Aungmyothu Lwin

Aungmyothu Lwin
Facebook

Tuesday, January 31, 2017

ထရိုဂျန်မြင်းတွေနဲ့ ခပ်ဝါးဝါးပြည်

ဟိုတုန်းအခါကတော့ ဆရာကြီး ဦးလွန်း(သခင်ကိုယ်တော်မှိုင်း)၊ ဗိုလ်ချုပ်အောင်ဆန်း စသူများသည် နာမည်ကျော် အမျိုးသားရေး သမားများ ဖြစ်ကြသည်။ ကျွန်တော်တို့ငယ်စဉ်က သင်ခဲ့ရသော သမိုင်းသင်ခန်းစာမှာတော့ "ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ" စသည့် အမျိုးသားရေးနိုးကြားဖွယ် ကြွေးကျော်သံများအကြောင်း သင်ကြားခဲ့ရသည်။

အခုနေတော့ မိမိကိုယ်ကို အမျိုးသားရေးစိတ်ဓာတ် ကိန်းသူတစ်ယောက်ဖြစ်ကြောင်း လူသိရှင်ကြားပြောဖို့ကား တာဇံတစ်ကောင် မြို့ထဲဝင်လာသလို အကြည့်ခံနိုင်လျှင်တော့ ဖြစ်နိုင်မည်ထင်ပါသည်။ ခေတ်ပေါ် လစ်ဘရယ်ဝါဒ မြက်ရိုင်းပင်တို့ ကြီးထွားသော တစ်ခေတ်မှာ၊ အမျိုးသားရေး သစ်ငုတ်တိုကြီးသည် နိမ့်ပါးသယောင် ပျောက်ကွယ်မလိုလို ဖြစ်နေရသော သမယကြီးပါတည်း။ သို့သော် တိုင်းပြည် နိုင်ငံတိုင်းမှာ ဆိုင်ရာ အမျိုးသားရေးဝါဒကား ရှိသည်ပင်။ မည်သည့်ဝါဒကို ဖွံဖြိုးစည်ပင်အောင် ပြုသည်ဖြစ်စေ အမျိုးသားရေးအသိကို အနှစ်ထား၍ မိမိတို့လိုရာ ဝါဒကို အကိုင်းအခက်စည်ပင်စေသောသဘော ပြုမှ တိုင်းပြည်တစ်ပြည် သာယာဖို့ဖြစ်ပေမည်။ သို့မဟုတ်ပါက ရန်သူပါသော မြင်းရုပ်ကြီးကို မိမိတို့မြို့တွင်း သယ်ယူသွင်းမိသည့် ကမ္ဘာ့သမိုင်းထဲမှ ထရွိုင်းမြို့သားများလို ပျက်စီးဖို့သာ ဖြစ်ပါလိမ့်မည်။

အမျိုးသားရေးဟူသည် အဘယ်နည်း။ နိုင်ငံရေးဟူသည် အဘယ်နည်း။ ခေတ်လူတို့၏ ခေတ်စကားများဖြင့် ကိုယ်တိုင်ပင် ကောင်းကောင်းနားမရှင်းသည်တို့ကို စာပြုကာ မိမိကိုယ်ကို စာရှုသူထက် များစွာ တန်းမြင့်နေသယောင် ရေးသော အရေးအသားမျိုးကို ကျွန်တော်မမြတ်နိုးပါ။ ကျွန်တော်သည်လည်း စာရှုသူများလို စာပေကို ချစ်မြတ်နိုး၍ နေ့စဉ်စာတစ်ခုခု ဖတ်နေမိတတ်သော စာစွဲသူတစ်ဦးပါတည်း။ အနို့ဆိုလျှင် ကျွန်တော်ဖတ်မှတ်သိရှိခဲ့ရသော စာပေများထဲမှ ကျွန်တော်မြင်မိရာရာ အတုယူဖွယ် စိတ်ဓာတ်လေးများကို ယခုအခါ ကျွန်တော့်ရှုထောင့်မှ ပြဆိုကြည့်ပါမည်။ စာရှုသူက သဘောကျသော် ယူပါ။

၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အင်္ဂလန် ဘီဘီစီမှာ လေးနှစ်ကြာ အမှုထမ်းခဲ့သော စာရေးဆရာတင့်တယ်မှာ အင်္ဂလိပ်မ တစ်ယောက်နှင့် ညားခဲ့သည်။ အတိုချုပ်ရသော် ထိုမိန်းမအား ဆရာတင့်တယ်က မြန်မာပြည်ကိုခေါ်လိုသည်။ ထို့အတွက် ထိုအချိန် ဝန်ကြီးချုပ်ဦးနုကိုယ်စား ခေတ္တဝန်ကြီးချုပ်ဖြစ်နေသော ကာကွယ်ရေးဝန်ကြီး ဦးဘဆွေနှင့် ခင်မင်ရင်းနှီးသူလည်းဖြစ်၊ သူ့ရေးဖော်ရေးဖက်လည်း ဖြစ်သော စာရေးဆရာသော်တာဆွေကို သူ့အင်္ဂလန်က မိန်းမအား မြန်မာပြည်ခေါ်ခွင့်ရရေး ခွင့်ပြုချက်အတွက် အကူအညီတောင်းစေခဲ့သည်။ ထိုကိစ္စအောင်မြင်ခဲ့သော် ဘီဘီစီပြန် သူဋ္ဌေးကလေးတင့်တယ်က၊ မြန်မာပြည်စာရေးဆရာ ငမွဲ သော်တာဆွေကို (၁၉၅၃ ခုနှစ်လောက်က ပိုက်ဆံ) ငါးထောင်တိတိ ချီးမြှင့်မတဲ့။ ပေါ့ပေါ့ပါးပါးနှင့် အကျိုးဆောင်ရင်း ရမည့် ငွေငါးထောင်ဟာ မက်စရာပေါ့ခဗျာ။

ကာကွယ်ရေးဝန်ကြီးနှင့် စာရေးဆရာတို့တွေ့ကြသည်။ လူခင်ချင်းမို့ လိုရင်းကိစ္စကို တင်ပြသော် ဦးဘဆွေက-

"ဪ ဗီဇာရဖို့လား၊ ဒါ ငါလုပ်ပေးနိုင်ပါတယ် ကွ"

"ဒါပေမယ့် တင့်တယ်မိန်းမကို ဗီဇာပေးသင့် မပေးသင့် မင်းနဲ့ငါနဲ့ ဆွေးနွေးမယ်၊ ငါက နိုင်ငံရေးသမား၊ မင်းက စာရေးဆရာ၊ အခုငါပြောတာတွေ မင်းနားထောင်ပြီးတဲ့အခါ၊ မင်းအနေနဲ့ တင့်တယ်မိန်းမကို ဗီဇာပေးသင့်သေးတယ် အထင်ရှိရင် ငါချက်ချင်းပဲ ဆောင်ရွက်ပေးလိုက်ပါ့မယ်"

"ဒီမယ်ကွ သော်တာဆွေရ၊ ဘိလပ်သားတွေ မြန်မာပြည်မှာနေတော့ မြန်မာမိန်းမတွေ မယူကြလား"

"အေး နို့ပြီး၊ သူတို့ ဘိလပ်ကိုပြန်တော့ မြန်မာမိန်းမတွေ ခေါ်သွားတယ်များ မင်းကြားမိသလားကွ"

"နို့ တရုတ် ကုလားတွေရော မြန်မာမတွေ ယူတာပဲကွာ၊ သူတို့ပြည်ကြီးပြန်တော့ မြန်မာမတွေ ခေါ်သွားတယ်များ ရှိလို့လား"

"ယုတ်စွအဆုံးကွာ၊ သူတို့တွေ ကိုယ်ဌာနေမိန်းမနဲ့ညားပြီးမွေးတဲ့ ကလေးများကိုသော်မှ သူတို့ပြည်ပြန်တော့ ခေါ်သွားတယ်ရှိလို့လား"

"ကဲ အဲဒါဘာလို့တုန်း၊ ကိုယ့်သားသမီး၊ ကိုယ့်မယားကို မချစ်လို့တော့ ဘယ်ဟုတ်မတုန်း၊ အဲဒါနိုင်ငံရေးပဲကွ"

"ဒီမယ် သော်တာဆွေရ၊ ငါတို့တိုင်းပြည်ဟာ ကျွန်သပေါက်ဘဝရောက်ခဲ့လို့ လူမျိုးခြားတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက် နေချင်သလို နေခဲ့ကြတာကို ခံခဲ့ရတယ်၊ အခု တို့ လွတ်လပ်ရေး ရပြီမို့ ဒီကိစ္စတွေကို တို့အဖတ်ဆယ်ရမယ်"

"လူမျိုးခြားတွေ တို့တိုင်းပြည်ရောက်လာတယ်ဆိုရင် တို့လူမျိုးတွေရဲ့ လုပ်စာကိုစားပြီး တို့တိုင်းပြည်ရဲ့ နေရာကောင်းကောင်းတွေ နေကြတာကွ၊ သူတို့အဆင့်အတန်းက တို့လူမျိုးများထက်တောင် မြင့်နေလိုက်ကြသေးတယ်၊ အဲဒါတွေ တွေးပြီးများ မင်း အသည်းမနာဘူးလား"

"အခု တင့်တယ်ယူလာမယ့် မိန်းမက မျက်နှာဖြူ ဘိလပ်သူ၊ သူက ကလေးတွေမွေးဦးမယ်၊ မျက်နာဖြူကပြား ကကတစ်လေးတွေ၊ နောက် သူတို့ကတစ်ဆင့် နိုင်ငံခြားသား အဆက်အနွယ်တွေ ဘယ်လောက်များလာမတုန်း၊ မင်းစဉ်းစားကြည့်"

"ဟေ့ သော်တာဆွေရဲ့ တို့တိုင်းပြည်ဟာ တို့တိုင်းရင်းသား လူမျိုးတွေအတွက်သာ ဖြစ်ရမယ်ကွ၊ ဒါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ တိုင်းပြည်တိုင်းရဲ့ သဘောထားပဲ။ အခုကြည့်စမ်း ဘိလပ်သားတွေနဲ့ တရုတ် ကုလားတွေ မြန်မာမတွေယူပြီး ကပြားတွေ မွေးဖွားကြ၊ နောက် သူတို့တိုင်းပြည် ပြန်သွားကြရင်တော့ သားမယားတွေ တစ်ယောက်မှ ခေါ်မသွားကြဘူး၊ အားလုံးထားပစ်ခဲ့ကြတယ်။ သူတို့ တိုင်းပြည်အစိုးရကလည်း သူတို့ပြည်က ပစ္စည်းလာစားမယ့် ပါးစပ်ပေါက်တွေကို ခေါ်လာခွင့်မပေးဘူး၊ သူတို့ကသာစားမယ်၊ သူများပြည်က ပစ္စည်းယူမယ်"

"စဉ်းစားကြည့်ပေါ့ သော်တာဆွေရယ်၊ သူတို့လူမျိုးခြားတွေက တို့တိုင်းပြည်မှာ သူတို့သွေးနဲ့ ပေါက်ဖွားခဲ့ကြတဲ့ သားသမီးတွေတောင် ပစ်ထားခဲ့ကြသေးတာ၊ မင်းသူငယ်ချင်း တင့်တယ်က မြန်မာပြည်လာပြီး သားပေါက်မယ့် မျက်နှာဖြူမကို ခေါ်သင့်လားလို့၊ မင်းစဉ်းစား၊ မင်းက စာရေးဆရာ၊ ငါက နိုင်ငံရေးသမား၊ နှစ်ယောက်လုံး တိုင်းပြည်အတွက် သူများထက်ပိုလို့ ကြည့်ရမယ့်လူတွေ၊ အခုမင်းက ခေါ်သင့်တယ် စဉ်းစားရင်တော့ ပြော၊ ငါအခုပဲ အဲဒီ ဗီဇာအတွက် ဆောင်ရွက်ပေးဖို့ တယ်လီဖုန်းကောက်ဆက်ပေးလိုက်မယ်" တဲ့ခင်ဗျာ။

ထိုအချိန် စာရေးဆရာ သော်တာဆွေဘာလုပ်ခဲ့ပါသနည်း။ ဘီဘီစီပြန် သူဋ္ဌေးပေါက်စ တင့်တယ်ထံမှရရမည့် လိုချင်လျှက် နန့်နန့်ထိုး ထိုခေတ်ငွေ ငါးထောင်ကို မေ့ပစ်လို့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေရဲ့ ဟုမ်းလမ်းအိမ်ကြီးမှ ကျောခိုင်းထွက်ခွာခဲ့ပါတော့သတဲ့။

ဘယ်လောက်လိပ်ပြာလှတဲ့ အဖြစ်အပျက်လဲ ခင်ဗျာ။ ဒီအဖြစ်လေးဟာ စေ့စေ့တွေးလေ ကျွန်တော်တို့နိုင်ငံလို လူဦးရေဖောင်းပွတင်းကယ်နေတဲ့ နိုင်ငံတွေအကြားက တိုးတက်စနိုင်ငံငယ်လေးအတွက် အင်မတန် သတိပြုဖွယ်ပါ။ ပမာအားဖြင့် ယခင် ကျွန်ဘဝ မရောက်ခင်က ကျွန်တော်တို့နိုင်ငံမှာ (ဦးဘဆွေ၏ အခေါ်အဝေါ် အသုံးအနှုန်းအတိုင်း) တရုတ်ကုလားရယ်လို့ မရှိ။ သို့သော် ယနေ့ခေတ် နှစ်ထောင်ပြည့်နှစ်ကျော် ကာလများမှာ လွှတ်တော်အတွင်း သူတို့လူမျိုး ရာခိုင်နှုန်းဘယ်လောက် နေရာယူနိုင်လျှင် အစိုးရအဖွဲ့ကို မည်သို့ အပေးအယူလုပ် အခွင့်အရေး တောင်းဆိုနိုင်ကြောင်း၊ စသဖြင့်အထိ မိမိတို့တိုင်းပြည် အတွင်းရေးကို ဝင်ရောက်ခြယ်လှယ်ဖို့ လုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် ဗွီဒီယိုသက်သေများဖြင့် တွေ့ရသည်။

၁၉၄၆ ကာလ ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော ပြည်ထောင်စုတိုင်းရင်းသားခေါင်းဆောင်များ၏ လွတ်လပ်ရေးတိုက်ပွဲသည် အတော်ခရီးရောက်လျှက်ရှိရာ၊ ထိုအခါက ရန်ကုန်မြို့မှာ နေထိုင်ကြသော အိန္ဒိယခေါင်းဆောင်တို့သည် အထူးစိုးရိမ်ကြသည့်သဘော၊ လွတ်လပ်သော မြန်မာနိုင်ငံဟု တည်ထောင်သည့်အခါ ပဝတ္တိ(ဧည့်သည်) အိန္ဒိယတိုင်းသားများနှင့် ဇာတိ မြန်မာပြည်ဖွား တိုင်းရင်းသားတို့ သဟဇာတဖြစ်ဖို့အရေး စာပေ စာနယ်ဇင်း လမ်းကြောင်းနှင့် အထူးပင် ကြိုးပမ်းခဲ့ကြသည်ဆို၏။

ထိုစဉ်ကာလ စာရေးဆရာကြီး မောင်ထင်က ခေတ်အခြေအနေကို ထင်ဟပ်ပြီး ရေးခဲ့သော ဝတ္ထုလေး တစ်ပုဒ်မှာ 'အဆစ်နှင့် ဘောက်ဆူး' မည်၏။

ဖိုးကုလားမည်သော လူတစ်ယောက် 'ဘီအိုင်' သင်္ဘောစီးပြီး ဘင်္ဂလားပင်လယ်အော်ကူးကာ စားကျက်အသစ်ရှာရာက ဝတ္ထုစသည်။ ဌာနေသား မောင်ဗမာ၏ ဖော်ရွေသဘောကောင်းမှု၊ ဘဝပေးမွေးရပ်က ရေမြေကျယ်ပြန့်ကောင်းမွန်၍ အပျင်းထူမှုနှင့် မောင်ဗမာမှာ ဗမာအကျင့် အဆစ် လှိုင်လှိုင်ပေးကျင့်ရှိပြီး၊ ဖိုးကုလားမှာ ကုလားအကျင့် ဘောက်ဆူးတွင်တွင်တောင်းခြင်းမှာ ဇာတ်အိမ်တည်သည်။ အစဦးမှာ အငတ်ငတ်အပြတ်ပြတ်မို့ ဖိုးကုလား၏ ရုပ်ရည်သည် ဦးဝိစာရ ကိုယ်တော်ကြီး ဆွမ်းသပိတ်မှောက်တုန်းက ရုပ်နှင့်တူသည်ဟု ရယ်ပွဲဖွဲ့ဆိုခဲ့သော ကိုယ်ရွှေဗမာကို၊ နောင်သော် အဆီယစ်လာသော ဖိုးကုလားက ဆင်းရဲမွဲတေလှသော ရွှေဗမာအား မဟတ္တမဂန္ဒီကြီး အစာငတ်ခံသည့် ရုပ်မျိုးဟု ပြန်လှောင်ရင်း၊ သူဆီမှာ ပြည့်တင်းလာသော ပိုက်ဆံအိတ်ကြီးကို လျှော့ပစ်သည့် သဘော၊ ကုလားပြည်သို့ မန်းနီးအော်ဒါနှင့် ပိုက်ဆံပြန်ပို့သော အခန်းမှာ ဇာတ်ရှိန်ကိုချသည်။ နောက်ဆုံးမှာ ဖိုးကုလားသည် မွဲတေလာသော မောင်ဗမာ၏ နားနားကပ်၍

"စိတ်ရင်းမှန်စွာ နှစ်ကာလရှည်ကြာစွာ နေလာခဲ့သည့်လျော်စွာ အကျွန်ုပ်သည် အဆွေတော်၏ နေမှုထိုင်မှု သဘောတရားကို နားလည်ပါပြီ၊ ဥပမာဆိုရလျှင် ကျွန်ုပ်လည်း အဆစ်ပေးတတ်သော ဝါသနာစွဲလာပါပြီ၊ ယင်းသို့တပြီးကား အဆွေတော်သည် အကျွန်ုပ်ထံမှ အဘယ့်ကြောင့် ဗောက်ဆူးမတောင်းပါသနည်း" ဟု အရင်ကသူ့ကို ဘောက်ဆူးပေးခဲ့ဖူးသော၊ မွဲသော ဗမာကို ယခုသူက ဘောက်ဆူးပေးပါမည့်သဘော လှောင်ပြောပြောရင်း၊ အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်ကြလေသတည်းမှာ ဇာတ်ကိုသိမ်းသည်။

ပဝတ္တိသားတို့သည် ဇာတိသားတို့ကိုမျို၍ သူတပါးမြေမှာ တိုင်းရင်းသားလို နေလိုကြသည်မှာ ထိုစဉ်ထိုခေတ်ကတည်းက ဖြစ်သည်ကို ဆရာမောင်ထင်က အလင်းတစ်ချက် ပြက်ပြထားခြင်းဖြစ်သည်။ သို့ဆိုလျှင် ယခုခေတ် ကျွန်တော်တို့ကား ထိုအလင်းကို မြင်ကြပါရဲ့လား။ ယခုကာလ လစ်ဘရယ်ဝါဒ မြက်ရိုင်းပင်တွေက အားကောင်းလှသည်။ အမျိုးသားရေး သစ်ငုတ်တိုကြီးကို ဖုံးလုလုတည်း။ "ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ" ဆိုသော ကြွေးကြော်သံကို ယနေ့အခါ လူရယ်စရာလိုလို ဖြစ်အောင် ရေးသားပြောဆိုလာကြခြင်းများ လှိုင်လှိုင်တွေ့လာရသည်။

ဦးဖိုးကျား၏ ကိုယ်တွေ့ ဝတ္ထုများထဲက ကောလိပ်ကျောင်းသား မောင်သောင်းလို အနောက်စာလေး အနည်းအကျဉ်းဖတ်ပြီး

"ဘားမီး(ဆ်)လား၊ ခင်ဗျာ့ မြန်မာစာ ဘာခက်လို့လဲဗျ၊ ကျွန်တော်တို့ကျောင်းမှာ အရေးတကြီးမသင်ပါဘူး၊ စာမကြည့်ပဲနဲ့တောင် ပ(စ်) (Pass) နိုင်ပါတယ်ဗျာ၊ အလကား အသုံးမကျလှပါဘူး" ဆိုသော အတွေးမျိုးရှိနိုင်သနည်း

"အမျိုးသားရေးလား၊ ငတုံးတွေပါကွာ၊ လစ်ဘရယ်ဒီမိုကရေစီ ခေတ်ကြီးမှာ သာတူညီမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို သဘောမပေါက်သမျှ လူအန္ဓတွေချည်းပဲ" ဆိုသည့် အတွေးမျိုးတွေလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရနိုင်ပါသည်။ ဤကား ခေတ်၏ပြောင်းလဲလာသော အယူအဆ မြက်ရိုင်းများ၏ သဘောတည်း။ သို့သော် မြက်ရိုင်းတွေခြောက်ချိန် ဒီအမျိုးသားရေး သစ်ငုတ်ကြီးကပဲ တိုင်းပြည်၏ ပြယုဂ်တစ်ခုအဖြစ် ရှိနေရပေလိမ့်မည်။ သို့မဟုတ်ပါက ဤမြေမှ ဤတိုင်းပြည်နှင့်လူမျိုးများ ကွယ်ပမည့် အရေးနှင့် ကြုံရနိုင်သည်။ ထိုအခါမှ မိမိတို့ သွင်းယူခဲ့သော ထရိုဂျန်မြင်းရုပ်ကြီးကို ပြန်ပြီးထုတ်ချင်၍လည်း တိုင်းပြည်က တိုင်းတစ်ပါးသားတို့လက် ရောက်နှင့်ပြီ။

အမျိုးသားရေးဟု ဆိုရာတွင် တစ်မျိုးသားလုံး၏ အရေးဖြစ်သည်။ ကျွန်တော်တို့သည် ခေတ္တခဏ အယူတိမ်းနေသော ကောလိပ်ကျောင်းသား မောင်သောင်းလို လူငယ်များကို တွေ့သည့်အခါ သူခိုးဓားရိုးကမ်းသူ၊ ပုဆိန်ရိုး စသဖြင့် ပုတ်ခတ်ပြီး ဖယ်ကြဉ်နေဖို့မဟုတ်။ အမျိုးသားပညာဝန် ဦးဖိုးကျား ပြုခဲ့သနည်း အယူခဏတိမ်းနေသူ လူငယ်များအပေါ် မေတ္တထားပြီး၊ အခမဲ့ ကူလီထမ်းသင့် ထမ်းကြရမည်ဖြစ်သည်။ ထိုအသီးအပွင့်အဖြစ် တစ်ချိန်မှာ တိုင်းပြည်က အခမဲ့ကူလီထမ်းခြင်း အကျိုးကို ခံစားရသည့်အခါ တစ်မျိုးသားလုံး တိုးတက်ခြင်း၏ လမ်းစကို စတင်ခြေချနိုင်ပါလိမ့်မည် ဖြစ်သတည်း။

"ဘာသာမျိုးခြား၊ သူတို့အားလည်း၊ နီးပါးထံရင်း၊ အယုံသွင်း၍၊ အတွင်းထားကာ၊ မပြုရာဘူး၊ ရှေးကသော်က၊ သီဟ နွားလား၊ နှစ်ကောင်ကြားဝယ်၊ တောသားဒုစရိုက်၊ မြေခွေးမိုက်က၊ ရန်တိုက်သောအား၊ ခြင်္သေ့နွားတို့၊ ခိုက်ပွါးရန်စစ်၊ ဖြစ်၍မကြာ၊ သေကြစွာ၏" (မဟာသုတကာရီ မဃဒေဝလင်္ကာသစ်)
(မြန်မာ့ဥဒါန်းဆောင်းပါး)

အောင်မျိုးသူလွင်
၃၁၊၀၁၊၂၀၁၇
အင်္ဂါ
ည ၀၈း၁၅

စာကိုး - ကျွန်တော့်ဘဝဇာတ်ကြောင်း (သော်တာဆွေ)
သောင်းပြောင်းထွေလာ အယ်ဒီတာ စာစုများ (သော်တာဆွေ)
ကိုယ်တွေ့ ဝတ္ထုများ (ဦးဖိုးကျား)
လူကြီးများဖတ်ဖို့ပုံပြင် (မောင်ထင်)
မဟာသုတကာရီ မဃဒေဝ လင်္ကာသစ် နှင့် လီနတ္ထဒီပနီ (မန်လည်ဆရာတော်ဘုရား)

No comments:

Post a Comment

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...