက်တစ်ကောင်ကို အပေါ်ကနေ ခွပြီးထိုးပါလေရော"
"ပြီးတော့လည်း ပြီးတာပါပဲ၊ ထိုးတဲ့ကောင်က မောတော့ မူးမူးနဲ့ သူ့အိပ်ယာထဲသူ ဝင်အိပ်"
"အဲ… ခံရတဲ့ကောင်ကကျ မပြီးဘူးကွ၊ သေနတ်သွားယူပြီး ဟိုကောင်မူးမူးနဲ့ ခေါင်းမြီးခြုံအိပ်နေတုန်း ခေါင်းကို သေနတ်နဲ့ချိန်ပြီး တစ်ချက်တည်း ဆော်ထည့်တာပဲ"
"ဟာ… သေရောလားဗျ"
"ဘယ်သေလိမ့်မတုန်း၊ အပစ်ခံရတဲ့ကောင် 'အား' ခနဲ့အော်ပြီး ချက်ချင်းထထိုင်တာပဲ"
"အလိုဗျာ သေနတ်နဲ့ ခေါင်းကိုမှန်တာတောင်လား"
"ဘယ်ဟုတ်လိမ့်မတုန်းကွ၊ ဟိုကောင်က မူးမူးရူးရူးနဲ့ အိပ်ယာထဲဇောက်ထိုးဝင်အိပ်နေတာလေ၊ ဒါကို နောက်တစ်ကောင်ကလည်း မူးမူးရူးရူးနဲ့ ခေါင်းဆိုပြီး ဆော်ထည့်လိုက်တော့ တကယ်မှန်တာ ခြေထောက်ကိုးကွ…ဟားဟား ဟား"
တပ်မတော်သားဘဝ ရှေ့တန်းမှာ ငတ်ခဲ့တာတွေ၊ အသေခံတပ်သားရွေးတော့ မတိုက်ခင်တစ်ည အရက်နဲ့ အစားအသောက် ကောင်းကောင်းနှံရမယ်ဆိုလို့ အလုအယက် သူလုပ်မယ်ငါလုပ်မယ် ဖြစ်ကြပုံတွေ ပါသလို၊ အင်ဂျင်နီယာတပ်သားဟောင်းကြီးကလည်း ကျောင်းတော်သားဘဝ သူတို့စီနီယာတွေရဲ့ ဒါဏ်ပေးနှိပ်စက်ပုံတွေ၊ သူတို့ချင်း ကပ်ဖိုးကပ်ဖဲ့လုပ်ခဲ့ကြပုံတွေနဲ့ တပ်မတော်သားဘဝ အတွေ့အကြုံတချို့ကို ဟာသလေးနှောလို့ ပြောပြပါသည်။
"နို့… ကျွန်တော်တို့ ဒီဘက်ရက်တွေ တော်တော်စကားပြောဖြစ်နေကြတယ်နော၊ အခြားကျောင်းဆောင်တွေများဆို ငြိမ်လို့၊ သူတို့တော့ တရားတော်တော်တက်မယ်၊ ကျွန်တော်တို့နေတဲ့ ကျောင်းဘက်တော့ဗျာ ညညဆို တဝါးဝါးနဲ့ ပွဲကျလို့၊ ဘယ်မှာ တရားတက်လိမ့်မတုန်း"
"ငြိမ်နေရင် တရားတက်တယ်ဆိုမှ ဟိုရသေ့ကြီးနှစ်ပါး ပုံပြင်တောင် သတိရမိသေးကောင်လေးရ"
"တောရွာလေးမှာ တရားအားထုတ်နေတဲ့ ရသေ့ကြီးနှစ်ပါးရှိသတဲ့၊ တစ်ပါးက မျက်စိကွယ်နေတယ်"
"ဒီတော့ မျက်စိမြင်တဲ့ ရသေ့ကပြောတယ်။ ကိုယ်တော့်မှာတော့ ကောင်းတယ်ဗျာ၊ မျက်စိအလင်းကွယ်နေတော့ ကျောင်းကို ဘယ်သူလာလာ ကိလေသာမဖြစ်တော့ဘူးဗျ၊ တပည့်တော်မှာတော့ ကျောင်းကို ရွာသူလေးတွေလာတိုင်း မြင်ရတွေ့ရနဲ့ ရာဂတွေဖြစ်လိုက်တာတဲ့"
"ဒီတော့ မျက်မမြင်ကိုယ်တော် ပြန်ပြောတာက၊ အဲလိုချည်းလဲ တရားသေမမှတ်လေနဲ့ကိုယ်တော်၊ ကိုယ်တော့်မှာ ကျောင်းထဲကို ဒကာမလေးတွေလာမှ မြင်ရပြီးရာဂဖြစ်တာ၊ တပည့်တော်မှာ ခြေသံရှပ်ရှပ်ကြားတိုင်း အကုန် ဒကာမလေးတွေချည်းမှတ်နေမိတာဘုရာ့ တဲ့ဟေ့"
"ဟား ဟား ဟားဟား"
သူတို့ စစ်သားဘဝ ရှေ့တန်းထွက်ရ၊ စစ်ဆင်ရေးတွေလုပ်ရနဲ့ ကြမ်းခဲ့မှာပေါ့။ ဒီတော့ကာ တောထဲတောင်ထဲမယ် ရသာတဲ့အခါ အရက်ကလေးသောက်လိုက်၊ မရသာလို့ ငတ်တဲ့အခါမလည်း ဒီလို ပါးစပ်ဟာသလေးတွေပြောပြီး စိတ်ဖြေကြတယ်ထင်ပါရဲ့။ သူတို့အဲဒီတုန်းက ညညဆိုပြောပြတဲ့ ဟာသတွေ၊ သူတို့ဘဝကြောင်းတွေ အများကြီးဗျ။
ဒီအထဲမယ် ကျွန်တော် စွဲနစ်စိတ်ထင်ရှိနေတဲ့ စကားလေးတစ်ခုက
ဒီအထဲမယ် ကျွန်တော် စွဲနစ်စိတ်ထင်ရှိနေတဲ့ စကားလေးတစ်ခုက
"မိန်းမများ မမြင်ရတာကြာတော့မောင်ရေ ခပ်ဝေးဝေးက အဝတ်စလေလွင့်နေတာကိုတောင် အထက်ဆင်မှတ်ပြီးတော့ လှနေတော့တာဗျ" တဲ့။
ဟုတ်လည်း ဟုတ်မှာပါလေ။ ကိုယ်ဆိုလည်း သူတို့နေရာရောက် သူတို့ထက်ပိုဆိုးဖို့သာ ရှိတာကို ကိုယ်ချင်းစာနိုင်ပါရဲ့။ ဒါကြောင့်လည်း စစ်သားလေးခွင့်ရလို့ အိမ်ကိုပြန်တော့ မိန်းမအခန်းထဲ ဒိုင်ဗင်ထိုးဝင်တယ် ဆိုမဟုတ်လား။ ကိစ္စ ဝိစ္စတွေပြီးတော့ မယားဖြစ်သူက"ကိုရယ် ရှေ့တန်းထွက်ရ ငတ်တယ်သာပြောတယ်၊ အခု ပိုဝလာသလားလို့လေ၊ ဝိတ်လည်း တော်တော် တက်လာတယ်ထင်တယ်နော်၊ ကျုပ်အောက်ကနေရတာ အခါတိုင်းထက် ပိုလေးသလိုပဲတော့" ဆိုမှ ပါလာတဲ့ ကျောပိုးအိတ် မချွတ်ရသေးမှန်း သတိရတယ်ဆိုပဲ။
"တစ်စုလူရှင်၊ အထင်ထင်ဘိ၊ ဘယ်တွင်မလပ်၊ လှေချင်းကျပ်၍၊ ကမ်းရပ်မှီတွဲ၊ ဆိုဆဲမနာ၊ ညစာဝေးလံ၊ မြစ်ယံကမ်းမှေး၊ ရွှံ့စေးထူအပ်၊ မြေလပ်ကုန်ခင်၊ မမြင်မြောက်တောင်၊ ညဉ့်မှောင်ရီနက်၊ ဗိုလ်ရဲမက်တို့။ စိတ်စက်ကွဲပြို၊ ရှိသည်ကိုလည်း၊ တိမ်ညိုရှက်စေ့၊ မိုးလုံးစေ့၍၊ ညဉ့်နေ့မစဲ၊ ဖြန့်ကြဲဆွတ်ရွှမ်း၊ အလွမ်းရှိဟောင်း၊ အချမ်းလောင်းခဲ့၊ သိန်းသောင်းလူမျိုး၊ မရွှင်ညှိုးသည်၊ အောက်မိုးအောက်လေ ပီတော့၏။" ဆိုတဲ့ စစ်သားစာဆိုရှင် စိန္တကျော်သူ ဦးဩရဲ့ လှေတပ်သား အလွမ်းဖွဲ့စာလေးကိုကြည့်ရင် စစ်သားဘဝဆိုတာ အဲဒီတုန်းက ကတည်းက ဆင်းရဲပင်ပန်းခဲ့ရသလို၊ စစ်သားဟူသည် ထိုစဉ်ကတည်းက နေရသောအခြေ၊ မြင်ရသောမြင်ကွင်းတွေအရ အိမ်ကမယားကို အလိုလိုလွမ်းမိနေတတ်သူ လူတစ်မျိုးပါတကား။
တပ်ကြပ်ဟောင်းကြီးပြောသည့်
"မိန်းမများ မမြင်ရတာကြာတော့ အထက်ဆင်မြင်ရရင်တောင် မျက်စိထဲလှလာတယ်" ဆိုတာ မလွန်ပါပေ။
ကမ္ဘာ့သမိုင်းမှာ မိန်းမကြောင့် စစ်ဖြစ်ဖူးတာတွေရှိသလို၊ မြန်မာ့သမိုင်းမှာ မိန်းမကြောင့် စစ်အောင်ဖူးတာလည်း ရှိသတဲ့။ အကျော်အမော် နောင်ရိုးတိုက်ပွဲရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာပေါ့။ သူ့အရှင်ဟာ မင်းတရားတပင်ရွှေထီး။ သည်စဉ်တုန်းမှာ သူတို့နဲ့ စစ်ဖက်ပြုနေတာက ပြည်ဘုရင်။
မျက်စိထဲမြင်ကြည့်ပေါ့စာရှုသူခင်ဗျာ။ ဧရာဝတီမြစ်ကြီးရှိမယ်။ မြစ်တစ်ဖက်ကမ်းမှာ ပြည်မြို့နဲ့ပြည်ဘုရင့်တပ်ရှိမယ်။ အဲဒီ အောက်နားမှာတော့ သူတို့ကို လာတိုက်တဲ့ ဘုရင့်နောင်ရဲ့တပ်စခန်း။ နောက် ဘုရင့်နောင်ရဲ့တပ်တွေ စားတဲချရာ ဧရာဝတီမြစ်လယ်က အင်ပျောကျွန်း။
ပြည်ဘုရင့်တပ်တွေဟာ အားကြီးတယ်။ ပထဝီဝင်အနေအထားအရလည်း ဘုရင့်နောင်ဟာ ပြည်ရေတပ်ကိုတိုက်မယ်ဆို ရေဆန်တက်တိုက်ရမယ်။ ဒီတော့ အဖက်ဖက်မှာ ကိုယ့်ဘက်ကနိမ့်နေတဲ့အခြေပေါ့။ ဒီတော့ကာ စစ်ပြန်ဆုတ်မယ်လုပ်ရအောင်ကလည်း ပါသမျှဖောင်ကိုဖျက်ပြီးတောင် တိုက်ခဲ့ဖူးတဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာမို့လား။ တပ်ဆုတ်ဖို့ဆိုတာ တွေးလို့မှမရ။ နို့… ပထဝီအနေအထားအရပါ အဖက်ဖက်က သာတဲ့ ပြည်ဘုရင့်တပ်တွေကို ဘယ့်နှယ်တိုက်မတဲ့တုန်း။
စာရှုသူခင်ဗျာ။ ကျွန်တော်ဟာ စစ်သားမဟုတ်လို့ သေနင်္ဂဗျူဟာတွေကို မသိပါ။ ထို့အတူ သူတို့ခေတ်တုန်းက စစ်ဘယ်လိုတိုက်တယ်ဆိုတာ စာရှုသူလည်း ရုတ်တရက်သော် တွေးကြည့်ဖို့ခက်မယ့်အတူတူ ပြည်ဘုရင့်တပ်ကို ဘယ်လိုတိုက်မယ့်အရေး ကျော်ထင်နော်ရထာ သူ့ဟာသူ တွေးပစေလို့ သူ့ကို ခေတ္တခဏ ပစ်ထားလို့၊ ကျွန်တော်တို့ရဲ့ ယခုဝတ္ထုအား ပြောလိုရင်းဖြစ်သူ သူ့မယား သခင်ကြီးဘက် လှည့်ကြပါဦးစို့။ သခင်ကြီးဆိုတာ ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ တစ်ဦးသော ချစ်ဇနီးပေါ့။
ဇနီးသည်ဆိုတော့လည်း မိန်းမတို့သဘာဝ စစ်ဖြစ်နေတာတွေ၊ ကိုယ့်ယောက်ျားစိတ်ညစ်တာတွေ ဘယ်ထည့်တွေးတတ်ရှာမလဲ။ မောင်တော်ရယ် ဆောင်တော်လေးမှ မကူးဘူးလို့ ကြာခြည်ခန်းကနေ စာတော်လှမ်းတော့တာကိုး။ သို့သော် စစ်တို့ရဲ့ သဘောမှာ အသက်အပြင် သိက္ခာကိုပါ ရင်းထားရတာမို့ ဘုရင့်နောင်မှာ အိမ်ကိုသာရောက်တယ်၊ စစ်ရေးစစ်ရာတွေတွေးလို့ အပူမိပြီး၊ ကြာခြည်ခန်းလေးမှ မဝင်နိုင်ဘဲ အပြင်မှာသာ စစ်မြေပုံကို စိုက်စိုက်ရှုနေဆိုရဲ့။
"မောင်တော်ဘုရား သခင်ကြီးကို ကယ်ပါ့ဘုရား"
ကြာခြည်ခန်းထဲက သခင်ကြီးရဲ့ စူးစူးဝါးဝါး အော်သံကြားချိန် ဘုရင့်နောင်ကျော်ထင်လည်း သူ့မယားအလှ ဒုက္ခတွေ့ပြီရယ်လို့ ကြည့်နေတဲ့ စစ်မြေပုံတွေချပြီး အခန်းထဲပြေးအဝင်၊ အခန်းဝမှာ တစ်ခုခုနဲ့ သူ့ခြေထောက်ငြိပြီး ငိုက်ခနဲ့လဲတော့ သခင်ကြီးဟာ သူ့ကို ဆီးလို့ပွေ့သတဲ့။
"ဒါ နောက်ရမယ့်အချိန်မဟုတ်ဘူး ခင်ခင်"
"နောက်တာ မဟုတ်ရပါ မောင်တော်ဘုရား၊ ခင်ခင့်ဇောနဲ့ မောင်တော်ဒီအခန်းထဲဝင်လာတော့ အခန်းဝအောက်နားမှာ ခင်ခင်တားထားတဲ့ အဝတ်စ မောင်တော်မမြင်မို့လား"
"မမြင်ပါ၊ မမြင်လို့ ခလုတ်တိုက်လဲတာပေါ့"
အဲဒီမှာ ခင်ခင်ကြီးက ပြုံးလို့
"ဒီလိုတွေးပါမောင်တော် ပြည်ဘုရင့်တပ်ဟာ မောင်မောင်ဆိုပါတော့၊ ဒါဆို ခင်ခင်ဟာ အင်ပျောကျွန်းမှာ တပ်ဆွဲထားတဲ့ မောင်မောင့်တပ်ပေါ့။ ဒီတော့ အခု ခင်ခင်ပရိယာယ်ဆင်လိုက်သလိုသာ…"
ဒီနေရာမှာ စောစောက ကျွန်တော်တို့ ခေတ္တခဏ ပစ်ထားခဲ့ကြတဲ့ မြစ်အောက်နားက ဘုရင့်နောင်နဲ့ မြစ်ညာဘက်က ပြည်ဘုရင်စစ်တိုက်ခန်းကို ပြန်ကောက်ရရင်၊ ဘုရင့်နောင်ဟာ သူ့မယားပြောမှ အကြံရပြီး စစ်လှေနှစ်စင်းလောက်နဲ့ ညဉ့်နက်သန်းခေါင် ရေဆန်တက်လို့ စစ်ရေးကိုဆင်။ ပြည်ဘုရင့်တပ်တွေ အကုန်ထွက်လိုက်ချိန်ကျ အောက်ပြန်စုန်ပြေးခဲ့တာပေါ့။ သူတို့တပ်တွေစခန်းချတဲ့ အင်ပျောကျွန်းအောက်နားထိလည်း ပြည်ကတပ်တွေစစ်ကျွံလာရော ထွက်ပြေးချင်ဟန်ဆောင်တဲ့ စစ်လှေနှစ်စင်းရယ်၊ အင်ပျောကျွန်းက လှေတပ်တစ်တပ်လုံးရယ်က ထွက်ကာ ညှပ်တိုက်တော့ အင်အားကြီးလှပါတဲ့ ပြည်ဘုရင့်တပ်ဟာ ကျပါရောလား။
သခင်ကြီးပေးတဲ့ ကြာခြည်ဆောင် စစ်ဆင်နည်းပေါ့။ ဒီနည်းကို သခင်ကြီးဟာ ဘုရင့်နောင်အလာကို သလွန်ပေါ်က မသက်မသာစောင့်ရင်း တွေးလိုက်တာပေါ့။ နောက်တော့ စစ်အောင်တဲ့နေ့မှာ ခင်ခင်ကြီးဟာ-
"ရွှေသလွန်ပေါ်၊ စက်တော်ခေါ်၍၊ ပျော်လုလုတွင်၊ အိမ်ရှေ့ရှင်သည်၊ သက်တင်ရောင်ရဲ၊ လက်ယှက်တွဲသား၊ ဝတ်လဲတစ်ပိုင်း၊ ခြုံကာသိုင်းလျက်၊ တိမ်ဆိုင်းလျှံပြောင်၊ မယ်တော့်ဆောင်က၊ ညိုရောင်စိမ်းလဲ့၊ ကူးကြွခဲ့မှ၊ မင်းငဲ့စက်ခွင်၊ သုတ်သုတ်ဝင်၍၊ ရွှေစင်ရတနာ၊ လျောင်းလှည့်ရာမှာ၊ အသားတစောင်း၊ ရွှေလက်မောင်းကို၊ ပျောင်းပျောင်းနွဲ့နွဲ့၊ မှီကတွဲ့လျက်၊ ယဲ့ယဲ့နီစင်၊ ခန်းလုံးရွှင်သည်၊ ပန်းရင်ဝတ်တွင်း၊ လက်တော်သွင်း၍၊ မြဆင်းရှက်ဖြာ၊ ကြောစိမ်းမွှာလျက်၊ လက်ယာရစ်စု၊ မွေးရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ၊ အိမွမွကို၊ ခွက်ဝပန်းရည်၊ ဆုပ်နယ်နှယ်သို့၊ လှည့်လည်ထပ်ထပ်၊ သုံးသပ်၍ပြီး၊ နီလာသီးကို၊ မပြီးဖန်ဖန်၊ ကစားပြန်သော်၊ အလွန်ယားလှ၊ ကြက်သီးထ၍၊ ကြွပါ့ထပ်တင်၊ လျှောက်ပါလျင်လည်း" ဆိုတဲ့ ဦးယာရဲ့ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီချစ်ခန်းမျိုးကို တောင်းသေးသလားဆိုတာတော့ စာထဲမှာ မဖော်ပြလို့ ယခုစာရေးသူက မသိတတ်ပြီ။
သို့သော် တစ်ချိန်မှာ ဘုရင်ဖြစ်မည့် ဘုရင့်နောင်ကျော်ထင်ကို စစ်ဗျူဟာပေးခအတွက် သခင်ကြီးတောင်းတဲ့ဆုက ကြီးလှသည်။ သာမန်ယောက်ျားတို့ ပေးရခက်ခဲလှဘိသည်။ တစ်နည်းအားဖြင့် ထိုဆုသည် မိန်းမတကာတို့တောင်းသမျှတွင် မိန်းမအဆန်ဆုံး တောင်းဆုပင်ဖြစ်ပါသတည်း။ စစ်သားကြီးအရှင် ဘုရင့်နောင်ကျော်ထင်ကို မယားတကာ့အမွန် ခင်အကျွန်တောင်းတဲ့ဆုကား
"ဇမ္ဗူဒီပါ မြေအပြင်ဝယ် သခင်ကြီးတစ်ပါးတည်းကိုသာ ချစ်မြတ်နိုးတော်မူစေချင်သည်" ဟူသတတ်။ ဪ… အင်မတန် မိန်းမဆန်သော ဆုတောင်းပါပေ။
အဘယ်မျှပင် စစ်သားနဲ့နီးနီး မိန်းမသည် မိန်းမသာပင်။ အဘယ်မျှပင် မိန်းမနဲ့ လက်ပွန်းတတီးရှိစေ စစ်သားကား စစ်သားသာပင်။ တေးရေးသောင်းတင်ဌေးရေး၍ ကွယ်လွန်သူတေးသံရှင် တွံ့တေးသိန်းတန်သီဆိုသွားဖူးသော "စစ်ပွဲတစ်ရာနွဲလိုက်ချင်ရဲ့ အချစ်တစ်ပွဲတော့ မနွှဲချင်တော့ဘူးကွယ်" ဆိုသည့် သီချင်းစာသားလေးလိုပင် စစ်သားတွေမှာ ကြမ်းသမျှ ဘဝလမ်းခရာတောမှာ ဘယ်မျှ အသည်းမာသည်ဆိုဆို မိန်းမနှင့်ပက်သက်သော အချစ်မြေပြင်မှာတော့ မကျွမ်းကျင်ရာနယ်မို့ ခံလိုက်ရတာတွေလည်း အများ။
ဒီလိုပြောတော့ လွတ်လပ်ပြီးစခေတ်မှာ ကရင်တွေသူပုန်ထတော့ ရန်ကုန်အစိုးရရယ်လို့ တင်စားကြတဲ့ကာလ၊ ခေတ်အရ စစ်သားဖြစ်ခဲ့သူ စာရေးဆရာ ရန်ကုန်ဘဆွေ၏ သံခမောက်စိမ်းတပ်ခွဲမှ အညတရ စစ်သားလေးအကြောင်း သတိရမိပြန်သည်။
၁၉၅၇ ခုနှစ်မှာတော့ မြန်မာပြည်အနောက်ဖျား နာဂခရိုင်ထဲရောက်သွားပြီဖြစ်တဲ့ သူ့သံခမောက်စိမ်းတပ်ခွဲလေးထံကို အဲဒီအချိန် တပ်ကထွက်ပြီးဖြစ်တဲ့ စာရေးဆရာရန်ကုန်ဘဆွေဟာ အလွမ်းပြေသွားကြည့်ဖို့ အကြောင်းပေါ်လာတော့ နည်းနည်းလေးသာ ကျန်တော့တဲ့ သူ့လူဟောင်း တပ်သားတွေဟာ ငတ်နေတဲ့ကြားက စီးကရက်ဘူးတွေ ရအောင်ဖန်ပြီး သူတို့ဗိုလ်ကြီး(ဟောင်း)ကို သောင်းသောင်းဖြဖြကြိုရှာ သတဲ့လေ။
အိုးချင်ထား အိုးချင်ထိ၊ ကြိုးချင်းထား ကြိုးချင်းငြိသလို၊ စစ်သားကို နာဂနဲ့ထားတော့ နာဂမလေးတွေနဲ့ ညားကုန်တော့တာပေါ့။ သို့သော် ခမျာတွေမှာ အနေအစား ငတ်ပြတ်ကြရှာပါတယ်။
"ဗိုလ်ကြီးရာ နာဂနယ်ပြောင်းရမယ်ဆိုတုန်းကတော့ ရင်သားဟင်းလင်း ဗလာကျင်းထားတဲ့ နာဂမလေးတွေ မြင်ရမယ်ဆိုတော့ ကျုပ်တို့ပျော်တာပေါ့" တဲ့။
"နောက်တော့မှသာ တဖြည်းဖြည်း အမြင်ရိုးလာပြီး မြင်ရမှာတောင်စိတ်ပျက်လို့ မမြင်အောင်ဖုံးထားဖို့ အဝတ်စလေးတွေ ရတတ်သမျှ ရှာပေးရတယ်" ဆိုပဲ။
နာဂမလေးတွေဟာ သဘောလည်း ကောင်းသတဲ့။ သူတို့ ရင်သားတင်းတင်းလေးတွေကို လှအောင်ပအောင် ဝက်ဆီသုတ်ပြီး အလှပြင်လေ့ရှိသတဲ့။ စစ်သားတွေက ပိုးကြေးပန်းကြေးပေးတဲ့အနေနဲ့ ဇာဘော်လီတွေဘာတွေ ဆင်လိုက်တဲ့အခါ နာဂသူလေးတွေ တော်တော်လှဆိုပဲ။ (စစ်သားမျက်စိကိုးဗျ။)
လှတာတင်လား။ သူတို့တွေ စစ်သားနဲ့ညားလို့ စစ်သားမယားဖြစ်တော့လည်း သဘောကောင်းကြရှာသတဲ့။ ငတ်လို့လည်း မညည်း။ ဟင်းမရှိလည်း ဖြစ်သလိုနေတတ် စားတတ်သတဲ့လေ။ ယောက်ျားက လစာ တစ်ဆယ်အပ်ရင် မွှေးမွှေးပေးသတဲ့။ ငါးကျပ်ပဲ အပ်ရင်လည်း မငြူစူပဲ မွှေးမွှေးပေးတာပဲတဲ့။
ဗိုလ်ကြီးရန်ကုန်ဘဆွေလာတော့ ပါးရိုးငေါငေါနဲ့ ပိန်လှီလှီစစ်သားလေးတစ်ယောက်ဟာ
"ကျွန်တော် ဒီတပ်ကပြောင်းချင်တယ် ဗိုလ်ကြီး၊ ဒါမှမဟုတ် တပ်ကထွက်ချင်တယ်၊ အဲဒါ ဗိုလ်ကြီးတတ်နိုင်ရင် လုပ်ပေးပါ" လို့ မှုန်တေတေပြောသတဲ့။
သူဟာ နာဂနယ်မှာ အသည်းကွဲခဲ့သူ စစ်သားလေးပေါ့။ သူ့ချစ်သူဟာ ဆော်လော်နာဂမလေး တဲ့။ နာမည်လေးက မာလွေ။ မာလွေဟာ နာမည်လေးလှသလို လူကလေးလည်း လှသတဲ့။ တစ်တပ်လုံးက သူ့ဝိုင်းကြိုက်တာတောင် မာလွေဟာ သူမှသူ သူ့ကိုပဲ ကြွေသတဲ့လေ။ ဒီလိုနဲ့ ဇာတ်ပေါင်းတော့ မာလွေဆိုတဲ့ နာဂမလေးဟာ ဒီစစ်သားနဲ့ ညားတယ်။
မာလွေက စစ်သားလေးကိုချစ်တယ်။ စစ်သားလေးကလည်း မာလွေ့ကိုချစ်လိုက်တာ စာလည်း သင်ပေးသတဲ့။ တပ်ထဲမှာ အိမ်ဆိုင်လေး ဖွင့်ပေးသတဲ့။ စက်တစ်လုံးဝယ်ပေးပြီး စက်ချုပ်တတ်အောင်လည်း သင်ပေးသတဲ့။ နောက်တော့ သိုးမွေးဆွယ်တာ ဘာညာထိုးတာလည်း မာလွေဟာ တတ်သွားသတဲ့။ မာလွေဟာ အတော့်ကို မွန်မွန်ရည်ရည်နဲ့ လူရည်လည်လာတာပေါ့။
ဘဝခရီးသည် ဤအတိုင်း ပြီးသွားသော် သူတို့တွေညားကြလေသတည်းရဲ့ နောက်မှာ မာလွေဟာ လူရည်ပါလည်လာတော့ ပျော်စရာအတိပေါ့။ သို့သော်။ ထိုသို့သော်ကား ဤစာထဲမှာ ကျွန်တော်ရေးပြခဲ့သော အဘယ်မျှပင် စစ်သားနဲ့နီးနီး မိန်းမသည် မိန်းမသာပင် ဆိုတာကို သက်သေထူလေသည်။
"ညားပြီးလို့ နှစ်နှစ်လောက်အကြာမှာ လခအပ်တာ နည်းတယ်ရယ်လို့ မာလွေက ဆူတော့တာပဲ ဗိုလ်ကြီး"
"နောက်တော့ လူချင်းအတူတူ သူများလို ဗိုလ်ဖြစ်အောင် မလုပ်တတ်ရကောင်းလားလို့ မာလွေက ပွက်လာတယ်"
ဪ… အဲဒီအချိန် မာလွေဟာ တပ်ထဲမှာ အတော်ပဲလူဝင်ဆံ့လို့ ဗိုလ်လေးတွေ ဗိုလ်ကြီးတွေအိမ် ဝင်ထွက်သွားလာဖူးပြီကိုး။ သို့သော်…။ ယခုသို့သော်ကား အဘယ်မျှပင် မိန်းမနဲ့ လက်ပွန်းတတီးရှိစေ စစ်သားကား စစ်သားသာပင်ဆိုသော ဝါကျကို သက်သေထူသည်။ စစ်သားလေးသည် ဘယ်တော့မှ ဗိုလ်လေး ဗိုလ်ကြီးဖြစ်မလာ။ ထိုသောအခါ
"ငါ့ဟာငါ လုပ်စားရင်တောင် အခုထက်သာအောင် နေနိုင်တယ်" ဆိုပြီး နာဂမလေး မာလွေဟာ စစ်သားလေးကို ထားလို့ ထွက်သွားရောတဲ့။
အဲဒီတော့ စစ်သားလေးဟာ ရှက်တယ်။ ဘာလို့ရှက်ဆို နာဂမကပစ်သွားတာကိုတောင် ခံရတာမို့တဲ့။ တစ်တပ်လုံးမှာ နာဂမက ပစ်သွားတဲ့ စစ်သားဆိုလို့ သူပဲရှိတာလေ။ ပြောခဲ့ပါပကော။ နာဂမလေးတွေဆိုတာ အဝတ်မဝတ်တဲ့ ရင်သားဟင်းလင်းဘဝကနေ ဇာဘော်လီဆင်ပေးတဲ့ သူ့တို့လင်သားကို ကျေးဇူးတင်တယ်လို့။ လစဉ်မှန်မှန် ပိုက်ဆံအပ်တဲ့ စစ်သားမောင်တွေကို ကြူကြူမွှေးပေးတယ်လို့။
အဲဒီမှာ သံခမောက်စိမ်းတပ်က စစ်သားတွေပြန်ပြောတဲ့စကားကို ဆရာရန်ကုန်ဘဆွေရေးပြသလို ပြန်ပြောရသော်
"မတူဘူးဗိုလ်ကြီး ဟိုကောင်က အသင်အပြကောင်းတဲ့ ဆရာကြီးဆိုတော့ ဟိုနာဂမက စာလည်းတတ်သွားတယ်၊ ဈေးတွေဘာတွေလည်း ရောင်းတတ်သွားတယ်၊ စက်တွေဘာတွေလည်း ချုပ်တတ်သွားတယ်၊ သိုးမွေးဆွယ်တာတွေထိုးပြီး ဗိုလ်ကြီးတွေအိမ် လက်ဆောင်သွားသွားပေးတော့ ဗိုလ်ကြီးတွေကလည်း မာလွေ…မာလွေနဲ့ ဖြစ်လာရော"
"အဲဒီတော့ မာလွေက သူ့အကောင်ကို တဖြည်းဖြည်း အထင်သေးလာရာက အဲဒီလိုဖြစ်သွားတာပဲ၊ ကျွန်တော်တို့ နာဂမတွေကတော့ အခုထိ ငွေတစ်ဆယ်ကို အကြွေတွေချည်း ပေးလိုက်ရင် တစ်နာရီလောက်ကြာအောင် ရေနေကြတုန်းရှိသေးတယ်။ အဲဒီတော့ မတူဘူးပေါ့ ဗိုလ်ကြီးရာ" တဲ့။
ဪ… လောကသဘောမှာ စစ်သားသည် စစ်သား၊ မယားသည် မယား၊ သူ့တို့စရိုက် တစ်ဘာသာစီပင်။
ဒါကြောင့်ပင် "မယားဟူသည်၊ သက်တူကျွမ်းဝင်၊ သဘောစင်က၊ လူတွင်မိတ်ချစ်၊ ဆွေရင်းဖြစ်" တတ်သလို၊ "အပြစ်တမူ၊ အမျက်ယူက၊ ရန်သူကြီးဖြစ်၊ သေမင်းစစ်" တယ်လို့ မဃဒေဝကတောင် ဆိုဖူးရဲ့မဟုတ်လား။
အဘယ်မျှပင် စစ်သားနဲ့နီးနီး မိန်းမသည် မိန်းမသာပင်။ ထို့အတူ အဘယ်မျှပင် မိန်းမနဲ့ လက်ပွန်းတတီးရှိစေ စစ်သားကား စစ်သားသာပင်။
အောင်မျိုးသူလွင်
၂၃၊၀၇၊၂၀၁၇
တနင်္ဂနွေ
နေ့လယ် ၀၂း၃၉
စာကိုး။ ။ (၁) ရန်ကုန်ဘဆွေ၊ မိန်းမဟူသည် (မြဝတီမဂ္ဂဇင်း၊ အတွဲ ၆၊ အမှတ် ၆၊ ဧပြီလ၊ ၁၉၅၈။
(၂) ဆရာဇော်ဂျီ ၊ အချစ်နှင့်စစ်ပွဲ
(၃)မဟာသုတကာရီမဃဒေဝလင်္ကာသစ်