သူ့အလုပ်ကို မေးတိုင်း ဓါတ်ခွဲမှူးလို့ ရင်လေးတကော့ကော့ ဖြေခဲ့ဖူးသော အဖြစ်ကို သတိရသေးတော့သည်။ ဟုတ်သည်။ အနည်းဆုံးတော့ သူသည် ဓါတ်ခွဲမှူး ဖြစ်နေသေးသည်။ ဒါသည်ပင် သူ့ကိုယ်သူ ကျေနပ်စေသော နှစ်သိမ့်တွေးလေး ဖြစ်သည်။ သူက ဓါတ်ခွဲမှူး ဆိုတော့ အေးကြည်က ဓါတ်ခွဲမှူးကတော်ပေါ့။ ဒီလိုတွေးမှပဲ သူ့မိန်းမသည် ကတော်စာရင်း ဝင်နေသေးတော့သည်။ သူသည် သူ့အတွေးနှင့်သူ ပြုံးမိသည်။
အေးကြည်ကတော့ အိမ်မှာ သိပ်ပြုံးနိုင်မည်မဟုတ်ပါ။ ဒီနေ့ သမီးလေး သိပ်နေမကောင်း သောကြောင့် ဖြစ်သည်။ နေမကောင်းလျှင် သမီးလေးက အင်မတန် 'အီ' သည်။ သူတို့ အသက်အရွယ်နှင့် ဒီသမီးလေးကို ခက်ခက်ခဲခဲ မွေးထားခဲ့ရသော ကြောင့် အေးကြည်က သမီးကို အလွန်သည်း သည်။ သူနဲ့ အေးကြည် က အိမ်ထောင်ပြု နောက်ကျခဲ့တာ တော့ မဟုတ်။ မှတ်မှတ်ရရ သူတို့ အိမ်ထောင်သက် သည် သူ့ လုပ်သက်နှင့် အတူတူ နီးပါးဖြစ်သည်။ သူအလုပ် စဝင်သောနှစ်မှာ အေးကြည် နှင့် အိမ်ထောင်ကျသည်။
ငွေကြေးလေး အဆင်ပြေနိုး ဖြင့် စောင့်ရင်းက ကလေးယူဖို့ နောက်ကျခဲ့ရသည်။ သူ့မှာရှိသည့် တက်ကြွမှုတွေ၊ မျှော်လင့်ချက်တွေ သာပြောင်းသွားသည်။ သူသည် ဒီ တီဘီဋ္ဌာနမှ မပြောင်းရသေး။ သူသည် တီဘီဋ္ဌာနမှ ပြောင်းလိုသည်။ အထူးသဖြင့် သမီးလေးကြောင့် ပို၍ ပြောင်းချင်မိသည်။ အခုလို သမီးလေး နေမကောင်းဖြစ်ကာ ချောင်းဆိုးတိုင်း တီဘီများလား ဆိုသည့် အတွေးက သူ့ကို နှိပ်စက်လှသည်။ သူတို့ တီဘီဋ္ဌာနမှာ၊ ဓါတ်ခွဲမှူးဆိုတာက ဘာမှ အကာအကွယ်မရှိ၊ အလုပ်လုပ်ကြရသည်။ အချိန်မရွေး ကူးသွားနိုင်သည်။ ကိုယ်တိုင် အတွက်ရော၊ သမီးလေးအတွက် သာမက၊ အေးကြည် ကိုလည်း တီဘီဖြစ်မှာ စိုးမိသည်။ လူနာတွေက စည်းကမ်းမရှိ။ ချောင်းဆိုးလျှင် အကာကွယ်မဲ့ ဖြစ်ကတတ်ဆန်း ဆိုးတတ်သည်။ ဓါတ်ခွဲခန်းမှာက နှာခေါင်းစည်းလေးက အစ ကိုယ်တိုင် ဝယ်သုံးရသောကြောင့် လူနာတွေကိုထား၍ ကိုယ်တိုင်အတွက်ပင် ဖောဖောသီသီ မရှိ။ ထို့ကြောင့် သူ့ဓါတ်ခွဲခန်းကို သမီးနဲ့ အေးကြည် လာလည်မှာ အင်မတန် စိုးသည်။
မနက်က အိမ်ကထွက်တော့ သမီးလေးက အေကေ ကိတ် တစ်လုံးဝယ်ခဲ့ဖို့ မှာလိုက်သည်။ ထို့ကြောင့် အိပ်ကပ်ထဲမှာ ငါးရာတန် တစ်ရွက်ကို သတ်သတ် ခွဲချန်ထားလိုက်သည်။ သမီးလေးက အချိုတော့ တော်တော်ကြိုက်သည်။ ကိတ်တစ်လုံးကို သုံးရက်မျှစားရန် မနည်း ဘရိတ်အုပ်ထားရသည်။ လကုန်လျှင်တော့ သမီးလေးအတွက် နို့ဆီတစ်ဗူးလောက် ဝယ်ရဦးမည်။ မဟုတ်လျှင် တစ်နေ့ တစ်နေ့ ဝမ်းတီးနို့ဆီ အထုပ်လေးတွေ ဝယ်ပေးရတာ မသက်သာ။
အေးကြည်ကို တစ်နေ့ တစ်နေ့ ဈေးဖိုးပေးရတာလည်း မလွယ်။ အေးကြည်သည် အမြဲ လိုငွေသာ ပြတတ်သည်။ ဈေးတွေ တက်တယ်ဟု အေးကြည်က ဆိုတတ်သည်။ ကုန်ဈေးနှုန်းတက်သော်လည်း သူတို့ တီဘီပိုး စစ်ခတွေက လိုက်တက်၍ ရသည်မဟုတ်။ သူရောက်စကလည်း ဒီအတိုင်း၊ အခုလည်း ဒီအတိုင်း။ ဒီအတိုင်း ဆိုတာက လူနာများ၏ သဒ္ဓါကြေးကို ဆိုလိုခြင်းဖြစ်သည်။ အေးလေ သဒ္ဓါကြေးပါဆို ဘယ်မှာ တက်လို့ ဖြစ်ပါမလဲ။ ဒါတောင် ကိုယ်တွေမှာ တရားဝင် ကောက်လို့ရတာမဟုတ်။ ခိုးကြောင် ခိုးဝှက်သာ။
ခိုးကြောင် ခိုးဝှက်ဆိုလို့ အဲဒါ တိုင်းပြည်ပိုက်ဆံ ခိုးတယ်၊ ပြည်သူကို ဘာလုပ်တယ် ညာလုပ်တယ်လို့ စွပ်စွဲလည်း ခံရမှာပါပဲ။ ပြောပိုင်သူတွေက ပြောကြပါစေပေါ့။ 'သုမန ကျောက ဒါဏ်ရာ' သူတို့မှ မသိတာ။ သေချာတွေးတတ် ရင်တော့ 'ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်' ဆိုတာ လောက်တော့ တီးခေါက် မိကြမှာပါ။
တကယ်တမ်း ဋ္ဌာနက တရားဝင် ထောက်ပံ့သော ပစ္စည်းချည်းသာ သုံးပြီး ရောဂါစစ်ရမယ်ဆို ပစ္စည်း မပြည့်စုံ၍ အဖြေလည်း ထွက်လာစရာမရှိ။ သူသည် ဒါတွေ
တွေးတိုင်း ဤဋ္ဌာနမှ ပြောင်းလိုသည်။ တချို့ကလည်း 'ပြောင်းလိုလျှင် ရေလောင်းပါလား' ဟု အကြံပေးကြသည်။ ရေလောင်းလို့ ရတာ မရတာ အသာထား ခက်တာက တီဘီဋ္ဌာနမှာ ဓာတ်ခွဲမှူးများသည် ကြပ်တည်းကုန်းမှာ နေသောသူလို အင်မတန် ရေရှားလေသည်။ ရေရှားသောကြောင့် ဤဋ္ဌာနကို မည်သူမျှ မလာလို၊ မည်သူမျှ မလာလို၍ လက်ရှိလူတွေ အပြောင်းခက်သည်။ သူကတော့ သူတို့ ဋ္ဌာနကို ဝန်းထမ်းများ၏ ရပ်ပစ်ရှစ်ပါးတွင် ထည့်လိုသည်။
တစ်နေ့တာအတွက် သူမပြောချင်ဆုံး "ဒီမှာ အလှူငွေလေး ထည့်ပါဦး" ဆိုသည့် စကားကို နောက်ဆုံး ပြောပြီး၊ လုပ်လက်စအလုပ်ကို လက်စသတ်၍ ဈေးဘက်ကို သူထွက်ခဲ့သည်။ ကိုကျော့် သား အငယ်ကောင် မင်္ဂလာဆောင်အတွက် လက်ဖွဲ့ ဝယ်ပြီး အိမ်မှာသွားဖွဲ့ရန်ဖြစ်သည်။ မနက်က ဆေးရုံက ဝန်ထမ်းတွေနှင့် စုပေါင်းဖွဲ့ ကြသည့် အထဲမှာသာ ထည့်ထားရသေးသည်။ ကိုကျော့် သားဆိုတော့ ဒါလောက်နဲ့ ပြီးလို့မရ။ ကိုကျော်ဆိုတာက သူနှင့် အင်မတန်ခင်သူတွေ။ ကိုကျော်က မတ္တရာ မန္တလေး လိုင်းကားတွေ ထောင်ထားသည်။ သူ မန္တလေး သွားတိုင်း ဘယ်တော့မှ ကားခ မပေးရ။
လျှပ်စစ်မီးပူ တစ်လုံးဝယ်ပြီး လက်ဖွဲ့ရန် ထုပ်ပိုးခိုင်းလိုက်သည်။ သမီးလေးအတွက် အေကေ ကိတ်တစ်လုံးလည်း ဝယ်ခဲ့သည်။ကိုကျော်တို့ အိမ်ဝရောက်တော့ အလှမွေး ခွေးလေးတွေ တပြုံကြီး သူ့ကိုထွက်ဟောင်သည်။ ဟောင်သည် ဆိုသော်လည်း ခွေးလေးများသည် ချစ်စရာပင် ကောင်းနေသေးတော့သည်။ ကိုကျော့် မိန်းမ ထွက်လာပြီး ငေါက်လိုက်မှ ခွေးလေးတွေ ငြိမ်သွားသည်။ ကိုကျော့် မိန်းမက ခွေးချစ်သူ ဖြစ်သည်။
ကိုကျော်နှင့် အိမ်ပြင်တန်းလျားမှာ ဟိုအကြောင်း ဒီအကြောင်းလေးတွေ ပြောဖြစ်သည်။ ခဏနေတော့ ကိုကျော့်မိန်းမ နို့မှုန့်ဗူးကြီး ကိုင်ပြီးထွက်လာသည်။ နို့မှုန့်တွေ ဖျော်သည်။ ခွေးလေးတွေ ခေါ်သည်။ လက်ထဲမှာလည်း ကိတ်မုန့် လှီးပြီးသားတွေ ပန်းကန်ပြားတစ်ချပ်လိုက်။ သားရေ၊ သမီးရေ ပါးစပ်က တစာစာအော်ရင်း က ခွေးလေးတွေကို အစာကျွေးနေသည်။
နို့ဖျော်နှင့် ကိတ်မုန့်။ ထိုကိတ်မျိုးသည် သူ့လက်ထဲက အေကေ ကိတ်ထက် ပိုဈေးကြီးမှာ သေချာသည်။ လက်ထဲက ကိတ်မုန့်ကို ကိုကျော်က ဘယ်သူ့ဖို့တုန်း မေးမှာကို စိုးရွံ့စွာ သူ မသိမသာ ဝှက်မိသည်။ေ
ခွးလေးတွေ တော်တော် စားကြသည်။
ခွးလေးတွေ တော်တော် စားကြသည်။
မဆီမဆိုင် ၊ သူ အိမ်က သမီးလေးကို သတိရသည်။
နောက်တော့ သူဟာသူလည်း ဘာဖြစ်သည်မသိ။ သူသည် မြင်ကွင်းကို မျက်နှာလွှဲမိသည်။ သူသည် ခွေးလေးများအပေါ် ဣဿာ များဝင်မိနေသလား။ မဖြစ်တန်ကောင်းပါ။ မိမိက 'မနုဿတ္တ ဘာဝ ဒုလ္လဘ' ကို ရတောင့်ရခဲ ရထားသူ။
သမီးလေးမျှော်ရော့မည်။ ကိုကျော့် ကိုနှုတ်ဆက်ပြီး သူ ထထွက်လာခဲ့သည်။ ကိုကျော်က 'ဒီတစ်ခါ ဆရာ ပြန်တာ စောတယ်' ဟုဆိုသည်။
တစ်လမ်းလုံး သူ ဘာတွေ တွေးကာ လျှောက်လာခဲ့သည် မသိ။ အိမ်ရောက်တော့ သမီးလေးက သူဝယ်လာသော ကိတ်မုန့်ကို ဝမ်းသာအားရ ပြေးယူသည်။ သူ့ရင်ထဲ နင့်သွားသည်။ အေးကြည်က အိမ်ရှေ့မှာ ဆန်ရွေးနေသည်။
"မိန်းမရေ၊ မင်း အမေတို့ ဆီက ပိုက်ဆံ နည်းနည်းလောက် ပြောကြည့်လို့ ရဦးမလား"
"အရင်ဟာတွေတောင် မကြေသေးဘူး တော့၊ ဒါနဲ့ တော်က အရေးတကြီး ဘာလုပ်မလို့ တုန်း"
"ငါ တင်ထားတဲ့ အပြောင်း အရွှေ့လေး၊ အခြေအနေသိရအောင် ရန်ကုန်ဆင်းမလား လို့ပါကွာ"
အေးကြည် သက်ပြင်းချသည်။ သမီးလေးကတော့ သူစားချင်သော ကိတ်မုန့် စားရ၍ ပျော်နေသည်။ ခါတိုင်းလို ထိုအပျော်သည် သူ့ဆီကို ဘာကြောင့် မြန်မြန် ကူးစက်မလာသည် မသိ။ သူသည် သက်ပြင်း တစ်ချက် ခပ်နက်နက်လေး ခိုးရှိုက်မိသည်။
အောင်မျိုးသူလွင်
၂၀/၀၄/၂၀၁၄
တနင်္ဂနွေ
နံနက် ၁၂:၅၈
(ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲစစ်ဆေးသူ များ လူမှုကူညီရေး အသင်း နှစ်လည် မဂ္ဂဇင်း)