အိမ်၏ အနောက်ဘက် စည်းတန်းကို ခြတွေတက်နေသည်။ ခြ သည် တဖြည်းဖြည်း အတွင်းလှိုက်စား တတ်သော သတ္တဝါဖြစ်သည်။ သူတို့ကို သနားလှလို့ မဟုတ်သော်ငြား သူများအိုးအိမ်ကို မဖျက်စီးကောင်း ဟူသော စိတ်ဖြင့် ကျွန်တော်သည် ဝင်းထရံလည်း သိပ်မပျက်သေး သည်မို့ နေသာစွာ ထိုအတိုင်းပင် ထားမိသည်။
ဟိုဘက်ခြံက မိသန်းအေး အိမ်လာလျှင်တော့ ခြတွေကို အမြင်မတော်စွာ ဝါးခြမ်းပြားနှင့် ရိုက်ချပေး သွားတတ်၍ သူ့ကို ကျေးဇူးတင်ရသည်။ မိသန်းအေး လေး အတော်လှသည်။ သိပ် ပြင်နိုင် ဆင်နိုင် မရှိသည့် ကြားမှပင် သူ့အလှက နည်းနည်း ပေါ်လွင်နေတတ်သည်။ ရပ်ကွက်ထဲမှာ မိသန်းအေးကို ပိုးပန်းသူ ပေါသည်။ သို့သော် မည်သူမျှ လာရောက်ကြောင်းလမ်းသည် ဟုမူ မကြားရ။
"အချောင် ရမလားလို့ သက်သက် သွေးတိုးစမ်း နေကြတာပါ တော်" ဟု မိသန်းအေး အမေ ဒေါ်ပေါ က တခါတခါ ဒေါပါပါနှင့် ခပ်ကြမ်းကြမ်း ဆိုတတ်သည်။ သူက ရပ်ကွက်ထဲမှာ ကျပန်း လုပ်သည်။ အချေး အငှားလည်း ထူသည်။ သူ့ဝါသနာက နှစ်လုံး သုံးလုံး။ တစ်ခါ တစ်ခါ ဘာမသိ၊ ညာမသိ ဘောလုံးပါ လောင်းလိုက်သေးသည်။
မိသန်းအေးလေး လှသလောက် သူတို့အိမ် စီးပွားရေးက ခြူခြာလှသည်။ မိသန်းအေး တို့အိမ် သာမဟုတ် ရပ်ကွက်ထဲမှာက အားလုံးလိုလို သူလို ငါလိုတွေပင် ဖြစ်သည်။ ထို့ကြောင့် မိသန်းအေးသည် ထူးပြီး စိတ်မဆင်းရဲတာလည်း ဖြစ်မည်။ သို့မဟုတ် ဆင်းရဲခြင်းမှာ နေသားကျနေတာလည်း ဖြစ်နိုင်သည်။ ဤသည်မှာ ကျွန်တော့် အထင်သာဖြစ်သည်။
"တစ်နေ့ တစ်နေ့ လုပ်ရတာ ဖတ်ဖတ်သာ မောရော အလင်မီတယ် ကို မရှိပါဘူး ဆရာရယ်" ဟု ဒေါ်ပေါ က တခါတရံ ကျွန်တော့် ရှေ့ ထုတ်ညည်းတတ်သည်။ သို့သော် သူသည် ချဲ၊ နှစ်လုံးထိုးတာကိုတော့ နည်းနည်းမှ မလျှော့။ "ဘဝ ပြောင်းလို ပြောင်းငြားပေါ့တော်" ဟုသာ ဆင်ခြေကန်တတ်သည်။
မနက် မနက် အီစမန့် ဆိုင်မှာ သူတို့အိမ် အတွက် မနက်စာ ပလာတာ လာဝယ်သော မိသန်းအေးကို ကောင်လေးတွေ ကွမ်းယာဆိုင်မှ လှမ်းနောက်ကြ သည်။ ကြာတော့လည်း ဒါမျိုးက ရိုးနေပြီမို့ မိသန်းအေး ထူးပြီး ခြေလှမ်းမှား လောက်အောင် ဖြစ်မနေတော့ပါ။ ဒီလိုပဲ ကောင်လေးများသည် မိန်းကလေးတစ်ယောက် တည်းလမ်းလျှောက်လာ တာမြင်လျှင် တဝေးဝေး တဟေးဟေး စနောက်တတ်ကြသည်မှာ ဤ ရပ်ကွက်၏ အစဉ်အလာလို ဖြစ်နေပြီ။ ဘယ်သူမှလည်း ဒါကို ဆိုးသည်ဟု မမြင်တော့။
ကျွန်တော်ကတော့ မနက် မနက် မိသန်းအေး ပလာတာ လာဝယ်တိုင်း အီစမန့် ဆိုင်ထဲမှနေ၍ ဘာရယ်မဟုတ် နည်းနည်းတော့ ငေးမိသည်။ မိသန်းအေး အိမ်လာလျှင်တော့ ကျွန်တော် မငေးရဲပါ။ အမေ့ အာ ကို ကျွန်တော် ကြောက်ပါသည်။ အမေသည် စိတ်ချရသော မိသန်းအေးကို လုပ်စရာ ရှိလျှင် ခေါ်ခေါ် ခိုင်းတတ်သော်လည်း တခြား သားရှင်များ နည်းတူ ကျွန်တော့်အား မိသန်းအေးနှင့် ရောသည်ကို မကြိုက်တတ်ပါ။ အမေက ကျွန်တော့်ကို ဂုဏ်ချင်း မသာလျှင်တောင် မျှသူနှင့်သာ သဘောတူသည် ထင်ပါသည်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ် ကျွန်တော့်ထက် ငယ်လွန်းလှသော မိသန်းအေးကို ကိုယ့်ဘက်က စ ရမှာ အနည်းငယ် တွန့်ဆုတ်စွာပင် အဝေးမှ မသိမသာ သာ ငေးမိပါသည်။ ဤ သည်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ပေးသော ဆင်ခြေလည်း ဖြစ်နိုင်သေးကြောင်း နောင်သောအခါ ကျွန်တော် တွေးမိပါသည်။
အီစမန် သည် နံနက်တိုင်း မိသန်းအေး ထံမှ ပလာတာ ဖိုးလျှော့ယူ တတ်သည်။ ဒါသည် သူ့ဆိုင်ကို ရောင်းအားမြှင့် တာ ဖြစ်နိုင်သည်။ ဒေါ်ပေါ နှစ်လုံးထိုးဖို့ ပိုက်ဆံ မရှိလျှင်လည်း အီစမန်က ထုတ်ချေးပေးတတ်သေးသည်။ ရံခါလည်း အလုပ်လေး ဘာလေးပါ ခေါ်ခိုင်းတတ်သည် ဆိုသည်။ ပန်းကန်ဆေး၊ အဝတ်လျှော် စသဖြင့် ဖြစ်ပေမည်။ ကျွန်တော် သေချာမသိပါ။ မှန်း၍ ပြောပါသည်။ အဘယ်ကြောင့် ဆိုသော် အီစမန့် မိန်းမကို သူ့ဆိုင်မှာ တစ်ခါမျှ ကျွန်တော် မမြင်ဖူးသောကြောင့် ဖြစ်ပါသည်။ မန္တလေးမှာ နေသည် ဆိုသည်။ အီစမန်သည် မကြာမကြာ မန္တလေးကို ပြန်တတ်သည်။
တစ်ခါ တစ်ခါ မိသန်းအေးသည် ကျွန်တော့်ကို အဓိပ္ပါယ် ပါပါ ကြည့်တတ်သည်။ သူတို့ မိန်းကလေးများသည် ယောင်္ကျားများ သူတို့ကို ကြိုက်နေသည်ကို ဝမ်းတွင်းပါစိတ်ဖြင့် ရိပ်မိ တတ်သည် ဆို၍ ကျွန်တော် နည်းနည်းတော့ ရှက်ပါသည်။ သူက ကျွန်တော့်ထက် အပုံကြီးငယ်သည်။ ကျွန်တော် သူ့ကို ဖွင့်ပြောရ ကောင်းလေမည်လား။
ရပ်ကွက်ထဲက ကောင်လေးတွေ မိသန်းအေးကို စ လျှင် ကျွန်တော် မကြိုက်တော့ပါ။ မိသန်းအေး ပလာတာဝယ်မည့် အချိန် မှန်းပြီး အီစမန့်ဆိုင်ကို ကျွန်တော် သွားဖြစ်သည်။ မျက်လုံးချင်း မရဲ တရဲ စရံရိုက်သည်။ ထို့ထက် ပို၍တော့ ကျွန်တော် ရှေ့ မတိုးဖြစ်။ မိသန်းအေး ကတော့ နောက်ပိုင်း ကျွန်တော့်ကို မချင့်မရဲ ဖြစ်လေသလားမသိ။
တမင်တကာ ပင် ကျွန်တော့်ကို ရှောင်နေသည်ဟု ကျွန်တော်ထင်သည်။ သို့သော် ၎င်းမှာလည်း ကျွန်တော်က မိမိဘက်ကို မိမိ ပိုပိုသာသာလေး တွေးမိတာ ဖြစ်နိုင်သေးသည်။ ဘာပဲ ပြောပြော အမေ့ အာ ကိုတော့ ကျွန်တော်က ကြောက်ပါသည်။
ဒီလိုနှင့် ကျွန်တော်တို့ ဇာတ်မျောကြီးမှာ ရက်ကို လစားကာ၊ လကို နှစ်စားပြီး၊ အီစမန့် ဆိုင်က ပလာတာတွေကို ကျွန်တော်တို့က စားရင်း အချိန်တွေ ကုန်သွားသည်။
နောက်တော့ ကျွန်တော်လည်း နေပြည်တော်ကို လဝက် သင်တန်းသွားသည်။ အပေါင်းအသင်းများ၏ မင်္ဂလာဆောင်တွေ ဆက်နေသည်။ ရပ်ကွက်ထဲမှာ ကျွန်တော် သိပ်မနေဖြစ်။
'အောင်မျိုး ခရီးသွားနေသည်' ပေါ့။ 'သောက်သောက်စားစား လူ့မင်းသား' ဖြစ်ကာ ကြက်များလို 'ချေးကျရာ ပျော်' နေသည်။ အိမ်က အမေကိုလည်း သတိမရဖြစ်။ မိသန်းအေး ကိုလည်း မူးနေချိန်မှာ သတိရပြီး၊ အရက်နာကျနေချိန်မှာ မေ့နေသည်။ သို့သော် မိသန်းအေးသည် ကျွန်တော်အား သူ့ကို ကြာကြာ မေ့နေစေရန်ထိ ခွင့်မပြုပါ။
"မိသန်းအေး အီစမန် နဲ့ ယူတော့မယ်တဲ့ ဆရာ"
ကျွန်တော် သိပ် မယုံချင်ပါ။
"ဟ အီစမန်မှာက မိန်းမ ရှိတယ်လေကွာ"
ကျွန်တော်သည် မဆီမဆိုင် ဤသတင်း ပြောလာသူကို အော်မိ သည်။ နောက်တော့မှ အားနာ သွားရင်းက စကားပြေလေး ပြောမိသည်။
"နို့ သူ့မိန်းမ ကရော လက်ခံ သတဲ့လား"
"လက်ခံ တယ်တဲ့ ဆရာ၊ ကြည်ကြည်ဖြူဖြူ ပဲတဲ့၊ သူတို့ က တရားဝင် မိန်းမ လေးယောက်တောင် ယူလို့ ရသတဲ့ဆရာ"
"အခု မိသန်းအေး ရပ်ကွက်ထဲမှာ သတင်းကြီး နေလေရဲ့ ဆရာရေ"
နောက် သူဘာဆက် ပြောသည်ကို ကျွန်တော် ကောင်းကောင်း မမှတ်မိ နိုင်တော့ပါ။ ရပ်ကွက်ထဲမှာ အချို့က မိသန်းအေးကို အမနာပ ပြောကြ၍၊ တချို့လည်း နင့်နင့်သီးသီးတွေ တံဆိပ်ကပ်ကြသည် ဆိုသည်။ သူတို့ မိသန်းအေးကို ပြောသမျှသည် ကျွန်တော့်ကို ပြောနေကြသကဲ့သို့ ခံစားနေရသည်။
ကျွန်တော်သည် ဘယ်လိုက ဘယ်လို ရပ်ကွက်ထဲ လမ်းလျှောက်ကာ ရောက်လာမိခဲ့သည် မမှတ်မိပါ။ ကိုယ့်ကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို ပြစ်တင် မောင်းမဲ စွပ်စွဲရင်းက စိတ်ပေါက်ပေါက်နှင့် မျက်စိအောက် ရောက်လာသော အချိုရည်ဗူးခွံကို တအားကျုံးကန် မိသည်။ အချိုရည်ဗူးသည် ကျွန်တော့်ကို အာခံ လိုသည် ထင့်။ ဝေးဝေးသို့ မပြေးမူဘဲ လည်ကန် လည်ကန်နှင့် အနားနီးနီးက ခြေထောက် တစ်စုံ ရှေ့မှာ ရပ်သွားပါသည်။
မိသန်းအေး။
ကျွန်တော်သည် ဆွံ့အ သူ တစ်ယောက်လို ထိုနာမည်ကို စိတ်ထဲက ရွတ်ဆိုလိုက်မိ သော်လည်း နှုတ်ဖျားမှ အသံ ဖြစ်မလာပါ။
မိသန်းအေးသည် ကျွန်တော့်ကို အဓိပ္ပါယ် ပါပါ ကြည့်ပြန်ပါသည်။ ဒီတစ်ခါ သူ့အကြည့်မှာ ကျွန်တော် မသာယာနိုင်ပါ။ ထို့အတူ သူလည်း ရွှင်ပြစွာ ရှိမနေပါ။ ကျွန်တော်သည်
အပြစ်ရှိသူ တစ်ယောက်လို ခေါင်းငုံ့ လှည့်ထွက်ခဲ့မိ ပါသည်။
*****
အိမ် အနောက်ဘက် ခြံစည်းရိုးမှာ ခြတွေ တစ်နေ့ တခြား များလာသည်။ ခြံဝင်းကတော့ သိပ် ပျက်သည် မထင်ရသေး။ ခြ သည် အတွင်းကို လှိုက်စားတတ်သော သတ္တဝါဖြစ်သည်။
အခု မိသန်းအေး မရှိတော့ပါ။ ကျွန်တော်သည် ဤခြများကို ကိုယ်တိုင်ပင် ဖယ်ရှား ရပေတော့မည်။ မဟုတ်လျှင် ခြံစည်းရိုးသည် ဘိုင်းဘိုင်း လဲပေတော့မည်။ အိမ်မ ဘက်ကိုလည်း ကူးလာနိုင်သည်။ နောက်ဆိုလျှင် ခြမတက် နိုင်စေရန် ခြံစည်းရိုးကို ရေနံ သေချာသုတ်မှ ဖြစ်တော့မည်။
အောင်မျိုးသူလွင်
၀၅/၀၄/၂၀၁၄
စနေ
No comments:
Post a Comment