ဗိုက်နာလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က အာထွာဆောင်း ရိုက်ရမယ်တဲ့။ သူရိုက်ခိုင်းတဲ့ ဆေးခန်းကိုဖုန်းဆက်ပြီး ကြိုတင်စာရင်းသွင်းထားလိုက်သည်။ ဆေးခန်းက နှစ်နာရီအတွင်း ရေနှစ်လီတာကုန်အောင်သောက်၊ ရူးရူးလုံးဝမပေါက်ဘဲ ညနေသုံးနာရီခွဲ အမီ လာခဲ့ပါတဲ့။ ကိုယ်လည်း ပထမဆုံးရိုက်ရမယ့်လူဆိုတော့ နောက်မကျအောင် ပြေးရတာပေါ့။
ဆးခန်းရောက်တော့ ဝန်ထမ်းလေးတွေ တန်းမေးတာက ရေသောက်ခဲ့လား အစ်ကို။ ဆီးတင်းရဲ့လား အစ်ကိုတဲ့။ တင်းပါတယ်ပေါ့။ ဒါနဲ့ကို သူတို့က ထပ်သောက်ခိုင်းလို့ သောက်လိုက်ရသေးတာ။ ဘေးနားက ကိုယ်လို အာထွာဆောင်း ရိုက်မယ့် ကိုယ်ဝန်သည်ကိုလည်း ကောင်မလေးများက ရေသောက်ဖို့ပြောနေသည်။ ဆီးအိမ်တင်းမှ သားအိမ်ကို ကောင်းကောင်းမြင်ရမယ်ဆိုလား။
"ညီမရေ၊ ရေသောက်ခိုင်းတာက ဆီးအိမ်တင်းပြီး သားအိမ်ကို မြင်ရအောင်ဆိုတော့ကာလေ အဲဒါ အကိုက ဗိုက်နာလို့လာရိုက်တာဆိုတော့၊ ဆီးအိမ်မတင်းလည်းရတယ်မို့လားဟင်၊ အကို အခုအပေါ့လေး နည်းနည်းစွန့်ချင်လို့ပါ"
"အယ် ဘယ်ရမလဲ၊ ဆရာမက ခဏနေလာတော့မှာ၊ သူလာလို့ အကို့ဆီးအိမ်တင်းမနေရင် ရိုက်လို့ရမှာမဟုတ်ဘူး၊ ခဏအောင့်ထားဦး"
"ဟိုလေ နည်းနည်းလေးတောင်မှမရဘူးလားဟင်"
"မရဘူး၊ မရဘူး အခန်းထဲရောက်မှ အဆင်မပြေရင် ကျမတို့အဆူခံရအောင် မလုပ်ပါနဲ့။ ခဏနေရင် ဆရာမလာတော့မှာပါ၊ အောင့်ထား"
အောင့်ထားဆိုတော့လည်း အောင့်လိုက်ရတာပ။နည်းနည်းတော့ နေရခက်တာပေါ့။ ဒါတောင် သင်းလေးတွေက လမ်းလေးပါလျောက်ထားပါဦး ဆိုလာသေးတာ။ သိပ်ဆီးသွားချင်နေတဲ့ အချိန် လမ်းလျှောက်ဖို့ခက်တာ သင်းတို့လေးတွေ မသိလေရော့သလား။ ခက်ပါဘိ။ ဆရာမဆိုသဟာကလည်း လေးနာရီထိုးလည်းမလာ၊ လေးနာရီခွဲလည်း မမြင်ဆိုတော့ နည်းနည်းစောဒကတက်ကြည့်မိသည်။
"ဆရာမက မလာသေးဘူးလားဟင် ညီမ"
"လာတော့မှာပါ အစ်ကို၊ ဒီနေ့ ဆရာမနည်းနည်း နောက်ကျနေတာပါ"
အောင်မလေး သူ့နည်းနည်းကလည်း တစ်နာရီတောင် ကျော်လာပေါ့။ လူလည်း ကြက်သီးမွေးညင်းတွေပါထလို့။ ဒုက္ခရောက်ပုံများပြောပါတယ်။ ခဏနေတော့ ကောင်လေးတစ်ယောက် ရေးကြီးသုတ်ပြာဝင်လာသည်။ ဆရာမလာပြီဆိုပဲ။
"အစ်ကို အထဲက ကုတင်ပေါ်ကနေ အိပ်စောင့်ပေးပါနော်"
ပြောပြောဆိုဆို ဇိုးကနဲ့ ဇတ်ကနဲ့ လူကို အခန်းထဲ ဇွတ်ထိုးသွင်းတော့ ကိုယ်လည်း ဒရောသောပါး ကုတင်ပေါ် ရောက်ရတော့တာပေါ့။ အင်္ကျီလေး အပေါ်လှန်ထားပေးပါ ဆိုကာ ကလေးမတစ်ယောက်က အင်္ကျီကို လှန်သည်၊ ပုဆိုးလေးနည်းနည်း လျှော့ထားပေးပါဆိုကာ အခြားတစ်ယောက်က ပုဆိုးကိုဇတ်ခနဲ့ ချက်အောက်နားထိ ဆွဲချလိုက်သည်။ သူတို့တွေ အလျှင်လိုလို့ ကျွမ်းကျင်ပြနေတာက ကိစ္စမရှိ။ ကိုယ်တွေ လူပျိုပေါက်ဘဝတုန်းက ဝမ်းအိုဝမ်း ဆံပင်ပေါက်ဆေးနဲ့ အချိုရည်ဗူးကို မှားသောက်ထားမိတာဆိုတော ဗိုက်မှာလာသန်နေတဲ့ ဆံပင်တွေကို သူတို့တွေမြင်သွားမှာတော့ ရှက်မိတာပေါ့လို့။ လူလည်း မဲခနဲ့၊ ရဲခနဲ့ ဖြစ်သွားတယ်။ မျက်နှာပြောပါတယ်။ အဲသည်လို ကုတင်ပေါ်မှာ ဖားပေါင်စင်းကြီး ပက်လက်လှန်ထားသလို ကောင်မလေးနှစ်ယောက်ရှေ့ ချက်ဖော်ရင်း ကွမ်းတစ်ယာညက်လောက် အသုံးတော်ခံပြီးတဲ့နောက် အခန်းထဲဝင်လာတဲ့ ဆရာမမျက်နှာ မြင်ရတာလောက် ပျော်မိတာမျိုး ဘဝတစ်လျှောက် မမှတ်မိ။ ဒါပြီးရင် အပေါ့သွားခွင့်ရပြီလေ။ အောင်မြတ်လေးလေး အန္တရာယ် လွယ်ထားရတာ တယ်ခက်တာကိုးဗျ။ ဗိုက်ကို ဟိုဆေးသည်ဆေးလေးသုတ်နေတုန်း ဗြန်းဆို ချမ်းချမ်းသီချင်းက ထမြည်ပါရော။ ဆရာမလည်း ဖုန်းအပြားကြီးထုတ်တဲ့ပြီး
"အေး သားငယ်လေးပြော"
"ပါပီလေး ဘာမှ မစားဘူးဟုတ်လား" ဆိုပြီး လုပ်နေလိုက်တာက ဆယ်မိနစ်လောက်။ သူ့ပါပီလေး မစားချင်လို့ ဘာမှမစားနိုင်တာ ဘယ်လိုခံစားရရှာမယ် မသိ၊ ကိုယ့်မှာ ပေါက်ချင်လျှက်နှင့် မပေါက်ရတဲ့ ဘဝ အခံရခက်လှသည်။ တစ်နာရီကျော်ကျော်ကြီးတောင်ဆိုတော့လည်း တွေးကြည့်ကြပေါ့လေ။ ကြက်သီးတွေတောင် ထပါတယ်ဆို။
ကိစ္စ ဝိစ္စတွေပြီးလို့ ကိုယ့်ပုဆိုး အင်္ကျီလေး နံရံဘက်လှည့် ပြင်ဝတ်နေတုန်း ဘောလီဂျိတ်လေး ဖြုတ်လိုက်ပါနော်ဆိုတော့ ဟဲ့ သောက်ပလုတ်တုတ်၊ ကိုယ့်နောက်က ရိုက်မယ့် ကိုယ်ဝန်သည်ကိုတောင် သွင်းလာကြပါ ပကောလားဟ။ အလိုက်ကန်းဆိုးမသိ ပုဆိုးကို အခန်းထဲတင်ပြင်ဝတ်မိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ခပ်ရို့ရို့လေး အပြင်ထွက်ရတော့တာပေါ့။ မရို့လို့လည်း မရဘူးဗျ။ ကိစ္စက ထိပ်ဝတောင် ရောက်နေမှကိုး။
အိမ်သာသွားမယ်ရယ်လို့ ငွေရှင်းကောင်တာနားကိုအဖြတ် အမှတ်တမဲ့နဲ့ မြင်လိုက်မိတဲ့ နံရံကပ် စာတမ်းလေးက " Customer is God" ဆိုပဲ။ ကိုယ်လည်း
အဲသည်နားတင် အဲသည်ဟာဖတ်ပြီး ရယ်လိုက်မိတာ ရူးရူးတွေတောင် ထွက်ကျကုန်ပါရောလား။
"God" ကို ပုဆိုးအပိုလေးများပါရင် ပေးလှည့်ကြပါလား အဆွေတို့ရယ်။
အောင်မျိုးသူလွင်
၂၇/၁၂/၂၀၁၄
စနေ
၀၈:၃၆