Aungmyothu Lwin

Aungmyothu Lwin
Facebook

Sunday, April 5, 2015

သံယောဇဉ်

စည်ဘီယာ ဆိုင်ထဲမှာ အသားညိုညို၊ အရပ်မရှည်မတို ကိုယ်ဟန်ခပ်ဖိုင့်ဖိုင့် လူတစ်ယောက်နှင့်၊ အနက်နုရောင်ကိုယ်အဆင်းနှင့် ဝတင်းသော ခန္ဓာအလှကို စတစ်ကော်လာ၊ ယောပုဆိုးနှင့်ဟန်ပြထားသော သမ္မတကေနှင့်လူတစ်ယောက် ဘီယာနှင့် ဝက်ခေါင်းသုပ်ကို နွားငတ်ရေကျမြည်းသောက် နေကြသည်။ ပထမတစ်ယောက်မှာ ကျွန်တော်ဖြစ်ပြီး၊ ဒုတိယလူမှာ ပုဂံမှ ဆရာဝန် ငဟန်ဖြစ်လေသည်။ ကျွန်တော်တို့ ယခုလို သောက်စားနေသည်ကို ဆိုင်ရာ ကောင်မလေးများက မကြိုက်ကြပါ။ အကိုတို့ဟာ ဒါမျိုးနဲ့တွေ့ရင် ဣနြေ္ဒကိုမရပါဘူးဟု သူတို့နှစ်ယောက်လုံးက တစ်လေသံတည်း ဆိုတတ်ကြသည်။ သို့သော် အခုနေခါ ဆုံခဲဘိသော ကျွန်တော်တို့နှစ်ယောက် တွေ့လိုက်လျှင် ဆိုင်တစ်ဆိုင်ဆိုင်ဝင်ပြီး ယခုလို စားသောက်လိုက်ရမှ စိတ်အာသာပြေတတ်ကြသည်မှာ ကျွန်တော်တို့ချင်းသာ နားလည်သော စိတ်အလေ့တစ်ခုဖြစ်သည်။

ကျွန်တော်တို့ ငယ်ငယ် ရွာက ဗီဒီယိုရုံတွေမှာ နာမည်ကြီး ဘရိတ်ဒန့်မင်းသားက ရဲကိုကိုဖြစ်ပြီး၊ သူ့သီချင်းထဲမှာ ကျွန်တော်တို့ နားထဲသိပ်စွဲတာက 'ကိုယ်ဒီလိုချောနေမယ် အိုး... အို့' ဟူသော အပိုဒ်ဖြစ်သည်။ တစ်နေ့သား သူငယ်တန်းမှာ ဆရာမ စာပြနေတုန်း ငဟန်က ဘာဓါတ်ပေါက်သည်မသိ 'ကိုယ်ဒီလိုချောနေမယ်' ဟု ရှေ့ကသီချင်းတစ်ပိုင်းတစ်စကို တိုင်လိုက်ရာ၊ ကျွန်တော်က ' အိုး အို့ ' ဟု နောက်မှလိုက်မိလျှက်သား ဖြစ်နေပြီး ထိုနေ့က အတန်းရှေ့ထွက်ပြီး ဆရာမ အရိုက်ခံရတာကို မှတ်မိသည်။

ဂေါဏေန ဂေါဏောမို့ သိပ်အတိုင်အဖောက်ညီသော ကျွန်တော်တို့နှစ်ယောက်မှာ ငဟန်က ဆရာကြီးဖြစ်သည်။ ကျွန်တော်က ယောင်တောင်တောင်နှင့် သူပြောရာ လိုက်လုပ်တတ်သည်။ ယုံချင်ယုံ မယုံချင်နေ တောက်မယ့်မီးခဲ တရဲရဲဖြစ်သော ကျွန်တော်တို့ နှစ်ယောက်မှာ ပထမတန်းနှစ်လည်လောက်မှာကတည်းက ချစ်သူမိန်းခလေးတွေ ကိုယ်စီ ရှိကြသည်။ ဒါလည်း အမှန်က ငဟန့်စနက်။ ရွာကျောင်းမှာတုန်းက ဇီဇဝါနဲ့ ဋ္ဌေးဋ္ဌေးဆိုသော ကောင်မလေးနှစ်ယောက်ရှိရာ တစ်တန်းမှာ ကျွန်တော် မတ္တရာကျောင်းပြောင်းတော့ ဇီဇဝါနဲ့ ငဟန်က နောက်မှလိုက်ပြောင်းလာသည်။ ပြီးတော့ ငဟန်က ဇီဇဝါကိုကြိုက်သည်ဆိုတော့ ကျွန်တော်က အလိုလိုနေရင်း လောလောလတ်လတ် အကောင်အထည်မရှိသော ရွာမှ ဋ္ဌေးဋ္ဌေးကိုကြိုက်ရတော့သည်။ အခုနေပြန်တွေးကြည့်မှ ဘယ်လောက် လူလည်ကျတဲ့ကောင်လည်း ဆိုတာ။ ကိစ္စမရှိ မြို့ကျောင်းမှာက ဋ္ဌေးဋ္ဌေးမှ မရလည်း ကြိုက်ရမည့် ကောင်မလေးတွေမှ အပုံ။

မှတ်မိသမျှ ရွာကျောင်းမှာ နေတုန်းက ဝါဆိုဝါခေါင်ရေတွေကြီးပြီး ထမင်းထုပ်ကိုယ်စီနဲ့ ကျောင်းတက်ရတဲ့အခါ ကျွန်တော်နဲ့ ငဟန်က တစ်ကျောင်းလုံးမှာ ဟင်းအကောင်းဆုံး။ ထမင်းစားကျောင်းဆင်းပြီဆို စိတ်ထားကောင်းတဲ့ ကျွန်တော်တို့နှစ်ယောက်က ကိုယ့်ဟင်း သူများကို မကျွေးချင်သောကြောင့် အခြားလူများနှင့် မရောဘဲ ချောင်တစ်ချောင်ချောင်မှာ ကပ်ပြီး ထမင်းဗူးဖွင့်စားကြတာ။

မြို့ကျောင်းမှာ မဖြစ်မနေ ထမင်းထုပ်ရတော့ အိမ်ရဲ့ စီးပွားရေး အခြေအနေတွေကြောင့် ကျွန်တော်တို့ထမင်းဗူးနှစ်ခုက မျက်နှာအငယ်ဆုံး။ ငယ်ကျိုးငယ်နာ ဖော်တာတော့မဟုတ် ခပ်ငယ်ငယ်က ဒီကောင်ဟာ အရပ်သိပ်ပုတာဆိုတော့ ကျွန်တော်ကသူ့ကို ဂျပု လို့ခေါ်တာ။ ကျွန်တော့်ကိုကျ အစားသိပ်ကြီးလို့ဆိုပြီး သူက ပုတ်ကြီး လို့ခေါ်တယ်။ ဟေ့ကောင် ဂျပု မင်းဒီနေ့ဘာဟင်းတုန်းဆို ငါးဖယ် ကွ။ မင်းရောဆို ကျွန်တော်က ဆိတ်သား လို့ပြန်ဖြေတယ်။ ငါးဖယ်ဆိုတာ ငါးကိုဖယ်ပြီး အရိုးချည်းချက်ထားတဲ့ဟာကို ပြောတာလေ။ မတ္တရာဈေးက ငါးဆိုင်တွေမှာ ငါးဖယ်အသားတွေ ခြစ်ယူပြီးသား ခေါင်းနဲ့ အရိုးကို ဈေးချိုချိုနဲ့ ဝယ်လို့ရတာကိုး။ ဆိတ်သားဆိုတာ ကန်းစွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဒါမှမဟုတ် အိမ်ထဲ အလေ့ကျပေါက်တဲ့ ဟင်းနုနယ်လေ။ အဲဒါတွေကို လက်နဲ့ဆိတ်ပြီးမှ ကြော်ချက် စားရတာမို့ ဆိတ်သား။ ငါးဖယ်နဲ့ ဆိတ်သားအပြင် ကျွန်တော်တို့ ထမင်းဗူးတွေမှာ ကြီးစိုးနေကျ နောက်ထပ်ဟင်းတစ်မျိုးက ရွှေခေါင်းပြောင်ခေါ်တဲ့ ဘဲဥ။ ဒါပေမယ့် အဲသည်တုန်းက အဲသည်ဟင်းတွေက သိပ်စားလို့ကောင်းတာဗျ။ ဒါပေမယ့် နေ့ခင်း ထမင်းစားချိန်မှာတော့ ရွာမှာတုန်းကနဲ့မခြား ဘေးလူတွေ မပါ ကျွန်တော်တို့ နှစ်ယောက်ထဲပါပဲ။ ဒီမှာတော့ ကျွန်တော်တို့က ဖယ်ကျဉ်ပြီး အခြားလူတွေနဲ့ ခွဲစားတာမဟုတ်ဘဲ၊ နေ့တိုင်း ဟင်းမကောင်းလို့ဆိုပြီး -င်ကျယ်တဲ့ မြို့သားတွေက ကျွန်တော်တို့နဲ့ အတူတူ မစားတာလေ။

ဖွန်ရေး ဖွန်ရာမှာ ငဟန်က ကျွန်တော့်ဆရာခင်ဗျ။ သို့သော် ဒီအကောင်ဟာ အတိဇာတ တပည့်ကိုမွေးထုတ် မိတယ်ထင်ပါရဲ့။ ကိုးတန်း ဆယ်တန်းလောက်မှာ ကျွန်တော်ဟာ ဆရာ့ထက်လက်စောင်းထက်တဲ့ ဖွန်တပည့်တစ်ယောက်ဖြစ်လာပြီး၊ ဘယ်တုန်းကမှ မတော်ဖူးတဲ့ ကျောင်းစာမှာ ဘိတ်ချီးနားကပ်လာပါတော့တယ်။ ငဟန်ကတော့ လူမိုက်ကံကောင်းပေါ့ဗျာ စာလေး ဘာလေးကျက်ဖြစ်ပြီး ဆေးကျောင်းရောက်သွားပါရော။ ဒီကောင် ဆေးကျောင်းတက်တော့ ကျွန်တော် သိပ်နောင်တရတာပဲဗျာ။ ဘာလို့ဆို ကျွန်တော်တို့ဆီမှာ ဆေးကျောင်းသားဆို ကောင်းမလေးတွေက သိပ်ကြိုက်တာကလား။ ဒီလို ဖွန်လို့ကောင်းမှန်းသိ ငါလည်း ဆေးကျောင်းတက်ရအောင် ကြိုးစားပါတယ်ပေါ့ဗျာ။ နောင်တအတွေးတွေများ ပြောပါတယ်။

ဆေးကျောင်းသားကို ကောင်မလေးတွေ သဘောကျတယ်ဆိုတာ တကယ်ဗျ။ တစ်နေ့တော့ ငဟန်ဖွန်နေတဲ့ ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို ငဟန့်အကြောင်းမေးပါလေရော။ ကျွန်တော်တို့က ငယ်ပေါင်းလေ။ ကျွန်တော်လည်း သူငယ်ချင်းကောင်း ပီသစွာ သူ့ငယ်ကျိုးငယ်နာတွေကို ပိုပိုသာသာ ဖော်ပေးလိုက်တာပေါ့။ ဟုတ်တယ်လေ။ ကောင်မလေးက သိပ်လှ၊ သိပ်ဖွေး ရေဆေးကားထဲက နတ်မိမယ်လေးလိုလို။ ဒီအကောင်နဲ့ဆို ဘဲဥကို ကျီးချီလာသလိုလို ထင်စရာပ။ သူနဲ့ မလိုက်ဘူးလို့ ကျွန်တော်တော့ ထင်တာပဲ။ အမှန်က အဲဒါတွေ ကျွန်တော်လျှောက် အကြောင်းပြနေတာဗျ။ တကယ်တမ်း ကျွန်တော် သူ့ကို ဂျေဝင်နေတာလေ။ ဒီလောက်လှတာလေးက သူ့ကို စိတ်ဝင်စားနေတာကိုး။ ကိုယ့်မှာက အဲလို လှတာလေးမျိုး အနားတောင်သီနိုင်တာမဟုတ်။ ဒါပေမယ့် ကျွန်တော် ဘာပြောပြော သည်အကောင်ဟာ စွံမြဲပါပဲ။

ငဟန်က ဆေးကျောင်းကို နှစ်နှစ်တစ်တန်း ဆပ်ပလီပေါင်းခပြီး မှန်မှန်တက်ခဲ့တာဆိုတော့ ဆယ်နှစ်ကျော်ကျော် ကျောင်းသက်ရှိတာပေါ့။ အဲဒီအတောအတွင်း သည်အကောင်ဟာ ပိုက်ဆံမရှိလို့ ကျောင်းတက်ရင်း ချဲဒိုင်ခံသေးတယ်ဆိုပဲ။ ဒီအတွက်တော့ ဒီကောင့်ကို ကျွန်တော်လေးစားမဆုံးပဲ။ ပိုက်ဆံမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူကျောင်းထွက်မသွားဘဲ ဖြစ်တဲ့နည်းနဲ့ ကျောင်းပြီးအောင် တက်ခဲ့တာလေ။ သူကျောင်းတက်နေတဲ့ အတောအတွင်း ဒီကောင်နဲ့ ကျွန်တော် မတွေ့ဖြစ်ပါဘူး။ ဆယ်တန်းပြီးကတည်းက ဗူးထဲမှာမကြာခဏ လှိမ့်ခေါက်ပြီး ပစ်အချခံလိုက်ရတဲ့ အံစာတုံးလို ကျရာနံပါတ်နဲ့ လောက ကစားဝိုင်းမှာ ကျွန်တော်လည်း အသုံးတော်ခံနေရတာလေ။ ကံကောင်းတဲ့နွား သွားရင်းဆားတွေ့ ဆိုတာလို အမှတ်တမဲ့ ကျွန်တော် ဓါတ်ခွဲမှူးဖြစ်လာတော့ အသက်ကြီးမှ ဆေးကျောင်းပြီးတဲ့ ဒီငတိနဲ့ ပြန်ဆုံဖြစ်ပါရော။

ဒီနေရာမှာ ငတိ ဆိုတဲ့ နာမ်စား အသုံးလေးကို စာရှုသူ သတိထားမိမယ်ထင်ပ။ ဟုတ်တယ်ဗျ။ နည်းနည်းကြီးမှ ပြန်တွေ့တော့ ဒီအကောင့်ကို ကျွန်တော် ငယ်ငယ်ကလို ဂျပုလို့ ခေါ်ရမှာ အားနာလာတယ်လေ။ သူတကာက ဆရာ ဆရာလုပ်နေချိန်မှာ ကိုယ်က ဂျပု ဆိုတော့ ကောင်းမလား။ ဒါနဲ့ လူရှေ့သူရှေ့ဆို ငတိ။ သောက်ညင်ကပ်တဲ့အခါ ဘဲနာ။ ရံခါမှာ ငဖွန်။ ကြုံသလို ခေါ်လိုက်တာပါပဲ။ သူလည်း ကျွန်တော့်ကို ပုတ်ကြီးလို့ မခေါ်တော့ဘူး။ ကျွန်တော့်နည်းတူ ကြုံသလိုနာမ်စားသုံးတယ်။

ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာပေါ့လေ၊ အခုနေခါ ပြန်တွေ့တော့ အရင်ထက်စာရင် နည်းနည်းသောင်သာတယ် ပြောနိုင်တာပေါ့။ မရှိမရှား ဝန်ထမ်းဘဝမှာ ငွေလေးငါးထောင်၊ တစ်သောင်းလောက်နဲ့ ဘီယာဆိုင်ခပ်စုတ်စုတ်လေးမှာ သွားသွားပြီး၊ ငယ်ငယ်က ငတ်ခဲ့သမျှ အတိုးချပြီး နှစ်ယောက်သားတွယ်ကြတာပ။ သူ့လက်ရှိ ကောင်မလေးကလည်း သူသောက်တာစားတာ မကြိုက်ပေမယ့် ကျွန်တော်နဲ့ဆို ခွင့်ပြုပေးတတ်ပါတယ်။ ကျွန်တော့်မိန်းမကလည်း ရံခါမို့ထင်ပါရဲ့၊ ဒီကောင်နဲ့ဆို လွတ်စေပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဘီယာသောက်လို့ သူတို့ မိန်းမတွေဘေးမှာပါလာရင် သိပ်မလွတ်လပ်သလို စိတ်အိုက်တာတော့ အမှန်ပဲဗျာ။ ဘာလို့ဆို ကျွန်တော်တို့နှစ်ကောင်က ကိုယ်တွေ မရလိုက်တဲ့ အရင်ရည်းစားတွေအကြောင်း လွတ်တဲ့ငါးကြီးစေ သဘော မူးမူးနဲ့ စမြုံ့ပြန်ချင်ကြတာကိုးဗျ။

ကျွန်တော့်ကို ဒီကောင့်အကြောင်း ကောင်မလေးတစ်ယောက်ယောက်က အခုနေလာမေးရင် ဒီကောင်ဟာ သိပ်ကောင်းတဲ့ကောင်တော့ မဟုတ်ဘူးလို့ ဖြေမှာပဲ။ ဒါပေမယ့်ဗျာ လူမှာ အသက်ကြီးလာရင် တဖြည်းဖြည်းရှားလာတာက သူငယ်ချင်းပဲဗျ။ အပေါင်းအသင်းဆိုတာနဲ့ သူငယ်ချင်းက မတူဘူးရယ်လေ။ အဲသည်ရှားပါတယ်ဆိုတဲ့အထဲမှာ ငယ်သူငယ်ချင်းဆိုတာကတော့ ရွှေထက်ရှားတယ် ပြောနိုင်တာပေါ့။ ဘာပဲပြောပြော ဒီလိုဆိုတော့ ငဟန်ဆိုတဲ့ကောင်ဟာ ရွှေထက်အဖိုးတန်တဲ့ကောင်လို့တော့ ပြောမယ်ဆို ပြောနိုင်တာပေါ့လေ။

တစ်နေ့က သူနဲ့ ဆုံတော့ ဒီငတိက ချစ်စရာစကားတစ်ခု မြွက်ကြားသွားသေးတာ။ ငယ်ငယ်တုန်းကစပြီး အခုထိ ငါမင်းထက်တော်နေသေးတဲ့ အချက်တစ်ခု ရှိတယ်တဲ့။ ပြောစမ်းပါကွာဆိုပြီး အောင့်သက်သက်နဲ့ မေးမိတော့ ငါအခုထိ အိမ်ထောင်မကျအောင် ထိန်းထားနိုင်သေးတယ်တဲ့။ အေး ဒါလည်းဟုတ်တာပဲကွလို့ ကျွန်တော်ပြန်ပြောရင်း ဝန်ခံတော့ နှစ်ယောက်သား ရယ်လိုက်ရတာ သောကတွေလွင့်သွားသလိုပါပဲ။ ကလျာဏ မိတ္တရှိရင် ဘဝမှာ အလုံးစုံပြီးတယ် ဘုရားဟောထားတာကို ထောက်ပြီး၊ သည်လို မကောင်းတစ်ကောင်း ကောင်နဲ့ ဆို အလုံးစုံမဟုတ်တောင် သုံးပုံ တစ်ပုံလောက်တော့ ပြီးနိုင်တယ်လည်း ထင်မိပါရဲ့။

ငဟန်တစ်ယောက် ကျန်းမာပါစေ။

အောင်မျိုးသူလွင်
၀၅/၀၄/၂၀၁၅
တနင်္ဂနွေ
နေ့လည် ၀၂:၁၂

No comments:

Post a Comment

Featured Post

အောင်မျိုးရှေးစကား

လူတို့၏ သဘောကားထူးဆန်း၏။ @ @ @ မြန်မာရာဇဝင်တွင် မိန်းမဇာတ်ထုပ် အရှုပ်ဆုံးမင်းမှာ သီပေါဘုရင်ဖြစ်ပေသည်။ ရှုပ်သည်သာ ဆိုရ- အကြင်ဘုရင်သီပေါမှ...